Saturday, April 7, 2012

ကောင်းတာတွေကို ယူသော် မကောင်းလော့.. ( ၃ )

( ဟိုရောက် သည်ရောက် အလ္လာပစကား။ ။ ကျနော် ဤ “ကောင်းတာတွေကို ယူသော် မကောင်းလော့” စီးရီစ်းကို အနည်းဆုံး အမှတ်စဉ် ( ၁၀ ) လောက်အထိ ရေးမည်ဟု မူလက စိတ်ကူးထားခဲ့ပါသည်။ ထိုသို့ ရေး ချင်သည်မှာ ကျနော်က “မြန်မာပြည်မှာ ဟောဒီလိုဖြစ်နေပါတယ်ဗျို့။ အဲဒီလိုဖြစ်နေတာ ဘာကောင်းသလဲဗျာ” လို့ ပြောတာလောက်ထက် “အဲဒီလိုဖြစ်နေတာကို ဟောဒီလိုလုပ်ရင်ကောင်းမလား ညီကို မောင်နှမတို့” ဟုအကြံပြုတာက ပို၍အသုံးကျမည်ဟု ထင်မိသောကြောင့် တကြောင်း ပါပါသည်။ ထို့ပြင် ကိုယ့်မိတ်ဆွေတွေကိုလည်း ကိုယ့်နိုင်ငံ ကောင်းတဲ့လမ်းကြောင်း ပေါ်မှာ လျှောက်လှမ်းဖို့ တာစူ၊ နိုင်ငံတကာကို လှမ်းမျှော်ကြည့်နေချိန်မှာ ကိုယ်က ဘာမှ ကိုယ်ထိလက်ရောက် သွားမကူညီနိုင်လျှင်တောင် မိမိ ပြည်ပတိုင်းပြည်တွေကိုရောက်နေလို့ သိလာတဲ့ သူတို့ ဆီက “အလွယ်နည်း” “အကောင်းနည်း” တွေကို အချင်းချင်းဖလှယ်၊ တယောက်တလက် အကောင်းတွန်း တွန်းကြစေချင်သဖြင့် ကိုယ်တိုင် စလုပ်ကြည့်သည့် သဘောဖြစ်ပါသည်။ တနည်းအားဖြင့်ပြောရလျှင် ဥာဏ်ရည် မနိမ့်ကြသော အပြည်ပြည် အရပ်ရပ်က ကျနော်တို့ ညီကိုမောင်နှမ တွေကို “Pessimism လောက်မှာချည်းပဲ ရပ်မနေကြပါနှင့်။ Let’s build up sustainable better foundations required for an ethical/ moral/ intelligent open society  in our motherland in the view of constructive optimism” ဟု တိုက်တွန်းလိုသောကြောင့် ဖြစ်ပါသည်။ ( မြန်မာလို ရေးလိုက်လျှင် ဆရာလုပ်ချင်သည့်လေသံ ထင်းနေနိုင်သောကြောင့် tone လျှော့ထားတာသာ ဖြစ်ပါသည်း))

