Tuesday, August 23, 2011

ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်း လုပ်ငန်းခွင် ဗီဒီယို



ဧရာဝတီ မြစ်ဆုံ ရေကာတာစီမံကိန်း လုပ်ငန်းခွင်ဗီဒီယို ( ခရီးပေါက်ရောက်နေမှု အခြေအနေ ) ဖြစ်ပါ သည်။ ဧရာဝတီကို ရောင်းစားခဲ့သူ အချို့ကလွဲပြီး မြန်မာနိုင်ငံသားတိုင်း ဧရာဝတီကို ချစ်ကြသည်သာ ဖြစ်၍ ကျနော်လည်း ဧရာဝတီကို အများနည်းတူ ချစ်ရုံမျှဖြင့် ပို၍ လူရာဝင်မလာနိုင်ပါ။ အရောင်လည်း ပိုထွက် မလာနိုင်ပါ။ ဈေးလည်း ပိုတက် မလာနိုင်ပါ။ တကယ်တော့ ကျနော်ကလည်း ရောင်းရန်မဟုတ်သော ( not for sale ) ခပ်မှိန်မှိန် ပန်းချီကားတချပ်သာ ဖြစ်ပါသည်။ ထို့ကြောင့် လူရာဝင်ချင်လို့ “ဧရာဝတီ” ဆိုသော နာမတော် ကို ရွတ်ဆိုခြင်း မဟုတ်ရပါ ကြောင်း၊ ကျနော့် ဒုတိယ comment ပါ ပုဂ္ဂိုလ်အတွက် နေရာတခု ဖန်တီးရပေးခြင်း ဖြစ်ပါကြောင်း၊ ဒါပေမဲ့ ကျန်ပုဂ္ဂိုလ်များ လည်း မိမိတို့၏ ထင်မြင်ချက်များကို ဝင်ရောက်သွန်ချ သွားနိုင်ပါကြောင်း ကြိုတင်ဖြေရှင်း အပ်ပါသည်း))

Monday, August 8, 2011

၂ ၃ နှစ် သား တော် လှန် ရေး

ကျုပ်က ဒီ ရှစ်လေးလုံးကို အကြောင်းပြု လက်သီးလက်မောင်း တန်းနေရအောင်
ကျုပ် အဲဒီတုန်းက ဘယ်ထောင့် ဘယ်နေရာကမှကို မပါဖူးပါဘူး ..
ကျုပ် မပါဖူးမှန်း ခင်ဗျားက မသိတောင် ... ( ဩော် .. ပါဖူးတယ် ထင်နေတယ်လား .. ဟာဟး))
ကျုပ် လိပ်ပြာက သိပါတယ်။

ခင်ဗျား ကိုယ့်ဘဝကို ပိုမိုကောင်းမွန်၊ လွတ်လပ်ချင်တဲ့အထဲ မပါဘူးလား ပြော
ခင်ဗျားလိုပဲ ကျန်တဲ့လူတွေလည်း ပိုမိုကောင်းမွန်၊ လွတ်လပ်တဲ့ဘဝ မလိုချင်လောက်ဘူးလား ပြော
ခင်ဗျားအတွက်ပါ ပိုကောင်းလိမ့်မယ်လို့ ထင်တဲ့ လူ့ဘောင်တခုကို သူတို့တောင်းခဲ့ကြတယ်
ခင်ဗျား အဲဒီ အဖြစ်အပျက်ကြီးကို ရွှေရောင်အတိပြီးသော ခမ်းနားမှုလို့ ဘာကြောင့် မထင်နိုင်ရတာလဲပြော

သူတို့ အနည်းဆုံးတော့ သူတို့ရဲ့ အသက်ကို စွန့်ခဲ့ကြတယ်။
သူတို့ရဲ့ ငယ်ရွယ်ပျိုမျစ်မှုကို စတေးခဲ့ကြတယ်။
သူတို့ တကိုယ်ရည်၊ တမိသားစုအတွက် မဟုတ်တဲ့ အလုပ်ကို လုပ်ခဲ့ ကြတယ်။
သူတို့ကို ကျုပ် ကျေးဇူး အထူးတင်၊ အောက်မေ့၊ ဦးညွှတ်ရိုကျိုး လိုက်ပါပေရဲ့ ..

