Sunday, July 17, 2011

မြင်ချင်သည် ရွှေပြည်ကြီးကိုလ ( ၅ )

[ ယခုတလော ကချင်ပြည်နယ်အတွင်း နှစ်ဖက် တိုက်ခိုက်နေကြသည့် ကိစ္စ မကြာခဏ ခေါင်းထဲ ရောက် ရောက် လာတတ်ပါသည်။ ယနေ့လည်း ဤ plot လေး ခေါင်းထဲ လက်ကနဲ ဝင်လာ၍ မရေးတာ ကြာနေပြီ ဖြစ်သည့် “မြင်ချင်သည် ရွှေပြည်ကြီးကိုလ” ( ၅ ) အဖြစ် ဤ စိတ်ကူးယဉ် ဝတ္ထုကို ရေးလိုက်ပါသည်။ စစ်ဗိုလ် အကြောင်း အကောင်း ရေးထားသည်ဟု အပြစ်တင် မစောစေလိုပါ။ “မြင်ချင်သည်” ဟု ဆိုသဖြင့် “မမြင်ဖူးသေး” သည် မှာထင်ရှားပြီး ဖြစ်ပါသည်း)) ]

(၁)

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးသမားများလို့ ဂုဏ်ပြုပြီးတော့ ခေါ်ခေါ်၊ သောင်းကျန်းသူလို့ တဖက်သတ် စွပ်စွဲပြီးတော့ ခေါ်ခေါ်၊ သူပုန်လို့နှိမ့်ချပြီး တော့ပဲ ခေါ်ခေါ် ( အဓိက အခြင်းအရာ အားဖြင့် ) ပြည်ထောင်စုဗဟိုအစိုးရကို လက်နက်ဖြင့် တော်လှန်တိုက်ခိုက်သော မည်သည့် လက်နက်ကိုင်တပ်ဖွဲ့မျိုးမှ မြန်မာပြည်တဝန်းလုံးမှာ မရှိတော့သည်မှာ တနှစ်ခန့်မျှ ကြာခဲ့လေပြီ။ လွန်ခဲ့သည့်နှစ်က မြန်မာ့တပ်မတော် နှင့် ကေအိုင်အေ တပ်ဖွဲ့တို့ နှစ်ဖက် တိုက်ပွဲ ဖြစ်ပွား စဉ် မိုင်းထိမှန်၍ မစွမ်းမသန် ဖြစ်ခဲ့သော ဗိုလ် ကျော်မောင် နှင့် KIA တပ်ဖွဲ့ဝင်ဟောင်း ဒေါက်တာ (မ) ဂျနူး ( ဗိုလ်ကြီး အဆင့် ) တို့၏ လက်ထပ်မင်္ဂလာပွဲကို ယနေ့ မြစ်ကြီးနားမြို့ ပေါ်ဟိုတယ်တခုတွင် ကျင်းပသည်။ လက်ထပ် မင်္ဂလာပွဲသို့ ကချင် ပြည်နယ် ဝန်ကြီး ချုပ်၊ ယခုအခါ နာမည်သစ်တခုဖြင့် အင်အားကြီးမားသည့် နိုင်ငံရေးပါတီတရပ်အဖြစ် ရပ်တည်နေသော ကေအိုင်အိုတဖြစ်လဲ ကချင်ပါတီမှ ဥက္ကဌ နှင့် မြောက်ပိုင်းတိုင်း စစ်တိုင်းမှူးတို့တက်ရောက် ချီးမြှင့်ကြ လေသည်။ မြစ်ကြီးနား မြို့ပေါ်မှ မြို့မိမြို့ဖ၊ လူချမ်းသာ ကြေးရည်တတ်များလည်း ပျော်ပျော် ရွှင်ရွှင်နှင့် လာရောက်ချီးမြှင့်ကြသည်။ ကျောက်ကုန်သည် တဦးကဆိုလျှင် သည် ဇနီးမောင်နှံစီးဖို့ အဖိုးတန်ကား အသစ်ကြီးတစီး လက်ဆောင်ဖွဲ့ လိုက်သေးသည်။ သည်ကနေ့ ညနေပိုင်းထုတ် “မြစ်ကြီးနား နေ့စဉ်” သတင်းစာတွင် ပါလာသည့် မြန်မာစစ်ဗိုလ် ( ဗိုလ်ကျော်မောင်က ဗမာလူမျိုး တော့မဟုတ်ပါ ) နှင့် ကေအိုင်အေ ဗိုလ်ကြီးမမ တို့၏ မင်္ဂလာသတင်းက မြစ်ကြီးနားတွင် ကြည်နူး၊ မုဒိတာပွားစရာ မင်္ဂလာ သတင်းလေး တခုအဖြစ် ရေပန်းစားနေလျှက် ရှိသည်။

မြစ်ကြီးနားတက္ကသိုလ်ဝင်း အတွင်းရှိ လဘက်ရည်ဆိုင်တခုအတွင်း ကျောင်းသားတစု လဘက်ရည် သောက် နေကြသည်။ ခွန်ဆိုင်းက စားပွဲပေါ်မှာတွေ့သည့်  “မြစ်ကြီးနားနေ့စဉ်” သတင်းစာကို ကောက် ဖတ်နေရာမှ ဝမ်းသာအားရနှင့်..

“ဟား..ဟား.. ကောင်းလိုက်တာကွာ..။ ဟေ့ကောင်တွေ.. ငါတို့ မြစ်ကြီးနားတက္ကသိုလ်ကို Berkeley တက္ကသိုလ်က စီးပွားရေး နိုဘယ်လ်ဆုရ ပါမောက္ခကြီး တယောက် လာဟောပြောဖို့ တက္ကသိုလ် အုပ်ချုပ် ရေး ကောင်စီက ဖိတ်ထားတယ်တဲ့ကွ။ ရှေ့လ (၅) ရက်နေ့ ဂျင်းဖောဟောလ် မှာတဲ့နော်။ ဟိုက်.. ရှာလပတ် ရည်.. ဒီမှာလည်း သတင်းအဆန်းတခု.. “လက်ထပ်မင်္ဂလာ ကျေးဇူးတင်လွှာ..“ဗိုလ်ကျော်မောင် ( ခလရ ... ) နှင့် ဗိုလ်ကြီးဂျနူး ( M.B.B.S (Mdy.), KIA )” တဲ့ကွ။ ကောင်းရော့.. အခု မြန်မာနိုင်ငံမှာ မြန်မာ စစ်သားနဲ့ ကချင်သူပုန်မ ယူကုန်ကြပြီကွ.. ဟဲ..ဟဲ.. ”

