ငါ မငယ်တော့ဘူး လူကြီးဆန်ရမှာပါကွယ်။
ခုတော့...
တခါတရံ ကိုယ့်အသက်ကို ၃၀-၃၅ လို့ထင်လိုထင်
“အချစ်” ဆိုသဟာနဲ့ ကိုယ်နဲ့ ဆိုင်သေးသယောင် တွေးလိုတွေး
သူမ ကိုယ့်ကို မေတ္တာ မရှိကြောင်း ပြသရင် ၁၆ နှစ်သားလေးတယောက်လို ဆွေးလိုဆွေးနဲ့
အင်း.. ငါ အသက်နဲ့ ထပ်တူ ကြီးပြင်းမလာသေးချေဘူး။
ရှေ့လာမဲ့နှစ်များထဲ
ကိုယ် မဖြစ်စေချင်တာတခု ဖြစ်သင့်တဲ့အတိုင်း ဖြစ်လာခဲ့ရင်
“ဖြစ်ရပ် A ဖြစ်မလာဘဲ ဖြစ်ရပ် B သာ ဖြစ်သွားတာဟာ
ဖြစ်ရပ် B က ပိုဖြစ်ထိုက်လို့ဖြစ်တယ်” လို့
၄၆ နှစ်သားရင်ဘတ်နဲ့ လောကဓမ္မကိုရှုမြင်ပါ။
ဩော်.. လက်စသတ်တော့
လူကြီးဆန်တယ်ဆိုတာ
ငါတသက်လုံး မုန်းလာခဲ့တဲ့
စိတ်ထဲကမပါဘဲ ပီပီပြင်ပြင် ပြုံးပြတတ်ရတဲ့
သရုပ်ဆောင်အနုပညာကိုး။
( ဇွန်လ ၂၂ ရက်၊ ၂၀၁၀ တွင်ကျရောက်ခဲ့သော မိမိ ၏ ၄၆ နှစ်မြောက်မွေးနေ့က ရေးခဲ့သောကဗျာ )
ကိုယ့် ပြည်ကောင်းအောင် လုပ်နိုင်တဲ့သူ ဖြစ်ချင်လို့ ဒီနာမည်ကို မှည့်ပါတယ်။ ( ဒါပေမဲ့ ကိုယ့်ကိုကိုယ်တောင်မှ ကောင်းအောင် မလုပ်နိုင်သေးပါဘူးး)
Sunday, June 27, 2010
Thursday, June 24, 2010
ဝါရှင်တန်ဒီစီ
အကယ်၍ တယောက်တလေကများ ကျနော့် blog ကို မျက်စိလည်လမ်း မှားပြီး ရောက်လာခဲ့လျင် ကျနော်လည်း မျက်စိလည်လမ်းမှားပြီး အမေရိက ကို ရောက်ေ ပါကြောင်း ပြောလိုပါသည်။ ပြောချင်သည်မှာ အမေရိကကို ရောက် နေခြင်းသည် ကျနော် သိပ်စွမ်းလှလို့ တော့မဟုတ်။ သည်လောက်ဆို နားလည်ပါလေ။ အဲသည်တော့ အမေရိက ရောက်နေသည်ဟူ၍ ကျနော် သိပ်ထူးထူးခြားခြား မခံစားရ။ သည်တော့ သူတပါးကို ကြွားဝါ လိုသော ဆန္ဒလည်းမရှိ၊ အဲ - သည်ကအကြောင်း တချို့ကို ဝေမျှလိုသည့် ဆန္ဒတော့ ရှိပါ သည်။ အဲသည်လို စိတ်အခံဖြင့် ဝါရှင်တန်ဒီစီမြို့တော်အကြောင်းမျှဝေချင်ပါသည်။