( ကျနော် မပါဝင်ခဲ့ဖူးသော ၈. ၈. ၈၈ အရေးတော်ပုံသို့ အလွမ်းဖြင့် .. )

Sunday, August 7, 2011

မတူကွဲပြားစွာနှင့်ပင် ရှေ့သို့အတူတကွ ချီတက်ခြင်း

မနေ့က ကျနော်တို့ မြို့မှာ မြန်မာတွေ စုပြီး (၂၃) နှစ်မြောက် ၈၈၈၈ ပြည်သူ့အရေးတော်ပုံ အထိမ်း အမှတ် အခမ်းအနားတခုကို ကျင်းပ ခဲ့ကြပါတယ်။ ဒီမှာ အခါကြီး ရက်ကြီးတွေ ရောက်လာလို့ အခမ်းအနားတခု ပြုလုပ်ကြမယ် ဆိုရင် လူတိုင်းလောက် နီးပါး အား လပ်ကြမဲ့ စနေ၊ တနင်္ဂနွေ တရက်ရက် ကို ရွေးကြရပါတယ်။ ဒီနှစ်မှာတော့ ဩဂုတ်လ ( ၈ ) ရက်က တနင်္လာနေ့ မှာ ကျရောက်ပြီး အခု အချိန် ( နွေရာသီ ) ရဲ့ ကျနော်တို့ပြည်နယ် စံတော်ချိန်က မြန်မာပြည်ထက် ၁၃း၃၀ နာရီ နောက်ကျတာမို့ ဒီမှာ တနင်္ဂနွေ နေ့ အခမ်းအနား ကျင်းပနေချိန်ဟာ မြန်မာပြည်မှာ ဩဂုတ်လ (၈) ရက်နေ့ ဖြစ်နေရော့ မယ် ဆိုပြီးတော့ တနင်္ဂနွေ နေ့မှာ ကျင်းပဖို့ ပိုမို ဆန္ဒရှိခဲ့ကြပါတယ်။ ဒါပေမဲ့ အခမ်းအနားအတွက် ခန်းမငှားရာ မှာ တနင်္ဂနွေနေ့ မရနိုင်တော့ လို့လားတော့ မသိ၊ ဩဂုတ် ( ၆ ) ရက် စနေနေ့ မှာပဲ အခမ်းအနားကို ကျင်းပ ဖြစ်ခဲ့တယ်။ အဲဒီ အခမ်းအနားကို ကျနော်လည်း တက်ခဲ့ပါတယ်။ တက်ဖြစ် ရုံမျှမက အခမ်းအနား စီစဉ်သူ တွေက ( ထွန်းပြောင်တဲ့သမိုင်းကြောင်း ဘာမှ မရှိပေမဲ့ စစ်သားဟောင်း တယောက်ရဲ့အသံကို လိုချင်လို့ နဲ့တူရဲ့ ) ကျနော့်ကိုလည်း စကားပြော မဲ့ သူများ စာရင်းထဲမှာ ထည့်ထားကြလို့ ကျနော် စကားလည်း နည်းနည်း ဝင်ပြောလိုက်ရပါတယ်။

ပထမဦးစွာ မြို့ခံ ဝါရင့်နိုင်ငံရေးသမား အဘတဦးက “မြန်မာပြည် ဒီမိုကရေစီတော်လှန်ရေး အခုထိ မအောင် မြင်သေးတာ အချင်းချင်း ညီညွတ်မှုမရှိလို့ ဖြစ်ကြောင်း၊ ဒါကြောင့် မြန်မာတွေ စုစုစည်းစည်း၊ ညီညီ ညွတ်ညွတ်နဲ့ အလုပ်လုပ်နိုင်အောင် အဖွဲ့အစည်းတခု ဖွဲ့စည်း ထူထောင်သွားကြဖို့ လိုအပ်ကြောင်း”တိုက်တွန်း သွားပါတယ်။ ကျနော် စကားပြောဖို့ အလှည့်ကျတဲ့အခါ ဒီအကြံပြုချက်အပေါ် ကျနော့်ရဲ့ အမြင်ကို အတိုချုပ် ထည့်ပြောဖြစ်ပါတယ်။ ဒါပေမဲ့ စကားပြောဖို့ ခွင့်ပြုချိန် တဦးလျှင် ၅ မိနစ်ခန့်ပဲရလို့ ရင်ထဲရှိသမျှ၊ ခေါင်းထဲရှိသမျှ အကုန်လုံးကို ထည့်ပြောဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ပြောချင်နေသေးတာကို ဒီ post မှာ ပြောကြည့်လိုက်ပါတယ်။

