ကျနော် ၁၉၈၈ အရေးတော်ပုံတွင် မပါဝင်လိုက်ခဲ့ရချေ။ အဲသည်အချိန်တုန်းက ကျနော် ကံအကြောင်း မလှစွာ စစ်တပ်ထဲ ရောက်နေခဲ့လေသည်။ သို့သော် ကျနော် စစ်တပ်ထဲ ဝင်ပြီး နှစ်နှစ်လောက် အကြာမှာ မိုင်းထိသွား သဖြင့် စစ်သက် စောစောစီးစီးနှင့် စစ်တပ်က အာဏာမသိမ်းခင် ၁/၈/၈၈ တွင် တပ်က ထွက်ခဲ့ပါသည်။ ( ဤတွင် ကျနော်သည် အသက်ကြီးပြီ၊ အနည်းဆုံး ကိုမင်းကိုနိုင်၊ ကိုမိုးသီးဇွန်တို့ အသက်နီးပါးလောက်တော့ ရှိပြီ၊ ထို့ အပြင် ကျနော်သည် မစွမ်းမသန်သူ တယောက်လည်း ဖြစ်သည်ဟု ကြေညာပြီး ဖြစ်သတည်း။ ဟဲ..ဟဲ။ Virtual world မှာ လူချင်းမြင်ရတာ မဟုတ်၍ ဒါတွေကို ထုတ်မပြောဘဲနေလည်း ရလျှက်နဲ့ ကျနော် စစ်သားလုပ်ဖူးတာ၊ မစွမ်းမသန်ဖြစ်တာ၊ အသက်ကြီးတာ ဘာတခုမှ ကောင်းတာမရှိသည့်ဟာကို တကယ်တော့ မကြေညာချင်မိပေ။း) ဒါပေမဲ့ ကျနော့်အဖို့ အကြွင်းမဲ့ ရိုးသားရတာက ပို၍လိပ်ပြာသန့် ချိုမြိန်သဖြင့် ထည့်ပြောလိုက်ပါသည်။
ကျနော်သည် အဲသည် ၈၈၈၈ အရေးတော်ပုံတုန်းကမှ မပါဖူးတာမဟုတ်။ ယခုထိလည်း ကိုယ့်နိုင်ငံ အရေးအရာ တွေမှာ ဘယ်နေရာမှာမျှ လောက်လောက်လားလား၊ တက်တက်ကြွကြွ၊ ထိထိရောက်ရောက် မပါဖူးသေးချေ။ ထို့ကြောင့် ကျနော်သည် တကယ့်သာမန် ( ordinary) နိုင်ငံသားတဦးမျှသာ ဖြစ်သည်ဟု ပြောလိုပါသည်။ သို့ရာတွင် ကိုမင်းကိုနိုင်တို့၏ အနစ်နာခံနိုင်ပုံမျိုး၊ ရိုးသားပုံမျိုးကို အားကျမိပေရာ၊ ဆိုလိုသည်မှာ သူတို့ကို တုပလိုခြင်းမဟုတ်၊ နိုင်ငံသားတဦးသည် မသေခင် ကိုယ်စွမ်းသလောက်တော့ ကိုယ့်နိုင်ငံ အတွက် ( ကြီးကျယ် နေသေးလျှင် ကိုယ့် community သို့မဟုတ် society အတွက်) တခုခုတော့ လုပ်ခဲ့သင့်သည်ဟု ထင်သဖြင့် ကိုယ့် community ကောင်းရာကောင်းကြောင်း တခုခုတော့ လုပ်ချင်မိလေသည်။ ဘာမှ ကြီးကျယ်တာ မဟုတ်။ သေခါနီး “ငါလူ့ဘဝမှာ တန်ဖိုးရှိရှိ ဖြောင့်ဖြောင့်မှန်မှန် နေထိုင်ခဲ့သည်” လို့ အသေဖြောင့်( ယုံကြည်သွား) ချင်တာသာ ဖြစ်ပါသည်။ ထို့ကြောင့် ကျနော့်၏ အိပ်မက်တခုမှာ ဘယ်နိုင်ငံမှာ ဘာစနစ်ကို သုံးကြလို့ ဘယ်လို ကောင်း သည်ဟု စနစ်တကျ အချိန်ယူ သုတေသနတွေ ဘာတွေလုပ်ပြီး မြန်မာပြည်အတွက် တချိန်ချိန်မှာ သုံးရအောင် Making A Nation / Building A Nation လို စာအုပ်တအုပ်လောက် ရေးချင်တာ ဖြစ်ပါသည်။ ဒါပေမဲ့ အခုတော့ အဲသလောက် မစွမ်းသေးသဖြင့် ကိုယ့်ကိုယ်ကိုယ် အားမလို အားမရလှစွာနှင့်ပင် “မြင်ချင် သည် ရွှေပြည်ကြီးကိုလ” လို Post ကလေးတွေကိုသာ ရသေ့စိတ်ဖြေ ရေးနေရလေသည်။ ( အဖျားရှူးချင် သဖြင့် ကြီးကြီးကျယ်ကျယ်တွေကို တမင် အစပိုင်းမှာ ပြောနေခြင်းဖြစ်ပါ၏။း)
ကျနော် တကယ်ပြောချင်သည်မှာ လူတယောက်မှာ ခပ်ကြီးကြီးအိပ်မက်တွေ ရှိကောင်းရှိမည်။ သို့ပေမဲ့ အဖျက် တွေ ဝင်လာလျှင် အဖျားရှူးသွား တတ်ပါကလားလို့ ဖြစ်ပါသည်။ ကျနော် သေသေချာချာ ပြောနိုင်၊ အာမခံနိုင်သည် မှာ ကျနော့်တွင် အထက်ကဆိုခဲ့သလို စိတ်ကောင်းကလေးတော့ ရှိပါသည်။ ဒါပေမဲ့ ကျနော်က အင်မတန် စိတ်ဓါတ် တက်လွယ်ကျလွယ်၊ စိတ်ပျက်လွယ်လေသည်။ ရင်ဘတ်ချင်းတူသူ မိတ်ဆွေ တယောက်လောက်နှင့် တွေ့လျှင်တော့ စိတ်ဓါတ် ချက်ချင်းတဖန် မြင့်တက်သွားပြန်၏။ တကယ်တော့ ကိုယ့် စိတ်ဓါတ်ကို သူတပါးအပေါ် အဲသည်လောက် အားကိုးအားထားမပြုသင့်တာကို ကျနော်သိပါသည်။ ဒါမျိုး စိတ်ဓါတ် အတက်အကျ မြန်တာကို စိတ်ပညာမှာ Bipolar Disorder လို့ ခေါ်သလားမသိ။ ( ကျနော် မစွမ်းမသန် ဖြစ်ပြီးနောက် သုံးနှစ်လောက်ခန့် အထိတော့ စိတ်ဓါတ် တက်သည်ဟူ၍မရှိဘဲ အမြဲကျနေကာ ကျနော် တနေ့နေ့တချိန်ချိန် ပြုလုပ်ရမည့်ကိစ္စမှာ suicide သာဖြစ်သည်ဟု တွေးနေခဲ့ဖူးပါသည်။ အဲသည် တုန်းက depression က အခန့်မသင့်လျှင် အခုထိလည်း ခေါင်းပြူလာတတ်သေးတုန်း ဖြစ်ပါသည်။ ကျနော် နောက်မှ အပြင်ကနေ ၁၀ တန်းပြန်ဖြေပြီး အောင်သွားလို့ suicide လုပ်ချင် သည့်ကိစ္စ မှိန်သွားပြီး ဘွဲ့ယူကြည့် လိုက်ဦးမယ်လေ ဟူ၍ဖြစ်လာ၏။း)
