[ တကယ်တော့ စစ်အစိုးရ အဆက်ဆက်က လိမ်ရေးသလို မြန်မာပြည်မှာ ၂-၃-၆၂ ရက်နေ့ အပူတပြင်း အာဏာသိမ်းရလောက်အောင် တိုင်းပြည်ချောက်ထဲကျတော့မဲ့ ဘာအန္တရာယ်မှ ရှိမနေခဲ့ပါဘူး။ အောက်ပါ စာအုပ်ကို ပြန်လည်မျှဝေတာဖြစ်လို့ အဲဒီမူလ ပိုင်ရှင်များကို ကျေးဇူးတင် ပါတယ်။ ]
"ပြည်ထောင်စု စစ်စစ်မူ" ( ဖက်ဒရယ်မူ )
( ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး ဝါဒမှသည် စစ်မှန်သော ပြည်ထောင်စု စနစ်ဆီသို့၊ စာစဉ် - ၉ )
ထုတ်ဝေသူ - ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်း
UNDP Press, Chiang Mai, Thailand, 2005
....................................................................................................
မြန်မာနိုင်ငံမှာ စစ်အစိုးရအဆက်ဆက်လက်ထက် လုပ်ကြံရေးသားထားတဲ့ မြန်မာ့သမိုင်းများက ၁၉၆၂ ခုနှစ် ဝန်ကြီးချုပ်ဦးနု လက်ထက်မှာ ရှမ်း ဦးစီးတဲ့ တိုင်းရင်းသားလူမျိုးစုတွေက ပြည်ထောင်စုထဲက ခွဲထွက်ရေး “ဖက်ဒရယ်မူ” ကို တင်လာကြလို့ ပြည်ထောင်စုကြီး ပြိုကွဲတော့မှာကို လက်ပိုက်ကြည့်မနေနိုင်တာနဲ့ တပ်မတော်က ၁၉၆၂ ခုနှစ် မတ်လ ၂ -ရက်နေ့မှာ အာဏာသိမ်းခဲ့ရတာပါလို့ ဆိုပါတယ်။ သူတို့သာ သမိုင်းကို လိမ်မထားရိုးမှန်ရင် အဲဒီ ဖက်ဒရယ်မူကို "ဟောဒီမှာ ကြည့်ကြ၊ ဟောဒီလိုဆိုးတာ၊ လူနည်းစု တိုင်းရင်းသားတွေက ဟောဒီလို တောင်းခဲ့ကြတာ၊ ခြိမ်းခြောက်ခဲ့ကြတာလေ" လို့ primary source ကို ရဲရဲဝံ့ဝံ့ ပြဝံ့သင့်ပါတယ်။ အခုတော့ သူတို့က လိမ်ထားတော့ တကယ်ကြောက်စရာမှ မဟုတ်တဲ့ "ဖက်ဒရယ်မူ" ကို လူတွေရှေ့ ထုတ်မပြရဲကြပါဘူး။ အဲဒါကြောင့် ၁၉၆၂ ခုနောက်ပိုင်းမွေးတဲ့ လူငယ်လူလတ်တွေ အဲဒီမူကို မြင်ဖူး၊ ဖတ်ဖူးတဲ့သူ နည်းတယ်လို့ထင်မိပါတယ်။ (စစ်အစိုးရ အဆက်ဆက်ဟာ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာရတဲ့ ပင်လုံစာချုပ်ကိုလည်း ကိုယ့်ပြည်သူတွေရှေ့ ထုတ်မပြဝံ့ကြပါဘူး။)
ဒါကြောင့် ၂၄-၂-၁၉၆၂ ရက်နေ့မှာ တိုင်းရင်းသားလူနည်းစုများအားလုံးကိုယ်စား ( သူတို့ရဲ့ တရားဝင် ကိုယ်စားလှယ် ) ပြည်နယ်များ ညီညွတ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဝန်ကြီး သတိုးမဟာသရေစည်သူစောခွန်ချို (ရှမ်း) က နိုင်ငံတော် ဝန်ကြီးချုပ်ဦးနု ရှေ့မှောက်မှာ အင်မတန် ယဉ်ကျေးချေငံစွာ အဲဒီ "ဖက်ဒရယ်မူ" ကို စတင်တင်ပြခဲ့ပြီး ဗိုလ်နေဝင်း အာဏာမသိမ်းခင် တရက်အလို (၁-၃-၁၉၆၂ ) အထိ ကျနော်တို့ မြန်မာပြည်မှာ အဲဒီကိစ္စနဲ့ပတ်သက်လို့ရှမ်း၊ ကချင်၊ ချင်း၊ ကယား ကိုယ်စားလှယ်တွေနဲ့ ပမညတဥက္ကဌ ဝိဒူရသခင်ချစ်မောင်၊ ဖဆပလ (တည်မြဲ) ဥက္ကဌ ဦးဗဆွေတို့ ဒီမိုကရေစီနည်းကျကျ ဘယ်လိုဆွေးနွေးနေခဲ့ကြသလဲ ဆိုတာကို မူရင်းအတိုင်း ( ချောင်းဟန့်သံ မပါတာကလွဲလို့ ) ပြန်လည် ဝေမျှပေးလိုက်ပါတယ်။
မေတ္တာဖြင့်
ပြည်ကောင်းအောင်
…………………………………………………………………………………………………………………….
အပိုင်း (၁) မှ ကောက်နှုတ်ချက်များ
“ပြည်မသားတွေ၊ ပြည်နယ်သားတွေ အားလုံး နိုင်ငံရေးသံဝေဂ ရကြဖို့အတွက် ကျနော် (၁)နှစ်လောက် တုန်းက ကြည့်ခဲ့ရဖူးတဲ့ “ယမနေမယ်” ပြဇာတ်ကလေးကို ကျနော် ဒီနေရာက တင်ပြလိုပါတယ်။ လူကြီးမင်းများခင်ဗျား။ ရှေးတုန်းက ‘ဘရုတ်သုက္ခတိုင်းပြည်’ ဆိုတာ ရှိပါတယ်။ အဲဒီ ဘရုတ်သုက္ခ တိုင်းပြည်ရဲ့ ‘ငါတကော’ နယ်က ‘ဒူလာဘို’၊ ‘ငါတဗိုလ်’နယ်က ‘အို လေလေ့’၊ ‘ငါတလူ’နယ်က ‘ငတွတ်ကြီး’၊ ‘ငါတမင်း’နယ်က ‘ဗြောင်နောင့် ဗြောင်နောင်’၊ ‘ငါ့မြင်း ငါစိုင်း’ နယ်က ‘ဘုရင် ဘုနောင်-တတ်ဗိန်’ဆိုတဲ့ ပညာသင်(၅)ဦးဟာ တက္ကသိုလ် ဆရာကြီး ‘ဦးဂျမ်းထိ’ ဆီမှာ ပညာသွားသင်ကြ ပါတယ်” ( ဝန်ကြီးချုပ် ဦးနု )
“ကျနော်များကလည်း ပြည်မရှိ နောင်တော်ကြီးများကို ရှင်းလင်းတင်ပြကြတဲ့အခါ စိတ်ရှည်လက်ရှည်နဲ့ မိမိကြုံတွေ့နေတဲ့ ကြုံတွေ့နေရပုံတွေကို တင်ပြကြပါရန် မေတ္တာရပ်ခံလိုပါတယ်။ ပြည်နယ်များရဲ့ ပြဿနာကို စဉ်းစားကြတဲ့အခါမှာလည်း ‘ပြည်ထောင်စု မပြိုကွဲရေး၊ ပြည်ထောင်စုကြီး ညီညွတ်ရေး’ ဆိုတဲ့ အခြေခံမူအပေါ်မှာတည်ပြီး စဉ်းစားကြပါရန် တောင်းပန်လိုပါတယ်” ( ပြည်နယ်များညီညွတ်ရေး အဖွဲ့ ဥက္ကဋ္ဌ၊ ဝန်ကြီးသတိုးမဟာသရေစည်သူ စောခွန်ချို )
ပြည်ထောင်စု ကြန်အင်လက္ခဏာနှင့် ပြည့်စုံသည့် ပြည်ထောင်စု ပြုပြင်ဖွဲ့စည်းမှသာလျှင် အမျိုးသား စည်းလုံးညီညွတ်မှုကြီး ခိုင်မြဲမယ်၊ ပြည်ထောင်စု ကြီးလည်း တည်တန့်မယ်လို့ တထစ်ချယုံကြည်ကြ ပါတယ်။
ကျနော်များ ဖက်ဒရယ်ခေါ်တဲ့ ပြည်ထောင်စုစစ်စစ် ပြန်လည်ဖွဲ့စည်းရန် အဆိုပြုခြင်းဟာ လူမျိုးရေးကို နှိုးဆွပေးခြင်း မဟုတ်ပါ။ (Confederation)ခေါ်တဲ့ အလွန်မြင့်မားတဲ့ ပြည်ထောင်စုဖွဲ့ရန် အရေးဆို ခြင်းလည်း မဟုတ်ပါ။ အမျိုးသား စည်းလုံးညီညွတ်မှုကို တကယ်ရယူနိုင်သော ပြည်ထောင်စုစစ်စစ်ကို ဖွဲ့စည်းခြင်းသာ မှန်ကန်သည်ဟု ယုံကြည်ခြင်း ဖြစ်သည့်အတွက် တင်ပြရခြင်းဖြစ်ပါတယ်။

( ကချင်ပြည်နယ် ကိုယ်စားလှယ် ဒူးဝါးဇော်လွန်း )
“ကျနော်တို့ရဲ့ နောင်တော်ကြီးတွေဖြစ်တဲ့ ပြည်မခေါင်းဆောင်ကြီးများကို ကျနော် အလေးအနက် မေတ္တာရပ်ခံချင်တာက နောင်တော်တွေရဲ့ သဘောထားကြီးမှုကို ထင်ရှား အောင်ပြကြပါ။ ပညာရှိ သတိနဲ့လည်း စဉ်းစားဝေဖန်ကြပါ။ ကျနော်တို့ ဝိုင်းဝန်းတည်ဆောက်တဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုကြီး မပြိုကွဲအောင်လည်း ထိန်းသိမ်း စောင့်ရှောက်တော်မူကြပါလို့ လေးနက်စွာ တောင်းပန် ပြောရင်း ကျနော် နိဂုံးချုပ်လိုက်ပါတယ်” (ချင်းအထူးဝိသေသတိုင်း ကိုယ်စားလှယ် မဟာသရေစည်သူ ကပ္ပတိန်မန်းတုံနုန်း )
“နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ ညီအကို ကိုယ်စားလှယ်တော်များခင်ဗျား။ ကျနော်တို့ ပြည်ထောင်စုစစ်စစ်မူ တင်ပြ တောင်းဆိုတာဟာ ဗမာပြည်မအပေါ် အနိုင်ကျင့်လိုတဲ့သဘောမျိုး၊ အကြပ်ကိုင်လိုတဲ့ သဘော မျိုး၊ အခွင့်ထူး ပိုတောင်းလိုတဲ့သဘောမျိုးနဲ့ တောင်းဆိုခဲ့တာ မဟုတ်ပါဘူး။ ကျနော်တို့ပြည်နယ်များ ဟာ ပြည်မနဲ့ တန်းတူမရှိ ဖြစ်နေတာကို တန်းတူမှုရှိလာအောင် တောင်းဆိုနေကြခြင်းသာ ဖြစ်ပါ တယ်။” ( ရှမ်းကိုယ်စားလှယ် ဦးထွန်းမြင့် )
“ကျနော်တို့ရဲ့စေတနာကို ဤမျှနဲ့ဘဲ သိလောက်ပါပြီ။ အမျိုးသားညီညွတ်ရေး၊ တရားမျှတရေး၊ လွတ်လပ်ရေး၊ ညီမျှရေးကို အစွမ်းကုန် ပေးစွမ်းနိုင်တဲ့ ပြည်ထောင်စုကြီး ဖြစ်ပေါ်လာအောင် ဝိုင်းဝန်း ပြီး ပါရမီအပြန်အလှန်ဖြည့်ကြပါလို့ ညီငယ်အနေဖြင့် တိုက်တွန်းရင်း ချမ်းသာသုခအပေါင်းနဲ့ ပြည်စုံကြ ပါစေဆိုတာ ဆုတောင်းရင်း နိဂုံးချုပ်ပါရစေ” ( ကယားပြည်နယ် ကိုယ်စားလှယ် မဟာသရေစည်သူ ဦးစိန် )
……………………………………………………………………………………………………………………………….
ပြည်နယ်များညီညွတ်ရေးအဖွဲ့မှ တင်သွင်းသော
ပြည်ထောင်စု စစ်စစ်မူ
( “ဖက်ဒရယ်မူ” (ဝါ) “ခွဲထွက်ရေးမူ”ဟု နောင်အခါ နာမည်ဖျက်ခံရသည့်မူ )
မာတိကာ
အပိုင်း ( ၁ )
( ၂၄၊ ၂၊ ၁၉၆၂ )ရက်နေ့ အစည်းအဝေး
၁။ ၁၉၆၂ ခုနှစ် ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့ ရန်ကုန်မြို့ ပြည်လမ်း အသံလွှင့်ရုံ ခန်းမဆောင်အစည်းအဝေး အစီအစဉ်၊
၂။ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု၏ အဖွင့်မိန့်ခွန်း၊
၃။ ပြည်နယ်များ ညီညွတ်ရေးအဖွဲ့ မှ တင်သွင်းသော “ပြည်ထောင်စုစစ်စစ်မူ” ( ဖက်ဒရယ်မူ ) ကို ရှမ်းပြည်နယ်ဥက္ကဋ္ဌ၊ ဝန်ကြီး သတိုးမဟာသရေစည်သူ စောခွန်ချိုမှ တင်သွင်းခြင်း၊
၎။ ကချင်ပြည်နယ် ကိုယ်စားလှယ် ဒူးဝါးဇော်လွန်း၏ ဆွေးနွေးတင်ပြချက်၊
၅။ ချင်းအထူးဝိသေသတိုင်း ကိုယ်စားလှယ် မဟာသရေစည်သူ ကပ္ပတိန်မန်းတုံနုန်း၏ ဆွေးနွေး တင်ပြချက်၊
၆။ ရှမ်းပြည်နယ် ကိုယ်စားလှယ် ဦးထွန်းမြင့်(တောင်ကြီး) ၏ ဆွေးနွေးတင်ပြချက်၊
၇။ ကယားပြည်နယ် ကိုယ်စားလှယ် မဟာသရေစည်သူ ဦးစိန် ၏ ဆွေးနွေးတင်ပြချက်၊
အပိုင်း ( ၂ )
(၁၊ ၃၊ ၁၉၆၂)ရက်နေ့အစည်းအဝေး
၈။ ၁၉၆၂ ခုနှစ် မတ်လ (၁) ရက်နေ့တွင် ကျင်းပသော ဆွေးနွေးပွဲတွင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု၏ အဖွင့်အမှာစကား ( ဝန်ကြီးချုပ်ဦးနု၏ နောက်ဆုံးမိန့်ခွန်း )
၉။ ပ.မ.ည.တ ဥက္ကဌ ဝိဓူရ သခင်ချစ်မောင်၏ ဆွေးနွေး တင်ပြချက်၊
၁၀။ ဖ.ဆ.ပ.လ အဖွဲ့ချုပ် ဥက္ကဌ ဦးဘဆွေ၏ ဆွေးနွေးတင်ပြချက်၊

…………………………………………………..