     ကျနော် ဟိုတနေ့က ဖဘပေါ်မှာတစုံတယောက်က “NLD ပါတီက ၄၃ နေရာနိုင်လည်း အလကားပဲ၊ ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်မယ်လို့ ပြောနေတာလည်း ပါးစပ်ပါလို့ ပြောနေတာပဲ။ ၂၀၁၅ မှာ ၇၅% နိုင်ရင်တောင်မှ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်နိုင်လိမ့်မှာ မဟုတ်ဘူး” ဟု ပညာရှင်ဂိုက်မျိုးနှင့် ဆန်းစစ်ပြထားသော post တခုကို ဖတ်မိပါသည်။ ကျနော့်အမြင်မှာ “ဒါဟာအလကားပဲ” ဟုသူထင်နေလျှင် ဒါထက်ပိုကောင်းသော လက်တွေ့ကျ သည့်အစီအမံ/ အကြံပြုချက်တခုကို NLD ( ဒေါ်အောင်ဆန်းစုကြည် ) နှင့် ကျနော်တို့အား သူပြောပြနိုင်ရ ပါမည်။ ဒေါ်အောင်ဆန်းစုကြည်ကို ဥဏ်ရည်ကြီးသည့်၊ နှလုံးမြတ်သည့် မိခင်တဦးပမာ အားကိုးတကြီးနှင့် တစုံတရာ အကြံပြုကြသည်ကို ကျနော်လည်း ကြားချင်ပါသည်။ ဒါပေမဲ့ အခုထိတော့ ဒေါ်အောင်ဆန်း စုကြည်ကို ရန်သူပမာအငြှိုးတကြီးနှင့် ရန်ပြုကြသည့် post တွေနှင့် ( တချို့လူတွေက ပိုလွန်းရန်ကောဟု အမြင်ကတ်လောက်အောင် ) ချီးကျူးကြည်ညိုကြသည့် post တွေကိုသာ တွေ့နေရပါသေးသည်။ အပြုသဘောဖြင့် နှိုင်းနှိုင်းချိန်ချိန်၊ အကြောင်းသင့်၊ အကျိုးသင့် တစုံတရာ အကြံပြုသော post မျိုး သိပ်မတွေ့မိဖူးသေးပါ။ ဆက်ရသော် ထိုပိုစ့်ထဲမှာ “ထို့ကြောင့် NLD ဘာလုပ်သင့်တာလဲ” ဟု ထိုသူ က အဆိုပြုချက်တခုခုကို တိတိကျကျ ဘာမှအကြံမပြုထားပါ။ ထို့ကြောင့်ထိုသူကို တတ်ယောင်ကားလုပ်ချင်တဲ့ ၄ ပေလောက် သာ မြင့်သော လူစဉ်မမီသည့် ဂျပု တယောက်အဖြစ်သာ ကျနော် မြင်မိလေသည်။ ကိစ္စရပ် တခုကို ယခုထက် ဘယ်လို ပိုကောင်းအောင် လုပ်နိုင်သေးသည်ဟု မညွှန်ပြနိုင်ပါဘဲနှင့် သူတပါးကို ဆရာ မလုပ်သင့်ဟု ထင်ပါသည်။  သူပြောသလိုသာဆိုလျှင် ဘာမှ ဖြစ်လာမည် မဟုတ်သဖြင့် ဘာမှမလုပ်ဘဲ ထိုင် နေကြရုံသာရှိလေသည်။ ကျနော်က “ထို့ကြောင့် ဒါကိုလုပ်သင့်သည်” ဟု recommendation မပေးနိုင်သော ဘယ်ပညာရှင်၏ စာတမ်း ကိုမှ တောင် read-worthy ဖြစ်သည် မထင်လှချေ။ ပညာရှင်ဆိုလျှင် A better strategy to a better outcome ကို ကျနော်တို့လူပြိန်းတွေကို လမ်းညွှန် ပြနိုင်ရပါမည်။ ထို့အတူ ပညာရှင်မဟုတ်စေကာမူ တစုံတယောက်က သူကောင်းသည်လို့ ထင်မိတာကို ဘာကြောင့် ပိုကောင်းသည်ထင်ကြောင်း ရှင်းရှင်းလင်းလင်း ပြောပြနိုင်လျှင် ရေးသူက လည်း ရေးထိုက်၊ ဖတ်သူကလည်း ဖတ်ကြည့်ထိုက်သည်ဟု ထင်မိပါသည်။ သဘောတူ တာ မတူတာက တကိစ္စပေ။ ထို့ကြောင့် ကျနော်တို့တတွေ ဖဘမှာ တစုံတရာ အကြောင်းသင့်၊ အကျိုးသင့် ပြောဖြစ်ကြလျှင် ယင်းသို့ ပြောကြဆိုကြခြင်းသည် အကျိုးမဲ့၊ အချည်းနှီး၊ အလကားထိုင်ပွားနေခြင်း ဟု ကျနော်ကတော့ မထင်မိပါ။ ဥပမာ၊ ကျနော် Tag လေ့ရှိသော၊ ကျနော့်ကို Tag လေ့ရှိသော friends list ထဲမှာ မြန်မာပြည်က ( အငြိမ်းစား စစ်အရာရှိကြီး ဖြစ်ဟန်ရှိသူ ) လက်ရှိ ညွှန်ကြားရေးမှူးချုပ်တဦးလည်း ပါဝင်နေသည်ကို ကျနော် မနေ့ကမှ သိပါသည်။ ဤ ဖဘ ကွန်ရက်ထဲမှာ ထိုသို့ အလွှာစုံမှ ပုဂ္ဂိုလ်များ ပါဝင် နေကြပါသည်။ ကျနော်တို့ ပြောကြ ဆိုကြတာတွေထဲမှာ တိုင်းပြည် အတွက် ထားသည့် စေတနာတွေ တကယ်ပါခဲ့ရိုးမှန်လျှင် ထိုစေတနာကို မြင်သူကမြင်ပြီး၊ ယူသုံးကြည့်သူကလည်း သုံးကြည့်ကြပါလိမ့်မည်။ ဤသို့ဖြင့် ယခင်က ခက်နေသော ကိစ္စရပ်များ လွယ်ကူသက်သာ လာခဲ့လျှင် ဖြစ်စေ၊ စောင်းနေသော အရာတခု ပြန်လည်တည့်မတ်လာခဲ့လျှင် ဖြစ်စေ ကျနော်တို့တတွေ ( ပွားနေကြတာ ဖြစ်လျှင်ပင် ) ပွားရကျိုးနပ်သည်ဟုသာ ဆိုရပေတော့မည်။ Facebook သည် middle-class Myanmar community အတွက် The most powerful and rapidly-inspirational citizen journalism တရပ်ဖြစ်လာ ခဲ့ပြီဟု ကျနော် ( ကိုယ့်သဘောနှင့်ကိုယ် ) ထင်ပါသည်။ ပညာရှင်တို့၏ attitude research တွေ၊ ဘာတွေ တော့ မတွေ့မိသေးပါ။ နောင်အခါ ကျနော်တို့တိုင်းပြည်က တက္ကသိုလ်တွေ၊ သတင်းစာတိုက်တွေ၊ လူမှုရေး အဖွဲ့အစည်းတွေက သည် စစ်တမ်းကောက်သည့်အလုပ်ကို လုပ်လာကြလိမ့်မည်ဟု မျှော်လင့်မိပါသည်။

