Tuesday, March 27, 2012

ကောင်းတာတွေကိုယူသော် မကောင်းလော့ ( ၂ )

အမေရိက မကောင်းကြောင်း

     ဒီပိုစ့် series က အမေရိကကောင်းကြောင်းချည်းပဲ ပြောသလိုဖြစ်နေနိုင်လို့ အပြောင်းအလဲလေးဖြစ် အောင် အခု ဒီအပိုင်းကိုတော့ အမေရိကမကောင်းကြောင်း နဲ့စလိုက်ပါရစေ..း) ကျနော်က နိုင်ငံခြားဆိုလို့ ထိုင်းနိုင်ငံနှင့် အမေရိကန် ပြည်ထောင်စု၊ သည်နှစ်နိုင်ငံကိုပဲ ရောက်ဖူး၊ ကာလအတန်ငယ် ကြာရှည်စွာနေဖူးရာ  ( စိတ်ပိုင်း ) လွတ်လပ်ပွင့်လင်းသော၊ ( ရုပ်ပိုင်း ) ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့အစည်း တခုအကြောင်း ပြောဆိုဆွေးနွေး၊ ဥပမာပေးရန်ရှိသောအခါ၊ ထို့ပြင် “အခြားနိုင်ငံတွေမှာ ဒီကိစ္စကို ဘယ်လို ဖြေရှင်းကြသလဲ” ဟု ပြောဆိုရန်ရှိသောအခါ သည်နှစ်နိုင်ငံမှာနေဖူးတုန်းက အတွေ့အကြုံတွေကိုပဲ ပြန်ပြောပြစရာ ရှိပါသည်။  တကယ်တော့ အကောင်းပြောရန်၊ ပြရန်ရှိသောအခါ သူများနိုင်ငံတွေကို ပြောနေ၊ ပြနေရ သည့်ကိစ္စက အလွန်ခံပြင်းဖို့ ကောင်းသည့်ကိစ္စ ဖြစ်ပါသည်။ ဒါပေမဲ့ လောလောဆယ်မှာ ကျနော်တို့က ထိုင်းနိုင်ငံလောက် မဟုတ်သေးသည့် နေရာအတော်များများ ရှိနေပါသေးရာ၊ ထိုင်းနိုင်ငံကလည်း သူ့အထွာ နဲ့သူ အမေရိကထက်ပင် သာသည့်နေရာတွေရှိနေရာ ယခုအမေရိက မကောင်းကြောင်း ပြောမည်ဆိုသောအခါ ( မြန်မာနှင့်မယှဉ်ပြနိုင်ဘဲ ) ထိုင်းနှင့်သာ ယှဉ်ပြနေရပါတော့သည်။ ဥပမာ၊ ဆဲလ်ဖုန်း ရောင်းသည့်ကိစ္စတွင် ထိုင်းနိုင်ငံက အမေရိက ( US ) ထက်ပိုသာ၊ ပိုမို ရှင်းလင်းလွယ်ကူပါသည်။  မလေးရှား၊ စင်္ကာပူနိုင်ငံ တို့မှာလည်း ထိုသို့ပင် ရှိသည်ဟု ကြားဖူးပါသည်။ ကျနော်တို့လည်း တချို့ကိစ္စတွေမှာ US ထက် ပိုသာအောင်၊ အနည်းဆုံးတော့ တန်းတူလောက် ဖြစ်အောင်လုပ်ကြပါစို့..။   

     ဖုန်းတလုံးလက်ဝယ်ရောက်ဖို့ US မှာ Photo ID, Social Security Number, Mailing Address, Permanent Address စတာတွေလိုအပ် (ဝါ) ဖုန်းကုမ္ပဏီကို ပေးရ၊ ပြရပါသည်။ သဘောတရားမှာ ဥပမာ.. AT&T ဖုန်းကုမ္ပဏီ နှင့်မိမိအကြား ၂-နှစ်သက်တမ်း စာချုပ်တခုချုပ်ဆိုကြရာတွင် မိမိကဘယ်သူဘယ်ဝါ၊ မှတ်ပုံတင်နံပါတ်က ဘယ်လောက် ( = Social Security Number + State Photo ID or Driver license  )၊ မိမိ၏လိပ်စာတို့ကို ဖော်ပြရသည့်သဘော ဖြစ်ပါသည်။ စာချုပ်ထဲမှာ မိမိတလလျှင် မိနစ် ၄၅၀၊ ၅၅၀ သုံးခွင့်ရှိ သည် စသည်ဖြင့် ဖော်ပြထားပြီး တလလုံး တခွန်းမှ မပြောလည်း သတ်မှတ်ထားသည့် လစဉ်ကြေးကို ပေးဆောင် ရပါသည်။ ပိုပြောလျှင်တော့ ပိုပြောသည့်မိနစ်အတွက် ပိုပေးရပါသည်။ ထို monthly-based bill သည် လကုန်လျှင်မိမိထံသို့ သူတို့ကို ပေးထားသည့် mailing address အတိုင်း စာတိုက်မှ ရောက်လာ ပါသည်။ Online bill pay လုပ်ထားလျှင်တော့ ငွေသွင်းလို့ရပြီ ဆိုသည့် email မျိုးပဲ ဝင်လာတတ်ပါသည်။

