၂။ သူတို့ ဘာကြောင့် “ရိုဟင်ဂျာ” ဖြစ်ချင်ကြသနည်း။ ( Why Do They Want To Be Rohingyas ? )
တကယ်တော့ နှစ်နိုင်ငံနယ်စပ်မှာ လူမျိုးတမျိုးတည်းက ဟိုဖက် သည်ဖက် ခွပြီးနေထိုင်ကြတာ အဆန်း မဟုတ်ပါ။ ကချင်၊ ဝ လူမျိုးတွေ တရုတ်ပြည်ဖက်မှာလည်း ရှိပါသည်။ ကရင်၊ ကရင်နီ၊ မွန်၊ ပဒေါင်လူမျိုးတွေ ထိုင်းနိုင်ငံဖက်မှာလည်း ရှိကြပါသည်။ ဘင်္ဂလားယဉ်ကျေးမှု အနည်းငယ် လွှမ်းမိုး ခံရသော်လည်း ယခုအချိန်ထိ ၉၂ % လောက်က ဗုဒ္ဓဘာသာကိုးကွယ်ပြီး ရခိုင်စကားပြောဆဲ ဖြစ်သည့် ရခိုင်လူမျိုး ၁ သိန်း ၈ သောင်းခန့်သည်လည်း ဘင်္ဂလားဒေ့ရှ်ဖက်မှာ လက်ရှိ အခြေချ နေထိုင်နေကြ ဆဲ ဖြစ်ပါသည်။ ရခိုင်ပြည်နယ် အနောက်ဖက်ခြမ်းတွင် နေထိုင်ကြသည့် ဗုဒ္ဓဘာသာဝင် "ဒိုင်းနက်" လူမျိုး များသည်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ( စစ်တကောင်း တောင်တန်းဒေသ ) နှင့် အိန္ဒိယနိုင်ငံ ( အာသံ၊ မီဇိုရမ်၊ ထရီပူရ ) ဖက်ခြမ်းတွင် "Chakma" ဟူသောအမည်ဖြင့် ခွ၍နေထိုင်ကြပါသည်။ ထို သုံးနိုင်ငံ၏ Chakma ( ဒိုင်းနက် ) လူမျိုးဦးရေ စုစုပေါင်းမှာ (၈)သိန်းခန့်မျှရှိသည်ဟု သိရပါသည်။ ကျနော် သိရှိသုံးသပ်မိ သလောက် ဘင်္ဂလားဒေ့ရှ် ပြည်သူများကိုယ်တိုင် နှင့် ဘင်္ဂလားဒေ့ရှ်အစိုးရ အဆက်ဆက်တို့သည် ကျနော်တို့ထက် အတန်ငယ် ဒီမိုကရေစီ ပိုဆန်ကြပုံ ပေါက်ပါသည်။ သူတို့က အိန္ဒိယနှင့်အတူ ဗြိတိသျှ ကိုလိုနီ ဖြစ် ဖူးကြသဖြင့် အင်္ဂလိပ် ဒီမိုကရေစီနှင့် နည်းနည်း အကျွမ်းတဝင် ရှိခဲ့ဖူးရာ အင်္ဂလိပ်စာတတ်ပေတတ်တွေ များပြီး အခြားမူဆလင်ကမ္ဘာက မူဆလင်တွေလောက် ဘာသာရေး အစွန်းမရောက်ကြပါ။ ထို့ကြောင့် သူတို့နိုင်ငံမှာ မူဆလင်၊ ဟိန္ဒူ၊ ခရစ်ယာန်၊ ဗုဒ္ဒဘာသာဝင်တို့ အချင်းချင်း သိပ်ဆူညံပူညံမရှိလှပါ။ အဲသည်က ရခိုင်တွေက ထိုနိုင်ငံ၏ minority right တရားဝင်ရရှိသော နိုင်ငံသား ( citizen ) များ ဖြစ်ကြပါသည်။ ဘင်္ဂလားဒေ့ရှ်အစိုးရက ဤဗုဒ္ဓဘာသာဝင် ရခိုင်တွေကိုတော့ ကိုယ့်နိုင်ငံသားဟု သတ်မှတ်ပြီး မြန်မာပြည်ဖက်ခြမ်းနေ ကိုယ်နှင့်ကိုးကွယ်ရာဘာသာတူ၊ အမျိုးအနွယ်တူ ဘင်္ဂါလီ ( ရိုဟင်ဂျာ ) တွေကိုတော့ ( နိုင်ငံ ခြားနေသဖြင့် ) နိုင်ငံခြားသားများ ဟုသတ်မှတ်ပါသည်။ ထို့ကြောင့် ဟိုဖက်နိုင်ငံမှာနေသူက ဟိုဖက်နိုင်ငံသား၊ သည်ဖက်နိုင်ငံမှာနေသူက သည်ဖက်နိုင်ငံသားဟုသဘော ထားနိုင်ရမည်ဟု ထင်ပါသည်။
ဒါပေမဲ့ မှန်ရာကိုပြောရလျှင် ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီ ( ရိုဟင်ဂျာ ) လူမျိုးများမှာ နိုင်ငံတော်မှ ထိုသို့ သဘောထားသည်ကို မခံကြရပါ။ ၂၀၀၃ ခုနှစ်အထိ ကျနော်သိရသလောက် သူတို့တတွေမှာ တယောက်မှာမှ နိုင်ငံသားစိစစ်ရေးကတ်ပြား ( နိုင် / အနီရောင် ) များ မရှိကြပါ။ အသက် ၆၀ ကျော် အငြိမ်းစား ကျောင်းအုပ်ဆရာကြီးများကိုလည်း နိုင်ငံသားစိစစ်ရေးကတ်ပြား ( ယာယီ/ အဖြူရောင် ) များသာ ထုတ်ပေးထားပါသည်။ အမေရိကန် ပြည်ထောင်စုတွင် တနှစ် တရားဝင် နေထိုင်ပြီးလျှင် ရသည့် ( Green Card: Permanet Resident ) အဆင့်နီးပါး ရှိပါလိမ့်မည်။ ဒါပေမဲ့ Green Card ထက် အဆင့်နိမ့်ပုံမှာ အရာထမ်းအဆင့် ဘင်္ဂလီလူမျိုး ဝန်ထမ်းများပင် ထို အဖြူရောင်ကတ်ဖြင့် ( ဝန်ကြီးဌာန တာဝန်ဖြင့် ) ရန်ကုန်မြို့သို့ ခရီးသွားခွင့် မရှိပါ။ ဘင်္ဂါလီလူငယ် ကျား/မ တွေ အိမ်ထောင်ပြုချိန်တန်လာလျှင်လည်း နစက တပ်ဖွဲ့များထံတွင် လက်ထပ်ခွင့်တင်ကြ ရပါသည်။ ထိုသို့ တင်ရပြီ ဆိုကတည်းက လာဘ်ပေးလာဘ်ယူကိစ္စ စတင်ပါတော့သည်။ နောက်ဆုံးတော့ ဤဘင်္ဂါလီ လူမျိုးတွေက ငွေလမ်းခင်းပြီး အကုန်လုပ်သွားကြတာသာ ဖြစ်ပါသည်။ ဘင်္ဂါလီ ခရိုနီတွေက ရန်ကုန်သွားချင်လျှင် ထိုစဉ်က ဒေသအာဏာပိုင် ဟုဆိုသော စစ်တိုင်းမှူးအမိန့်ဖြင့် "ရန်ကုန်မှာသွားရောက်ကုသမှ အသက်ချမ်းသာရာရမည့် ရောဂါ" တွေ ဖြစ်ကြကာ ရန်ကုန်သို့ ဥဒဟို သွားနေကြတာသာ ဖြစ်ပါသည်။ ယခု ရခိုင်- ဘင်္ဂါလီ ကိစ္စပေါ်ပေါက်လာသောအခါ သူတို့က နိုင်ငံသားအဖြစ် အသိအမှတ်ပြု မခံကြရပုံ ( မှန်သည်ပင် )၊ လွတ်လပ်စွာ ခရီးသွားလာခွင့် မရကြပုံ ( မှန်သည်ပင် )၊ လွတ်လပ်စွာ အိမ်ထောင်ပြုခွင့် မရှိကြပုံ ( မှန်သည်ပင် ) တို့ကို တင်ပြ၊ တိုင်ကြားကြပါသည်။ ခွင့်ပြုချက် မကျသေးဘဲ ခိုးရာလိုက်ပြေးခဲ့လျှင် ဒေသန္တရအမိန့် မနာခံမှုဖြင့် သတို့သား, ထောင်ကျပါသည်။ သတို့သမီး ထောင်ကျ မကျတော့ မသိပါ။ ( ကျနော်က ခပ်ဆိုးဆိုး ဖြစ်၍ ထောင်ကျဖူးရာ ထိုသို့ ထောင်ကျလာသော သတို့သားတွေကို ကိုယ်တိုင်တွေ့ဖူးပါသည်။ သူတို့ လိမ်ပြောလျှင်တော့ မသိပါ။ ထို မိန်မခိုးမှုအတွက် ထောင်ဒါဏ်မှာ ၅ နှစ် ဟုသိရပါသည်။ အဲဒါ သတ္တဝါတို့အပေါ် မေတ္တာတရား ကြီးမားကြသည် ဆိုသော မြန်မာပြည်မှာဖြစ်နေတာ ဖြစ်ပါသည်။ ) ကျနော့် အနေ ဖြင့် ကိုယ့်နိုင်ငံ ကို အပုပ်ချနေခြင်း မဟုတ်ဘဲ အဲသည်လို ပုပ်သိုးဆွေးမြေ့နေသော လူ့ပါတ်ဝန်းကျင်မျိုး၊ လူအချင်းချင်း ဆက်ဆံရေး မျိုးကို ကိုယ့် နိုင်ငံထဲမှာ မမြင်မကြားလို၍ အမြန်ဆုံး အပြောင်းအလဲ လုပ်နိုင်ကြစေရန် ကိုယ့်ပေါင်ကိုယ် လှန်ထောင်းပြီး ပြောနေရတာ ဖြစ်ပါသည်။ ကိုယ် မပြောလည်း ကင်တာနားတို့က အဲဒါတွေ ကို တကမ္ဘာလုံး ကြားအောင် ပြောနေကြသည်ပဲ။
