Monday, October 17, 2011

An Appointment with the Death

                                                                                           ( ၁ )

သေခြင်းတရားက ဧည့်ခန်းထဲမှာ ရောက်ရှိနေပြီ ဖြစ်သည်။ နိုင်လွန်ကို တီထွင်ခဲ့သော ပုဂ္ဂိုလ်၊ ဟားဗတ် တက္ကသိုလ်မှာ တလ လစာ ၂၆၇ ဒေါ်လာ (  တနှစ် ဒေါ်လာ ၃၂၀၀ ) နှင့် အော့ဂဲနစ် ဓါတုဗေဒသင် ကျောင်းဆရာ လုပ်နေရာမှ ဓါတ်ခွဲခန်းတခုက တလ လစာ ၅၀၀ အထိပေးပါမည်ဟု ကမ်းလှမ်း ခံခဲ့ရသူ၊ လွန်ခဲ့သည့် တနှစ်လောက်ကမှ အိမ်ထောင်ကျခဲ့ပြီး သူ့မိန်းမ၏ဗိုက်ထဲက ကိုယ်ဝန် ၂ လသား၏ ဖခင်၊ မကြာသေးမီက အမျိုးသားသိပ္ပံ အကယ်ဒမီ ( National Academy of Sciences ) အဖွဲ့ဝင် ဖြစ်လာခဲ့သော ၄၁ နှစ်အရွယ် ယောက်ျားတယောက်သည် လောကမှာ အချိုရှာ၍ မတွေ့သဖြင့် ၁၉၃၇ ခုနှစ်တွင် ဖီလာဒယ်လ်ဖီးယားမြို့က ဟိုတယ်အခန်းတခုမှာ သံပုရာရည် ချဉ်ချဉ်တခွက်ကို သောက်သုံးခဲ့သည်။ ဂျက်လန်ဒန်သည် သူ ဒေါ်လာ ၂၆၄၅၀ နှင့်ဝယ်ထားသည့် ကယ်လီဖိုးနီးယားဖက် က ဧက တထောင်ကျော် ကျယ်ဝန်းသည့် ခြံကြီးထဲမှာ အသက် ၄၀ အရွယ်အထိ သူဌေးလို နေထိုင်သွားခဲ့သည်။ ဗန်ဂိုးက ၃၇ နှစ်လောက်ထက် ပို အသက်မရှည်ခဲ့ပါ။ နိုဗယ်လ်ဆုရ စာရေးဆရာကြီး ဟဲမင်းဝေးကတော့ အသက် ၆၂ နှစ်ထိ နေသွားရရှာသည်။ သည်လူ တွေက သေခြင်းတရားနှင့် appointment လုပ်ခဲ့ကြသူများဟု လူသိများကြလေသည်။

သူသည် ဗန်ဂိုးထက် အသက် ၁၀ နှစ်ကြီးနေပြီ ဖြစ်ပါသည်။ သူက ယခင် ဆိုဗီယက်ပြည်ထောင်စုက ခေါင်းဆောင်ကြီးဟုဆိုသူ စတာလင်ကို နွားဟု ထင်ပြီး လီယိုတော်လစတွိုင်း နှင့် အင်တန်ချက်ကော့ဗ် တို့ကို လူဟု ထင်ပါသည်။ ( In light of revelations from the Soviet archives, historians now estimate that nearly 700,000 people (353,074 in 1937 and 328,612 in 1938) were executed in the course of the terror, with the great mass of victims being "ordinary" Soviet citizens: workers, peasants, homemakers, teachers, priests, musicians, soldiers, pensioners, ballerinas, beggars. ( ref: http://en.wikipedia.org/wiki/Joseph_Stalin ) ဒါက နှစ်နှစ်စာပဲ ရှိသေးသည်။ စတာလင်က ၁၉၂၄ မှ ၁၉၅၃ ထိ ဆိုဗီယက် ပြည်ထောင်စုကို အုပ်ချုပ်ခဲ့ပါသည်။ တကယ်တော့ သန်းချီသော ကိုယ့်နိုင်ငံသား၊ ကိုယ်နဲ့အတူ အလုပ်လုပ်လာသည့် ရဲဘော်ရဲဖက် တွေကို သူ့အာဏာခိုင်မြဲရေး အတွက် သတ်ရက်သူကို နွားဆိုတာထက် ပိုနာနာကျည်းကျည်း ခေါ်သင့်ပါသည်။ တရားကိုချစ်သူ၊ တရားကိုသိသူ ဆိုတာေ-ာက်မြင်ကပ် သင့်တာကို /ကပ်သင့်သူကို ထိုက်ထိုက်တန်တန်ေ-ာက်မြင်ကပ်တာလည်း ပါသည်ဟု သူထင်ပါသည်။ ) ထို့ကြောင့် နွားတွေ တည်ထောင်သော ဆိုဗီယက်နိုင်ငံတော် ( ဒေါက်တာ ဇီဗားဂိုး ရုပ်ရှင်ကို ကြည့်ပါ ) ကို အားမကျလှသော်လည်း လူတွေရေးသော ရုရှဂန္ဓဝင် စာပေကို အထင်ကြီးလှသည်နှင့် Russian for Beginners ဆိုသော စာအုပ်ဟောင်း တအုပ်ကို သူ တခါတုန်းက ဈေးမေးကြည့်ဖူးသည်။ သူနှင့်ခင်နေသော ထိုစာအုပ်ဟောင်း ရောင်းသူက ကမ္ဘာသုံးလည်း မဟုတ်တဲ့ ရုရှစာကို လေ့လာနေမည့် အစား ... တရားတော်များ ကို လေ့လာရန် အကြံပြုခဲ့သည်။ သူလည်း တရားတော်တွေ ကျေးဇူးကြောင့် တရားတွေ အတော်ရနေပြီဟု ပြောပြသည်။ ထိုအခါ သူ (= စတာလင်ကို နွားဟု ထင်သောသူ ) က "တရားဆိုတာ Absolute fairness ဗျ။ အဲဒီ fairness ကို ချစ်တာကတော့ ကျုပ်က တရား မလိုက်စားဖူးဘဲနဲ့ကို ချစ်ပြီးသားပါ၊ ဒါကြောင့် ကျုပ်ရင်ထဲမှာ တရားရှိပြီးသားလို့ ယုံပါတယ်။  နောက်ပြီး ကျုပ်က ဘဝရဲ့ အဓိပ္ပါယ်မဲ့မှု ( meaningless existence of life ) ကို မြင်လွန်းနေလို့ ခက်နေတာဗျ။ ဒီတော့ ကျနော် အမှန်အတိုင်းပြောရရင် ခုနေခါမှာ ဘဝကို တက်တက်ကြွကြွ၊ စိတ်ပါလက်ပါ ခံစားနိုင်မဲ့ တရားပဲလိုချင်တယ်ဗျာ။ ဘဝကို စိတ်ကုန်မဲ့ တရား မလိုအပ်ဘူးဗျ။ အဲဒါက ရှိနေပြီးသား" ဟု ပြန်ပြောခဲ့မိသည်။ ထိုအခါ တရားရှိသော စာအုပ်ဆိုင်ပိုင်ရှင်က ဒီလူ တရားမရသေးဘူးဟု အခြားလူတဦးကို ပြန် ပြောပြသည်ဟု သိရ၏။ နောက်ဆုံးတော့ တရားမရသေးသော သူကပဲ တရားရထားသောသူကို တရားနှင့် ဖြေလိုက်ရလေသည်း))

