Monday, December 27, 2010

အဖျားရှူးသွားတဲ့ အကောင်

ကျနော် ၁၉၈၈ အရေးတော်ပုံတွင် မပါဝင်လိုက်ခဲ့ရချေ။ အဲသည်အချိန်တုန်းက ကျနော် ကံအကြောင်း မလှစွာ စစ်တပ်ထဲ ရောက်နေခဲ့လေသည်။ သို့သော် ကျနော် စစ်တပ်ထဲ ဝင်ပြီး နှစ်နှစ်လောက် အကြာမှာ မိုင်းထိသွား သဖြင့် စစ်သက် စောစောစီးစီးနှင့် စစ်တပ်က အာဏာမသိမ်းခင် ၁/၈/၈၈ တွင် တပ်က ထွက်ခဲ့ပါသည်။ ( ဤတွင် ကျနော်သည် အသက်ကြီးပြီ၊ အနည်းဆုံး ကိုမင်းကိုနိုင်၊ ကိုမိုးသီးဇွန်တို့ အသက်နီးပါးလောက်တော့ ရှိပြီ၊ ထို့ အပြင် ကျနော်သည် မစွမ်းမသန်သူ တယောက်လည်း ဖြစ်သည်ဟု ကြေညာပြီး ဖြစ်သတည်း။ ဟဲ..ဟဲ။ Virtual world မှာ လူချင်းမြင်ရတာ မဟုတ်၍ ဒါတွေကို ထုတ်မပြောဘဲနေလည်း ရလျှက်နဲ့ ကျနော် စစ်သားလုပ်ဖူးတာ၊ မစွမ်းမသန်ဖြစ်တာ၊ အသက်ကြီးတာ ဘာတခုမှ ကောင်းတာမရှိသည့်ဟာကို တကယ်တော့ မကြေညာချင်မိပေ။း) ဒါပေမဲ့ ကျနော့်အဖို့ အကြွင်းမဲ့ ရိုးသားရတာက ပို၍လိပ်ပြာသန့် ချိုမြိန်သဖြင့် ထည့်ပြောလိုက်ပါသည်။

ကျနော်သည် အဲသည် ၈၈၈၈ အရေးတော်ပုံတုန်းကမှ မပါဖူးတာမဟုတ်။ ယခုထိလည်း ကိုယ့်နိုင်ငံ အရေးအရာ တွေမှာ ဘယ်နေရာမှာမျှ လောက်လောက်လားလား၊ တက်တက်ကြွကြွ၊ ထိထိရောက်ရောက် မပါဖူးသေးချေ။ ထို့ကြောင့် ကျနော်သည် တကယ့်သာမန် ( ordinary) နိုင်ငံသားတဦးမျှသာ ဖြစ်သည်ဟု ပြောလိုပါသည်။ သို့ရာတွင် ကိုမင်းကိုနိုင်တို့၏ အနစ်နာခံနိုင်ပုံမျိုး၊ ရိုးသားပုံမျိုးကို အားကျမိပေရာ၊ ဆိုလိုသည်မှာ သူတို့ကို တုပလိုခြင်းမဟုတ်၊ နိုင်ငံသားတဦးသည် မသေခင် ကိုယ်စွမ်းသလောက်တော့ ကိုယ့်နိုင်ငံ အတွက် ( ကြီးကျယ် နေသေးလျှင် ကိုယ့် community သို့မဟုတ် society အတွက်) တခုခုတော့ လုပ်ခဲ့သင့်သည်ဟု ထင်သဖြင့် ကိုယ့် community ကောင်းရာကောင်းကြောင်း တခုခုတော့ လုပ်ချင်မိလေသည်။ ဘာမှ ကြီးကျယ်တာ မဟုတ်။ သေခါနီး “ငါလူ့ဘဝမှာ တန်ဖိုးရှိရှိ ဖြောင့်ဖြောင့်မှန်မှန် နေထိုင်ခဲ့သည်” လို့ အသေဖြောင့်( ယုံကြည်သွား) ချင်တာသာ ဖြစ်ပါသည်။ ထို့ကြောင့် ကျနော့်၏ အိပ်မက်တခုမှာ ဘယ်နိုင်ငံမှာ ဘာစနစ်ကို သုံးကြလို့ ဘယ်လို ကောင်း သည်ဟု စနစ်တကျ အချိန်ယူ သုတေသနတွေ ဘာတွေလုပ်ပြီး မြန်မာပြည်အတွက် တချိန်ချိန်မှာ သုံးရအောင် Making A Nation / Building A Nation လို စာအုပ်တအုပ်လောက် ရေးချင်တာ ဖြစ်ပါသည်။ ဒါပေမဲ့ အခုတော့ အဲသလောက် မစွမ်းသေးသဖြင့် ကိုယ့်ကိုယ်ကိုယ် အားမလို အားမရလှစွာနှင့်ပင် “မြင်ချင် သည် ရွှေပြည်ကြီးကိုလ” လို Post ကလေးတွေကိုသာ ရသေ့စိတ်ဖြေ ရေးနေရလေသည်။ ( အဖျားရှူးချင် သဖြင့် ကြီးကြီးကျယ်ကျယ်တွေကို တမင် အစပိုင်းမှာ ပြောနေခြင်းဖြစ်ပါ၏။း)