အပိုင်း ( ၁ )
အခန်း ( ၁ )
၁၉၆၂ ခုနှစ် ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့ ရန်ကုန်မြို့ ပြည်လမ်း အသံလွှင့်ရုံ ခန်းမဆောင် အစည်းအဝေး အစီအစဉ်၊
အခမ်းအနားမှူး။ ။
ယခုအချိန်ကစပြီး ပြည်နယ်များနှင့်ပတ်သက်သော နှီးနှောဖလှယ်ပွဲကြီးကို စတင်ကျင်းပပါတော့မယ်။ ဒီနှီးနှောဖလှယ်ပွဲမှာ နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုက သဘာပတိအဖြစ်နဲ့ဆောင်ရွက်ပြီးတော့ ကျနော်က အခမ်းအနားမှူး အဖြစ်နဲ့ ဆောင်ရွက်ပါ့မယ်။
ဒီနေ့ ပထမနေ့အစီအစဉ်မှာတော့ -
(၁) ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံကို အလေးပြုခြင်း၊
(၂) ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများကို အလေးပြုခြင်း၊
(၃) နိုင်ငံတော်ဝန်ကြီးချုပ်၏ မိန့်ခွန်း၊
(၄) ရှမ်းပြည်နယ်ဥက္ကဋ္ဌကြီး၊ ဝန်ကြီး သတိုးမဟာသရေစည်သူ စောခွန်ချိုက ဖယ်ဒရယ်မူကို တင်ပြဆွေးနွေးရန်၊
(၅) ကချင်ပြည်နယ်ကိုယ်စားလှယ် ဒူးဝါးဇော်လွန်းက ထောက်ခံတင်ပြရန်၊
(၆) ချင်းအထူးဝိသေသတိုင်းကိုယ်စားလှယ် မဟာသရေစည်သူ ကပ္ပတိန် မန်းတုံနုန်းက ထောက်ခံရန်၊
(၇) ရှမ်းပြည်နယ်ကိုယ်စားလှယ် ဦးထွန်းမြင့်(တောင်ကြီး)က ထောက်ခံရန်၊
(၈) ကယားပြည်နယ်ကိုယ်စားလှယ် မဟာသရေစည်သူ ဦးစိန်က ထောက်ခံရန်။
ယခုအခမ်းအနားကို နိုင်ငံတော်အလံနှင့်ကျဆုံးလေပြီးသောခေါင်းဆောင်ကြီးများကို အလေးပြုရန် အားလုံး လူကြီးမင်းများ မတ်တတ်ထတော်မူပါ။
ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံကို အလေးပြု။
နေမြဲ။
ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများအား အလေးပြု။
နေမြဲ။
အားလုံး ထိုင်နိုင်ပါတယ်။

……………………………………………………………………………………………………………………….
အခန်း ( ၂ )
နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု၏ အဖွင့်မိန့်ခွန်း
( ခုချိန်ကစပြီးတော့ နိုင်ငံတော်ဝန်ကြီးချုပ်က မိန့်ခွန်းမြွက်ကြားပါလိမ့်မယ်။ )
လူကြီးမင်းများခင်ဗျား။
ဒီကနေ့ဒီနေရာမှာ ကျနော်တို့ စုဝေးကြတာဟာ ပြည်နယ်များ ညီညွတ်ရေးအဖွဲ့ကတင်ပြတဲ့ ဖယ်ဒရယ် မူကို ဆွေးနွေးကြဖို့ဘဲ ဖြစ်ပါတယ်။ ဒီမူနဲ့ပတ်သက်လို့ ဘယ်လိုသဘော ထားတယ် ဆိုတာကို ထုတ် ဖော် ပြောပြဖို့ အစိုးရအဖွဲ့ရဲ့ ခေါင်းဆောင်အနေနဲ့ ကျနော့်မှာ တာဝန်ရှိပါတယ်။
ဒါပေမယ့် ကျနော်ပြောဖို့ အချိန်မရောက်သေးတဲ့အတွက် ကျနော့်သဘောထားကို ဒီကနေ့ ကျနော် ထုတ်ဖော် မပြောသေးပါဘူး။ ကျနော် ထုတ်ဖော်ပြောဖို့ အချိန်ရောက်လာတဲ့အခါ ကျနော် ပြောပါ့မယ်။
လူကြီးမင်းများခင်ဗျား။ ဆွေးနွေးပွဲကို ကျနော်တို့ ဒီလိုစီစဉ်ထားပါတယ်။ ဒီကနေ့ ကျနော် အစည်း အဝေးဖွင့် မိန့်ခွန်းကို ပြောပြီးတဲ့နောက် ရှမ်းပြည်နယ်ဥက္ကဋ္ဌကြီး စောခွန်ချို က ဖယ်ဒရယ်မူကို တင် သွင်းပါလိမ့်မယ်။ ဒီဖယ်ဒရယ်မူကို (၁)ဒူးဝါးဇော်လွန်း-ကချင်ပြည်နယ် ကိုယ်စားလှယ်၊ (၂)ကပ္ပတိန် မန်းတုံနုံး၊ ချင်း အထူးဝိသေသတိုင်းကိုယ်စားလှယ်၊ (၃)ဦးထွန်းမြင့်(တောင်ကြီး)၊ ရှမ်းပြည်နယ် ကိုယ်စားလှယ်၊ (၄)ဦးစိန်- ကယားပြည်နယ် ကိုယ်စားလှယ်တို့က ထောက်ခံကြပါလိမ့်မယ်။
ဒီမိန့်ခွန်းနှစ်ရပ်ကို ပြောကြားပြီးတဲ့နောက် ဆွေးနွေးပွဲကို မတ်လ(၁)ရက်၊ ကြာသပတေးနေ့ ညနေ (၆)နာရီအထိ ရွှေ့ဆိုင်းထားပါ့မယ်။ ဒီလိုရွှေ့ဆိုင်းထားတာဟာ တခြားကြောင့်မဟုတ်ပါဘူး။ ဖယ်ဒရယ်မူနဲ့ ပတ်သက်ပြီး ပြည်နယ် ဥက္ကဋ္ဌကြီး စောခွန်ချိုနဲ့ ဒူးဝါးဇော်လွန်း၊ ကပ္ပတိန်မန်းတုံနုန်း၊ ဦးထွန်းမြင့်၊ ဦးစိန်တို့ တင်ပြပြောကြားသွားတဲ့ အချက်တွေကို ပမညတ၊ ဖဆပလ၊ ရပလဖ၊ ပထစ ခေါင်းဆောင်များနဲ့ နိုင်ငံတော်အစိုးရ အတိုင်ပင်ခံအဖွဲ့ဝင်များက သေသေချာချာ လေ့လာနိုင်ဖို့အတွက် အချိန်ပေးချင်တာကြောင့်မို့ ဖြစ်ပါတယ်။
လူကြီးမင်းများခင်ဗျား။ မတ်လ(၁)ရက်၊ ကြာသပတေးနေ့ ညနေ(၆)နာရီ ဒီနေရာမှာဘဲ အစည်းအဝေး ပြန်စတဲ့အခါ (၁)ပမညတ၊ (၂)ဖဆပလ၊ (၃)ရပလဖ၊ (၄)ပထစ အဖွဲ့တွေကို ကိုယ်စားပြုတဲ့ ကိုယ်စား လှယ်တဦးစီက အခုဖော်ပြထားတဲ့ အစီအစဉ်အတိုင်း ဖယ်ဒရယ်မူနဲ့ပတ်သက်ပြီး ထားရှိတဲ့ အဖွဲ့ရဲ့ သဘောထားများကို တင်ပြပါလိမ့်မယ်။ ဒီနိုင်ငံရေး အဖွဲ့များရဲ့ ကိုယ်စားလှယ်များ ပြောကြားပြီးတဲ့ နောက် အစိုးရအတိုင်ပင်ခံအဖွဲ့ကိုယ်စား အဂ္ဂမဟာသီရိသုဓမ္မ ဒေါက်တာဦးဘဦးက အတိုင်ပင်ခံ အဖွဲ့ရဲ့ သဘောထားကို တင်ပြပါလိမ့်မယ်။
လူကြီးမင်းများခင်ဗျား။ အခုပြောခဲ့တဲ့ နိုင်ငံရေးအဖွဲ့တွေနဲ့ အတိုင်ပင်ခံအဖွဲ့ရဲ့ ကိုယ်စားလှယ်တွေဟာ သူတို့ ပြောစရာ ရှိတာတွေကို တနေ့ထဲပြောလို့ ပြီးချင်မှ ပြီးပါလိမ့်မယ်။ အဲဒီလို မပြီးရင် နောက် ထပ် သင့်တော်တဲ့ရက်တွေကို ထပ်ပြီး ချိန်းပေးပါ့မယ်။
လူကြီးမင်းများခင်ဗျား။ ဒီကိုယ်စားလှယ်ကြီးများ ပြောလို့ပြီးတဲ့အခါ (၁)ပြည်နယ်များညီညွတ်ရေးအဖွဲ့မှ ကိုယ်စားလှယ် ၆ ဦး၊ (၂)ပမညတကိုယ်စားလှယ် ၃ ဦး၊ (၃) ဖဆပလကိုယ်စားလှယ် ၃ ဦး၊ (၄) ရပလဖ ကိုယ်စားလှယ် ၃ ဦး၊ (၅)ပထစ ကိုယ်စားလှယ် ၃ ဦးနဲ့ (၆)အတိုင်ပင်ခံ အဖွဲ့ဝင်လူကြီးများ ပါဝင်တဲ့ကော်မတီတခုကို ဖွဲ့ပေးပါ့မယ်။ ဒီကော်မတီမှာ ကျနော်က နာယက လုပ်ပါ့မယ်။
လူကြီးမင်းများခင်ဗျား။ အဲဒီကော်မတီက ဖယ်ဒရယ်မူနဲ့ပတ်သက်ပြီး ဆွေးနွေးစရာရှိတဲ့ အချက်တွေကို ဆွေးနွေးပြီးတဲ့အခါ ရရှိတဲ့ သဘောတူညီချက်တွေကို ဒီဆွေးနွေးပွဲမှာ အစီရင်ခံပါလိမ့်မယ်။ စေ့စပ်လို့ မရနိုင်တဲ့ သဘောကွဲလွဲချက်များ ရှိရင်လည်း ဒီဆွေးနွေးပွဲမှာဘဲ အစီရင်ခံပါ့မယ်။
လူကြီးမင်းများခင်ဗျား။ အစီရင်ခံစာတွေကို ကြည့်ပြီးမှဘဲ နောက်ထပ် ဘာတွေ ဆက်ပြီး လုပ်သွားကြ မယ်ဆိုတာကို ဒီဆွေးနွေးပွဲမှာ ဆက်လက်ပြီး တိုင်ပင်ဆွေးနွေးကြပါ့မယ်။
လူကြီးမင်းများခင်ဗျား။ ဆွေးနွေးပွဲရဲ့အစီအစဉ်တွေနဲ့ပတ်သက်ပြီး အခုချိန်အခါမှာ ကျနော် ဒီလောက် ဘဲ ပြောချင်ပါ သေးတယ်။ ဒါပေမယ့် အခုလို အခွင့်ကောင်းရတဲ့အခါ ပြည်ထောင်စု တည်တန့်ခိုင်မြဲ ရေးနဲ့ပတ်သက်ပြီး အရေးကြီးတဲ့စကား တခွန်းနှစ်ခွန်းလောက်ကို ကျနော်ပြာချင်ပါတယ်။
လူကြီးခင်းများခင်ဗျား။ ဒီကနေ့ကစပြီး ဒီဆွေးနွေးပွဲမှာ ဆွေးနွေးမယ့်ပြဿနာဟာ တခြား မဟုတ် ပါဘူး။ ပြည်ထောင်စုကြီး တည်တန့်ခိုင်မြဲရေးဘဲ ဖြစ်ပါတယ်။ ဒီပြဿနာကြီးကို ပြည်ထောင်စုကြီး စတင်တည်ထောင်ခဲ့တဲ့ ကျနော်တို့တတွေရဲ့ လက်ထက်မှာမှ ကျေကျေလည်လည် ပြေရှင်းသွား အောင် ကျနော်တို့ မဖြေရှင်းနိုင်ဘူးဆိုရင် နောက်လက်ထက်တွေ မှာတော့ ဘယ်နည်းနဲ့မှ ဖြေရှင်း နိုင်မှာမဟုတ်ဘူးလို့ ကျနော် တထစ်ချယူဆထားသလို လူကြီးမင်းများလည်း ယူဆထားပြီးပြီဆိုတာ ကျနော်ယုံကြည်ပါတယ်။ ဒီပြည်ထောင်စုကြီးသာ ပြိုကွဲသွားမယ်ဆိုရင် ပြည်နယ်သားတွေ အတွက် ရော၊ ပြည်မသားတွေအတွက်ရော ဘယ်သူ့ အတွက်မှ အမြတ်ထွက်မှာ မဟုတ်ဘူး။ အရှုံးသာထွက် မယ်လို့ ကျနော် တထစ်ချယူဆထားသလို လူကြီးမင်းများလည်း ယူဆထား ပြီးပြီဆိုတာ ကျနော် ယုံကြည်ပါတယ်။ အဲဒီတော့ လူကြီးမင်းများခင်ဗျား။ ဒီလောက်အရေးကြီးတဲ့ပြဿနာကို ဖြေရှင်းတဲ့ အခါမှာ ပြည်ထောင်စုကြီးကို စတင်တည်ထောင်ခဲ့တဲ့ ကျနော်တို့တတွေဟာ ကျနော်တို့ အပေါ်မှာ ကျရောက်နေတဲ့တာဝန်ကြီးတွေကို အမြဲတမ်းမျက်ချည်မပြတ်ဖို့ ကျနော် သတိ ပေးလိုပါတယ်။ ဒီပြဿနာကြီးကို မဖြေရှင်းနိုင်ရင် ကျနော်တို့နဲ့တကွ ကျနော်တို့ရဲ့ နောင်လာနောက်သားတွေ ရင်ဆိုင်ကြရတော့မယ့် ဘေးတွေ၊ ရန်တွေ၊ အန္တရာယ်တွေကိုလည်း အမြဲတမ်း မျက်ချည်မပြတ်ဖို့ ကျနော် ထပ်မံ သတိပေးလိုပါတယ်။