ကျနော် ဟိုတလောက ဝါရှင်တန်ဒီစီရှိ American University မှ Journalism မေဂျာ ဖြင့် ဝင်ခွင့်လက်ခံ ကြောင်း တရားဝင်အကြောင်းကြားစာ တစ်စောင်လက်ခံ ရရှိခဲ့ပါသည်။ ကျနော်က အမေရိကန် အစိုးရထံမှ Financial Aid (Loan) ဖြင့် သည်ကျောင်းကို တက်မည်ဟုရည်ရွယ်ကာ ၀င်ခွင့် လျှောက်ထားခဲ့ခြင်းဖြစ်ပါသည်။ အခုဝင်ခွင့်ရ သည်ဆိုတော့ ဝါရှင်တန်ဒီစီ သို့ ကျနော်နေသည့် ဘောလ်တီမိုး မြို့မှ ရထားစီးပြီး (၄၅ မိနစ်ခန့် စီးရသည်) လာခဲ့ပါသည်။ ပြောရဦးမည်။ ကျနော်နေသည့်မြို့ က အမည်း တွေများပါသည်။ သူတို့ကပျော်ပျော် နေ သေခဲ ဘ၀နေထိုင်ပုံ စတိုင် ဖြင့် နေကြတာများပါသည်။ အမည်းကောင်လေးတွေ တိုင်းလိုလို အ၀တ်အစား ဘိုသီဘတ်သီ ဖြင့် အတွင်းခံ ဘောင်းဘီပေါ် အပြင် ဘောင်းဘီကို ဖင်ပေါ်တင်ပြီး ၀တ်ကြတာများပါသည်။ သည်လို မသပ်မရပ် မြိုမှ မြို့တော် ဝါရှင်တန်ဒီစီသို့ သွားရလို့လားမသိ။ ရထားစီးပြီးသွားရာတွင် ရထားပေါ်က လူတွေ နက်ကတိုင်နှင့် ကုတ်နှင့် လူကပိုများနေ၍ သန့်ပြန့်သပ်ရပ်မှု ကိုစထိတွေ့ မိသလိုရှိသည်။ သည်လိုနှင့် ဝါရှင်တန်ဒီစီမြို့တော်၏ Union Station ဘူတာကြီးသို့ ရောက် သွားသောအခါ သည်တခါတော့ ကျနော့် ကျောင်း American University ကို Metro မြို့တွင်း မြေအောက်ရထား စီးသွားကြည့်မည်ဟု စိတ်ကူးမိပါ သည်။ ကျနော် ယခင်အခေါက်တွေတုန်း ကတော့ တက္ကစီစီးပြီး သွားလေ့ရှိပါသည်။ သည်တခါတော့ ချွေတာရေး လည်းဖြစ်၊ အတွေ့ အကြုံ လည်းရအောင် မြေအောက် Metro ရထားစီးဖို့ဆုံးဖြတ်လိုက် တာပါ။ သည်လိုနှင့် ဘူတာကြီး အောက်သို့ escalator စီးပြီး ဆင်းပါသည်။ အဲသည်မှာ လက်မှတ်ဝယ်ပါသည်။ ($ 1.45 ပဲ ပေးရပါ သည်။) အဲသည်ကနေ ရထားစီးဖို့ အောက်ကို တခေါက် ဆင်းရပြန်ပါသည်။ ကျနော်တို့ ဘောလ်တီမိုးမြို့ မှာ လည်းမြို့ထဲမှာ ဆိုလျှင် သည်လိုပဲဆင်းရတာပါပဲ။ ဒါပေမဲ့ ရထားက တမိုင် နှစ်မိုင် လောက် မြေအောက်က သွားပြီး တော်ကြာနေတော့ မြေပေါ်ပြန် ရောက် ပါသည်။ ယခုလည်းထိုသို့ဖြစ်မည်ဟု ထင်ခဲ့ပါသည်။ သို့ရာတွင် ကျနော်ထင်သလို မဟုတ်ပါ။ ဥပမာ၊ ကျနော့် ကျောင်းက မြောက်ဥက္ကလာပ လောက်မှာ ရှိသည်ဆိုလျှင် ရထား က ရန်ကုန်ဘူတာကြီး လောက်ကနေ မြေလျှိုးသွားလိုက်တာ မြောက်ဥက္ကလာပ အထိပါပဲ။ ဘယ်မှာဆုံးလေသည် တော့မသိ၊ ကျနော်ကတော့ ကျနော့်ကျောင်းနားက ဘူတာရောက်တော့ ရထားပေါ်က ဆင်းပါသည်။ ( Tanleytown-AU Station