ကိုနေမင်း နှင့် လမင်းငယ်တို့ Shangri-La Hotel ဧည့်ခန်းမထဲသို့ ညနေ ၆ နာရီထိုးဖို့ ၅ မိနစ် အလိုတွင် ဝင် ရောက်သွားချိန်၌ dinner suit အကျအန ဝတ်ဆင်ထားသော အရှေ့တိုင်းသား လူကြီးတဦးနှင့် သူ့ဘေးနားမှာ လမင်းငယ် တို့အရွယ်လောက်သာ ရှိမည်ဟုထင်ရသော အဖြူမလေးတယောက်တို့ ဧည့်ခန်းမထဲမှာ ယှဉ်တွဲလျက် ထိုင်နေကြသည်ကို ပထမဆုံး တွေ့ရသည်။ ဒါ ဦးတို့လင်မယားနှင့်တူပါရဲ့ဟု လမင်းငယ်တွေးနေမိစဉ်မှာပင် ဦးကလည်း ဒါ လမင်းငယ်တို့ လင်မယားထင်ပါရဲ့ဟု တွေးမိဟန်ဖြင့် အဖြူမလေး၏ပခုံးတဖက်ကိုအားပြုလျက် နှစ်ယောက်စလုံး မတ်တပ်ရပ်လိုက်ကြသည်။ ထို့နောက် လမင်းငယ်တို့ဝင်လာနေ သည့်ဖက်ကို သူတို့တဖြည်းဖြည်း လျှောက်လာနေကြ၏။ လမင်းငယ်ကတော့ အဖြူမလေး၏ ပခုံးပေါ်မှာ လက်တဖက် တင်လျှက် အနည်းငယ် ထော့နဲ့ ထော့နဲ့နှင့် လမ်းလျှောက် လာနေပုံကို မြင်ရကတည်းက သည်လူကြီးဟာ ဦးပဲဖြစ်ရမည်ဟု ထင်လိုက်ပြီ။ ( အင်း .. ဦးဆီက ဓါတ်ပုံ တပုံ လောက် မတောင်းထားခဲ့တာ နာတာပဲ။) သို့သော် အတိအလင်း မသေချာသေး၍ ရဲရဲ မပြုံးပြရဲသေး။ သူတို့ သူမတို့အနား ရောက်လာတော့ ဦးက အရင်ဆုံး အင်္ဂလိပ်လိုမေးလာသည်။
“ So, are you Ko Nay Min and Ma La Min Nge?”
“ Yes, we are. Uncle က ဦးကျော်စွာ ပါလားရှင့် ”
ဟု လမင်းငယ်က အင်္ဂလိပ်တဝက်၊ မြန်မာတဝက်နှင့် အလျင်စလိုဖြေမိသည်။ သည် ဦးက online ပေါ်မှာသာ ဦးလေးအရင်းအချာ၊ မိတ်ဆွေအရင်းအချာတွေလို ကာလကြာရှည်စွာခင်မင်နေခဲ့ကြပြီး လမင်းငယ်နှင့် အပြင်မှာတခါမှမဆုံဖူး သေးသောဦးဖြစ်ပါသည်။ ဦးက-
“ဟုတ်တယ်သမီး။ ခုလိုတွေ့ရတာ ဝမ်းသာလိုက်တာသမီးရယ်။ ကိုနေမင်းနဲ့ လည်းတွေ့ရတာ အရမ်းကို ဝမ်းသာ ပါတယ်ဗျာ။ (သူ့ကိုလက်ဆွဲနှုတ်ဆက်ရင်း) ကျနော်ကျော်စွာပါ။ Very nice to meet both of you. Cathy, this is Ko Nay Min, and she is La Min Nge. You know Nay Min means the sun, and La Min Nge means the little moon in Burmese. So, they are the couple of the sun and the moon. How beautiful their combination is! And this is my wife, Cathy. Her first name is Catherine. We warmly welcome you.”