သွေးစည်းညီညွတ်ခြင်းဟာ ကောင်းမြတ်တဲ့၊ လိုလားအပ်တဲ့၊ နှစ်လိုဖွယ်ရာရှိတဲ့ မင်္ဂလာတရား တပါးဖြစ်ပါ တယ်။ ဒါပေမဲ့ ကျနော်တို့ ဘယ်လောက်အထိ တကယ် ညီညွတ်နိုင်ကြမလဲ ဆိုတာကို ဆန်းစစ်ကြည့် သင့်တယ်လို့ ထင်ပါတယ်။ ကျနော် အပါအဝင် လူအတော် များများရဲ့ မူလ စိတ်နေစရိုက်ဟာ  perfectionism ဆန်ချင်တဲ့သဘော ရှိတယ်လို့ ထင်ပါတယ်။ ( မိမိယုံကြည်တဲ့ အတိုင်း အားလုံးကလည်း တက်ညီလက်ညီ၊ ထထကြွကြွ ယုံကြည်နေကြမှ ကျေနပ်တတ်ကြတယ်လို့ ဆိုလိုတာပါ။ ) ဒီနေရာမှာ နိုင်ငံရေး ဝေဖန်ချက်တရပ် အနေနဲ့ မဟုတ်ဘဲ လူရဲ့ စိတ်သဘာဝကို သိသာစေရုံမျှ ကျနော့် ကိုယ်တွေ့ ဥပမာတခုကို ပြောပြပါမယ်။ ကျနော်က ၂၀၀၈ နှစ် မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လုံးဝ လက်ခံလို့မရပါဘူး။ ဖတ်ကြည့်လိုက်တိုင်း ဒေါသတလိပ်လိပ် ထွက်မြဲ၊ ထွက်ဆဲ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီဥပဒေ အရ ပြုလုပ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို NLD က သပိတ် မှောက်ခဲ့တာဟာ ဦးဆောင်ပါတီကြီး တရပ်ရဲ့ ဂုဏ်သိက္ခာ ရှိတဲ့ အပြုအမူ၊ အင်မတန် လုပ်သင့်တဲ့၊ အနစ်နာခံပြီး လုပ်ကိုလုပ်ရမဲ့ ကိစ္စလို့ မြင်ပြီး ကျနော် ထောက်ခံပါတယ်။

အဲဒီလို ယူဆတာကြောင့် NDF က NLD က ခွဲထွက်ပြီး ၂၀၁၀ ရွေးကောက်ပွဲ ဝင်ခဲ့တာကို ကျနော် အရင်က သိပ် အစာကြေမိပါဘူး။ ဒါပေမဲ့ အခုတော့ NLD က ရွေးကောက်ပွဲ မဝင်ခဲ့တာဟာ သူ့အဖို့ မှန်ကန်ပြီး  NDF က ရွေးကောက်ပွဲ ဝင်ခဲ့တာဟာလည်း မမှားပါဘူးလို့ ထင်လာပါတယ်။ ဘယ်လို ဖြစ်တာတုန်း..။ ရွေးကောက်ပွဲ မဝင်တာလည်း မှန်တယ်။ ဝင်တာလည်း မမှားဘူးဆိုရင် မှားတာ ဘာရှိတော့ သတုန်း လို့ မေးစရာ ရှိပါတယ်။ NDF အနေနဲ့ “ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရဲ့ နိုင်ငံတော်အပေါ် ထားရှိတဲ့ စေတနာအစစ်အမှန်ကို သိမြင် နားလည်လာလို့ ကျနော်တို့ သူ့အစီအမံကို လက်ခံလိုက်ခြင်း ဖြစ်တယ်” လို့ပြောနေရင်တော့ ကျနော့်အမြင်မှာ ( ကျနော့် စံချိန်၊ တန်ဖိုးထားမှုအရ ) မလုပ်ကောင်းဘူးလို့ ထင်မိပါလိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တရားမမျှတမှု ( ဝါ ) တရားမမျှတသူကို “တရားမျှတတယ်” လို့ ဘယ်သောအခါမှ၊ ဘယ်သူကမှ မပြောကောင်းဘူးလို့ ကျနော်ထင်လို့ပဲ ဖြစ်ပါတယ်။