လားမသိ)။ ရထားပေါ်ကဆင်းပြီး အလင်းရောင် မှုန်ပျပျ အောက်မှာ အပေါ်တက် သည့် escalator တခါ စီးပါသည်။ ထို့နောက် လမ်း အနည်းငယ်လျှောက်ပြီး၊ နောက် escalator တခု ထပ်မံစီး ရပြန်ပါသည်။ ဤ escalator က ကျနော့် စိတ်အထင် ပေ ၁၅၀ လောက် ရှိမည့် escalator အရှည်ကြီး ဖြစ်ပါ သည်။ ဒါနှင့် လည်း မြေပေါ်သို့မရောက်သေးပါ။ နောက်ထပ် escalator တခု ထပ်မံစီးရပါသေးသည်။ သည် တော့ သည် Metro ရထားက မြေအောက် ပေ ၂၀၀ လောက်မှာ ခုတ်မောင်းသွားလာနေ သည့် သဘော ဖြစ်ပါ သည်။ သည်ကလူတွေက မြေအောက်ကို ဘာလို့ သည်လောက်ကြိုက်ကြ သလဲမသိ၊ တူးရတာ မခက်ဘူး လား မသိ။ ဒါတွေကိုပြောနေတာက သူတို့ဖာသာသူတို့ တိုးတက် နေကြတာကို ကိုယ်က ဝင်ကြွား ပေးချင်လို့မဟုတ် ပါ။ အကြောင်း တိုက်ဆိုင်လို့ ဝါရှင်တန်ဒီစီ ရောက်ဖြစ်ခဲ့ကြလျှင် ဒီစီ Metro မြေအောက်ရထားကို အမှတ်တရ စီးကြည့် စေချင် လို့ဖြစ်ပါသည်။
ယခု ကျနော့်ကျောင်း ကိစ္စကို ဆက်ပါမည်။ ကျနော့်အနေဖြင့် ဖက်ဒရယ်အစိုးရထံမှ တနှစ်အတွက် ရရှိနိုင်သော ပညာသင်စရိတ်ချေးငွေ မှာ ဒေါ်လာ ၁၅၀၀၀ ခန့်ဖြစ်ပါသည်။ ဒါပေမဲ့ AU ကျောင်းသားတယောက်၏ နေထိုင် စားသောက်စရိတ် အပါအဝင် တရားဝင် တနှစ်ကုန်ကျ စရိတ်ခန့်မှန်းခြေ မှာ ဒေါ်လာ ၅၂၀၉၉ ဖြစ်ပါသတဲ့။ ဒါနှင့် ကျနော်လည်း လန့်ပြီး Admission ကို ငြင်းပယ်ပါကြောင်း လက်မှတ်ရေးထိုးပေးပြီး ပြန်ပြေးလာခဲ့ပါသည်။ ကျနော်တို့ မြို့က ဈေးပေါပေါ Community College က Associate Degree ( Diploma နှင့် ညီမည်ထင်သည်) တခုလောက်ဆို တော်ပြီပေါ့ ဟု စိတ်ကို ဖြေရသည်။

အပြန်ကျတော့ မြေအောက်ရထားစီးရမှာကို လန့်ပြီး ဘူတာကြီးသို့ တက္ကစီစီးပြီး ပြန်လာခဲ့ ပါသည်။ ဝါရှင်တန် ဒီစီမှာ မြို့တော်ဖြစ်၍ အစိုးရဌာနတွေကများ၊ သံတမန်တွေ ကများသောကြောင့် လားမသိ၊ ယောက်ျားတွေက နက္ကတိုင်နှင့် ကုတ်နှင့် သန့်သန့်ပြန့် ပြန့် ရှိသလို အမျိုးသမီး များကလည်း သန့်ပြန့်နေကြသည်ကို သတိပြု မိသည်။ American University က ကျောင်းသူတွေမှာလည်း ဒီလောက်ဈေးကြီးသည့်တက္ကသိုလ်မှာ တက်နိုင် ကြ သူတွေဆိုတော့ အမျိုးကောင်းသမီးတွေမို့ ဖြစ်မည်။ ဂျပန် တရုတ် ကိုးရီးယားနွယ်ဝင် အာရှသူ တွေရော၊ အဖြူ ကျောင်းသူတွေရော ဖြူဖွေးသန့်ပြန့် ရေဆေးငါးသဖွယ် ကျောင်းသူတွေက များ သည်ကို သတိပြုမိခဲ့ ပါ ကြောင်း။း)