ဟု သူ့ဇနီးပါနားလည်အောင် အင်္ဂလိပ်လိုရောစွက်၍ပြောသည်။ Cathy ကလည်း ပထမဦးစွာ လမင်းငယ်ကို လက်ဆွဲ နှုတ်ဆက်ရင်း -
“Very nice to meet you, honey. Oh, you are so cute, and I love you at first sight.”
ဟု လှိုက်လှဲနွေးထွေးသော hugတခုနှင့်အတူ ရယ်ရယ်မောမော ပြောဆိုလာသောအခါ လမင်းငယ်၏ စိတ်ထဲတွင် မိတ်ဟောင်းဆွေဟောင်းတယောက်နှင့် လာတွေ့နေရသလို ဦးရဲ့ဇနီးကို ချက်ချင်း ခင်မင်သွားမိလေသည်။
“I love you, too, Ma’am. It's very nice to meet you.” ဟုလမင်းငယ် စိတ်ပါလက်ပါ ပြန်ပြောမိ သည်။
ကိုနေမင်းနှင့် Cathy တို့ လက်ဆွဲနှုတ်ဆက်ရင်း အချင်းချင်း “Nice to meet you.” လုပ်နေကြ ချိန်တွင် ဦးက ကလေးတယောက်လို မဝံ့မရဲဖြစ်နေပုံဖြင့် -
“ ကဲ.. သမီး၊ ဦးတို့ကော လက်ဆွဲနှုတ်ဆက်ကြမလား။ သမီးအဆင်မပြေရင်တော့ ကိစ္စမရှိပါဘူး”
“ ဟာ.. ရပါတယ် uncle ။ ဦးနဲ့ခုလိုတွေ့ရတာ အရမ်းဝမ်းသာမိပါတယ်”
“ဦးလည်း အဲလိုပါပဲသမီးရယ်။ ကဲ..dinner room ဖက်သွားကြရအောင်နော်”
ထို့နောက် သူမတို့ညစာစားခန်းဖက်သို့ နေရာရွှေ့ကြသည်။ Seafood များဖြင့် ဦးတို့တည်ခင်း သောညစာ စားပွဲအပြီး တွင်ကား Cathy နှင့် လမင်းငယ်တို့ တော်တော်အဖွဲ့ကျပြီးသူမတို့ချင်း girl talk တွေပင် ပြောနေခဲ့ကြပြီ။ ကိုနေမင်းနှင့် ဦးကျော်စွာတို့ကတဖွဲ့ ဖြစ်သွားသည်။ လမင်းငယ်က -
“Uncle အရမ်းကံကောင်းတာပဲ။ Uncle ဇနီးက အရမ်းချစ်ဖို့ကောင်းတယ်။ သူ့ရုပ်ကလေးနဲ့ သူ့ စိတ်ကလေးနဲ့ တထပ်တည်းပဲ”
“သမီးလေးကလည်း ချစ်ဖို့ကောင်းတာပါပဲကွယ်။ ဒီတော့ကိုနေမင်းလည်း သမီးလိုမိန်းကလေးမျိုး ရတာကံကောင်းတာပေါ့။ သမီးကလည်း ကိုနေမင်းလိုယောက်ျာမျိုးရတာ ကံကောင်းတာပဲ။ ဦးလည်း တကယ်တော့ မြန်မာမိန်းကလေးတယောက်ကို လက်ထပ်ယူချင်ခဲ့တာပါ။ ဒါပေမဲ့ ကိုနေမင်းရေ..။ သိတယ်မဟုတ်လား။ ကျနော်တို့ မြန်မာမိန်းကလေးတွေက ကျနော် ခြေတုစီး ရတဲ့လူတယောက်မှန်းသိသွားတာနဲ့ ကျနော်နဲ့သိပ်မခင်ချင်ကြတော့ဘူးဗျ။ ကျနော်နဲ့ ရိုးရိုးမိတ်ဆွေအနေနဲ့လည်း မခင်ချင်တဲ့ အကြောင်း သူတို့ပြတတ်သလိုပြကြတာပေါ့ဗျာ။ ကျနော် အစတုန်းကတော့ ရော်..