ကျနော် တကယ်ပြောချင်သည်မှာ လူတယောက်မှာ ခပ်ကြီးကြီးအိပ်မက်တွေ ရှိကောင်းရှိမည်။ သို့ပေမဲ့ အဖျက် တွေ ဝင်လာလျှင် အဖျားရှူးသွား တတ်ပါကလားလို့ ဖြစ်ပါသည်။ ကျနော် သေသေချာချာ ပြောနိုင်၊ အာမခံနိုင်သည် မှာ ကျနော့်တွင် အထက်ကဆိုခဲ့သလို စိတ်ကောင်းကလေးတော့ ရှိပါသည်။ ဒါပေမဲ့ ကျနော်က အင်မတန် စိတ်ဓါတ် တက်လွယ်ကျလွယ်၊ စိတ်ပျက်လွယ်လေသည်။ ရင်ဘတ်ချင်းတူသူ မိတ်ဆွေ တယောက်လောက်နှင့် တွေ့လျှင်တော့ စိတ်ဓါတ် ချက်ချင်းတဖန် မြင့်တက်သွားပြန်၏။ တကယ်တော့ ကိုယ့် စိတ်ဓါတ်ကို သူတပါးအပေါ် အဲသည်လောက် အားကိုးအားထားမပြုသင့်တာကို ကျနော်သိပါသည်။ ဒါမျိုး စိတ်ဓါတ် အတက်အကျ မြန်တာကို စိတ်ပညာမှာ Bipolar Disorder လို့ ခေါ်သလားမသိ။ ( ကျနော် မစွမ်းမသန် ဖြစ်ပြီးနောက် သုံးနှစ်လောက်ခန့် အထိတော့ စိတ်ဓါတ် တက်သည်ဟူ၍မရှိဘဲ အမြဲကျနေကာ ကျနော် တနေ့နေ့တချိန်ချိန် ပြုလုပ်ရမည့်ကိစ္စမှာ suicide သာဖြစ်သည်ဟု တွေးနေခဲ့ဖူးပါသည်။ အဲသည် တုန်းက depression က အခန့်မသင့်လျှင် အခုထိလည်း ခေါင်းပြူလာတတ်သေးတုန်း ဖြစ်ပါသည်။ ကျနော် နောက်မှ အပြင်ကနေ ၁၀ တန်းပြန်ဖြေပြီး အောင်သွားလို့ suicide လုပ်ချင် သည့်ကိစ္စ မှိန်သွားပြီး ဘွဲ့ယူကြည့် လိုက်ဦးမယ်လေ ဟူ၍ဖြစ်လာ၏။း)