လူကြီးမင်းများခင်ဗျား။ ဆွေးနွေးပွဲဆိုတာ အကြမ်းအားဖြင့် နှစ်မျိုးနှစ်စားရှိပါတယ်။ တမျိုးကတော့ ရန်သူအချင်းချင်း ဆွေးနွေးပွဲဖြစ်ပြီး၊ တခြားတမျိုးကတော့ မိသားစု ချင်းဆွေးနွေးပွဲဖြစ်ပါတယ်။ မိသားစုဆွေးနွေးပွဲမျိုးဆိုတာ ရန်သူအချင်းချင်း စားပွဲခုံ မှာထိုင်ပြီး ဆွေးနွေးကြတဲ့ ဆွေးနွေးပွဲမျိုးနဲ့ မတူပါဘူး။ ရန်သူအချင်းချင်း ထိုင်ပြီး ဆွေးနွေးကြတဲ့အခါ ကိုယ်ယူဆတာသာ မှန်တယ်၊ မှန်ရမယ်၊ ကိုယ်ယူဆတာသာ အောင်ရမယ်၊ ဒီလိုမအောင်ရင် ဘယ်သူသေသေ ချမယ်ဆိုတဲ့ စိတ်ဓါတ်မျိုး နှစ်ဖက်စလုံးမှာရှိပါတယ်။ မိသားစုချင်း ဆွေးနွေးကြတဲ့ ဆွေးနွေးပွဲမျိုးကတော့ ဒီမိသားစုထဲမှာပါကြတဲ့ ညီအကိုမောင်နှမတတွေဟာ ကိုယ်လိုတာတွေ ကိုယ်တင်ပြကြတယ်၊ အဲဒီလိုတင်ပြတဲ့အခါမှာ သဘောကွဲလွဲချက်တွေ ရှိနေရင် တယောက်နဲ့တယောက် အပေးအယူလုပ်ပြီး သဘောကွဲလွဲချက် တွေကို ညှိနှိုင်းကြတယ်။
လူကြီးမင်းများခင်ဗျား။ အခုဆွေးနွေးပွဲဟာ မိသားစုဆွေးနွေးပွဲဖြစ်ရမယ်၊ ပြည်ထောင်စုမိသားစု ထဲမှာပါနေကြတဲ့ လူကြီးမင်းတို့ ကျနော်တို့အသီးသီးဟာ ကိုယ့်ရဲ့ထင်မြင် ယူဆချက်တွေကို အကုန်လုံးထုတ်ပြီး တင်ပြကြတာပေါ့။ ဒီလိုတင်ပြတဲ့အခါမှာ သဘောကွဲလွဲချက်တွေကတော့ ရှိရမှာပေါ့။ ဒီသဘောကွဲလွဲချက်တွေကို ကျနော်တို့ရဲ့အကျိုး၊ ပြည်ထောင်စုကြီးအကျိုးကို မျှော်ကိုးပြီး သဘောတူညီချက် မရ,ရအောင် ညှိနှိုင်းကြရမှာဘဲ။
လူကြီးမင်းများခင်ဗျား။ လူကြီးမင်းများ သိတော်မူတဲ့အတိုင်းပါဘဲ လွန်ခဲ့တဲ့ရွေး ကောက်ပွဲတုန်းက ဒီမိုကရေစီ တည်တန့်ခိုင်မြဲရေးဆိုတဲ့ ကြွေးကြော်သံနဲ့ ကျနော်တို့ ရွေးကောက်ပွဲဝင်ခဲ့ပါတယ်။ ကျနော် တို့မှာ လွတ်လပ်ရေးသာမရှိရင် ဘယ်နည်းနဲ့မှ ဒီမိုကရေစီလည်း ရှိနိုင်မှာ မဟုတ်တဲ့အတွက်၊ ဒီမို ကရေစီ တည်တန့်ခိုင်မြဲရေးအတွက် ကြိုးပမ်းတိုင်း ကြိုးပမ်းတိုင်း၊ လွတ်လပ်ရေး တည်တန့်ခိုင်မြဲရေး ကိုပါ ကျနော်တို့ ကြိုးပမ်းနေကြရပါတယ်။ နောက်ပြီးတော့လည်း ပြည်ထောင်စု တည်တန့်ခိုင်မြဲပါမှ ကျနော်တို့ရဲ့ လွတ်လပ်ရေးလည်း တည်တန့်ခိုင်မြဲမှာ ဖြစ်တဲ့အတွက် ဒီမိုကရေစီ တည်တန့်ခိုင်မြဲရေးနဲ့ လွတ်လပ်ရေး တည်တန့်ခိုင်မြဲရေးတို့ကို ကြိုးပမ်းဆောင်ရွက်တိုင်း ဆောင်ရွက်တိုင်း ပြည်ထောင်စုကြီး တည်တန့်ခိုင်မြဲရေးကိုပါ ကိုယ်စွမ်းရှိသရွေ့ ဉာဏ်စွမ်းရှိသရွေ့ ကျနော်တို့ ကြိုးပမ်း ဆောင်ရွက်နေရ ပါတယ်။
အဲဒီတော့ လူကြီးမင်းများနဲ့လက်တွဲပြီး ပြည်ထောင်စုတည်တန့်ခိုင်မြဲရေး၊ လွတ်လပ်ရေး တည်တန့် ခိုင်မြဲရေး၊ ဒီမိုကရေစီ တည်တန့်ခိုင်မြဲရေးတွေကို အမှန်တကယ်အကျိုး ဖြစ်စေနိုင်တဲ့ နည်းကောင်း လမ်းကောင်းတွေကို ကျနော်တို့ ရှာချင်ပါတယ်။ ဒီ နည်းလမ်းကောင်းတွေကို ကျနော်တို့တွေ့ရလို့ တဦးကိုတဦး လျှော့ပေးဖို့လိုလာရင် ပြည်မသားတွေနဲ့ ပြည်နယ်သားတွေဟာ တဦးကိုတဦး လျှော့ပေး ကြဖို့ ဝန်မလေးကြပါနဲ့။ ညီအကိုအချင်းချင်း သွေးချင်း သားချင်းတွေ အပေါ်မှာ တယောက်နဲ့ တယောက်၊ တဖက်နဲ့တဖက် လျှော့ပေးရတာ ဂုဏ်မငယ်ပါဘူး။ ဒီလို လျှော့ပေးရပေမယ့် ပြည်ထောင် စု ကြီးလည်း တည်တန့်ခိုင်မြဲလာမယ်၊ ပြည်ထောင်စုကြီး တည်တန့်ခိုင်မြဲလာတဲ့အတွက် လွတ်လပ် ရေးလည်း တည်တန့်ခိုင်မြဲလာမယ်၊ လွတ်လပ်ရေး တည်တန့်ခိုင်မြဲလာတဲ့အတွက် ဒီမိုကရေစီလည်း တည်တန့်ခိုင်မြဲလာ မယ်ဆိုရင် ကျနော်တို့ ပြည်ထောင်စုသား အားလုံးအဖို့ ဂုဏ်ယူစရာတောင် ဖြစ်ပါ လိမ့်ဦးမယ်။ အဲဒီတော့ ပြည်ထောင်စု တည်တန့်ခိုင်မြဲရေး၊ လွတ်လပ်ရေး တည်တန့်ခိုင်မြဲရေး၊ ဒီမို ကရေစီ တည်တန့်ခိုင်မြဲရေးကို အမှန်တကယ်အကျိုးပြုမယ့် နည်းကောင်းလမ်းကောင်းတွေကို ကျ နော်တို့စုပေါင်းပြီး၊ ကိုယ်စွမ်းရှိသရွေ့ ဉာဏ်စွမ်းရှိသရွေ့ ရှာဖွေကြရအောင်။
ဒီနည်းကောင်းလမ်းကောင်းတွေကို ရှာဖွေတဲ့အခါမှာ ပြည်မသားတွေရော၊ ပြည်နယ်သားတွေပါ မျက်ခြေမပြတ်သင့်တဲ့ အချက်ကြီးတချက်ကို ကျနော်တင်ပြလိုပါတယ်။ ဒီအချက်ကတော့ တခြားဟာ မဟုတ်ပါဘူး။ ကျနော်တို့ ရှာဖွေမယ့် နည်းလမ်းတွေဟာ တရားမျှတရေး၊ လွတ်လပ်ရေး၊ ညီမျှရေးဆိုတဲ့ လောကပါလတရား(၃)ပါးနဲ့ ပြည့်စုံနေတဲ့ နည်းလမ်းတွေ ဖြစ်ရမယ်ဆိုတဲ့ အချက်ဘဲဖြစ်ပါတယ်။
လူကြီးမင်းများခင်ဗျား။ ကျနော် နိဂုံးမချုပ်ခင် ပြည်ထောင်စုကြီးကို စတင် တည်ထောင်လာခဲ့ကြပြီး အကြောင်း အမျိုးမျိုးကြောင့် အခုအခါမှာ စိတ်ဝမ်းကွဲပြားနေကြတဲ့ ပြည်ထောင်စု ခေါင်းဆောင်တွေနဲ့ ပြည်မသားတွေ၊ ပြည်နယ်သားတွေ အားလုံး နိုင်ငံရေးသံဝေဂ ရကြဖို့အတွက် ကျနော်(၁)နှစ်လောက် တုန်းက ကြည့်ခဲ့ရဖူးတဲ့ “ယမနေမယ်” ပြဇာတ်ကလေးကို ကျနော် ဒီနေရာက တင်ပြလိုပါတယ်။
လူကြီးမင်းများခင်ဗျား။ ရှေးတုန်းက ‘ဘရုတ်သုက္ခတိုင်းပြည်’ဆိုတာ ရှိပါတယ်။ အဲဒီ ဘရုတ်သုက္ခ တိုင်းပြည်ရဲ့ ‘ငါတကော’ နယ်က ‘ဒူလာဘို’၊ ‘ငါတဗိုလ်’နယ်က ‘အို လေလေ့’၊ ‘ငါတလူ’နယ်က ‘ငတွတ်ကြီး’၊ ‘ငါတမင်း’နယ်က ‘ဗြောင်နောင့် ဗြောင်နောင်’၊ ‘ငါ့မြင်းငါစိုင်း’ နယ်က ‘ဘုရင် ဘုနောင်-တတ်ဗိန်’ဆိုတဲ့ ပညာသင်(၅)ဦးဟာ တက္ကသိုလ် ဆရာကြီး ‘ဦးဂျမ်းထိ’ ဆီမှာ ပညာသွားသင်ကြ ပါတယ်။
အဲဒီလိုပညာသင်တဲ့အခါ ပညာတော်သင် ‘အိုလေလေ့’က ရုပ်လုံးထုပညာမှာ တဖက်ကမ်းခတ် တတ်ပါတယ်။ ပညာတော်သင် ‘ငတွတ်ကြီး’က ပန်းချီပညာမှာ တဖက် ကမ်းခတ် တတ်ပါတယ်။ ပညာတော်သင် ‘ဗြောင်နောင့် ဗြောင်နောင်’က အရုပ်ကို အသက်သွင်းတဲ့ပညာမှာ တဖက်ကမ်းခတ် တတ်ပါတယ်။ ပညာတော်သင် ‘ဘုရင် ဘုနောင်-တတ်ဗိန်’က လေးအတတ်မှာ တဖက်ကမ်းခတ် တတ်ပါတယ်။ ပညာတော်သင် ‘ဒူလာဘို’ ကတော့ ဘာပညာမှ မတတ်ပါဘူး။ အဲဒီတော့ တက္ကသိုလ် ဆရာကြီး ‘ဦးဂျမ်းထိ’က ဘာပညာမှမတတ်တဲ့ ‘ဒူလာဘို’ကို ‘ယမနေသား’ သစ်တုံးတတုံးကိုပေးပြီး ပညာတော်သင်တွေ အားလုံးကို အိမ်ပြန်ခွင့် ပြုလိုက်ပါတယ်။
လမ်းရောက်တဲ့အခါ ‘ယမနေသား’ကို တက္ကသိုလ်ပြန် ‘အိုလေလေ့’က မိန်းမပျိုလေးအရုပ် ထုလိုက် ပါတယ်။ တက္ကသိုလ်ပြန် ‘ငတွတ်ကြီး’က အင်မတန်လှတဲ့ မိန်းကလေးတယောက် ဆေးခြယ်လိုက် တယ်။ တက္ကသိုလ်ပြန် ‘ဗြောင်နောင့်-ဗြောင်နောင်’ က အသက်သွင်းလိုက်တဲ့အတွက် ဒီမိန်းမပျို ရုပ်လေးဟာ အင်မတန်ချောပြီး အသက်ရှိတဲ့ မိန်းမပျိုလေး ဖြစ်လာပါတယ်။
အဲဒီအခါမှာ ကိုယ်ရွှေတက္ကသိုလ်ပြန်တွေဟာ ဒီမိန်းမပျိုလေးကို သူပိုင်ထိုက်တယ်၊ ငါပိုင်ထိုက်တယ်နဲ့ ဝိုင်းပြီး လုကြပါတယ်။ အဲဒီလို သူတို့ လုနေတုန်း ‘ဝဠာယက္ခ’ငှက်ဆင် တကောင်က အလစ်ဝင်ပြီး အုပ်လိုက်တာ ‘ယမနေမယ်’ လေးဟာ ငှက်ဆင်နောက် ပါသွားရှာပါတယ်။
အဲဒီအခါမှာ ကံကောင်းထောက်မပြီး တက္ကသိုလ်ပြန်‘ဘုနှောင်တတ်ဗိန်’က လေးနဲ့ ပစ်လိုက်တဲ့အတွက် ငှက်ဆင်ကြီး သေပြီး ‘ယမနေမယ်လေး’ပြန်ကျလာပါတယ်။ ဒါပေမယ့် တက္ကသိုလ်ပြန်တွေ အဝေ မတည့်တာနဲ့ အသက်သွင်းပေးတဲ့သူက အသက်ကို ပြန်ရုပ်သိမ်း၊ ပန်းချီဆေးခြယ်တဲ့သူက ဆေးတွေ ကို ပြန်ခြစ်၊ ပန်းပုဆရာကလည်း အရုပ်ကို ဖျက်နဲ့၊ လုပ်လိုက်ကြတာ အင်မတန်လှတဲ့ ‘ယမနေမယ်’ လေးဟာ ခုတ်ရာထစ်ရာတွေ၊ ခြစ်ရာဖဲ့ရာတွေ အပြည့်နေတဲ့ သစ်သားတုံး အပေါစားကြီး ဖြစ်သွားရ ရှာပါတယ်။
လူကြီးမင်းများခင်ဗျား။ တက္ကသိုလ်ပြန်တွေ မိုက်မဲတာကြောင့်‘ယမနေမယ်’ အပျိုချောလေးဟာ ကုတ်ရာခြစ်ရာဖဲ့ရာတွေနဲ့ ဒင်းကြမ်းဖြစ်နေတဲ့ သစ်သားတုံးအပေါစားကြီး ပြန်ဖြစ်သွားရသလို အချုပ် အချာအာဏာပိုင်နေတဲ့ ကျနော်တို့ ပြည်ထောင်စုကြီးဟာ ကျနော်တို့အားလုံးရဲ့မိုက်မဲမှုကြောင့် အင်မတန်အရုပ်ဆိုးလှတဲ့ ကျွန်ဘဝကို ပြန်ရောက်မသွားရ လေအောင် ကျနော်တို့အားလုံး ကိုယ်စွမ်းရှိ သရွေ့၊ ဥာဏ်စွမ်းရှိသရွေ့ ကြိုးစားကြပါစို့။ ။
( သြဘာသံများ )

……………………………………………………………………………………………………………………………
အခန်း ( ၃ )
