ကြိုတင် ပြောထားချင်တဲ့ စကား
လူတွေက အမေရိကန်နိုင်ငံ အကြောင်း ပြောရင် ကြွားတယ်လို့ ထင်တတ်ကြလေ့ ရှိပါတယ်။ တခါ အခု ကျနော် ပြောမှာကလည်း သူသိငါသိ အမေရိကန်နိုင်ငံ အကြောင်း မဟုတ်ဘဲ “အမေရိကန်ပညာရေး အကြောင်း” ဖြစ်နေလေတော့ ပညာတတ်ကြီးလိုလို ဘာလိုလို လုပ်နေသလိုရှိတာမို့ ကျနော့်ပညာက ဘာမှမဟုတ်ကြောင်းကို အရင်ဦးဆုံး ပြောထားချင်ပါတယ်။ ဒီမှာ ကျောင်းကြီး ကျောင်းကောင်းတွေ ကနေ MBA တွေ၊ Ph.D တွေ ရကြတဲ့ သူ တွေ ရှိကြပါတယ်။ သူတို့ကိုတော့ အနောက်တိုင်း ပညာတတ်တွေလို့ ခေါ်နိုင်ပါလိမ့်မယ်။ အဲဒီ ပညာ တကယ် တတ်ကြတဲ့ အုပ်စုထဲ ကျနော် မပါပါဘူး။ ဒီလိုကြိုပြောထားမှ ကျနော် ကြွားချင်စိတ်နဲ့ ပြောနေတာ မဟုတ်ကြောင်း ( အနည်းဆုံး ကိုယ့်ကိုယ်ကိုယ် ) ယုံကြည်လို့ ရပါလိမ့်မယ်။ ကျနော် နာမည်ကြီးတက္ကသိုယ် တခုခုမှာ မဟာဘွဲ့ ( Master ) တက်နေတာ မဟုတ်ပါဘူး။ ပါရဂူဘွဲ့ ( Doctorate ) လုပ်နေတာလည်း မဟုတ်ပါဘူး။ အနည်းဆုံး လောလောဆယ် ရိုးရိုးဘွဲ့ ( Bachelor’s degree ) တခုအတွက် ကျောင်းတက်နေတာတောင် မဟုတ်ပါဘူး။ ကျနော်ဟာ ဟိုးအရင် ၁၉၈၀ ဝန်းကျင်လောက်က ကျနော်တို့ နိုင်ငံမှာ ရှိခဲ့ဖူးတဲ့ “ဒေသကောလိပ်” နဲ့ ခပ်ဆင်ဆင်တူတဲ့ ကောလိပ်တခုမှာ တက်နေသူ တယောက်မျှသာ ဖြစ်ပါတယ်။ အဲဒီလို ကျောင်းမျိုးကို ဒီမှာ “Community College” လို့ ခေါ်ကြပြီး မြို့တိုင်းမှာ ရှိပါတယ်။ အစိုးရက subsidize လုပ်ပေးထားပုံရပြီး အမေရိကမှာ ဈေးအပေါ ဆုံး ကျောင်းတွေပါ။
ဒီလို ကျောင်းမျိုးတွေက AGTI လောက်နဲ့ တူညီမဲ့ နှစ်နှစ်ဘွဲ့ ( Associate degree ) ကိုပေးပါတယ်။ ဒီကျောင်းက ရတဲ့ရမှတ် ( credit hours ) ကို နောက်တက်မဲ့ တက္ကသိုလ်တခုခုကို သယ်သွားလို့ရပြီး အဲဒီမှာ တတိယနှစ်လေက်က စ တက်ရပါတယ်။ ဒါပေမဲ့ ကျောင်းသား ငယ်ငယ်နုနုထွတ်ထွတ်၊ ပိုက်ဆံရှိသားသမီးတွေက ပထမနှစ်ကတည်းက ဟားဗတ်လို၊ ယေလ်းလို တက္ကသိုလ် အကောင်းစားတွေ၊ ဒါမှ မဟုတ် local univerrsity တွေကို သွားတက်ကြ ပါတယ်။ ဒီ Community College ကျောင်းတွေမှာတော့ ငယ်ငယ်တုန်းက ကျောင်းမပြီးဘဲ အလုပ်ခွင်ထဲ ရောက်သွားခဲ့ပြီး အခုမှ သားသမီးတွေ ကြီးကုန်ကြပြီမို့ ကျောင်းပြန်တက်၊ ဘွဲ့ကလေးတခုလောက် လိုချင်တဲ့ အသက် ၄၀- ၅၀ အရွယ် ယောက်ျား/ မိန်းမတွေ၊ ဒါမှမဟုတ် အခုလုပ်နေတဲ့ အလုပ်မှာ သက်ဆိုင်ရာအလုပ်ကို ကျွမ်းကျင်ကြောင်း certificate တခု ပြချင်တဲ့ ၃၀- ၄၀ တွင်း အလုပ်သမား လူတန်းစားတွေ၊ မိဘက ဟားဗတ် ပို့နိုင်လောက်အောင် သိပ်ကျိကျိတက် မချမ်းသာလှတဲ့ ( ၁၂ ) တန်းအောင်ပြီးစ အသက် ၂၀ ဝန်းကျင် လူငယ်တွေသာ မျှပြီး တက်ကြပါတယ်။ ဘဝသမားတွေ တက်တဲ့ ကောလိပ်ကျောင်း လို့ ဆိုနိုင်ပါတယ်။ ကျနော်လည်း အသက် ၄၀ ကျော်ပါပြီ။ ဒါပေမဲ့ ကျနော်တို့ကျောင်းမှာ ကျနော့် အသက်အရွယ်လောက် ရှိတဲ့ ယောက်ျား မိန်းမတွေ အများကြီးမို့ ကိုယ့်ကိုယ် ကိုယ် အထူးအဆန်းလို မခံစားရပါဘူး။ ဒီလို ကျောင်းမျိုးမှာ အနိမ့်ဆုံး အဆင့်မြင့်ပညာကို တက်နေ တဲ့သူက ဘာမှ ကြွားလောက်စရာ မရှိပါဘူး။
နောက်တချက်က ကျနော်ဟာ မြန်မာပြည်က အမေရိကကို passport နဲ့ လာနိုင်တဲ့ လူတန်းစား ထဲက မဟုတ်ပါဘူး။ ဆိုလိုတာက ကျနော်ဟာ မြန်မာပြည်မှာတုန်းကလည်း ချမ်းသာတဲ့ မိသားစုထဲက မဟုတ်ပါဘူး။ ဒီ အမေရိကမှာလည်း တလတလ ဘာမှ ငွေပိုငွေလျှံ မထွက်သူ၊ make money မလုပ်နိုင်သူ ရရစားစား တယောက်မျှသာ ဖြစ်ပါတယ်။ Make money မလုပ်နိုင်ရတဲ့ အကြောင်းရင်းကတော့ ဒီလိုပါ။ ဒီနေရာမှာ ဇာတ်ရည်လည်ဖို့အတွက် ကျနော့်အကြောင်းကို နည်းနည်း ပြောဖို့လိုအပ်တယ်လို့ ထင်တဲ့ အတွက် ကျနော့် အကြောင်း နည်းနည်းလောက် ပြောပြပါရစေ။ ( ကျနော်နဲ့ ရင်းနှီးတဲ့သူတွေကတော့ ဒီအကြောင်းတွေကို သိကြပါတယ်။ ) တောသူတောင် သား ဆင်းရဲသားတယောက်ပဲ ဖြစ်တဲ့ ကျနော်ဟာ အသက် ၁၈ နှစ်၊ ၁၉၈၂ - ခုနှစ်မှာ ( ၁၀ တန်း မအောင်လို့ ) တပ်ထဲ ဝင်သွားခဲ့ တာ နှစ်နှစ်အကြာ ကျနော့် အသက် ၂၀၊ ၁၉၈၄ - ခုနှစ်မှာ မိုင်းထိပါတော့တယ်။ ကျနော်ထိခဲ့တဲ့ မိုင်းက တော်တော်ကြီးပုံရပြီး ကျနော်ရခဲ့တဲ့ ဒါဏ်ရာကလည်း တော်တော် ဆိုးပါတယ်။ ကျနော့် ညာဖက်လက် ( လက်ကောက်ဝတ် အထက် ) နဲ့ ညာဖက် ခြေထောက် ( ဒူးအထက် ) တွေကို ဖြတ်တောက် လိုက်ရပါတယ်။ ၂ နှစ်လောက် အကူ စစ်သားတယောက်ရဲ့ အကူအညီနဲ့ တွန်းလှည်းနဲ့ သွားလာ လှုပ်ရှားနေခဲ့ရပြီး တရက်မှာတော့ ချိုင်းထောက် တချောင်းတည်းနဲ့ သွားနည်း စမ်းကြည့်တာ အောင်မြင်သွားပါတယ်။ ကျနော် အရင်တုန်းက အလေးအပေါ့ သွားတာကအစ သူတပါးကို မှီခို ( dependent ဖြစ် ) နေရတာကနေ အခု သွားလာလှုပ်ရှားမှုကို မိမိဖာသာ ပြုနိုင်တော့မယ် ( independent ဖြစ်ပြီ ) လို့ သိလိုက်ရတဲ့ အဲဒီနေ့က ကျနော် ဘဝသစ်တခုကို ရလိုက်သလို အတော်ပျော်ခဲ့တာကို အခုထိ မှတ်မိနေပါသေးတယ်။
ဒီလိုနဲ့ “ငါ အခုလို ကျိုးနေပုံနဲ့ ၁၀ တန်းလောက်တော့ အောင်ထားမှ ဖြစ်မယ်” ဆိုပြီး ကျနော် အပြင်ကနေ ၁၀ တန်း ပြန်ဖြေဖို့ ကြိုးစားပါတယ်။ ပထမဦးဆုံး ဘယ်ဖက်လက်နဲ့ စာရေးကျင့်ပါတယ်။ အဲဒီနှစ် ( ၁၉၈၇ ) က ဆယ်တန်းသင်ရိုးသစ် စပြောင်းတဲ့ နှစ်ပါ။ သိပ္ပံ ဘာသာတွဲ၊ ဝိဇ္ဇာ ( သင်္ချာ ) ဘာသာတွဲ၊ ဝိဇ္ဇာ ( ရိုးရိုး ) ဘာသာတွဲ လို့ ၃ မျိုး ရှိရာမှာ ကိုယ့် ဘဝပေး အခြေအနေအရ ကျူရှင်မယူရင် လည်း ဖြစ်မယ် ထင်တဲ့ ဝိဇ္ဇာ ( ရိုးရိုး ) ကိုပဲ ယူလိုက်ပါတယ်။ သူက ပင်ရင်းအင်္ဂလိပ်စာ ( “Wuthering Heights” by Emily Bronte ) နဲ့ စိတ်ကြိုက် အင်္ဂလိပ်စာ ( “Great Expectation” by Charles Dickens )၊ ပင်ရင်း မြန်မာစာ ( ရေသည် ပြဇာတ်ပါဝင် ) နဲ့ စိတ်ကြိုက်မြန်မာစာ ( မောင်ရင်မောင် မမယ်မ ဝတ္ထု၊ ဥမ္မာဒန္တီပျို့ )၊ ပထဝီနဲ့ သမိုင်း၊ စုစုပေါင်း ဒီ ၆ ဘာသာပါပဲ။ အဲဒီတုန်းက ကျနော် ညဖက် ရှေ့ရေးတွေးမိပြီး အိပ်မရတိုင်း text book တွေကို အလွတ်နီးပါးလောက်ရအောင် ကျက်လိုက်တာ ညတာဝန်မှူးကျတဲ့ ကျနော်တို့တပ်က တပ်ထောက် ဗိုလ်ကြီးခမျာ “မင်း ဒီနှစ် အောင်မှာပါကွာ။ ဒီလောက် အိပ်ရေးပျက် မခံပါနဲ့” လို့ လာတားရှာပါတယ်။ ကျနော် ကျောင်းစာအုပ်တွေ ဘာတွေ ဝယ်ချင်လို့ မြို့ ထဲသွားချင်ရင်လည်း တပ်ကကားတွေနဲ့ လိုက်ပို့ ပေးပါတယ်။ အကျဉ်းချုပ်လိုက်ရင် ကျနော် အဲဒီနှစ်က ( ၁၀ ) တန်းအောင် လိုက်ပါတယ်။ အဲဒီနှစ် တနိုင်ငံလုံး အောင်ချက် ရာခိုင်နှုန်းက ၉ % ကျော်လောက် ရှိတယ်ဆိုတာကို မှတ်မိနေပါတယ်။
နောက်နှစ် ( ၁၉၈၈ တပ်က အာဏာ မသိမ်းခင်) မှာ ကျနော့်ကို မန္တလေး မီးရထားမှာ “ညစောင့်” အလုပ်တခု ပေးပြီး တပ်က ထွက်စေ ပါတယ်။ အဲဒီ မန္တလေးမှာ အဝေးသင် တက်ရင်း ၁၉၉၅ မှာ စိတ်ပညာနဲ့ ဘွဲ့ ရခဲ့ပါတယ်။ ကျနော်က မိမိဆီမှာ စွဲကပ်နေတဲ့ inferiority, depression, frustration တွေကို ကိုယ့်ဖာသာ ဘယ်လို ကုစားလို့ ရမလဲလို့ စိတ်ပညာကို ယူခဲ့တာပါ။ ဆိုတော့ စာမေးပွဲ အောင် ရုံလောက် မဟုတ်ဘဲ စိတ်ပညာကို overall လောက် တကယ်သိချင်တာမို့ textbook တွေကို တခါပြန်၊ နှစ်ခါပြန် ဖတ်ပါတယ်။ ဒါကြောင့် ကျနော် စိတ်ပညာနဲ့ ပတ်သက်လို့သိတာ day ကျောင်းသားတွေ သိတာထက် မနိမ့်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တခု ရှိပါတယ်။
မန္တလေးမှာ နေခဲ့ရတဲ့ ၆-၇ နှစ်မှာ ဘွဲ့ရတာထက် ပို မြတ်ခဲ့တာက တော့ ဒီ ၆-၇ နှစ် စလုံး တနေ့ စာအုပ် တအုပ်ကျလောက်စီ ဖတ်ဖြစ်ခဲ့တာပါပဲ။ ကျနော် ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ သိပ္ပံမောင်ဝ၊ ဆရာမြသန်းတင့် စီးရိစ်း ( စစ်နှင့် ငြိမ်းချမ်းရေး၊ လေရူးသုန်သုန်၊ ခန်းဆောင်နီ အိပ်မက်၊ ရွှေပြည်တော် မျှော်တိုင်းဝေး၊ သုခဘုံ၊ ဓါးတောင်.. စသည်ဖြင့် )၊ ဂျာနယ်ကျော်မမလေး၊ ပါရဂူ၊ လူထု ဦးလှ၊ လူထု ဒေါ်အမာ၊ မောင်သာရ၊ မိုးမိုး ( အင်လျား)၊ နုနရည် ( အင်းဝ ) ဂျူး၊ စသူတို့ကို ဒီလ ဘယ်ဆရာ့လ ဆိုပြီး အဲဒီမန္တလေးမှာနေတုန်းက ညစောင့်လုပ်ရင်း ဖတ်ဖြစ်ခဲ့ပါတယ်။ မှတ်မိသေးတာက ကျနော် ဆရာပါရဂူရဲ့ “စိတ္တရ လေခါ” ကို ဖတ်ပြီး free thinker တယောက် ဖြစ်သွားတာပါပဲ။ ဂျာနယ်ကျော်မမလေးရဲ့ “သူ့လိုလူ” ကို ဖတ်ပြီး “ငါ ဖြစ်ချင်တာ သတင်းစာသမား ( journalist ) တယောက်ပဲ” လို့ သိလာပါတယ်။