     ထိုင်းနိုင်ငံမှာတော့ ဖုန်းတလုံး လက်ဝယ်ရောက်ဖို့ကိစ္စမှာ “ဈေးထဲက နေကာမျက်မှန်တလက်၊ ကင်မရာ တလက်၊ ဂျင်းဘောင်းဘီတထည် ဝယ်လိုက်သလို” ဝယ်လိုက်ခြင်းသာဖြစ်ပြီး ဖုန်းကုမ္ပဏီတခုခုနှင့် သက်တမ်း ဘယ်လောက်ရှိသည့် စာချုပ်တခုကို နှစ်ဦးချင်းကြား တိုက်ရိုက်ချုပ်ဆိုလိုက်သည့်သဘော သိပ်မသက်ရောက် ပါ။ သူ့ process မှာ ( ၁ ) ဖုန်းဆိုင် တခုသို့ဝင်သွားပြီး၊ ကြိုက်ရာဖုန်း ( Nokia, Sumg Sang, etc. ) တလုံး  ရွေးယူလိုက်မည်။ ( ၂ ) ထို့နောက် အစီအရီချပြထားသည့် Sim Card ( ဖုန်းနံပါတ်ပါ ကတ်ပြား ) များထဲမှ မိမိ ကြိုက်နှစ်သက်ရာဂဏန်းပါသော Sim Card ကို ၁၉၉ ဘတ်လောက် ( ဟိုတုန်းက/ ယခုဈေးမသိ ) နှင့် ဝယ်ပြီး ဆိုင်ရှင်က ဖုန်းထဲထည့်ပေးမည်။ ( ၃ ) ထို့နောက် ၅၀ ဘတ်တန်လောက် prepaid card တခုမှ code နံပါတ်တွေကို ဖုန်းထဲသို့ ရိုက်ထည့်မည်ဆိုလျှင် ( တမိနစ်လျှင် ဘယ်နှစ်ပြာနှုန်းဖြင့် ) ဘတ် ၅၀ ဖိုး ဖုန်းပြောလို့ရပြီ ဖြစ်ပါသည်။ ထို့ကြောင့် ထိုင်းနိုင်ငံမှာ ဖုန်းတလုံးဝယ်တာက Seven Eleven ဆိုင်ထဲ ဝင်ပြီး Coke တလုံးဝယ်သလောက် လွယ်ကူ လျှင်မြန်ပါသည်။ ဤ process တွင် မိမိ ( ဖုန်းဝယ်သူ ) ၏ ID, address စသည်တို့လည်း တခုမှ မလိုအပ်လိုက်ပါ။ နေကာမျက်မှန်၊ camera တလက်၊ ဘောင်းဘီတထည်၊ Coke တလုံး ဝယ်လျှင် ( ကျသင့်ငွေပေးချေနိုင်ရင် ပြီးကရော့ ) မိမိ ဘယ်နိုင်ငံ/ဘယ်ပြည်နယ်သားဖြစ်သည်၊ နာမည် ဘယ်လိုခေါ်သည်ကို ဆိုင်ရှင်ကို ပြောပြစရာ မလိုသကဲ့သို့တည်း။ အမေရိက မကောင်းကြောင်းဆိုတာက US မှာ ဖုန်းတလုံး လက်ဝယ်ရောက်ဖို့ ထိုင်းနိုင်ငံမှာလောက် မလွယ်ကူလှ၊ နည်းနည်းလောက် ရှေးရိုးဆန်နေသေး တာကို ပြောတာပါ။ ဆိုခဲ့သည့် အတိုင်း Photo ID, Social Security Number ( SSN ), mailing address ( for monthly bill ) တွေ လိုပါမည်။ ကြည့်ရတာ ဒီက homeless တွေ ဖုန်းပိုင်ဖို့ ဖြစ်နိုင်မည် မထင်ပါ။ ဒါပေမဲ့ ထိုင်းနိုင်ငံမှာ ဖြစ်နိုင်ပါသည်။ ဒါကြောင့် သူတို့နိုင်ငံက တံတားအောက်နေ သူတောင်းစားတွေလည်း ဖုန်း ကိုယ်စီနှင့်ပဲ ဖြစ်ပါ သည်။ ပြောချင်တာက အမေရိက ( US ) သည် ဖုန်းကိစ္စမှာ ထိုင်းနိုင်ငံကလေးကိုပင် မမီရှာပါ ..း))