     အမေရိကန်စာရေးဆရာ Henry David Thoreau ၏ လက်ဦးဆရာ၊ American Transcendentalism ၏ ပြောရေးဆိုခွင်ရှိသူ  Ralph Waldo Emerson က “လူသည် အမှန်တရားကိုသိဖို့ သင်ယူနေစရာမလို၊ မွေးရာပါဗီဇအားဖြင့် သိခြင်းသာ ဖြစ်သည်။ အလင်းရောင်ကို သိဖို့ တကူးတကန့် သင်ယူနေစရာ မလိုသကဲ့သို့တည်း” ဟု ရေးဖူပါသည်။ So learned people, Emerson concluded, enjoyed no special advantage in pursuing truth. All persons can glimpse the truth by simply trusting the promptings of their hearts. ဟုလည်းဆိုပါသည်။ ကျနော်လည်း နဂိုကပင် အဲသည်လို ယုံကြည်သူဖြစ်၍ ဤ series ကို ရေးချင်ခဲ့ခြင်း ဖြစ်ပါသည်။ သို့ရာတွင် ယခု ကျနော် မှန်းထားသလောက်၊ ( ၁၀ ) ပုဒ်လောက်ထိ ရေးနိုင်မည် မထင်တော့ပါ။ ယခု စာသင်ရာသီ ( spring semester ) တွင် ကျနော် “State and Local Government” နှင့် “Peace and Conflict” ဆိုသော Political Science နှစ်ဘာသာကို ယူထားမိရာ သည်မြို့၏ current political/ social issue တခုခုအပေါ်အခြေခံလျှက် Field Reports, Case Study နှင့် Class Project စတာတွေကို လုပ်ရမည်ဟု ဆိုပါသည်။ State and Local Government ဘာသာရပ်အတွက် Class Study လုပ်ထားသော ကျောင်းသားဟောင်း တယောက်၏စာတမ်းကို ဆရာက ကျောင်းသားတိုင်းကို လက်ဆင့်ကမ်းကြည့်ရှုစေရာ Senator, Company Executive, Mayor တို့နှင့် Interview လုပ်ထားပြီး A-4 နှင့် ( ၁၈ ) မျက်နှာခန့် ရှိသည်ကို တွေ့ရပါသည်။ Field Report အတွက်လည်း City Council Meeting စသည့် လူထုနှင့်အစိုးရ ဆက်နွယ်နေသည့် အစည်းအဝေးတွေကို သွားတက်ပြီး မြင်ရသည့် မြင်ကွင်း/အတွေ့အကြုံကို ရေးပြထား ကြတာကို တွေ့ပါသည်။ ကျနော့် အင်္ဂလိပ်စာမှာ ဖလန်းဖလန်း ထနိုင်လောက်အောင် ကောင်းလှသည် မဟုတ် သဖြင့် နည်းနည်းတော့ စိတ်လေးနေမိပါသည်။ ထိုသို့ demanding and time-consuming ဖြစ်လှသည့် ကျောင်းစာတဖက်နှင့်မို့ ဤ Post ကိုရေးပြီး၊ နောက်ထပ် ၂ လလောက် သည် series ကို ထပ်ရေးနိုင်ဖွယ် မရှိကြောင်း အသိပေးလိုက်ရပါသည်။ )
…………………………………………………………………………………………………………………………………………

အမေရိကန် ပြည်ထောင်စု၏ လူမှုဖူလုံရေးစနစ် ( Social Security )