“ဟင်.. ဟုတ်လား..။ ငါတို့ကိုလည်း ပေးပါဦးကွာ.. ဖတ်ကြည့်ရအောင်”

ဟု ဆိုကာ သူငယ်ချင်းတွေက ခွန်ဆိုင်းလက်ထဲက သတင်းစာကို အတင်းယူသွားပြီး အလုအယက် ဖတ်နေ ကြသည်။

“အဲဒီ စစ်ဗိုလ်က တိုက်ပွဲမှာ မိုင်းထိလို့ KIA က သုံ့ပန်းအဖြစ်နဲ့ ဖမ်းမိသွားပြီး သူ့အသက်ကို ကယ်လိုက် တာကနေ အခု သူ့မိန်းမဖြစ်လာမဲ့ KIA ဆရာဝန်မနဲ့ တွေ့ပြီး ချစ်သွားကြတာလို့ ကြားတယ်။ သူတို့ အရမ်း ကို ချစ်ကြတယ်လို့ ပြောကြတယ်”

“ဟုတ်လား..။ ရန်သူကနေ ချစ်သူ ဖြစ်သွားကြတာဆိုတော့ သူတို့ ချစ်ဇာတ်လမ်းလေးက တော်တော် romantic ဖြစ်မှာပါ ကွာ...”

သူ့ သူငယ်ချင်းတွေက တယောက်တပေါက် ပြောနေကြသည်။

သူတို့တက္ကသိုလ်မှ ကျောင်းသားသတင်းစာက တပါတ်တကြိမ်သာ ထုတ်ရာ ဤ နိုဘယ်ဆုရပါမောက္ခကြီး လာရောက်မည့်သတင်းက လာမည့်အပတ် သတင်းစာ မှာမှ ပါလာတော့မည် ထင်သည်။ အင်း.. သတင်းစာ ဆိုမှ သတိရမိသည်။ ခွန်ဆိုင်း၏ချစ်သူ အဲယ်လ်နန်းရီက လက်ရှိနိုင်ငံတော်သမ္မတ၏ အထူး တိုက်တွန်းချက် အရ တနိုင်ငံလုံးရှိ တက္ကသိုလ်တိုင်းမှာ သည်စာသင်နှစ်မှစတင်ကာ ဖွင့်လှစ်ခဲ့သော သတင်းစာပညာ ( journalism ) ဘာသာရပ်ကို တက်ရောက် သင်ယူနေလေသည်။ သူမ၏ newspaper production အတန်း အတွက် assignment က တပတ်လျှင် သတင်း (သို့ ) ဆောင်းပါးတပုဒ် ရေးပေးရခြင်း ဖြစ်သည်။ journalism ကျောင်း သား ကျောင်းသူတို့၏ ထိုသတင်း/ ဆောင်းပါးများကို ကျောင်းသတင်းစာတွင် ပုံနှိပ် ဖော်ပြပေးသည်။ မနေ့က သူနှင့်တွေ့ခဲ့စဉ် သူမက “ဒီတပါတ် assignment အတွက် ဘာအကြောင်း ရေးရ မလဲမသိဘူး၊ ရေခဲတောင်ပေါ်သွားပြီး ရှားပါးသစ်ခွတွေ အကြောင်း photo story တင်ရမလို ဖြစ်နေပြီ” ဟု ညည်းညူနေတာ ကြားခဲ့ ရသည်။ “ကိုယ့်ကို အင်တာဗျူးလိုက် ပါလား” ဟုသူက နောက်တော့ “ကိုက high-profile မှ မဟုတ်တာ။ ကိုနဲ့ဗျူးလို့ သတင်း ဘယ်ဖြစ်လာမလဲ။ သတင်းဖြစ် ချင်ရင်တော့ ကိုက ခါကာဘိုရာဇီတောင်ကို တက်မယ်လို့ ပြောလိုက်လေ” ဟု သူမက သူမခံချင်အောင် ရယ်ဟဟ ပြောခဲ့သည်။ အခုတော့ သူစဉ်းစားမိပြီ။ ထူးထူး ဆန်းဆန်း ဖူးစာဆုံကြသော ဗိုလ်ကျော်မောင်တို့ ဇနီးမောင်နှံကို သွားပြီး အင်တာဗျူးလုပ်ဖို့ သူမကို ပြောရမည်။ အုတ်အော်သောင်းနင်း သတင်းကြီးမျိုး မဟုတ် သည့်တိုင်အောင် အချင်းချင်း တိုက်ခိုက်နေခဲ့ကြသည့် အုပ်စုနှစ်ခုမှ အုပ်စုဝင်နှစ်ယောက်၏ ချစ်စဖွယ်ကောင်းသည့် romance တခုတော့ ဖြစ်ဖွယ် ရှိလေသည်။ အထူးသဖြင့်ကား ပါးစပ်ကသာ အော်လေ့ရှိခဲ့ပြီး တခါမှ လက်တွေ့ မလုပ် သွားဖူးသည့် အရင်အစိုးရ အဆက်ဆက်တို့၏ “ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ် ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး” ဆိုသော ကြွေးကြော်သံတွေကို ကိုယ့်ချစ်သူက သူမ၏လက်ကလေး နှင့် တနိုင်ဝန် ဝင်ထမ်း (ရေး) နေတာ ကို မြင်ချင်တာ ဖြစ်လေသည်။

( ၂ )

မေး။ ။ ကျမက ဒီ မြစ်ကြီးနား တက္ကသိုလ်မှာ သတင်းစာပညာ ( journalism ) သင်ယူနေတဲ့ ကျောင်းသူ တယောက်ပါ ရှင့်။ ကျမနာမည်က အယ်နန်းရီဖြစ်ပါတယ်။ အခု ဒီ အင်တာဗျူးကို ကျမတို့ကျောင်းက အပါတ် စဉ်ထုတ် သတင်းစာအတွက် လုပ်တာပါ။ ကဲ..အဲဒီတော့ ကျမတို့ စလိုက်ကြရအောင်နော်။ ပထမဦးဆုံး အနေနဲ့ ဗိုလ်ကြီးရဲ့ ကိုယ်ရေး အကျဉ်းလေး အရင်ပြောပြပေးပါလား ရှင်..။

ဖြေ။ ။ ....................................................................................................

မေး။ ။ ကဲ..မမ ကလည်း မမရဲ့ ကိုယ်ရေး အကျဉ်းလေး နည်းနည်းလောက် ပြောပြပေးပါဦး နော်..။

ဖြေ။ ။ .....................................................................................................