လူမျိုးတမျိုးကို နှိမ်ချင်လျှင်လည်း ပညာရှိနည်းသုံးပြီး နှိမ်တာက လူကြားကောင်းပါသည်။ ဥပမာ၊ ကျနော် အမေရိကန် ပြည်ထောင်စု မှာ တရားဝင် ( ၄ ) နှစ် နေထိုင်ပြီး ဖြစ်၍ လာမည့်နှစ်တွင် နိုင်ငံသား ( citizenship ) လျှောက်ထားနိုင်ပြီ ဖြစ်ပါသည်။ ကျနော့်မှာ Green Card ( Permanent Resident Card ) ရှိသော်လည်း ယင်း ကတ်ဖြင့် မဲပေးခွင့်မရှိပါ။ ထို့ကြောင့် မဲပေးခွင့်၊ ရွေးကောက်ခံပိုင်ခွင့် ဆိုသည် မှာ နိုင်ငံသားများသာလျှင် ရနိုင်သော မဟာအခွင့်အရေးကြီး ဖြစ်ပါသည်။ ယခုတော့ ကျနော်တို့နိုင်ငံမှာ တရားဝင်နိုင်ငံသား ( citizen ) မဟုတ်သေးသူ ဘင်္ဂါလီလူမျိုးကြံ့ဖွတ်ပါတီကိုယ်စားလှယ်များက အရွေးခံကြပြီး၊ တရားဝင်နိုင်ငံသားမဟုတ်သူတို့က တပွဲထိုးမဲပေးကာ လွှတ်တော်မှာ အမတ် ဖြစ်နေကြပါသည်။ ဘင်္ဂါလီတွေကို တကယ်နှိမ်လိုသည် ဖြစ်လျှင်၊ လွှတ်တော်သို့ မရောက်စေလိုလျှင် အမေရိက နမူနာကို သုံးနိုင်ကြပေသည်။ ကျနော်က သွယ်ဝိုက်၊ ဝေ့ဝိုက်ပြီး ပြောရတာ ပျင်းလှသဖြင့် တည့်တည့်ပဲ ပြောလိုက်ပါသည်။ ဒါကိုပဲ အလွယ်ယုံလိုက်ကျင့် ရနေကြသော ကျနော်တို့ ညီအကို မြန်မာနိုင်ငံသားတွေကလည်း ကြံ့ဖွတ်ပါတီ လက်ရှိလုပ်သွားပုံကိုတော့ သိပ် မမြင်ကြပဲ သမိုင်းထဲက ဝန်ကြီးချုပ်ဦးနု တခါတုန်းက ကုလားမဲရချင်လို့ အဲလိုလုပ်ဖူးသတဲ့ဟုသာ မှန်းဆ အပြစ်တင်နေကြလေသည်။
ဘင်္ဂါလီလူမျိုးများမှာ မြန်မာမူဆလင်တွေနှင့်မတူဘဲ ဤနိုင်ငံမှာ နေပြီး၊ ဤနိုင်ငံနှင့် တသားတည်း သိပ်မဖြစ်သော၊ နိုင်ငံခြားသား ဇာတိစိတ် ( alien-mind )မျိုး တော့ အနည်းငယ် ရှိပုံရပါသည်။ သမိုင်းကြောင်းကို အနည်းငယ် လှန်ရလျှင် ၁၉၄၂ ဒုတိယကမ္ဘာစစ် အတွင်း အင်္ဂလိပ်အစိုးရ အိန္ဒိယသို့ ဆုတ်ခွာသွားစဉ် ( ဂျပန် တပ်မတော်နှင့် BIA တပ်တို့လည်း ရခိုင်ပြည်နယ်သို့ မရောက်သေးစဉ် ) မင်းပြားမြို့နယ်၊ ကျောက်တော်မြို့နယ်များတွင် မူဆလင်ဦးရေ ၅ ထောင်ကျော် သတ်ဖြတ်ခံရသလို ဘူးသီးတောင်၊ မောင်တော မြို့နယ်ဖက်ခြမ်းတွင် ဘင်္ဂါလီတို့က ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးဦးရေ ၂ သောင်းကျော်ကို သတ်ဖြတ်ခဲ့ကြပါသည်။ အဓိကရုဏ်း ဖြန်ဖြေပေးရန် ရောက်ရှိလာသည့် ဒုတိယတိုင်းမင်းကြီး ဦးဦးကျော်ခိုင် ( U Oo Kyaw Khaing ) နှင့် ရဲဘော်သုံးကျိတ်ဝင် BIA ဗိုလ်ရန်အောင်တပ်မှ စစ်ဗိုလ် ၂-၃ ဦးလည်း သတ်ဖြတ် ခံခဲ့ကြပါသည်။ ကျနော့်အဖိုးက တုတ်၊ ဓါး၊ လှံချွန်များကိုင်ဆောင် ထားသော သူတို့တပ်ကို ဘုန်းတော် ကြီးများက ထုံးဖြူများဖြင့် နဖူးတွင်တလုံး၊ တင်ပါး ( သို့ ) ရင်ဘတ်တွင်နှစ်လုံး တုတ်ပြီး၊ ဓါးပြီး ( ဝ ) သုံးလုံးအစီအရင်တွေ လုပ်ပေးပြီး ဘင်္ဂါလီတွေနှင့် လိုက်တမ်း၊ ပြေးတမ်း စစ်တိုက်ခဲ့ရဖူးသည်ကို တခါတရံ ပြန်ပြောင်းပြောပြတတ်ပါသည်။ သို့သော် တဖက်မှ အင်အားများသဖြင့် ရွာများ မီးရှို့ခံရကာ နောက်ဆုံးတွင် ရခိုင်ပြည်နယ် အနောက်ခြမ်း ( ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် မြို့နယ် ) မှ ရခိုင်လူမျိုးများသည် ကျောက်တော်၊ မြောက်ဦး ( မြို့ဟောင်း ) မြို့နယ်များဖက်သို့ ထွက်ပြေးကြရသည်။ ထိုစဉ် မိုင် ၂၀ လောက်ရှိသော တောင်တန်းကို ခြေကျင်လျှောက်၍ ဖြတ်ကြရင်း ကျနော့် ( အဖေဖက်က ) အဖွား ကွယ်လွန်ခဲ့ပါသည်။ သေချာသည်မှာ ဘင်္ဂါလီတွေသည် မြန်မာပြည်သို့ ဗိုလ်ချုပ်တို့ ဂျပန်နှုင့်အတူ ဝင်လာစဉ် ၁၉၄၂ ခုနှစ်လောက်ကပင် ဘူးသီးတောင်၊ မောင်တောဒေသဖက်မှာ လူများစု ( majority ) ဖြစ်နေကြပြီ ဖြစ်ပါသည်။ ထို့ကြောင့် ကျနော်က အခုမှ အထိတ်တလန့် ထအော်နေကြသူများကို ကြည့်ပြီး “ကျနော်တို့ ( အခုမှ ) ဘာများကော တတ်နိုင်ကြပါ ဦးတော့နည်း” ဟုသာ ပြောချင်နေပါတော့သည်။
ထိုဘင်္ဂါလီတို့သည်“ဂျီဟာဒ်” ( Jihad ) လုပ်ခြင်းကို ယုံကြည်သော “မူဂျာဟစ် ပါတီ” ( Mujahid Party ) ကို မြန်မာနိုင်ငံ လွတ်လပ်ရေး ရခါနီး ၁၉၄၇ တွင် ဖွဲ့စည်းခဲ့ကြသည်။ ထို့နောက် ရခိုင် ပြည်နယ် အနောက်ဖက်ခြမ်းကို မူဆလင် ကိုယ်ပိုင်ပြည်နယ် ထူထောင်ရန် တောင်းဆိုခဲ့ကြသည်။ မူဂျာဟစ်ပါတီ တည် ထောင်ပြီးနောက် ၁၉၅၀ ကျော်တွင်မှ “ရိုဟင်ဂျာ” ( Rohingya ) ဟူသော အသုံးအနှုန်းကို စတင်သုံးစွဲကြတာ တွေ့ရသည်ဟု သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းက ဆိုပါသည်။ ထိုသို့ ဤနိုင်ငံမှာနေပြီး ဤနိုင်ငံနှင့် သိပ် သဟဇာတမဖြစ်ဘဲ အမျိုးမျိုး ကြံစည်နေကြသောကြောင့် မြန်မာအစိုးရ အဆက်ဆက်က နိုင်ငံခြားသားဇာတိစိတ် မပျောက်သေးသော ရွှေ့ပြောင်းဝင်ရောက် လာကြများ ( alien-minded migrants ) ဟု သဘောထားခဲ့ဟန်လည်း တူပါသည်။ ဝန်ကြီးချုပ် ဦးနုကတော့ သူတို့ကို တနည်းနည်း အသိအမှတ် ပြုလိုခဲ့ဟန် ရှိပါသည်။ ဦးနုလုပ်ချင်သည့် အစီအစဉ် ကို ကျနော် ဂဂနန မသိပါ။ သို့ရာတွင် သူများတကာတွေက သူ မဲရလို၍ဟု စွပ်စွဲပြစ်တင်ကြသည့် အတိုင်း ကျနော်ကတော့ မထင်ပါ။ ထိုစဉ်က တပြည်လုံးနီးပါး ယခု ကချင်ဒေသမှာကဲ့သို့ စစ်မက် ဖြစ်ပွားနေ ခဲ့ရာ သူ ဝန်ကြီးချုပ်တဦး အနေဖြင့် တချို့စစ်မျက်နှာတွေကို minority right လို၊ citizenship လိုအခွင့်အရေးမျိုး အနည်းငယ်ပေး၍ ( တိုင်းပြည်ပြသနာကို စစ်ရေး နည်းဖြင့် မဟုတ်ဘဲ နိုင်ငံရေးနည်းဖြင့်အဖြေရှာခဲ့ခြင်း ) လည်းဖြစ်နိုင်သည်ဟု ထင်ပါသည်။ အခုပြည်မက ( ကိုမြအေး တို့လို၊ မဂိုလမ်းမှာနေသူတွေလို ) မူဆလင်တွေမှာ နိုင်ငံသားများပင် မဟုတ်ပါလော။ ရခိုင်ပြည်နယ်က ဘင်္ဂါလီ ( ရိုဟင်ဂျာ ) များသည်လည်း ထို မဂိုလမ်းက ကုလားများကဲ့သို့ပင် ဗြိတိသျှကိုလိုနီ စနစ်နှင့်အတူ မြန်မာပြည်သို့ ရောက်လာခဲ့ကြခြင်း ဖြစ်ပါသည်။ သို့ဖြစ်လျှင် သူတို့က ဘာကြောင့် နိုင်ငံသား အဆင့်အတန်း မရထိုက်ပါသနည်း။ ကျနော်က အဲသည်လိုပေးလိုက်လျှင် ရခိုင်ပြည် အနောက်စွန်းက ရခိုင်လူမျိုးများ အတွက် ပိုလုံခြုံမှု ရှိမည်ဟု ယုံကြည်သဖြင့် သည်စကား ကို ပြောနေခြင်း ဖြစ်ပါသည်။ သူတို့ကို အစဉ်သဖြင့် ဖိနှိပ်ချုပ်ချယ်ထားဖို့မှာ မဖြစ်နိုင်ပေ။ အခုလည်း သူတို့လူဦးရေ ၈ သိန်း- ၁ သန်းလောက်က ကိုယ့်တိုင်းပြည်ထဲမှာ နေနေကြ သည်ပဲ။ သူတို့ကို တနိုင်နိုင်ငံသို့ မောင်းထုတ်ဖို့ တကယ်ဖြစ်နိုင်သည် မှ မဟုတ်ပဲ။ သည်တော့ ဤနိုင်ငံထဲ မွေးဖွားသူတို့ကို နိုင်ငံသားအဖြစ် တရားဝင်အသိအမှတ်ပြုပြီး ရန်ကုန်၊ မန္တလေး၊ ပူတာအို၊ တာချီလိတ်၊ ကော့သောင်း မြန်မာပြည် တနံတလျား သွားချင်ရာ သွားကြပါစေ။ မြန်မာနိုင်ငံမှာ Federal Law ဖြင့် Polygamy ကို illegal ဟု သတ်မှတ်ချင်လျှင် သတ်မှတ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်မှ နောက်လူအသစ် ဝင်မလာနိုင်အောင် သေချာတား၊ ဒါသည်သာလျှင် မြန်မာပြည် အနောက်ဖက်ခြမ်းက နာတာရှည် အိုင်းအနာကို ပြည်ညှစ် တန်တာညှစ်၊ ခွဲစိတ်တန်တာ ခွဲစိတ်ခြင်း ဖြစ်ပေမည်။ အသေအချာ စဉ်းစားကြည့်ကြပါလေကုန်။
ယခု “သူတို့ဘာကြောင့် သည်မျှလောက် “Rohingya” ဖြစ်ချင်ကြသနည်း” ဆိုသည်ကို ကျနော် ထင်တာ ပြောပါမည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ( Bangladeshi ) များမှာ “အမျိုးအနွယ်” ( ethnicity ) အားဖြင့် Bengali များဖြစ်ကြ၍ “နိုင်ငံသား” ( citizen ) “ဟုတ်သည်/ မဟုတ်သည်” ကို “ဤနိုင်ငံအတွင်း မွေးဖွားခဲ့သည်/မမွေးဖွားခဲ့” ဆိုတာနှင့် မတိုင်းတာဘဲ မည်သည့် “အမျိုးအနွယ်” ( ethnicity ) ဖြစ်သည် ဆိုတာနှင့်သာ တိုင်းတာလေ့ ရှိသော မြန်မာနိုင်ငံ၏ “Concept of citizenship” ကို ကြောက်သဖြင့် သူတို့ “ရိုဟင်ဂျာ” ဖြစ်ချင်နေကြတာဟု ထင်ပါသည်။ တကယ်တော့ “နိုင်ငံသား” ကို မွေးဖွားရာ “နိုင်ငံ” နှင့် တိုင်းတာရမည်ဖြစ်ပြီး၊ “တိုင်းရင်းသား” ကိုမှ “လူမျိုး” နှင့် တိုင်းတာရမည် ဖြစ်ပါသည်။ ကျနော်တို့ မြန်မာနိုင်ငံမှာ ထို Concept ပျောက်နေပါသည်။ ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်မှ ရခိုင်များ ethnicity Rakhine ပင် ဖြစ်နေစေကာမူ citizen ဖြစ်နိုင်သကဲ့သို့ပင် ethnicity Bengali ပင်ဖြစ်နေစေကာမူ မြန်မာပြည်ထဲမှာမွေးဖွားခဲ့ပါက citizen ဖြစ်ခွင့်ရှိမည် ဆိုလျှင် သူတို့ “Rohingya” ပါဟု အကြောက်အကန် ငြင်းနေကြလိမ့်မည် မထင်ပါ။ အခုတော့ ငါတို့သည် Bengali တွေမဟုတ်၊ Bengal ဒေသမှ လာခဲ့ကြတာမဟုတ်၊ Arabian တွေသာဖြစ်သည်ဟု သင်္ဘောတစီး ပျက်ဖူးတာကို ရမယ်ရှာပြီး လုပ်ဇာတ်ခင်းရလေတော့သည်။ လူပြိန်းတွေး တွေးမိတာကို ပြောရလျှင် Arabia-origin ဖြစ်ပါက အီရန်၊ အီရတ်၊ ဆော်ဒီလူမျိုးတွေလို အသားဖြူဖြူ၊ ထောင်ထောင် မောင်း မောင်း ဖြစ်သင့် ပါသည်။ အာရပ်ယဉ်ကျေးမှု၊ အာရပ်ဘာသာစကားတွေ အတူပါလာသင့်၊ ကြွင်းကျန်နေသင့်ပါသည်။ ထို့ကြောင့် ကျနော်ကတော့ Bengli ဟူသော စကားလုံးနှင့်မပတ်သက်ချင်လို့၊ ထိုစကားလုံးကို ရှောင် ချင်လို့ “Rohingya” ကို လူမျိုးနာမည် လုပ်လာကြတာဟု ထင်ပါသည်။
၃။ ပတ်သက်သူများ အားလုံးသို့ အကြံပြုခြင်း ( Suggestion to All Concerning Parties )
( က ) ဘင်္ဂါလီ ( ရိုဟင်ဂျာ ) လူမျိုးများ / မူဆလင်ကမ္ဘာ
ရခိုင်ပြည်နယ်တွင် ဗြိတိသျှအစိုးရက ကောက်ယူခဲ့သော သန်းခေါင်စာရင်း တရားဝင် စာရင်းများ အရ လွန်ခဲ့သော နှစ်ပေါင်း ၁၂၀ ခန့် ( ၁၈၉၁ ) လောက်က မူဆလင်လူဦးရေ ၅ သောင်း ကျော်ခန့် သာရှိခဲ့ရာမှ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ခန့် ( ၁၉၁၁ ) တွင် မူဆလင်လူဦးရေ ၁ သိန်း ၇ သောင်း ခန့်ထိ တိုးပွားလာခဲ့ပြီး၊ နှစ်ပေါင်း ၁၀၀ အကြာ ယခုအချိန်တွင် မူဆလင် ( ဘင်္ဂါလီ ) လူဦးရေ ၈ သိန်းမှ ၁သန်းခန့်အထိ တဒေသထဲမှာထူထပ်စွာ တိုးပွားလာခဲ့ပါသည်။ ထို့ကြောင့်သာ ရခိုင်ပြည်နယ်သား တွေကရော၊ ရခိုင် မဟုတ်သည့် အခြားမြန်မာနိုင်ငံသားတွေကရော၊ မြန်မာအစိုးရ ကရော “အမျိုးသား လုံခြုံရေးအမြင်” ( view of national security ) မှ စိုးရိမ်နေကြခြင်း ဖြစ်ပါသည်။ ဤခံစားချက်မျိုးမှာ Racism, discrimination တို့ အတော်နည်းပါးသော အမေရိကန် ပြည်ထောင်စု၊ အာရီဇိုးနားပြည်နယ်သား၊ တက္ကဆက်ပြည်နယ်သားများနှင့် အခြားအမေရိကန်များမှာပင် ရှိကြပါ သည်။
ဒေသခံတို့၏ ဤစိတ်ခံစားမှု ( psychology ) ကို မမှန်သတင်းတွေ ကမ္ဘာကို “ရည်ရွယ်ချက်ရှိရှိ” ဖြန့်ချီနေကြသည့် ဘင်္ဂါလီ lobby ခေါင်းဆောင်များ နားလည်သင့်ပါသည်။ ကျနော် ဘူးသီးတောင် နယ်သားတဦး အနေနှင့် မြန်မာပြည်၊ ရခိုင်ပြည်နယ်ဇာတိ ဘင်္ဂါလီတွေကို သံယောဇဉ်ရှိ၍ ပြောပါမည်။ ခင်ဗျားတို့လုပ်နေကြသည့် မြန်မာနိုင်ငံကို ugly image ရစေလိုသော ရည်ရွယ်ချက်မကောင်းပါ။ မလှပပါ။ အောင်မြင်လိမ့်မည်မဟုတ်ပါ။ ခင်ဗျားတို့ တထစ်လျှော့ပြီး ( တိုင်းရင်းသားဖြစ်ရေးကို လျှော့ချပြီး ) “နိုင်ငံသားဖြစ်ရေး” ( citizenship ) ကိုသာ တောင်းဆိုသင့်သည်ဟု ထင်ပါသည်။
“တိုင်းရင်းသား” ( indigenous people ) ဆိုသည်မှာ မိုးပေါ်ကကျလာ သည်ဟု ထင်ရလောက် အောင်ပင် ဤနေရာကို ဘယ်ကနေဘယ်လို ရောက်လာမှန်းကိုမသိသော လူမျိုးစုဝင်တွေအတွက်သာ ဖြစ်ပါသည်။ migrants ( ဥပမာ၊ အမေရိကန်၊ စင်္ကာပူရိယန် တွေလို ) တွေအတွက် မဟုတ်ပါ။ ရခိုင်ပြည်နယ်မှာ ရခိုင်လူမျိုးတွေက BC 3000 ကျော်လောက်ကပင် ရောက်နေကြသည် ဟု အဆိုရှိသော ( ပါးစပ်ရာဇဝင် ဖြစ်နိုင်စေကာမူ ) ဘယ်ကရောက်လာကြမှန်း အစရှာမရနိုင် လောက်အောင်ပင် နှစ်ပရိစ္ဆေဒ ကြာညောင်းနေပြီဖြစ်သည့် ပင်မမူလဒေသခံတိုင်းရင်းသားများ ဖြစ်ကြ ပါသည်။ ( ကျနော် ၁၈၂၃ ခုနှစ်ကို မေ့ထားလျှက် common sense နှင့် ပြောနေတာ ဖြစ်ပါသည်။)
