Thursday, April 22, 2010

ကျနော့်ရဲ့ အခြား blog တခု အကြောင်း

ကျနော် ၂၀၀၅-ခုနှစ်တုန်းက ထိုင်းနိုင်ငံမှာ ရှိနေခဲ့ပါသည်။ ထိုစဉ်က NLD က တွေ့ဆုံဆွေးနွေးရေး၊ သင်ပုန်းချေ ရေးစကားပြော နေချိန်၊ နအဖက NLD မပါဘဲ ညောင်နှစ်ပင်ညီလာခံ ကျင်းပနေချိန်၊ NCUB ကလည်း ဗမာပြည် နယ်ပါဝင်သော အမျိုးသား ပြည်နယ် ပေါင်း ၈ ပြည်နယ်+ တနင်္သာရီ + ဧရာဝတီ = စုစုပေါင်း ၁၀ပြည်နယ်ပါဝင် မည့် ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံ ဥပဒေ (မူကြမ်း) ကိုရေးနေချိန်ဟုမှတ်မိပါသည်။ ထိုအခါ NCUB ဖွဲ့စည်းပုံထဲမှ ဒါလေးလောက်တော့ အလုပ်ဖြစ်သွားအောင် လိုက်လျောနိုင်သည်ဟု ကျနော်ထင်မိသောကိစ္စများကို သာမန်လူပြိန်း မြန်မာနိုင်ငံ သားတဦးအနေဖြင့် (မည်သည့်အဖွဲ့အစည်းကိုမျှ ကိုယ်စားမပြုဘဲ) individually တစုံတရာဝင်ပြောချင်စိတ်ပေါက်လာ မိပါသည်။ ကိုယ့်နိုင်ငံရဲ့ ဖွဲ့စည်းပုံဥပဒေအကြောင်း ပြောခွင့်ရရှိဖို့ ကျနော့်မှာအဖွဲ့ အစည်းတခုရှိဖို့ လိုသလား၊ သို့မဟုတ် ကျနော် ၈၈၈၈ လူထုအုံကြွမှုအရေးတော်ပုံမှာ ကိုယ်ကျိုးစွန့်ခဲ့ဖူးသော နိုင်ငံရေးသမား တယောက်ဖြစ်ဖို့လိုသလား၊ သို့မဟုတ် နိုင်ငံရေးသိပ္ပံပညာရှင်လို scholar တဦး ဖြစ်ဖို့လိုသလား၊ ဥပဒေပညာကို တဖက်ကမ်းခတ် တတ်ပွန်ဖို့လိုသလား စသည်ဖြင့် ကိုယ့်ကိုယ်ကိုမေးကြည့်မိရာ ထိုဖွဲ့စည်းပုံဥပဒေသည် ကျနော်နှင့်အဆိုပါလူကြီးလူကောင်း တို့ အပါအဝင် မြန်မာနိုင်ငံသားတိုင်းကို အတူတူပင် ဂုတ်ခွစီးထား (သို့မဟုတ်) ကျောပိုးထားလိမ့်မည်ဖြစ်၍ ထိုကိစ္စကိုပြောခွင့်ရှိဖို့ အတွက် “မြန်မာနိုင်ငံသားတဦး ဖြစ်ဖို့ပဲလိုသည်၊ မင်းပြောချင်ရင်တော့ဝင်ပြောကြည့်ပေါ့၊ အဲ - တခုပဲရှိတယ်။ မင်းက ဘာအကောင်မှ မဟုတ်လေတော့ မင်းစကားကို ဘယ်သူကမှတော့ ဂရုတစိုက်နားထောင်ကြလိမ့်မယ် မဟုတ်ပေဘူး” ဟုအဖြေထွက်ပါသည်။

သို့နှင့် ကျနော် ထင်ရာမြင်ရာတွေကို (ရိုးသားစွာ) ပြောထားသော၊ ကျနော်တို့မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို သည်လို ရေးကြရင်မကောင်းဘူးလား ဟုအဓိပ္ပါယ်ရသော စာတမ်းတခုကို ရေးဖြစ်သွားခဲ့၏။ ကျနော့် အကျင့်က အဲသည်လိုပဲ ဖြစ်သည်။ ကိုယ်နှင့် မတန်မရာ ( တိုင်းပြည်ကို အမြစ်ကပါပြောင်းလဲပစ်နိုင်မည့်) ခပ်ကြီးကြီးကိစ္စတွေမှာမှ အထူးဝါသနာပါလှပေ၏။ လူကတော့ ဖြင့် မစွမ်းလှပေ။ ထိုစာတမ်းကို ရေးနေစဉ် အီတလီလျံ ခရီးသွားတဦးနှင့်မိတ်ဆွေဖြစ်မိသဖြင့် သူ၏ အကူအညီ ဖြင့် blog တခုလုပ်ပြီး ကျနော့်စာတမ်းကို ထို blog ပေါ် တင်ထားခဲ့ပါသည်။ ယခုတော့ ထိုစာတမ်းကို တချို့နေရာတွေမှာ ကျနော်ကိုယ်တိုင် သဘောမတူ နိုင်တော့ချေ။ သို့ပေမဲ့ ကျနော် ကွန်ပြူတာပညာညံ့လှပြီး update မလုပ်တတ်သဖြင့်၊ ထိုမိတ်ဆွေ၏ email address ကိုလည်းရှာ မတွေ့တော့သဖြင့် သည်အတိုင်းပဲ စိတ်မချမ်းမသာနှင့် ပစ်ထားရလေသည်။ တော်သေးသည်မှာ တခုလုံး( the whole)အနေနှင့်တော့ ယခုထိ လက်ခံလို့ရပါ သေးသည်။ သို့ဖြစ်ရာ ဤ blog မှာ လောလောဆယ် တင်စရာ Post မရှိဘဲဖြစ်နေစဉ်အတွင်း ကျနော်ပင် ရေးခဲ့ဖူးသော အဲသည်စာတမ်းကို သွားဖတ်လိုက ဤ လင့်ကိုနှိပ်၍ဖတ်နိုင်ကြပါသည်။ Burmese version button ကိုပထမတကြိမ် ကလစ်၊ ဒုတိယအကြိမ်မှာလည်း ကလစ် ရုံမျှကလစ်ပြီး ( save လုပ်ရန်မလို ဟုဆိုလိုသည်) မြန်မာလို အလွယ်တကူ ဖတ်နိုင်ကြပါသည်။ English versin ကိုသာ အပြည့်အစုံ ဖတ်လိုလျှင်တော့ Homepage အောက်နားက Constitution ကို ကလစ်လိုက်ရုံသာ ဖြစ်ပါသည်။ ရေးချင်စိတ်ပေါက်လွန်းလို့သာ ရေး ခဲ့ရသည်၊ ကျနော့် အင်္ဂလိပ်စာက ဆင်းရဲလှသည်ကိုတော့ ခွင့်လွှတ်ကြပါလေ။