ပြည်နယ်များ ညီညွတ်ရေးအဖွဲ့ မှ တင်သွင်းသော “ပြည်ထောင်စုစစ်စစ်မူ” ( ဖက်ဒရယ်မူ ) ကို ရှမ်းပြည်နယ်ဥက္ကဋ္ဌ၊ ဝန်ကြီး သတိုးမဟာသရေစည်သူ စောခွန်ချိုမှ တင်သွင်းခြင်း၊
အခမ်းအနားမှူး။ ။နံပါတ်(၄)အစီအစဉ်အရ ရှမ်းပြည်နယ်ဥက္ကဋ္ဌကြီး၊ ဝန်ကြီး သတိုးမဟာ သရေစည်သူ စောခွန်ချိုက “ဖယ်ဒရယ်မူ” ကို တင်ပြရန်ပါခင်ဗျ။ (သြဘာသံများ)
လေးစားအပ်တဲ့ သဘာပတိကြီး ဝန်ကြီးချုပ်ခင်ဗျား။ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ခင်ဗျား။ ပြည်နယ် ပေါင်းစုံမှ တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်တော်များနဲ့ ပြည်မ နိုင်ငံရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်တော်များခင်ဗျား။ ဤနှီးနှောဖလှယ်ပွဲမှာ ‘ပြည်နယ်များ ညီညွတ်ရေးအဖွဲ့’ ကိုယ်စား စကားပြောကြားခွင့်ရရှိတဲ့အတွက် များစွာ ကျေးဇူးတင် ဝမ်းမြောက်လှပါတယ်။ အခုလို စုံစုံညီညီ စုဝေးကြပြီးတော့ ပြည်နယ်များညီညွတ်ရေးအဖွဲ့က တင်ပြထားပြီးတဲ့ ပြည်ထောင်စုမူကိစ္စကို ဆွေးနွေးညှိနှိုင်းကြဖို့အတွက် နှီးနှောဖလှယ်ပွဲကြီး ပေါ်ပေါက်လာရတာ ကျနော့်အနေနဲ့အလွန်ဘဲ ဝမ်းသာ ကျေးဇူးတင်ပါတယ်။
ကျနော်တို့ ပြည်နယ်များညီညွတ်ရေးအဖွဲ့ကိုယ်စား ပြည်ထောင်စုမူ တင်ပြရန် တာဝန်ပေးအပ်တဲ့ အတိုင်း ကျနော်တင်ပြ ပြောဆိုမယ့် အချက်အလက်တွေကို နားဆင်ကြရတဲ့ ကိုယ်စားလှယ်များ အားလုံးဟာ မိသားစုစိတ်ဓါတ်ဖြင့် ယနေ့ ပေါ်ပေါက်နေတဲ့ ပြည်နယ်များ ပြဿနာကို အထူးစဉ်းစား ဝေဖန်ကြစေလိုပါတယ်။
ကျနော်များကလည်း ပြည်မရှိ နောင်တော်ကြီးများကို ရှင်းလင်းတင်ပြကြတဲ့အခါ စိတ်ရှည်လက်ရှည်နဲ့ မိမိကြုံတွေ့နေတဲ့ ကြုံတွေ့နေရပုံတွေကို တင်ပြကြပါရန် မေတ္တာရပ်ခံလိုပါတယ်။ ပြည်နယ်များရဲ့ ပြဿနာကို စဉ်းစားကြတဲ့အခါမှာလည်း ‘ပြည်ထောင်စု မပြိုကွဲရေး၊ ပြည်ထောင်စုကြီး ညီညွတ်ရေး’ ဆိုတဲ့ အခြေခံမူအပေါ်မှာတည်ပြီး စဉ်းစားကြပါရန် တောင်းပန်လိုပါတယ်။
ပထမဦးစွာ တင်ပြအစီရင်ခံလိုတာက ‘လက်ရှိပြည်ထောင်စုကြီး ဖြစ်ပေါ်လာပုံ’ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ပြည်ထောင်စု အကြောင်း စဉ်းစားလိုက်တိုင်း ပြည်ထောင်စုသားတိုင်း မမေ့သင့် မမေ့ထိုက်တဲ့အချက်ဟာဖြင့် (၁၉၄၇)ခုနှစ် ဖေဖေါ်ဝါရီလတွင် ကျင်းပခဲ့တဲ့ ‘ပင်လုံညီလာခံကြီး’ ပင်ဖြစ်ပါတယ်။
အဲဒီ ပင်လုံညီလာခံကြီးဟာ ယနေ့ ပြည်ထောင်စုကြီးကို ပေါက်ဖွားလာစေရန် အုတ်မြစ်ချခဲ့တဲ့ ညီလာခံကြီးလို့ ဆိုနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ပြည်ထောင်စုသားတွေအပေါ် အနှစ်နှစ်အလလ စိုးမိုးအုပ်ချုပ်လာတဲ့ နယ်ချဲ့ အင်္ဂလိပ် လက်အောက်ကနေပြီး လွတ်လပ်ရေး တောင်းဆိုဖို့အတွက် ပြည်နယ်ခေါင်းဆောင်များနဲ့ ပြည်မ ခေါင်းဆောင်များတို့က ညှိနှိုင်း အောင်မြင်လို့ အခုလို လွတ်လပ်တဲ့ပြည်ထောင်စုတခု ကမ္ဘာ့တိုင်းပြည်များထဲမှာ ပေါ်လွင်လာတဲ့အတွက် ကျနော်တို့ က ပင်လုံ ညီလာခံကြီးဟာ ပြည်ထောင်စုကြီးရဲ့ အခြေခံအုတ်မြစ်ချခဲ့တဲ့ ညီလာခံကြီး ဖြစ်ကြောင်း တင်ပြရခြင်းဖြစ်ပါတယ်။
အဲဒီပင်လုံညီလာခံကြီးမှာ ဘာတွေညှိနှိုင်းခဲ့ကြပြီး၊ ဘာတွေ အောင်မြင်ခဲ့ကြသလဲ ဆိုတာကို အကျဉ်း ချုပ်အားဖြင့် ဖော်ပြရမယ်ဆိုရင် လွတ်လပ်ရေးတောင်းဆိုတဲ့အခါ ညီညွတ်တဲ့အားဟာ အင်မတန် အရေးကြီးတဲ့အတွက် ပြည်မနဲ့ ကျန်တဲ့ ပြည်နယ်များဟာ ပြည်နယ်များအား တူညီအောင် ညှိနှိုင်းပြီး ညီညွတ်ရေးတည်ဆောက်ရမယ်၊ တည်ဆောက်ရမှာမို့ (၁)တန်းတူညီမျှအခွင့် အရေးရှိခြင်း၊ (၂) တောင်တန်းသားဒေသများတွင် ကိုယ်ပိုင်ပြဌာန်းခွင့် ရှိခြင်း၊ (၃)လွတ်လပ်ရေးရရှိပြီးနောက် ပြည်ထောင် စုမှ ခွဲထွက်လိုက ခွဲထွက်နိုင်ခြင်း စတဲ့ အခြေခံ(၃)ရပ်အပေါ် အဓိကထားပြီး ပြည်ထောင်စု တည်ဆောက်ရေးကို သဘောတူခဲ့ကြပါတယ်။
ဒီအခြေခံ(၃)ရပ်ကို သဘောတူခဲ့တဲ့အတွက် ကမ္ဘာကျော်ပင်လုံစာချုပ်ကို ချုပ်ဆို နိုင်ခဲ့ကြပါတယ်။ အဲဒီလို ပြည်နယ်များနဲ့ ပြည်မဟာ တစိတ်ထဲ တဝမ်းထဲရှိကြောင်း ပြသနိုင်ခဲ့လို့ဘဲ အင်္ဂလိပ်အစိုးရဟာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို လက်လွှတ် လိုက်ရပါတယ်။
ပင်လုံညီလာခံကြီးမှာ ပင်လုံစာချုပ်ချုပ်ဆိုပြီးနောက် Mr. Reese William ခေါင်းဆောင်ပြီး ပြည်မ/ပြည်နယ် ခေါင်းဆောင်များ ပါဝင်တဲ့ စုံစမ်းရေးကော်မတီမှာ အထက်ပါ အခြေခံမူ(၃)ရပ် အတိုင်း ပြည်မနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တညီတညွတ်တည်းလည်း သက်သေခံခဲ့ပါတယ်။ ဒီလို တညီတညွတ်တည်း ပူးပေါင်းဆောင်ရွက်ခဲ့တဲ့အတွက် နယ်ချဲ့သမားရဲ့ သွေးခွဲရေးလုပ်ငန်းဟာ ပျက်ပြယ်သွားပြီး မြန်မာပြည်ရဲ့လွတ်လပ်ရေးကို အမြန်ဆုံး ကမ္ဘာသို့ ကြေညာလာနိုင်ခဲ့ပါတယ်။
(၁၉၄၇)ခုနှစ် မေလမှာ ကျင်းပခဲ့တဲ့ ဖဆပလ ပဏာမပြင်ဆင်မှု ညီလာခံမှာလည်းဘဲ လူမျိုးစုတိုင်း တန်းတူရရှိရေးနဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံမှာလည်း အဲဒီတန်းတူရေးအပေါ် အခြေခံတဲ့ ပြည်ထောင်စု စစ်စစ်ဖြစ်ဖို့ လမ်းစဉ်ချမှတ်ခဲ့ပါတယ်။ လက်ရှိအခြေခံဥပဒေကြီး ရေးဆွဲကြဖို့ဆိုပြီး တိုင်းပြုပြည်ပြု လွှတ်တော်မှာ ပြည်မခေါင်းဆောင်ကြီးများ၊ ကိုယ်စားလှယ် တော်များနဲ့ ပြည်နယ်ခေါင်းဆောင် ကိုယ်စားလှယ်များက ဝိုင်းဝန်းစဉ်းစားကြတဲ့အခါ အနှစ်သာရဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လမ်းညွှန် (၇)ချက်အကျဉ်းချုပ်ကို ဖော်ပြခွင့်ပေးစေလိုပါတယ်။
အဲဒါက ဘာတွေလဲဆိုရင်
၁။ အချုပ်အချာအာဏာပိုင်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဖြစ်စေရမယ်၊
၂။ ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာ အပြည့်အစုံရှိသော ပြည်နယ်များ ပါဝင်သော ပြည်ထောင်စု ဖွဲ့စည်းစေရမယ်၊
၃။ အာဏာများဟာ တိုင်းသူပြည်သားတွေဆီက ဆင်းသက်လာစေရမယ်၊
၎။ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးတို့မှာ အယုတ်-အလတ်-အမြတ်မရွေး တန်းတူညီမျှမှုရှိစေရမယ်၊
၅။ လူနည်းစုကို အကာအကွယ်ပြုစေရမယ်၊
၆။ ပြည်ထောင်စုကြီး တည်တန့်ခိုင်မြဲရေး၊ အချုပ်အခြာအာဏာ စိုးမိုးရေးဆိုတာကို ဥပဒေအရ ထိန်းသိမ်းစောင့်ရှောက်မှု ရှိစေရမယ်။
၇။ ကမ္ဘာ့နိုင်ငံတကာနှင့် ရင်ပေါင်တန်း လိုက်နိုင်ရန်အတွက် ကြိုးစားပြီး ကမ္ဘာ့နိုင်ငံတွေနဲ့ ငြိမ်းချမ်းစွာဆက်ဆံရေးကို ရှေ့ရှုစေရမယ်ဆိုတဲ့ အဓိကအခြေခံ(၇)ချက်ဖြစ်ပါတယ်။
အဲဒီအခြေခံများကို အုတ်မြစ်ချပြီးတော့ ပြည်ထောင်စုသမတ မြန်မာနိုင်ငံတော်ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ရေးဆွဲကြရန် ဗိုလ်ချုပ်အောင်ဆန်းက လမ်းညွှန်ပြသခဲ့တဲ့အကြောင်း ကိုယ်စားလှယ် တော်များအားလုံး အသိဘဲ ဖြစ်ပါတယ်။ ဒီအချိန်အခါမှာ နိုင်ငံရေးအခြေအနေတွေကလည်း ရှုတ်ထွေး ပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ခေါင်းဆောင်များဟာ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရတဲ့အတွက် တပြည် လုံး ယူကြုံးမရ ဝမ်းနည်းကြေကွဲ ဖြစ်နေရတဲ့ အချိန်ဖြစ်လေတော့ လွတ်လပ်ရေးအတွက် ကြိုးပမ်းမှုမှာ စိတ်မချမ်းသာစရာတွေဖြစ်လာတာကြောင့်မို့ ကိုယ့် တိုင်းပြည်ရဲ့အခြေကို တိုင်းတပါးက ဝင်ရောက် မစွက်ဖက်နိုင်အောင် ကာကွယ်ကြရမှာဘဲဆိုပြီး ခပ်မြန်မြန်နဲ့ တိုင်းပြုပြည်ပြု လွှတ်တော်မှာ အခြေခံ ဥပဒေကို အငြင်းပွားမှုမထားဘဲ အလျင်စလို လက်ခံလိုက်ခြင်းဖြစ်ပါတယ်။
ပင်လုံညီလာခံကြီးက အစပြုပြီး အဆင့်ဆင့်တောင်းဆိုလာကြလို့ လွတ်လပ်ရေးတော့ လက်ဝယ် ရရှိပြီးပါပြီ။ ဒါပေမယ့်လို့ လွတ်လပ်ရေးရပြီးတဲ့ နောက်ပိုင်းမှာ ပင်လုံညီလာခံကြီးရဲ့အနှစ်သာရ၊ ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ပေးလိုက်တဲ့ လမ်းညွှန်နဲ့ ကိုက်ညီတယ်/မကိုက်ညီဘူးဆိုတာတွေကို ကျနော်တို့ လျှောက်လာခဲ့တဲ့(၁၄)နှစ်ကျော်ခရီးအပေါ် ပြန်လည် ဆန်းစစ်ဖို့ လိုအပ်ပါလိမ့်မယ်လို့ ယုံကြည်ပါတယ်။