( မှတ်ချက်။ ။ အာရှတိုက်မှာလည်း ဓါတ်ပုံထဲတွေ့ရသလောက်ဆိုလျှင် စင်္ကာပူသည် မြို့ရော၊ လူ တွေ ရော သန့် ပြန့် နေလိမ့်မည်ဟု ယူဆပါကြောင်း အဲသည်က ညီအကို မောင်နှမတွေကို လှမ်း ဖား လိုက်ပါသည်။း)
Tuesday, June 1, 2010
အချစ်သည် ပဉ္စမမြောက် ဗြဟ္မာစိုရ်တရား ဖြစ်၏
(တစ်)
မိတ်ဆွေတယောက်က ဟာသလိုလို ဘာလိုလိုနှင့် ပြောဖူးတာကို မှတ်မိနေသည်။ ဟို ကိုလိုနီ ခေတ် လောက်တုန်းကဟုဆိုကြပါစို့။ မြို့ကြီးသား တက္ကသိုလ်ကျောင်းသားတယောက်က ရထားစီးပြီး နယ်မြို့တခုသို့ ခရီးသွားပါသတဲ့။ လမ်းခရီးတွင် ရထားလမ်းဘေးလယ်ခင်းများ၌ နေပူကျဲကျဲအောက်အဝတ်အစား ခပ်ထူထူ ဝတ်ကာ သနပ်ခါးပါးကွက်ကျားနှင့် ကောက်စိုက်နေကြသော အသားအရေ ခပ်ကြမ်းကြမ်း၊ ကိုယ်ရောင်ကိုယ်ဝါ ညိုညစ်ညစ်ရှိကုန်သော ( မြို့ပေါ်က တက္ကသိုလ် ကျောင်းသူ ဖွေးဖွေးနုနုလေးတွေနှင့် လားလားမျှမဆိုင်၊ ရင်ခုန်ချင်စရာ တစက်မျှမရှိလှသော) တောသူ ကောက်စိုက် သမ လုံမေ များကို လှမ်းမြင်မိပါသတဲ့။ ထိုအခါ သူက “ဒီမိန်းမတွေကို ဘယ်လို ယောက်ျားမျိုး တွေကများ ရင်ခုန်စွာ ချစ်သူ၊ ဇနီးမယားအဖြစ် မြတ်မြတ်နိုးနိုး လက်ထပ်ပေါင်းသင်း ချင်ကြမှာပါလိမ့်” ဟု တွေးပြီး သူမတို့ အတွက် ပူများ ပင် ပူပန်ပေး မိပါသတဲ့။ သည်လိုနှင့် သူစီးလာသည့် ရထားက နောက် တဘူတာသို့ ဆိုက်ရောက်ရပ်နားလိုက်စဉ် ကိစ္စနှင့် မြို့ပေါ်တက်ကြမည့်ပုံရှိသည့် တောကာလသားတသိုက် ဆူဆူညံညံနှင့် ရထားပေါ်သို့တက်လာ ကြပါ သတဲ့။ မောင်ကျောင်းသားလည်း စောစောက ကောက်စိုက်သမ လေးတွေ အတွက် တွေးပူပန်ပေးနေမိသည့် ကိစ္စ အခုမှပဲ “ဩော်.. ဟိုကောင်မလေးတွေကို ဒီကောင်လေးတွေက ယူကြတာကိုး” ဟုအဖြေရသွားတော့ သည်ဟူ၏။
(နှစ်)
မောင်ကျင်မောင် နှင့် မမယ်မြ
“ကိုရင် ကျင်မောင်၊ တော့်ညီ သာမောင်က မလေးရှားသွားတော့မလို့ဆို..”