ရခိုင်ပြည်နယ်နေ ဘင်္ဂါလီ ( ရိုဟင်ဂျာ ) များအနေဖြင့် ထိုတိုင်းရင်းသား ရခိုင်လူမျိုးကိုတုပြီး “တိုင်းရင်းသား” အဆင့်အတန်း တောင်းနေလျှင်၊ ကိုယ့်နိုင်ငံကို ကမ္ဘာ့အလယ်မှာ မဟုတ်မတရား နာမည်ဖျက်နေလျှင် ဤပြဿနာ ပြီးဆုံးနိုင်မည် မဟုတ်ပါ။ မိမိတို့၏ ( ဆွေမျိုး အရင်းခေါက်ခေါက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း လက်မခံသော ) နိုင်ငံမဲ့အခြေအနေကြောင့် သာလျှင် နိုင်ငံတော်သို့ အနည်းဆုံး permanent resident status ၊ ဖြစ်နိုင်လျှင် citizenship စဉ်းစားပေးပါရန် သာယာ ချေငံစွာ တင်ပြသင့်သည်ဟု ထင်မြင်မိပါသည်။ ထို့ကြောင့် ရခိုင်ပြည်နယ်မှ ဘင်္ဂါလီ ( ရိုဟင်ဂျာ ) အရေးနှင့်ပတ်သက်၍ “နှစ်ဖက်စလုံးမှလက်ခံနိုင်ဖွယ်ရှိသည်၊ လက်ခံကြဖို့ကောင်းသည်၊ ငြိမ်းချမ်း သော အဖြေရှာမှုဖြစ်သည်” ဟု ကျနော်ယုံကြည်သောအဆိုတခုကို မနေနိုင်လွန်း၍ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာဝင်တွေက မနှစ်မြို့ကြမည်ကိုသိလျှက်နှင့် ဝင်ပြောနေခြင်း ဖြစ်ပါသည်။ ဤသဘောထား သည် “ရခိုင်လူမျိုး” တို့၏ သဘောထား မဟုတ်ပါ။ ကျနော် လူမျိုးတမျိုး၊ ဘာသာတခုကို ကိုယ်စား မပြုပါ။ ကျနော် မိမိကိုယ်မိမိသာ ကိုယ်စားပြုပါသည်။ နှစ်ဖက်စလုံးက စဉ်းစားကြည့်ကြဖို့ ကျနော် အော်လိုက် ရခြင်းသာ ဖြစ်ပါကြောင်း..။
( ခ ) ရခိုင်အမျိုးသားများ / အခြားမြန်မာ နိုင်ငံသားများ

သည်တခါတော့ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာကိုချစ်လွန်းကြသော၊ ဝံသာနုရက္ခိတစိတ်
ပြင်းထန် လွန်းကြသော ကျနော်တို့လူမျိုး၊ ကျနော်တို့ နိုင်ငံသား ညီအကိုတွေကို
ပြောချင်ပါသည်။ ….“၁၉၄၂ ခုနှစ်၊ ဒုတိယကမ္ဘာစစ်အတွင်း အင်္ဂလိပ်အစိုးရ
အိန္ဒိယသို့ ဆုတ်ခွာ သွားစဉ် ( ဂျပန် တပ်မတော်နှင့် BIA တပ်တို့လည်း
ရခိုင်ပြည်နယ် သို့မရောက်သေးချိန် မင်းပြောင်းမင်းလဲအတွင်း ) မြေပုံ၊
မင်းပြား၊ ကျောက်တော်မြို့နယ် များဖက်တွင် ယခု တောင်ကုတ်မှာလိုပင်
ရခိုင်လူမျိုးတွေက မူဆလင်ဦးရေ ၅ ထောင်ကျော် ခန့်ကို သတ်ဖြတ် ခဲ့ကြသည်ဟု
ဆိုပါသည်။ သူတို့သည် မျိုးချစ်စိတ်၊ ဝံသာနုရက္ခိတစိတ်တို့နှင့် ထိုသို့
ပြုမူခဲ့ကြတာ ဖြစ်ပါလိမ့်မည်။ သို့သော် သူတို့အနေဖြင့် ရသေ့တောင်၊
ဘူးသီးတောင်၊ မောင်တော မြို့နယ်ဖက်ခြမ်း မှ ရခိုင်
အမျိုးအနွယ်များအပေါ်မှာကော မျိုးချစ်စိတ်၊ ဝံသာနုရက္ခိတစိတ် တကယ်ထားရာ
ရောက်ခဲ့ ကြပါရဲ့လား။ အဘယ်ကြောင့်ဆိုသော် သူတို့၏လုပ်ရပ်ကြောင့်ပင်
အရှေ့ဖက်ခြမ်းမှ မူဆလင်များ ဘူးသီးတောင်၊ မောင်တောဖက်ခြမ်းသို့
ထွက်ပြေးလာကြပြီး လူမျိုးချင်း အတူတူပင်ဖြစ်သည့် သူတို့ဘင်္ဂါလီချင်း
ပူးပေါင်းကာ အနောက် ဖက်ခြမ်းနေ ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးဦးရေ ၂
သောင်းကျော် သတ်ဖြတ်ခံခဲ့ကြရပါသည်။ အဓိကရုဏ်း ဖြန်ဖြေပေး ရန်
ရောက်ရှိလာသည့် ဒုတိယ တိုင်းမင်းကြီး ဦးဦးကျော်ခိုင် ( U Oo Kyaw Khaing )
နှင့် ရဲဘော်သုံးကျိတ်ဝင် BIA ဗိုလ်ရန်အောင်တပ်မှ စစ်ဗိုလ် ၂-၃
ဦးတို့လည်း သတ်ဖြတ်ခံခဲ့ရပါသည်။
ယခုလည်း တောင်ကုတ်ကားလမ်း ( ၁၀ ) လောင်းပြိုင် သတ်ဖြတ်မှုကြောင့် ဘင်္ဂါလီ လူများစု ဖြစ်သည့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေမြို့နယ်တွေမှာ ဆူပူအုံကြွမှုမီး ထတောက်ခဲ့ရတာကို ဘယ်လိုမှ မငြင်းနိုင်ပါ။ တောင်ကုတ်ဖက်က ရခိုင်အမျိုးသား များအနေဖြင့် ရခိုင်အမျိုးသမီးလေးအား မတရားပြုကျင့် သတ်ဖြတ်သည့် တရားခံတွေကို အမြန်ဆုံးဖော်ထုတ်ပြီး ပြင်းထန်စွာ အပြစ်ပေး အရေးယူဖို့ ရဲစခန်း၊ တရားရုံးတို့သို့ မြို့လုံးကျွတ်သွားရောက် ဆန္ဒပြနိုင် ပါသည်။ ထိုအထိ လုပ်ကောင်းသော မျိုးချစ်စိတ်၊ ဝံသာနုရက္ခိတ တရား ဟုတ်ပါသေးသည်။ “ကိစ္စတခုကို တရားသဖြင့် ဖြစ်စေခြင်း” ( For the sake of fairness ) အတွက်ဆိုလျှင် အသက်ပင် စွန့်ရစေကာမူ မြတ်သောသေခြင်း ဖြစ်ပါသည်။ သို့ရာတွင် ပြစ်မှုတစုံတရာကို သူတို့ကိုယ်တိုင် ကျူးလွန် ခဲ့ကြတာမဟုတ်သော၊ “မူဆလင်” ဟူသည့် အမျိုးအနွယ်တူရုံသာဖြစ်သော မူဆလင်တစုကို ကားပေါ်မှ ဆွဲချပြီး၊ ရခိုင်လူမျိုးတွေက သတ်ဖြတ်ခဲ့ခြင်းကတော့ “တရားသဖြင့် ဖြစ်စေခြင်းငှာ ဆောင်ရွက်ချက်” လည်း မဟုတ်၊ “ဝံသာနုရက္ခိတတရား” လည်း မဟုတ်တော့ပါ။ “ရှေ့နောက်မတွေး အဆင်အခြင်မဲ့မှု” တခုသာဖြစ်ပါသည်။ အကြောင်းမှာ ထိုအပြုအမူကြောင့်ပင်လျှင် စစ်တွေမှသည် မောင်တောအထိ ကိုယ့်အမျိုးသား များ သေကြေပျက်စီး၊ အိမ်မီးရှို့ခံရကာ လူမျိုးရေးပဋိပက္ခမီး လောင် ကျွမ်းခဲ့ရခြင်း မဟုတ်ပါလော။ ထို့ကြောင့် ရခိုင်ပြည်နယ်က ရခိုင်အမျိုးသားများအနေဖြင့် ဘင်္ဂလား ဒေ့ရှ်ဖက်ခြမ်းတွင် ရခိုင်လူမျိုးများ မူဆလင်တွေနှင့် သဟဇာတကျအောင် နေကြပုံကို နမူနာ ယူသင့် သည်ဟု ထင်မိပါသည်။ ထိုနိုင်ငံတွင် ရခိုင်တို့သည် minority right တရားဝင်ရရှိသော နိုင်ငံသား ( citizen ) များ ဖြစ်ကြ ပါသည်။ ဘင်္ဂလားဒေ့ရှ်အစိုးရက ဤဗုဒ္ဓဘာသာဝင် ရခိုင်တွေကို တော့ ကိုယ့် နိုင်ငံသားဟု သတ်မှတ်ပြီး မြန်မာပြည် ဖက်ခြမ်းနေ ကိုယ်နှင့်ကိုးကွယ်ရာဘာသာတူ၊ အမျိုးအနွယ်တူ ဘင်္ဂါလီ ( ရိုဟင်ဂျာ ) တွေကိုတော့ ( နိုင်ငံ ခြားနေသဖြင့် ) နိုင်ငံခြားသားများ ဟု သဘောထား သည်မှာလည်း လေးစားဖွယ်ဖြစ်ပါသည်။