ငါဘာမှလည်း မလုပ်ရသေးဘဲနဲ့ သူတို့ပြေး ကုန်ကြပါရော့လားဆိုပြီး discriminate လုပ်ခံရသလိုလို၊ သူတို့ကို အပြစ်တင်ချင်သလိုလို၊ ကျနော့်ဖာသာကျနော်ပဲ ကြေကွဲမိ သလိုလို ဖြစ်တာပေါ့ဗျာ။ နောက်တော့ ဩော်..ငါ မြန်မာအလိုအရဆိုရင် အသက်လည်းကြီးပြီ၊ ခုမှတော့ ပျော်ရွှင်ဖွယ်မိသားစုဘဝ ဆိုတာတွေဘာတွေ လုပ်မနေနဲ့တော့၊ ရမှာလည်းမဟုတ်ဘူး၊ ဟေ့ကောင်.. မင်း တရားသာထိုင် ပေတော့ ဆိုပြီးတော့ တရားတွေ ဘာတွေ ထိုင်ကြည့်တာပေါ့လေ။ ဟဲ..ဟဲ။”
“ တရားတွေထိုင်တော့လည်း မိန်းမကလိုချင်နေသေးတုန်းပဲလား uncle ”
လမင်းငယ်က စိတ်ရွှင်လန်းနေသဖြင့် ဦးကိုနောက်မိသည်။ ဦးကလည်း ရယ်မြူးစွာနှင့် -
“ ဟား ဟား၊ အမှန်ပဲ။ လိုချင်နေသေးတုန်းပဲ။ တကယ်တော့ ယောက်ျား တယောက် ဟာ gay လည်းမဟုတ်ဘူး၊ မိန်းမလည်း မရှိသေးဘူး ဆိုရင်တော့ ဘယ်အသက် အရွယ်ပဲ ရောက်နေရောက်နေ၊ ကိုယ့် social status က ဘာကြီးပဲ ဖြစ်နေဖြစ်နေ မိန်းမတယောက်တော့ လိုချင်သေးတာပဲ။ ဒီလိုပြောတော့ နဲနဲကြမ်း နေမယ်ထင်တယ်။ ဦးကလိုရင်းကို ဒဲ့ပြောလိုက်တာ။ တကယ်တော့ မိန်းမဆိုရင်ပြီးရော၊ ဘယ်လိုမိန်းမမျိုးမဆိုယူမှာပဲဆိုပြီး စိတ်ကြမ်းကိုယ်ကြမ်းကြီးနဲ့ မိန်းမအငမ်းမရလိုချင်နေတာတော့ မဟုတ်ဘူးပေါ့။ မိန်းမတယောက်ဆီက မိခင်ဆန်တဲ့ကြင်နာမှု၊ သံယောဇဉ်နှောင်ဖွဲ့မှု၊ ပြီးတော့ မိသားစုဘဝတခု၊ အဲဒါတွေကို တောင့်တမိတာလို့ ပြောရမယ်။ ဒါ sexual desire မဟုတ်လောက်ဘူး။ longing for a human life ပဲဖြစ်မယ်ထင်တယ်။ ဒါပေမဲ့ ဦးကတော့ ဦးလိုချင်တောင့်တမိတာတွေ ရမှာမဟုတ်တော့ပါဘူးလေဆိုပြီးတော့ စိတ်ဒုန်းဒုန်းချထားခဲ့ တာပေါ့လေ။ အဲဒီအချိန်မှာသူနဲ့စတွေ့တာပဲ။ တရက် ဦးက အိမ်နဲ့ ခပ်လှမ်းလှမ်းက store တခုကနေ ချိုင်းထောက်လေးနဲ့ စားစရာတွေ ဝယ်ပြီး ပြန်အလာမှာ သူကဦးမနိုင်မနင်းဖြစ်နေတာကို နောက်ကနေမြင်ပြီးသနားသွားတယ်နဲ့တူတယ်။ ကားထိုးရပ်ပြီး “(Do) you need a ride?” လို့ မေးလာတယ်။”