ဒီ NLD, NDF ကိစ္စကိုပဲ မြင်သာအောင် ဥပမာပေးရမယ်ဆိုရင် (က)  မြို့ ဟာ အာဏာရှင် အုပ်စိုးတဲ့ မြို့တမြို့ ဆိုပါစို့။ (ခ) မြို့ ကတော့ ဒီမိုကရေစီ ထွန်းကားတဲ့ မြို့တမြို့ ဆိုပါစို့။ ကျနော့်မှာ ယခုနေထိုင်နေတဲ့ (က) မြို့ ကနေ (ခ) မြို့ကို ပြောင်းရွှေ့လိုတဲ့ ပြင်းထန်သော ဆန္ဒရှိ သလို ခင်ဗျားမှာလည်း အဲဒီဆန္ဒ အစစ်အမှန်ရှိတယ် ဆိုပါစို့။ ဒါဆိုရင် ခင်ဗျားကော ကျနော်ကော နှစ်ယောက်စလုံးဟာ ဒီမိုကရေစီ လိုလားသူများ ဖြစ်ကြပါတယ်။ ခင်ဗျားက (ခ) မြို့ ကို ဆိုင်ကယ်နဲ့သွားချင် ပြီး ကျနော်က ကားနဲ့သွားချင်စေကာမူ၊ အခြားအဖွဲ့တွေကတော့ လှည်းလမ်းကြောင်း၊ လှေ ( ရေ ) လမ်း ကြောင်းက သွားနေကြစေကာမူ ကျနော်တို့ဟာ တခရီးတည်းသွား မိတ်ဆွေတွေပဲ ဖြစ်ကြပါတယ်။ ဒီနမူနာနဲ့ NLD ၊ NDF ကို တခရီးတည်းသွားတွေပဲ လို့ ကျနော် မြင်လာတာ ဖြစ်ပါတယ်။ ကျနော် ပြောချင်တာက ကျနော်တို့ ရွေးချယ် ထားတဲ့လမ်းတွေ မတူရင်တောင်မှ၊ စီးသွားမဲ့ ယာဉ်တွေ  မတူရင် တောင်မှ ဆုံရပ်ချင်းလောက် တူနေရင်ကို ညီညွတ်တယ်၊ အကျိုး စီးပွားချင်း ထပ်တူ ဖြစ်တယ်လို့ မှတ်ယူသင့် ကြတယ်လို့ ဖြစ်ပါတယ်။