ကျနော် ပြီးခဲ့သည့်နှစ်က တစုံ တယောက် ကို အရက်နှင့် ဆေးလိပ် မသောက်တော့ပါ ဟု ပြောထာဖူးပါသည်။ ဒါပေမဲ့ ဆေးလိပ်မသောက်တော့ပါ ဟူသော ကတိကိုသာ တည်အောင်ထိန်းနိုင်ပြီး၊ ပြီးခဲ့သည့် အပတ်တုန်းကတော့ ကျနော် ကိစ္စတခုအတွက် လိုရာဆန္ဒတလုံးတဝတည်း မပြည့်နိုင်၍ ထုံးစံအတိုင်း နည်းနည်းလောက် depression ဝင်ကာ အရက်ပြန်သောက် နေမိလေသည်။ ကျနော်က အကြီးစား alcoholic တယောက်ဖြစ်၏။ အရက်သောက်မိလျှင် နေ့ရောညပါ အရက်သာသောက်ချင်နေ တတ်ပြီး ထမင်း ( ဘယ် solid food မဆို) ကျတော့ စားချင်စိတ် လုံးဝမရှိပေ။ ထမင်းနံ့၊ကြက်သား၊ ဝက်သား၊ အမဲသား အနံ့တို့ရလျှင် စိတ်ပင်တိုမိ၏။ ဒါကြောင့် soup လို ဟာမျိုးကို အားပြုစားရပါသည်။ ဒါပေမဲ့ ကြာတော့ soup ကိုလည်း မစားချင်ပြန်။ သည်လို အစာမစားဖြစ်သဖြင့် ကျနော် ကြာကြာတော့ အရက်မသောက်ဖြစ်ပါ။ နှစ်ပတ်လောက်ဖောက်ပြီးလျှင် ( ဆက်သောက်နေလျှင်လည်း သေသွားရုံသာ ရှိတော့တာမို့) မဖြစ်မနေ ဖြတ်ရတော့၏။ ဖြတ်ပြီး ၆လ၊ တနှစ် လုံးဝမသောက်ပဲနေပြန်၏။ သူများတွေလို ညနေစောင်းလာလျှင် ပုံမှန် သောက်သည့် အကျင့်မျိုး ကျနော်ထူထောင်လို့မရပါ။ သည်လို ၆လ၊ တနှစ်လောက်နေလျှင် ပြန်သောက်မိမည် စိုး၍လည်း ထိုတစုံတယောက်သောမိတ်ဆွေကို တမင်ကတိပေးခဲ့ခြင်း ဖြစ်ပါသည်။ သည်လိုမျိုး နှစ်ပတ်လောက် သောက်လိုက်မိလျှင် ရှိစုမဲ့စု သိက္ခာမှန်သမျှနှင့် ငွေမှန်သမျှလည်း ပြောင်သွားတတ်လေ၏။ ဆေးရုံလည်း အကြိမ်ကြိမ် ရောက်ရတတ်၏။ ( သည်ကရဲတွေ (၉၁၁) ကလည်း တာဝန်ကျေသလား မမေးနှင့်၊ ကိုယ်တောင်မသိလိုက်ဘဲ ဘေးလူတယောက်က "ဒီမှာ လူတယောက် အခြေအနေမကောင်းဘူး " ဟုဖုံးဆက် လိုက်တာနှင့် ၁၅ မိနစ်လောက်အတွင်း ရောက်လာပြီး ဆေးရုံပို့မယ်ဆိုတာချည်းပဲ။း)) ကျနော့်မှာသာ ကိုယ့်အပေါ် စေတနာရှိသော၊ နားလည်ပေးသော မိတ်ဆွေ အစစ်တယောက်လောက် အနီးအနားမှာ ရှိနေမည် ဆိုလျှင်တော့ ကျနော့် အနွံအတာကို ခံရသော ထိုမိတ်ဆွေကို