     ဟိုတလောတုန်းက Singapore က တူမအရွယ် မိန်းကလေးတယောက်က စင်္ကာပူတွင် နေရာတကာမှာ TV camera တပ်ဆင်ထားကြောင်း ဖဘမှာ ပြောပါသည်။ ကျနော်က “ညည်းတို့ စင်္ကာပူက အစွမ်းကုန် အလှ ပြင်ထားတဲ့ ၁၈ နှစ်သမီး အပျိုလေးနဲ့တူတယ်” ဟုပြောမိပါသည်။ သူမက “ဦးတို့ အမေရိကကကော  ဘယ် အရွယ်လောက်လဲ..” ဟု မေးရာ “ဦး (ခဏ) ရောက်နေတဲ့  အမေရိက က အသက် ၇၀ လောက် အဖွား အရွယ် ရောက်နေပါပြီကွယ်.. ညည်းတို့စင်္ကာပူလို ကြွကြွရွရွ၊ ကျော့ကျော့ရှင်းရှင်းနဲ့ မလှတော့ပါဘူး” ဟု ဟာသ ပြောဖြစ်ပါသည်။ သူမက ဆက်လက်၍ “ဒါဆို မြန်မာပြည်ကရော့ ဘယ်အရွယ်လောက်လဲ ဦး” ဟု မေးပြန်ပါသည်။ ကျနော်က “သူက ခုမှ ၇-နှစ်သမီးလေး.. နောက် ၁၀ နှစ်လောက်နေမှ မြန်မာဆန်ဆန်လေး တော်တော်ကျက်သရေရှိတဲ့ ၁၇ -နှစ်သမီး အပျိုမ ဖြစ်လာလိမ့်မယ်” ဟု ပြောခဲ့ပါသည်။ အမေရိကအကြောင်း ဆက်ရလျှင် အမေရိကသည် နည်းနည်းလောက် အိုလေပြီ။ နယူးယောက်၊ ဘောလ်တီမိုး၊ ဖီလာဒယ်ဖီးယား စသော မြို့သက်တမ်း ၂၀၀-၃၀၀ ကျော် မြို့ကြီးများ ( အထူးသဖြင့် အရှေ့ဖက် ကမ်းခြေက မြို့ကြီးများ ) မှာ ရှေးခေတ်ပုံပန်းနှင့် တိုက်အိုတိုက်ဆွေးတွေကို အများအပြားတွေ့နိုင်ပါသည်။ ထိုတိုက်အိုတိုက်ဆွေးမျိုး Singapore, Hong Kong, Tai Wan တို့မှာ တွေ့နိုင်မည်၊ ရှိဦးမည် မဟုတ်သေးပါ။ နောက်ပြီး ဒီတိုင်းပြည်မှာက စီးကရက်သောက်ပြီးလျှင် လမ်းပေါ်မှာပစ်ချပြီး ခြေထောက်နဲ့ဖိ၊ မီးသတ်ထားခဲ့တာမျိုးက  ပြဿနာ မရှိပါ။ ( ဒါဏ်ရိုက် မခံရပါ ) လူတွေက အဲဒီဆေးလိပ်တိုတွေကို မြူနီစပါယ် သန့်ရှင်းရေးသမားတွေ က လိုက်သိမ်းပါလိမ့်မည်ဟု သဘောထားကြ ပါသည်။ နောက်တခုက ထိုင်းမှာနေတုန်းက ကျနော် တွေ့ဖူးတာ က ဟော်တယ်၊ တည်းခိုခန်း၊ ကွန်ဒိုတွေရဲ့ သန့်စင်ခန်း ( restroom ) တွေမှာ မိမိကိစ္စ ပြီးလျှင် ရေပန်းနှင့်သန့်စင်ရန် a showering toilet water pipe ( အဲသည်အရာကို တခွန်းတည်းနဲ့ ဘာခေါ်သလဲ မသိလို့ပါ ) တွေရှိကြပါသည်။ အိမ်တွေမှာလည်း အဲလိုသုံးကြတာ များနိုင်ပါသည်။ သည်နေရာမှာလည်း အမေရိကသည် တောကျလေ၏။ အမေရိကတခွင်လုံးမှာ ယင်း device အစား အိမ်သာသုံးစက္ကူကိုပဲ အသုံး ပြုကြပါသည်။ ရေအသုံးမပြုကြပါ။ ဒါကြောင့်  ပြောချင်တာက အမေရိက ( US ) မှာစွဲမြဲနေသော သူတို့လူမျိုး၏ ထုံး၊ ဓလေ့၊ အကျင့်တို့သည် အကုန် အဆင့်အတန်း မြင့်မြင့် နှင့် အကောင်းစား ( superb ) များချည်းမဟုတ်.. ဆိုတာ ဖြစ်ပါသည်။ အမေရိက တော်တော် သားသားနားနား ရှိမည်ဟု ထင်မှတ် မထားကြဖို့ ကြုံလို့ ပြောပြတာ ဖြစ်ပါသည်။ ထို့ကြောင့် ကျနော်ကတော့ဖြင့် “လှတပတ မြို့ကြီးပြကြီး” ကို ရောက်ရပေတယ်လို့ သိပ် proud ဖြစ်လို့မရပါ။ ဒါပေမဲ့ ဒီမှာ Asian, Burmese ( Myanmar ) တွေဆိုပြီး ပေါ်ပေါ်ထင်ထင် အနှိမ်ခံရ တာမျိုးမရှိတာ၊ ရဲကိုကြောက်ဖို့မလိုတာ၊ ဘယ်သူကမှ ဘယ်သူ့ထက် အရမ်းကွာလှ သာလှသည်ရယ်လို့ မရှိ၊ အားလုံး မတိမ်းမယိမ်း၊ တန်းတူရည်တူတွေပဲဟု ခံစားရတာ ( equality ) အတွက်တော့ ကျေနပ်မိပါသည်။  