မေး။ ။ ဟုတ်ကဲ့.. အခု ဗိုလ်ကြီးနဲ့ မမတို့ ဘယ်လိုစတွေ့၊ ချစ်ကြိုက်ပြီးတော့ ယူဖြစ်သွားကြတာလဲ ဆိုတာကို ဗိုလ်ကြီးက အရင် ရှင်းပြ ပေးပါဦးရှင့်..။

ဖြေ။ ။ လွန်ခဲ့တဲ့နှစ် ဇွန်လ ၂၂ ရက်နေ့မှာ ကျနော်တို့တပ်ရင်းနဲ့ KIA တပ်ဖွဲ့ဝင်တွေနဲ့ လိုင်ဇာ မရောက် ခင် စစ်မြေပြင်တနေရာမှာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ခဲ့ပါ တယ်။ အဲဒီတိုက်ပွဲမှာ ကျနော် မိုင်းထိပြီးလဲနေတုန်း ကျနော်တို့ စစ်ကြောင်းက သတ်ကွင်းထဲ ရောက်နေလို့ နောက်ပြန် ဆုတ်သွားပါတယ်။ ကျနော်ရယ် သေနတ် ဒါဏ်ရာ ရနေတဲ့ ရဲဘော်တယောက်ရယ်ကို KIA ဖက်က ဖမ်းမိသွားခဲ့ပါတယ်။ တော်သေးတာက သူတို့က အပြည်ပြည် ဆိုင်ရာ စစ်မြေပြင် ကျင့်ထုံးကို အတိအကျ လိုက်နာကြတယ်ဗျ။ သူတို့ ကျနော်တို့ နှစ်ယောက်ကို သတ်ပစ်လိုက်လို့ရတယ်။ ဒါပေမဲ့ မသတ်ကြဘူး။ သွေးတိတ်အောင် အရင် လုပ်ပေးပြီး ကျနော်တို့ကို သူတို့ ဌာနချုပ် လိုင်ဇာကို ထမ်းခေါ်သွားကြတယ်။ အဲဒီမှာ ဆေးကု ပေးကြတယ်။ ကျနော် တို့ စစ်တပ်က ဒါမျိုးဆို အရှင်မထားဘူး။ ထမ်းလည်း ခေါ်မနေဘူး။ သူပုန်ဆိုရင် တွေ့တဲ့နေရာမှာ သတ်ပစ် လိုက်တာပဲ။ သူတို့ကတော့ အဲဒါတခု ကျနော်တို့ စစ်တပ်ထက် အများကြီး ပိုယဉ်ကျေးကြပါတယ်။ နောက် ဆေးတွေ ဘာတွေလည်း ကောင်းကောင်းမွန်မွန်၊ စေတနာပါပါနဲ့ ကုပေးကြပါတယ်။ ဥပမာ ဆိုပါတော့။ ကျနော်က အိုသွေးဗျ။ ကျနော့် အတွက်သွေးလိုရင် သူတို့ရဲဘော် တွေပဲ လာလှူ ကြတာပဲ။

မေး။ ။ ဟုတ်ကဲ့.. အခု အစ်မက တလှည့်ပြောပါဦး။ ဗိုလ်ကြီးနဲ့ စတွေ့ပြီး ဘယ်အချိန်လောက်မှာ သူ့ကို အစ်မက စချစ်သွားမိတယ်လို့ ထင်ပါသလဲ။

ဖြေ။ ။ သူ့ကို စတွေ့တာ ခွဲစိတ်ခန်းထဲမှာ ရန်သူ စစ်ဗိုလ် တယောက်အနေနဲ့ပါ။ မမ ဆရာဝန်တယောက် အနေနဲ့ သူ့လို အသည်းအသန် ဒါဏ်ရာရလူနာမျိုးကို မကြာခဏ တွေ့ဖူးပါတယ်။ ဒါပေမဲ့ သူတို့က ကိုယ့် ပိုင်နက် နယ်မြေထဲမှာလေ။ သူကတော့ ဒါသူ့နယ်မြေ မဟုတ် ဘူး။ တစိမ်းတရံစာ နယ်မြေ၊ ပြောရမယ် ဆိုရင် ရန်သူ့နယ်မြေမှာ ရောက်နေတာ ဆိုတဲ့အသိနဲ့ သူ့ကို သနားတဲ့စိတ်ကလေး စဖြစ်မိပါတယ်။ နောက်ပိုင်းမှာ သူ့ရဲဘော်က မမတို့ဆေးရုံမှာ ဆုံးသွားတော့ KIA ရဲ့ ရန်သူဆိုလို့ သူတယောက်တည်းပဲ ကျန်တယ် လေ။ ဒီတော့သူ အားငယ် နေရှာပါမယ်လေလို့ သူ့ကို အ*ည့်သည် တယောက်လို ပြုစု စောင့်ရှောက် ရင်းနဲ့ သံယောဇဉ် ပိုသွားမိတာပါပဲ။ ဒါပေမဲ့ ပေါင်းစပ်ဖို့ မဖြစ်နိုင်တဲ့ဘဝတွေလို့ ကိုယ်စီသိ နေကြတော့ ဘာမှ ဖွင့်မပြောဖြစ်ကြပါဘူး။ ဒီကြားထဲမှာ အားလုံးသိကြတဲ့ အတိုင်း မြန်မာပြည်မှာ မမျှော်မှန်း နိုင်တဲ့ နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်လာခဲ့တယ်။ We were no longer enemies. ဒါပေမဲ့ သူက မသန် စွမ်းတော့လို့ မမကို ချစ်ရဲ့သားနဲ့ ချစ်တယ်လို့ ပြောမထွက်ဘူး။ ဒါကို သူ့မျက်လုံးတွေ၊ အမူအရာတွေ ကြည့်ပြီးတော့ မမသိပါတယ်။ ဒါနဲ့ မမကပဲ သူ့ကို ချစ်ကြောင်း ပါးစပ်က တိုက်ရိုက်ဖွင့် မပြောရုံတမယ် ပြခဲ့ရပါတယ်တော်..။ အောင်မယ်.. သူက ပဲကလေးနဲ့ လုပ်နေသေးတာ..း))