ကျနော် ပြီးခဲ့သည့်နှစ်က တစုံ တယောက် ကို အရက်နှင့် ဆေးလိပ် မသောက်တော့ပါ ဟု ပြောထာဖူးပါသည်။ ဒါပေမဲ့ ဆေးလိပ်မသောက်တော့ပါ ဟူသော ကတိကိုသာ တည်အောင်ထိန်းနိုင်ပြီး၊ ပြီးခဲ့သည့် အပတ်တုန်းကတော့ ကျနော် ကိစ္စတခုအတွက် လိုရာဆန္ဒတလုံးတဝတည်း မပြည့်နိုင်၍ ထုံးစံအတိုင်း နည်းနည်းလောက် depression ဝင်ကာ အရက်ပြန်သောက် နေမိလေသည်။ ကျနော်က အကြီးစား alcoholic တယောက်ဖြစ်၏။ အရက်သောက်မိလျှင် နေ့ရောညပါ အရက်သာသောက်ချင်နေ တတ်ပြီး ထမင်း ( ဘယ် solid food မဆို) ကျတော့ စားချင်စိတ် လုံးဝမရှိပေ။ ထမင်းနံ့၊ကြက်သား၊ ဝက်သား၊ အမဲသား အနံ့တို့ရလျှင် စိတ်ပင်တိုမိ၏။ ဒါကြောင့် soup လို ဟာမျိုးကို အားပြုစားရပါသည်။ ဒါပေမဲ့ ကြာတော့ soup ကိုလည်း မစားချင်ပြန်။ သည်လို အစာမစားဖြစ်သဖြင့် ကျနော် ကြာကြာတော့ အရက်မသောက်ဖြစ်ပါ။ နှစ်ပတ်လောက်ဖောက်ပြီးလျှင် ( ဆက်သောက်နေလျှင်လည်း သေသွားရုံသာ ရှိတော့တာမို့) မဖြစ်မနေ ဖြတ်ရတော့၏။ ဖြတ်ပြီး ၆လ၊ တနှစ် လုံးဝမသောက်ပဲနေပြန်၏။ သူများတွေလို ညနေစောင်းလာလျှင် ပုံမှန် သောက်သည့် အကျင့်မျိုး ကျနော်ထူထောင်လို့မရပါ။ သည်လို ၆လ၊ တနှစ်လောက်နေလျှင် ပြန်သောက်မိမည် စိုး၍လည်း ထိုတစုံတယောက်သောမိတ်ဆွေကို တမင်ကတိပေးခဲ့ခြင်း ဖြစ်ပါသည်။ သည်လိုမျိုး နှစ်ပတ်လောက် သောက်လိုက်မိလျှင် ရှိစုမဲ့စု သိက္ခာမှန်သမျှနှင့် ငွေမှန်သမျှလည်း ပြောင်သွားတတ်လေ၏။ ဆေးရုံလည်း အကြိမ်ကြိမ် ရောက်ရတတ်၏။ ( သည်ကရဲတွေ (၉၁၁) ကလည်း တာဝန်ကျေသလား မမေးနှင့်၊ ကိုယ်တောင်မသိလိုက်ဘဲ ဘေးလူတယောက်က "ဒီမှာ လူတယောက် အခြေအနေမကောင်းဘူး " ဟုဖုံးဆက် လိုက်တာနှင့် ၁၅ မိနစ်လောက်အတွင်း ရောက်လာပြီး ဆေးရုံပို့မယ်ဆိုတာချည်းပဲ။း)) ကျနော့်မှာသာ ကိုယ့်အပေါ် စေတနာရှိသော၊ နားလည်ပေးသော မိတ်ဆွေ အစစ်တယောက်လောက် အနီးအနားမှာ ရှိနေမည် ဆိုလျှင်တော့ ကျနော့် အနွံအတာကို ခံရသော ထိုမိတ်ဆွေကို အားနာမိတာနှင့် ကျနော် ခုလောက် ပတ်ကြမ်းတိုက် အရက်သောက် လိမ့်မည်မထင်မိပေ။ ဒါကြောင့် ဟိုတနေ့ကတော့ တွေးမိပါသည်။ “ငါ ခါချဉ်ကောင် မာန်ကြီးလို့ တကောင်တည်း တောင်ကြီး ဖြိုမဲ့ကြံနေတာ၊ ဒီလို self-control ညံ့ဖျင်းပုံမျိုးနဲ့ ဆိုရင် တောင်ကြီးကို တော့ မဖြိုနိုင်ဘဲ ငါပဲတောင်ပူစာအောက် (မြေကြီးအောက်) ရောက်သွားလေမယ် ထင်ပါရဲ့” ဟု..။ အဲသည်တုန်း မြို့ထဲ တနေရာမှာ psychic reading ဆိုင်းဘုတ်တခုတွေ့မိ၍ ဘာရယ်မဟုတ် ဆယ်ဒေါ်လာပေးပြီး သိချင်တာ လေး ဝင်မေးကြည့်မိပါသည်။

“ ဆရာမ ခင်ဗျား၊ ကျနော်သိချင်တာ နှစ်ခုပဲရှိပါတယ်။ ကျနော့် ဘဝမှာလုပ်ချင်တာတခု နဲ့ ရချင်တာတခု ရှိပါတယ်။ ဒါပေမဲ့ ကျနော်က alcoholic တယောက်ပါ။ ကျနော် အသက်ရှည်ရှည်နေရမှ အဲဒါတွေလုပ်နိုင်မှာ၊ ရကောင်းရနိုင်မှာပါ။ ဒါကြောင့် ကျနော် ဒီလို self-control မကောင်းပုံနဲ့ဆိုရင် အသက်မှ ရှည်ပါဦးမလားလို့ ပထမ တချက်သိချင်မိပါတယ်။ နောက် တချက်ကတော့ … ”

ဆရာမကတော့ အကောင်းချည်းပဲ ဟောလိုက်ပါ၏။ ဗေဒင်သည် သိပ္ပံပညာလို exact prediction မဟုတ်သဖြင့် ဆရာမဟောလိုက်သမျှကို မျက်စိမှိတ်ပြီးတော့ တော့ မယုံပါ။ ဒါပေမဲ့ fame တခု ပိုင်ဆိုင်ရဦးမည်၊ အဲဒါ မပြီးသေးပဲနှင့်တော့ မသေသေးဘူးဟု ဆိုသဖြင့် ဟုတ်ဟုတ်မဟုတ်ဟုတ် နည်းနည်းတော့ ပျော်မိလေသတည်း။း)