Fairness ဆိုလို့ မြန်မာမတွေ ပဲများပုံကလည်း တယ် fair မဖြစ်လှဟု သူ ထင်မိသည်း)) တခါတုန်းက သူ အပြင်မှာ လူချင်း မတွေ့ဖူး၊မမြင်ဖူး၊ မှုန်ဝါးဝါး ဓါတ်ပုံလောက်မျှလည်း မတွေ့ မမြင်ဖူးသော်လည်း စိတ်ကောင်း နှလုံးကောင်း ရှိသည်ဟု မှန်းဆ၊ ခံစားမိသော ( သူနှင့် စံတော်ချိန် ၁၅ နာရီ ကွာခြားသော အရပ်မှ ) မြန်မာ ဘလော့ဂါမလေး တယောက်ကို "တော်သည့်၊ ထက်မြက်သည့်၊ ယဉ်ကျေးသိမ်မွေ့သည့် တူမလေးတယောက်" ကို ချစ်ခင်မိသလို သူခင်မင်သွားခဲ့ဖူး သည်။ သို့နှင့် သူမ၏ မွေးနေ့နား ရောက် လာသောအခါ ( Happy Birthday wish လောက်လုပ်တာက လျှာဖျားပေါ်က ဟန်ဆောင်ခင်မင်မှု ဆန်လှသည်၊ ဘာမှ အနှစ်အသား မပါဘူးထင်၍ ) မွေးနေ့လက်ဆောင် တခု ပို့ပေးချင်ကြောင်း ပြောမိ၏။ ဤနေရာတွင် ဖခင်/ ဦးလေးတွေက တော်သော၊ လိမ်မာသော သမီး/ တူမ တယောက်ကို ဂုဏ်ယူစွာနှင့် ချစ်ခင်ကြသလောက် အဲသည် ကလေးမကို သူချစ်ခင်ခဲ့ကြောင်း ဝန်ခံပါသည်။ သူပြောချင်တာ တချက် ရှိပါသည်။ ယောက်ျားတွေဟာ သမီး/တူမ တွေကို သား/ တူတွေထက် ပိုချစ် ခင်မိကြခြင်းမှာ romantically attracted ဖြစ်တာ မဟုတ်ဘဲ သူမတို့၏ innocence, cleverness, cuteness ကို ငြိမ့်ငြိမ့် အေးအေး၊ သန့်သန့်ရှင်းရှင်းလေး နှစ်သက် ချစ်ခင်မိကြတာသာ ဖြစ်ပါသည်။ ဤကဲ့သို့သော ချစ်ခင်မှုမျိုး သွေး မတော် သားမစပ်သော  ယောက်ျား တယောက်ထံမှလည်း လာနိုင်သည် ဆိုတာပဲ ဖြစ်ပါသည်။ မိမိချစ်ခင်မိသော မိန်းကလေး တယောက်ကို romantically attracted ဖြစ်တာ ဟုတ်၊ မဟုတ် သူ စမ်းသပ်လေ့ရှိသည့် နည်းမှာ ခုနေခါ သူမ boyfriend တယောက် ရသွားကြောင်း သိရလျှင် မိမိ ဘယ်လိုခံစား ရမလဲဟု အငှားဝင် ခံစားကြည့်ခြင်း ဖြစ်သည်။ သူ မွေးနေ့လက်ဆောင် ပေးချင်ကြောင်း ပြောမိဖူးသည့် မိန်းကလေးကိုလည်း အဲသည် စမ်းသပ်နည်းနှင့် စမ်းသပ်ကြည့်ရာ သူမ boyfriend ရသွားလည်း သူ မနှမြော မတွန့်တိုမိပေ။ သူမ ယောက်ျားရပြီး ကလေးတွေ ရနေလည်း သူမကို မေတ္တာမပျက် မိမိဖက်မှ တစုံတရာ ဖြည့်ဆည်းပေးနိုင်တာ ရှိလျှင်သာ ဖြည့်ဆည်း ပေးနေချင်လေသည်။ အဲသည် ခံစားမှုကို သူက လှပ သန့်ရှင်းသည်ဟု ထင်သော်လည်း သူမကတော့ "ဖွန်ကြောင်သည်" ဟု အဓိပ္ပါယ် ကောက်ခဲ့ဟန် ရှိသည်။ ( တခု ပဲ ရှိတာက သူ ဖွန်ကြောင်တာလည်း ဖြစ်ကောင်း ဖြစ်နိုင်သလားတော့ မသိ၊ သူမ၏ အရွယ်လောက် ရှိပြီး သူမလောက်ပင် လိမ္မာ၊ ထူးချွန်၊ ထက်မြက်သော တူအရွယ် ယောက်ျားလေး တယောက်ကိုတော့ သူ အဲသည်လို စေတနာမျိုး တခါမှ မပေါ်ပေါက်ဖူးပေ :))