အမေရိက ကောင်းကြောင်း

( ၁ ) Photo ID လုပ်ပေးပုံ

     ကျနော့်ဘဏ်စာရင်းထဲက ကျနော် ငွေ $ 1000 လောက် ထုတ်ချင်သည် ဆိုပါစို့။ ATM Card နှင့် တနေ့ တာအတွင်း အလွန်ဆုံး $ 500 အထိပဲ ထုတ်ခွင့်ရှိတာတို့ ဘာတို့ စည်းကမ်းချက်တွေ ရှိနေတတ်ပါသည်။ ထိုအခါမျိုးမှာ မိမိဘဏ်သို့ လူကိုယ်တိုင်သွားပြီးထုတ်မှ $ 1000, 2000 စသည်ဖြင့် ထုတ်နိုင်ပါမည်။ ကျနော်က ထိုငွေကိုထုတ်မည် ဖြစ်လျှင် ကျနော်သည် “အေးကျော်ဇံ” ဖြစ်ကြောင်း ဓါတ်ပုံနှင့်တကွ ပြသရန် လိုအပ်လာ ပါသည်။ ကျနော့်နာမည်နှင့်ဓါတ်ပုံပါသော ထို Identification Card ( ID ) သည် Photo ID ဖြစ်ပါသည်။ တပြည်နယ်နှင့် တပြည်နယ် card ပုံစံချင်းမတူ၊ သဘောတရားကသာ အတူတူ ဖြစ်ပါသည်။ ထို card ကို မြို့တိုင်းမှာရှိသည့် မော်တော်ယာဉ်လိုင်စင် ထုတ်ပေးရေးဋ္ဌာနရုံးတွေမှာ ပြုလုပ်ပေးပါသည်။ လူတယောက်၏ ကားမောင်းလိုင်စင် ( Driver License ) သည် ထိုသူ၏ Photo ID လည်း ဖြစ်ပါသည်။ ဥပမာ.. ကျနော့်လို ( မသန်စွမ်းသဖြင့် ) ကားမောင်းလိုင်စင် မလုပ်ဖြစ်သူများအတွက် မိမိ၏ Identity Verification အတွက် ကားမောင်းလိုင်စင်မဟုတ်သော ထို ID card ကို ကားမောင်းလိုင်စင်ရုံးမှပင် ထုတ်ပေးပါသည်။ နောင် ကား မောင်းတတ်၍ ကားမောင်းလိုင်စင်ရလျှင် သည် ID card ကို သိမ်းပြီး Driver License Card တခု ထုတ်ပေး လိုက်ပါသည်။ ထို့ကြောင့် ယင်းတို့သည် နံပါတ်ချင်း အတူတူ ဖြစ်ပါသည်။