ဒါပေမဲ့ ကျနော်တို့မြန်မာ လူမျိုးအများစု တွေးမိတတ်ကြပုံက “အားလုံး ကားစီးပြီးသွားရအောင် ဘတ်စ်ကား အစီး ( ၁၀၀ ) လောက် စုပြီးငှားကြမယ်လို့ ပြောတာကို ကိုယ့်လူတွေက မညီညွတ်ကြဘူးလေ။ ဆိုင်ကယ်နဲ့သွားချင် တဲ့လူနဲ့၊ ဆိုက်ကားနဲ့ စက်ဘီးနဲ့ သွားချင် တဲ့လူနဲ့၊ ကုန်းကြောင်း လျှောက်ချင်တဲ့လူနဲ့။ ငွေရှိတဲ့လူတွေက အပင်ပန်း မခံနိုင်ဘူးဆိုပြီး တကိုယ်ကောင်းဆန်ဆန် လေယာဉ်နဲ့ သွား ချင်ကြတာက ရှိသေးတယ်။ ဒီလို မညီမညွတ် ဖြစ်နေလို့ မြို့ (ခ) ကို မရောက်နိုင်တာ” လို့ပြောသလို များ ဖြစ်နေတတ်တာ များသလားလို့ တွေးမိပါ တယ်။ ကျနော့် အယူအဆက ဘတ်စ်ကား အစီး (၁၀၀)စာ လူစုမိမှ မြို့ (ခ) သို့ သွားသင့်တာ မဟုတ်ပါဘူး။ ကိုယ်ပိုင်ကား ရှိသူက ကိုယ် ပိုင်ကားနဲ့၊ ဆိုင်ကယ် ရှိသူက ဆိုင်ကယ်နဲ့၊ စက်ဘီး၊ ဆိုက္ကားသာ ရှိသူက စက်ဘီး၊ ဆိုက္ကား နဲ့၊  ကုန်းကြောင်းသာ လျှောက်နိုင်သူက ကုန်း ကြောင်းခရီးနဲ့ ဒီ (က ) မြို့ကနေ အမြန်ဆုံး ခွာချင်တဲ့ စိတ် ကိုယ်စီ ကိုယ်စီ ရှိကြဖို့နဲ့ (ခ)  မြို့ကို မိမိ သန်ရာသန်ရာ နည်းလမ်းနဲ့ ကိုယ်စီကိုယ်စီ သွားနေကြဖို့သာ လိုတယ်လို့ ထင်ပါတယ်။ ဒီလိုသွားနေမှ (ခ) မြို့ကိုရောက်ဖို့ ပိုမြန်ဆန်မယ်လို့ တွေးမိ ပါတယ်။

ကျနော် မကြာခဏ ကြားရလေ့ရှိတာက “ဒေါ်စုကလည်း ဒီစစ်တပ်ကို လူလိုသူလို သဘောထားပြီး non- violence ၊ အမျိုးသား ရင်ကြား စေ့ရေး တွေ သွားလုပ်နေတယ်။ မရဘူး။ ကိုယ့်ဖက်က power balance မလုပ်နိုင်ဘဲနဲ့ သူတို့ ဖြုံမှာ မဟုတ်ဘူး” ဆိုတာမျိုးတွေ ဖြစ်ပါတယ်။ ဒီတော့ ဒေါ်စုကပဲ ခိုင်းတာလုပ်တတ်တဲ့ စစ်တပ်တခု ပိုင်ထားတဲ့ အစိုးရနဲ့တူညီတဲ့ power- balance ရအောင် “လက်နက်ကိုင် တော်လှန်ရေးသာ လုပ်ကြဦးစို့ရဲ့။ ကျမတို့ လူငယ်တွေ ဗုံးခွဲနိုင်သူကလည်း ခွဲကြပါ” လို့ ပြောရမလို ဖြစ်နေပါတယ်။ ဒေါ်စုကလည်း အဲဒီလို ဘယ်တော့မှ ပြောလိမ့်မည် မဟုတ်ပါ။ ကျနော့် သဘောကတော့ ဒေါ်စုက ဒေါ်စုမို့ အခုလို သွားမှသာ မှန်မှာပါ။ အဲဒါကြောင့် “နှေးနေတယ် အစိုးရ ယန္တရား ရဲ့ ဒေါက်တိုင်တွေ ဖြစ်တဲ့ ကြံဖွံ့ရုံးတို့ ၊ အစိုးရရုံးတို့ ဘာတို့ကို အဖဂနစ္စတန်မှာလို ဗုံးသွားခွဲတာကမှ အဖြေမြန်မြန် ပေါ်မယ်” လို့ ထင်ရင်လည်း အဲဒီလို လုပ်ချင်တဲ့ လူတွေက လုပ်ကြဖို့ပဲ ဖြစ်ပါတယ်။ အခုတော့ “ဘယ်သူတွေက ဘယ်လို မူဝါဒ မှားယွင်းနေကြလို့” ဆိုတာတွေ ပြောရင်း သူတို့ မူဝါဒ မှားယွင်း နေကြရင် သူတို့ကို အားမရလို့ ကိုယ် ဒီလိုလုပ်လိုက်ဦးမယ် ဆိုတာတော့ မရှိသလောက် ဖြစ်နေပါတယ်။ ကိုယ့်မှာ better method တခု မရှိဘဲနဲ့၊ ချမပြနိုင်ဘဲနဲ့ old method က “ချာလှတယ်” လို့ ပြောသူတွေချည်းနဲ့ပဲ တွေ့နေရတယ်လို့ ထင်မိပါ တယ်။