ရယ်စရာတခု ပြောရရင် ကျနော့် B.A ( Psychology ) ဘွဲ့က အရင်တုန်းကတော့ ညစောင့် အလုပ်တခုလောက် ရရှိရေး အတွက်တော့ အသုံးဝင်လေ့ရှိပါတယ်။ ကျနော်က sensitive ဖြစ်လေ့ရှိသူမို့ တနေ့ အခန့်မသင့်လို့ မန္တလေးမီးရထား ( တွဲပြင်ရုံညစောင့်ပါ၊ လက် မှတ်ရောင်း မဟုတ်ပါဘူးး)) က ထွက်လိုက်ပြီး မန္တလေးစည်ပင်ကို ကျောင်းက အထောက်အထားတွေဘာတွေနဲ့ “အလုပ်တနေရာ ( မည်သည့် အလုပ်မဆို) ခန့်ထားပေးပါရန်” ဆိုပြီး လျှောက်လိုက်တာ ဈေးချိုမှာ ညစောင့် ( နေ့ခင်းပိုင်းမှာ စည်းကမ်း ထိမ်းသိမ်းရေး ) ခန့်ပေးပါတယ်။ ဒီလိုနဲ့ ၁၉၉၆ လောက်ထိ မန္တလေးမှာ နေခဲ့ပြီး ( skip လုပ်လိုက်မည် ) ၂၀၀၄ မှာ ထိုင်းနိုင်ငံကို ထွက်လာခဲ့ပါတယ်။
ထွက်လာဖြစ်ပုံက မြန်မာပြည်မှာ ကျနော်ရတဲ့ မစွမ်းမသန် လစဉ်ပင်စင်က ၄၀၀ ကျပ်ပါ။ ဒီငွေပမာဏဟာ အဲဒီတုန်းက လဘက်ရည် ၂ ခွက်ဖိုးလောက်ပဲ ရှိတာပါ။ ကျနော် ၂၀၀၄ လောက်တုန်းက အလုပ်လက်မဲ့ ဖြစ်နေလို့ ရန်ကုန်မှာ ရုပ်ရှင်ဇာတ်ညွှန်းရေး ဆရာ၊ ဗေဒင် ဆရာ ဖြစ်လာမလားလို့ ကြိုးစားကြည့်လိုက်ပါသေးတယ်။ နည်းနည်းလောက် အားထည့်လိုက်ရင် အောင်မြင်နိုင်မယ်မှန်း သိပါတယ်။ ဒါပေမဲ့ နှစ်ခုစလုံးမှာ ကျနော် မပျော်ပိုက်ပါဘူး။ ( ရုပ်ရှင်လောကမှာ တနေ့တနေ့ ကိုယ့်တူမအရွယ် မင်းသမီးရူးလေးတွေ/ မင်းသမီး အစစ်တွေ ဖြစ်ချင်တိုင်း ဖြစ်နေကြတာကို ဘာမှ မဖြစ်သလို ထိုင်ကြည့်နေရပြီး၊ ဗေဒင်လောကကတော့ သေးတဲ့အမှုကို ကြီးအောင်လုပ်တဲ့ လိမ်ညာမှု လို့ ခံစားရပါတယ်။ ) ဒါနဲ့ဦးပိုင်က ပိုင်တဲ့ ပါရမီကားကွင်းတို့၊ စစ်မှုထမ်းဟောင်း ဌာနချုပ်တို့မှာ အလုပ်ရနိုင်မလား သွားစုံစမ်း ကြည့်ပါတယ်။ ဒါပေမဲ့ သူတို့ပြောတာက “အလုပ်တွေတော့ မရှိဘူး မဟုတ်ပါဘူး။ ဒါပေမဲ့ ဥပဓိရုပ်လိုတဲ့ အလုပ်မျိုးတွေ၊ မင်းလို disable တယောက်နဲ့ မကိုက်ဘူးကွ” ဆိုတာမျိုးတွေ ဖြစ်ပါတယ်။ ( မြန်မာပြည်မှာ လူတယောက်ရဲ့ “personality” ကို “ဥပဓိရုပ်” လို့ ဘယ်သူက စ ဘာသာပြန်တယ်မသိဘူး။ စိတ်ပညာသင်ဖူးတဲ့ ကျနော့်အဖို့ အဲဒါကြီးက တော်တော် နားဂွကျလှတယ်။ ဒါပေမဲ့ မြန်မာ အငြိမ်းစား ဗိုလ်ချုပ်တွေကအစ “personality” ဆိုတာ “ဥပဓိရုပ်” လို့ ထင်နေကြတုန်းပဲ။ )
အဲဒီတော့ ကျနော် နည်းနည်းလောက် စိတ်မကောင်းဖြစ်ရပြီး၊ ကျနော့်မှာ နဂိုကတည်း ရှိတဲ့ journalism ကို စနစ်တကျ သင်ချင် တဲ့ ရောဂါပိုးကလည်း ထလာတော့ “ ဒါဆိုလည်း ထိုင်းသွားပြီး refugee ( “ဒုက္ခသည်” လို့ ဘာသာမပြန်ချင်ပါ။ “ခိုနားရာလိုအပ်သူ” လောက် ပဲ ခေါ်သင့်တယ် ထင်လို့ပါ ) လုပ်မယ်ကွာ။ ကံကောင်းရင် မသန်စွမ်းသူတွေကို ဥပဓိရုပ် ( ကိုယ်ရည်ကိုယ်သွေး ) ပျက်ယွင်းနေသူရယ်လို့ မထင်တဲ့၊ discriminate မလုပ်တဲ့၊ freedom of press and expression ရှိတဲ့ society တခုကို ရောက်သွားလိမ့်မယ်” လို့ ထွက်လာခဲ့တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ မြန်မာပြည် ပြန်သွားရင် အဖမ်းခံရလောက် တဲ့ နိုင်ငံရေးလှုပ်ရှားမှု တခုခု ပြုလုပ်ခဲ့ကြောင်း နည်းနည်းပါးပါး အလုပ် ဖြစ်ရုံလောက် လိမ်ပြီး၊ နောက် ၄ နှစ်အကြာ ၂၀၀၈ မှာတော့ လေယာဉ် အကြွေးစီးပြီး အမေရိကကို ရောက်လာခဲ့ပါတော့တယ်။ ဒီရောက်ပြီးမှ လေယဉ်ခ တလ ၃၅ ဒေါ်လာစီ ပြန်ဆပ်တာ အခု ၃ နှစ်လောက်နေတော့မှ အကြွေး ကျေသွားပါတော့တယ်း))
………………………………………………………………..