ဒါကြောင့် ဒုတိယအချက်အနေနဲ့ ကျနော်တို့ပြည်နယ်များရဲ့ လက်ရှိခံစားနေရတဲ့ အခြေအနေတွေကို ယေဘူယျ သဘောအားဖြင့် အကျဉ်းချုပ်တင်ပြပါရစေ။ ပြည်နယ်များ၏ လက်ရှိအခြေအနေကို ကျနော်တို့က တင်ပြမှသာ နှီးနှောဖလှယ်ပွဲ တက်ရောက်ကြတဲ့ ကိုယ်စားလှယ်တော်များအားလုံးဟာ ပိုမိုပြည့်စုံစွာ စဉ်းစား ဝေဖန်နိုင်လိမ့်မယ်လို့ ယူဆပါတယ်။
ပြည်နယ်များနဲ့ ပြည်နယ်မရရှိသေးတဲ့ လူမျိုးစုဆွေမျိုးရင်းချာများဟာ လွတ်လပ်ရေး ရရှိပြီးတဲ့နောက် ဒီဖက်ကာလမှာ မိမိကံကြမ္မာ မိမိတို့ဖန်တီးရမယ်ဆိုတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ပြည့်ပြည့်ဝဝ မခံစား ရသေးကြောင်း တွေ့ရှိရပါတယ်။ ဒီလိုပြောလိုက်လို့ ကျနော်တို့အပေါ် ဘယ်လိုမှ အထင်မလွဲ စေချင် ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ဟာ ပြည်နယ်များကိုယ်စား ရိုးရိုးသားသားအနေနဲ့ ပြည်နယ် တွေ ခံစားနေရတာဟာဖြင့် ဘာတွေလဲဆိုတာ ဖော်ပြဖို့ဘဲ ဖြစ်ပါတယ်။
ပြည်နယ်တွေအားလုံး ယုံကြည်ကိုးစားခဲ့တဲ့ မြန်မာပြည်လွတ်လပ်ရေးရတော့မယ်၊ လွတ်လပ်ရေး ရပြီးရင်ဖြင့် ဒို့တတွေဟာ မိမိကံကြမ္မာ မိမိဖန်တီးပြီး တိုးတက်သော ပြည်နယ်များ ဖြစ်လာအောင် လုပ်နိုင်တော့မယ်၊ တိုးတက်တဲ့ ပြည်နယ်တွေ ပေါင်းထားတဲ့ ပြည်ထောင်စု ဖြစ်လာတော့မယ် ဆိုတာတွေဟာ ကျနော်တို့ ပြည်နယ်သားတွေ၊ လူမျိုးစုများအားလုံး အားလုံးတွေရဲ့ ဝမ်းထဲ ကိန်းအောင်းပြီး အမျှော်လင့်ကြီး မျှော်လင့်ခဲ့ပါတယ်။
ဒါပေမယ့် လွတ်လပ်ရေးခေတ်(၁၄)နှစ်ခရီး ပြည်မက နောင်တော်တွေနဲ့ လက်တွေ့ လျှောက်လာတဲ့ အခါ ကျနော်တို့ရဲ့ မျှော်လင့်ချက်တွေ၊ ကျနော်တို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေဟာ အပြည့်အဝ မရှိမှန်း သိလာခဲ့ရပါတယ်။
ကျနော်တို့ တိုးတက်ဖွံ့ဖြိုးရေးကို အစွမ်းကုန် ကျနော်တို့ မလုပ်ဆောင်နိုင်ကြောင်း သိသာခံစားနေရ ပါတယ်။ ဒီလို မွေးဖွားရာ ဗီဇပါလာတဲ့ ကိုယ်ပိုင်ပြဌာန်းနိုင်ခွင့် အခွင့်အရေး အပြည့်အဝ မခံစားလာ ရတော့ ကျနော်တို့ ပြည်ထောင်စုကြီးဟာ ကျနော်တို့ပြည်နယ်များအပေါ် ကိုယ်စားပြုလာတာ မဟုတ် တော့ဘဲ ပြည်မလို့ခေါ်တဲ့ ဗမာပြည်ဒေသတွေကို အဓိက ကိုယ်စားပြုလာတာ တွေ့မြင်လာကြရပါ တယ်။
ပြည်နယ်များကတော့ ပြည်မနဲ့ ညီမျှမှုမရှိတဲ့အတွက် စွမ်းအားရှိသလောက် လုပ်ကိုင်နိုင်ခွင့်မရှိခဲ့လို့ တိုးတက် သင့်သလောက် မတိုးတက်ခဲ့ပါဘူး။ ဒီလို ဘာကြောင့်ဖြစ်ရသလဲဆိုရင် ပြည်ထောင်စုရယ်လို့ စုပေါင်းဖွဲ့စည်းကြတဲ့အခါ ပြည်နယ်ရသင့် ရထိုက်တဲ့ လူမျိုးစုများကို ပြည်နယ်အင်္ဂါနဲ့အညီ ဖွဲ့စည်းပြီး ရှမ်းပြည်နယ်လူထုအတွက် ရှမ်းပြည်နယ်၊ ကယားပြည်နယ်လူထုအတွက် ကယားပြည်နယ်ရှိကြသလို ပြည်မလူထုအတွက်လည်း ပြည်နယ်တနယ် ဖွဲ့စည်းပြီးတော့ တန်းတူညီတူ အခြေခံအပေါ် ဖွဲ့စည်း ထားခြင်း မရှိခဲ့လို့ဘဲလို့ဆိုတာ သက်သေပြနေပါတယ်။
ပင်လုံညီလာခံရဲ့အနှစ်သာရ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့လမ်းညွှန်ချက်များကို အဓိကထားပြီး တန်းတူ ညီတူ ဖွဲ့စည်းစုပေါင်းရန် အကောင်အထည် ဖော်လာကြရင် ပြည်ထောင်စုအစိုးရဟာ ပြည်နယ်များ အားလုံးကို ကိုယ်စားပြုတဲ့အစိုးရဘဲ ဖြစ်လာရမှာပါဘဲ။ အခုတော့ ပြည်မလူထုအတွက် ပြည်နယ် တနယ် ဖွဲ့စည်းရေးမကြိုးစားဘဲ ပြည်မအဖြစ်ဆိုပြီး ထားလေတော့ ပြည်မရဲ့အခွင့်အာဏာနဲ့ ပြည်ထောင်စုရဲ့အခွင့်အာဏာ ရောထွေးစုပေါင်းပြီး စိုးမိုး အုပ်ချုပ်လာတော့ကာ ပြည်ထောင်စု အဖြစ်က လျှောကျလာပြီး တပြည်ထောင် စိုးမိုးမှုစနစ်သို့ တရွေ့ရွေ့ကူးပြောင်းလာတာကို တွေ့ရှိရ ပါတယ်။ သည်အကြောင်းအရာကြောင့်လည်း ကျနော်တို့ ပြည်နယ်များဟာ တနေ့တခြား တာဝန်ရှိ တဲ့ပြည်မက ပြည်မအစိုးရ အပေါ်မှာ သံသယရှိရှိလာပါတယ်။ ဒီသံသယတွေဟာ ထုနဲ့ဒယ်နဲ့ ဝင်ဝင် လာလို့ ကနေ့ပြည်နယ်များဟာ ပြည်မအပေါ် မကျေမနပ် ဖြစ်တဲ့အကြောင်း ထုတ်ဖော်လာကြရ ပါတယ်။ ကနေ့ဖွဲ့စည်း တည်ထောင်ထားတဲ့ ပြည်ထောင်စုပုံသဏ္ဍာန်ဟာ ပြည်နယ်များရဲ့ အမျိုးသား ညီညွတ်ရေး တည်ဆောက်နိုင်မယ့်ပုံစံမျိုး၊ ညီမျှသော ပြည်ထောင်စုစနစ်မျိုး မဟုတ်ကြောင်း ကိုလည်း တွေ့ မြင်လာခဲ့ကြရပါတယ်။
အခုလို ကျနော်တင်ပြအစီရင်ခံလိုက်တော့ ပြည်မတာဝန်ရှိပုဂ္ဂိုလ်များ၊ ခေါင်းဆောင်များ၊ ကိုယ်စား လှယ်တော်များက ကျနော့်အပေါ် တမျိုးထင်ယောင်ထင်မှာ ရှိချင်ရှိကြပါလိမ့်မယ်။ ဒါပေတဲ့ ကနေ့ နှီးနှောဖလှယ်ပွဲမှာ မိသားစုစိတ်ဓါတ်၊ ပြည်ထောင်စုစိတ်ဓါတ်နဲ့ ပြည်နယ်များပြဿနာကို အပြန် အလှန်ညှိနှိုင်းဆွေးနွေးကြမှာမို့ ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသားနဲ့ ဆက်လက် တင်ပြပါရစေ။
တတိယအချက်ကတော့ အထက်က ကျနော်အစီရင်ခံခဲ့သလို ဟုတ်/မဟုတ် ဆန်းစစ်ကြည့်လိုက်ရင်၊ လက်ရှိ ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ နိဒါန်း နှင့် အဲဒီနိဒါန်းတို့ကို အခြေပြုပြီး ရေးဆွဲပြဌာန်းထားတဲ့ နောက်အပိုဒ်တွေ နှိုင်းယှဉ်ကြည့်ပြီး စီစစ်လိုက်ပါရင်၊ ရှေ့နဲ့နောက် မကိုက်ညီ တာ တော်တော်များများ တွေ့ရပါလိမ့်မယ်။ ဒီ အချက်အလက်တွေကိုတော့ ကျနော် အထူးမဖော်ပြ လိုတော့ပါဘူး။ ကျနော့်ထက် ဥပဒေ ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်များ ပိုမိုသိရှိ နားလည်တော်မူကြပါလိမ့်မယ်။ အဲဒီလို ဥပဒေနိဒါန်းမှာ တရားမျှတခြင်း၊ ညီမျှခြင်း၊ လွတ်လပ်ခြင်းဆိုတဲ့ လောကပါလ တရားတွေကို ထုတ်ဖော်ပြဌာန်းထားလင့်ကစား နောက်အပိုဒ်တွေမှာ ဒီတရားတွေရဲ့အခြေခံကို ဆန့်ကျင်နေတဲ့ အကြောင်းရင်းဟာ ကျနော်တို့အတွက် အထူးဝမ်းနည်းစရာ တရပ်ဖြစ်ပါတယ်။ အခြေခံဥပဒေကို ပြန်လည် ပြင်ဆင် စေချင်တဲ့ဆန္ဒ ပြင်းပြင်းပြပြ ပေါ်ပေါက်လာရတာလည်း ဒီအကြောင်းရင်း ကြောင့်ဘဲ ဖြစ်ပါတယ်။ အခြေခံ ဥပဒေထဲက အကြောင်းပြချက်တချက်အနေနဲ့ ဖော်ပြရမယ်ဆိုရင် အခြေခံဥပဒေ ပုဒ်မ(၂၂၂)အရ ပြည်မဟာ တခြား ပြည်နယ်များ နည်းတူ ပြည်ထောင်စုအဖွဲ့ဝင်တခု ဖြစ်ပေမယ့် အခြေခံ ဥပဒေပုဒ်မ(၈)အရ အခြားသော ပြည်နယ်များ အပေါ်မှာ ပြည်ထောင်စုအနေနဲ့ စိုးမိုး အာဏာလွှမ်းလာလို့ ပြည်နယ်များဟာ တကယ်ပဲ မကျေမနပ်ဖြစ်ခဲ့ရပါတယ်။ အမှန်မှာ အဲဒီပုဒ်မရဲ့ အနှစ်သာရဟာ ပြည်မဟာ ပြည်နယ်တနယ်အဖြစ် ပြည်ထောင်စု အဖွဲ့ဝင်တခုဖြစ်သင့်ပေမယ့် ပြည်မဟာ ပြည်ထောင်စုအာဏာများ လက်ဝယ်ရရှိပြီး အဲဒီ အာဏာတွေနဲ့ ပြည်နယ်များအပေါ်မှာ စိုးမိုး လွှမ်းခြုံ လာတယ်လို့ ပြည်နယ်များက ယုံကြည်ကြပါတယ်။
ဒါကြောင့် ကျနော်က နောက်ဆုံး စတုတ္ထအချက်အနေနဲ့ ပြည်နယ်များရဲ့ဆန္ဒကို ထုတ်ဖော်ရန် တာဝန်ရှိသည်နှင့်အညီ ကျနော်တို့ လိုလားတောင့်တတဲ့ ပြည်ထောင်စုဖွဲ့စည်း အုပ်ချုပ်ပုံပုံစံဟာ ပြည်နယ်တိုင်းဟာ တန်းတူညီတူအခွင့်အရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်အပေါ် အခြေပြုတဲ့ ပြည် ထောင်စုပုံစံစနစ်မျိုး ဖွဲ့စည်းရေးဘဲ ဖြစ်ပါတယ်။ ဒီလို တန်းတူညီတူ အပေါ် ဖွဲ့စည်းရေးကို အခြေခံ တဲ့အခါမှာ ရသင့်သောဒေသများကို ပြည်နယ်ဖွဲ့စည်းပေးပြီး ပြည်မအတွက်လည်း ပြည်နယ်တနယ် ဖွဲ့စည်းမှသာ တန်းတူရေးအခြေခံဟာ အကောင်အထည်ပေါ်လာပါလိမ့်မယ်။ ဒါကြောင့် ပြည်နယ်များ ညီညွတ်ရေးအဖွဲ့ ကိုယ်စား ကျနော်တို့လိုလားသော ပြည်ထောင်စုနစ်ဖွဲ့စည်းပုံ ပုံသဏ္ဍာန်ကို တင်ပြ အစီရင်ခံရပါရင် -
၁။ ပြည်မကို ပြည်နယ်တနယ်ဖွဲ့စည်းရေး၊
၂။ လွှတ်တော်နှစ်ရပ် အာဏာအတူပေးရေး၊
