Sunday, February 12, 2012

အမေရိကန် အရင်းရှင်စနစ်အကြောင်း ကျနော်ကြားမိသမျှ

 ( တစ် )

( စကားဦး။ ။ ဒီစာဟာ အမေရိကန် စီးပွားရေး ပညာရှင် ပါမောက္ခ Prof. Richard Wolff ရဲ့ “Capitalism Hits the Fan” ဆိုတဲ့ ဟောပြောချက် ( lecture ) ကို လိုရင်းလောက် ဘာသာပြန်ထားတာ ဖြစ်ပါတယ်။ မဖြတ် မတောက်ဘဲနဲ့ ဆိုရင် သူ့မူရင်းက ဟောပြောချိန် ၁း ၄၄ နာရီ၊ စာနဲ့ A4 ဆိုက်စက္ကူ ( ၁၄ ) မျက်နှာလောက် ရှိပါတယ်။ အဲဒီလောက် အရှည်ကြီးကို ကျနော် တလုံးချင်း word by word ဘာသာပြန်ရမှာ ပျင်းမိလို့၊ တချို့ ဟာတွေကို ကျနော်လည်း လုံးစေ့ပတ်စေ့ သိပ်နားမလည်လို့ သူပြောချင်တဲ့ အနှစ်ချုပ်ကိုပဲ ပြန်ဆိုထားတာ ဖြစ် ပါတယ်။ )




( ဟောပြောချက် အစ )
      
 “ကျနော်တို့ အမေရိကန် ပြည်ထောင်စုဟာ ကမ္ဘာ့စီးပွားရေး ဇာတ်ခုံပေါ်မှာ ကြီးမားတဲ့ အခန်း ကဏ္ဍကနေ ပါဝင်ကပြနေရတာနဲ့အညီ အမေရိကန် စီးပွားရေး ဘာတွေဖြစ်နေသလဲ၊ ကျနော်တို့ အခု ဘယ်အခြေဆိုက်နေ ကြသလဲ၊ ဒီအခြေကို ကျနော်တို့ ဘယ်လိုလုပ် ရောက်လာ ခဲ့ကြသလဲ၊ ကျနော်တို့ ဒီ အခြေကနေ ကော ဘယ်ဆီကို ဆက်သွားကြ၊ ရောက်ကြဦးမှာလဲ ဆိုတာတွေကို ဒီကနေ့ည ခင်ဗျားတို့ကို ကြိုးစားပြီး ပြောကြည့်ဦးမယ်လို့ ကျနော် စဉ်းစားထားပါတယ်။


ဒီစီးပွားရေး အကျပ်အတည်းဟာ ဒီ ( ၃ ) ခုတော့ မဟုတ်
( 3 Things the Economic Crisis Is Not )
       
ကျနော့် ဘဝတသက်တာလုံး မြင်ဖူးသမျှထဲမှာ ဒီ စီးပွားရေး အကျပ်အတည်းဟာ အဆိုးရွားဆုံး၊ အပြင်းထန်ဆုံး ပါပဲ။ ကိုင်း.. အခု ဒီ စီးပွားရေးအကျပ်အတည်းသည် “ဘာတော့ မဟုတ်ဘူး” ဆိုတာနဲ့ ကျနော် စ လိုက်ပါ ရစေ..။ ( တစ် ) ဒါသည် ဘဏ္ဍာရေး အကျပ်အတည်းတရပ် မဟုတ်ပါဘူး။  ( It’s not a financial crisis. ) ဒါကို လူတွေက တချိန်လုံး ဒီနာမည်နဲ့ပဲ ခေါ်နေကြပေမဲ့ ဒီ အချင်းအရာကို ဘဏ္ဍာရေး အကျပ် အတည်း လို့ခေါ်ရင် အဓိပ္ပါယ် မရှိပါဘူး။ ခင်ဗျားတို့ လည်း သိကြမှာ ဖြစ်တဲ့ အတိုင်း ဒါဟာ ကျနော်တို့ အမေရိကန် ပြည်ထောင်စုရဲ့ အရင်းရှင် စနစ်ကြီး တခုလုံးဆီကနေ  လာတာ ဖြစ်ပါတယ်။ ဘဏ်တွေဆီကနေ လာတာ၊ ဘဏ်တွေက စခဲ့ ကြတာ မဟုတ်ပါဘူး။ အဲဒါဟာ ဘဏ်အဝိုင်းအဝန်းလောက်မှာတင် ရှိနေတာမဟုတ်ပါဘူး။ အဲဒါဟာ ဘယ်အချိန် ဘယ်ကာလ မှာမှ၊ ဘယ်လိုနည်းနဲ့မှ၊ ခရက်ဒစ်ကတ်ဈေးကွက်၊ ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်းလောက်မှာတင် ကန့်သတ်ထားတဲ့ကိစ္စ မဟုတ်ခဲ့ပါဘူး။ ( အဲဒီထက် ကျယ်ပြန့် ပါတယ်။ )
      