ကျနော် ဤစာတမ်းကို စာဖတ်သူတို့အား အပျင်းပြေ ဦးနှောက်ကလေးစားရုံမျှ ဖတ်စေလိုသည့်အကြောင်းရင်း မှာ “ ဒီလိုမျိုး လေးလည်း ပါလိုက်ရင်ကောင်းမယ်ဗျ။ ဘယ်နိုင်ငံမှာဆိုရင် အဲသလိုလေး ရေးထားတယ် ” ဟု Wiki လို လူတိုင်းဝင်ရေးသွားလို့ ရသည့် Forum တခု တနေ့နေ့တော့လုပ်ချင်သေး၍ ယခုကျနော်ရေးဖူးတာကို အမြည်းပေးသည့် သဘောဖြစ်ပါသည်။ ကျနော် တယောက်ထဲတော့ သိပ်စွမ်းဆောင်နိုင်လိမ့်မည်မထင်မိပါ။ ထို့ကြောင့် ဝါသနာတူ ရဲဘော်ရဲဘက် အရှာထွက်သည့် သဘောလည်း ပါပါသည်။ ဘာဖြစ်လို့ လဲဆိုတော့ ယခု နအဖကဇွတ်အတင်း အတည်ပြုထားသော၂၀၀၈ နာဂစ်ဖွဲ့စည်းပုံမှာ ယင်း၏ နိုင့်ထက် စီးနင်း၊ တဖက်စောင်းနင်း နိုင်မှုကြောင့် မကြာမီ ပျက်စီးသွားရလိမ့်မည်မှာ မလွဲပေ။ လူ့သမိုင်းသည် လူတို့၏ “ပိုမိုကောင်းမွန် သာယာစွာ၊ ဂုဏ်သိက္ခာရှိစွာနေလိုသော emotion (စိတ်ခံစားမှု)” ဖြင့်သာလျှင် အဆင့်ဆင့် ပြောင်းလဲလာခဲ့ သည်ဟု ကျနော် အယူရှိပါသည်။ (စကားချပ်အနေဖြင့်ပြောရလျှင် ကာလ်းမက်စ် သည် လူတို့၏ရင်ထဲက သမိုင်းကိုပြောင်းပစ်နိုင်သော emotion ကို အထင်သေးခဲ့သဖြင့် သူ့ Communism မအောင်မြင်တာဟု ထင်ပါသည်။ တရုတ်၊ ဗီယက်နမ်တို့မှာတော့ Communism အောင်မြင်နေသားပဲဟု တစုံတယောက်က ပြောလာခဲ့လျှင် သူတို့အရင်းရှင်တွေဖြစ်လာတဲ့နေ့ကစပြီး အောင်မြင်လာကြတာပါ၊ ဒါကြောင့် တရုတ်နှင့်ဗီယက်နမ်သည် Communism ၏အောင်မြင်မှုမဟုတ်၊ Capitalism ၏အောင်မြင်မှုသာဖြစ်သည်ဟု ပြောချင်ပါသည်။) စောစောက စကားပြန်ဆက်ရလျှင် ပြည်သူလူထုတရပ်လုံးက “ဒါမတရားဘူး” ဟုခံစားရသော မည်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေမျှ တာရှည်ခံလိမ့်မည်မဟုတ်ပါ။ ပြန်ပြင်ရေးကြရဦးမည်သာဖြစ်ပါသည်။ ထို့ကြောင့် နောက်ရေးမည့် ဖွဲ့စည်းပုံတွင် ဘာတွေပါစေပြီး၊ ဘယ်လိုရေးကြမလဲဟု ပြောဆိုဆွေးနွေးသောကိစ္စသည် အရူးထသော၊ ကြောင်ရေချိုးသောကိစ္စ မဟုတ်၊ အချည်းနှီးမဖြစ်ဟု ယူဆပါသည်။

ကျနော် တွေ့မိသလောက် အမေရိကန်နိုင်ငံသား တွေက သူတို့၏ ဖွဲ့စည်းပုံဥပဒေကို ချစ်လည်းချစ်၊အားလည်း အားကိုးကြ လေသည်။ ထို့ကြောင့်သူတို့နိုင်ငံမှာ “ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေး..ဒို့အရေး” ဆိုသည့် နိုင်ငံအနှံ့လူထု အုံကြွမှုမျိုး ပေါ်လာစရာ အကြောင်းမရှိချေ။ ကျနော်တို့ဆီမှာကတော့ အဲသည်လိုအရေးအခင်း တခု မြေကြီးလက်ခတ်မလွဲ၊ ပေါ်ကိုပေါ်လာ လိမ့်ဦးမည်။ ကျနော်အဖို့မူ ၂၀၀၈ နအဖဖွဲ့စည်းပုံကိုဖျက်ပြီးလျင် ဘယ်လိုဟာမျိုးနှင့်သွားကြမည်နည်း ဟူသောအတွေးကိုတွေး ဖြစ်နေလျှင်၊ ပြောဆိုဆွေးနွေးဖြစ်လျှင် အနည်းဆုံး ကိုယ့်ကိုယ်ကိုယ် NGO ဆန်ဆန် ပရဟိတကုသိုလ်ကောင်းမှုတခုလုပ်နေ သလို၊ မြန်မာပြည်သူ တရပ်လုံးကိုမေတ္တာပို့နေရလို ခံစားရပါသည်။ ခင်ဗျားတို့လည်း အတူတူသာရှိချေမည်ဟု ကျနော်ယုံကြည် လေသည်။

( မှတ်ချက်။ ။ နောက်ဆုံး ပုဒ်မ ၁၁၅ ကား ကျနော့်ကို နအဖလူမို့ သည်စကားပြောထွက်သလားဟုပင်ေ-ာက် မြင်ကပ်ခံရ စေသောပုဒ်မတည်း။ ဒါပေမဲ့ ကျနော်ကား ဒီမိုကရေစီအစစ်သာရမည်ဆိုလျှင် ထိုဒီမိုကရေစီအစစ်ကို ထိုမျှသောနစ်နာမှုတန်ဖိုးဖြင့် ဝယ်ယူထိုက်သည်ဟု အဲသည်တုန်းကရော၊ ယခုအချိန်ထိပါ ထင်နေတုန်းဖြစ်သဖြင့် ရိုးသားစွာရေးခဲ့ခြင်း ဖြစ်ပါကြောင်း။)

Friday, April 16, 2010

တွေ့ဆုံခြင်း

ကိုနေမင်း နှင့် လမင်းငယ်တို့ Shangri-La Hotel ဧည့်ခန်းမထဲသို့ ညနေ ၆ နာရီထိုးဖို့ ၅ မိနစ် အလိုတွင် ဝင် ရောက်သွားချိန်၌ dinner suit အကျအန ဝတ်ဆင်ထားသော အရှေ့တိုင်းသား လူကြီးတဦးနှင့် သူ့ဘေးနားမှာ လမင်းငယ် တို့အရွယ်လောက်သာ ရှိမည်ဟုထင်ရသော အဖြူမလေးတယောက်တို့ ဧည့်ခန်းမထဲမှာ ယှဉ်တွဲလျက် ထိုင်နေကြသည်ကို ပထမဆုံး တွေ့ရသည်။ ဒါ ဦးတို့လင်မယားနှင့်တူပါရဲ့ဟု လမင်းငယ်တွေးနေမိစဉ်မှာပင် ဦးကလည်း ဒါ လမင်းငယ်တို့ လင်မယားထင်ပါရဲ့ဟု တွေးမိဟန်ဖြင့် အဖြူမလေး၏ပခုံးတဖက်ကိုအားပြုလျက် နှစ်ယောက်စလုံး မတ်တပ်ရပ်လိုက်ကြသည်။ ထို့နောက် လမင်းငယ်တို့ဝင်လာနေ သည့်ဖက်ကို သူတို့တဖြည်းဖြည်း လျှောက်လာနေကြ၏။ လမင်းငယ်ကတော့ အဖြူမလေး၏ ပခုံးပေါ်မှာ လက်တဖက် တင်လျှက် အနည်းငယ် ထော့နဲ့ ထော့နဲ့နှင့် လမ်းလျှောက် လာနေပုံကို မြင်ရကတည်းက သည်လူကြီးဟာ ဦးပဲဖြစ်ရမည်ဟု ထင်လိုက်ပြီ။ ( အင်း .. ဦးဆီက ဓါတ်ပုံ တပုံ လောက် မတောင်းထားခဲ့တာ နာတာပဲ။) သို့သော် အတိအလင်း မသေချာသေး၍ ရဲရဲ မပြုံးပြရဲသေး။ သူတို့ သူမတို့အနား ရောက်လာတော့ ဦးက အရင်ဆုံး အင်္ဂလိပ်လိုမေးလာသည်။

“ So, are you Ko Nay Min and Ma La Min Nge?”