ဒီက တက္ကသိုလ်တွေ၊ ကောလိပ်တွေ စတက်ဖြစ်ပုံ
ကျနော် စရောက်တာ ကင်တာ့ကီ ( Kentucky ) ပြည်နယ်ထဲက Bowling Green ဆိုတဲ့ မြို့ကလေး တမြို့ဆီကိုပါ။ ကျနော် ၂၀၀၈ စက်တင်ဘာလ ( ၉ ) မှာ ရောက်ပါတယ်။ ရောက်ပြီး ၂-၃ ရက်လောက်အကြာမှာ အဲဒီ မြို့မှာ ရှိတဲ့ Western Kentucky University ကိုသွားပြီး “ကျနော် ခင်ဗျားတို့ ကျောင်းမှာတက်ချင်တယ်။ အဲဒါ ကျနော် ဘာလုပ်ဖို့လိုမလဲ” လို့ သွားမေးပါတယ်။ မြန်မာပြည်က ဘွဲ့လက်မှတ်လည်း ယူသွားပါတယ်။ ဒီမှာ ကြားဖြတ် ပြောရရင် ဒီကို ရောက်နေတာ ၁၀-၁၅ နှစ်လောက် ကြာနေပြီ ဖြစ်တဲ့သူတွေက သူတို့ပဲ ဒီက အကြောင်း၊ အခြေအနေတွေကို အသိဆုံး လို့ ( သဘာဝကျစွာ ) ထင်တတ်ကြပါတယ်။ ဒါကြောင့် ဒီက တက္ကသိုလ်တွေကို တက်ချင်ရင် အရင်ဆုံး GED ဖြေဖို့ မစဉ်းစားဘဲ၊ ပြီးတော့ အင်္ဂလိပ်လို Notarized လုပ်မထားတဲ့ မြန်မာဘာသာနဲ့ ဘွဲ့လက်မှတ်ကို အားကိုးတကြီး လုပ်နေတဲ့ ကျနော့်ကို အဲဒီမြို့က မြန်မာ Refugee Office case manager က ( မတန်မရာကိစ္စကြီး တခုကို လုပ်နေသလို ) အမြင်ကတ်၊ လှောင်ပြောင်၊ ရယ်သွမ်းသွေးပါတယ်။ “မဟုတ်ဘူးအကို၊ မြန်မာပြည်က ဘွဲ့လက်မှတ်ကို လိုလိုမယ်မယ် အနေနဲ့သာ ယူသွားမှာပါ။ ကျနော်က GED, SAT တွေ အောင်ဖို့ တကယ်ကို လိုအပ်သလား၊ အခြားနည်း ရှိသလား၊ သေချာသိချင်တာက အဓိကပါ” လို့ ပြောတာလည်း သူက အခြားလူတွေရှေ့မှာ ကျနော့်ကို လူထူးလူဆန်းလို ပြော နေတုန်းပါပဲ။
ဒီလိုနဲ့ Western Kentucky University ( WKU ) Admission Office က “အရင် ဘွဲ့တခု ရှိရင် အခု ယူမဲ့ ဘွဲ့က ဒုတိယမြောက် ဘွဲ့တခုကိုယူမှာဖြစ်လို့ ၁၂ တန်း ( အထက်တန်း ) အောင်ပြီး အသစ်စက်စက် ပထမ နှစ်တက်လာတဲ့ ကျောင်းသားတွေ ( မိဘဝင်ငွေ တလ ၃၀၀၀ အောက် ?) သာ ရခွင့်ရှိတဲ့ တနှစ်လုံးအတွက် ဖက်ဒရယ် အစိုးရက ပေးတဲ့ ပြန်မဆပ်ရတဲ့ ထောက်ပံ့ငွေ ( Pell Gant ) $ 5500 ကိုတော့ ရခွင့်မရှိ၊ အစိုးရ ဆီက ပြန်ဆင်ရမဲ့ ချေးငွေ တနှစ် $ 9500 ( ပထမ နှစ် )၊ $ 10500 ( ဒုတိယနှစ် ) စသည်ဖြင့်.. တွေကိုတော့ လျှောက်ခွင့်ရှိတယ်။ ဒါပေမဲ့ ဒီတိုင်းပြည်ရဲ့ permanent resident ဖြစ်ရမယ်။ မြန်မာပြည်က ဘွဲ့ကို Notarized လုပ် တင်ပြနိုင်ရင် ( ဘွဲ့ရ တယောက် ဖြစ်တဲ့ အတွက် ) GED/ SAT တွေ မလို၊ ငါတို့ကျောင်းက စာတွေ ကို လိုက်နိုင်မယ်၊ မလိုက်နိုင်ဘူး သိချင်လို့ မေးမဲ့ Michigan Test ဖြေရင် လုံလောက်ပြီ” လို့ ပြောလွှတ် လိုက်ပါ တယ်။ အဲဒါနဲ့ ကျနော် Michigan Test သွား ဖြေပါတယ်။ ( ဘာဖြစ်လို့လဲ မသိ ) သင်္ချာ ဖြေဖို့ မလိုအပ်ခဲ့ ပါဘူး။
အဲဒီ Test က မြန်မာပြည်မှာ အရည်အချင်းရှိတဲ့ ၁၀ တန်းအဆင့်လောက် အင်္ဂလိပ်စာ တတ်ရင် အိုကေပါတယ်။ အမှတ် (၁၀၀ ) ဖိုး နဲ့ Essay တပုဒ် မေးပါတယ်။ ကျနော် နှစ်ခုစလုံးမှာ ၉၀ မှတ် ကျော် လောက်စီ ရတာမို့ တက္ကသိုလ် ဝင်ခွင့် လျှောက်ထားခွင့် ရလိုက်ပါတယ်။ ( ၉၀ မှတ်ရတယ် ဆိုလို့ သိပ် အထင် မကြီးစေလိုပါ။ ဒီမှာက ၇၅ မှတ် ( ၇၀-၈၀ မှတ် ) ဆိုရင် grade ( C ) မို့ - ခပ်ညံ့ညံပါ။ ( ၈၀--၉၀ ) က grade (B) - အသင့်အတင့်တော်၊ ( ၉၀-၁၀၀ ) ကမှ grade A- တော်တယ် - ဆိုပြီး အဆင့် သတ်မှတ်တာမို့ အမှတ် ၉၀ ကျော် ရမှ ဖြစ်ပါမယ်။ အဲဒီ ကျောင်း စရိတ်ကို ပေးနိုင်ဖို့အတွက် Federal Government, Department of Education က စီမံခန့်ခွဲတဲ့ FAFSA application ( for loan ) လည်း တပြိုင်တည်း တင်ထားလိုက်ပါတယ်။
အဲဒီ Michigan Test ရမှတ်ရယ်၊ ကျနော့် B.A ဘွဲ့ ( made in Burma ) ကို ကိုယ့်ဖာသာကိုယ် word by word အင်္ဂလိပ်ဘာသာပြန်ပြီး ကျနော်တို့ refugee ရုံးက လူကြီးတယောက်ကို လက်မှတ် ထိုးခိုင်းထား တဲ့ Home-made notarized Bachelor’s degree ရယ်ကို တွဲပြီး ကျောင်းဝင်ခွင့် တင်လိုက်တာ အောင်မယ်.. မြန်မာပြည်က ဘွဲ့ ဆိုပြီး အထင်မသေးကြ စေလိုပါ။ နောက် ၃ လလောက် နေတော့ ကျနော့်ကို Western Kentucky University က News/ Editorial Journalism ( major ) နဲ့ Spring/2009 semester အတွက် ဝင်ခွင့်ပြုလိုက်ပါသဗျ။ ကဲ.. အခုတော့ ကျနော်က ၂၀၀၉ ဇန်နာဝါရီလမှာ ကျောင်း တကယ်ကြီး သွားသွား တက်နေတာမို့ ဒီမှာ ၁၅ နှစ်လောက် နေပြီးတဲ့ ဟို case manger ကြီးလည်း ကျနော့်ကို စကား မပြောတော့ပါဘူး။ ဒါပေမဲ့ သူ အရင်တုန်းကလိုတော့ မလှောင်တော့ပါဘူးး))