     အမေရိကန် ပြည်ထောင်စုမှာ သမ္မတ Franklin D. Roosevelt ( ပထမသက်တမ်း ) လက်ထက် ၁၉၃၅ ခု ဩဂုတ်လ ၁၄ ရက်နေ့မှာ  President's Committee on Economic Security က မူကြမ်းရေးဆွဲခဲ့တဲ့ The Social Security Act ကို သမ္မတက လက်မှတ်ရေးထိုးပြီး အတည် ပြုခဲ့တယ်လို့ သိရပါတယ်။ အမေရိကမှာ ၁၉၃၀ တဝိုက် စီးပွားပျက်ကပ် ဆိုက်တော့ senior citizens ( ၆၅ နှစ်အထက် သက်ကြီး ရွယ်အိုတွေ ) ရဲ့ ၅၀% လောက်အထိ ဆင်းရဲမွဲတေမှု စံနှုန်းအောက်ကို ရောက်သွားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အကူအညီ လိုအပ်တဲ့သက်ကြီးရွယ်အိုတွေလို အမေရိကန်နိုင်ငံသားတွေရဲ့ ဘဝအာမခံချက်နဲ့ လုံခြုံမှုကို ပေးဖို့ ဒီအက် ဥပဒေကို ပြဌာန်းခဲ့တာလို့ သိရပါတယ်။ ၁၉၆၅ ခုနှစ်မှာတော့ ဒီဥပဒေထဲကို Medicare, Medicaid နဲ့ သက်ဆိုင်တဲ့ ပြဌာန်းချက်တွေကို ထည့်သွင်းခဲ့ပါတယ်။ ဒီအက်ဥပဒေအရ ဖွဲ့စည်းထားတဲ့ ( Social Security Administration ) ဟာ မေရီလင်းပြည်နယ် ဘောလ်တီမိုးမြို့ ( Woodlawn ) မှာ ဋ္ဌာနချုပ်ရှိပြီး လူမှုဖူလုံရေး ( social welfare ) နဲ့ လူမှုဘဝအာမခံ ( social insurance ) လုပ်ငန်းဆောင်တာများကို အဓိကအားဖြင့် လုပ်ဆောင်ပါတယ်။ ဒီ အက်ဥပဒေကို အကြိမ်ကြိမ် ပြန်လည်ပြင်ဆင်ခဲ့ပြီး ယခုအခါမှာတော့ ဒီအက်ဥဒေအရ အငြိမ်းစားများ ( retirees )၊ သက်ကြီးရွယ်အိုများ ( senior citizens )၊ မသန်စွမ်းသူများ ( the disabled )၊ အလုပ်လက်မဲ့များ ( the unemployed )၊ မုဆိုးမနှင့် ကလေးသူငယ်များ ( widows and children ) စတဲ့ အကူအညီ လိုအပ်သူများ ကို ထောက်ပံ့ကြည့်ရှုတဲ့ ဋ္ဌာနကြီးတခု ဖြစ်လာပါတယ်။

     Social Security is a social insurance program that is primarily funded through dedicated payroll taxes called Federal Insurance Contributions Act tax (FICA). လို့ ဆိုတဲ့အတွက် ဒီဋ္ဌာနကြီးဟာ အမေရိကတခွင်လုံးက အလုပ်လုပ်တဲ့လူတိုင်း ( အစိုးရ / ပုဂ္ဂလိက ) ဆီက လစာထုတ်ပေးစဉ် FICA ဥပဒေအရ အလုပ်သမားတွေနဲ့ အလုပ်ရှင်ဆီက ရတဲ့ အခွန်ငွေတွေနဲ့ လည်ပတ်နေတာ ဖြစ်ပါတယ်။ ဖက်ဒရယ် အစိုးရက Subsidise ( အရှုံးခံ ထောက်ပံ ) တာ ရှိမရှိတော့ ကျနော် သေချာ မသိပါ။ ဒီ Social Security ဌာနဟာ U.S မှာ အကြီးဆုံး လူမှုဘဝ အာမခံစနစ်ဖြစ်ပြီး ၂၀၀၃ ခုနှစ်မှာ အမေရိကန် အစိုးရ အသုံးစရိတ်ရဲ့ ၃၇% နဲ့ ပြည်တွင်းထုတ်ကုန်တန်ဖိုး ( Gross Domestic Product: GDP ) စုစုပေါင်း ရဲ့ ၇% ရှိခဲ့တယ်လို့ ဆိုပါတယ်။ အောက်ပါစာရင်းက ဒီ Social Security Administration ရဲ့ နှစ်အလိုက် အသုံးစရိတ် ဖြစ်ပါတယ်။