ကျနော်က အကြောင်းအားလျော်စွာ အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသူ ဖြစ်ပါသည်။ သူတို့ဆီမှာက ကိစ္စရပ်တွေကို တတ်နိုင်သမျှ ခပ်ရှင်းရှင်း ဖြစ်အောင် လုပ်ထားကြရာ သူတို့ နိုင်ငံသို့ တရားဝင် ရောက်ရှိလာသော မည်သူမဆို ရောက်ရှိပြီး တနှစ် အကြာတွင် Green Card ( Permanent Resident Card ) လျှောက်ထားနိုင်ပြီး ၃ လခန့်အကြာတွင် ရရှိပါသည်။ နိုင်ငံသားအဖြစ် ( Citizenship ) ကိုတော့ ( ၅ ) နှစ်ပြည့်လျှင် လျှောက်ထားနိုင်ပါသည်။ အမေရိကန် နိုင်ငံသားဖြစ်ရန် တရားဝင် ဝင်လာခဲ့တာဖြစ်ဖို့၊ အင်္ဂလိပ်စာ/စကားအသင့်အတင့်တတ်ဖို့နှင့် အမေရိကန်သမိုင်း ကို အသင့်အတင့် သိဖို့လိုအပ်ပါသည်။ ဤသို့ဖြင့် Green Card ( Permanent Resident Card ) ကိုင်ဆောင် ထားသူတဦးမှာ အကြမ်းဖက်ရာဇဝင် မရှိလျှင်၊ ပြစ်မှုရာဇဝင် မရှိလျှင် ၅ နှစ်အကြာမှာ အလွယ်တကူပင် သူတို့နိုင်ငံသား ဖြစ်နိုင်ပါသည်။ ထိုသို့ နိုင်ငံသားဖြစ်လာသည့် American တွေကို သူတို့အစိုးရ လူဝင်မှုဌာန ( USCIS ) က "Notice of Naturalization Oath Ceremony" (Form N-445) ဖြင့် တရားဝင်အခမ်းအနားနှင့်ကို ကြိုဆိုပါသည်။ သူတို့ပြည်သူတွေကလည်း နိုင်ငံအရပ်ရပ် က တရားဝင် ရောက်ရှိလာသော အီရန်ကော၊ အီရတ်ကော၊ ဗီယက်နမ် ကော၊ အမည်းကော၊ အဝါကော၊ အဖြူကောကို မနာလိုတိုရှည်၊ မိစ္ဆရိယစိတ် သိပ်မရှိလှဘဲ အတန်အသင့် နွေးထွေးစွာ ဆက်ဆံကြပါသည်။ ဤသို့ဆိုရသည်မှာ သူတို့သည် အာရှရုပ် ထွက်နေတာ အထင်းသားပင် ဖြစ်သော ကျနော်တို့နှင့် ဆက်ဆံရသည်ကို စိတ်မသက်မသာ ဖြစ်နေကြဟန် ၄-နှစ်အတွင်း ကျနော် တခါမှ မကြုံဖူးသောကြောင့် ဖြစ်ပါသည်။ တကယ်တော့ အမေရိကန်တွေက အာရှသားကို ချစ်ခင်၊ အထင် တကြီးဖြင့် ဆက်ဆံကြသည်ဟု ထင်ပါသည်။ တရုတ်၊ ဂျပန်၊ ကိုးရီးယား ပစ္စည်းတွေကို သူတို့ နေ့စဉ် မြင်နေရတာ မဟုတ်ပါလော။ အမေရိက တနံတလျားက တက္ကသိုလ်များတွင် ပညာချွန်သော ကျောင်းသားများသည် အာရှကကျောင်းသားတွေ ဖြစ်တတ်ကြသည် မဟုတ်လော။ သို့ရာတွင် သူတို့နိုင်ငံအတွင်းသို့ တရားမဝင် ဝင်လာကြပြီး၊ စပိန်စကားပြောကြသည့် လောဘကြီးကြီး၊ ပညာ နည်းနည်း တောင်အမေရိကတိုက်သား Latino/a (s) တွေကိုတော့ သူတို့ရင်ထဲမှာ အမျိုးသားလုံခြုံမှု ပြဿနာနှင့်တွဲ၍ မြင်ကြပုံ ပေါ် ပါသည်။ သို့တိုင်အမေရိကန်နိုင်ငံတွင် “အဖြူတွေ ( Whites ) ၊ အမည်းတွေ ( Blacks )၊ အာရှသားတွေ ( Asians )၊ ဗုဒ္ဓဘာသာဝင်တွေ ( Buddhists )၊ လာတီနိုတွေ ( Latinos )” ဟု တယောက် မကောင်းတာနှင့် လူမျိုးအုပ်စု တခုလုံးကို ရည်ညွှန်း ဆဲဆိုလေ့ မရှိကြပါ။ အထူးသဖြင့် လူမည်းတွေကို Negro ဟု လုံးဝ မခေါ်ရပါ။ “မင်းတို့ အာရှသားတွေ / ဗုဒ္ဓဘာသာဝင် တွေကို ငါ ကြည့်လို့မရဘူး” ဟု ပြောမိလျှင် ပြစ်မှုမြောက်ပြီး “ငါ ဒီသမ္မတလောင်းကို ကြည့်လို့ မရဘူး” ဟု ပြောမိလျှင်တော့ ပြစ်မှုမမြောက်ပါ။
လူမျိုးတမျိုးကို အလွန်အမင်းကြည့်မရ၊ မုန်းတီးနေလျှင် ထိုသူသည် “mentally abnormal” ( စိတ်ပုံမှန်မဟုတ် ) ဟုပင် ဤနိုင်ငံမှာ ယူဆခံရတတ်ပါသည်။ ကျနော့်ကိုယ်တွေ့ဗဟုသုတ တခုကို ပြောပြရလျှင် ကျနော်သည် Journalism ကို စနစ်တကျ တတ်လိုသဖြင့် တခါတုန်းက ကောလိပ် ကျောင်းတခုမှာ Newspaper Production အတန်းကို ယူဖူးပါသည်။ Introduction to Journalism အတန်းတက်ဖူးပြီးမှ ဤအတန်းကိုယူရသဖြင့် သတင်းရေးနည်း တတ်ကျွမ်းပြီးသား ကျောင်းသားများ ဟု ယူဆခံရပြီး ကျနော်တို့ ကျောင်းသားများ ( ဤဘာသာကို တကယ် journalist ဖြစ်ချင်သူများသာ တက်ကြသဖြင့် ကျောင်းသားနည်းပါသည် ) မှာ တလတကြိမ်ထုတ်ဝေသည့် ကျောင်းသတင်းစာ၏ ပင်တိုင်စာရေးသူများ ( Staff Writers ) များ အလိုအလျောက်ဖြစ်ကုန်ကြကာ ကျောင်းသတင်းစာ တွင် ဖော်ပြရန် တလလျှင် ကျောင်းသားတဦး စာ( ၂ ) ပုဒ် ( သတင်းဖြစ်စေ၊ ဆောင်းပါးဖြစ်စေ၊ အယ်ဒီတာ့ အဘော်ဖြစ်စေ ) နှုန်း ဖြင့် ပါမောက္ခထံ တင်ကြရပါသည်။ Campus သုံးခုမှ ဆရာများ ညှိနှိုင်းပြီး မိမိရေးသည့် နှစ်ပုဒ်လုံးပါချင်မှ ပါမည်ဖြစ်သော်လည်း တပုဒ်တော့အနည်းဆုံး ပါလေ့ရှိသည့် လစဉ်သတင်းစာကို ထုတ်ဝေကြပါသည်။ ဤသို့ဖြင့် လတလတွင် အခြား campus က မရိန်းစစ်သား ဟောင်းဆိုသူ လူဖြူကျောင်းသားတယောက်က အီရတ်နိုင်ငံမှာ စစ်တိုက်ခဲ့စဉ်က သူ့အတွေ့အကြုံ၊ သူ့စိတ်ခံစားမှုကို ရေးပြထားသည့်ဆောင်းပါး ပါလာပါသည်။ ဆရာတွေကလည်း “ဒါ သတင်းစာ အစစ်ကြီးလည်း မဟုတ်သေးဘူး။ လေ့ကျင့်ကွင်းသဘောပဲလေ” ဟု ဆိုကာ ထိုကျောင်းသား၏ racism ဆန်သော ဆောင်းပါးကို ထည့်ပေးခဲ့ကြခြင်း ဖြစ်ပါသည်။