     ဤ Photo ID/ Driver License ရရှိရေးအတွက် မိမိ US သို့ တရားဝင် ရောက်ရှိလာခဲ့ကြောင်း ပြည်ဝင်ခွင့် အထောက်အထားနှင့် ဤမြို့တွင် နေထိုင်ကြောင်း အထောက်အထား ( ထိုသို့ နေထိုင်သဖြင့် ဤမြို့လိပ်စာ နှင့် မိမိထံသို့ ရောက်လာသည့် စာ ၂-စောင်ခန့် ) ကို ပြ၊ ဖြည့်စရာရှိတာ ဖြည့်လိုက်လျှင် မိမိအား ကွန်ပြူတာနှင့် ဆက်ထားသော ကင်မရာ ( Cam ) ဖြင့် ရိုက်ယူပါသည်။ ခဏနေတော့ ထိုဓါတ်ပုံနှင့် မိမိ၏ အမည်၊ အမြဲတမ်းလိပ်စာပါသော card တခု စက်ထဲကထွက်လာပါသည်။ ကျနော် ပြည်နယ်သုံးပြည်နယ်မှာ နေဖူးရာ နှစ်ပြည်နယ်မှာ နေ့တွင်းချင်းပဲ ထိုကဒ်ကို ချက်ချင်းရပါသည်။ ယခု နေသည့် ပြည်နယ် ( Oregon ) မှာတော့ နောက်မှ စာတိုက်ကနေ ပို့ပေးမည်ဟု ဆိုကာ ပြန်လွှတ်လိုက်ပြီး card က တပါတ်လောက် အတွင်း စာတိုက်မှ ရောက်လာပါသည်။ မည်သို့ပင် ဖြစ်စေ State Photo ID တခု ရရှိဖို့ကိစ္စသည် တရက်ကိစ္စ ( လွန်ရော့ ကျွံရော့ ၂-နာရီခန့်သာ ကြာသောကိစ္စ ) ဖြစ်ပါသည်။

     ကျနော်တို့ မြန်မာနိုင်ငံမှာ ယခုလာမည့်ု ဧပြီ ( ၁ ) ရက်နေ့ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း မမှန်ကန်မှုများ ရှိကြောင်းသိရပါသည်။ တကယ်တော့ မြန်မာပြည်က မြို့နယ်လဝကရုံးတွေ မှာ  ( အမေရိကမှာလို လူတိုင်းနီးပါး ကားမစီးနိုင်သေးသဖြင့် ကညနရုံျးမှာတာ့ မဟုတ်ဘူးပေါ့ ) အဲဒီလို Photo ID ရိုက်ပေးသည့် စက်ကလေးတခုနှင့် ကွန်ပြူတာနှင့်တွဲထားသော ကင်မရာတခုစီလောက် တပ်ဆင်ပေးထား လျှင် တော်တော်လေး အဆင်ပြေမည်ဟု ယူဆရပါသည်။ ဒီစက်တွေက သိပ်ကြီးကြီး မားမား၊ ခေတ်မီ ဆန်းဆန်းပြားပြား စက်များမဟုတ်ကြပါ။ Printer တမျိုးသာ ဖြစ်ပါသည်။ လဝက ဝန်ကြီးဋ္ဌာနမှ တမြို့နယ် တလုံးကျလောက် ပေးရန် ( ဒါဆို မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း သုံး-လေးရာအတွက် ) စက်ပေါင်း ပိုပိုလိုလို ၄၀၀ လုံးလောက်ပဲ လိုမည်ဖြစ်ပြီး ဝယ်ဖို့မတတ်နိုင်လောက်စရာ မရှိဟု ထင်ပါသည်။ ထို ID သည် ကိုင်ဆောင်သူက Permanent Resident / Citizen ဖြစ်သည်ဟူသော အထောက်အထား မဟုတ်ပါ။ ထို့ကြောင့် ဤအထောက်အထား အားဖြင့် မဲပေးခွင့် မရှိပါ။ မဲပေးခွင့် ရရန်မှာ ဤ နိုင်ငံသား  ( citizen ) တယောက် ဖြစ်ရပါမည်။