မေး။ ။ ဒါဆို ကျမတခု တည့်တည့်ပဲ မေးမယ်နော် မမ..။ ဗိုလ်ကြီးကော မမကော စိတ်တော့ မဆိုးကြပါနဲ့..။ ကျမမေးချင်တာက ဒီလိုပါ။ ဗိုလ်ကြီးက ခြေထောက် တဖက်လည်း မရှိတော့ဘူး။ လက်တဖက်ကလည်း လက်ကောက်ဝတ်လောက်က ဖြတ်ထားရတယ်။ ဒီလူတယောက်က မထုံတက်တေးလည်း လုပ်နေလိုက် သေး တယ်၊ ဒါကို မမက “ဒါဆို လည်း ရှင့်ထိုက်နဲ့ ရှင့်ကံပဲ တော်ရေ့” ဆိုပြီး ဘာဖြစ်လို့ ပစ်မထားနိုင်ခဲ့ တာလဲ မမ..။

ဖြေ။ ။ အဲဒါက ချစ်လို့ပေါ့ ညီမလေးရယ်။ မမက သူ့ကို ကိုယ့်အကိုအကြီးဆုံး တယောက်လို အားကိုးတကြီး၊ ယုံယုံကြည်ကြည်နဲ့လည်း ချစ်တယ်။ သူက အရမ်းကို တည်ကြည်တဲ့၊ သူတကယ် ရည်ရွယ်တာကိုမှ ပြော တတ်တဲ့ ယောက်ျား တယောက်မို့ပါပဲ။ ပြီးတော့ တခါ ကိုယ့်မောင်အငယ်ဆုံးလေး တယောက်လို စိုးရိမ် တကြီး၊ ကြင်ကြင်နာနာနဲ့လည်း ချစ် တယ်။ ဒီနေရာမှာ တချက် စဉ်းစားကြည့်ရအောင်၊ ညီမမှာ အဲဒီလို သိပ် လေးစားရတဲ့ အကိုကြီးတယောက် ဖြစ်ဖြစ်၊ သိပ်ကြင်နာရတဲ့ မောင်ငယ်လေးတယောက် ဖြစ်ဖြစ် ရှိတယ် ဆိုပါတော့။ သူဟာ တနေ့မှာ ဖွဟဲ..လွဲပါစေ၊ ဖယ်ပါစေ၊ အက်ဆီးဒင့် တခုခုဖြစ်လို့ အခု သူ့လို မစွမ်းမသန် ဖြစ်သွား တယ်ဆိုပါတော့။ ညီမ သူ့ကို နဂို ချစ်တာ လျော့သွားမလား။ မလျော့သွားလောက်ဘူး နော်။ မမလည်း အဲလိုပဲ။ ကဗျာ ဆန်ဆန် ပြောရရင် သူက မမ သူ့ဘေးနား က ဘယ်မှ ထွက်ပြေးသွားဖို့ မဖြစ်နိုင်လောက်အောင် မမကို ဖွဲ့နှောင်ထားနိုင်ပါတယ်။  ( ရယ်လျှက် )

အယ်လ်နန်းရီ။ ။ ( ခွန်ဆိုင်းဖက်သို့ လှည့်လျှက် ) ကို သူတို့ကို ဘာမေးချင်သေးလဲ။

ခွန်ဆိုင်း။ ။ ဗိုလ်ကြီး.. ကျနော် ဗိုလ်ကြီးရဲ့နိုင်ငံရေးအမြင်ကို နည်းနည်း မေးကြည့်လို့ ရမလား။ ဒီလို မေးရ တာက ဗိုလ်ကြီးက စာတော်တော်ဖတ်တယ် ထင်တယ်။ ဗိုလ်ကြီးတို့ အခန်းက လူနေအိမ်ခန်း တခုထက် စာကြည့်တိုက် အသေးစားကလေး တခုနဲ့ ပိုတူနေပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ဗိုလ်ကြီးဟာ ကျနော် မြင်ဖူးတဲ့ စစ်သားတွေနဲ့ မတူပါဘူး။ ဒါကြောင့် ကျနော် ဗိုလ်ကြီးရဲ့ နိုင်ငံရေးအမြင် ဘယ်လို ရှိလေ မလဲလို့ စူးစမ်းချင်လာမိတာပါ။ ကျနော်က ကျောင်းမှာ နိုင်ငံရေး သိပ္ပံ ( Political Science ) မေဂျာ ယူထား တာပါ ဗိုလ်ကြီး။

ဗိုလ်ကျော်မောင်။ ။ ဟုတ်ကဲ့။ ရပါတယ်။ မေးကြည့်ပါ။

မေး။ ။ ဗိုလ်ကြီးရဲ့ ကိုယ်ပိုင်စာကြည့်တိုက်မှာ စစ်နှင့် ငြိမ်းချမ်းရေး၊ လေရူးသုန်သုန်၊ အရှေ့က နေဝန်းထွက် သည့်ပမာလို စာအုပ် ကောင်းတွေချည်းပဲ တွေ့ရပါ တယ်။ ဒီတော့ ကျနော် ပထမဆုံး မေးချင်တာက စစ်သားဘဝနဲ့ ဒီလောက်များပြားတဲ့ ရှားပါးစာအုပ်တွေကို ဘယ်လို စုဆောင်းခဲ့တာပါလဲ ခင်ဗျ။

ဖြေ။ ။ ( ရယ်လျှက် ) ဒီစာအုပ်တွေက ကျနော့် လစာနဲ့ ဝယ်တာမဟုတ်ဘူးဗျ။ ကျနော့် အကိုက ဝယ်ပေး တာပါ။ သူက အမေရိကမှာနေပါတယ်။ ကျနော် မိုင်းထိ တယ်လို့ သူကြားတော့ ဒေါ်လာတထောင်နဲ့ ဝယ်ရ မဲ့ စာအုပ်စာရင်းတခု ပို့ပေးလိုက်ပါတယ်။ သူက မြန်မာနိုင်ငံသား တယောက်ဟာ မြန်မာ့သမိုင်းကို ၁၇၅၂- မှာ အလောင်း မင်းတရားက စတင်ထူထောင်ခဲ့တဲ့ ကုန်းဘောင်ခေတ်ကနေ ဒီကနေ့ခေတ်ထိလောက်တော့ သိသင့်တယ်၊ သမိုင်းအမှန်ကို နားမလည်ရင် ကြည်လင်၊ မျှတတဲ့ မျိုးချစ်စိတ်ဓါတ် မရှိနိုင်ဘူးလို့ ဆိုပြီး အဲဒီ နှောင်းခေတ် မြန်မာ့သမိုင်းအကြောင်း ရှင်းပြထားတဲ့ စာမျက်နှာ ၅၀ လောက်ပါတဲ့ စာတစောင်လည်း ရေး ပေး လိုက်ပါသေးတယ်။ အဲဒီစာက ဟောဒါဗျ။ ဖတ်ကြည့်ချင်ရင် ယူသွားနိုင်ပါတယ်။ ကျနော် photo ဆွဲထား တာပါ။ ဒီစာထဲမှာ ကျနော်တို့ မိသားစု ရေးရာကိစ္စတွေ မပါပါဘူး။ စာဖတ်တာကတော့ ကျနော်တို့ ညီအကို တွေက ငယ်ငယ်ကတည်းက ဝါသနာပါကြတာပါ။ ဒါပေမဲ့ သေချာ critically စာဖတ်တတ်လာတာ သိပ် မကြာသေးပါဘူး။ ဒါလည်း ကျနော့် အကို ကျေးဇူးကြောင့်ပါပဲ။ သူက စစ်ဗိုလ်ဆိုရင် လူမမယ်ကလေး လောက် သဘောထားတာဗျ။ အကုန်သင်ပေး တော့တာပဲ။ 