ကျောင်းစ ဖွင့်တဲ့နေ့မှာ ကိုယ့်ကျောင်းသားနံပါတ်နဲ့ Student ID တခု ရပြီးသွားပြီ ဆိုရင် လိုအပ်တဲ့ စာအုပ်စာတမ်းတွေကို ကျောင်းက Book Store မှာ အကြွေးဝယ်ခွင့် ရှိသွားပါတယ်။ ကွန်ပြူတာသုံးချင်ရင်၊ print လုပ်ချင်ရင်လည်း အဲဒီကဒ်ကို swipe လုပ်ရုံပါပဲ။ ဒီကျောင်းက တပါတ်မှာ ၃ နာရီလောက် သင်တဲ့ ( 3 credit hours ) တဘာသာကို ဒေါ်လာ ၁၀၀၀ စီလောက် ( ပဲ ) ပေးရလို့ ကျောင်းလခ သက်သာတယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် Texas က လူတွေတောင် လာတက်နေကြတာ တွေ့ပါတယ်။ အဲဒါက ကျနော် ပထဦးဆုံး တက်ခဲ့တဲ့ ကျောင်း အကြောင်းပါ။ အဲဒီနှစ်က ကျနော် loan $ 9500 ရတာမှာ ကျောင်းလခ ၄ ဘာသာဖိုး ( ဒေါ်လာ ၄၀၀၀ ) ကျော် ကို နှုတ်ပြီး ကျန်တဲ့ ၅၀၀၀ လောက်ကို ကျနော့်ဆီ လွှဲပေးပါတယ်။ အဲဒီ ငွေထဲက ကျနော် ကားမောင်း ကျင့်ချင်လို့ ဒေါ်လာ ၁၈၀၀ နဲ့ ကားဟောင်းကလေး တစီး ဝယ်လိုက်ပါ သေးတယ်။ နောက်တော့ ကားအမောင်း စသင်တဲ့ နေ့မှာပဲ သစ်ပင်တပင် ဝင်တိုက်မိလို့ ကားမောင်း ဖို့ ကြောက်သွားတာ အခုထိ နောက်ထပ် မသင် ဖြစ်တော့ပါဘူး။
ဒီနေရာမှာ ကြုံလို့ ပြောရရင် ကျနော်က မသန်စွမ်းတဲ့အတွက် အလုပ်မလုပ်နိုင်ဘဲ ငတ်နေမှာစိုးလို့ သက်ကြီးရွယ်အို နဲ့ မသန်စွမ်း သူတွေ(တိုင်း) ကို ထောက်ပံ့တဲ့ Federal Government’s Social Security Fund ထဲက ( ပြီးခဲ့တဲ့ နှစ်အထိ $ 674/ month ) ဒီနှစ် ၂၀၁၂ က စပြီး $ 698/ month ရပါတယ်။ နောက် ပြည်နယ် အစိုးရတွေဆီက အစားအစာ ဝယ်ယူခွင့် ကဒ်ပြား ( Foodstamp ) $ 200 ဝန်းကျင် ခန့် ရပါတယ်။ အဲဒါက အိမ်လခ၊ ထမင်းလခ၊ ဖုန်းခ၊ အင်တာနက်ခနဲ့ တလတလ သုံးစရာ အတွက် ကွက်တိလောက်ပဲ ဖြစ်ပြီး ကားဝယ်နိုင်လောက်အောင် ငွေ မပိုလျှံပါဘူး။ ကျနော့်တိုင်းပြည်မှာ ပင်စင်လစာ တလ ၄၀၀ ကျပ် ( အမေရိကန်ငွေ ငါးမူးခန့် ) ပဲ ရခဲ့တဲ့လူက ဒီမှာ အီရတ်တွေ ဘာတွေလည်း စစ်သွား မတိုက်ပေးဖူးဘဲနဲ့ တလတလ အချောင် ဒေါ်လာ ၈၀၀ ကျော် ၉၀၀ နီးပါးလောက် စားနေရတာကို တခါတလေတော့ အမေရိကန် အစိုးရကိုရော၊ သူတို့ ပြည်သူ တွေကိုရော အားနာ၊ သနားမိပါတယ်။ ဒီက အစိုးရ ( ပြည်နယ် အစိုးရ ဖြစ်မယ် ) တွေက သူတို့ ကျောင်းသားတွေကို သူငယ်တန်း လောက်ကတည်းက အိမ်တိုင်ရာရောက် ကျောင်းကားနဲ့ လာခေါ်၊ ကျောင်းမှာ ထမင်းကျွေးပြီး ၁၂ တန်းထိ ထားပေးခဲ့ရတယ်။ ဒီ အတက်တန်း ကျောင်းသားတွေ ကောလိပ် တက်ပြန်တော့ လည်း ကျောင်းသားတိုင်း နီးပါး လောက်ကို ( မိဘဝင်ငွေ များလွန်းသူတို့က လွဲလို့ ) တနှစ်ကို Pell Grant $ 5500 စီပေးရပါသေးတယ်။ အဲဒါနဲ့ မလောက်လို့ ချေးငွေ တောင်းရင်လည်း ငွေချေးပေး ရသေးတယ်။ သူ့ နိုင်ငံသားတွေဆို ဘာအရေးလဲ။ အခုတော့ ကျနော်တို့လို ( ပြန်လည်း မဆပ်နိုင်လောက်တဲ့ ) ပဝတ္တိသား တွေကိုလည်း ငွေ ချေးထားရသေးတယ်။ ကျနော် ပထမဆုံး loan ရတုန်းက ဒီရောက်တာ ၃-၄ လ လောက်ပဲ ရှိသေးတာမို့ permanent resident မဖြစ်သေးပါဘူး။ ကျနော် eligible resident ဖြစ်ကြောင်း၊ နောက်တနှစ်ကြာရင် permanent resident, ၅ နှစ်ကြာရင် citizen ဖြစ်လာမဲ့ အကြောင်း အာပေါက်အောင် ရှင်းပြပြီး ရခဲ့တာ ဖြစ်ပါတယ်။