၃။ လူမျိုးစုလွှတ်တော်သို့ ပြည်နယ်တိုင်းပြည်နယ်တိုင်း တူညီသောကိုယ်စားလှယ်များ လွှတ်ပေးရေး၊
၎။ ပြည်နယ်များက မိမိဆန္ဒအလျောက် လွှဲအပ်သောအာဏာများကို ပြည်ထောင်စုဗဟိုအစိုးရသို့ ကန့်သတ်ပေး၍ ကျန်အာဏာများကို ပြည်နယ်များတွင်ထားရှိရေး ဆိုတဲ့အခြေခံအပေါ် ပြည်နယ်များညီညွတ်ရေးအဖွဲ့ကတင်ပြထားတဲ့ ပြည်ထောင်စုစနစ်ပုံစံ အတိုင်း အခြေခံဥပဒေမျိုး ပြင်ဆင်စေခြင်းပါဘဲ။
လေးစားအပ်သော သဘာပတိကြီးနဲ့တကွ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်ထောင်စုကိုယ်စားလှယ်တော်များ၊ ပြည်မနိုင်ငံရေးအဖွဲ့အစည်းခေါင်းဆောင် ကိုယ်စားလှယ်တော်များခင်ဗျား။ ယခုကျနော်တင်ပြထားတဲ့ အဓိကအချက်ကြီး (၄)ချက်ဖြစ်တဲ့
(၁) ပြည်ထောင်စုဖြစ်ပေါ်လာပုံ၊
(၂) ပြည်နယ်များ လက်ရှိအခြေအနေ၊
(၃) လက်ရှိဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၊
(၄) ပြည်ထောင်စုဖွဲ့စည်းရေး၊
ဆိုတာတွေကို အလေးအနက် စဉ်းစားဝေဖန်ပိုင်းခြားပြီး ကျနော်တို့ပြည်နယ်များအပေါ် မိသားစုစိတ်ဓါတ်နဲ့ ကြည့်ပြီး ပြေလည်တဲ့အထိ ညှိနှိုင်းဆွေးနွေး ဖြေရှင်းကြစေလိုပါတယ်။
(၁၄)နှစ်ကျော်ကျော် ကြုံတွေ့ခံစားလာခဲ့ရတဲ့ ကျနော်တို့ ပြည်နယ်များရဲ့အခြေအနေတွေကိုလည်း သိစေလိုပါတယ်။ ကျနော့်အနေနဲ့ အခုလို ပြည်နယ်များညီညွတ်ရေး အဖွဲ့ကိုယ်စား တင်ပြခွင့်ရရှိတာ ကိုလည်း အထူးဘဲကျေးဇူးတင် ဝမ်းမြောက်လှပါတယ်။ အခု ကျနော်တို့ရဲ့တင်ပြချက်ဟာ လွတ်လပ်ရေး (၁၄)နှစ်တာလမ်းခရီးရဲ့ အတွေ့အကြုံများအရ ဒီနေ့ လျော့လျဲနေတဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးကို ပြည်လည်ခိုင်မာစွာ တည်ဆောက် နိုင်ရန်အတွက် အထက်ပါမူ အတိုင်း လုပ်ဆောင်နိုင်မှသာ ဖြစ်မြောက် အောင်မြင်လိမ့်မယ်လို့ အလေးအနက်ယုံကြည်ပြီး တင်ပြရခြင်း ဖြစ်ပါတယ်။
ဒါကြောင့် အခုလို ကျနော်များမိသားတစု မိသားစုစုံလင် နှီးနှောဖလှယ်ပွဲကြီး ထမြောက် အကောင် အထည်ဖော်ပေးတဲ့ ဝန်ကြီးချုပ်ဦးနုကို အထူးကျေးဇူးတင် ဝမ်းမြောက်ကြောင်းပြောပြရင်း ကျနော်တို့ ပြည်ထောင်စုကြီးရဲ့ ပြဿနာကိုလည်းဘဲ ဖြေရှင်းပေးနိုင်ကြပါရန် တိုက်တွန်းနှိုးဆော်မေတ္တာရပ်ခံ၍ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲပါစေဟု ဆုတောင်းရင်း နိဂုံးချုပ်ပါတယ်ခင်ဗျား။ ( သြဘာသံများ)

………………………………………………………………………………………………………………………….
အခန်း ( ၄ )
ကချင်ပြည်နယ် ကိုယ်စားလှယ် ဒူးဝါးဇော်လွန်း၏ ဆွေးနွေးတင်ပြချက်၊
အခမ်းအနားမှူး။ ။ ကချင်ပြည်နယ်ကိုယ်စားလှယ် ဒူးဝါးဇော်လွန်းက ထောက်ခံတင်ပြပါလိမ့်မယ်။
(သြဘာသံများ)
နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ နိုင်ငံရေးအဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင် များ ခင်ဗျား။ ဒီနှီးနှောဖလှယ်ပွဲ ကျင်းပရခြင်းဟာ ကျနော်များရဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေကြီးကို ဆန်းစစ်ရအောင်လို့ နိုင်ငံတော် ဝန်ကြီးချုပ်က စီစဉ်လိုက်ခြင်း ဖြစ်တယ်လို့ ယူဆမိပါတယ်။
အခုလို တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်ပေါင်းစုံ၊ နိုင်ငံရေးအဖွဲ့အစည်းအသီးသီး ခေါင်းဆောင် ပေါင်း စုံညီစွာ ဆုံမိကြခြင်းဟာ အကြောင်းမဲ့ ဆုံကြခြင်းမဟုတ်ပါ။ အကြောင်းရှိလို့သာ စုံညီစွာ ဆုံမိ ကြခြင်းဖြစ်ပါတယ်။ အနာတခုခုတော့ ဖြစ်နေပြီ။ ဒီအနာကို စောစောစီးစီး အချိန်မီ မကုဖြစ်လျှင် ဒုက္ခ တွေ့ကြရတော့မယ်ဆိုတာကို တင်ကြိုမြင်တဲ့၊ မြင်မိတဲ့ နိုင်ငံတော် ဝန်ကြီးချုပ်က အနာတခြား ဆေး တခြားမဖြစ်ရလေအောင် မိသားစုဝင်တွေ ခေါ်ပြီး အနာနဲ့တည့်တဲ့ အားဆေး နည်းရှာရအောင်လို့ ဖိတ်ခေါ်ခြင်းဖြစ်တာဘဲလို့လည်း ယူဆမိပါတယ်။ ကျနော်များတတွေ ဒုက္ခတွေ့ရုံမက ကာလနာကျပြီး တရွာလုံး ပျက်နိုင်မယ့် ဘေးအန္တရာယ်ဆိုးကြီးကို အဝေးကမြင်မိပြီး ကာကွယ်တဲ့ဆေး ဖော်ဖို့စီစဉ် လိုက်သော ဝန်ကြီးချုပ်အား ကျနော်များ ကျေးဇူးမတင်ဘဲ မနေနိုင်ပါ။
ဤနှီးနှောဖလှယ်ပွဲကြီးဟာဖြင့် ပြည်ထောင်စုကြီးအတွက် အဘိုးမဖြတ်နိုင်တဲ့ အမြတ်ထွက် လိမ့်မယ် လို့ ယုံကြည်မိတဲ့အတွက် အလွန်လေးနက်လှသော နှီးနှောဖလှယ်ပွဲ ကြီးဟု လေးစားမိပါတယ်။
အနာတခုခုတော့ဖြစ်နေပြီဆိုတာ လူတိုင်းသိနိုင်ပါပြီ။ ဒီအနာဟာ ဘာအနာမျိုးလဲ၊ ဘယ်ကပေါ်လာ တဲ့အနာလဲဆိုတာကို ဇစ်မြစ်ရှာပြီးမှ ဆေးကုရလွယ်ပါလိမ့်မယ်။ ပြည် ထောင်စုအတွင်းမှာ ပြည် ထောင်စုတခုလုံးကို ထိခိုက်စေတဲ့ အနာအဆာ ပေါ်လာလျှင် ဝိုင်းဝန်းကာကွယ် ကုစားဖို့ တာဝန်ရှိ ကြတဲ့အတိုင်း ပြည်နယ်များညီညွတ်ရေးအဖွဲ့ ဥက္ကဋ္ဌကြီး၏ တင်ပြချက်များကို ထောက်ခံရင်း အနည်း ငယ် ထပ်ဖြည့်တင်ပြလိုက်ပါတယ်။
ယခုအချိန်အခါမှာ ပြည်နယ်သားများဟာ မကျေမနပ်မှုများပြားလာပြီး ပြည်မသားများအပေါ် ထင် ယောင်ထင်မှား ဖြစ်လာတဲ့ ပွစိပွစိရောဂါဟာ တခြားအကြောင်းကြောင့်ပေါ်လာတာ မဟုတ်ပါဘူး။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်ချမှတ်ခဲ့တဲ့ ပြည်ထောင်စုဖွဲ့စည်း အုပ်ချုပ်ပုံ နဲ့ ယခုအမှန်တကယ် ဖြစ်တည်နေတဲ့ ပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံဟာ များစွာကွဲပြား ခြားနားနေ တာကြောင့်တကြောင်း၊ လွတ်လပ်ရေးမရမီ အချိန်နဲ့ လွတ်လပ်ရေး အရယူပြီးသော စပ်ကူးမတ်ကူး အချိန်တွင် တောင်တန်းဒေသ လူနည်းစုများဖြစ်သော ရှမ်း၊ ကချင်း၊ ချင်း အစရှိတဲ့ လူနည်းစုများက လွတ်လပ်ရေး ရတဲ့အခါ ဘယ်လို ပြည်ထောင်စုမျိုးကို ဖွဲ့စည်း၍ နေထိုင်လိုကြောင်း ဗမာ့ ခေါင်းဆောင် များကို မိမိတို့ဆန္ဒ အကြိမ်ကြိမ်ထုတ်ဖော်ခဲ့သော ပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံနဲ့ အမှန်ဖွဲ့စည်းခဲ့ သော ပြည်ထောင်စုဖွဲ့စည်းအုပ်ချုပ်ပုံမှာ အတော်ကွဲလွဲနေခြင်းကြောင့်တကြောင်း ဝမ်းနည်းဖွယ် မကျေမနပ်မှုအမျိုးမျိုး ပေါ်လာခဲ့ပါတယ်။ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်ချမှတ်ခဲ့တဲ့ ပြည်ထောင်စုဖွဲ့စည်းအုပ်ချုပ်ပုံနဲ့ ပြည်နယ်သားများလိုလားတဲ့ ပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံမှာ အဓိကအခြေခံသဘောနဲ့တူညီကြတဲ့အတွက် များစွာ သဘော တိုက်ဆိုင်မှုဖြစ်ပါတယ်။
ပြည်နယ်သားလူနည်းစုများက ဘယ်လိုပုံစံမျိုး ပြည်ထောင်စု တည်လိုတယ်ဆိုတာကို လွတ်လပ်ရေး မရမီ (၁၉၄၇) ခု၊ ဖေဖော်ဝါရီလ၊ တောင်ပိုင်းရှမ်းပြည်နယ် ပင်လုံမြို့၌ ကျင်းပခဲ့တဲ့ အမျိုးသား ညီလာခံ ၌ ဗိုလ်ချုပ်ခေါင်းဆောင်သော အမျိုးသားခေါင်းဆောင်များနှင့် လူနည်းစုခေါင်းဆောင်များတွေ့ဆုံ၍ လွတ်လပ်ရေးရလာတဲ့အခါ တန်းတူညီမျှရေးကို အဓိကအခြေခံထား၍ ပြည်ထောင်စုဖွဲ့စည်းရေး ဆွေးနွေးနားလည်မှုရရှိခဲ့ကြပါတယ်။ ပြည်ထောင်စုကြီး မွေးထုတ်သော အမျိုးသား ညီလာခံကြီး ဖြစ်ခဲ့တယ်။ ရာဇဝင်တွင်လောက်သော ပင်လုံစာချုပ်ကိုလည်း ချုပ်ဆိုခဲ့ကြပါတယ်။ ၄င်းပြင် (၁၉၄၇) ဧပြီလ၊ မေမြို့၌ Dr. Reese William ခေါင်းဆောင်သော နယ်စပ်ဒေသ စုံစမ်းရေးကော်မတီ ရှေ့မှောက်တွင်လည်း ရှမ်း၊ ကချင်ကိုယ်စားလှယ်များက မိမိတို့ရဲ့လိုအင်ဆန္ဒကို မည်ကဲ့သို့ အစစ်ခံ ကြောင်း၊ အဆိုပါကော်မတီရဲ့ အစီရင်ခံစာ၌ နယ်စပ်ဒေသများ၏ အနာဂတ်အရေး၊ ရှမ်းပြည်၊ ကချင်ပြည် တောင်တန်းနယ်များမှ သက်သေများသည် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်ပါဝင်သော ပြည်ထောင်စုအတွင်းရှိ မိမိတို့ ပြည်နယ်များအတွက် ကိုယ်ပိုင် အုပ်ချုပ်ရေးရရှိရန် ဆန္ဒရှိကြောင်း၊ သို့သော် အများနှင့်သက်ဆိုင်သောဌာနအချို့ကို ပြည်ထောင်စု ဗဟိုအစိုးရသို့လွှဲအပ်ရန် သဘောတူ ကြောင်း စသဖြင့် ရှမ်း၊ ကချင်များ၏ လိုအင်ဆန္ဒကို ပြခဲ့ကြပါတယ်။ တောင်တန်းသား လူနည်းစုများရဲ့ လိုအင်ဆန္ဒအရဆိုလျှင် ပြည်ထောင်စု စစ်စစ် ဖွဲ့စည်းရန်ပင်ဖြစ်ပါတယ်။ လွတ်လပ်ရေးမရမီ အချိန်များ ၌ အင်္ဂလိပ်နယ်ချဲ့ရဲ့ သွေးခွဲစနစ်ကြောင့် လူနည်းစုများဟာ လူများစုဖြစ်သော ဗမာလူမျိုးများအပေါ် အထင်အမြင်မှားမှုများ ရှိခဲ့ကြပါတယ်။ လွတ်လပ်ရေး အတူရယူရအောင်လို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဖိတ်ခေါ်စုစည်းတဲ့အခါ တွေဝေနေကြပါသေးတယ်။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကချင်အမျိုးသားခေါင်းဆောင်များ (၁၉၄၆)ခု နိုဝင်္ဘာလ(၂၉)ရက်နေ့ မြစ်ကြီးနားမြို့တွင် တွေ့ဆုံကြတဲ့အခါ၌လည်းကောင်း၊ ပင်လုံညီလာခံတွင် လူနည်းစုခေါင်းဆောင်များနှင့် တွေ့ဆုံတဲ့အခါ ၌လည်းကောင်း၊ ဖဆပလ အဖွဲ့ချုပ် ပဏာမ ပြင်ဆင်မှု ညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရေးဆွဲရမယ့်အခြေခံဥပဒေနဲ့ ပတ်သက်ပြီး လမ်းညွှန်ပြဌာန်းချက် များတွေ့ရှိသော အခါ၌လည်းကောင်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ မှန်ကန်သော အမျိုးသားရေး ဝါဒ ဖြစ်သော (၁)တိုင်းရင်းသားလူမျိုးစုများရဲ့ တန်းတူရေး၊ (၂)လူမျိုးစုတိုင်း ရပိုင်ခွင့်အပြည့်အဝရရှိ စေရေး၊ (၃)လူမျိုးစုများရဲ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရေးကို ကျနော်များ ကြားသိလာ ကြတဲ့အခါ ချက်ချင်း စိတ်ပြောင်းလဲ၍ ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော ဗမာခေါင်းဆောင်များကို အယုံကြီးယုံ၍ အားကိုး အားထား ပြုလာကြပါတယ်။ ရာဇဝင်တွင် မကြုံစဖူးအောင် အမျိုးသား စည်းလုံးညီညွတ်ခြင်း ရခဲ့ကြပါတယ်။
တိုင်းပြည်ပြုလွှတ်တော်ခေါ်၍ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ရေးဆွဲကြစဉ် အခါကလည်း ဗမာ ခေါင်းဆောင်များကို ဘယ်လောက် ယုံသွားသလဲဆိုတာတော့ ပုံပြီးအပ်တဲ့အထိ ဖြစ်ခဲ့ကြတာပါဘဲ။ တိုင်းပြုပြည်ပြုညီလာခံ ကျင်းပနေဆဲ အချိန်တွင် လူမသမာတစုရဲ့ လက်ချက်ကြောင့် ဗိုလ်ချုပ် အောင်ဆန်းနဲ့တကွ ခေါင်းဆောင်အချို့ လုပ်ကြံခံရပြီး နောက်ပိုင်းတွင် အဆုံးသတ်ရေးဆွဲသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာ ဗိုလ်ချုပ်အောင်ဆန်းချမှတ်ခဲ့တဲ့ မှန်ကန်သော အမျိုးသားရေး ဝါဒနဲ့လည်း မညီညွတ်၊ လူနည်းစုများ လိုလားသောမူနဲ့လည်း ကွဲလွဲနေတာကို တစတစ တွေ့မြင် လာကြပါတယ်။ ဤဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေကို (၁၄)နှစ်ပါတ်လုံး ကျင့်သုံးလာတဲ့အခါ အခက်အခဲ အမျိုးမျိုး တွေ့ကြုံ၍ မပြည့်မစုံဖြစ်နေတာကိုလည်း တွေ့ရပါတယ်။ ဤဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ကျင့်သုံးလာတဲ့အခါ မူလအဓိကအခြေခံများ ပါမလာသောကြောင့် ‘မှန်းချက်နဲ့ နှမ်းထွက် မကိုက်’ ဆိုသလို ပြည်ထောင်စုရဲ့အနှစ်သာရ ကွယ်ပျောက်ပြီး ဆားမခပ်သော ဟင်းလျာ ကဲ့သို့ ပေါ့ပျက်ပျက်ဖြစ်နေပါတယ်။ လွတ်လပ်ရေး ရခါစအချိန်တွင် လူနည်းစုများဟာ ဝမ်းသာမဆုံး ဖြစ်ကာ မိမိတို့ ကံကြမ္မာကို မိမိတို့ဖန်တီးနိုင်တော့မယ်၊ ကိုယ့်ပြည်နယ်ရဲ့တိုးတက်ကြီးပွားမှု အစွမ်း ကုန် လုပ်နိုင်တော့မယ်လို့ အားတက်ကြပါတယ်။ မျှော်လင့်ကြပါတယ်။ သို့သော် တနှစ်မှ နှစ်နှစ်သို့ တစတစ ကြာလာတဲ့အခါ မိမိတို့ မျှော်မှန်းချက်နဲ့ ကွာခြားလာသောအဖြစ်နဲ့ ရင်ဆိုင်ကြရသောအခါ မကြေမနပ်မှု ဖြစ်လာကြပါတယ်။ စိတ်ပျက်လာကြပါတယ်။ ဗမာပြည်မသားများနဲ့ ဆက်ဆံတဲ့နေရာ မှာလည်း မကြာခဏ အဆင်မပြေမှုများ ဖြစ်ပေါ်လာခဲ့ပါတယ်။ ပြည်မသားများက ပြည်နယ်သားများ အပေါ် ဖိနှိပ်တယ်၊ ချုပ်ချယ်တယ်၊ ဝင်စွက်တယ်။ လူမျိုးကြီး ဝါဒကျင့်သုံးတယ်လို့ ထင်မြင်ကာ အတင်း အဖျင်း ပြောလာကြပါတယ်။
ထိုကဲ့သို့သော အမြင်မျိုးဟာ ကချင်တမျိုးထဲနဲ့သာဖြစ်တာ မဟုတ်ပါဘူး။ ရှမ်းလည်း ဖြစ်ပေါ်တယ်။ အခြား လူမျိုးတိုင်းလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ ဗမာလူမျိုးကြီးဝါဒ ကျင့်သုံးတယ်လို့စွပ်စွဲလျှင် ဗမာ ခေါင်းဆောင်များက “မဟုတ်ဘူး” လို့ ငြင်းဆန်ကြမှာဘဲ။ လူမျိုးကြီးဝါဒမရှိမှန်းကို ကျနော်များက ယုံကြည်ကြသော်လည်း လက်ရှိအခြေခံဥပဒေက လူမျိုးကြီးဝါဒကို ရှိအောင် ဖန်တီးပေးနေတယ် ဆိုတာကိုတော့ ငြင်းနိုင်ကြမယ်မထင်ပါ။ အခြေခံ ဥပဒေ ပုဒ်မ(၂၂၂)တွင် ဗမာဟာ ပြည်ထောင်စု အဖွဲ့ဝင်တဦးသာဖြစ်ရမယ် ဖြစ်သော်လည်း၊ အခြေခံဥပဒေပုဒ်မ(၈)အရ အခြားအဖွဲ့ဝင် ပြည်နယ်များ အပေါ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံအနေနှင့် စိုးမိုး၍ အာဏာလွှမ်းမိုးထားခြင်းကို တွေ့ရပါလိမ့်မယ်။ ဤအချက်သည်ပင် လျှင် ပြည်မသားများကို လူမျိုးကြီးဝါဒ အတင်းထိုးပြီး ပေးသကဲ့သို့ဖြစ်စေ၍ လူမျိုးကြီးနဲ့ လူမျိုးငယ် နှစ်စားရှိအောင် ခွဲခြားစေသော အချက်ဖြစ်ပါတယ်။ ဒီအချက်သည်ပင်လျှင် တန်းတူရေး၊ မှန်ကန်သည့် အမျိုးသားရေးဝါဒနှင့် ဖီလာ ဆန့်ကျင်နေပါပြီ။ လက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ဥပဒေရေးရှုဒေါင့်၊ အုပ်ချုပ်ရေးရှုဒေါင့်၊ အမျိုးသားရေး ရှုဒေါင့်က ကြည့်လျှင် အမျိုးသားလက္ခဏာမဆောင်၊ ချို့ယွင်းနေတဲ့အတွက် ယ္ခုအခါ အမျိုးသားများ စည်းလုံး ညီညွတ်မှုဟာ လျော့လျဲလာခြင်းဖြစ်ပါတယ်။ ကချင်ပြည်နယ်နဲ့သက်ဆိုင်သော အခြေခံဥပဒေ၌ အခြားပြည်နယ်များနဲ့ တမူထူးခြားပြီး လူမျိုးရေးခွဲခြား၍ အခွင့်အရေးကာကွယ်ပေးထား သောပုဒ်မများ ထည့်သွင်းထားတာ ကို တွေ့ရှိရပါတယ်။ ဒီအချက်ဟာလည်း အမျိုးသားရေးကိုမဆောင်၊ လူမျိုးရေးပဋ္ဋိပက္ခဖြစ်မှုကို အစဉ် ဖန်တီးပေးရာရောက်စေပါတယ်။
အထက်တွင် ဖော်ပြခဲ့တဲ့အတိုင်း လက်ရှိအခြေခံဥပဒေအရ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုဖွဲ့စည်းပုံဟာ ချို့ယွင်းချက် ပြည့်နှက်နေတဲ့အတွက် မကျေနပ်မှုတွေ၊ အထင်လွဲမှားမှုတွေ ပေါ်ထွက်လာပြီး အမျိုး သားများရဲ့စည်းလုံးမှုကို ထိခိုက် လျော့လျဲစေခဲ့ပါတယ်။ ဤအတိုင်းသာ ဆက်လက်သွားကြ မယ် ဆိုရင် ပြည်ထောင်စုကြီးပြိုကွဲရန်ပင် စိုးရိမ်ပူပန်ခဲ့ပါတယ်။ အမျိုးသားစည်းလုံး ညီညွတ်မှုခိုင်မြဲ၍ ပြည်ထောင်စုကြီးတည်တံ့ရန်မှာ လက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုပါတယ်။ ပြင်တဲ့အခါမှာလည်း မှန်ကန်တဲ့အမျိုးသားရေး လက္ခဏာကိုဆောင်သော တန်းတူရေးနဲ့ ရပိုင်ခွင့် အပြည့်အဝရရှိရေးကို အဓိက အခြေခံထားလျက်(၁) ဗမာပြည်မကို ပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ် ဖွဲ့ရေး၊ (၂)လွှတ်တော် နှစ်ရပ်အား အာဏာတူပေးရေး၊ (၃)လူမျိုးစုလွှတ်တော်တွင် တူညီသော ကိုယ်စားလှယ်စေလွှတ်ရေး၊ (၄)အများနှင့် စပ်ဆိုင်သောဌာနတချို့ကို ဗဟိုအစိုးရသို့ အာဏာလွှဲ အပ်၍ ကျန်အာဏာများ အားလုံးကို ပြည်နယ်၌ထားရှိရေး၊ (၅)ပြည်ထောင်စုဘဏ္ဍာတော်ကို မျှတ စွာခွဲဝေရေး စသောအချက်များပါဝင်သည့် ပြည်ထောင်စု ကြန်အင်လက္ခဏာနှင့် ပြည့်စုံသည့် ပြည်ထောင်စု ပြုပြင်ဖွဲ့စည်းမှသာလျှင် အမျိုးသား စည်းလုံးညီညွတ်မှုကြီး ခိုင်မြဲမယ်၊ ပြည်ထောင်စု ကြီးလည်း တည်တန့်မယ်လို့ တထစ်ချယုံကြည်ကြပါတယ်။
ကျနော်များ ဖက်ဒရယ်ခေါ်တဲ့ ပြည်ထောင်စုစစ်စစ် ပြန်လည်ဖွဲ့စည်းရန် အဆိုပြုခြင်းဟာ လူမျိုးရေးကို နှိုးဆွပေးခြင်း မဟုတ်ပါ။ (Confederation)ခေါ်တဲ့ အလွန်မြင့်မားတဲ့ ပြည်ထောင်စုဖွဲ့ရန် အရေး ဆို ခြင်းလည်း မဟုတ်ပါ။ အမျိုးသား စည်းလုံးညီညွတ်မှုကို တကယ်ရယူနိုင်သော ပြည်ထောင်စုစစ်စစ်ကို ဖွဲ့စည်းခြင်းသာ မှန်ကန်သည်ဟု ယုံကြည်ခြင်း ဖြစ်သည့်အတွက် တင်ပြရခြင်းဖြစ်ပါတယ်။

…………………………………………………………………………………………………………………………….