မေး။ ။ ဟုတ်ကဲ့.. အဲဒါဆို ကျနော် ဗိုလ်ကြီးအကိုရဲ့စာ မိတ္တူကို ယူသွားလိုက်ပါ့မယ်။ အခု ကျနော် ဗိုလ်ကြီး ကို မေးခဲ့ချင်တာက မြန်မာပြည်မှာ ( စစ်တပ်ကလို့ ကျနော်မပြောဘူးနော် )  ဗိုလ်ချုပ်ကြီးနေဝင်းက ၁၉၆၂ ခု မတ်လ ၂ ရက်နေ့ အာဏာသိမ်းခဲ့တဲ့ ကိစ္စမှာ ကောင်းမွန်၊ လုံလောက်တဲ့ အကြောင်းတရား ရှိခဲ့တယ် လို့ ထင်ပါသလား။ ဆိုလိုတာက အဲဒီအချိန်တုန်းက သူအာဏာသိမ်းဖို့ တကယ်လိုအပ်ခဲ့တယ်လို့ ထင်ပါ သလား။

ဖြေ။ ။ လုံးဝ မထင်ပါဘူး။ ၁၉၆၂ ခု ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့ကနေ ဗိုလ်နေဝင်း အာဏာမသိမ်းခင် တရက်အလို မတ်လ (၁) ရက်နေ့အထိ မြန်မာ့အသံခန်းမ မှာ ( ၁ ) ဖက်ဒရယ်မူကို တင်ပြကြတဲ့ တိုင်းရင်း သားလူမျိုးစု ကိုယ်စားလှယ်တွေရယ်၊  ( ၂ ) ပထစအစိုးရကိုယ်စားပြု ဝန်ကြီးချုပ် ဦးနုရယ်၊ ( ၃ ) ဖဆပလ၊ ပမညတ စတဲ့ပါတီတွေက ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဦးဗဆွေ၊ ဝိဓူရ သခင်ချစ်မောင်တို့ရယ်ဟာ အချင်း ချင်း အမြင်မတူကြတာတွေ ရှိကြပေမဲ့ “ပြည်ထောင်စု စစ်စစ်မူ ( ဖက်ဒရယ်မူ )” ကို အေးအေး ချမ်းချမ်း၊ ချစ်ချစ်ခင်ခင်နဲ့ လူကြီးလူကောင်းဆန်ဆန်၊ ညီရင်းအကိုတွေလို ဆွေးနွေးနေခဲ့ကြပါတယ်။ ဒါဟာ ပင်လုံ စာချုပ် ပြီးတဲ့နောက်ပိုင်း တိုင်းရင်းသား၊ အစိုးရ၊ နိုင်ငံရေးပါတီများကြားမှာ အရေးအကြီးဆုံး သုံးပွင့်ဆိုင် ဆွေးနွေးပွဲကြီး တခုလို့ ကျနော်မြင်မိပါတယ်။ ဒီဆွေးနွေးပွဲကနေ win-win resolution တခုကျလာဖို့ ဆိုတာ အင်မတန် ဖြစ်နိုင်တဲ့ အနေအထား၊ စစ်မှန်တဲ့ ပြည်ထောင်စုစနစ်တခုဆီကို သွားဖို့ လက်တကမ်း သာလို တော့တဲ့ အနေအထားမှာ ရှိနေခဲ့ပါတယ်။ ဒါကြောင့် “တိုင်းပြည်ချောက်ထဲကျဖို့ လက်တလုံးအလို” မဟုတ်ပါဘူး။ “တိုင်းပြည် တောင်ထိပ်ကိုရောက်ဖို့ လက်တလုံးအလို” မှာ ဗိုလ်နေဝင်းက တိုင်းပြည်ကို ချောက်ထဲ ဆွဲချခဲ့တာ ဖြစ်ပါတယ်။ ကျနော်လည်း အရင်တုန်းက ဒါတွေကို မသိပါဘူး။ ကျနော့်အကို ညွှန်လို့ ၂၄/ ၂/ ၁၉၆၂ - ၁/ ၃/ ၁၉၆၂ အတွင်း မူရင်းဆွေးနွေးချက်တွေကို ဖတ်ကြည့်လိုက်တော့မှ ဇာတ်ရည်လည် သွားတော့တာပါ။ ( ဒီနေရာ မှာ ဖတ်နိုင်ပါတယ်။ )