ဘတ်စ်ကား အစီး ၁၀၀ လောက်နဲ့ လူတိုင်းစေ့ ခွပ်ဒေါင်းနဖူးစည်း စည်းပြီး ခွပ်ဒေါင်းအလံ တလူလူလွှင့်ထူ လို့ “ကမ္ဘာမကျေဘူး” သီချင်း သီဆိုရင်း (ခ)မြို့ကို ပြိုင်တူ ညီညာစွာ ချီတက်သွားနိုင်ရင်တော့ တော်တော် smart ကျမှာပဲပေါ့။ ဒါပေမဲ့ ဘတ်စ်ကား ငှားမရ လည်း ရရာနည်းနဲ့ (က) မြို့က ထွက်ခွာသွားနေရင် လမ်း ခရီးမှာပဲ ကားသမားများအစုက ကားသမားသမဂ္ဂ၊ ဆိုင်ကယ်စီးသူများသမဂ္ဂ၊ ဆိုက္ကားသမဂ္ဂ၊ စက်ဘီးသမဂ္ဂ၊ ကုန်းကြောင်းချီတပ် တွေကို ဖွဲ့မိရက်သား ဖြစ်သွားမယ် ထင်ပါတယ်။ ဒီ သီအိုရီကို လက်တွေ့ ဥပမာ တခု လောက် ပြပါဦးလို့ ဆိုရင် အခုအချိန်မှာ တစုံတယောက်ကသာ -

(၁) “ မြန်မာ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ အမြန် ဆုံးတွေ့ဆုံဆွေးနွေး၍  နိုင်ငံရေးအရ ညှိနှိုင်း အဖြေရှာရာတွင် ဒေါ် အောင်ဆန်းစုကြည် ကြားဝင်ဆောင်ရွက်ပေးမည်ကို သင် လိုလား/ ထောက်ခံပါ သလား” [ ဒါ ဒေါ်အောင်ဆန်းစုကြည်ကို ကိုးကွယ်နေတာ မဟုတ်ဘူးလို့ ထင်ပါတယ်။ အမျိုးသားရေး ပြဿနာကို အဖြေ ရှာတဲ့နေရာမှာ မိမိလည်း ထိုင်ရာက မထ ဝင်ရောက် ပါဝင်လိုက်ခြင်းသာ ဖြစ်ပါတယ်။ အဲဒီလို မလုပ် သင့်ဘူးထင်ရင် ဒီထက်ကောင်းတဲ့ နည်းကလေး တခုလောက်များ ရှိကြရင်လည်း ကြားချင်မိပါတယ်။ ]

(၂) “အေ*ရာဝတီ မြစ်ဖျား ( ကျနော့်ကွန်ပြူတာမှာ (*) ကို ရိုက်မရ လို့ပါ ) ဖက်တွင် တရုတ်ပြည်အတွက် လျှပ်စစ် ဓါတ်အား ထုတ်လုပ်ရန် မြစ်ဆုံရေကာတာ တည်ဆောက်မည်ကို လိုလား / ထောက်ခံပါ သလား”

“(၃) “မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်သားမရှိ ( ပြစ်မှုဆိုင်ရာ အကျဉ်းသားသာ ရှိသည် ) ဟုဆိုလျှင်ပင် ယခု ကိုမင်းကိုနိုင် အစ ရှိ သော ကျောင်းသားခေါင်းဆောင်များအား ချမှတ်ထားသည့် ထောင်ဒါဏ် ၆၅ နှစ်သည် တရားမျှတသည်ဟု သင် ထင်ပါသလား။ သူတို့ အား ကျခံနေရသည့် ပြစ်ဒါဏ်များမှ လွှတ်ပေးသင့်သည်ဟု သင် ထင်ပါသလား။