အခန်း ( ၅ )
ချင်းအထူးဝိသေသတိုင်း ကိုယ်စားလှယ် မဟာသရေစည်သူ ကပ္ပတိန်မန်းတုံနုန်း၏ ဆွေးနွေး တင်ပြချက်၊
အခမ်းအနားမှူး။ ။အစီအစဉ်(၆)အရ ချင်းဝိသေသတိုင်း ကိုယ်စားလှယ် မဟာသရေစည်သူ ‘ကပ္ပတိန်မန်းတုံနုံး’ က ထောက်ခံတင်ပြရန် ဖြစ်ပါတယ်။ ( သြဘာသံများ)
လေးစားအပ်သော သဘာပတိ နိုင်ငံတော်ဝန်ကြီးချုပ်နဲ့အစိုးရအဖွဲ့ဝန်ကြီးများ၊ နိုင်ငံရေးအဖွဲ့ အစည်း များမှ ခေါင်းဆောင် ကိုယ်စားလှယ်များ၊ ပြည်နယ်ကိုယ်စားလှယ်တော်ကြီးများခင်ဗျား။ ခုလို နှီးနှော ဖလှယ်ပွဲ ညီလာခံမှာ ကျနော် စကားပြောခွင့် ရတဲ့အတွက် အထူးဘဲကျေးဇူးတင်ပါတယ်။
ကျနော် တင်ပြဆွေးနွေးလိုတာကတော့ ဖက်ဒရယ်မူကိစ္စနဲ့ပတ်သက်ပြီး ဘာ့ကြောင့် ကျနော်တို့ ဖက်ဒရယ်မူ၊ ပြည်ထောင်စုမူကို လိုလားနေရတယ်ဆိုတဲ့ အကြောင်းဘဲ ဖြစ်ပါတယ်။ ကျနော့်အနေနဲ့ ‘ပြည်နယ်များ ညီညွတ်ရေးအဖွဲ့’ ဥက္ကဋ္ဌကြီး စောခွန်ချို မိန့်ကြားသွားသည့်အတိုင်း ဆက်လက်ပြီး ထောက်ခံသွားလိုပါတယ်။ လွန်ခဲ့တဲ့ (၁၉၄၇)ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ ကျင်းပတဲ့ ပင်လုံညီလာခံ က အစပြုပြီး ပြည်ထောင်စုကြီးပေါ်ပေါက်လာ တယ်ဆိုတာ မှန်ပါတယ်။ ထိုအချိန်က တောင်တန်း ဒေသများနဲ့ ဗမာပြည်မမှာရှိတဲ့ ခေါင်းဆောင်တွေဟာ ပူးပေါင်းပြီး တိုင်းရင်းသား စည်းလုံး ညီညွတ်မှု ကို ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။
ဒီလို တိုင်းရင်းသားစည်းလုံးညီညွတ်မှုနဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့ကြလို့ လွတ်လပ်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ရယ်လို့ ဖြစ်ပေါ်လာရတယ်ဆိုတာလည်း အမှန်အတိုင်းဘဲ ဖြစ်ပါတယ်။ ကျနော်တို့ ဟာ ပြည်ထောင်စုစနစ်ကို ကြိုက်နှစ်သက်လို့ ပြည်ထောင်စု ရယ်လို့ တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ (၁၉၄၇)ခုနှစ် စက်တင်ဘာလမှာ ကျင်းပခဲ့တဲ့ တိုင်းပြုပြည်ပြု လွှတ်တော်မှာ ပြည်ထောင်စု သဘော သက်ရောက်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို တင်ပြစဉ်က ကျနော်တို့အားလုံး လွယ်လွယ်ကူကူ နဲ့ ဝိုင်းဝန်း ထောက်ခံခဲ့ကြပါတယ်။ ဒီဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာ ပြည်ထောင်စုစိတ်ဓါတ်၊ ပြည်ထောင်စုသဘောထားများနဲ့အညီ လက်ခံကျင့်သုံးသွားနိုင်လိမ့်မယ်လို့ မျှော်လင့်ထားခဲ့ကြ ပါတယ်။ ဒါပေမယ့် ကျနော်တို့ ယုံကြည်မျှော်လင့်ထားသလို ဖြစ်မလာဘူးလို့ ဆိုချင်ပါတယ်။
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေဟာ ပြည်ထောင်စုသဘော မသက်ရောက်သလိုဖြစ်နေတာ အတော် ကြာကြာ လက်တွေ့ ခံစားလာတဲ့အခါမှာ သိရှိလာရပါတယ်။ ကျနော်တို့ တောင်တန်းဒေသ လူနည်းစု တွေဟာ ပင်လုံးစိတ်ဓါတ်နဲ့ ပြည်ထောင်စုကြီး တည်ဆောက်ကြတာဖြစ်တော့ ပြည်ထောင်စုကြီးမှာ အဓိကဦးဆောင်နေတဲ့ နောင်တော် ပြည်မက ခေါင်းဆောင်တွေအပေါ်မှာ ယုံကြည် အားထားကြ ပါတယ်။
ကျနော်တို့ လိုလား ယုံကြည်ထားတဲ့ ပြည်ထောင်စုပုံစံဟာလည်း ပြည်မနဲ့ တောင်တန်းဒေသက လူနည်းစုတွေ ညီတူညီမျှ အခွင့်အာဏာရှိတဲ့ ပုံစံမျိုးဖြစ်ကြမှာဘဲလို့ ထင်မှတ်ကြပါတယ်။ သို့သော် လည်း ကျနော်တို့ထင်မှတ်သလို လက်ရှိ ပြည်ထောင်စုရဲ့ ပြည်နယ်များရဲ့အခြေအနေက ဒီလိုဖြစ် မလာတာ ကျနော်တို့တွေ့မြင်ရတဲ့အတိုင်း အစီရင်ခံပါရစေ။
လွတ်လပ်ပြီးခါစ၊ လွတ်လပ်ရေးရပြီးလို့ (၁၄)နှစ်အတောအတွင်းမှာ ကျနော်တို့ ဆန်းစစ်ကြည့် လိုက်တော့ ပြည်နယ် တောင်တန်းဒေသတွေရဲ့ မူလကိုယ်ပိုင်ပြဌာန်းခွင့်တွေဟာ ပျောက်ကွယ်ရတော့ မလိုဖြစ်နေတာကို တွေ့ရပါတယ်။ ပြည်ထောင်စုကြီးမှာ ပြည်ထောင်စုစိတ်ဓါတ်တွေ ကျဆင်းနေပြီး ပြည်ထောင်စုသဘောထားဆိုတာလည်း ဘာကိုယုံရမှန်း မသိအောင် ဖြစ်နေပါတယ်။ ပြည်ထောင်စု ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေနိဒါန်းမှာပါတဲ့ ‘တရားမျှတမှု၊ လွတ်လပ်မှု၊ ညီမျှမှု’ ဆိုတဲ့ စကားတွေ ဟာလည်း အဓိပ္ပါယ် နည်းနည်းဘဲရှိတော့တယ်လို့ ကျနော်တို့ထင်မပါတယ်။ ကျနော်တို့ ပြည်နယ် တောင်တန်းဒေသက လူနည်းစုတွေဟာ လက်ရှိ ပြည်ထောင်စုဖွဲ့စည်းအုပ်ချုပ်ပုံ အပေါ်မှာ သံသယ ရှိနေကြတယ်။
ပြည်ထောင်စုအဖွဲ့ဝင်ဆိုတာကို အဓိပ္ပါယ်ပိုင်းခြားတဲ့အခါမှာ ‘ပြည်နယ်နဲ့ပြည်မ’ မဟုတ်ဘဲ ‘ပြည်နယ်နဲ့ ကျန်နယ်မြေဒေသ’ ဆိုတဲ့ ပြည်ထောင်စုအဖွဲ့ဝင် နှစ်မျိုးဘဲရှိတယ်။ အခု ကျနော်တို့ ပြည်မလို့ခေါ်နေ တာဟာ စင်စစ်တော့ ပြည်ထောင်စု အဖွဲ့ဝင်ဖြစ်ပါတယ်။ ပြည်နယ်တွေဟာလည်း ပြည်ထောင်စု အဖွဲ့ဝင်တွေဖြစ်ပါတယ်။ ဒါပေမယ့် ပြည်ထောင်စုအဖွဲ့ အာဏာကို ချုပ်ကိုင်စိုးမိုးနိုင်တာကတော့ ပြည်မသာလျှင်ဖြစ်နေတော့ ပြည်ထောင်စုအဖွဲ့ဝင်အချင်းချင်းတွေမှာ အငြင်းပွားစရာ၊ မကျေနပ်စရာ တွေဖြစ်လာကြပါတယ်။ ဒီလိုအငြင်းပွားမှု၊ မကျေနပ်မှုတွေ မကြာခဏဖြစ်လာတော့ ဘယ်သူက ဘယ်လို ဖြေရှင်းပေးမလဲ။ မဖြေရှင်းနိုင်လို့ ပြဿနာတွေ စုပုံပြီးဖြစ်လာရင် တိုင်းရင်းသား စည်းလုံး ညီညွတ်မှုကို မထိခိုက်ပေဘူးလား။ ဒါကို အလေးအနက် စဉ်းစားကြစေချင်ပါတယ်။
နောက်ပြီးတော့ မကျေနပ်မှု၊ နစ်နာမှုရှိတယ်ဆိုတာလည်း ပြည်နယ် ပြည်ထောင်စု အဖွဲ့ဝင်တွေက ခပ်များများဖြစ်နေတော့ ပြည်မအနေနဲ့ စဉ်းစားတဲ့အခါမှာ ဒါတွေဟာ အသေးအဖွဲတွေပါလို့ မယူဆ စေချင်ဘူး။ ဒီလိုယူဆရင် အမှားကြီး မှားပါလိမ့်မယ်။ ကျနော်တို့ အနေနဲ့ မြင်တာကတော့ ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲကြတဲ့အခါမှာ ပြည်ထောင်စုစနစ်ကြီး ပီပီသသဖြစ်အောင် ရေးဆွဲကြစေလိုပါတယ်။ ဒီလိုမှ မပြင်အဆင်ရင် ထပ်တလဲလဲ ပြဿနာတွေ ဖြစ်ဦးမှာဘဲ။ ပြည် ထောင်စုစိတ်ဓါတ်နဲ့ ပြည်ထောင်စု သဘောတရားတွေဟာ ပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေမှာ သတ်မှတ်ချက်တွေနဲ့ တိတိကျကျ ကိုက်ညီစေမှ ဖြစ်တော့မယ်လို့ ကျနော်တို့ ယုံကြည် ပါတယ်။
ဥပမာဆိုရင် ကျနော်တို့ချင်းဒေသဟာ ပြည်ထောင်စုကြီးထဲမှာ ဘယ်လိုအဖွဲ့ဝင်မျိုး ဖြစ်ထိုက်တယ် ဆိုတာ သတ်မှတ် သီးသန့်ပြီး ဖြစ်ပါတယ်။ ပြီးတော့ ပြည်ထောင်စုပါလီမန် နဲ့ ပြည်နယ်ကောင်စီတွေရဲ့ ဆက်သွယ်မှု သဘောတရား တွေကိုလည်း ပြည်ထောင်စုစနစ်နဲ့ ကိုက်ညီအောင် ထားရှိစေချင် ပါတယ်။ ဒီလို ပြည်နယ်/ပြည်မဆိုပြီး ဆက်လက် ပိုင်းခြားမယ်ဆိုရင်တော့ ဒီပြည်ထောင်စုကြီးရဲ့ တည်တန့်ခိုင်မြဲရေးဟာ ရှိနိုင်ပါဦးမလား။ ဒီ ဒီမိုကရေစီရဲ့အနှစ်သာရကိုရော ရှာလို့ တွေ့ပါဦးမလား ဆိုတာ စိုးရိမ်စရာဖြစ်လာရပါတယ်။
ဒါတွေကြောင့် ကျနော်အကြံပေးထောက်ခံသွားချင်တာက ပြည်နယ်/ပြည်မ ရယ်လို့မခွဲဘဲ ပြည်နယ် ချည်းဘဲ စုပေါင်း ထားတာ ဖြစ်ကြအောင် ပြည်မကိုလည်း ပြည်နယ်တခု အဖြစ်ဖွဲ့ပါ။ ဒါမှသာ ပြည်ထောင်စုအဖွဲ့ဝင်အချင်းချင်း ညီမျှမှုဖြစ်ပြီး ပြည်နယ်တွေရဲ့ သံသယ ရှိမှုတွေဟာ ပြေပျောက် သွားနိုင်ပါတယ်လို့ ကျနော်ယုံကြည်ပါတယ်။ အခုကျနော်တင်ပြသလို ပြည်နယ်အချင်းချင်း စုပေါင်းတဲ့မူကို လက်ခံမှ အုပ်ချုပ်မှုအာဏာ၊ တရားစီရင်မှုအာဏာ၊ ဥပဒေပြုမှုအာဏာဆိုတဲ့ အဓိကမဏ္ဍိုင်ဖြစ်တဲ့ အာဏာ(၃)ရပ်ကို တန်းတူမျှတမှုရှိအောင် ခွဲဝေပြီး ဗဟိုပြည်ထောင်စုကို သင့်လျော်တဲ့အာဏာတွေ သတ်မှတ်ပေးထားခြင်းဖြင့် စစ်မှန်တဲ့ပြည်ထောင်စုကြီး တည်ဆောက် နိုင်မှာဖြစ်ပါတယ်။
ကျနော်တို့ရဲ့ နောင်တော်ကြီးတွေဖြစ်တဲ့ ပြည်မခေါင်းဆောင်ကြီးများကို ကျနော် အလေးအနက် မေတ္တာရပ်ခံချင်တာက နောင်တော်တွေရဲ့ သဘောထားကြီးမှုကို ထင်ရှား အောင်ပြကြပါ။ ပညာရှိ သတိနဲ့လည်း စဉ်းစားဝေဖန်ကြပါ။ ကျနော်တို့ ဝိုင်းဝန်းတည်ဆောက်တဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုကြီး မပြိုကွဲအောင်လည်း ထိန်းသိမ်း စောင့်ရှောက်တော်မူကြပါလို့ လေးနက်စွာ တောင်းပန် ပြောရင်း ကျနော် နိဂုံးချုပ်လိုက်ပါတယ်။ ။( သြဘာသံများ )

ဆက်လက် ဖော်ပြပါမည်။
ကိုးကား။ ။ ပြည်ထောင်စု စစ်စစ်မူ
(ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး ဝါဒမှသည် စစ်မှန်သော ပြည်ထောင်စု စနစ်ဆီသို့၊ စာစဉ် - ၉ )
ထုတ်ဝေသူ - ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်း
UNDP Press, Chiang Mai, Thailand, 2005
No comments:
Post a Comment