     ခုနှစ် -   ခံစားသူဦးရေ -  ဒေါ်လာ ..
    1937 – 53,236 –        $1,278,000
    1938 – 213,670 –       $10,478,000
    1939 – 174,839 –       $13,896,000
    1940 – 222,488 –       $35,000,000
    1950 – 3,477,243 –     $961,000,000
    1960 – 14,844,589 –   $11,245,000,000
    1970 – 26,228,629 –   $31,863,000,000
    1980 – 35,584,955 – $120,511,000,000
    1990 – 39,832,125 – $247,796,000,000
    1995 – 43,387,259 – $332,553,000,000
    1996 – 43,736,836 – $347,088,000,000
    1997 – 43,971,086 – $361,970,000,000
    1998 – 44,245,731 – $374,990,000,000
    1999 – 44,595,624 – $385,768,000,000
    2000 – 45,414,794 – $407,644,000,000
    2001 – 45,877,506 – $431,949,000,000
    2002 – 46,444,317 – $453,746,000,000
    2003 – 47,038,486 – $470,778,000,000
    2004 – 47,687,693 – $493,263,000,000
    2005 – 48,434,436 – $520,748,000,000
    2006 – 49,122,624 – $546,238,000,000
    2007 – 49,864,838 – $584,939,000,000
    2008 – 50,898,244 – $615,344,000,000

     ( အဲဒီတော့ ၂၀၀၈ ခုနှစ်မှာ Social Security benefits ခံစားသူ ဦးရေသန်း ( ၅၀ ) ကျော် ရှိပြီး၊ သုံးစွဲရငွေ ပေါင်းက ဒေါ်လာသန်းပေါင်း ၆ သိန်းကျော် ရှိခဲ့တာကို တွေ့နိုင်ပါတယ်။ ဒီ အချက်အလက်တွေနဲ့ ကိန်းဂဏန်း တွေက ဒီကနေ  http://en.wikipedia.org/wiki/Social_Security_%28United_States%29 ကိုးကားထား တာပါ။ ) အခု Website တွေကို မကိုးကားတော့ဘဲ ကျနော့် လက်တွေ့ အတွေ့အကြုံကိုပဲ အရပ်ပြော ပြောပြပါတော့မယ်။ )

SSN ( Social Security Number )

     ဒီနံပါတ်ကို ၁၂၃ - ၄၅ - ၆၇၈၉ ပုံစံနဲ့ရေးလေ့ရှိကြပြီး အမေရိကမှာ တရားဝင် နေထိုင်သူတို့ရဲ့ ဂဏန်း ( ၉ ) လုံးပါ ကိုယ်ပိုင်နံပါတ် ( သို့မဟုတ် ) မှတ်ပုံတင်နံပါတ် ဖြစ်ပါတယ်။ SSN card ရဖို့အတွက် Permanent Resident ဖြစ်ဖို့မလိုဘဲ US ကို legally ဝင်လာဖို့ပဲလိုပါတယ်။ ကျောင်းတက်ရင်၊ အလုပ်လုပ်ရင်၊ Foodstamp  ( ပြည်နယ်အစိုးရမှ ထောက်ပံ့ကျခံသော အစားအစာဝယ်ယူခွင့်ကဒ်ပြား) လျှောက်ချင်ရင်၊ medical insuarance လျှောက်ချင်ရင် ဒီ SSN နံပါတ် လိုအပ်ပါတယ်။ Mexicans တွေဟာ ထိုင်းနိုင်ငံထဲကို ကျနော်တို့ မြန်မာတွေ ခိုးဝင်သွားတတ်ကြသလို illegal migrants တွေအဖြစ်နဲ့ U.S ကို ဝင်ရောက်လာကြသူတွေ  များလို့ သူတို့မှာ ဒီနံပါတ် မရှိတတ်ကြပါဘူး။ ဒါကြောင့် သူတို့ဟာ အပေါ်မှာပြောခဲ့တဲ့ ( တရားဝင်ရောက်လာ သူတို့ရတဲ့ ) Foodstamp ရခွင့်၊ ဆေးကုသခွင့်၊ တရားဝင် အလုပ်လုပ်ပိုင်ခွင့်၊ ပညာသင်ကြားခွင့်တွေ ဆုံးရှုံးကောင်း ဆုံးရှုံးနေနိုင်ပါတယ်။ ကျနော် ဆက်စပ်တွေးကြည့်မိတာသာ ဖြစ်ပြီး သေချာမသိပါ။ သူတို့က စပိန်စကားပြောကြပြီး စပိန်ဘာသာစကားဟာ အမေရိကမှာဒုတိယရုံးသုံးဘာသာစကားတခုသဖွယ် အသုံးတွင် ကျယ်လှပါတယ်။ ၂၀၅၀ လောက်မှာ သူတို့ ဦးရေက အခု ဒုတိယအများဆုံး အမည်းလူဦးရေကို ကျော်ပြီး ဒုတိယ အများဆုံးဖြစ်လာကြလိမ့်မယ်လို့လည်းခန့်မှန်းကြာပါတယ်။ ဒီနိုင်ငံမှာ ရုံးစာတွေကိုတော့  အင်္ဂလိပ်လို ရေးပေမဲ့ ဘတ်စ်ကား၊ ရထားတွေပေါ်မှာ “ယခုရောက်မဲ့ မှတ်တိုင်က ဘာမှတ်တိုင်ဖြစ်ပါတယ်” ဆိုတာမျိုး ကိုတော့ အင်္ဂလိပ်စကား၊ စပိန်စကား ဒီနှစ်မျိုးနဲ့ကြေညာပေးတာပါ။ ကုန်ပစ္စည်း ( ဥပမာ၊ ကွန်ပြူတာ၊ တီဗီ ) တခုရဲ့ manual ကိုလည်း အင်္ဂလိပ်၊ စပိန် နှစ်ဘာသာနဲ့ ရေးပေးထားလို့ သူတို့အဖို့ အင်္ဂလိပ်စကား မတတ် လည်း အလုပ်ဖြစ်နေကြပါတယ်။ ဒါကြောင့်သူတို့ဟာ အာရှသားတွေလောက် အင်္ဂလိပ်စကား မတတ်ကြပါဘူး။