( နှစ် ) ဒုတိယအချက်က ဒါဟာ ယာယီ မဟုတ်ပါဘူး။ ရိပ်ကနဲ ဖြတ်သန်းသွားတဲ့ အရာ၊ တိုတောင်းတဲ့အချိန် အတွင်းမှာ ပြီးသွားလိမ့်မဲ့ကိစ္စ မဟုတ်ပါဘူး။ ( The second thing it isn’t is temporary, or fleeting, or short. ) အဲဒီလို တွေးရင် စောစောတုန်းက “ဒါသည် ဘဏ္ဍာရေး ကိစ္စလောက် သာလျှင် ဖြစ်တယ်” လို့ တွေးတာ စိတ်ကူယဉ်ရာ ရောက်သလိုပဲ ကိုယ်လိုရာ၊ ကိုယ် ဖြစ်စေချင် တာကို တွေးတာသာလျှင် ဖြစ်ပါလိမ့်မယ်။ ဒါနဲ့ ပတ်သက်ပြီး ကျနော် သမိုင်းထဲက အဖြစ်အပျက် နှစ်ခုကို ထုတ်ပြပါရစေ။ ပထမတခုက အခု ကျနော်တို့ ဖြစ်နေတာနဲ့ ကွက်တိနှိုင်းယှဉ်လို့ရတဲ့ ၁၉၃၀ စီးပွားပျက် ကပ်ကြီးပါ။ အဲဒီ စီးပွားပျက်ကပ်ဟာ ၁၉၂၉ လောက်မှာ ဗုံး ပေါက်ကွဲသလို ပေါက်ကွဲခဲ့ ပါတယ်။ အဲဒီ အချိန် ကနေ ၁၉၃၉ အထိ၊ သမ္မတဟူးဗား နဲ့ ရုစဗဲ့တို့ရဲ့ သမ္မတသက်တမ်း နှစ်ဆက်၊ ၁၀ နှစ်တိုင်တိုင် အခု ဝါရှင်တန် ( ဒီစီ ) မှာ လုပ်နေတာတွေနဲ့ တထပ်တည်းနီးပါး အတူတူလောက် ဖြစ်တဲ့   မြောက်မြားလှစွာသော ငွေကြေး၊ ဘဏ္ဍာရေး အစီအမံ တွေကို ပြုလုပ် ခဲ့ကြပါတယ်။ ဒါပေမဲ့ တခုမှ အလုပ် မဖြစ်၊ မအောင်မြင်ခဲ့ပါဘူး။ ကျနော်တို့ နိုင်ငံဟာ ဆယ်နှစ်လုံး အဲဒီ စီးပွားပျက်ကပ် ကနေ ရုန်းမထွက် နိုင်ခဲ့ ပါဘူး။ အဲဒီလိုနဲ့ နောက်ဆုံး အဲဒီ စီးပွားရေး အကျပ်အတည်း ကနေ ကျနော်တို့ကို ဆွဲထုတ် သွားခဲ့တာက လိမ်မာရေးခြားရှိတဲ့ မူဝါဒ တချို့ မဟုတ်ခဲ့ ပါဘူး။ ကျနော်တို့ကို ဆွဲထုတ်သွားခဲ့တာက လူ့အဖွဲ့အစည်းရဲ့ မဟာ အပြောင်းအလဲကြီး ဖြစ်တဲ့ “ဒုတိယ ကမ္ဘာစစ်ကြီး” ပါ။ ဒီလို ပြောတော့ ခင်ဗျားတို့က ဘယ်ပေါ်လစီ နဲ့မှ ဆေးမတိုးတဲ့ စီးပွားပျက်ကပ် တွေဟာ ရှေးရှေးတုန်းက ဖြစ်ခဲ့တာတွေပါလို့ ထင်နေကြမှာစိုးလို့ ကျနော့်ကို နောက် ဥပမာတခုကို ပြခွင့် ပြုပါ။  
       