“ဒီတော့ ဦးကလည်းလိုပါတယ်ပေါ့။ ဒီလိုနဲ့ သူကဦးအိမ်ထိလိုက်ပို့ပေးတယ်။ နည်းနည်းလေးတာတွေကို ရှင်မသယ်နဲ့၊ ကျမသယ်ပေးမယ် ဆိုပြီးအိမ်ထဲထိကူသယ်ပေးတယ်။ ပစ္စည်းတွေကို ရေခဲသေတ္တာထဲ ထည့်ပေးတဲ့အထိပါပဲ။ ပြီးတော့ ဦးစားကြွင်း စားကျန်တွေနဲ့မသပ်မရပ်ဖြစ်နေတာ မြင်သွားလို့ အဲဒါတွေနဲ့ ဦးအိမ်ကရေချိုးခန်းကိုပါ ဝင်ဆေးကြောပေးသွားသေးတာ။ နောက် သူပြောတာက ရှင် ကျမကိုကတိတခုပေးတဲ့။ ဈေးဝယ်ချင်ရင် ကိုယ့်ဖာသာကိုယ်ထွက်မဝယ်နဲ့၊ သူ့ဆီကိုဖုန်းဆက်ပါတဲ့။ ဦး အဲဒီနေ့ ကတွေးမိတယ်။ အဘဦးသုခကရေးဖူးတယ်တဲ့။ မေတ္တာသုတ်ဟာရွတ်နေဖို့မဟုတ်ဘူး။ ကျင့်ဖို့တဲ့။ ဒီ ဘာသာခြားမိန်းကလေးက သူ့ရင်၌ဖြစ်သောသားကို ချစ်ခင်သကဲ့သို့ ငါ့အပေါ်ဖြူဖြူစင်စင် မေတ္တာထားရှာတာပါလားလို့”
“ အဲဒီလိုနဲ့ ကြိုက်သွားကြတာလား Uncle”
“အင်း.. ဒါပေမဲ့ ဦးက သူ့ကိုကျေးဇူးတင်တဲ့စိတ်ကကြီးနေတော့ သူစိတ် အနှောက်အယှက်ဖြစ်မှာစိုးတာနဲ့ မြန်မာလိုပဲတွေးပြီး သူ့ကို ချစ်စကားကြိုက်စကား ဘာမှမပြောရဲဘူးလေ။ အဲဒါနဲ့ တရက်နေ့ကျတော့ သူ့သူငယ်ချင်းမိန်းကလေး တယောက်ကိုသူက “ဒါ ငါ့ boyfriend ပဲ” လို့ ဦးနဲ့မိတ်ဆက်ပေးတယ်။ ဦးလည်း ကွယ်ရာရောက်တော့မှ ငါတို့က ဟုတ်လည်းမဟုတ်ဘဲနဲ့၊ မင်းဘာဖြစ်လို့ အဲလိုပြောလိုက်ရတာလဲလို့ ပြောတာပေါ့။ သူက “because I love you, and I know you love me, too. Don’t you think you need a mate for your future?” တဲ့။ ကဲ..ဒီလိုဆိုလည်း ကောင်းပါလေ့ ကလေးမရေ.. ဆိုပြီးယူဖြစ်ကြတာပဲ။ သူက အဲဒီတုန်းက Graduate School တက်နေတော့ သူ Master ပြီးတဲ့ထိတော့ စောင့်ရတာပေါ့လေ။ ဟား..ဟား”
“ သူ့မိဘတွေကကော ကန့်ကွက်ကြသေးလား Uncle”
“ဦးအဲဒါပြောချင်လို့ ဒီအကြောင်းတွေကိုပြောနေတာ။ သိပ်အံ့ဩစရာကောင်းတယ်။ သူတို့ လုံးဝမကန့်ကွက် ကြဘူး။ သူတို့ယဉ်ကျေးမှုက တခုတော့ကောင်းတယ်။ အသက် ၂၁ နှစ်ကျော် သွားရင် မိဘဆိုတာ သားသမီးက တခုခုလုပ်တော့မယ်ဆိုရင် အသိပေးရုံ အရင်းနှီးဆုံးမိတ်ဆွေအဆင့် မှာပဲရှိတော့တယ်။ သူတို့ရဲ့ ခွင့်ပြုချက် မလိုအပ်တော့ဘူး။ သူတို့ အနောက်ကမိဘတွေက မြန်မာမိဘတွေလောက် သားသမီးအပေါ် demanding မဖြစ်ကြ ဘူးလို့ ဦးထင်တယ်။ ဒါကတပိုင်း။ အခု သူ့မိဘတွေကကျတော့ သူတို့ရဲ့သမီးက လူသာမန်တို့ပြုနိုင်ခဲသောအမှုကို ပြုပေတယ် ဆိုပြီးတော့ ဝမ်းတောင်သာနေကြပုံပဲ။ သူတို့က သူတို့သမီးကို အရမ်းယုံကြည်မှုရှိကြတယ်။ သူတို့သမီးက ရွေးချယ်ထားတဲ့လူဆိုတော့ သူတို့သမီး မမှားနိုင်ဘူး၊ ဦးဟာ လူကောင်းတယောက် လောက်တော့ဖြစ်လိမ့်မယ်လို့သူတို့ယုံကြည်ကြတယ်။ အခုသူက ဦးနဲ့ရပြီးမှ ဗုဒ္ဓဘာသာကိုပြောင်းကိုးကွယ်တယ်။ သူ့မိဘတွေကလည်း ဗုဒ္ဓဘာသာကို နဂိုကတည်းက impress ဖြစ်ကြတော့ ဒါနဲ့ပတ်သက်ပြီး သူတို့ဘာမှ စိတ်အနှောက်အယှက်မဖြစ်ကြပါဘူး။ ဒါနဲ့ပဲ ဦးကလည်း ဒီမိန်းမကိုရော ယောက္ခမတွေကိုရော အရမ်းချစ်နေရတာပဲ။ Cathy, I’m telling them our story.”
“Yes, I know, honey. And I understand your Burmese words “အရမ်းချစ်နေရတာ”. He was very shy, so I had to propose him.”
ဟု ဦးရဲ့ဇနီးချောလေးက ရယ်ရယ်မောမောနှင့်ဖြည့်စွက်ပေးပါသည်။
အခု သည်ကအပြန်မှာ ဦးတို့ဇနီးမောင်နှံ ဗုဒ္ဓဂါယာဘုရားဖူး သွားကြ မလို့ဟုသိရသည်။ ဒါကလည်း Cathy ကပူဆာ လို့ပါတဲ့။ သည်ည ညစာစားပြီး ပြန်အလာတွင် အမေရိကန်တွေကို materialists တွေဟု အစဉ်အလာအရစွဲကပ်နေခဲ့သော အမြင်တခုနှင့် သိပ်အသုံးကျ လှပုံ မရသော်လည်းကာလကြာရှည်စွာ ကိုယ်တိုင်လိုက်နာနေခဲ့မိသည့် အာရှဆန်မှုတခုလမင်းငယ်ထံမှ ကျပျောက်သွားခဲ့လေသည်။ အပြန်လမ်းတွင် ကိုနေမင်းက လမင်းငယ်ကို ချစ်ရည်ရွှန်းလဲ့စွာဖြင့် ကြည့်ရင်း မေးခွန်းတခုမေးလာ ခဲ့သည်။