     SSN အကြောင်း ဆက်ရရင် SSN ဟာ လူတယောက်ရဲ့ သမိုင်းကြောင်းကို မှတ်တမ်းတင်ပါတယ်။ ဒါကြောင့် လူတယောက် အလုပ်မရှိလို့ unemployment benefit နဲ့ Foodstamp benefit ခံစားနေရာက အခန့်သင့်လို့အလုပ်ရသွားပြီဆိုရင် ဒီလူတယောက် အလုပ်ရသွားပြီမှန်းသူတို့သိပါတယ်။ အဲဒီတော့ အခု အလုပ်ရနေပြီမို့ ခင်ဗျားရဲ့ foodstamp benefit ကို ရပ်စဲလိုက်ပါကြောင်း ဆိုပြီးတော့ စာရောက်လာပါတယ်။ ကျနော် တခါတုန်းက ကားမောင်းသင်မယ် ဆိုပြီးတော့ $ 1800 နဲ့ အနီရောင် Ford ကားတစီး ဝယ်ဖူးပါတယ်။ အမောင်းစသင်တဲ့နေ့မှာပဲ သစ်ပင်တပင် ဝင်တိုက်မိလို့ နည်းနည်းလန့်သွားပြီး အခုထိ ကားမောင်းသင်ဖို့ ထပ် မကြိုးစားမိတော့ပါဘူး။ အဲဒီကားကိုလည်း နည်းနည်းလောက် ပြင်ပြီး ပြန်ရောင်းလိုက်ပါတယ်။ တခါသားမှာတော့ Credit Card ကုမ္ပဏီ တခုကလားမသိဘူး။ ကျနော့်ကို ဖုန်းပေါ်မှာ အင်တာဗျူတော့ “US မှာ property တခုခု ပိုင်ဆိုင်ဖူးသလား” လို့ မေးပါတယ်။ ကျနော်က “ဟင့်အင်း.. ဘာမှ မပိုင်ဖူးပါဘူး” လို့ ဖြေ လိုက်မိတော့ “ကားတစီး လောက်များ မပိုင်ဖူးဘူးလား.. အဲဒီကား အရောင်က ဘာလဲ” လို့ မေးလာပါတယ်။ အဲဒီတော့မှ ကျနော်က “ဩော်.. သတိရပြီ.. အနီရောင်ပါ” လို့ ဖြေလိုက်ရပါတယ်။ အခုထိလည်း ကျနော်က ကားပိုင်ရှင် စာရင်းပေါက်နေသေးတယ် ထင်တယ်။ တခါတရံ ကျနော့်ဆီကို “ခင်ဗျားလို ဘာပြသနာမှ မပေါ်တဲ့ ဒရိုင်ဘာကောင်း တယောက်ကို ကျုပ်တို့ ယုံတယ်” ဘာညာနဲ့ စာတွေ လာနေတတ်သေးတုန်းပါ။ ဟင်း..ဟင်း၊ ဒီမှာ သစ်ပင်ဝင်တိုက်ထားတာ သူတို့ မသိကြဘူး..း))

     ဒီလောက်အရေးကြီးတဲ့ နံပါတ်ကို ခေတ်မီလှချည်ရဲ့ဆိုတဲ့နိုင်ငံမှာ ထုတ်ပေးထားပုံက တော်တော် ချာတူး လန်ပါတယ်။ ကာယကံရှင်ရဲ့ ဓါတ်ပုံလည်း မပါဘဲ visiting card အရွယ်စက္ကူပေါ်မှာ ကိုယ့်နာမည်ကို ရိုက်ပေး ထားတာလောက်မျှသာ ဖြစ်ပါတယ်။ စက္ကူက visiting card လိုထူထူထဲထဲ၊ လှတပတကတ်ထူစက္ကူ မဟုတ်ပါဘူး။ အရည်အသွေးခပ်ညံ့ညံ့ ရိုးရိုး စက္ကူပါး လေးပါ။ ပြည်နယ်က ထုတ်ပေးတဲ့ ID အကြောင်း ပိုစ့် ( ၂ ) မှာ ရေးခဲ့ပြီးပါပြီ။ အဲဒီ State ID တွေကမှ ကိုယ့်ဓါတ်ပုံ အသားကပ်နဲ့ Bank ATM card တွေလို ပလပ်စတစ်ကဒ် တွေ ဖြစ်ပါတယ်။ State ID က ကိုယ့် ဓါတ်ပုံ ပါတာကြောင့် photo ID လို့ခေါ်ပြီး မိမိသည် ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း အကောင်းဆုံး အထောက်အထား ဖြစ်ပါတယ်။