 ဒီ ဆွေးနွေးပွဲအတွင်း တိုင်းရင်းသားတွေဖက်က တင်ပြခဲ့ကြတဲ့ ဖက်ဒရယ်မူ ဆိုတာကလည်း ဗိုလ်နေဝင်း လိမ်ရေးသွားတဲ့ သမိုင်းလောက်သာ သင်ခဲ့ဖူးတဲ့သူ တွေက ထင်နေကြသလို ရှမ်းတွေက ပင်လုံစာချုပ် ဆယ်နှစ်ပြည့်လို့ ခွဲထွက်ခွင့်တောင်းလာခြင်း ဆိုတာ လုံးဝမမှန်ပါဘူး။ ဒါဟာ တကယ်တော့ ဗိုလ်နေဝင်းက သူအာဏာ မသိမ်းချင်ဘဲနဲ့ သိမ်းရတဲ့အကြောင်း ဆင်ခြေတခုလည်း ဖြစ်စေ၊ ဗိုလ်ချုပ်အောင်ဆန်း ကမ ကထ လုပ် ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်နဲ့ သက်ရှိထင်ရှား မရှိတော့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ပြဿနာမီး မွေးခဲ့တယ်လို့ အပြစ်ဖို့ပြီးသားလည်း ဖြစ်စေ၊ ၁၉၄၇ ဖွဲ့စည်းပုံကို ရုပ်သိမ်းဖို့ အကြောင်းပြချက် လည်း ဖြစ်စေ၊ တချက်ခုတ် သုံး-လေးချက်ပြတ် အနေနဲ့ ရှမ်းတိုင်းရင်းသားတွေကို သက်သက် လက်ညှိုးထိုး အပြစ် ဖို့ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလိုလူမျိုးရဲ့ ပါးစပ်က တိုင်းရင်းသား စည်းလုံးညီညွတ်ရေးလို့ တွင်တွင် ပြောထွက်ခဲ့ တာကို အံ့ဩလို့ မဆုံးပါဘူး။ ရှမ်းလူမျိုးထဲက စော်ဘွားတဦးတလေမှာ ခွဲထွက်ဖို့အကြံ ရှိကောင်း ရှိနိုင် ပါတယ်။ ဒါပေမဲ့ ၁၉၄၇ ဖွဲ့စည်းပုံမှာ ပြည်နယ်တခုက အဲသလို ဗြုန်းကနဲ ခွဲထွက်လို့ မရအောင် အဆင့်ဆင့် restrict လုပ်ထားပြီးသားပါ။ “ငါတို့ ထွက်တယ်ကွာ” ဆိုပြီး ချက်ချင်း ထွက်လို့ရတာမျိုး မဟုတ်ပါဘူး။ အဲဒီ အချိန်မှာ တပ်က ( ဗိုလ်နေဝင်းက ) တိုင်းပြည်ကို တကယ် ချစ်ခဲ့ရိုးမှန်ရင် သူအလွန်ဆုံး ပြောသင့်တာက အဲလို unconstitutionally အတင်းထွက်သွားရင် တပ်က ပြည်ထောင်စုအပြိုကွဲ မခံနိုင်လို့ အင်အားသုံး ဖြေရှင်းမယ်၊ အဲဒီ စာအုပ်ပေါ်မှာ ရှိနေတဲ့ ခွဲထွက်ခွင့် ဆိုတာကို လည်း နိုင်ငံရေးသမားတွေက ဖြုတ်ဖို့ လုပ် သင့်ပြီ ဆိုတာလောက် ပါပဲ။ 

အဲဒီတော့ ခုနက ပြောတဲ့ ၂၄/ ၂ / ၁၉၆၂ ကနေ ၁/ ၃/ ၁၉၆၂ ရက်နေ့ထိ ကျင်းပတဲ့ “ပြည်ထောင်စု စစ်စစ်မူ ( ဖက်ဒရယ်မူ )” ဆွေးနွေးပွဲမှာ တိုင်းရင်းသားတွေ ဖက်က တရားဝင်ဆွေးနွေးတင်ပြခဲ့ကြတာကို လေ့လာ ကြည့်လိုက်မယ်ဆိုလို့ရှိရင် သူတို့က အခု အိန္ဒိယ၊ အမေရိကန်ပြည်ထောင်စု၊ ကနေဒါတို့မှာ ရနေကြ သလောက် ပြည်ထောင်စုစစ်စစ်မျိုးတခု ဖွဲ့စည်းရေးကို အဆိုပြုခဲ့ကြတာသာ ဖြစ်ပါတယ်။ ဒါဟာ မတောင်းကောင်းတဲ့ ကိစ္စ မဟုတ်ပါဘူး။ တောင်းတာမရရင် ပြည်ထောင်စုထဲက ခွဲထွက်မယ်လို့လည်း သူတို့ အဲဒီဆွေးနွေးပွဲမှာ လုံးဝ မခြိမ်းခြောက် ခဲ့ကြရုံသာမက ကချင်ကိုယ်စားလှယ်ကဆိုရင် ကျနော်တို့ဟာ သီးခြား နိုင်ငံငယ် ဆန်တဲ့ confederation တခုကို တောင်းဆိုနေကြတာ မဟုတ်ပါဘူးလို့ အတိအလင်း ပြောသွားခဲ့တာတောင် ရှိပါတယ်။ ကျန်တဲ့ ရှမ်း၊ ချင်း၊ ကရင်နီ ကိုယ်စားလှယ်တွေကလည်း ကျနော်တို့က အကိုကြီးတယောက် ( ဗမာလူမျိုး ) ဆီ ညီလေးတွေက ကိုယ်လိုချင်တာ စဉ်းစားပေးဖို့ တင်ပြတဲ့ သဘော ပါလို့ နှိမ့်နှိမ့်ချချနဲ့ ပြောဆိုခဲ့ကြပါတယ်။ ဒီ “ဖက်ဒရယ်မူ” ရဲ့ တရားဝင် မြန်မာနာမည်ကိုက “ပြည်ထောင်စု စစ်စစ်မူ” ပါ။ “ခွဲထွက်ရေး” ဆိုရင် “ပြည်ထောင်စု” ဆိုတဲ့ စကားလုံးကို သုံးနေစရာ မလိုပါဘူး။ ဒါကြောင့် ဗိုလ်နေဝင်း လက်ထက်တုန်းက “ဖက်ဒရယ်မူ” ဟာ နိုင်ငံ့အတွက် အန္တရာယ်ရှိတယ်ဆိုရင် ဘယ်လိုရှိတာလဲ လို့ ကျောင်းသုံးစာအုပ်တွေမှာ “ဖက်ဒရယ်မူ” မူရင်း၊ ပင်လုံစာချုပ် မူရင်းတို့ကို ထုတ် မပြဝံ့တာပါပဲ။