(၄) “ဦးသိန်းစိန် အစိုးရမှ ဤအမျိုးသားရေးကိစ္စများ ( national issues ) တို့ကို ( - ) လအတွင်း သင့်မြတ် လျော်ကန်စွာ မစဉ်းစား၊ မလိုက်လျောပေးခဲ့ပါက ပြည်လုံးကျွတ် ဆန္ဒပြသင့်သည်ဟု သင် ထင်မြင်ယူဆ မိ ပါသလား” ( ထင်ပါသည် / မပြောတတ်ပါ / မထင်ပါ ) စသည်ဖြင့် FB account ရှိတဲ့ လူငယ်တွေက ထိုင်ရာ က မထ လုပ်နိုင်ကြပါတယ်။ လုပ်လည်း လုပ်ကြစေချင်ပါတယ်။

ဒါဆိုရင် ခင်ဗျားကြီး ကိုယ်တိုင်ကော ဘာ လို့ မလုပ်သလဲလို့ မေးစရာ ရှိပါတယ်။ ကျနော့်က မိတ်ဆွေ ၁၀၀ ကျော် လောက်ပဲရှိတဲ့ မထင်ရှားသူ၊ အရှိန်အဝါမကြီးသူ တယောက်သာ ဖြစ်တာမို့ လုပ်သာလုပ်ပြီး ဘာမှ အရာမရောက်လိုက်မှာ စိုးမိလို့ပါ။ အကြောင်းကြောင်း ကြောင့် ကိုယ်တိုင် မလုပ်နိုင်တဲ့ အတွက် ဒီလို လုပ်ရင် ကောင်းမလား လို့ အကြံပြုကြည့်တာပါ။ ဒါကို ကြိုက်တဲ့သူရှိရင် လုပ် သွားကြလိမ့်မယ်လို့ ယုံကြည် မိပါတယ်။ ပြီးတော့ ကျနော်က ဖြစ်နိုင်ရင် group တွေ ဘာတွေဖွဲ့ တာမျိုးလည်း သိပ်မလုပ်ချင် လို့ပါ။ ကျနော့်မှာ တချိန်ချိန်မှာ ကိုယ့်ပြည် ကိုယ့်မြေအတွက် လုပ်ချင်တာ တချို့ စိတ်ကူထားတာ ရှိပါတယ်။ အဲဒီ အချိန်ကျမှ တိုင်းပြည်ကို သေချာ ချစ်ပါတော့မယ်း))

ဟိုတလောတုန်းက “မောင်ထိပ်ကွက်” ကိစ္စ FB မှာ ဟိုးလေးတကြော် ဖြစ်သွားတာကြောင့် အဲဒီအမှု ပြီးပြီး ပျောက်ပျောက် မဖြစ်သွားဘဲ မြန်မြန်ဆန်ဆန် အပြစ် ပေးခံရတာလို့ ထင်ပါတယ်။ ဒါကို Citizen Journalism ပုံစံတမျိုးလို့ ဆိုနိုင်ပါတယ်။ အဲဒီတုန်းက ဒီကိစ္စကို ငါတို့  လုပ်ကြရအောင် ဘယ်သူက ဥက္ကဌ၊ ဘယ်သူက အတွင်းရေးမှူး တာဝန်ယူပါ ရယ်လို့ organization ဆန်ဆန် လှုပ်ရှားခဲ့ကြတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျနော်တို့ရဲ့ common sense က unfair ဖြစ်တဲ့ ကိစ္စမျိုး ကို လက်ပိုက်ကြည့်နေတတ်လေ့ မရှိပါ ဘူး။ အာရပ် ကမ္ဘာမှာ ဒီမိုကရေစီလှိုင်း ထကြွလာတာကလည်း သာမန်ဆင်းရဲသား လူငယ်တယောက် ( ဆိုလိုတာက ဘာမှ နိုင်ငံရေး အရှိန်အဝါ မရှိ သူ ) က လုပ်စားရင် မိုးခေါင်၊ တောင်းစားရင် ခွေးဟောင်လွန်း လို့ ကိုယ့်ကိုယ်ကို မီးရှို့သတ်လိုက်တာကို လူတွေရဲ့ common sense က မခံမရပ်နိုင်လွန်းလို့ စခဲ့တာပါ။