[ ကျနော် ယခု အရက်ဖြတ်လိုက်ပြီ ဖြစ်၍ အနည်းငယ် ထူထူထောင်ထောင် ဖြစ်နေပြီး အိပ်မရတာလည်း နှစ်ညခန့်ရှိပြီမို့ ( ထုံးစံက ၄-၅ ညလောက် လုံးဝ အိပ်လို့မရတတ်ပါ ) အချိန်ဖြုန်းသည့် အနေနှင့် ဤစာကိုရေး ပါသည်။ ခပ်ရှည်ရှည်တော့ မရေးနိုင်ပေ။ အရက် မသောက်တော့ပါဟု ကျနော်ပြောထားဖူးသောသူ ဤစာကို ဖတ်မိပါက ကျနော် အရက်ပြန်သောက် ဖြစ်သည် ကို ခွင့်လွှတ်နိုင်ပါစေသတည်း။ အနည်းဆုံးတော့ သူ မဖတ်မိလျှင်တောင်မှ ကျနော် ခိုးပြီး သောက်နေသလို စိတ်ထဲမှာ မလုံလှသဖြင့် ဤစာကို ချရေးမိခြင်း ပါပဲ။ ]

Saturday, December 11, 2010

မြင်ချင်သည် ရွှေပြည်ကြီးကိုလ ( ၄ )


ဦးသာအောင် ( တောင်သုံးလုံးကျေးရွာသား )

“ တိုကင် နံပါတ် -၂၃၊ ကောင်တာနံပါတ်- ၅ သို့ ကြွပါရှင်။ တိုကင်နံပါတ်-၂၃၊ ကောင်တာ နံပါတ် -၅ သို့ ကြွပါ ရှင် ”

“ ကျုပ် ဒီမှာဗျို့၊ လာပြီ”

“ နေကောင်းပါရဲ့လား ဦး၊ ကျမ ဘာကူညီရမလဲ ပြောပါရှင် ”

“ အခုတော့ နေကောင်းပါတယ် တူမကြီးရယ်။ ဒါပေမဲ့ ကျုပ်ပြီးခဲ့တဲ့လက တောထဲ ထင်းသွား ခုတ်တာ သစ်ပင် ပိကျလို့ ကံကောင်းလို့ မသေတယ်။ မြင်တဲ့အတိုင်းပဲ၊ ဦးကြီး ခြေထောက်တဖက်ကို ဆေးရုံမှာဖြတ် ပစ်လိုက် ရတယ်။ အခု တွန်းလှည်းနဲ့ သွားနေရတယ်။ လူတွေ ပြောကြတာက အစိုးရက မစွမ်းမသန်ထောက်ပံ့ကြေး ဆိုလား ပေးတယ်တဲ့။ အဲသဟာကြားလို့ လာခဲ့တာကွဲ့၊ ဒါနဲ့ နေစမ်းပါဦး။ ဒီအစိုးရက ကိုယ့်ဖာသာကိုယ် ဆတ်ဆော့လို့ ကျိုးတာကို အဲသလိုမျိုး ပေးတယ်ဆိုတာ ဟုတ်ရဲ့လား တူမကြီးရယ် ”

“ ဟုတ်ကဲ့၊ ပေးပါတယ်ဦး။ ကိုယ့်နိုင်ငံသား တယောက် အလုပ်မလုပ်နိုင်ရင် သူဘာနဲ့ သွားစားမလဲ။ အဲဒီ အချက်ပေါ်မှာ အခြေခံပြီးတော့ လူတယောက် ဘာအကြောင်းကြောင့်ပဲ မစွမ်းမသန် ဖြစ်ဖြစ် အစိုးရက ထောက်ပံ့တာပါရှင့်။ ဒါနဲ့ နေပါဦး။ အခု တနိုင်ငံလုံးမှာ ဂတ်စ်မီးဖိုတွေ သုံးနေကြတာ ထင်းထက် အများကြီး ဈေးသက်သာတာပဲ ဦးရဲ့။ ဦး အိမ်မှာကော ဂတ်စ်မီးဖို မသုံးဘူးလား”