မေး။ ။ ၁၉၈၈ လူထု အုံကြွမှုကို အကိုဘယ်လို သဘောထားပါသလဲ။

ဖြေ။ ။ အဲဒီတုန်းက လူမမယ်လေးပဲ ရှိပါသေးတယ်။ ဒါပေမဲ့ အခု စာတွေ ဖတ်လို့ သိလာ ရ သလောက် ဒီလူထုအုံကြွမှုကြီးဟာ အကြောင်းတွေ ပေါင်းစုပြီး အချိန်သင့် အခါသင့် ပေါ်ပေါက်လာခဲ့တဲ့ လူထု အရေးတော်ပုံကြီးတခု ဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံက စလိုက်တဲ့ ဒီမိုကရေစီဆိုတဲ့အသံ၊ inspiration ဟာ အရှေ့ ဥရောပတလွှား၊ ဆိုဗီယက်ယူနီယံ နဲ့ တရုတ်နိုင်ငံတွေဆီကိုပါ တနည်းတဖုံအားဖြင့် ရိုက်ခတ်ခဲ့ တယ်လို့ ထင်ပါတယ်။ အဲဒီတုန်းကတည်းကသာ တပ်နဲ့ ပြည်သူ ( တကယ် ) ချစ်ကြည်ဖြူကြခဲ့ရင် ကျနော် တို့ ခုနေခါမှာ အာဆီယံနိုင်ငံတွေထဲက ထိုင်း၊ မလေးရှားတို့နဲ့ မတိမ်းမယိမ်း ဖြစ်နေလေမလားပဲ။ ဒါပေမဲ့ “တပ်”က “မတော်” ခဲ့ပါဘူး။ တပ်က ပြည်သူ့တပ်မတော် မဖြစ်ဘဲ ဗိုလ်နေဝင်းရဲ့ ခါးပိုက်ဆောင်တပ်ပဲ ဖြစ် ခဲ့ပါတယ်။ ဒါပေမဲ့ ပြည်သူတွေကတော့ အဲဒီတုန်းက တပ်ကို တကယ်မျိုးချစ် စိတ်ဓါတ်ရှိတဲ့၊ ကြားမှာ သမာ သမတ်နေပေးမဲ့ အဖွဲ့အစည်း ( patriotic mediator ) တခုလို့ အားကိုးခဲ့ပုံပါ။ ဘာဖြစ်လို့လဲ ဆိုရင် မြန်မာ နိုင်ငံဝန်ကြီးချုပ်ဟောင်း ဦးနုက သူ့အရင်အစိုးရကို ပြန်အသက်သွင်းတယ်လို့ ကြေညာခဲ့တာကို ပြည်သူ တွေက လှိုက်လှိုက်လှဲလှဲ မထောက်ခံခဲ့ကြပါဘူး။ ကျနော့် အကိုကတော့ ပြောဖူး ပါတယ်။ သူ အဲဒီတုန်း ကတည်းက “ဒါဆိုရင်တော့ စစ်တပ် နိုင်ငံ့အရေးထဲ ပါလာတော့မယ်” ( မကြာခင် စစ်တပ်က အာဏာသိမ်း ဖို့ပဲ ရှိတော့တယ် ) လို့ တွေးမိပြီး မြန်မာပြည်ရဲ့ အနာဂါတ်အတွက် ရင်လေးမိခဲ့တယ်တဲ့ ။ သူ့လိုပဲ အဲဒီ တုန်းက လူထုခေါင်းဆောင် တွေကလည်း တွေးမိကြမှာပါပဲတဲ့။ ဒါပေမဲ့ သူတို့က စစ်တပ်ကို patriotic mediator ဖြစ်လာလိမ့်မယ်လို့ မျှော်လင့် တွက်ဆခဲ့ကြဟန်တူတယ်လို့ သူပြောပါတယ်။ ကျန်တာတွေ ကတော့ လူတိုင်း သိပြီးသားမို့ ကျနော် သိပ်မပြောတော့ပါဘူး။

မေး။ ။ ၁၉၈၈ နောက်ပိုင်း တက်လာတဲ့ နဝတ/ နအဖ စစ်အစိုးရတွေကို အကို ဘယ်လို သဘောထား ပါသလဲ။

ဖြေ။ ။ အဲဒီအစိုးရတွေက ကျနော်လည်း ဝင်ပါခဲ့တဲ့ တပ်က လုပ်ခဲ့တာတွေ ပါပဲ။ ဒါပေမဲ့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပြတ် အသတ် အနိုင်ရခဲ့တာကို အာဏာလွှဲ မပေးခဲ့တာ၊ အနည်းဆုံး သူတို့ကို အုပ်ချုပ်ရေး အာဏာ ( Executive Power ) လွှဲပေးဖို့ Election လုပ်ခဲ့တာ မဟုတ် ပါဘူး၊ Constitution ဆွဲဖို့ ရည်ရွယ်ချက်နဲ့ ရွေးကောက်ပွဲ လုပ်ပေးခဲ့တာပါ ဆိုရင်လည်း သူတို့ကို လွှတ်တော် ခေါ်ပြီး ဟန်ပြပဲ ဖြစ်ဖြစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲ စေတာမျိုး ဘာတခုမှ မလုပ်ခဲ့တဲ့ အတွက် မြန်မာ့သမိုင်းမှာ တပ်မတော်ကို အိုးမည်းသုတ်ခဲ့တဲ့၊ တိုင်းပြည်ကို တရုတ်လက်ထဲ လက်ညှိုးထိုး ရောင်းစားခဲ့တဲ့ အစိုးရတွေလို့ ထင်ပါတယ်။

မေး။ ။ အခု လက်ရှိအစိုးရကိုကော လယ်လို ထင်ပါသလဲ။

ဖြေ။ ။ ကိုယ် မမွေးခင်ကတည်းက ခရီးထွက်သွားတဲ့ ကိုယ့်အဖေ အခု အမေ့အတွက်နဲ့ ညီအကို မောင်နှမ တွေအားလုံးအတွက် လက်ဆောင်တွေ တပွေ့တပိုက် နဲ့ အိမ်ပြန်ရောက်နေသလို ခံစားမိပါတယ်။ စိတ်ထဲ မှာ လုံခြုံပြီး ပျော်ရွှင်ပါတယ်ဗျာ။

( ၃ )