     ကျနော် ကုလားကားလို ပေရှည်နေတာနဲ့ အဓိက ပြောချင်တဲ့အပိုင်းက အခုမှ ရောက်တော့တယ်။ ကျနော်ကတော့ "မသန်စွမ်းသူ တယောက် ဖြစ်တယ်" ဆိုတဲ့ အကြောင်းပြချက်တခုတည်းနဲ့ အမေရိကန်ပြည်ထောင်စု U.S. Treasury general funds ( ဖက်ဒရယ် အစိုးရ  ဘဏ္ဍာရေး ဝန်ကြီးဌာန ရံပုံငွေ ) ထဲက အခု ၂၀၁၂ နောက်ဆုံးနှုံးထားအရ  Supplemental Security Income ( SSI လို့ ခေါ်တယ် ) တလ $ 698 ရရှိပါတယ်။ ( ဒါက အိမ်ငှားခနဲ့ အဝတ်အစားဖိုး၊ အင်တာနက်ခ၊ ဖုန်းခ စတဲ့ အသုံးစရိတ်အတွက်ဖြစ်ပြီး၊ အစားအသောက် အတွက်ကို တော့ မိမိနေထိုင်ရာပြည်နယ် အစိုးရက Foodstamp benefit card ကလေး တခု ထုတ်ပေးထားပါတယ်။ တယောက်နဲ့တယောက် အိမ်လခ၊ လူဦးရေနဲ့ ဝင်ငွေတွေမတူလို့ ဟိုလူနဲ့ဒီလူ ရတာချင်း သိပ်မတူပါဘူး။ ကျနော်ကတော့ $ 182/ month ရပါတယ်။ ဒီငွေက နေ့တိုင်းအသားစားနိုင်လောက်အောင် လုံလုံလောက်လောက် ရှိပါ တယ်။ ဒီတော့ ကျနော် တလမှာ စုစုပေါင်း $ 698 + $ 182 = $ 880 ရတဲ့သဘောပါ။ ) ဒီ SSI အစီအစဉ်ကိုတော့ ၁၉၇၄ မှာ စတင်ခဲ့တာပါတဲ့။ ဒီငွေကို အပေါ်မှာ ပြောခဲ့တဲ့  Social Security fund ထဲက ပေးတာမဟုတ်ပေမဲ့ သူတို့က လူအားစိုက်ပြီး ကျနော်တို့ ဘဏ်စာရင်းထဲကို လစဉ် လဆန်း( ၁ ) ရက်နေ့မနက်မှာ အဲဒီငွေရောက်နေအောင် လုပ်ပေးကြပါတယ်။ ဒီနိုင်ငံမှာ အလုပ် လုပ်နေတုန်း မစွမ်းမသန် ဖြစ်တဲ့ လူတွေကတော့ Social Security Disability Benefits ခေါင်းစဉ်နဲ့ အဲဒီ Social Security Trust Fund တွေထဲက ရကြတာပါ။ သူတို့က မစွမ်းမသန်ပင်စင်သဘောမို့ ပင်စင်က ကျနော်တို့ထက် များကြမယ် လို့ ထင်မိပါတယ်။