သူမကို လက်ဆောင်ပေးချင်ကြောင်း ပြောခဲ့ခြင်း၏ အကျိုးဆက် အဖြစ်ဖြင့် သူမသည် သူ့ကို ကိုယ်ကျင့်တရား ဖောက်ပြန်သူတယောက်ကို စိတ်မပါလက်မပါဖြင့် ဆက်ဆံနေရသလို ဆက်ဆံလာခဲ့သည်။ ဥပမာ၊ သူမ၏ facebook wall ပေါ်မှာ birthday wish ပေးခဲ့ကြ သူတိုင်းကို သူမက like နှင့် ကျေးဇူးတင်စကား ရွှန်းရွှန်းဝေအောင် ပြောသော်လည်း သူပို့ထားသည့် အရုပ်ကလေး ကိုတော့ မထိမတို့ဘဲ တမင်ချန်လှပ်ထားခဲ့ပြီး ( လူအများအလယ်မှာ ထင်းကနဲ ပေါ်လွင်နေစေကာ ) အရှက်ခွဲခြင်းမျိုး ဖြစ်သည်။ ဒါကို တချို့က နိုင်ငံကြီးသား ဖြစ်လေယောင်ဆောင်ကာ "ဟာ.. ဒါက သူ့ individual right ပဲလေ၊ သူ ပြန်ပြောချင်မှ ပြောမှာပေါ့" ဟု ဆိုကြပါလိမ့်မည်။ ဟုတ်ကဲ့.. ခင်ဗျားက လူတယောက်ကို လူပုံအလယ်မှာ တစုံတရာ လှမ်းနှုတ်ဆက်လိုက်စဉ် ထိုသူက ( မကြားလို့မဟုတ်ပါဘဲ ကြားပါလျက် သူ့ individual right ကိုသုံး၍ ) ခပ်စိမ်းစိမ်းကြည့်ပြီးမှ ဘာမှ ပြန်မပြောဘဲ ဟိုဖက်ကို မျက်နှာလှည့်သွားလျှင် ခင်ဗျားရင်ထဲ ဘယ်သို့ရှိပါမည်နည်း။ လောကတွင် "ယဉ်ကျေးသောအပြုအမူ ဆိုသည်မှာ မိမိကြောင့် လူတယောက် အိုးတိုးအန်းတန်း၊ စိတ်အနှောက်အယှက် မဖြစ်စေရအောင် မိမိ၏ အပြုအမူကို ထိန်းသိမ်းခြင်း၊ သူတပါးအပေါ် ကိုယ်ချင်းစာနာစိတ် ထားခြင်း" ဟု သူထင်ပါသည်။ သည်လိုနှင့် သူ အခု သူမကိုမုန်းတီးလို့ မဟုတ်ဘဲ သူမ၏ အလိုကို လိုက်ပေးသည့် အနေဖြင့် သူမကို ဘာမှ သွားမပြောတော့ပါ။ A relationship is mutual; one-sided relationship cannot be sustainable. သူက ဒါတွေကို စမြုံ့ပြန်ပြီး သူမကို မကျေမချမ်း ဖြစ်နေတာမျိုး မဟုတ်ဘဲ၊ သူခံတွင်း မတွေ့မိခဲ့သော "မြန်မာပဲ" အကြောင်းကို သူ့ရဲ့ နောက်ဆုံးအချိန်မှာ ပြန်လည် သတိရနေမိတာသာ ဖြစ်ပါသည်။

အခြားတယောက်သော မိန်းကလေးကိုတော့ သူတကယ်ချစ်သွားမိခဲ့တာ ဖြစ်သည်။ သည် မိန်းကလေး၏ ရယ်မောသံက ညှင်းညှင်းသွဲ့သွဲ့နှင့် အလွန်သာယာနာပျော်ဖွယ် ရှိလှသည်။ သူသည် သူမ၏ အသက်ဝင်လှသော ( lively ) ရယ်သံချိုချိုလွင်လွင်ကို ကနဦး စွဲလန်းငြိတွယ်သွားခဲ့တာ ဖြစ်သည်။ နောက်တော့ သူမ ( တခုလုံး ) ကို ချစ်သွားခဲ့တော့သည်။ သူ့၏ "မိန်းကလေး တယောက်ကို