     ကျနော်တို့ မြန်မာနိုင်ငံမှာတော့  ( ဥပမာ ) ဘူးသီးတောင် မြို့နယ်၊ မောင်တောမြို့နယ်က ဘင်္ဂါလီကုလား ( ရိုဟင်ဂျာဆိုသူ ) တွေကို နိုင်ငံတော်က နိုင်ငံသားအဖြစ် အသိအမှတ် မပြုသေးဘူလည်း ဆိုရဲ့။ သူတို့က မဲပေးခွင့် ( suffrage ) တော့ရနေကြပြီး၊ မြို့နယ်လူဦးရေ၏ ၇၅ - ၉၀% ခန့်ထိရှိသော သူတို့လူမျိုးတွေပဲ လွှတ်တော်အမတ်တွေ ဖြစ်နေကြပါသည်။ ကျနော်က ဘူးသီးတောင်မှာ မွေးဖွားခဲ့သူပါ။ ဒါကြောင့် ဘင်္ဂါလီတွေကို မုန်းတီးလှသည် မဟုတ်ပါ။ ထို့ကြောင့်ပင် သူတို့ကို Humanitarian basis ဖြင့် ခုနကပြော ခဲ့သည့် Resident ID လောက်၊ Permanent Resident status လောက်ထိတော့ ပေးထိုက်သည်ဟူသော ပုဂ္ဂလိကအမြင်ရှိသူလည်း ဖြစ်ပါသည်။ ထိုအမြင်မျိုးရှိသဖြင့် ကျနော် “ရိုဟင်ဂျာ အရေး” ပိုစ့်တွေမှာ ဘာမှ ဝင်မပြောတာ ဖြစ်ပါသည်။ ဒါပေမဲ့ သူတို့ကို “နိုင်ငံသား” ( citizenship ) ပေးထိုက်၊ မပေးထိုက် ကိစ္စကတော့ ပြည်ထောင်စုလွှတ်တော်မှာ “နိုင်ငံသားပြုခြင်းဆိုင်ရာကော်မီတီ” လိုမျိုး ကော်မီတီတွေ ဖွဲ့ပြီး အဲသည် ကော်မီတီရှေ့မှောက်မှာ သမိုင်းပညာရှင်တွေ၊ ဥပဒေ ပညာရှင်တွေက စာတမ်းဘာတွေ ဖတ်၊ သေချာ debate လုပ်ပြီးမှ  ပြည်ထောင်စုလွှတ်တော်က သင့်မြတ်သည်ဟု ထင်မြင်တဲ့အတိုင်း မဲပေးဆုံးဖြတ်ရမည့်ကိစ္စ ဖြစ်သည်ဟု ထင်ပါသည်။ ကျနော့် အမြင်အရ သူတို့ “တိုင်းရင်းသား” မဟုတ်တာတော့ သေချာသလောက် ရှိပါသည်။ ဗြိတိသျှကိုလိုနီခေတ် အိန္ဒိယနှင့် မြန်မာ ဥဒဟိုသွားလာနိုင်ခဲ့စဉ်က သူတို့ ယခု ဘင်္ဂလားဒေရှ့်နိုင်ငံ ဖက်ခြမ်းမှ  မြန်မာနိုင်ငံဖက်သို့ လှိမ့်ဝင်လာ ခဲ့ကြတာသာ ဖြစ်မည်ဟု ထင်သောကြောင့် ဖြစ်ပါသည်။