“ Yes, we are. Uncle က ဦးကျော်စွာ ပါလားရှင့် ”

ဟု လမင်းငယ်က အင်္ဂလိပ်တဝက်၊ မြန်မာတဝက်နှင့် အလျင်စလိုဖြေမိသည်။ သည် ဦးက online ပေါ်မှာသာ ဦးလေးအရင်းအချာ၊ မိတ်ဆွေအရင်းအချာတွေလို ကာလကြာရှည်စွာခင်မင်နေခဲ့ကြပြီး လမင်းငယ်နှင့် အပြင်မှာတခါမှမဆုံဖူး သေးသောဦးဖြစ်ပါသည်။ ဦးက-

“ဟုတ်တယ်သမီး။ ခုလိုတွေ့ရတာ ဝမ်းသာလိုက်တာသမီးရယ်။ ကိုနေမင်းနဲ့ လည်းတွေ့ရတာ အရမ်းကို ဝမ်းသာ ပါတယ်ဗျာ။ (သူ့ကိုလက်ဆွဲနှုတ်ဆက်ရင်း) ကျနော်ကျော်စွာပါ။ Very nice to meet both of you. Cathy, this is Ko Nay Min, and she is La Min Nge. You know Nay Min means the sun, and La Min Nge means the little moon in Burmese. So, they are the couple of the sun and the moon. How beautiful their combination is! And this is my wife, Cathy. Her first name is Catherine. We warmly welcome you.”

ဟု သူ့ဇနီးပါနားလည်အောင် အင်္ဂလိပ်လိုရောစွက်၍ပြောသည်။ Cathy ကလည်း ပထမဦးစွာ လမင်းငယ်ကို လက်ဆွဲ နှုတ်ဆက်ရင်း -

“Very nice to meet you, honey. Oh, you are so cute, and I love you at first sight.”

ဟု လှိုက်လှဲနွေးထွေးသော hugတခုနှင့်အတူ ရယ်ရယ်မောမော ပြောဆိုလာသောအခါ လမင်းငယ်၏ စိတ်ထဲတွင် မိတ်ဟောင်းဆွေဟောင်းတယောက်နှင့် လာတွေ့နေရသလို ဦးရဲ့ဇနီးကို ချက်ချင်း ခင်မင်သွားမိလေသည်။

“I love you, too, Ma’am. It's very nice to meet you.” ဟုလမင်းငယ် စိတ်ပါလက်ပါ ပြန်ပြောမိ သည်။

ကိုနေမင်းနှင့် Cathy တို့ လက်ဆွဲနှုတ်ဆက်ရင်း အချင်းချင်း “Nice to meet you.” လုပ်နေကြ ချိန်တွင် ဦးက ကလေးတယောက်လို မဝံ့မရဲဖြစ်နေပုံဖြင့် -

“ ကဲ.. သမီး၊ ဦးတို့ကော လက်ဆွဲနှုတ်ဆက်ကြမလား။ သမီးအဆင်မပြေရင်တော့ ကိစ္စမရှိပါဘူး”

“ ဟာ.. ရပါတယ် uncle ။ ဦးနဲ့ခုလိုတွေ့ရတာ အရမ်းဝမ်းသာမိပါတယ်”

“ဦးလည်း အဲလိုပါပဲသမီးရယ်။ ကဲ..dinner room ဖက်သွားကြရအောင်နော်”

ထို့နောက် သူမတို့ညစာစားခန်းဖက်သို့ နေရာရွှေ့ကြသည်။ Seafood များဖြင့် ဦးတို့တည်ခင်း သောညစာ စားပွဲအပြီး တွင်ကား Cathy နှင့် လမင်းငယ်တို့ တော်တော်အဖွဲ့ကျပြီးသူမတို့ချင်း girl talk တွေပင် ပြောနေခဲ့ကြပြီ။ ကိုနေမင်းနှင့် ဦးကျော်စွာတို့ကတဖွဲ့ ဖြစ်သွားသည်။ လမင်းငယ်က -

“Uncle အရမ်းကံကောင်းတာပဲ။ Uncle ဇနီးက အရမ်းချစ်ဖို့ကောင်းတယ်။ သူ့ရုပ်ကလေးနဲ့ သူ့ စိတ်ကလေးနဲ့ တထပ်တည်းပဲ”

“သမီးလေးကလည်း ချစ်ဖို့ကောင်းတာပါပဲကွယ်။ ဒီတော့ကိုနေမင်းလည်း သမီးလိုမိန်းကလေးမျိုး ရတာကံကောင်းတာပေါ့။ သမီးကလည်း ကိုနေမင်းလိုယောက်ျာမျိုးရတာ ကံကောင်းတာပဲ။ ဦးလည်း တကယ်တော့ မြန်မာမိန်းကလေးတယောက်ကို လက်ထပ်ယူချင်ခဲ့တာပါ။ ဒါပေမဲ့ ကိုနေမင်းရေ..။ သိတယ်မဟုတ်လား။ ကျနော်တို့ မြန်မာမိန်းကလေးတွေက ကျနော် ခြေတုစီး ရတဲ့လူတယောက်မှန်းသိသွားတာနဲ့ ကျနော်နဲ့သိပ်မခင်ချင်ကြတော့ဘူးဗျ။ ကျနော်နဲ့ ရိုးရိုးမိတ်ဆွေအနေနဲ့လည်း မခင်ချင်တဲ့ အကြောင်း သူတို့ပြတတ်သလိုပြကြတာပေါ့ဗျာ။ ကျနော် အစတုန်းကတော့ ရော်..ငါဘာမှလည်း မလုပ်ရသေးဘဲနဲ့ သူတို့ပြေး ကုန်ကြပါရော့လားဆိုပြီး discriminate လုပ်ခံရသလိုလို၊ သူတို့ကို အပြစ်တင်ချင်သလိုလို၊ ကျနော့်ဖာသာကျနော်ပဲ ကြေကွဲမိ သလိုလို ဖြစ်တာပေါ့ဗျာ။ နောက်တော့ ဩော်..ငါ မြန်မာအလိုအရဆိုရင် အသက်လည်းကြီးပြီ၊ ခုမှတော့ ပျော်ရွှင်ဖွယ်မိသားစုဘဝ ဆိုတာတွေဘာတွေ လုပ်မနေနဲ့တော့၊ ရမှာလည်းမဟုတ်ဘူး၊ ဟေ့ကောင်.. မင်း တရားသာထိုင် ပေတော့ ဆိုပြီးတော့ တရားတွေ ဘာတွေ ထိုင်ကြည့်တာပေါ့လေ။ ဟဲ..ဟဲ။”

“ တရားတွေထိုင်တော့လည်း မိန်းမကလိုချင်နေသေးတုန်းပဲလား uncle ”