၂၀၀၉ ဇွန်လမှာတော့ ကျနော် အမေရိကန်အရှေ့ခြမ်း Maryland ပြည်နယ် ( Baltimore ) ကိုပြောင်းဖို့ ဖြစ်လာပါ တယ်။ မေရီ လင်း ပြည်နယ် ရောက်တော့ Community College of Baltimore County ( CCBC ) မှာ တက်ဖို့ လုပ်ပါတယ်။ ရှေးနည်းတူ ကျောင်း ကိုသွားပြီး “ကျနော် အရင် WKU မှာ တက်ဖူးတာတော့ ရှိတယ်။ အခု ဒီမှာတက်ချင်တယ်။ ကျနော် ဘာလုပ်ရမလဲ” လို့ မေးပါတယ်။ သူတို့က “အဲဒါတွေက ရှုပ်ပါတယ်။ အခု ဒီမှာ Placement Test ဖြေသွားနိုင်မလား” လို့ မေးတော့ အိုကေ ဆိုပြီး ကျနော် ဖြေလိုက် ပါတယ်။ အဲဒီကျောင်းမှာ မေးတာကတော့ Accuplacer Test ပါ။ English reading, writing, essay နဲ့ Math တွေ ဖြေရပါတယ်။ ဒီ placement test က မြန်မာပြည်မှာ ၂တန်းလောက်ထိပဲ နေဖူးတဲ့သူလည်း သွားဖြေချင်ရင် ဖြေလို့ ရ ပါတယ်။ ကွန်ပြူတာက ဖြေဆိုသူရဲ့ ရမှတ်ကို ထုတ်ပေးရင်း ESOL ( English for Speakers of Other Language ) level ဘယ်လောက် ကို တက်သင့်တယ် ဆိုတာ သတ်မှတ်ပေးပါတယ်။ အဲဒီလူက သူနဲ့တန်တဲ့ အတန်း ( ဥပမာ။ ၂တန်းလောက်ပဲတတ်တဲ့သူက ESOL: level-1 / Elementary level ) ကို တက်ရပါတယ်။
အဲဒီလူဟာ ကောလိပ်ရှိရာ အဆောက်အဦး ကို ကျောင်းလာလာ တက်ပေမဲ့ သူဟာ ကောလိပ်ကျောင်းသား အဆင့် စာတွေကို လုပ်နေ တာ မဟုတ်လို့ သူ့ကို financial aid မပေးပါဘူး။ College 1st year (ကျားမ မရွေး freshman လို့ခေါ်ပါတယ်။ ) ကစပြီးတော့မှ financial aid ရတာပါ။ ကျနော်ကတော့ ဒီတခါလည်း Accuplacer Test ရဲ့ computerized သတ်မှတ်ပေးချက်အရ ESOL တက်ဖို့မလို၊ college level class တွေ တခါတည်း တန်းတက် နိုင်တယ် လို့ အဖြေ ထွက်ပါတယ်။ သင်္ချာကတော့ College Algebra, Calculus စတဲ့ college level math ကို တန်းယူခွင့် မရှိဘဲ ( ကောလိပ်စာ မဟုတ်လို့ credit မရတဲ့ ) preparing math class တခုကို ယူပြီးတော့မှ ယူရမှာ ဖြစ်ပါတယ်။ အခုတော့ အဲဒီ ပြင်ဆင်မှု အတန်းကို တက်ခဲ့ ပြီးပါပြီ။ ကျနော်က တယောက်တည်းသမား၊ လုပ်ချင်ရာ လုပ်တတ်တဲ့သူမို့ ပြီးခဲ့တဲ့ နှစ် နွေဦး ရာသီ လောက်မှာ အဲဒီ Maryland ပြည်နယ်ကနေ မိုင် ၃၀၀၀ လောက်ဝေးတဲ့ Oregon ပြည်နယ် ပြောင်းလာခဲ့ပါတယ်။ ဒီရောက်တော့ တခါ Portland Community College ကို “ကျနော် ဘာလုပ်ရမလဲ” လို့ သွား မေးပြန်ပါတယ်။
သူတို့က “အရင်ကျောင်းက transcript ကိုသာ ဒီကျောင်းကို ပို့ခိုင်းပါ။ ကျနော်တို့ အဲဒီထဲက ယူလို့ရတဲ့ ဘာသာတွေ evaluate လုပ်ပြီး ယူပါ့မယ်။ Entrance Test ဖြေဖို့ မလိုပါဘူး” လို့ ပြောကြပါတယ်။ ဒါက ဘာလို့လဲ ဆိုရင် ကျနော် College level English နှစ်ဘာသာ ( ENG 101, ENG 102 ) ပြီးထားပြီးသားမို့ပါ။ အဲဒါနဲ့ ကျနော် အခု Portland Community College မှာ တက်နေတာ semester နှစ်ခု ရှိပါပြီ။ ကျောင်းတွေက တပြည်နယ် ပြောင်းသွားလိုက်၊ မေဂျာတမျိုး ပြောင်းသွားလိုက် ဖြစ်နေတာမို့ ကျနော် အခုထိ Associate degree မရသေးပါဘူး။ ဒီအတွေ့အကြုံတွေကနေ အောက်ပါအတိုင်း ကောက်ချက်ချ နိုင်မယ်လို့ ထင်ပါတယ်။
( ၁ ) အမေရိက က တက္ကသိုလ်/ ကောလိပ်ဝင်ခွင့်အတွက် GED/ SAT/ GCE ( A/ O level ) တွေ အောင်ထား ရင် ပိုကောင်းနိုင်ပေမဲ့ ဝင်ခွင့်အတွက် လိုကို လိုအပ်တယ်လို့ မဆိုနိုင်ပါ။ ကျောင်း တကျောင်းနဲ့ တကျောင်း မတူတဲ့အတွက် အဲဒီကျောင်းကို ဝင်ခွင့် ရရှိရေးအတွက် ကိုယ် မဖြစ်မနေ ဘာလုပ်ဖို့ လိုအပ်သလဲ ဆိုတာ အရင် မေးသင့်ပါတယ်။
အခြားမှတ်သားဖွယ်ရာ များကတော့-
(၂) Community College တွေက ပထဝီ၊ သမိုင်း၊ ဇီဝ၊ ဓါတု၊ သင်္ချာ၊ ဒဿနိက ဗေဒ၊ အစရှိတာတွေ သင်သလို တွင်ခုံ၊ welding ၊ ရေပိုက်ပြင်၊ ကွန်ပြူတာ ဆော့ဖ်ဝဲ အမျိုးမျိုး၊ သူနာပြု၊ ဓါတ်မှန်ပညာရှင် စတဲ့ ထမင်းစား လက်မှတ်ရ ပညာရပ်တွေကိုလည်း သင်ပါတယ်။ ဒီ ကောလိပ်က credit hours တွေကို အခြား တက္ကသိုလ် ကို သယ်ယူ သွားနိုင်တာမို့ ငွေ ဗုံးဗောလအော မသုံးချင်/ နိုင်တဲ့ မြန်မာကျောင်းသားတွေ အနေနဲ့ GED, SAT တွေ မလိုတဲ့ ဒီ ကောလိပ်တွေက နေ စသင့်တယ်လို့ ထင်မိပါတယ်။ ကျနော့်ရဲ့ မြန်မာ B.A( Psychology ) ဘွဲ့ကို ဒီက အစိုးရ အသိအမှတ်ပြု ပညာရေး ဘွဲ့လက်မှတ်များ အကဲဖြတ် အဖွဲ့တခုက တက္ကသိုလ် တတိယနှစ် တက်ရောက်ရန် အဆင့်မီသည်လို့ သတ်မှတ်ပေးပါတယ်။ သူတို့ကို အကဲဖြတ်ခ ဒေါ်လာ ၁၅၀-၂၀၀ လောက်တော့ ပေးရပါတယ်။ ဒါကြောင့် မြန်မာဘွဲ့ အလကားလို့ မထင်ကြ စေလိုပါ။ ( ကျနော်တောင် အခု ဒီက ရတဲ့ credit hours တွေရယ်၊ အဲဒီ မြန်မာဘွဲ့က credit hours တွေရယ် ပေါင်းပြီး တက္ကသိုလ် တခုခုမှာ Bachelor’s degree အတွက် တက်မလားလို့ စဉ်းစား နေပါတယ်။ )