“အေးပါဟဲ့ မယ်မြ။ နင် ဒီနေ့ အဲသဟာ မေးနေတာ ဆယ်ခါပြည့်တော့မယ်။ ဘာဖြစ်လို့တုန်း”
“အလို .. စိုးရိမ်လို့ပေါ့တော်။ မမေးရဘူးလား။ အောင်မယ်.. တော်ပြောသလို ဆယ်ခါလည်း မပြည့်သေး ပါဘူးနော်”
“နင်က ငါ့ညီအတွက် စိုးရိမ်နေလို့လား။ ဟိုမှာ ငါ့အမေမောင် လေးထွေးရှိပါတယ်ဟ။ ခုလည်း သူကခေါ် လို့လိုက်သွားမှာ။ ဟိုမှာ အလုပ်ကအဆင်သင့်တဲ့။ လမ်းစရိတ်လည်း လေးထွေးကပို့ပေးမှာ။ ငါ့ညီသာမောင် က မြို့ကျောင်းမှာ ဆယ်တန်းထိနေဖူးတော့လည်တယ်ဟ။ မနှစ်ကဖွားနှစ်ဆုံးလို့ လေးထွေးရွာကိုတခေါက်ပြန် လာ တော့ သူ့ကိုခေါ်ဖို့ ကပ်ချွဲလိုက်တာ ဟိုကလည်းကျသွားရော့။ ဒါနဲ့ အကုန်သူပဲတာဝန်ယူပြီး ခေါ်တာ”
“တော် မရှည်ပါနဲ့။ အဲဒီ ဇာတ်ထုတ် ကျုပ်သိပါတယ်။ ကျုပ်စိုးရိမ်တယ်ဆိုတာ တော့်အတွက်”
“ရော်.. မယ်မြနှယ်။ ကျုပ်အတွက် ဘာစိုးရိမ်စရာ ရှိသတုန်း။ ကျုပ်က ဒီမှာနေမဲ့လူဟာကိုပဲ”
“ပြောမရဘူးလေ။ တော်လည်း ကျုပ်နဲ့ ကြိုက်နေတယ်သာဆိုပေမဲ့ လူပျိုဆိုတော့ တော်နေကြာ စိတ်ပါပြီး ညီနဲ့ တူတူလိုက်သွားရင် မခက်ပါလား။ သည်လိုသာဆို ကျုပ်တော့သေလိမ့်မယ်နဲ့တူတယ်တော့်”
“နင့်နှယ်။ နင် အကောင်းကြီးက ဘာဖြစ်လို့ သေရမှာတုန်း။ သေစကား မပြောစမ်းနဲ့ဟာ။ ရင်တုန်တယ်”
“တော့်ကို လွမ်းဖျားလွမ်းနာ ကျလို့ပေါ့တော်။ တော်ကကော ကျုပ်ကိုထားခဲ့ပြီး သွားရက်မလားလို့ သိချင် တယ် တော့်”
“ငါကလည်း အဲလို မောင်တရွာမယ်တမြို့ သွားရက်ပါ့မလား မယ်မြရယ်။ စဉ်းစဉ်းစားစားလည်း ပြောပါဦး။ နင့်ကလည်း အစိုးရိမ်ပိုတတ်ရန်ကော။ နင့်မှာ စဉ်းစားဥာဏ်မှ ရှိသေးရဲ့လားဟင်”
“အိုတော်.. ကိုရင်လိုက်မသွားဘူးဆိုတာတော့ ကျုပ်စိတ်ထဲကသိပါတယ်လေ။ ဒါပေမဲ့ လိုက်များသွားမလား လို့ စိုးရိမ်တာကတော့ စိုးရိမ်တာပေါ့တော်”
(သုံး)
ကိုဘုန်းမြတ်ခေါင် နှင့် မရွှေရုပ်သွင်
ကိုဘုန်းမြတ်ခေါင် နှင့် မရွှေရုပ်သွင်
“ကိုကို၊ ဆစ်ဒနီကို right time ရောက်လားဟင်၊ ဒီ စင်္ကာပူမှာတော့ သုံးနာရီခွဲပြီး ငါးမိနစ်စွန်းသွားပြီ”
“အင်း .. ကိုကို အခု ဆစ်ဒနီလေဆိပ်မှာ check in လုပ်နေပြီ”
“ဒါဆို ဆောရီးနော် ကိုကို၊ ဖုန်းပြောလို့ အဆင်ပြေပါ့မလားဟင်”
“ဟာ.. ရပါတယ် ရွှေရုပ်ရဲ့ ။ ဖုန်းမချလိုက်ပါနဲ့နော် ရွှေရုပ်၊ ဟဲလို..”