လမင်းငယ်က စိတ်ရွှင်လန်းနေသဖြင့် ဦးကိုနောက်မိသည်။ ဦးကလည်း ရယ်မြူးစွာနှင့် -

“ ဟား ဟား၊ အမှန်ပဲ။ လိုချင်နေသေးတုန်းပဲ။ တကယ်တော့ ယောက်ျား တယောက် ဟာ gay လည်းမဟုတ်ဘူး၊ မိန်းမလည်း မရှိသေးဘူး ဆိုရင်တော့ ဘယ်အသက် အရွယ်ပဲ ရောက်နေရောက်နေ၊ ကိုယ့် social status က ဘာကြီးပဲ ဖြစ်နေဖြစ်နေ မိန်းမတယောက်တော့ လိုချင်သေးတာပဲ။ ဒီလိုပြောတော့ နဲနဲကြမ်း နေမယ်ထင်တယ်။ ဦးကလိုရင်းကို ဒဲ့ပြောလိုက်တာ။ တကယ်တော့ မိန်းမဆိုရင်ပြီးရော၊ ဘယ်လိုမိန်းမမျိုးမဆိုယူမှာပဲဆိုပြီး စိတ်ကြမ်းကိုယ်ကြမ်းကြီးနဲ့ မိန်းမအငမ်းမရလိုချင်နေတာတော့ မဟုတ်ဘူးပေါ့။ မိန်းမတယောက်ဆီက မိခင်ဆန်တဲ့ကြင်နာမှု၊ သံယောဇဉ်နှောင်ဖွဲ့မှု၊ ပြီးတော့ မိသားစုဘဝတခု၊ အဲဒါတွေကို တောင့်တမိတာလို့ ပြောရမယ်။ ဒါ sexual desire မဟုတ်လောက်ဘူး။ longing for a human life ပဲဖြစ်မယ်ထင်တယ်။ ဒါပေမဲ့ ဦးကတော့ ဦးလိုချင်တောင့်တမိတာတွေ ရမှာမဟုတ်တော့ပါဘူးလေဆိုပြီးတော့ စိတ်ဒုန်းဒုန်းချထားခဲ့ တာပေါ့လေ။ အဲဒီအချိန်မှာသူနဲ့စတွေ့တာပဲ။ တရက် ဦးက အိမ်နဲ့ ခပ်လှမ်းလှမ်းက store တခုကနေ ချိုင်းထောက်လေးနဲ့ စားစရာတွေ ဝယ်ပြီး ပြန်အလာမှာ သူကဦးမနိုင်မနင်းဖြစ်နေတာကို နောက်ကနေမြင်ပြီးသနားသွားတယ်နဲ့တူတယ်။ ကားထိုးရပ်ပြီး “(Do) you need a ride?” လို့ မေးလာတယ်။”

“ဒီတော့ ဦးကလည်းလိုပါတယ်ပေါ့။ ဒီလိုနဲ့ သူကဦးအိမ်ထိလိုက်ပို့ပေးတယ်။ နည်းနည်းလေးတာတွေကို ရှင်မသယ်နဲ့၊ ကျမသယ်ပေးမယ် ဆိုပြီးအိမ်ထဲထိကူသယ်ပေးတယ်။ ပစ္စည်းတွေကို ရေခဲသေတ္တာထဲ ထည့်ပေးတဲ့အထိပါပဲ။ ပြီးတော့ ဦးစားကြွင်း စားကျန်တွေနဲ့မသပ်မရပ်ဖြစ်နေတာ မြင်သွားလို့ အဲဒါတွေနဲ့ ဦးအိမ်ကရေချိုးခန်းကိုပါ ဝင်ဆေးကြောပေးသွားသေးတာ။ နောက် သူပြောတာက ရှင် ကျမကိုကတိတခုပေးတဲ့။ ဈေးဝယ်ချင်ရင် ကိုယ့်ဖာသာကိုယ်ထွက်မဝယ်နဲ့၊ သူ့ဆီကိုဖုန်းဆက်ပါတဲ့။ ဦး အဲဒီနေ့ ကတွေးမိတယ်။ အဘဦးသုခကရေးဖူးတယ်တဲ့။ မေတ္တာသုတ်ဟာရွတ်နေဖို့မဟုတ်ဘူး။ ကျင့်ဖို့တဲ့။ ဒီ ဘာသာခြားမိန်းကလေးက သူ့ရင်၌ဖြစ်သောသားကို ချစ်ခင်သကဲ့သို့ ငါ့အပေါ်ဖြူဖြူစင်စင် မေတ္တာထားရှာတာပါလားလို့”

“ အဲဒီလိုနဲ့ ကြိုက်သွားကြတာလား Uncle”

“အင်း.. ဒါပေမဲ့ ဦးက သူ့ကိုကျေးဇူးတင်တဲ့စိတ်ကကြီးနေတော့ သူစိတ် အနှောက်အယှက်ဖြစ်မှာစိုးတာနဲ့ မြန်မာလိုပဲတွေးပြီး သူ့ကို ချစ်စကားကြိုက်စကား ဘာမှမပြောရဲဘူးလေ။ အဲဒါနဲ့ တရက်နေ့ကျတော့ သူ့သူငယ်ချင်းမိန်းကလေး တယောက်ကိုသူက “ဒါ ငါ့ boyfriend ပဲ” လို့ ဦးနဲ့မိတ်ဆက်ပေးတယ်။ ဦးလည်း ကွယ်ရာရောက်တော့မှ ငါတို့က ဟုတ်လည်းမဟုတ်ဘဲနဲ့၊ မင်းဘာဖြစ်လို့ အဲလိုပြောလိုက်ရတာလဲလို့ ပြောတာပေါ့။ သူက “because I love you, and I know you love me, too. Don’t you think you need a mate for your future?” တဲ့။ ကဲ..ဒီလိုဆိုလည်း ကောင်းပါလေ့ ကလေးမရေ.. ဆိုပြီးယူဖြစ်ကြတာပဲ။ သူက အဲဒီတုန်းက Graduate School တက်နေတော့ သူ Master ပြီးတဲ့ထိတော့ စောင့်ရတာပေါ့လေ။ ဟား..ဟား”

“ သူ့မိဘတွေကကော ကန့်ကွက်ကြသေးလား Uncle”

“ဦးအဲဒါပြောချင်လို့ ဒီအကြောင်းတွေကိုပြောနေတာ။ သိပ်အံ့ဩစရာကောင်းတယ်။ သူတို့ လုံးဝမကန့်ကွက် ကြဘူး။ သူတို့ယဉ်ကျေးမှုက တခုတော့ကောင်းတယ်။ အသက် ၂၁ နှစ်ကျော် သွားရင် မိဘဆိုတာ သားသမီးက တခုခုလုပ်တော့မယ်ဆိုရင် အသိပေးရုံ အရင်းနှီးဆုံးမိတ်ဆွေအဆင့် မှာပဲရှိတော့တယ်။ သူတို့ရဲ့ ခွင့်ပြုချက် မလိုအပ်တော့ဘူး။ သူတို့ အနောက်ကမိဘတွေက မြန်မာမိဘတွေလောက် သားသမီးအပေါ် demanding မဖြစ်ကြ ဘူးလို့ ဦးထင်တယ်။ ဒါကတပိုင်း။ အခု သူ့မိဘတွေကကျတော့ သူတို့ရဲ့သမီးက လူသာမန်တို့ပြုနိုင်ခဲသောအမှုကို ပြုပေတယ် ဆိုပြီးတော့ ဝမ်းတောင်သာနေကြပုံပဲ။ သူတို့က သူတို့သမီးကို အရမ်းယုံကြည်မှုရှိကြတယ်။ သူတို့သမီးက ရွေးချယ်ထားတဲ့လူဆိုတော့ သူတို့သမီး မမှားနိုင်ဘူး၊ ဦးဟာ လူကောင်းတယောက် လောက်တော့ဖြစ်လိမ့်မယ်လို့သူတို့ယုံကြည်ကြတယ်။ အခုသူက ဦးနဲ့ရပြီးမှ ဗုဒ္ဓဘာသာကိုပြောင်းကိုးကွယ်တယ်။ သူ့မိဘတွေကလည်း ဗုဒ္ဓဘာသာကို နဂိုကတည်းက impress ဖြစ်ကြတော့ ဒါနဲ့ပတ်သက်ပြီး သူတို့ဘာမှ စိတ်အနှောက်အယှက်မဖြစ်ကြပါဘူး။ ဒါနဲ့ပဲ ဦးကလည်း ဒီမိန်းမကိုရော ယောက္ခမတွေကိုရော အရမ်းချစ်နေရတာပဲ။ Cathy, I’m telling them our story.”