“ သုံးပါ့ကွယ်။ ဒါပေမဲ့ အိမ်က မယ်ချစ်၊ အဲ.. အဖွားကြီးက အမဲသားနှပ်တာကိုတော့ ထင်းသုံးတာ ပိုကြိုက်တယ် လို့ ပြောတယ်လေ။ ဒါကြောင့် သူ့အတွက် ထင်းသွား ခုတ်ပေးတာပါ။ တကယ်တော့ ခုခေတ်မှာ တောထဲက အပင်ကို ရာသီဥတု ပျက်မစိုးလို့ မခုတ်ရဘူးတဲ့။ အစိုးရကပဲ စည်းကမ်းတကျ ခုတ်လှဲခွင့် ရှိပြီး သစ်လိုရင် သစ်တောဌာနက သစ်ဆိုင်တွေမှာ သစ်ကို လိုချင်သလောက် သွားဝယ်ပါတဲ့။ ဦးကြီး ဆေးရုံက ဆင်းလာတော့ အဲသလို ပညာပေးခံရတယ်။ သစ်ပင် ခိုးခုတ်တာ ဒီတခါတည်းပဲ ရှိသေးလို့ ပညာပေးတာတဲ့။ သုံးခါမိရင်တော့ တရားစွဲ ခံရမယ်လို့ ပြောလိုက်တယ် ”

“ ဟုတ်ကဲ့ပါ ဦး။ ကဲ.. ဦး ဆီမှာဘာစာရွက် စာတမ်းတွေများ ပါလာခဲ့ပါသလဲ ရှင် ”

“ အို .. အဲဒါမှ ဒုက္ခ၊ ဦးကြီးမှာ ဘာမှ မပါလာဘူးကွဲ့။ လိုက်လိုက်ဆိုလို့သာ လိုက်လာတယ်။ ဘာစာရွက်တွေ များ လိုလို့လဲကွယ် ”

“ဟိုဒင်း .. ဦး မစွမ်းမသန် ဖြစ်ကြောင်း ဆရာဝန်တယောက် လက်မှတ်ထိုးထားတဲ့ အထောက်အထား တခုခုပါ ဦး။ ဆေးရုံ တက်တဲ့ စာရွက်တွေ ဘာတွေများ ပါမလာဘူးလား ဦး ”

“ အေးကွယ်။ အိမ်မှာတော့ ရှိတာပေါ့။ ဒါပေမဲ့ ဦးကြီးကငါကျိုးနေတာ လူတိုင်းမျက်စိနဲ့ မြင်နေရတာပဲ။ ကျိုးနေ ကြောင်း ဆရာဝန်လက်မှတ် ထုတ်ပြဖို့ မလိုလောက်ပါဘူးလို့ တွေးမိပြီး ထည့်ယူမလာမိတာ။ ဒီလိုမှန်းသိရင် ထည့်လာပါရဲ့ ”

“ ဒီလို ဦးရဲ့၊ ကျမကတော့ ဦး မစွမ်းမသန် ဖြစ်တာကို မြင်တာပေါ့လေ။ ဒါပေမဲ့ ဦးကို လတိုင်း မစွမ်းမသန် ထောက်ပံ့ငွေ ထောက်ပံ့ဖို့ ခွင့်ပြုပေးမဲ့ ဟိုး ရန်ကုန်မှာ ရှိတဲ့ ရုံးချုပ်က ဦးကို မြင်ရတာ မဟုတ်တော့ သူတို့ ဦးရဲ့ မှတ်တမ်း ဖိုင်ထဲမှာ ထားဖို့ တရားဝင် အထောက်အထားတခုတော့ လိုအပ်တာပေါ့ ဦးရယ်။ ဒါပေမဲ့ ရပါတယ်။ စိတ်မပူပါနဲ့။ ကျမ လူမှုဖူလုံရေး ဆရာဝန် တယောက်ဆီကို အခုပဲ ဖုန်းဆက်ပေးလိုက်ပါ့မယ်။ ဦး သူ့ဆီကို အရင်သွားလိုက်ပါ။ ဒီကနေ သိပ် မဝေးပါဘူးနော်။ ဟိုရှေ့နားမှာ မြင်နေရတဲ့ လူမှု ဖူလုံရေး ဆေးရုံလေ။ ဦး အဲဒီက ပြန်လာရင် ကျမ အကုန်လုံး လိုက်လုပ် ပေး ပါ့မယ်နော် ”

“ ဒါနဲ့ နေပါဦး တူမကြီး။ ဦး ဒီ ထောက်ပံ့ငွေ ရမယ်ဆိုရင် တလ ဘယ်လောက်ရမှာလဲ ”

“ အဲဒါကတော့ တယောက်နဲ့ တယောက် နည်းနည်းကွာပါတယ်ဦး။ လစဉ် ထောက်ပံ့ငွေထဲမှာ အဓိက ပါဝင် မှာကတော့ ဦး အိမ်ငှားနေရရင် ဦးရဲ့ အိမ်ငှားစရိတ်၊ ပြီးတော့ ဦးရဲ့ တလလုံး စားသောက် စရိတ်၊ ဒါတွေ ကတော့ မဖြစ်မနေ ပါမှာပါ ”

“ ဦးက နေ့တိုင်း ကြက်သားနဲ့ စားမယ်ဆိုရင်ကော တူမကြီး ”

“ ဟုတ်ကဲ့၊ ကြက်သားတင်မက ပုဇွန်တုတ်တို့ ဘာတို့တောင် ဝယ်စားနိုင်တယ်လို့ ပြောကြပါတယ်ဦး ”

…………………………………….