“ဟုတ်ကဲ့၊ ပြောပါကိုကို”
“ကိုကို မေမေ့အိမ်ကို ရောက်တာနဲ့ တခါဖုန်းဆက်လိုက်မယ် သိလား။ ကိုကိုတက်ရမဲ့ Sidney University ကိုတော့ မနက်ဖြန်မှပဲ သွားလိုက်တော့မယ်။ အင်း.. ရွှေရုပ် အတင်းလွှတ်လိုက်လို့သာ လာရတယ်။ ဒီ Master ဘွဲ့ကို စင်္ကာပူကယူလည်းရတာပဲ။ တကယ်တော့ ကိုကိုက ရွှေရုပ်နဲ့ ခွဲပြီးလာချင်တာမဟုတ်ဘူး”
“ရှေ့ရေးအတွက်မို့ပါ ကိုကိုရယ်။ ကိုကိုမှာက အမေကလည်း အဲဒီမှာရှိနေတာဆိုတော့လေ”
“အမေဆိုမှသတိရတယ်။ ဖေဖေ့ကိုတော့ ရွှေရုပ်ပဲ ရန်ကုန်ကိုဖုန်းဆက်ပြီး ကြည့်ပြောပေးလိုက်ပါနော်။ သူက ရွှေရုပ်ကိုတော့ ဆူမှာမဟုတ်ပါဘူး။ ကိုကို မေမေ့ဆီရောက်နေတာသိရင်တော့ သူဆူတော့မှာ။ သူက မေမေ့ ကိုသိပ်ကြည့်ရတာ မဟုတ်ဘူးလေ”
“ဟုတ်ကဲ့ ကိုကို။ ရွှေရုပ် ဒီအပါတ်ထဲ ကြည့်ပြောလိုက်ပါ့မယ်။ ဟင့်..ဟင့်၊ ယောက္ခမကြီးက ရွှေရုပ်ကိုဆို ကြည်ဖြူမှာပါလေ”
“ဟုတ်တယ်။ ဖေဖေက ရွှေရုပ်ကို သမီးအရင်းလို ချစ်တာပါ။ သူတခါက အဲဒါပြောဖူးတယ်။ ဒီကလေးမကို ငါ့သမီးအရင်း ဖြစ်စေချင်လိုက်တာတဲ့။ သူက သမီးငတ်နေတာ ရွှေရုပ်ရဲ့”
“ရွှေရုပ်လည်း ကိုကို့ဖေဖေကို ကိုယ့်အဖေလိုပဲ ချစ်တာပါနော်”
“အင်းပါ..။ ကိုကိုသိပါတယ်။ ကဲ၊ ကိုကို့အလှည့်ရောက်တော့မယ် ရွှေရုပ်။ ဒါဆို.. ဒါပဲနော်။ နောက်မှ ဆက်မယ်။ I Love You!”