“... ဒါကြောင့် ညီလေးမှတ်ထားဖို့က ခရစ်သက္ကရာဇ် ၁၇၅၂ မတိုင်ခင်အထိ ယခု ရန်ကုန်၊ ပဲခူး၊ ပုသိမ်၊ သထုံ၊ မော်လမြိုင် စတဲ့ အောက် မြန်မာပြည်တခြမ်းလုံးဟာ မွန်တို့ဌာနေ မွန်တိုင်းပြည် ဖြစ်တယ်။ အလောင်း မင်းတရားက ဒဂုံမြို့ကို ၁၇၅၅ ခုမှာမှ သိမ်းပိုက်မိပြီး “ရန်-ကုန်” လို့ အမည်သစ်ပေးခဲ့တာ ဖြစ်တယ်။ အဲဒီတုန်းက ဗမာစစ်သားတွေက မွန်တွေကို အခုခေတ်စကားနဲ့ ပြောရရင် လူမျိုးတုံးသတ်ဖြတ်မှု ( genocide ) လုပ်ခဲ့ကြတယ်လို့ မွန်တွေက ယုံကြည်ကြတယ်။ အဲဒီတုန်းက စစ်နိုင်သူက လုပ်ချင်ရာ လုပ်စတမ်း ခေတ်ကြီး ဖြစ်လို့ အဲဒါ အများကြီး ဖြစ်နိုင်တယ်လို့ ယူဆပါတယ်။ အဲဒီလို ဗမာမင်းရဲ့ ရန်ကြောင့် မြစ်ဝကျွန်းပေါ်ဒေသက မွန်လူမျိုးတွေဟာ သထုံ၊ မော်လမြိုင်နဲ့ ထိုင်းနိုင်ငံဖက်ကို ထွက်ပြေး ခိုလှုံ ခဲ့ကြရတယ်။ အဲဒီအချိန်မှာ အနောက်ဖက်မှာလည်း ရခိုင်ပြည်ဟာ လွတ်လပ်တဲ့ ကိုယ့်မင်းကိုယ့်ချင်း နိုင်ငံတခုပဲ ဖြစ်ပြီး နှစ်ပေါင်းထောင်ချီ တည်တန့်လာခဲ့တဲ့ ရခိုင်ထီးနန်းဟာ အလောင်းမင်းတရားရဲ့ သားတော် ဘိုးတော်ဘုရားလက်ထက် ခရစ်သက္ကရာဇ် ၁၇၈၄ ခုနှစ်မှာမှ ကျဆုံးခဲ့ရတာ ဖြစ်တယ်။ ဒါတွေ ဟာ နှစ်ပေါင်း ၂၀၀ ကျော်၊ ၂၅၀ လောက်ပဲ ကြာမြင့်သေးတဲ့ သမိုင်းတွေ ဖြစ်တယ်။

ဒါကြောင့်မို့ ဒီလူမျိုးတွေရဲ့ရင်ထဲမှာ “ငါတို့ ထီးကျိုးစည်ပေါက် ဖြစ်ခဲ့ရလေခြင်း၊ လွတ်လပ်ရေး ဆုံးရှုံးရ လေခြင်း” လို့ ရင်ထုမနာ ဖြစ်နေကြတာကိုတွေ့ရင် သမိုင်း ကို သိတဲ့၊ နားလည်တဲ့လူက သူတို့ကို ကိုယ်ချင်း စာနိုင်တယ်။ ကိုယ်ချင်းစာသည့် အားလျော်စွာ သူတို့ကို ဘယ်လို ဖြေသိမ့်ရာ ( remedy ) ပေးနိုင်မလဲ လို့လည်း တွေးတယ်။ သမိုင်းကို နားမလည်တဲ့သူတွေကတော့ ဒီတိုင်းရင်းသားလူမျိုးစုတွေဟာ အကြောင်းမရှိ အကြောင်းရှာပြီး မဖြစ်နိုင်တာတွေကို တောင်းဖို့၊ ဆူဆူပူပူ လုပ်ကြဖို့ပဲသိတယ် လို့မြင် တယ်။ ဒါဟာ ဇစ်မြစ် ကို သေချာ မသိဘဲနဲ့ အထက်စီးက မြင်လိုက်ပုံမျိုးဖြစ်တဲ့၊ unfair ဖြစ်တဲ့ အမြင်မျိုး ဖြစ်တယ်။ မင်းမေးထားတဲ့ မြန်မာပြည် ကို ဖက်ဒရယ် ပြည်ထောင်စုတခုအဖြစ် ဖွဲ့စည်းဖို့ ဘာဖြစ်လို့ လိုအပ်တာလဲ ဆိုတာ ဒီလို တိုင်းရင်းသား ညီအကိုတွေရဲ့ suffering, pain, insecurity and dignity ကို ထည့်သွင်း စဉ်းစားပေး တဲ့အနေနဲ့ ဆိုတာကို နားလည်စေချင်တယ်။ ဒီလိုပြောလို့ အခုနေ ဓညဝတီနိုင်ငံတော်၊ ဟံသာဝတီ နိုင်ငံတော်တို့ကို ပြန်လည်ထူထောင်  အသက်သွင်းချင်တယ်ဆိုရင် တရားတယ်လို့ အကို မပြောဘူး။ အကို့ရဲ့ လက်ရှိသဘောထားကတော့ အရင်တုန်းက အဲဒီလို သမိုင်းရှိခဲ့တာကို အသိအမှတ်ပြုတယ်။ သို့ပေမဲ့ အခုအချိန်မှာတော့ အကြောင်းကြောင်း ကြောင့် ဘယ်တိုင်းရင်းသားလူမျိုးစုကမှ ဒီပြည်ထောင်စု ထဲက မခွဲထွက်သင့်တော့ဘူးလို့ ယူဆတယ်။ ညီလေးကိုလည်း တစုံတရာကို ဇစ်မြစ်ကနေ ဂဂနနသိပြီးမှ တစုံတရာ reasonably သဘောထားတဲ့သူ ဖြစ်စေချင်တယ်။”

“... အကိုက ဒီကကျောင်းတွေမှာ “အမေရိကန် ပြည်ထောင်စုသမိုင်း” ကို သင်ခဲ့ရတာ ရှိပါတယ်။ အမေ ရိကန် တွေက သူတို့ဘိုးဘေးတွေ ဌာနေအင်ဒီယန်းတွေကို လက်နက်အားကိုးနဲ့ မျိုးပြုန်းလုနီး သတ်ဖြတ် ခဲ့ကြတာ၊ အစောပိုင်းတုန်းက မိန်းမတွေ မဲပေးခွင့်မရခဲ့တာ၊ မာတင်လူသာကင်း မတိုင်ခင်က လူဖြူ လူမည်း ခွဲခြားမှု တော်တော် ဆိုးဆိုးရွားရွား ရှိခဲ့တာတွေကို ဖုံးကွယ်ဖို့ မကြိုးစားကြပါဘူး။ သမိုင်းဆိုတာ ရာစုနဲ့ချီ လိမ်ထားလို့ မရပါဘူး။ မရမဲ့ အတူတူ မလိမ်ကောင်းဘူးလို့ အကို ထင်မိပါတယ်။”

1 comment:

  1. တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်လာမယ့်နေ့ကို ပြည်သူတိုင်းလိုချင်ကြပါတယ်။
    အရာရာ နောက်ကျမကျန်ခဲ့ချင်တော့ဘူး အကိုရာ။

    ReplyDelete