အားနာမိတာနှင့် ကျနော် ခုလောက် ပတ်ကြမ်းတိုက် အရက်သောက် လိမ့်မည်မထင်မိပေ။ ဒါကြောင့် ဟိုတနေ့ကတော့ တွေးမိပါသည်။ “ငါ ခါချဉ်ကောင် မာန်ကြီးလို့ တကောင်တည်း တောင်ကြီး ဖြိုမဲ့ကြံနေတာ၊ ဒီလို self-control ညံ့ဖျင်းပုံမျိုးနဲ့ ဆိုရင် တောင်ကြီးကို တော့ မဖြိုနိုင်ဘဲ ငါပဲတောင်ပူစာအောက် (မြေကြီးအောက်) ရောက်သွားလေမယ် ထင်ပါရဲ့” ဟု..။ အဲသည်တုန်း မြို့ထဲ တနေရာမှာ psychic reading ဆိုင်းဘုတ်တခုတွေ့မိ၍ ဘာရယ်မဟုတ် ဆယ်ဒေါ်လာပေးပြီး သိချင်တာ လေး ဝင်မေးကြည့်မိပါသည်။
“ ဆရာမ ခင်ဗျား၊ ကျနော်သိချင်တာ နှစ်ခုပဲရှိပါတယ်။ ကျနော့် ဘဝမှာလုပ်ချင်တာတခု နဲ့ ရချင်တာတခု ရှိပါတယ်။ ဒါပေမဲ့ ကျနော်က alcoholic တယောက်ပါ။ ကျနော် အသက်ရှည်ရှည်နေရမှ အဲဒါတွေလုပ်နိုင်မှာ၊ ရကောင်းရနိုင်မှာပါ။ ဒါကြောင့် ကျနော် ဒီလို self-control မကောင်းပုံနဲ့ဆိုရင် အသက်မှ ရှည်ပါဦးမလားလို့ ပထမ တချက်သိချင်မိပါတယ်။ နောက် တချက်ကတော့ … ”
ဆရာမကတော့ အကောင်းချည်းပဲ ဟောလိုက်ပါ၏။ ဗေဒင်သည် သိပ္ပံပညာလို exact prediction မဟုတ်သဖြင့် ဆရာမဟောလိုက်သမျှကို မျက်စိမှိတ်ပြီးတော့ တော့ မယုံပါ။ ဒါပေမဲ့ fame တခု ပိုင်ဆိုင်ရဦးမည်၊ အဲဒါ မပြီးသေးပဲနှင့်တော့ မသေသေးဘူးဟု ဆိုသဖြင့် ဟုတ်ဟုတ်မဟုတ်ဟုတ် နည်းနည်းတော့ ပျော်မိလေသတည်း။း)
[ ကျနော် ယခု အရက်ဖြတ်လိုက်ပြီ ဖြစ်၍ အနည်းငယ် ထူထူထောင်ထောင် ဖြစ်နေပြီး အိပ်မရတာလည်း နှစ်ညခန့်ရှိပြီမို့ ( ထုံးစံက ၄-၅ ညလောက် လုံးဝ အိပ်လို့မရတတ်ပါ ) အချိန်ဖြုန်းသည့် အနေနှင့် ဤစာကိုရေး ပါသည်။ ခပ်ရှည်ရှည်တော့ မရေးနိုင်ပေ။ အရက် မသောက်တော့ပါဟု ကျနော်ပြောထားဖူးသောသူ ဤစာကို ဖတ်မိပါက ကျနော် အရက်ပြန်သောက် ဖြစ်သည် ကို ခွင့်လွှတ်နိုင်ပါစေသတည်း။ အနည်းဆုံးတော့ သူ မဖတ်မိလျှင်တောင်မှ ကျနော် ခိုးပြီး သောက်နေသလို စိတ်ထဲမှာ မလုံလှသဖြင့် ဤစာကို ချရေးမိခြင်း ပါပဲ။ ]