( ၃ ) Credit hours ဆိုတာ တပါတ်အတွင်း ကျောင်းတက်ချိန် နာရီပေါင်းကို ပြောတာပါ။ ဒီမှာ ဘာသာရပ် တခုအတွက် နေ့တိုင်း ကျောင်း မတက်ရပါဘူး။ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ ( MWF ) နဲ့ အင်္ဂါ၊ ကြာသပတေး ( T R ) စသည်ဖြင့် တက်ရတာမှာ MWF ရက်တွဲက တနေ့ တနာရီ ကျောင်းတက်ရရင် ၃ ရက် ၃ နာရီ ( 3 credit hours ) ဖြစ်ပါတယ်။ TR ရက်တွဲက တနေ့ ၁း၃၀ နာရီစီ၊ ၂ ရက် ကျောင်းတက်ချိန် ၃နာရီ ဖြစ်နိုင်ပါတယ်။ ( 4 credit hours ဆိုရင် တနေ့ ၂နာရီ တက်ရပါလိမ့်မယ်။ ) စာသင်ရာသီ ( semester ) တခုမှာ စုစုပေါင်း credit hours 6-11 အထိ ယူထားသူက Part time student ဖြစ်ပြီး၊ 12 credit hours ကစပြီး အထက် ဆိုရင် Full time student ဖြစ်ပါတယ်။ ဒီမှာ Full time ကျောင်းသားလောက်ဆိုရင် အပါတ်စဉ် assignment တွေနဲ့ မအားမလပ် ရှိနေတတ်ပါတယ်။ ဥပမာ၊ Textbook ထဲက စာမျက်နှာ ဘယ်လောက်ကနေ ဘယ်လောက်ထိ ဖတ်လာခဲ့ပါ။ နောက်အပတ် တနင်္လာနေ့တိုင်း အဲဒီ ဖတ်စာ ထဲက quiz မေးမယ်လို့ ဆရာ/ ဆရာမ က မှာလိုက်ရင် တကယ် မဖတ်ခဲ့ရင် quiz ဖြေနိုင်မှာ မဟုတ်ပါဘူး။ အဲဒီ အမှတ်တွေက အလကား မဟုတ်ဘူး။ မှတ်ထားပါတယ်။ စာသင်ရာသီ ကုန်ခါနီးမှာ အဲဒီ အမှတ်စုစုပေါင်းရဲ့ 90-100% ရလျှင် Grade A, 80-89% ဆိုရင် Grade B, 70-79% ရရင် Grade C ပါ။ မြန်မာပြည်မှာ 75 မှတ်ရရင် လူတော် ( ဂုဏ်ထူး ) ထွက်တာ ဖြစ်ပေမဲ့ ဒီမှာတော့ အဲဒီ အမှတ်လောက်က ခပ်ညံ့ညံ့ ဆိုတဲ့ အဓိပ္ပါယ် ရှိပါတယ်။ 60-69% က Grade D ပါ။ အလွန်ညံ့ဖျင်းသူ ဆိုတဲ့ အဓိပ္ပါယ် ရှိတယ် ထင်ပါတယ်။ အဲလိုလူကို Financial Aid မပေးတော့ပါ။ 50-59% သာရရင်တော့ Grade F- ကျရှုံးသူ ဆိုတဲ့ အဓိပ္ပါယ်ပါ။
( ၄ ) ဒီမှာ ဆရာ/ ဆရာမတွေက ပါမောက္ခ ( Professor )၊ တွဲဖက်ပါမောက္ခ ( Assistant Professor ) တွေချည်းပဲ များပြီး၊ ဘာကြောင့်မှန်းမသိ၊ နည်းပြ ( Tutor )၊ သရုပ်ပြ ( Demonstrator )၊ ကထိက ( lecturer ) တွေ မတွေ့ရပါ။ ပါမောက္ခချုပ် ဆိုတာလည်း မရှိတာလား၊ မထင်ပေါ်တာလား မသိ၊ ရှိတယ်လို့ကို မထင်ရပါဘူး။ နေရတကာ ကျောင်း ဥက္ကဌကပဲ ထင်ပေါ် ပါတယ်။ ကျောင်းတိုင်းမှာ ကျောင်းသား သမဂ္ဂ ရှိပါတယ်။ အမှုဆောင် လူကြီးတွေကို ရွေးကောက် တင်မြှောက်ကြပါတယ်။ ဒီက ထုံးစံက ဆရာ/ ဆရာမတိုင်းကို Professor လို့ ရည်ညွှန်း ခေါ်ဝေါ်ကြပါတယ်။ ဆရာ တပည့် ဆက်ဆံရေး ဓလေ့က သူတို့ဆီ စာရေးရင် ( email ပို့ရင် ) I didn’t attend the class yesterday, I couldn’t find it စသည်ဖြင့် “didn’t”, “couldn’t” ( contracted form ) နဲ့ ရေးလို့မရပါဘူး။ Right? တွေ ဘာတွေ ရေးလို့ မကောင်းပါဘူး။ Hi လုပ်လို့ လည်း မကောင်းပါဘူး။ Hello Professor လောက်ဆိုရင်တော့ မဆိုးဘူး ထင်ပါတယ်။
( ၅ ) ဒီက အိမ်စာတွေက ( သင်္ချာ / သိပ္ပံဘာသာရပ် မဟုတ်ဘဲ Essay type သာ ဖြစ်မယ်ဆိုရင် ) ခေါင်းစဉ် တခုတည်းကို တယောက်နဲ့ တယောက် တူလို့မရပါဘူး။ တူရင် သူတို့ထဲက တယောက်က ခိုးချတာပဲ လို့ ဆရာက ယူဆတတ်ပါတယ်။ စာတွေကို နောက်က ကျားလိုက်နေသလို အပြေးအလွှား၊ ဒရစပ်သင်ပါတယ်။ ( ဒါကြောင့် ဒီက ကျောင်းသားတွေ ဖွန်ကြောင်ချိန် မရကြပါး)။ စာသင်ပုံက ဥပမာ။ “အမေရိကန် ပြည်ထောင်စု သမိုင်း” သင်ရင် အဖြူ ( white )တွေက native Americans ( Red Indian ) တွေကို ရက်ရက်စက်စက် မျိုးဖြုတ်သတ်ဖြတ်ခဲ့တာတို့၊ အဖြူလူစုလူဝေးက အမည်းတွေကို အကြောင်းမဲ့ (ေ-ာက်မြင် ကပ်လို့ကို ) lynch လို့ခေါ်တဲ့ လမ်းလယ်ခေါင်မှာ ကားစင်တင် သတ်ပစ်တာတို့ ဘာတို့ကို အမှန်အတိုင်း သင်ပါတယ်။ “ဒါကို မင်းတို့ ဒီခေတ်ကနေ ကြည့်တော့ ဘယ်လို ထင်သလဲ။ ဘယ်လို ခံစားရ သလဲ” လို့ ဆရာက မေးရင် ကျောင်းသားတွေ ပွားကြပေရော့ပဲ။ မပွားရင် ပွားမှတ်ကိုမရတာမို့ ကျနော်လည်း မြန်မာပြည်မှာ အနော်ရထာမင်း လက်ထက်တုန်းက ရှိခဲ့ဖူးတဲ့ ကျွန်စနစ်က ဘယ်သို့ဘယ်ညာ ( comparatively လူသားဆန်ပြီး ဂရုဏာတရား ပိုရှိ ) ဆိုပြီး ဝင်ပွားရတတ်ပါတယ်။ နောက်ပြီးတော့ ဥပမာ၊ American Media အကြောင်းသင်တဲ့ အတန်း ဆိုပါတော့။ American Media Industry ဟာ အမြတ်ရဖို့လောက်ပဲ သိတဲ့ Rupert Murdoch တို့လို သူဌေးကြီး (၆) ယောက် လက်ထဲမှာ ကျရောက် နေတဲ့ အကြောင်း၊ ဒီမိုကရေစီစနစ်ရဲ့ မီဒီယာမှာလည်း ဒီစနစ်ဖက်ကို ဘက်လိုက်ရေးသားတာ ( bias ) ရှိတဲ့ အကြောင်း၊ First Amendment ရဲ့ ကောင်းကျိုး ဆိုးကျိုးများ အကြောင်း စသည်အားဖြင့် အင်မတန် လွတ်လပ်စွာ သင်ပါတယ်။
( စာလည်း တော်တော် ရှည်သွားပြီ။ ဆရာကြီးလုပ်သလိုလည်း ဖြစ်နေပြီ။ နားလိုက်ဦးမှ ပါပဲ။ ကျနော်က ဒီက လူလို ဖြစ်နေလို့ financial aid, loan တွေ အကြောင်းပဲ သိပြီး မြန်မာပြည်က ကျောင်းလာတက်ချင်တဲ့လူတွေ အတွက် scholarship ရရှိနိုင်မှု အခြေအနေကို မသိပါ။ နောင်များ သိရင် ရေးပါဦးမယ်။ ဒီက အခြေအနေကို ဒီထက် အသေးစိတ် သိချင်သူ မည်သည့် မြန်မာနိုင်ငံသား မဆို ကျနော့်ထံ email ရေးပို့ မေးမြန်းနိုင်ပါတယ်။ ကျနော့် email က ayekyawzan@gmail.com ဖြစ်ပါတယ် ခင်ဗျား။ )
တဆင့်ပြီး တဆင့်ကျိုးစားပြီးဘ၀ရဲ့အောင်မြင်မှုရရှိခဲ့ပုံလေးက
ReplyDeleteအရမ်းကိုစိတ်ဝင်စားဖို့ကောင်းနေပါတယ်အကိုရေ
အကိုကျိုးစားခဲ့ပုံလေးတွေနဲ့ အမေရိကန်ပညာရေး ကိုဗဟုသုတဖြစ်စေ
အောင်ရေးသားဖော်ပြထားပုံလေးကလဲ မသိသေးတဲ့အရာကိုသိခဲ့ရလို့
ကျေးဇူးပါအကိုရေ--------လေရူးသုန်သုန်၊ ခန်းဆောင်နီ အိပ်မက်၊ ရွှေပြည်တော် မျှော်တိုင်းဝေး၊ ကို အလည်တန်းတက်စမှာပဲ မေမေ
ကဖတ်သင့်တဲ့စာအုပ်ဆိုပြီးဖတ်ခိုင်းပါတယ် လေရူးသုန်သုန်ကိုတော့ဒီနေ့ထိစိတ်ထဲစွဲနေတုန်းပါပဲရှင်-----စိတ်ဝင်စားဖို့ကောင်းတဲ့ပိုစ့်လေးအတွက်ကျေးဇူးတင်ပါတယ်အကို
@ jasmine(တောင်ကြီး) - ဟုတ်တယ်။ ကျနော်လည်း လေရူးသုန်သုန် ကို တော်တော်ကြိုက်တယ်။ မာဂရက်မစ်ချယ်က အမျိုးသမီးတန်မဲ့ တောင်ပိုင်း- မြောက်ပိုင်း တိုက်ကြတဲ့ စစ်မြေပြင်အကြောင်း ရေးထားလိုက်တာများ လက်ဖျားခါလောက်တယ်။
Deleteမသိသေးတဲ့ အရာများစွာကိုသိခဲ့ရပါတယ်ဗျာ
ReplyDeleteလာလည်တာ၊ ကော့မန့်ပါ ရေးသွားပေးခဲ့တာ အတွက် ကျေးဇူးပါဗျ..း))
Deleteစိတ်ဝင်စားဖို့ သိပ်ကောင်းပါတယ် ။ အခုလိုဝေမျှ ရေးသားပေးတာ ကျေးဇူးပါ။
ReplyDeleteကျေးဇူးတင်ပါတယ်ဗျာ..း))
Deleteမန်းလေးမှာရှိလား SAT
DeleteReally thank you so much for sharing your inspiring and interesting article.This is an article that everyone should read.
ReplyDeleteThanks a lot, bro! :))
DeleteHi brother,
ReplyDeleteIt's my pleasure to read the posts u uploaded. I am really interested in ur life also. I will try to explore as much as possible from ur blog n will tell my daughters in regard to ur attempts as a true story.
It's amazing to understand how u become successful from a handicap in myanmar to a joyful person in US.
Appreciate ur sharing abt ur experiences n we all assure to support u.
Best regards,
Aung
Is it really your life? i interest. Can i attend unicersity in america without my parents support. I want to tr y university fees with my my part time job or somethings. Can i?
ReplyDeleteအများကြီးကျေးဇူးတင်ပါတယ်..
ReplyDeleteအမေရိကန် ပညာရေးစနစ် ကို သူလို ကိုယ်လို နားလည်နိုင်အောင်ရေးထားတာမျိုးရှာနေတာ..
detail info မေးချင်ရင် ဘယ်က ဆက်သွယ်လို့ရမလဲ ..