“ဟုတ်ကဲ့။ ဘုရား တရား မမေ့ပါနဲ့နော်ကိုကို”
(လေး)
ဦးထင်ကျော် နှင့် Kathy
ဦးထင်ကျော် နှင့် Kathy
“ရှင်က မြန်မာပြည်နဲ့ ဗုဒ္ဓဘာသာကို တော်တော်ချစ်တာပဲနော်။ ဒါနဲ့များ မြန်မာမလည်းမဟုတ်၊ အစတုန်း က ဗုဒ္ဓဘာသာဝင် တယောက်လည်း မဟုတ်ခဲ့တဲ့ ကျမကို ဘာဖြစ်လို့များ ရှင်ယူခဲ့လဲဆိုတာ ကျမ စဉ်းစားလို့ မတတ်ဘူးရှင့်”
“ကိုယ် မြန်မာပြည်ကို ချစ်တယ်ဆိုတာက အမှန်တော့ တရားမျှတမှုကို အရမ်းချစ်မိလို့ကွ။ တရားမျှတမှုကို ရင်ထဲက နှစ်နှစ်ကာကာနဲ့ ချစ်တဲ့လူတယောက်ဟာ မတရားမှုတွေနဲ့ချည်း ပြည့်နှက်နေတဲ့ မြန်မာပြည်ကို၊ အဲဒီဒါဏ်ကို နှစ်ရှည်လများ ခံစားနေကြရတဲ့ မြန်မာပြည်သူတွေကို ဂရုဏာမသက်ပဲကို မနေနိုင်ဘူး။ တကယ်က ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ တရားမျှတခြင်းနဲ့ သည်းခံခြင်းတရား နှစ်မျိုးစလုံး ပြိုင် ထွန်းကားရမှာ။ အခုတော့ တရားမျှတခြင်းဆိုတဲ့တရား ပျောက်နေပြီး မြန်မာပြည်ရဲ့ နေရာတိုင်းမှာ သည်းခံခြင်း တရားပဲ ထွန်းကားနေတယ်။ ဒီလိုနဲ့ ကိုယ် မြန်မာပြည်ကို မဖြစ်မနေ ချစ်သွားရတော့တာပါ။ နောက်ပြီး ကိုယ် ဗုဒ္ဓဘာသာကို ချစ်တယ်ဆိုတာကလည်း ကိုယ်က believe in the Law of Nature ဖြစ်လို့ကွ။ believe in the Law of Nature ဖြစ်တဲ့လူတယောက်ဟာလည်း ဗုဒ္ဓဘာသာကိုမချစ်ဘဲကို မနေနိုင်ဘူး။ ဗုဒ္ဓဟာ သူသိထားတဲ့ The Law of Nature ကိုသာဟောကြားခဲ့တာပါ။ ဒါပေမဲ့ တကယ်တော့ ကိုယ်ဟာ ဗုဒ္ဓဘာသာဝင်ကောင်း တယောက်တော့ မဟုတ်ပါဘူးလေ။ ဗုဒ္ဓဘာသာဝင်ကောင်း တယောက်ဆိုရင် ကိုယ် ဒီသံသရာ ကနေ လွတ် မြောက်ကြောင်းတရား ဖြစ်တဲ့ ဘဝနာတရား အားထုတ်တာကို စိတ်ဝင်စားရမှာပေါ့။ အားထုတ်ရမှာပေါ့။ အခု တော့ ကိုယ်က သံသရာကနေ လွတ်မြောက်အောင်လုပ်ဖို့ သိပ်စိတ်အာရုံ မရောက်ဘဲ အကြောင်းကြောင်း ကြောင့် လူဖြစ်လာတုန်းလေး (သူတော်စင်တယောက် အဖြစ်နဲ့မဟုတ်ဘဲ) လူတယောက်အဖြစ်နဲ့ ဘယ်လို အမြင့်မြတ်ဆုံး နေသွားနိုင်မလဲ ဆိုတဲ့ကိစ္စဖက်ပဲ ပိုအာရုံရောက်မိတယ်။ ဒါပေမဲ့ ကိုယ် Law of Karma (Work) ကိုတော့ ယုံကြည်တယ်။ belief in the Creation အတွက်တော့ အခက်အခဲနည်းနည်းရှိတယ်။ ဒီလိုနဲ့ပဲ ကိုယ် ဗုဒ္ဓ ဘာသာဝင် ဖြစ်နေတာပါ”