“Yes, I know, honey. And I understand your Burmese words “အရမ်းချစ်နေရတာ”. He was very shy, so I had to propose him.”

ဟု ဦးရဲ့ဇနီးချောလေးက ရယ်ရယ်မောမောနှင့်ဖြည့်စွက်ပေးပါသည်။

အခု သည်ကအပြန်မှာ ဦးတို့ဇနီးမောင်နှံ ဗုဒ္ဓဂါယာဘုရားဖူး သွားကြ မလို့ဟုသိရသည်။ ဒါကလည်း Cathy ကပူဆာ လို့ပါတဲ့။ သည်ည ညစာစားပြီး ပြန်အလာတွင် အမေရိကန်တွေကို materialists တွေဟု အစဉ်အလာအရစွဲကပ်နေခဲ့သော အမြင်တခုနှင့် သိပ်အသုံးကျ လှပုံ မရသော်လည်းကာလကြာရှည်စွာ ကိုယ်တိုင်လိုက်နာနေခဲ့မိသည့် အာရှဆန်မှုတခုလမင်းငယ်ထံမှ ကျပျောက်သွားခဲ့လေသည်။ အပြန်လမ်းတွင် ကိုနေမင်းက လမင်းငယ်ကို ချစ်ရည်ရွှန်းလဲ့စွာဖြင့် ကြည့်ရင်း မေးခွန်းတခုမေးလာ ခဲ့သည်။

“Cathy က ခင်ချင်စရာကောင်းတယ်နော်။ တကယ့်အဖြူထည်လေးဖြစ်ရင်းပဲ intelligent လည်း ဖြစ်သေးတာ။ ညီမကောကိုယ်သာ ညီမနဲ့စတွေ့ခဲ့တုန်းက ဦးကျော်စွာလို ဖြစ်နေခဲ့ရင် ကိုယ့်ကိုချစ်ဖို့သတ္တိရှိခဲ့ပါ့မလား”

“မှန်တာပြောရရင်တော့ သတ္တိရှိခဲ့မှာမဟုတ်ဘူးမောင်။ မောင်ကသန်သန်မာမာ၊ ရုပ်ကလေးကလည်း အားကိုးလောက်စရာ မို့သာ မောင့်ကိုချစ်ခဲ့တာပါ။ မောင့်ကို ကျမရွေးချယ်ခဲ့တာမှာ နှလုံးသားနဲ့သာမက ဦးနှောက်လည်း အသုံးပြုခဲ့ပါတယ်။ ဒါပေမဲ့ Cathy ကလည်း ဦးကို ဦးနှောက်နဲ့ပဲ ရွေးချယ်ခဲ့တာလို့ထင်တယ်။ ဒါပေမဲ့ ကျမက ကိုယ့်ရဲ့ဘဝနောင်ရေးအတွက်ပဲ စဉ်းစား ခဲ့တာ။ Cathyက ဦးရဲ့ဘဝ နောင်ရေးအတွက် သူ့ဦးနှောက်နဲ့စဉ်းစားပေးခဲ့တာ။ အခု ဦးတို့ဇနီးမောင်နှံနဲ့ တွေ့ပြီးတဲ့နောက် ကျမဆီမှာရှိနေတဲ့ open mind မျိုးနဲ့ဆိုရင်တော့ မောင် ဦးလို ဖြစ်နေလည်း မောင့်ကိုချစ်ခဲ့မှာပါပဲ။ မောင်က ရှက်နေသေး ရင်တောင် ရည်းစားစကားလိုက်ပြောလိုက်မှာဗျ၊ သိလား။ ကျမ ဦးတို့ လင်မယားကို ကြည့်ပြီး အရမ်းကြည်နူးမိတယ် မောင်ရယ်”

ဟုဖြေကာ လမင်းငယ်သည် ခင်ပွန်းသည်၏ လက်မောင်းကို အားကိုးတကြီးနှင့် မြတ်နိုး ကြည်ညိုစွာ တွဲခိုထားလိုက်မိတော့သည်။

(စာကြွင်း။ ။ သူတပါး၏ယဉ်ကျေးမှုကို အသားလွတ်အထင်ကြီးနေလျှင် ခပ်ညံ့ညံ့ပုဂ္ဂိုလ်ဟု ကျနော်ထင်တတ်ပါသည်။ သူတပါး၏ ယဉ်ကျေးမှုကို အသားလွတ်မုန်းတီးနေလျှင်လည်း ခပ်တုံးတုံးပုဂ္ဂိုလ် ဟု ထင်ပြန်ပါသည်။ လူသားဆန်သောအမူအကျင့်များကိုမူ သူပိုင်လည်းမဟုတ်၊ ကိုယ်ပိုင်လည်း မဟုတ်၊လူသားတိုင်းပိုင်ဆိုင်သည်ဟုထင်ပါသည်။ ကျနော်ယခုတလော လွှင့်ပစ်လိုက်ရလို့လည်းဘာမျှ နှမြောစရာမရှိ(ဟု ကိုယ့်ဖာသာထင်)သော မြန်မာ့အစဉ်အလာ အမူအကျင့်တချို့ အကြောင်းကို တွေးနေမိ၊ ပြောချင်နေမိရာ ဆောင်းပါး ရေးပြီးပြောလျှင် လူတွေကို ဆရာကြီးလုပ်သလို ဖြစ်သွားနိုင်သဖြင့် ကျနော်ပြောချင်သောတစုံတရာကို ပြောနိုင်ရန် event တခုကို စိတ်ကူးယာဉ် ပြီးဖန်တီးထားခြင်းသာ ဖြစ်ပါ သည်။ ဖြစ်ရပ်မှန်မဟုတ်ပါ။ တိုက်ဆိုင်မှုများရှိပါက ခွင့်လွှတ်ကြပါကုန်။)