     သူတို့ အာရပ်ဖက်က လာခဲကြသည်ဟု ပြောနေကြတာက တကယ် မဖြစ်နိုင်ပါ။ အကြောင်းမှာ အာရပ်ဖက် က လာလျှင် အာရပ်ယဉ်ကျေးမှု၊ ဘာသာစကားတခုခု ပါလာရပါမည်။ ယခု သူတို့၏ ဘာသာစကားမှာ ယနေ့ ဘင်္ဂလားဒေ့ရှ် အရှေ့ဖက်ခြမ်းက ဘာသာစကား ( dialect ) နှင့် ၁၀၀% အတူတူ ဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ် မြို့တော် ဒက္ကားတွင် နေသူတို့၏ dialect နှင့် အကြမ်းအားဖြင့် ၉၀% လောက် တူညီသည်ဟု သိရပါသည်။ ထို့ကြောင့် သူတို့သည် Bangladesh origin ဖြစ်သည်မှာ ထင်ရှားပါသည်။ ဒါပေမဲ့သူတို့ မြန်မာပြည်ဖက် အခြမ်းသို့ ရောက်နေကြသည်မှာလည်းအနည်းဆုံး မျိုးဆက်လေးဆက် ( အနည်းဆုံး နှစ်ပေါင်း ၁၀၀ ကျော်ခန့် ) လောက်တော့ ရှိပြီဟု ထင်ပါသည်။ ယခု သူတို့ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံကလည်း ငါ့နိုင်ငံသားမဟုတ်ဟု ဆိုပါသည်။ မြန်မာကလည်း ငါ့နိုင်ငံသားမဟုတ်ဟု ဆိုပါသည်။ မြန်မာ နအဖအစိုးရ လက်ထက်တုန်းကတော့ ( အခုတော့ မသိ ) သူတို့လူမျိုးလူငယ်တွေ အိမ်ထောင်ပြုချိန်တန်လျှင် မြန်မာနယ်စပ်တလျှောက်ရှိ နစကတပ်ဖွဲ့ ထံတွင် သတို့သား+ သတို့သမီး အမည်တို့ကို ဖော်ပြလျှက် လက်ထပ်ခွင့် တင်ရပါသည်။ ၆ လ မှ တနှစ်အကြာတွင် ခွင့်ပြုချက်ကျလာမှ သူတို့ လက်ထပ်ကြရပါသည်။ ထို့ကြောင့် လက်ထပ်ခွင့် မြန်မြန် ကျအောင် နစက တပ်ဖွဲ့မှူးကို ရေ ( ငွေ ) လောင်းကြရပါသည်။ ထိုကာလ အတွင်း ခိုးရာလိုက်ခဲ့လျှင် ထောင်ဒါဏ် ၅ နှစ်၊ ခိုးရာလိုက်ပြေးစဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖက်သို့ ကူးသွားခဲ့သေး သည်ဟု ယူဆခြင်း ခံရလျှင် ယင်းတရားမဝင် နိုင်ငံကူးခြင်း အတွက် ထောင်ဒါဏ် ( ၇ ) နှစ်၊ နှစ်ရပ် ပေါင်းသော် လူကြားမကောင်း လောက်အောင်ပင် သတို့သား၊ သတို့သမီး ( ? ) တွေက ထောင်ဒါဏ် ( ၁၂ ) နှစ် အထိ ကျခံကြရပါသည်။ သည်လိုတွေ လုပ်တာကတော့ လူမဆန် လှဟု ထင်မိပါသည်။ ကျနော်တဦးတည်း၏ သဘောမှာ သူတို့ကို Permanent Resident လောက်ပေးထား၊ လူလိုလည်း ဆက်ဆံပြီး Citizenship ကိုတော့ ခပ်ဖြေးဖြေး အချိန်ယူပြီး စဉ်းစားရန် ဖြစ်ပါသည်။ ဤသို့ နိုင်ငံသား အဆင့်အတန်း ( Citizenship ) ပေးရန် တရားဝင် ဆုံးဖြတ်ချက် မကျသေးချိန် အတွင်း ဥပဒေ သဘောအရ သူတို့၏ မဲပေးခွင့်နှင့် အရွေးခံပိုင်ခွင့် ( suffrage ) ကို ရုပ်သိမ်းထားရမည် ဖြစ်ပါသည်။ ဥပမာ။ ။ ကျနော့်မှာ လက်ရှိအားဖြင့် Oregon State Photo ID နှင့် Permanent Resident Card ( Green Card ) လက်ဝယ် ရှိပါသည်။ Social Security Number လည်း ရှိပါသည်။ သို့ရာတွင် ကျနော် Citizen မဟုတ်သေးသဖြင့် ဒီနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ( နှင့် ဘယ်ရွေးကောက်ပွဲမှာမှ ) မဲပေးခွင့်မရှိသေးပါ။       

     State Photo ID ၏ သဘောတရားမှာ ဒီလူတယောက် ဘယ်နေ့က မွေးဖွားခဲ့ပြီး ဘယ်ပြည်နယ်၊ ဘယ်မြို့မှာ လက်ရှိနေထိုင်သည် အဓိပ္ပါယ်လောက်မျှသာ ရှိပါသည်။ ဒီနိုင်ငံမှာ စာတိုက်ကလာသည့် စာ နှစ်စောင် ပြရသည့်ကိစ္စကို မြန်မာ့နည်းမြန်မာ့ဟန် ပြောင်းလိုက်လျှင် ရပ်ကွက်လူကြီး၏ အိမ်အမှတ် ဘယ်လောက်တွင် အမှန်တကယ် နေထိုင်ကြောင်း ထောက်ခံချက်ဖြင့် အစားထိုးနိုင်မည် ထင်ပါသည်။     ထို့ကြောင့် မြန်မာပြည်ထဲမှာ အိမ်ပိုင်ရာပိုင်နှင့် တကယ်နေထိုင်သည့် (သူတို့၏ နိုင်ငံသားဖြစ်မှု/ မဖြစ်မှု အတွက် အငြင်းပွားဖွယ်ဖြစ်သော ) တရုတ်၊ ကုလားတို့ကို State Photo ID လောက် ထုတ်ပေးတာက ( ရေးကောက်ပွဲမှာ အရွေးခံပိုင်ခွင့်၊ မဲပေးပိုင်ခွင့် မရှိသဖြင့် ) ကိစ္စမရှိလောက်ဟု ထင်ပါသည်။