ဒေါ် စိန်ရွှေ ( အသက် ၆၅ နှစ် )

“ တိုကင် နံပါတ်-၂၄၊ ကောင်တာ -၂ သို့ ကြွပါရှင်၊ တိုကင် နံပါတ်-၂၄၊ ကောင်တာ-၂ သို့ ကြွပါရှင် ”

“ လာပြီ”

“ အမေကြီး၊ နေကောင်းလား။ ကျနော် ဘာကူညီရမလဲ ခင်ဗျ ”

“ အမေ သက်ကြီးပင်စင် လျှောက်ချင်လို့ပါ သားရယ် ”

“ အမေ့ မှတ်ပုံတင်လေး ခဏလောက် ကျနော့်ကို ပြနိုင်မလား ”

“ အင်း.. ပါလာတယ် သား။ ရော့.. ဒီမှာ။ ဒါနဲ့ နေပါဦး။ အမေက စာမတတ်လို့ တသက်လုံး ဘာ အစိုးရအလုပ် မှ မလုပ်ခဲ့ဘူးရယ်။ ဒီတော့ ဒီပင်စင်ကို ရနိုင်ပါ့မလား သားရယ် ”

“ ရနိုင်ပါတယ် အမေ၊ ဒီထောက်ပံ့ငွေ ကို ရထိုက်ဖို့ အမေ ၆၅ နှစ်ကျော်ဖို့ပဲ လိုပါတယ်။ အစိုးရ အလုပ်လုပ်ဖူး ဖို့ မလိုပါဘူး။ ဒီဌာနက မြန်မာနိုင်ငံသားတိုင်းကို ပင်စင်ပေးတဲ့ ဌာနပါအမေ ”

………………………………………..

ကိုရန်နောင် ( ကုမ္ပဏီ အရောင်းမန်နေဂျာဟောင်း)

“ တိုကင်နံပါတ်- ၂၅၊ ကောင်တာ နံပါတ်- ၉ သို့ ကြွပါရှင်၊ တိုကင် နံပါတ်- ၂၅၊ ကောင်တာ နံပါတ်- ၉ သို့ ကြွ ပါရှင် ”

“ ဟုတ်ကဲ့၊ လာပါပြီ ခင်ဗျ ”

“ အကို နေကောင်းရဲ့လား။ ကျနော် ဘာကူညီရမလဲ ”

“ ဟုတ်..၊ ကောင်းပါတယ်ဗျာ။ ကျနော် unemployment လျှောက်ချင်လို့ပါ ”

“ အဲ.. ဆောရီးဗျာ၊ အဲဒါ ဒီရုံးမဟုတ်ဘူးဗျ။ ဒါပေမဲ့ အကို လျှောက်ချင်တဲ့ ရုံးကလည်း ဒီ building ထဲမှာပါပဲ။ ကျနော် တော်ကြာနေ လိုက်ပြပေးမယ်လေ။ ကျနော်တို့ ဒီရုံးကတော့ Senior Citizens ( သက်ကြီးရွယ်အို ) တွေ နဲ့ Disability သမားတွေအတွက် တသက်လုံးစာ ထောက်ပံ့ကြေး ကို အဓိက လုပ်ပေးတာပါ။ အကိုတို့ လိုယာယီ အလုပ်လက်မဲ့ ဖြစ်နေတဲ့သူတွေနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကိုတော့ အဲဒီရုံးက အဓိက လုပ် ပေးပါတယ်။ လာ အကို၊ ကျနော် လိုက်ပြပေးမယ် ”

“ အေးဗျာ၊ ကျေးဇူးပဲ။ ကျနော်လည်း ဒါ ပထမဦးဆုံး အကြိမ်ဆိုတော့ သိပ်မသိသေးဘူး။ ကျနော်တို့ နိုင်ငံမှာ အလုပ် လက်မဲ့ ဖြစ်ရင် အစိုးရဆီ ထောက်ပံ့ကြေး လျှောက်လို့ ရတယ်ဆိုတာလောက်ပဲ သိတာ။ ဒီအစိုးရကို တော့ ကြိုက်သွားပြီဗျို့။ အစိုးရ တရပ်ဆိုတာ ဒီလိုမှပေါ့ဗျာ ”