“ဒါဆို မြန်မာမကို မယူဘဲ အင်္ဂလိပ်မကို ယူတာကျတော့ကော”
“အဟဲ..၊ ဒါကတော့ မြန်မာမကို ယူချင်ပေမဲ့ မရလို့ပါဗျာ။ ဒီတော့ ရရာယူရတာပေါ့။ ပြီးတော့ မြန်မာစကား မှာ “ဖူးစာ” ဆိုတာရှိတယ်ကွ။ မင်းတို့ဆီက “fate” နဲ့အဓိပ္ပါယ်ချင်းဆင်တယ်။ ဒါပေမဲ့ ငါတို့ “ဖူးစာ” က ကောင်းတဲ့အဓိပ္ပါယ်နဲ့။ အင်း .. ဘာနဲ့တူမလဲဆိုတော့ by a lucky twist of fate (in marriage) အဓိပ္ပါယ် မျိုးပေါ့”
“အင်း.. ဒီမြန်မာစကားလုံးကို မှတ်ထားရမယ်။ ဖူး..စာ ဟုတ်လား”
“အေး.. ညည်းနဲ့ ကျုပ်နဲ့ရကြတာက ဖူးစာပါလို့ပဲ ကလေးမရဲ့”
(ငါး)
သူတပါး (သို့သော် တလောကလုံးကိုကားမဟုတ်။ တယောက်တည်းကိုသာ) ကို အကြောင်းအမျိုးမျိုးကြောင့် မိမိ ကိုယ်နှင့်ထပ်တူချစ်မိ သွားခြင်းကို “အချစ်” ဟု ခေါ်သည်ထင်ပါသည်။ ထိုအခါ မိမိ၏ချစ်သူကို အခြားသူ၊ အခြားပုဂ္ဂိုလ်တဦးဟု မထင်မှတ်မိတော့ပဲ မိမိကိုယ်တိုင် (၏ အခြားခန္ဓာ/ အခြားအစိတ်အပိုင်းတခု ) ဟုခံစား လာမိလေတော့သည်။ ဤစိတ်အခြေအနေသည် သူတော်စင်မဟုတ်သော သာမန်ပုထုဇာဉ်ပုဂ္ဂိုလ်တယောက် အဖို့ အခြားတစိမ်း ပုဂ္ဂိုလ်တယောက်အပေါ် မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ အထားနိုင်ဆုံး အခြေအနေ၊ အတ္တအမဲ့ဆုံး စိတ်အခြေအနေဟု ထင်ပါသည်။ ဤ မယုံကြည်နိုင်လောက်အောင် အတ္တမဲ့သည့်အခြေအနေ ကို ဦးညွတ်ဂုဏ်ပြုလို၍ သူတော်စင် မဟုတ်သော ကျနော်က “အချစ်ကို ပဉ္စမမြောက် ဗြဟ္မာစိုရ်တရား” ဟု ခေါ်လိုက်သည်ကို ဘဝနာတရား ရှုပွားလျှက် ဘဝ သံသရာဝဲဩဂကြီးမှ ရုန်းထွက်လွတ်မြောက်နိုင်ရန် ကြိုးစား နေကြကုန်သော သူတော်စင်ပုဂ္ဂိုလ်အပေါင်းတို့သည် ခွင့်လွှတ်ပေးနိုင် ကြပါစေသတည်း။ ကျနော်ကတော့ ဤလမ်းအတိုင်း လိုက်လျှင် နိဗ္ဗာန်သို့ အမြန်ဆုံးရောက်မည်ဟု ရှင်တော်ဗုဒ္ဓ၏ တရားတော်ကို ယုံကြည်လျှက်နှင့်ပင် ရောက်ချိန် တန်တော့ (The Law of Nature အရပင်) ရောက်သွားလိမ့်မပေါ့ဟု မိုက်လုံးကြီးနေမိသူ ဖြစ်လေသည်။ စောစော သွားနိုင်သူတို့သွားကြပါလေကုန်။း)
………………………………………………………………………………………………………………………………………
………………………………………………………………………………………………………………………………………
Subscribe to:
Posts (Atom)