     US မှာ အမြဲတမ်း နေထိုင်ခွင့် ( Green Card or Permanent Resident Status ) ကို အမေရိက သို့ တရားဝင်ရောက်ရှိ၍ တနှစ်နေပြီးလျှင် လျှောက်ခွင့် ရှိပါသည်။ ၅- နှစ်နေပြီးလျှင်တော့ နိုင်ငံသား ( Citizen ) လျှောက်ခွင့် ရှိပါသည်။ ထိုသို့ နိုင်ငံအတွင်း “အမြဲတမ်း နေထိုင်ခွင့် ပြုခြင်း”၊  “နိုင်ငံသားပြုခြင်း” တို့မှာ နိုင်ငံတော် လုံခြုံရေး အတွက် အတော်အရေးကြီးသည် ဖြစ်၍ ထိုကိစ္စများကိုတော့ “Department of Homeland Security ( DHS )” ( အမိမြေ လုံခြုံရေးဝန်ကြီးဋ္ဌာန ) ကပဲ လုပ်ပါသည်။ ပြည်နယ်က လုပ်ပိုင်ခွင့် မရှိတော့ပါ။

     ကျနော်တို့ နိုင်ငံမှာလည်း ပြည်ထောင်စုအစိုးရ၏ လဝက ဝန်ကြီးဋ္ဌာနကို US က DHS သဖွယ် မှတ်ယူမည်ဆိုလျှင်တော့ အဲသည် State Photo ID Card တွေကို ပြည်နယ်အစိုးရ လက်အောက်ခံ Immigrant ရုံးတခုက လုပ်ပေးသင့်သည်ဟု ထင်ပါသည်။ ပြည်နယ် တပြည်နယ် အတွင်းရှိ လူဦးရေစာရင်းကို Excel လို data-managing software တွေနှင့် computerized လုပ်ထားလျှင်၊ website တခုလောက်လည်း လုပ်ထားလျှင် website ထဲ ဝင်ရောက် ကြည့်ရှုချိန်ရှိ ပြည်နယ်တခု၏လူဦးရေ၊ ကျားဦးရေ၊ မဦးရေ၊ မွေး/သေ ဦးရေ၊ အသက် ၁၈-၆၀ နှစ်အတွင်းလူဦးရေကိုပင် ချက်ချင်းသိနိုင်မည် ဖြစ်ပါသည်။ ပြည်နယ်နှင့် တိုင်း စုစုပေါင်းလိုက်လျှင် လက်ရှိအချိန်ရှိ တနိုင်ငံလုံး လူဦးရေ ကိုလည်း ချက်ချင်းသိနိုင်မည် ဖြစ်ပါသည်။ ဤသို့အားဖြင့်  မြို့နယ်တခု၏မဲဆန္ဒရှင် ဦးရေကို အလိုရှိလျှင် Excel ကို ၁၈ နှစ်နှင့်အထက် လူဦးရေ စာရင်းလုပ်ပေးပါဦး ဟု ခိုင်းပြီး print လုပ်လိုက်ရုံသာ ရှိပါသည်။ ( သိပ်ခက်သောကိစ္စ မဟုတ်၊ ကျနော်တို့နိုင်ငံသား မြန်မာလူငယ်တွေ အလွယ်တကူ လုပ်တတ်ကြသောကိစ္စများ သာဖြစ်ပါသည်။ ) ဤမခက်သောကိစ္စတွေကို ကျနော်တို့ မြန်မာပြည်မှာ တော်တော်ခက်နေကြ၍ ဒီမှာလုပ် နေကြပုံ ကိုကြည့်ပြီး ဆွဲဆန့်တွေးကြည့်မိ ခြင်းဖြစ်ပါ သည်။ ကျနော်တို့သည် ခက်နေကြတာတွေကို ပိုမို လွယ်ကူအောင်၊ ထိုင်းနိုင်ငံမှာ ဖုန်းရောင်းသကဲ့သို့ ရိုးရိုးရှင်းရှင်းလေး ဖြစ်နေအာင် လုပ်ကြရပါမည်။ ထိုသို့ လုပ်သောအခါ သူများဆီ ကပဲ ဖြစ်ပါစေ၊ ကောင်းတာတွေကို ယူသော် မကောင်းပါလော့..။


( ဆက်လက် ရေးသား ပါဦးမည် ) 

2 comments:

  1. ဒီဆောင်းပါးလေးကူးပါရစေ။

    ReplyDelete
    Replies
    1. ရပါတယ်ဗျာ.. ကြိုက်သလို လုပ်ပါး))

      Delete