Monday, April 12, 2010

ဘလော်ဂါလုပ်လိုသည့်အကြောင်းရင်း

ကျနော့်အသက်ကသမ္မတဘားရက်အိုဘားမားတို့၊ကိုမင်းကိုနိုင်တို့ အသက်နီးပါးရှိလေပြီ။ သို့ရာတွင် သူတို့လို ကိုယ့်တိုင်းပြည် ကောင်းရာကောင်းကျိုးကိစ္စများမှာကျနော် ယခုအချိန်ထိဘာတခုမျှမပါဝင်၊ မလုပ်ဆောင်ဖူးသေးချေ။ သူတို့လိုအံ့ချီးဖွယ်ကောင်းစွာ နိုင်ငံတခု၊ လူ့အဖွဲ့အစည်း၏ယဉ်ကျေးမှုတခုကို ဇွဲသန်သန်နှင့်တည်ဆောက်ရသည့်ကိစ္စမျိုးများမှာ တိုက်ရိုက်ပါဝင်လုပ်ဆောင်ဖူး ဖို့မဆိုထားဘိ၊ ကိုယ်နေထိုင် သည့်လူ့အဖွဲအစည်းကို သွယ်ဝိုက်စွာဖြင့်အကျိုးပြုရာရောက်သည့်အလုပ်မျိုးပင်ကျနော်မလုပ်ခဲ့ဖူးသေး။ သည်အတွက်ကျနော့်မှာလောကကိုဆပ်စရာအကြွေးတခုတင်ကျန်နေသေးသလိုအမြဲခံစားရသည်။ တမင်ကြီးကြီးကျယ်ကျယ်ပြောနေတာမဟုတ်ပါ။ ဆိုလိုသည်မှာ ကျနော်ပရဟိတစိတ်ကြီးမားလွန်းလို့ မဟုတ်ဘဲမိမိ၏၏အတ္တစိတ်အရပင် လူဖြစ်လာပြီး တသက်ပတ်လုံးကိုယ့်ထမင်းကိုယ်အလုအယက်၊ အငမ်းမရ ရှာဖွေစားသောက်ရင်းနှင့်သာအချိန်တန်တော့သေသွားရမည်ဆိုလျှင် သိပ်မနိပ်လှဟု ထင်ခြင်းသာ ဖြစ်လေ သည်။ သည်လိုသာဆို အသိဥာဏ်နှင့်ခံစားမှုအဆင့်အတန်းမြင့်တဲ့ “လူ” လာဖြစ်ရတာဘာအဓိပ္ပါယ်ရှိ တော့ သတုန်းဟုတွေးမိကာစိတ်ထဲမှာသိပ်မကျေနပ်မိခြင်း ဖြစ်၏။ ထို့ကြောင့်ဂုဏ်သိက္ခာရှိသောနိုင်ငံသား (သို့မဟုတ်) ဂုဏ်သိက္ခာရှိသော လူသားတဦးကလုပ်လေမည့် လူ့အဖွဲ့အစည်းအတွက် “ကောင်းကျိုးပေး သောအလုပ်” တခုကိုပါဝင်ကာလုပ်ချင်နေမိလေသည်။အခြား သူတွေကိုဆရာကြီးလုပ်လိုသည့်ရည်ရွယ်ရင်းနှင့် မဟုတ်ဘဲ ကျနော်တို့ဘယ်လောက်လုပ်လျှင် ဂုဏ်အသရေရှိသောနိုင်ငံသား (သို့မဟုတ်)ဂုဏ်အသရေရှိ သောလူသားတွေဖြစ်ကြမလဲဟုကိုယ့်ဖာသာစဉ်းစားကြည့်မိသမျှကို နောင်အခါမိတ်ဆွေတို့နှင့်မျှဝေ ဆွေးနွေး ချင်ပါသေးသည်။ သည်နေ့တော့ ကွန်ပြူတာအခြေခံမရှိဘဲ Google အားကိုးနှင့် blog တခုလုပ်ထားသော ကျနော့် အနေဖြင့် ထရံမကပ်ရသေးသောတဲအိမ်လေးတလုံးနှင့်တူနေသည့်ကိုယ့် blog ကိုကိုယ်ကြည့်ပြီး စိတ်အတန်ငယ်ပိန်နေသဖြင့် ခပ်ကြီးကြီကိစ္စတွေမဆွေးနွေးချင်သေးပေ။ နောင်အခါဆွေးနွေးချင်ပါသည်ဟု ပြောထားလိုရင်းသာဖြစ်ပါသည်။ အားလုံးကျနော်နှင့် တသဘောတည်းရှိကြလိမ့်မည်ဟုကား မမျှော်လင့်မိပေ။

ထိုင်းပြည့်တန်ဆာတွေကတောင် နိုင်ငံသားတာဝန်ကျေကြပါပေသည်။

လူတယောက်စွမ်းသလောက်ကိုအခြားသူတယောက်ကထပ်တူစွမ်းလိမ့်မည်မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ၊ လူတယောက်က ကိုယ် လုပ်တတ်သလိုလုပ်လိုက်သောအပြုအမူတရပ်သည် မိမိကထိုသို့ရည်ရွယ်ရင်းမရှိ သည့်တိုင်မိမိနေထိုင်ရာလူ့အဖွဲ့အစည်း (ဝါ)မိမိနိုင်ငံကို တနည်းနည်းဖြင့်သွယ်ဝိုက်စွာ ကောင်းရာ ကောင်းကျိုး ဖြစ်စေပါက ထိုသူသည်နိုင်ငံသားတာဝန်ကျေရာရောက်သည်ဖြစ်ပါမူ ထိုင်းနိုင်ငံကပြည့်တန်ဆာမ တွေပင် နိုင်ငံသားတာဝန်ကျေကြပေသည်ဟု ပြောနိုင်လေသည်။ ကြုံလို့ပြောရဦးမည်။ ကျနော်သည် ဘဝ တကွေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင် (ဇင်းမယ်) မြို့ ညဈေး၌ လမ်းဘေးမှာဗေဒင်ဟောစားဖူးလေသည်။ ကျနော် ဗေဒင်သိပ်တတ်လှတာတော့မဟုတ်။ ဗေဒင်ကိုယုံလှတာလည်းမဟုတ်။ သို့သော်ဝမ်းရေးဖြေရှင်းဖို့ကြုံလာ သောအခါမြန်မာ့ရိုးရာမဟာဘုတ်၊ သုံးတန်ပေါ် နိစ်လောက်တတ်တာလေးနှင့် ဝင်ကြဲရလေသည်။ ကျနော့် ပစ်မှတ်ဖောက်သည်များမှာ နိုင်ငံခြားခရီးသွားများဖြစ်ပါသည်။ (အံမယ်၊ ဝင်ငွေကမဆိုးလှချေ။ ကျနော် ပထမ နေ့တွင် လူအသွားအလာများသောလမ်းဘေးမှာထိုင်ခုံလေး၂လုံးချပြီး၊ မိမိ လည်ပင်းမှာ Mr. Fortune teller; Charge of Service: Up to You! ဟူသော စာတမ်းချိတ်လျက်ထိုင်နေလိုက်ရာ အမျိုးသမီး ၂ဦးအပျော်တမ်း ဝင်မေးကြသဖြင့် ( တယောက်ဘတ်၂၀၀ စီ) ဘတ် ၄၀၀ ရရှိလေသည်။ ဒုတိယနေ့ တွင် ဘတ် ၈၀၀ နှင့် တနေ့သ၌ ဟောစာတမ်းတခုရေးပေးရသဖြင့် အများဆုံးဘတ် ၂၀၀၀ ထိရဖူးလေသည်။ ၂လခန့်ဟောပြီး နောက်မိုးရာသီကျလာ၍ ဆက်မဟောဖြစ်တော့ပေ။) ထိုစဉ်ကနိုင်ငံခြားခရီးသွားတွေက နေ့စားပုတ်ပြတ်နှင့် ငှားထားပုံရသော ထိုင်းပြည့်တန်ဆာမတွေကို မျက်စိရှေ့မှာ အမြဲတစေမြင်နေခဲ့ရလေသည်။ တရက် သူမတို့ အကြောင်းကျနော်တွေးနေခဲ့မိတာကိုမှတ်မိနေပါသေးသည်။ “အင်း. Thai tourism industry ကြီးထွားလာတာ မယ်မင်းတို့ကြောင့်လည်းပါပါတယ်ကွယ့်..။ တကယ်တော့မယ်မင်းတို့ဟာထိုင်း နိုင်ငံခရီးသွားလုပ်ငန်းရဲ့ အလုပ်သမတွေဖြစ်တော့သကိုး။ မယ်မင်းတို့ဟာ နိုင်ငံခြားခရီးသွားတွေဆီကဒေါ်လာချူစားရင်းထိုင်းနိုင်ငံ ရဲ့ နိုင်ငံခြားဝင်ငွေကိုတဖက်တလမ်းကရှာပေးနေကြတာပါကလား” ဟူ၍ဖြစ်ပါသည်။ ထိုစဉ်ကစ၍ သူမတို့ တတွေကိုအကျင့်တန် ပေါ့သွမ်းသောလူ့အလွှာတရပ်ဟုထင်နေကျဥာဉ်ပျောက်သွားပြီး၊ သူတို့လည်း အကြောင်းကြောင်းကြောင့်အဲသည်လို ဝမ်းစာရှာမှီးနေ ရသည့် manual labor တမျိုးပေတကားဟုမြင်လာ မိပါသည်။