ကျနော်မှတ်မိသလောက် သူ့ဆောင်းပါးထဲမှာ “ဤ ဥာဏ်နုံနဲ့နဲ့ အီရတ်တွေကိုမြင်တိုင်း ကျနော့် တကိုယ်လုံးက သွေးတွေဆူဝေကာ သူတို့ကို သတ်ဖြတ်ချင်သော အရိုင်းစိတ် ထကြွသောင်းကျန်း လာလေ့ရှိသည်” ဟူသောသဘောမျိုး ရေးထားတာ ဖြစ်ပါသည်။ မကြာမီပင် မြို့ထဲက သတင်းစာ တစောင်က ထိုဆောင်းပါးနှင့် စပ်လျှဉ်း၍ ကျောင်းသားတွေကို Code/ Ethic of Journalism ကို ဘယ်လို ထိန်းသိမ်းရမည်ဟု အတုယူစရာ ဖြစ်စေရမည့် ကျောင်းသတင်းစာ တစောင်မှာ သည်လို ဆောင်းပါးမျိုးပါလာတာကို ထိတ်လန့်တုန်လှုပ်မိပါသည်ဟု အိတ်ဖွင့်ပေးစာတွေ ဘာတွေ ရေးလာပါ သည်။ ကောလိပ်ကျောင်း ဥက္ကဌ ( သည်မှာ ပါမောက္ခချုပ် ဆိုသောရာထူးကို လူသိပ်မသိကြဘဲ ဥက္ကဌကိုသာ ပို လူသိများပါသည် ) က များစွာ ဝမ်းနည်းစိတ်မကောင်း ဖြစ်မိပါကြောင်း တောင်းပန် စာရေးပြီး ထို အမောင်ကျောင်းသားကိုတော့ ကျောင်းပရဝုဏ် လုံခြုံရေးအတွက် ဘယ်နှစ်လတန်သည်၊ အပါတ်စဉ်တိုင်း စိတ်ရောဂါ ဆရာဝန်နှင့် ပြသ concelling လုပ်စေရန်နှင့် မလိုက်နာပါက ကျောင်းမှ ထုတ်ပယ်ရန်အထိ အရေးယူရန် ဆုံးဖြတ်လိုက်သည် ဟု ကျနော်တို့၏ဆရာက ပြောပြပါသည်။ ကျနော် အမေရိကန်တွေကို အမွှမ်းချည်း တင်နေတာ မဟုတ်ပါ။ သူတို့ လည်း လူတွေမို့ စိတ်ပုတ်သူ၊ စိတ်ယုတ်သူ ရှိသည်ပင်။ သို့သော် သူတို့ရင်ထဲမှာ လူကို “တဦးချင်းအလိုက် ရှုမြင်လေ့ရှိသောဝါဒ” ( individualism ) အလေ့အကျင့် ခိုင်မာစွဲမြဲနေကြသည်ကို ဤနေရာမှာ လိုအပ်၍ထည့်ပြောခြင်း ဖြစ်ပါ သည်။ ဒါဖြင့် သူတို့မှာ ကိုယ့်တိုင်းပြည်ကို ဘယ်သူ ဘာလုပ်သွားသွား မျိုးချစ်စိတ် ( patriotism ) မရှိကြတော့ဘူးလား ဟုမေးဖွယ် ရှိပါသည်။ သူတို့မှာ “မြေ” ( Land/ Country ) ကိုချစ်သောစိတ်နှင့် “ထိုမြေပေါ်တွင် အတူတကွနေကြသူများ ( ဝါ ) နိုင်ငံသားများ” ( Citizens ) ကိုချစ်သော “မျိုးချစ်စိတ်” မျိုး ပိုအင်အားကြီးဟန်ရှိပြီး၊ မှန်မှန်မှားမှား ကိုယ့်အမျိုးမှ ကိုယ့်အမျိုးတည်းဟူသော ဝံသာနုရက္ခိတ တရားကား သိပ်အင်အားကြီးပုံမရပေ။ ထိုအချက်ကို လူဖြူများသည့်နိုင်ငံမှာ လူမည်းက သမ္မတလုပ်နေ ခြင်းက သက်သေပြနေ ပါသည်။ သူတို့ အိုဘားမားကို “လူမည်း” အဖြစ် မမြင်ကြပါ။ “အမေရိကန်” (နိုင်ငံသား) တယောက်အဖြစ်ပဲ မြင်ကြပါသည်။
ကျနော် သူများနိုင်ငံအကြောင်းတွေကို ပြောနေခြင်းမှာ ကိုယ့်ညီအကို၊ မောင်နှမတွေ ဤကမ္ဘာမြေ၏ နိုင်ငံသားများ ( world citizens ) ဟူသောစိတ်ဓါတ်၊ “သမာသမတ်” ရှိခြင်းကို ချစ်တတ်သော စိတ်ဓါတ် ( love of fairness ) မျိုး အတန်အသင့် ထားတတ်ကြစေရန် ဖြစ် ပါသည်။ ကျနော်တို့ ယခု ကမ္ဘာ့ရွာ ( global village ) ထဲမှာ နေနေကြရတာ ဖြစ်၍ နိုင်ငံခြားသား၊ လူမျိုးခြား၊ ဘာသာခြား တွေကို အလိုလိုနေရင်း မုန်းတီးနေသော မိစ္ဆရိယစိတ်မျိုးက အလုပ်မဖြစ်တော့ပါ။ တည့်တည့်ပြောရ လျှင် ထိုစိတ်ဓါတ်မျိုးမှာ စာမတတ်ပေမတတ်၊ ကမ္ဘာအကြောင်း နားမလည်သော တယူသန် သမားတို့၏ စိတ်ဓါတ်မျိုး ဟုထင်ပါသည်။ ကျနော် အထက်နေရာတော်တော်များများတွင် အထပ်ထပ် ရှင်းပြခဲ့ပြီး ဖြစ်သည့်အတိုင်း ရခိုင်ပြည်နယ်မှ ဘင်္ဂါလီဦးရေ တသန်းခန့် ( အစိုးရစာရင်းထက် ၂ သိန်း လောက် ပိုနိုင်ပါသည် ) ကိုလည်း တနေနေရာသို့ တကယ် မောင်းထုတ်ဖို့ မဖြစ်နိုင်သည့်အတူတူ သူတို့ကို လူသားဆန်ဆန်ဆက်ဆံပြီး၊ ဤ “နိုင်ငံသား” ( citizen ) စိတ်ဓါတ်၊ ဤပြည် ဤမြေ ကိုချစ်သောစိတ်ဓါတ် သွင်းပေးပြီး အတူနေသွားရုံမှတပါး အခြားနည်းလမ်း မတွေ့မိပါကြောင်း၊ ထိုသို့ လုပ်မှသာလျှင် ရခိုင်ပြည်နယ်အတွင်း လုံခြုံအေးချမ်းမှု အစစ်ရမည် ဖြစ်ကြောင်း တင်ပြအပ်ပါသည်။ ( ကျနော်ပြောတာထက် ပိုကောင်းသော၊ လက်တွေ့လုပ်ဖို့လည်း ဖြစ်နိုင်သော option ရှိလျှင် ဆွေးနွေး နိုင်ပါသည်။ ကျနော် လေးလေးစားစား နားထောင်ချင် ပါသည်။ )
( ဂ ) မြန်မာနိုင်ငံတော်အစိုးရ / ပြည်ထောင်စု လွှတ်တော်
ကျနော်သည် သာမန်မြန်မာနိုင်ငံသားတဦးမျှသာ ဖြစ်ပါသည်။ ကျနော့်တသက်လုံး အခွင့်အခါ မကြုံခဲ့၍ နိုင်ငံ့ကောင်းကျိုးအတွက် ဘာတခုမှ လောက်လောက်လားလား မလုပ်ဖူးသဖြင့် ယခုကျနော် တို့ တိုင်းပြည်က ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ တက်လှမ်းဖို့ ပြင်ဆင်နေစဉ်၊ ကိုယ့်တိုင်းပြည် အာဆီယံ ဥက္ကဌ လုပ်ရဖို့ အချိန် ဘယ်လောက်မှ မလိုတော့စဉ် နိုင်ငံအတွင်း ဖြေရှင်းဖို့ ဖြစ်နိုင်သည့် နောက်ဆံတငင်ငင်ဖြစ်နေသော ကိစ္စအချို့ကို ငြိမ်းအေးစေလိုသောဆန္ဒနှင့် ဤဆောင်းပါးကို ရေးပါသည်။ ဒီမိုကရေစီ နိုင်ငံတခု၏ ပုံမှန်အခင်းအကျင်းကို ခင်းကျင်းရာတွင် လုပ်အားဖြင့် မပါနိုင်စေ ကာမူ နှုတ်အားဖြင့်ဖြစ်ဖြစ် ပါဝင်လို၍ ( ဝါ ) ရိုးသားသော commitment ထည့်ဝင်လို၍ ရိုးသားစွာ ဝင်ပြောမိခြင်း ဖြစ်ပါသည်။ သို့ရာတွင် အထက်ပါ ခေါင်းစဉ်ဖြင့် နိုင်ငံတော် အစိုးရနှင့် ပြည်ထောင်စု လွှတ်တော် လူကြီးမင်းများကို တစုံတရာ အော်ပြောရန်ကြံစည်နေဆဲမှာပင် FB ပေါ်တွင် 2,275 ဦး၏ share ထားခြင်းခံရသော အောက်ပါ status ကို တွေ့လိုက်ရပါသည်။ ထို့ကြောင့် ကျနော်တို့ နိုင်ငံသား ညီအကို၊ မောင်နှမတို့၏ စိတ်ခံစားမှု ( emotion ) ကို အားနာ၍ ကျနော် လူကြီးတွေကို ဘာမှ မပြောတော့ဟု ဆုံးဖြတ် လိုက်ပါသည်။ မူဆလင် အစွန်းရောက်တွေက မြန်မာသံရုံးတွေကို တိုက်ခိုက်တာ၊ အလံ မီးရှို့ တာ၊ ဆန္ဒပြကြတာ၊ ရခိုင်ပြည်နယ်ဖက်ခြမ်းမှာ ဆူပူ မငြိမ်သက်လို့ ရခိုင်တွေ နောက်ထပ် အသက် ဆုံးရှုံး၊ အိုးမဲ့ အိမ်မဲ့ ဖြစ်ကြရတာကို ဆက်လက် ကြားနေရဦးမည်လား ရိုးသားစွာ တွေးပူမိ သည်မှာတော့ အမှန်ပင်။း((
“(ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတရုံး ညွန်ကြားရေးမှူး၏ ဖေ့စ်ဘုတ်အကောင့်မှ အင်္ဂလိပ်လို ရေးသားချက်ကို ဘာသာပြန်ဆိုသည်။ မူလ ရေးသားသော စတေးတပ်စ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။) - ဟူ၏။
“Today meeting with Human Rights Watch, Myanmar delegation gave the clear message, if some countries including US, can accept Rohinja (Stateless people), we can transport them by ships or others. We can undersatnd the human rights but we need to emphasize the National Security.”
Share
Than Naing and 57 others like this.