ချစ်မချစ် စမ်းသပ်နည်း" ကတော့ စိတ်ကူးထဲမှာ သူမကို အသက် ၆၀-၇၀ အရွယ်လောက် ထားလိုက်ပြီး မိမိ ( အဖိုးကြီး ) က သည်အဖွားကြီးကို ညှာတာ၊ မြတ်နိုး၊ တစိမ့်စိမ့် ကြည့်မဝချင်စိတ် ဖြစ်နေသေးလျှင် တကယ် ချစ်မြတ်နိုးသည်ဟု ယူဆလေသည်။ နောက်ပြီး သူမအပေါ် ( ဆိတ်ကွယ်ရာမှာ ) ဘယ်လောက် သစ္စာစောင့်သိချင်သလဲ ဟု ကိုယ့်စိတ်ကို တိုင်းတာကြည့်ခြင်း ဖြစ်သည်။ သူက သူမကို ချစ်ပါသည်ဆိုလျှက် အခြားမည်သည့် မိန်းကလေး အပေါ် တွင်မျှ romantically attracted မဖြစ်ချင်မိပေ။ သူမသည် အဲသည်လို အမျိုးမျိုးသော စမ်းသပ်မှုတို့ကို အစမ်းသပ်ခံနိုင်ပါပေသည်။ သူ့မှာ သူမနှင့် ပတ်သက်လာလျှင် နှမြောတသမှု၊ လောဘကြီးမှု၊ နီးစပ်လိုမှု၊ တသိမ့်သိမ့် ဆွတ်ပျံ့ကြည်နူးရမှု၊ တထိတ်ထိတ် စိုးရိမ် ပူပန်ရမှုတို့ ရှိသည်။ အလှပဆုံး မျှော်လင့်ချက်နှင့် အကြောက်လန့်ဆုံး အနာဂါတ်တို့ ရှိသည်။ သူသည် သူမကို အသေးအဖွဲ့ကလေးမျှလည်း မလိမ်ညာ၊ မထိန်ချန်ချင်မိပေ။ ဟောဒါတွေကို သူမအား ပြောပြဖူးသည်။ သူသည် အင်္ဂလိပ်လို 20's ဟုဆိုကြသည့် ၂၀-၂၉ နှစ်များအတွင်းက သူ ဆွတ်ပျံ့ကြည်နူးစွာ မြတ်နိုးမိသော မိန်းကလေး ( မန္တလေးသူ ) တယောက်ကို စာတိုက်ကနေ သူမ၏ရုံးသို့ စာတစောင်ထည့်ပြီးချစ်ရေး ဆိုဖူးသည်။ "ဒါ ပထမဦးဆုံး အကြိမ်နှင့် နောက်ဆုံး အကြိမ် ဖြစ်ပါစေ" ဟုကြိမ်းမောင်းခံရပြီး ဘာမှရှေ့မတိုး နိုင်တော့ပေ။ နောင် သုံးနှစ်ခန့် ကြာသောအခါ သူမ DSA စစ်ဗိုလ်တယောက်နှင့် လက်ထပ်သွားပြီး သူကတော့ အသက် ၂၉ နှစ် အရောက်တွင် အရက်ကို မနက်ပိုင်းပါ သောက်တတ်သည့် alcoholics အဆင့် အရက်သမားတယောက် ဖြစ်လာခဲ့လေသည်။ 30's ( ၃၀-၃၉ ) အတွင်း ဒုတိယမြောက် မိန်းကလေးတယောက်ကို ချစ်ရေးဆိုမိရာ ဇာတ်ပေါင်းသော် သူ နိုင်ငံရပ်ခြားသို့ လွင့်ထွက်လာခဲ့ရလေသည်။ ယခု 40's  (၄၀- ၄၉ ) အတွင်းမှာ သူမကို သူချစ်မိ ပြန်သည်။ ထုံးစံအတိုင်း သူမလည်း သူ့ကို မချစ်ပါ။ ဒါပေမဲ့ သူမကို ကျေးဇူးတင်ဖို့ ကောင်းသည်မှာ သူမက ပဲတော့သိပ် မများလှပါ။ "အကို ကျမကို တကယ်ချစ်တာ သိပါတယ်.. ဒါပေမဲ့ ကျမက အကို့ကိုအကိုတယောက်ထက်ပိုပြီး မချစ်နိုင်လို့ပါ" ဟု ကောင်းမွန်စွာ ပြောရှာလေသည်။ သူမ သူ့ကို