ဤသို့ဆိုသဖြင့် အဲသည်အလုပ်, လုပ်ကောင်းသည်ဟုမဆိုလိုပါ။ ကိုယ်ကျင့်သိက္ခာကိစ္စအသာထားဦး။ ကျန်းမာရေးရှုထောင့် ကကြည့်လျှင်ပင် အဲသည်အလုပ်က ရတာနှင့်မတန်အောင်ပင် risk (အန္တရာယ်စွန့်စား ရမှု) ကြီးမားလွန်းလှပါသည်။နောက်ပြီး မိန်းကလေးတယောက်အဖို့ သူမ၏ virginity နှင့် sex ကိုသူမ ရင်ခုန်မြတ်နိုးသောချစ်သူအတွက်သာ သီးသန့် ချန်လှပ်ထားသင့်တာဟု ကျနော်ယုံကြည်ပါသည်။ (ထို့ကြောင့် မိန်းကလေးတယောက် သူမ၏ချစ်သူကိုချစ်ရှာလွန်း၍ချစ်သူနှင့်လွန်လွန် ကျူးကျူးမှောက်မှား မိကြလျှင်ပင် ကျနော်အပြစ်မတင်ရက်ပါ။ ကိုယ့်ချစ်သူကိုချစ်၍အလိုလိုက်မိသောကိစ္စသည် လှသောကိစ္စသာ ဖြစ်ပါသည်။ ယောက်ျားတကာကို sex နှင့်မြှူဆွယ်ဖြားယောင်းနေလျှင်သာ အပြစ်မြင်မိပါသည်။) ကျနော့် စကားဘေးချော်သွားပြီ။ စကားပလ္လင်ခံခဲ့သည်ကိုပြန်ချုပ်ရလျှင် ကျနော်ကား ကျနော့်ကြောင့်လူ့အဖွဲ့အစည်း တခု တိုးတက်ရာကြီးပွားကြောင်းဖြစ်အောင် သူမတို့လောက်ပင်မစွမ်းဆောင်နိုင်သေးဟု ဝန်ခံလိုရင်းသာ။

ဒါဖြင့်ကျနော်ဘာများလုပ်နိုင်မလဲ။

ကျနော်သည်ပညာကြီးလှသူ ( scholar ) တယောက်မဟုတ်။ သတ္တိကြီးလှသူတယောက်လည်းမဟုတ်။ မိမိယုံကြည်ရာအတွက် (ဥပမာ၊ ကိုမင်းကိုနိုင်တို့လို) အနစ်နာခံနိုင်စွမ်းအားကြီးသူတယောက်လည်းမဟုတ်။ ဒါဖြင့်ငါ့မှာ ဂုဏ်အသရေရှိလူသားတယောက် နှင့်တူသည့်အရာဘယ်အရာများအားကောင်းသန်မာစွာ ရှိပါလိမ့်ဟုကိုယ့်အတ္တထဲမှာရှာကြည့်မိရာ လူအစစ်နှင့်တူသည်ဟုထင်ရသော လူ့ဗီဇစိတ် တခုနှစ်ခုလောက် ကိုတော့ဖြင့် ရှာတွေ့မိပါသည်။ ( မိတ်ဆွေတို့လည်းရှာကြည့်ကြပါလေ။ ခင်ဗျားတို့မှာ တော့ လေး၊ ငါး၊ ဆယ်ခုလောက်ထိလည်းရှိနေနိုင်သည်ပင်။) တစ်။ ကျနော်သည် တရားမျှတမှုမရှိသောတိုင်းပြည်တခုတွင် အကြာကြီးနေရဖူးသဖြင့် တရားမျှတမှုကိုအလွန်မွတ်သိပ်လေသည်။ ကိစ္စမှန်သမျှကိုအနည်းငယ်အစွန်းရောက် စွာပင် မျှမျှတတရှိစေချင်လှ၏။ ဤနေရာတွင် တရားမျှတမှုကိုချစ်ခြင်းသည် တရားရှိခြင်း(သူတော်စင်ဆန်ခြင်း)နှင့်မတူသည်ကိုပြောချင်ပါသည်။ ကျနော်သည် လူ့အဖွဲ့အစည်း တခုအပေါ် ဗိုလ်ကျစိုးမိုး ဆိုးသွမ်းနေသူ တယောက် (ဥပမာ၊ ကျွန်ုပ်တို့၏ခေါင်းဆောင်ကြီးသန်းရွှေ) ကိုအမြန်ဆုံးသေစေချင်လေသည်။ တရားမျှတ သွားအောင်လို့ထိုလူဆိုးသွမ်းတို့တို့ကို ရိုက်သတ်ပစ်လျှင်ပင်တရားသည်ဟုထင်တတ်လေသည်။ တရားရှိသူ( သူတော်စင် )တဦးဆိုလျှင်ကျနော့်ကဲ့သို့မတွေးမိတန်ရာ။ မကြာသေးမီကဘာသာရေးလိုက်စားသော ကျနော့်၏တူမအရွယ်မိန်းကလေး မိတ်ဆွေတယောက်ကကျနော့်ကို “ဦးကိုစိတ်ငြိမ်းချမ်းမှုရအောင် တရားထိုင် စေချင်ပါတယ်” ဟုအကြံပေးဖူး၏။ ကျနော်လည်း သူမ ကို ကျနော့်ထက်ငယ်သော်လည်းလေးစားသဖြင့် တရားတကယ်ထိုင်ကြည့်ပါ၏။ သို့ရာတွင် “လူတွေကိုနှိပ်စက်ထားရင်ပြန်အနှိပ်စက် ခံရတာဟာတရားတယ်” ဟူသော an eye for an eye တရားကသာကျနော့်နှလုံးသားကိုယခုအချိန်ထိ စိုးမိုးထားနိုင်ဆဲဖြစ်ပေသည်။ ထို့ကြောင့်ကျနော်သည်မတရားသည့်ကိစ္စတြွေကားရလျှင်အလွန်အော့နှလုံးနာ၏။ တကယ်တော့ကျနော်တို့ တိုင်းပြည်သာ တရားမျှမျှတတနှင့် နေသားတကျဖြစ်နေလျှင်ကျနော် နိုင်ငံ့အရေး(နိုင်ငံရေး) ကိုခုလောက် စိတ်ဝင်စားမိမည်မဟုတ်ပေ။ ယခုတော့ ကျနော်တို့တိုင်းပြည်မှာ အားလုံးသိကြသည့်အတိုင်းမတရားမှုမှန်သမျှ ဒိုင်ခံဖြစ်ပွားနေသောနေရာတခုဖြစ်ရကား တရားရချင်သည့် ပုဂ္ဂိုလ်ပင်တရားရဖို့ခဲယဉ်းနေလေသည်။ (သည်မတရားမှုတွေကိုပစ်ထားပြီးဘယ်လို လူ့နှလုံးသားမျိုးနဲ့ တရားအေးအေးဆေးဆေး ထိုင်နေနိုင်ပါ့မလဲ ကွယ်။)