2,275 shares
ယခု ဤဆောင်းပါးကို နိဂုံးမချုပ်မီ နောက်ဆုံးအနေဖြင့် ကျနော်ကတိပေးထားသည့်အတိုင်း Time Magazine, June 25, 2012 issue မှ Cover story: “We are Americans, just not legally” ဆောင်းပါးမှ ( အချက်အချို့ကို ) ဗဟုသုတအလို့ငှာ ဝေမျှပါမည်။ အမေရိကန် ပြည်ထောင်စု တွင် တရားဝင် စာရွက်စာတမ်းမဲ့ နေထိုင်သူဦးရေ ( ၁၁.၅ ) သန်းခန့်ရှိသည်ဟု ဆိုပါသည်။ ထိုအထဲတွင် တဦးအပါ အဝင်ဖြစ်သည့် ဖိလစ်ပိုင်လူမျိုး လူငယ်သတင်းစာဆရာ Jose Antonio Vargas က ဤဆောင်းပါးကို ရေး ထားခြင်း ဖြစ် ပါသည်။ သူက လွန်ခဲ့သော တနှစ်ခန့်ကပင် သူ undocumented immigrant တဦးဖြစ်ကြောင်း လူသိရှင်ကြား ကြေညာခဲ့သည်။
“အမေရိကတွင် ကျနော့်လို တရားဝင်စာရွက်စာတမ်း မရှိဘဲ နေထိုင်နေကြသူ ၁၁.၅ သန်းခန့်ရှိ ပါသည်။ ကျနော့်လေသံက သည်နိုင်ငံမှာပဲ မွေးဖွားခဲ့သယောင်ယောင်။ ကျနော် ကောလိပ်တက်ပြီး journalist တယောက် ဖြစ်လာခဲ့သည်။ Washinton Post သတင်းစာတွင် အလုပ်ရသည်။ သို့သော် အဖြစ်မှန်ကို ထိန်ချန်ထားရတာက လေးပင်လွန်းလှသည်။ သို့နှင့် မနှစ်က ဇွန်လထဲမှာ New York Time သတင်းစာ ထဲတွင် Essay တပုဒ်ရေးပြီး အမှန်ကို ဝန်ခံလိုက်သည်။ ကျနော့်အကြောင်းကို အသံလွှင့်သည်။ ကျနော်က လဝကရဲက လာဖမ်းလိမ့်မလားဟု ထင်ပြီး စောင့်နေခဲ့သည်။ လတွေသာ ကုန်ဆုံးလာသည်။ ကျနော့်အိမ်တံခါးကို ကို လာမခေါက်ကြပေ။ ၂၀၁၁ ဘဏ္ဍာရေးနှစ် အတွင်း လူပေါင်း ၃၉၆,၉၀၆ ယောက်ကို ပြည်နှင်ဒါဏ် ပေးခဲ့သည့် U.S Immigration and Customs Enforcement ( ICE ) ဆီကလည်း စာတွေ၊ ဖုန်းတွေ မလာ။
အမေရိကန် နိုင်ငံသား ဖြစ်ရဖို့ အလွယ်ကူဆုံးနည်းမှာ အမေရိကန်နိုင်ငံမှာ မွေးဖွားခဲ့ဖို့ ဖြစ်သည်။ မိဘတွေက ဘာဖြစ်နေနေ အရေး မကြီးပါ။ ( ချွင်းချက်အနေဖြင့် နိုင်ငံခြားသံတမန်တို့၏ သားသမီးများ အကျုံးမဝင်ပါ။ ) အမေရိကန်ပြည်ထောင်စု ပြင်ပမှာ မွေးဖွားခဲ့သူများ အတွက် တော့ Green Card က တန်ဖိုးအရှိဆုံး ဖြစ်သည်။ Green Card ရလိုက်သည်နှင့် သင်သည် တနေ့ နိုင်ငံသား ( Citizen ) ဖြစ်လာမည့် လမ်းကြောင်းပေါ် ရောက်နေလေပြီ။ Green Card ရနိုင်သည့် နည်းလမ်း နှစ်သွယ် ရှိသည်။ မိသားစုဝင်ကို အကြောင်းပြု၍ လျှောက်ထားခြင်းနှင့် အလုပ်အထူး ကျွမ်းကျင်မှုကို အခြေခံ၍ လျှောက်ထားခြင်းတို့ ဖြစ်သည်။ ( Green Card lottery မဲပေါက်ခြင်း အကြောင်းတော့ သူ ထည့်မပြောထားပါ။ ) Green Card လျှောက်ထားနိုင်ရန် သင်၏ ဇနီး/ခင်ပွန်း၊ မိဘ၊ သားသမီး၊ ညီအကို မောင်နှမ တဦးဦးသည် အမေရိကန်နိုင်ငံသား ဖြစ်နေနှင့်ဖို့ လိုအပ်သည်။ ( အမေရိကန်နိုင်ငံရှိ Green Card လက်ဝယ် ကိုင်ဆောင်ထားသူများ အနေဖြင့် မိမိ၏ ဇနီး/ ခင်ပွန်း နှင့် အရွယ် မရောက်သေးသော သား/သမီးကို ခေါ်ယူရန်သာ အသနားခံ တင်ပြပိုင်ခွင့် ရှိသည်။ ) ထို့နောက် တန်းစီဇယားမှ ကိုယ့်အလှည့်ကျလာမည့်ရက်ကို စောင့်ဆိုင်းနေရသည်။ အမေရိကန် ပြည်ထောင်စု တွင် နိုင်ငံတခုချင်းအတွက် တနှစ်လျှင် Green Cards - 2,5000 ခွင့်ပြုရေး ခွဲတမ်း သတ်မှတ်ချက် ရှိသည်။ ထို့ကြောင့် လူဦးရေ ၃.၅ သန်းသာ ရှိသော Moldova နိုင်ငံနှင့် လူဦးရေ ၁၁၂ သန်း ရှိသော မက္ကဆီကို တို့သည် Green Card quota အတူတူပင် ဖြစ်သည်။ ကိုယ့်အလှည့် ရောက်ဖို့ စောင့်ဆိုင်းရချိန်မှာ ကိုယ့်နိုင်ငံ၏ Demand ( လျှောက်လွှာအနည်း/အများ ) အပေါ် မူတည် သည်။ ဥပမာ၊ သင်သည် မက္ကဆီကို၊ အိန္ဒိယ၊ ဖိလစ်ပိုင်နိုင်ငံလို လျှောက်လွှာတင်ထားတာ များသော နိုင်ငံမှ ဖြစ်လျှင် နှစ် အနည်းငယ် ကြာကြာ၊ အခန့်မသင့်လျှင် ဆယ်စုနှစ် ပေါက်အောင် စောင့်နေရတတ်ပါသည်။ ဥပမာပြရလျှင် ယခု လက်ရှိအချိန် ၂၀၁၂ ခုနှစ်တွင် US သည် ၁၉၈၉ ခု၊ ဇန်နာဝါရီလက လျှောက်ထားခဲ့ကြသော ဖိလစ်ပိုင်မွေးချင်းများ အတွက် စဉ်းစားနေပါသည်။ ( ဒါဆို တချို့ သေတောင် သေ ကုန်ကြလောက်ပြီ။း))
အဆင့်မြင့်ပညာတွေ တတ်မြောက်သူ၊ အဆင့်မြင့်ဘွဲ့ဒီဂရီတွေလက်ဝယ်ရှိသူ၊ ထို့ကြောင့် အလုပ်ရှင် က လိုလိုလားလား အလုပ်ခန့်ချင်သူ၊ နိုင်ငံတကာ ကုမ္ပဏီများ၏ အမှုဆောင် အရာရှိ ( such as specialized medical professionals, advanced degree-holders and executives of multinational companies ) စသည့် အလုပ်အကိုင်အားဖြင့် Green Card လျှောက်ထားသူတွေ မှာတော့ waiting list မရှိချေ။ ထိုသူများအတွက် Green Card ရဖို့ အရည်အချင်း မပြည့်မီလျှင်တောင် ယခုနာမည်ကြီးနေသည့် Silicon Valley အတွက် အထူးသဖြင့် ရည်ရွယ်သော Hi-B visa အပါအဝင် ယာယီအလုပ်ဗီဇာ တမျိုးမျိုးရနိုင်ပါသည်။ တရားဝင် စာရွက်စာတမ်း မရှိဘဲ US မှာ overstay လုပ်နေသူတွေအဖို့ကား တော်တော် ရှုပ်ထွေးခက်ခဲလှသည်။ နည်းတနည်း ကတော့ အမေရိကန်နိုင်ငံသား တယောက်ကို လက်ထပ်လိုက်ခြင်း ဖြစ်သည်။ ( Same-sex marriage ကိုတော့ Federal government က အသိအမှတ် မပြုပါ။ ) သို့မဟုတ် ကိုယ့်မူရင်းနိုင်ငံကိုပြန်ပြီး အလုပ်အကိုင်ဖြင့် ဝင်ခွင့်လျှောက် ထားသည့်နည်း ဖြစ်သည်။ ဒါပေမဲ့ တရားမဝင် ခုန်ဆင်းဖူး သူ ဖြစ်လျှင် လျှောက်လွှာကို ၁၀ နှစ်ကြာ မစဉ်းစားဘဲ ထားပါလိမ့်မည်။ ထို့ကြောင့်သူတို့လို တရားဝင် စာရွက်စာတမ်း မရှိသူလူငယ်များ အတွက်အတည်ပြုရန် ကြန့်ကြာနေသော Dream Act သာလျှင် အကောင်းဆုံး မျှော်လင့်ချက် ဖြစ်တော့သည်။