“Cathy က ခင်ချင်စရာကောင်းတယ်နော်။ တကယ့်အဖြူထည်လေးဖြစ်ရင်းပဲ intelligent လည်း ဖြစ်သေးတာ။ ညီမကောကိုယ်သာ ညီမနဲ့စတွေ့ခဲ့တုန်းက ဦးကျော်စွာလို ဖြစ်နေခဲ့ရင် ကိုယ့်ကိုချစ်ဖို့သတ္တိရှိခဲ့ပါ့မလား”
“မှန်တာပြောရရင်တော့ သတ္တိရှိခဲ့မှာမဟုတ်ဘူးမောင်။ မောင်ကသန်သန်မာမာ၊ ရုပ်ကလေးကလည်း အားကိုးလောက်စရာ မို့သာ မောင့်ကိုချစ်ခဲ့တာပါ။ မောင့်ကို ကျမရွေးချယ်ခဲ့တာမှာ နှလုံးသားနဲ့သာမက ဦးနှောက်လည်း အသုံးပြုခဲ့ပါတယ်။ ဒါပေမဲ့ Cathy ကလည်း ဦးကို ဦးနှောက်နဲ့ပဲ ရွေးချယ်ခဲ့တာလို့ထင်တယ်။ ဒါပေမဲ့ ကျမက ကိုယ့်ရဲ့ဘဝနောင်ရေးအတွက်ပဲ စဉ်းစား ခဲ့တာ။ Cathyက ဦးရဲ့ဘဝ နောင်ရေးအတွက် သူ့ဦးနှောက်နဲ့စဉ်းစားပေးခဲ့တာ။ အခု ဦးတို့ဇနီးမောင်နှံနဲ့ တွေ့ပြီးတဲ့နောက် ကျမဆီမှာရှိနေတဲ့ open mind မျိုးနဲ့ဆိုရင်တော့ မောင် ဦးလို ဖြစ်နေလည်း မောင့်ကိုချစ်ခဲ့မှာပါပဲ။ မောင်က ရှက်နေသေး ရင်တောင် ရည်းစားစကားလိုက်ပြောလိုက်မှာဗျ၊ သိလား။ ကျမ ဦးတို့ လင်မယားကို ကြည့်ပြီး အရမ်းကြည်နူးမိတယ် မောင်ရယ်”
ဟုဖြေကာ လမင်းငယ်သည် ခင်ပွန်းသည်၏ လက်မောင်းကို အားကိုးတကြီးနှင့် မြတ်နိုး ကြည်ညိုစွာ တွဲခိုထားလိုက်မိတော့သည်။
(စာကြွင်း။ ။ သူတပါး၏ယဉ်ကျေးမှုကို အသားလွတ်အထင်ကြီးနေလျှင် ခပ်ညံ့ညံ့ပုဂ္ဂိုလ်ဟု ကျနော်ထင်တတ်ပါသည်။ သူတပါး၏ ယဉ်ကျေးမှုကို အသားလွတ်မုန်းတီးနေလျှင်လည်း ခပ်တုံးတုံးပုဂ္ဂိုလ် ဟု ထင်ပြန်ပါသည်။ လူသားဆန်သောအမူအကျင့်များကိုမူ သူပိုင်လည်းမဟုတ်၊ ကိုယ်ပိုင်လည်း မဟုတ်၊လူသားတိုင်းပိုင်ဆိုင်သည်ဟုထင်ပါသည်။ ကျနော်ယခုတလော လွှင့်ပစ်လိုက်ရလို့လည်းဘာမျှ နှမြောစရာမရှိ(ဟု ကိုယ့်ဖာသာထင်)သော မြန်မာ့အစဉ်အလာ အမူအကျင့်တချို့ အကြောင်းကို တွေးနေမိ၊ ပြောချင်နေမိရာ ဆောင်းပါး ရေးပြီးပြောလျှင် လူတွေကို ဆရာကြီးလုပ်သလို ဖြစ်သွားနိုင်သဖြင့် ကျနော်ပြောချင်သောတစုံတရာကို ပြောနိုင်ရန် event တခုကို စိတ်ကူးယာဉ် ပြီးဖန်တီးထားခြင်းသာ ဖြစ်ပါ သည်။ ဖြစ်ရပ်မှန်မဟုတ်ပါ။ တိုက်ဆိုင်မှုများရှိပါက ခွင့်လွှတ်ကြပါကုန်။)