ဤနေရာတွင်ကျနော်ကောက်ချက်တခုချကြည့်ချင်ပါသည်။ လူ့ဂုဏ်အသရေနှင့်ပြည့်စုံသောလူတွေမှာတော့ မတရားမှုကိုရွံမုန်းသော၊ ကောက်နေတာတွေကိုဖြောင့်ပေးချင်သောလူ့ဗီဇစိတ်တခုရှိ ဟန်တူ၏။ အပြန် အလှန်အားဖြင့် ထိုလူ့ဗီဇစိတ်ရှိသောသူသည်လူ့ဂုဏ်အသ ရေနှင့်ပြည့်စုံသောသူဖြစ်၏။ တဖန် မိမိတဝမ်း တခါးအတွက်ကြီးနိုင်ငယ်ညှဉ်းလုပ်လိုသောစိတ်ကားတိရစ္ဆာန်စိတ်ဖြစ်၏။ ထို့ကြောင့် ထိုစိတ်နှင့်သာပြည့်စုံသ သောသူတို့ကားတိရစ္ဆာန်များဖြစ်ကြ၏ ဟူ၍ဖြစ်ပါသည်။ ဆိုလိုချင်သည်မှာကျနော့်မှာလူစိတ်တော့ရှိပုံရလေ သည်။ လူစိတ်ရှိလို့သာလျှင်လူတွေတိရစ္ဆာန်ရှိသူတစု၏ညှဉ်းပန်းနှိပ်စက်ခံနေရခြင်းကို မခံမရပ်နိုင်ဖြစ်နေခြင်း ဖြစ်ဟန်တူလေသည်။ သို့ဆိုလျင် တယောက်တည်းမခံမရပ်နိုင်ဖြစ်နေမည့်အစား တိုင်းပြည်တခုအတွင်းမှာ ကောက်နေတာတွေကိုဖြောင့်သွားအောင် မိမိ တနိုင်ဘာတွေလုပ်ကြမလဲလို့ပွားနေရသော်မကောင်းလော ဟုအကြံပေါက်မိပါသည်။ သည်လို ပွားနိုင်ဖို့ဆိုလျှင် blog တခု လောက်လိုအပ်ပေသည်။ ကျနော်လည်း အသက်ကြီးမှ ကွန်ပြူတာစသုံးဖူးသဖြင့် အဲသည်ဖက်မှာညဏ်နုံလှချေသည်။ မည်သို့ပင် ဖြစ်စေ ယခု မတတ် တတတ်နှင့် (ဆရာမပါမိမိကိုယ်တိုင်သာလျင်) blog တခုတော့စီရင်ပြီးလေပြီ။ တကယ်တော့ကျနော့်၏ ကျန်ရှိနေသေးသောဘဝအတွက်ရည်မှန်းချက်မှာ တနေ့နေ့တချိနချိန်တွင် မြန်မာနိုင်ငံ၌ “လွတ်လပ်သော သတင်းစာ” တစောင် လုပ်ချင်တာသာဖြစ်လေသည်။ သတင်းစာတစောင်သည် ကောက်နေတာတွေကို အမြန် ဆုံးဖြောင့်ပေးနိုင်သောက tool တလက်ဖြစ်သည်ဟုထင်ပါသည်။ ဥပမာ။ ထောက်လှမ်းရေးက ဖမ်းဆီးထား သူတဦးညှဉ်းပန်းနှိပ်စက်ခံရရင်း သေဆုံးသွားသည် ဆိုပါစို့။ ဝန်ကြီးတဦး လာဘ်စားကြမ်း နေသည်ဆိုပါစို့။ သတင်းစာတစောင်က နိုင်ငံတဝန်းနှင့် ကမ္ဘာတဝန်း ကို ချက်ချင်းအချိန်နှင့် တပြေးညီ အသိပေးကာ နောင်သည်လိုမတရားသဖြင့်မလုပ်ရဲကြအောင်ကာကွယ်နိုင်၊ ကောက်နေတာကို ဖြောင့်ပေးနိုင် ပေသည်။ အဲသည်အတွေးနှင့်ပင်ကျနော်ယခု စာနယ်ဇင်းပညာ(journalism) လည်းသင်ယူနေလျက်ရှိပါသည်။ ကျနော် နိုင်ငံ့အတွက် ဘာမျှ အကျိုးမပြုဖူးသောကြောင့် တနေ့အခွင့်အလမ်းပေါ်လာလျှင် အကျိုးပြုလို သောကြောင့်တည်း။ နှစ်။ နောက်ထပ် ကျနော့်မှာလူလိုသူလိုရှိသည်ဟုမိမိကိုယ်မိမိထင်မိသောဗီဇစိတ်တခုမှာ ကောင်းခြင်း၊မွန်မြတ်ခြင်းတို့ကို လူတိုင်း အားကိုယ်စီကိုယ်စီရရှိ၊ခံစား၊ပိုင်ဆိုင်နိုင်ကြစေလိုခြင်းဖြစ်၏။ ကျနော်ကဘိလ်ဂိတ်လောက်ချမ်းသာနေလျှင်လည်း ကျနော့်ပတ်ဝန်း ကျင်ကလူအများစုမှာ ရေမလာ၊ မီးမလာ၊ ကလေးတွေကိုကျောင်းမထားနိုင်ဖြစ်နေကြလျှင်ကျနော်စိတ်ချမ်းသာမိမည်မဟုတ်ပေ။ မိမိ သာမက လူတွေ အားလုံးကိုလူလိုသူလိုကျက်သရေရှိနေစေချင်လှ၏။ လူ့အသိဥာဏ်၊ လူ့ဂုဏ်သိက္ခာ၊ လူ့မျှော်လင့်ချက်၊ လူ့အကြင်နာ တရားတို့ဖြင့်ပြည့်စုံနေစေချင်၏။ မြန်မာတနိုင်ငံလုံးကိုပြောင်းလဲပစ်ဖို့တော့ကျနော်မည်သို့မျှ တတ်နိုင်လိမ့်မည်မဟုတ်ပေ။သို့ရာတွင် “ဘယ်လိုအကျင့်ကအကောင်းလဲ၊ ဘယ်လိုစိတ်ထားမျိုးကမွန်မြတ် တာလဲ” စသည်ဖြင့်ဆွေးနွေးပြောဆိုနေတာကလည်း လောလော ဆယ် ကိုယ်နိုင်သရွေ့ကိုယ့်လူ့အဖွဲ့အစည်း ကောင်းရာကောင်းကျိုးအတွက်သယ်ပိုးတာပဲလေဟုတွေးမိပြီးသကာလ ဟိုဟာဒီဟာကောင်းရာ ကောင်းကြောင်းလေးတွေကို အသိအမြင်ချင်းဖလှယ်နိုင်ကြရအောင် သည် blog စာမျက်နှာကိုဖွင့်လှစ် ရခြင်း ဖြစ်ပါကြောင်း။

သည်ကနေ့တော့သည်လောက်ပဲ။ နောက်မှပွားကြသေးတာပေါဗျာ။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

Friday, April 9, 2010

Making A Dream Come True

Making A Dream Come True

Don’t follow a reward;

The reward itself will follow you

If you exceptionally deserve that reward.

Don’t mind if they haven’t easily seen you amongst the crowd;

Reasonably, You will have to be distinctly taller than others

If you want to be seen first.

Don’t travel into the future

That you actually can’t visit the right place

Because tomorrow will be as that you’ve shaped it today,

And the-day-after-tomorrow as that you’ve scheduled it tomorrow.

Don’t expect a successful life

As you’ve already been successful

If you are pursuing a genuine success

With your heart, flesh and soul!

By Pyay Kaung Aung

( P.S: This poem was composed just to encourage myself almost 6 months ago. )