ဒါကြောင့် နိုင်ငံရေး စိတ်ဝင်စားသူရော၊ စိတ်မဝင်စားသူရော ကျနော်တို့အားလုံးရဲ့ အကျိုးစီးပွားကို သိသာ ထင်ရှားစွာ ထိခိုက်စေတဲ့ အကြောင်းရပ်တွေကို public awareness ရအောင် လုပ်ခြင်းသည်လည်းပဲ ကိုယ့် နိုင်ငံ ကောင်းစားဖို့ လုပ်တာပဲ လို့ထင်ပါတယ်။ အဲဒီတော့ ခုနက ကျနော် ရည်ညွှန်းခဲ့တဲ့ အဘက ပြောသွားတဲ့ “မြန်မာနိုင်ငံ အသင်းချုပ်” မျိုး မဖွဲ့နိုင်သေးခင်မှာ ကျနော်တို့ နိုင်ငံသားတိုင်း တဦးစီ၊ တဦးစီ ကိုယ်နိုင်သရွေ့လေးလောက် အဲဒီလိုမျိုး လုပ်ကြပါဦးလို့ ဆရာလုပ်တာ မဟုတ်ဘဲ “ပညာရှိ သတိဖြစ်ခဲ” ဆို သလို ပညာရှိ ကိုကို မမ၊ ညီ ညီမ တွေကို လက်တို့ လိုက်ပါတယ်။ အဲဒီလို လုပ်ကြမယ်ဆိုရင် ခုနကပြောခဲ့သလို စက်ဘီးနဲ့၊ ကုန်း ကြောင်း နဲ့ (ခ)မြို့ကို သွားနိုင်တဲ့သူက သွားနေတဲ့ သဘောပဲလို့ ယူဆမိပါတယ်။ ကုန်းကြောင်း လျှောက်နေသူတွေ ကို တွေ့ရင် နောက် က ကားနဲ့လာတဲ့သူလည်း လိုက်လာကြပါလိမ့်မယ်။

ကျနော်တို့ မြန်မာလူမျိုးတွေက ဘာအဖွဲ့ ဥက္ကဌ၊ ညာအဖွဲ့ လူကြီး ဆိုတာတွေကို တယ် မက်မော တတ်ကြပါတယ်။ ကျနော်လည်း လူတယောက်ပဲမို့ ဘဝင်မြင့်ချင်တဲ့စိတ်၊ proud ဖြစ်ချင်စိတ် ရှိပါတယ်။ ဒါပေမဲ့ ကျနော်က ကိုယ့် status အတွက် မဟုတ်ဘဲ ကိုယ့်ရဲ့ dedication / commitment/ moral/ intelligence/ good-heartedness တွေအတွက်ပဲ proud ဖြစ်ချင်မိပါတယ်။ ကိုယ့်ကိုယ်ကို ဘာ status မှ မရှိဘဲနဲ့လည်း ကိုယ့်ရဲ့ personality ကြောင့်ပဲ မြင့်ပြီးသားပဲလို့ တကယ်ယုံကြည် နေနိုင်ရင် လူကြီးဖြစ်ချင်တဲ့၊ လူရာဝင်ချင်တဲ့၊ status ရူးတဲ့ရောဂါ နည်းနည်း သက်သာသွားပါလိမ့်မယ်။ ကျနော်က team work လုပ်တဲ့ဖက်မှာ အားနည်းမှု ရှိပါတယ်။ ဒါကြောင့် ကျနော် နိုင်ငံ့အတွက် အကျိုးပြုရင်လည်း ကိုယ့်ဖာသာကိုယ် individually ပဲ ပြုတော့မယ်လို့ တွေးထားပါတယ်။ ကိုယ် တွေးမိတာလေး၊ ကိုယ်ယုံကြည်တာလေး လွတ်လွတ်လပ်လပ် ပြောပြရင်း၊ ဝေမျှရင်း  ကိုယ်ရည်သွေးတီးလုံး သံကြောင် ကလေးများ တီးမိနေပြီလား။ ခွင့်လွှတ်ကြပါလေကုန်..း)))

( ၈-၈-၈၈ ပြည်သူ့ အရေးတော်ပုံအတွင်း ကျဆုံး၊ အနစ်နာခံခဲ့ကြဖူး၊ အနစ်နာခံနေကြဆဲ ဂုဏ်ပြုအပ်သော မြန်မာနိုင်ငံသားများသို့ )