“ အေးဗျ။ ကျနော်လည်း ဒီအစိုးရ လက်ထက် လုပ်နေပုံ ကိုင်နေပုံတွေကို နိုင်ငံ့ဝန်ထမ်းအနေနဲ့ရော၊ နိုင်ငံသား တယောက်အနေနဲ့ရော တော်တော်လေး နှစ်ထောင်းအားရ ဖြစ်မိပါတယ်။ ကျနော်တို့ သမ္မတရွေးတာ မှန်သွား တာပေါ့ဗျာ။ အခု နိုင်ငံခြားရောက်နေတဲ့ မြန်မာတွေလည်း အလုံးအရင်းနဲ့ ပြန်ဝင်လာနေကြတယ်ဗျ ”

………………………………………………

မောင် သတိုးကျော်စွာ ( တက္ကသိုလ် ကျောင်းသား )

ရန်ကုန်တက္ကသိုလ်

“ အန်တီ၊ ကျနော် financial aid လျှောက်ချင်လို့ပါ။ ”

“ အေး..အေး၊ ကောင်းပြီလေ။ သားက ဒီတက္ကသိုလ်မှာ ဝင်ခွင့်ရပြီလား ”

“ ဟုတ်ကဲ့၊ ရပါပြီ။ ကျနော့် ကျောင်းသားနံပါတ်က ဒီမှာပါ အန်တီ။ အန်တီ.. ကျနော် တခု လောက်မေးချင်လို့၊ အခု ကျနော် အစိုးရဆီက ပညာသင် ထောက်ပံ့ စရိတ်ရရင် ပြန်ဆပ်ရမလား ခင်ဗျ ”

“ အဲဒါက သားရတာ “ပညာသင်စရိတ် ထောက်ပံ့ကြေး (Financial Aid)” ဆိုရင် အစိုးရက သူ့နိုင်ငံသား တယောက်ရဲ့ ပညာရေး အတွက် အလကား ထောက်ပံ့တာ ဖြစ်လို့ ပြန်ဆပ်စရာ မလိုဘူး၊ ဒါပေမဲ့ “ပညာသင်စရိတ် ချေးငွေ ( Loan )” ဆိုရင်တော့ သားဘွဲ့တွေ ဘာတွေရပြီး အလုပ်ခွင် ဝင်လို့ ဝင်ငွေရနေပြီ ဆိုတဲ့အခါ ပြန်ဆပ်ရ လိမ့်မယ် ”

“ သား Ph.D ထိ ဆက်တက်နေရင်ကော ”

“ အန်တီတို့ အစိုးရက သဘောကောင်းပါတယ်ကွယ်။ သား ပညာဆည်းပူးနေတုန်း သူရဖို့ရှိတဲ့ အကြွေးကို တဂျီဂျီ လိုက် မတောင်းပါဘူး။ သား Ph.D တခုကနေ နှစ်ခုလောက်ထိ တက်နေရင်တောင် သူက အဲဒီအချိန်ထိ ငွေလိုသေးလားလို့ မေးနေဦးမှာ။ အန်တီတို့ သမ္မတက ကြေညာထားတယ်လေ။ ဒီ နိုင်ငံမှာ ငွေကြေးမတတ် နိုင်လို့၊ မိဘက ဆင်းရဲလို့ ကိုယ်တက်ချင်တဲ့ ကျောင်း မတက်လိုက်ရဘူး ဆိုတာ မရှိစေရဘူးတဲ့လေ”

…………………………………………….

မရွှေစင်ဝင်း ( ကိုရန်နောင်၏ ဇနီး )

“ ဟင်း၊ မောင်ပြောတော့ အခုအလုပ်က တနာရီကို ၁၀၀၀ (ကျပ်) ရတာဆို၊ တပတ်မှာ အလုပ်လုပ်ချိန် နာရီ ပေါင်း ၄၀ ဆိုတော့ နှစ်ပါတ်စာ အလုပ်လုပ်ခက ၈၀, ၀၀၀ ရရမှာ မဟုတ်ဘူလား။ အခု ဘာဖြစ်လို့ ၇၅,၀၀၀ လောက်ပဲ ဖြစ်နေရတာလဲဟင်၊ မောင်တို့ ကုမ္ပဏီက ဘာဖြတ်လိုက်လို့လဲ ”

“ ပြည်နယ် အခွန် နဲ့ ပြည်ထောင်စု အခွန် ဖြတ်လိုက်လို့ကွ ”

“ ဟင်း.. ဒီ အစိုးရကလဲ၊ ဖြတ်မယ်ဆိုတာချည်းပဲ။ ဟိုတနေ့က ညီမ ၅၀ တန် ဘိန်းမုန့်တခု ဝယ်စားတာလည်း ၃ ကျပ် အခွန်ပေးခဲ့ရသေးတယ်။ အောင်မယ်.. ဒီခေတ်မှာတော့ ဘိန်းမုန့်ဆိုင်မှာလည်း ပြည်နယ် အခွန် ဖြတ်ပြီးမှ ဘောက်ချာထွက်တဲ့ စက်ကလေးနဲ့ တော့်။ ရီရတယ် ”