မူလ Dream Act ( 2001 version ) က အသက် ၂၁ နှစ်အောက်၊ အထက်တန်း ( ၁၂-တန်း ) အောင်၊ US တွင် ၅ နှစ်နေဖူးပြီးသူ လူငယ်များ Green Card ရရှိနိုင်ရေးကို ရည်ရွယ်တာ ဖြစ်သည်။ အခုတော့ ထိုကလေးတွေက အသက်ကြီးလာကြသဖြင့် အသက်ကို ၃၅ နှစ်အထိ တိုးထားသည်။ တရားမဝင်နေထိုင်သူတွေအဖို့ အခက်အခဲတခုမှာ ကားမောင်းလိုင်စင် ( Driver license ID ) ရရှိရေး ဖြစ်သည်။ ၉/ ၁၁ ဖြစ်ရပ် နောက်ပိုင်းတွင် လေယာဉ်စီးလျှင် Government-issued ID လိုအပ်လာသည် ကို လူတိုင်းအသိ ပင် ဖြစ်ပါသည်။ ( ပြည်နယ် တခုခုမှ ထုတ်ပေးသော ကားမောင်းလိုင်စင်ကတ်ပြား/ ကားမမောင်းလျှင် State ID ကို မြန်မာပြည် မှ နိုင်ငံသားစိစစ်ရေး ကတ်ပြားကဲ့သို့ အသုံးပြုကြပါသည်။ ) ပြည်နယ်အများစုက တရားဝင်စာရွက်စာတမ်း ထုတ်မပြနိုင်လျှင် ထိုကတ်ပြားကို ထုတ်မပေးကြပါ။ သို့ရာတွင် New Mexico, Washington ပြည်နယ်တွေလို ပြည်နယ်အချို့က undocumented immigrants တွေကို ထိုကတ်ပြား ထုတ်ပေးကြသည်။ Driver license ( ID ) မရှိသူ တရားမဝင်နေထိုင်သူများသည် မိမိနိုင်ငံရင်းမှ passport ကို ID အဖြစ် အသုံးပြုနိုင်သည်။ သို့ရာတွင် နောက်ကျောစာမျက်နှာကို လှန်ပြီး visa မပါကြောင်း လေယာဉ်ကွင်း လုံခြုံရေးဝန်ထမ်း များ တွေ့ရှိသွားလျှင် အချုပ်ထဲရောက်သွားနိုင်ပါသည်။ များသောအားဖြင့် ပြည်တွင်းလေယာဉ် ခရီးစဉ်များမှာတော့ လုံခြံ။ုရေး ဝန်ထမ်းတွေက အမည်၊ ဓါတ်ပုံ၊ expiration date တွေကိုပဲ ကြည့်တတ်ကြ ပါသည်။ တရားမဝင် နေထိုင်သူများ အဖို့ ပြည်နှင် ဒါဏ် ခံရနိုင်သော အန္တရာယ်က အမြဲ ခြိမ်းခြောက်နေသည်။ သုံးနှစ်အတွင်း သမ္မတအိုဘားမားက လူ ၁.၂ သန်းကို ပြည်နှင်ဒါဏ် ပေး ခဲ့ပါသည်။ သမ္မတ ဘုရှ်ကမှ ရှစ်နှစ်အတွင်းမှာ ၁.၆ သန်းပဲ ပြည်နှင်ဒါဏ် ပေးခဲ့ပါသည်။ “ဒီ သမ္မတ နှစ်ယောက်လက်ထက်မှာ ငါတို့လည်း A nation of immigrants ဆိုတဲ့နာမည်ကို ပြောင်းပစ်ခဲ့ကြပြီ” ဟု နိုင်ငံရွှေ့ပြောင်းရှေ့နေ တယောက်က ပြောပါသည်။ ( တကယ်တော့ ယခုအခါ Canada လို နိုင်ငံမျိုးက “melting pot” US ထက် percentage of immigrants ပိုများနေပေသည်။ )
လွန်ခဲ့သော ၂ နှစ်ခန့်က ထိုစဉ်က တနိုင်ငံလုံးတွင် အတင်းကြပ်ဆုံး လူဝင်မှု ဥပဒေ ဖြစ်သော SB 1070 – “Show me your papers” bill ကို ပြဌာန်းခဲ့သည်။ ထိုဥပဒေ၏ အငြင်းပွားဖွယ် အကောင်း ဆုံးနှင့် ယခု ဖက်ဒရယ် ဗဟိုတရားရုံးက သုံးသပ်လျှက် ရှိသော ပြဌာန်းချက်မှာ ရဲအရာရှိတွေကို သူတို့ “တရားမဝင် နေထိုင်သူ” ဟု မသင်္ကာသော သူကိုရပ်တန့်စစ်ဆေးပိုင်ခွင့် ပြုထားခြင်း ဖြစ် သည်။ ( ကျနော်တို့ အာရှနိုင်ငံတွေမှာ ဒါက ရဲတို့၏ ထမင်းစားရေသောက်ကိစ္စ ဖြစ်သော်လည်း သည်မှာတော့ ဒါလေးကို တော်တော် ဆူညံပူညံ ငြင်းခုန်နေကြလေသည်း)) ပြည်နယ် တခု၊နှစ်ခု မှအပ အခြားပြည်နယ်များတွင် တရားဝင်နေနေ၊ တရားမဝင်နေနေ ရပ်တန့်စစ်ဆေးခွင့် မရှိဟု ထင်ပါသည်။ ပြီးခဲ့သည့် နှစ်ကတော့ Alabama ပြည်နယ်က HB 56 ဖြင့် တနိုင်ငံလုံးမှာ အတင်ကျပ်ဆုံး လူဝင်မှု ဥပဒေ ပြဌာန်းခဲ့ပြန်သည်။ သူ့ပြည်နယ်အတွင်းရှိ ကျောင်းတွေမှာ ကျောင်းသား၊ ကျောင်းသားမိဘ တို့၏ လူဝင်မှုစာရွက်စာတမ်း အထောက်အထားများကို တင်ပြရခြင်းဖြစ်သည်။ သို့ရာတွင် ယခု ထိုဥပဒေ ကို ဗဟိုတရားရုံးက ရပ်ဆိုင်းထားစေခဲ့ပါသည်။ သူတို့ပြည် နယ်မှာ 2000 ခုနှစ်က Latino 1.7% သာရှိရာမှ 2010 တွင် 4% ဖြစ်လာ၍ သူတို့လည်း လန့်ဖြန့်ပြီး ခပ်ပြင်းပြင်းဥပဒေမျိုး ပြဌာန်း လာခြင်းဖြစ်ပါသည်။ သို့ရာတွင် ဆိုခဲ့သကဲ့သို့ပင် pending လုပ် ခံထားရ ပါသတဲ့။ အမေရိကန်နိုင်ငံ အတွင်း ဘာစာရွက်စာတမ်းမှ မရှိဘဲ သည်လို တရားမဝင်နေထိုင်ကြသူ ၁၁.၅ သန်းအနက် ၅၉% မှာ မက္ကကိုနိုင်ငံမှ၊ ၁ သန်းခန့်မှာ အာရှမှဖြစ်သဖြင့် အမေရိကန်များ၏ ခေါင်းထဲမှာ “illegals” ဟုဆိုလိုက်လျှင် “Mexicans” တွေကိုသာ ပြေးမြင်မိ ကြသည်။ တလောတုန်းက US Cencus မှ လည်း လူမျိုးခြားနှင့် လူနည်းစု မိဘများမှ မွေးဖွားသော ကလေးမွေးနှုန်းက ပထမဦးဆုံး အကြိမ်အဖြစ် ဒေသခံတို့၏ ကလေးမွေးနှုန်း ထက် လွန်သွားပြီဟု အစီရင်ခံစာ ထုတ်ပြန်ထားသည်။
ဤသို့ဖြင့် အမေရိကန် ပြည်ထောင်စုမှာလည်း မက္ကဆီကန်တွေ ပြည်တွင်းသို့ စိမ့်ဝင်လာသော အမျိုးသားလုံခြုံရေး ပြဿနာ ရှိပါသည်။ ကျနော် တခါက ဖတ်ဖူးသည်မှာ ၂၀၅၀ ခုနှစ် အရောက်တွင် Latinos တွေက ယခု ဒုတိယ အများဆုံးဖြစ်သော လူမည်းဦးရေကို ကျော်လွန်ပြီး အမေရိကန် ပြည်ထောင်စု၏ ဒုတိယ အများဆုံးလူဦးရေ ဖြစ်လာမည်ဟု ဆိုပါသည်။ သူတို့က အာဏာရှင်နိုင်ငံ၊ တကိုယ်ကောင်းစားဖို့သာ ကြည့်တတ်သည့်၊ ကိုယ်ကျင့်သီလတွေ၊ လူ့အခွင့်အရေးတွေကို သိပ် တန်ဖိုးမထား တတ်သည့် နိုင်ငံက လာကြတာ ဖြစ်၍ သူတို့လူမျိုးများသည့် စက်ရုံ အလုပ်ရုံတွေမှာ မြန်မာလူမျိုးတွေ အလုပ်သွားလုပ်ြကလျှင် အမျိုးမျိုး ကုန်းချော့၊ ကုန်းတိုက်၊ အုပ်စုနှင့် ဗိုလ်ကျ၊ ပညာပြပြီး ပြေးလာကြရတာ များပါသည်။ အာရှသားတွေ ပြေးသွားလျှင် သူတို့လူမျိုးများ ကို ခေါ်ယူလာပြီး ခန့်ထားစေပါသည်။ ထို့ကြောင့် သည်လူမျိုးတွေ အင်အားများလာလျှင် ကျနော်တို့ အာရှသားတွေအတွက်လည်း သိပ်တော့ မကောင်းပါ။ ထို့ကြောင့် သူတို့ မက္ကဆီကိုနိုင်ငံ အလျှင်အမြန်ဆုံး စီးပွားဖွံ့ဖြိုးတိုးတက် လာပါစေဟုသာ ဆုတောင်းပေး ရတော့မည် ဖြစ်ပါကြောင်း။
( ပြီးပါပြီ။ စိတ်မချမ်းမသာနှင့် ဖတ်ခဲ့ကြရမည့် မိတ်ဆွေများအား အားနာပါကြောင်း။ Truth is ugly! )

very fair & square article, knowledgeable,International respectful view, Real Buddhism, clearly educate religion and nationality upon citizen & race. Wish every Myanmar Burmese got the correct point of view and unfair acts to be avoided together with this name sake democracy rules
ReplyDeleteကျေးဇူးတင်၇ှိပါကြောင်း
ReplyDeleteur idea is perfect....otherwise we need to do as did in rawanda......its possible but rakhine race will be regarded as uncivilized race n will take generations to get back respect from world communities.
ReplyDeleteသိပ်ကောင်းတယ်
ReplyDelete