အနည်းငယ် ချစ်သော်တောင်မှ "နှစ်ယောက် တဘဝ" ထူထောင်ဝံ့လောက်သည် အထိတော့ ဘယ်လိုမှ မဖြစ်နိုင်ချေ။ နောက်ပြီး သူမက အလွယ်တကူ စိတ်ထိခိုက်ခံစားလွယ်သူ ( စိတ်ဆောင်ရာ နောက်လိုက်မည့်သူ ) တယောက်လည်း မဟုတ်ပါ။ သူ့လို ဘဝကို ကလေကချေ ဆန်ဆန် ရောက်ချင်ရာရောက် ပေါက်ချင်ရာပေါက် ဖြတ်သန်းလာခဲ့သူလည်း မဟုတ်ဘဲ ဘယ်အချိန်၊ ဘယ်အသက်အရွယ်မှာ ဘာဖြစ်ရမည်ဟု အချိန်ဇယားဆွဲထားသော scheduled life တခုထဲမှာသာ ကျင်လည်ဖူးသူ၊ကျင်လည် ဦးမည့်သူ ဖြစ်ပါသည်။ အချုပ်ဆိုရလျှင် သည် ချစ်ရသူနှင့်လည်း ဘဝချင်း မပေါင်းစပ်နိုင်မည့်ဖက်က ၉၀ ရာခိုင်နှုန်းလောက် ရှိလေသည်။
                                                                                  
                                                                               ( ၂ )

သူသည် သေခြင်းတရားကို လက်ခံတွေ့ဆုံရန် ဧည့်ခန်းမဖက်သို့ ထွက်လာခဲ့သည်။ သေခြင်းတရားက သူ့ကို သက်တောင့်သက်သာ မရှိဟန်ဖြင့် မေးသည်။

"တခုခု ရေးထားခဲ့ချင်လား။ note လေး ဘာလေး တခုခု လောက်ပေါ့"
"ဟုတ်ကဲ့ .. ကျနော့် landlord ရဲတွေနဲ့ ပြသနာ ရှင်းမနေရအောင်တော့ တခုခု ရေးထားခဲ့မှ ဖြစ်မယ်"
"ဟောဒီမှာဗျ .. I testify that ...................................................................................................."
"....... ကို သတိရနေမိလား.."
"Oh, my Gosh, ကျနော့်ရဲ့ နောက်ဆုံး အချိန်မှာ သူ့ကို သတိရနေမိတဲ့ စိတ်က ဖုံးလွှမ်းနေလို့ ကျနော် ခင်ဗျားနဲ့ ရင်ဆိုင်တွေ့နေရတယ် ဆိုတာကိုတောင် သတိမပြုမိ နိုင်လောက်အောင်ပါလား။ ကျနော် ခင်ဗျားကို တုန်လှုပ်ဖို့ တောင် မေ့နေတယ်ဗျ။ ဒီလောက်ထိ သန့်သန့် ရှင်းရှင်း ချစ်တတ်တဲ့ ရင်ဘတ်တခုကို ပိုင်ဆိုင်ခွင့် ရခဲ့တဲ့အတွက် ကျနော့်ကို create လုပ်ခဲ့တဲ့ အင်္ဂျီနီယာ၊ The Law of Karma, or the God, whatever it maybe ကို လှိုက်လှိုက်လှဲလှဲကြီး ကျေးဇူးတင်မိပါတယ်ဗျာ .."
"ဒါဆိုရင် ကျုပ်ပြန်တော့မယ်"
"ရော်.. ဟိုကိစ္စက.."
"နောက်များမှပဲ တွေ့ကြသေးတာပေါ့.. "
 သည်တကြိမ် ဇာတ်ပေါင်းသော်ကား သူ ဘယ်ဆီသို့လွင့်မျောသွားရမည် မသိတော့ချေ..။