“ ဩော်.. ဒီအစိုးရကပဲ ငါတို့ အလုပ်လက်မဲ့ ဖြစ်တုန်းက ငါတို့ကို ၆လ တိတိ တောင် မျက်နှာမငယ်ရအောင် ကျွေးမွေး ထားခဲ့ဖူးတဲ့ ကျေးဇူးကို သတိရလိုက်စမ်းပါ မိန်းမရယ်။ အခု အလုပ်ကို ရှာပေးတာလည်း သူပဲ။ မောင့်ကို ကွန်ပြူတာသင်တန်းတခု ထပ်တက် ဖို့ ငွေထုတ်ပေးတာလည်း သူပဲ။ ဒီမိုကရေစီ အစိုးရဆိုတာ ဘာစီးပွားရေးကိုမှလည်း လက်ဝါးကြီး အုပ်ထားတာ မရှိတော့ သူ့ကို ငါတို့ အလုပ်လုပ်နိုင်တဲ့လူတွေက ပေးမှ ငါတို့ ဒုက္ခရောက်ရင် သူ ပြန်ကြည့်နိုင် မှာပေါ့ကွယ် ”

“ ဩော်.. မောင်က အတည်ပေါက်ကြီး ပြောနေတာကိုး။ ညီမက ဟာသပြောနေတာပါ မောင်ရယ်။ ညီမလည်း ဒီအစိုးရကို သဘောကောင်းတဲ့ ယောက္ခမကြီးတွေ ရထားသလို ခံစားပြီး ချစ်ပါတယ်နော်။ သဘောပေါက် ”

“ ဒီလိုဆိုရင်တော့ ကောင်းပါပြီဗျား။ ကဲ.. ထမင်းစားရအောင် ”

[ စာကြွင်း။ ။ ဤ Post ကို အမေရိကန် ယဉ်ကျေးမှုဆိုလျှင် ပစ်ခတ် သတ်ဖြတ် ညှီနံ့သင်းသော ဟောလိဝုဒ် ရုပ်ရှင်ကားများ၊ သည့်ထက်ပိုပြီး ပွင့်ပွင့်လင်းလင်း ပြောရလျှင် porn movies များကိုသာ ပြေးမြင်မိကြသော၊ သို့ဖြစ်၍ အမေရိကန်ယဉ်ကျေးမှု မြန်မာပြည်သို့ ရောက်လာမှာကို အသက်ပေးပြီးတော့ပဲ ကာကွယ်ကြရ တော့မလို နှစ်ပေါင်း ရှည်ကြာစွာ Brainwash လုပ်ခြင်း၊ မျက်စိပိတ် နားပိတ် လုပ်ခြင်း ခံထားကြရကုန်သော မြန်မာနိုင်ငံသားများ ( open-mind ရှိကြကုန်သော မိတ်ဆွေတွေကို မဆိုလို) ၊ အထူးသဖြင့် အယူလွဲနေ ကြကုန်သော လူငယ် မြန်မာစစ်ဗိုလ်များ ကို ဖတ်စေချင်မိပါသည်။

တကယ်တော့ အထက်ပါယဉ်ကျေးမှုသည် အမေရိကန်တပြည်ထောင်စုလုံးသို့ ပျံ့နှံ့သက်ရောက် သော အမေရိကန် ယဉ်ကျေးမှုကြီး ဖြစ်ပါသည်။ သူတို့၏ ယဉ်ကျေးမှု တချို့ကို မကြိုက်သော် လည်း အမေရိကန် ယဉ်ကျေးမှုကြီး တခုလုံးကိုတော့ဖြင့် ကျနော် နှစ်ခြိုက်မိပါသည်။ ထို့ကြောင့် သည်လို ယဉ်ကျေးမှုမျိုး ကျနော်တို့ဆီမှာလည်း ထွန်းကားစေချင်မိသဖြင့် ရေးလိုက်ပါသည်။ ရွှေအစစ်ဆိုလျှင်တော့ အမေရိကန် ကထွက်တဲ့ရွှေကိုလည်း ကိုယ့်တိုင်းပြည်ထဲ တင်သွင်းသင့် သလောက် အတိုင်းအတာထိ တင်သွင်း ရမည် သာ ဟုယူဆပါသည် ။ ကောင်းမြတ်မှုမှန်လျှင် အစွဲကင်းစွာ ချစ်ခင်နိုင်ကြပါစေသောဝ်။)