     ကျနော်တို့ SSI စားတဲ့ အုပ်စုကတော့ အရင်က ပုဂ္ဂလိကအလုပ်ကော၊ အစိုးရအလုပ်ကော လုပ်ချင်မှလုပ်ခဲ့ဖူးမှာ ဖြစ်တဲ့ လပ်လျား လပ်လျားအုပ်စုပါ။ ပြောချင်တာက SSI အုပ်စုဟာ The group of needy people ဖြစ်ပြီး အလုပ်လုပ်ဖူးသလား ဆိုတဲ့ basis အပေါ် မှာ အခြေမခံပါဘူး။ ငါတို့ မကယ်ရင် သေဖွယ် ရှိတယ် ဆိုတဲ့ humanitarian basis နဲ့သာ ထောက်ပံ့တာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံ သား မဟုတ်တဲ့သူကို ( ၇ ) ထိပဲ ထောက်ပံ့ပါတယ်။ ဥပမာ၊ ကျနော် ဒီမှာ ၅ နှစ်ကျော်လို့လည်း နိုင်ငံသား မလျှောက်၊ မလျှောက်လို့ Citizen မဖြစ်လာသေးရင် ( ၇ ) နှစ်ကျော်ရင် လစဉ်ထောက်ပံ့နေတာကို ရပ်စဲမှာ ဖြစ်ပါတယ်။ ကျနော်တို့အုပ်စု မှာ မသန်စွမ်းသူများ၊ အသက် ၆၅ နှစ်ကျော်ပြီးသူများ ( သူတို့  သက်ကြီးဝါကြီး ပုဂ္ဂိုလ်အနေနဲ့ပဲ စဉ်းစားပါတယ်။ အလုပ်လုပ်ခဲ့ဖူးတာ၊ မလုပ်ခဲ့ဖူးတာကို ထည့် မစဉ်းစားပါ။ )၊ မျက်စိအာရုံကွယ်သူများ၊ ၁၈ နှစ်အောက် အလုပ် မလုပ် နိုင်သေးမီ အကူအညီ လိုအပ်သူများ ပါဝင်ပါတယ်။ အဲဒီလို SSI benefits ခံစား နေကြတဲ့ လူဦးရေဟာ (၈) သန်းကျော် ရှိတယ်လို့ ဆိုပါတယ်။ သူတို့အစိုးရက ဒီလောက် ကောင်းနေပါလျှက် နဲ့တောင် ဘာလို့များ US မှာ homeless, beggars တွေကိုလည်း တွေ့နေရသေးတာလဲ ဆိုတာကိုတော့ ကျနော် မရှင်းပြတတ်တော့ပါဘူး။ ဒီလူတွေက ဆေးတွေဘာတွေချပြီး SSN နဲ့ ခြေရာခံလို့ရတဲ့ အလုပ်ရာဇဝင်၊ credit ရာဇဝင် လုံးဝမကောင်းတော့တဲ့ ပြသနာ လို့ထင်မိပါတယ်။   

Beneficiaries by age
Age 65 or older -           2,051,848 persons
Between ages 18 – 64 -  4,691,651 persons
Under age 18 -              1,258,533 persons
……………………………………………………………
Total Beneficiaries:          8,002,032 persons

Year - Beneficiaries  -   Dollars
1974 -3,996,064 -  $5,096,813,000
1975 - 4,314,275 - $5,716,072,000
1980 - 4,142,017 - $7,714,640,000
1985 - 4,138,021 - $10,749,938,000
1990 - 4,817,127 - $16,132,959,000
1991 - 5,118,470 - $17,95,639,000
1992 - 5,566,189 - $21,682,410,000
1993 - 5,984,330 - $23,991,153,000
1994 - 6,295,786 - $25,291,087,000
1995 - 6,514,134 - $27,037,280,000
1996 - 6,613,718 - $28,252,474,000
1997 - 6,494,985 - $28,370,568,000
1998 - 6,566,069 - $29,408,208,000
1999 - 6,556,634 - $30,106,132,000
2000 - 6,601,686 - $30,671,699,000
2001 - 6,688,489 - $32,165,856,000
2002 - 6,787,857 - $33,718,999,000
2003 - 6,902,364 - $34,693,278,000
2004 - 6,987,845 - $36,065,358,000
2005 - 7,113,879 - $37,235,000,000
2006 - 7,235,583 - $38,889,000,000
2007 - 7,359,525 - $41,205,000,000
2008 - 7,520,501 - $43,040,000,000
2009 - 7,676,686 - $44,906,000,000

     နိဂုံးချုပ် ပြောချင်တာက ကျနော်တို့ မြန်မာပြည်မှာလည်းပဲ ချမ်းသာတဲ့ နိုင်ငံတွေမှာလောက်မဟုတ်တောင် အနည်းဆုံး တောင်းရမ်း စားသောက်နေရတဲ့ သက်ကြီးရွယ်အိုတွေ၊ မစွမ်းမသန်တွေ (  အစိုးရ ဝန်ထမ်း ဖြစ်ဖူးဖို့ မလို ) ၊ လူမယ်ကလေးတွေကို ဆန်ရေ စပါးပေါလျှံကြွယ်ဝတဲ့ ကျနော်တို့တိုင်းပြည်မှာ ထမင်းတလုတ်စားရဖို့အရေး သိပ်မခက်ခဲရ အောင် တာဝန်ရှိ သူတွေက စောင့်ရှောက်ကြစေချင်တာပါ။ ကောင်းတာ၊ သက်တောင့်သက်သာ ရှိတာ၊ နိုင်ငံသားတွေ ကို ထွေးပိုက်ကြင်နာ၊ လူလို သူလို ဆက်ဆံတာတွေ ကိုတော့ဖြင့်  သူများဆီ မှာ တွေ့ လည်း ယူသင့်တာပဲ မဟုတ်ပါလား.. ။

No comments:

Post a Comment