၁၉၈၉ ခုနှစ်မှာ ကမ္ဘာပေါ်မှာ ဒုတိယအရေးအပါဆုံး စက်မှုနိုင်ငံ ဖြစ်တဲ့ ဂျပန်နိုင်ငံဟာ စီးပွားရေး ဆုတ်ယုတ်မှု လက္ခဏာတွေနဲ့ ကြုံတွေ့လာခဲ့ရ ပါတယ်။ အတော် ပြင်းပြင်းထန်ထန်ပါပဲ။ အခု ၁၈ နှစ်ကျော် လာခဲ့ပြီ။ Mr. Paulson နဲ့ Mr. Bernanke တို့ ကြိုးစားထားတဲ့ စီးပွားပျက်ကပ်ကုသရေး ဆေးနည်းစာရင်း ထဲ မှာ ပါလာသမျှ ငွေကြေး နဲ့ဘဏ္ဍာမူဝါဒတိုင်းကို တခုပြီးတခု ပြောင်းသုံး စမ်းကြည့်ခဲ့ပြီး ပေမဲ့လည်း ဂျပန်ဟာ အဲဒီ စီးပွားရေး ဆုတ်ယုတ်မှု ထဲ ရှိနေသေးဆဲပါ။ ဒါကြောင့် ဒါဟာ V- shaped ပုံစံနဲ့ ခပ်တိုတိုကာလမှာ ပြီးသွားမဲ့ ကိစ္စ၊  U- shaped ပုံစံနဲ့ ပြန်လည် ဦးမောလာမဲ့ ကိစ္စလို့ ထင်တာဟာ စိတ်ကူးယဉ်ပြီး ကိုယ်လိုရာ တွေးတဲ့ မျှော်လင့်ချက် တွေသာ ဖြစ်ပါတယ်။
      
( သုံး ) တတိယ အချက်ကတော့ ဒီ စီးပွားရေး အကျပ်အတည်း ဟာ လျှင်မြန်စွာနဲ့ လွယ်လင့်တကူ ပြင်ဆင် လို့ရတဲ့ အကျပ်အတည်းမျိုး မဟုတ်ပါဘူး။ ( The third thing it isn’t is quickly and easily fixable. ) အဲဒါ ကို ကျနော်တို့ မြင်ခဲ့ရပြီးပါပြီ။ လွန်ခဲ့တဲ့နှစ် နွေရာသီ Bear Sterns ( ဘဏ် / ငွေကြေးဆိုင်ရာ ကုမ္ပဏီ တခု ) အရေးက စလို့ အမေရိကန် ပြည်ထောင်စု အစိုးရဟာ ငွေကြေးမူဝါဒတွေကို တခုပြီး တခု စမ်းသပ်ကြည့် နေ ခဲ့ပါတယ်။ ပထမ ဘဏ် အတိုးနှန်း လျှော့ချ ကြည့်တယ်။ နောက် အမေရိကန် စီးပွားရေးလောက ကို ငွေအများ ကြီးထုတ်ပေးကြည့်တယ်။ ခင်ဗျားတို့ မှတ်မိ ကြမှာပါ။ လွန်ခဲ့တဲ့နှစ် နွေရာသီတုန်းက စီးပွားရေးကို နှိုးဆွပေးတဲ့ အနေနဲ့ ဘုရှ်အစိုးရက မိမိတို့ရဲ့ အခွန်ငွေပေးသွင်းမှုထဲက ဒေါ်လာ ၃၀၀၊ သို့မဟုတ် ၆၀၀ ပြန်အမ်း ပေးတာကို ခင်ဗျားတို့ထဲက လူအတော်များများ ရဖူးလိုက်ကြမှာပါ။ ဒါပေမဲ့ အစပိုင်းမှာ လေကြီးမိုးကြီးနဲ့ တော်တော်ပဲ ဟုတ်တော့မလိုလို လက်ရှိအခက်အခဲ ကြီးကို ဖြေရှင်းပေးနိုင်မယ်ဆိုတဲ့ ဒီ မူဝါဒတွေဟာ အဆုံးမှာ မအောင်မြင်ခဲ့တာ ချည်း တွေ့ရ ပါတယ်။ ရှေ့ကတခု မအောင်မြင်တာကို  နောက်က လိုက်လာတဲ့ တခုက ခြေလှမ်း ပိုကျယ်လာတာနဲ့ သိနိုင်ပါတယ်။ ဒါကြောင့်မို့လို့ အလျှင်အမြန် တည့်မတ် ပြင်ဆင်နိုင်မှု၊ ဒါမှမဟုတ် အတိုးနှုန်းလျှော့ချမှု၊ ဒါမှမဟုတ် ငွေထုတ်ကြီး ပုံအောပေးမှု၊ အိုဘားမား အစိုးရက အခုစဉ်းစားနေတဲ့စီးပွားရေး ကို နှိုးဆွရေး အစီအစဉ်သစ်တွေ အားလုံးဟာ အင်အားနည်းလွန်းပြီး အချိန်နှောင်းလွန်းနေပါပြီ။ ဒီထက်ပိုကြီး တဲ့ တခုခု၊ ဒီထက် ပိုတာသွားမဲ့ တခုခုကို လုပ်ရတော့မှာ ဖြစ်ပါတယ်။  


ကျနော်တို့ရဲ့လာရာလမ်း။ ။“အမေရိကန်နိုင်ငံသည် သူတထူးနဲ့မတူ၊ သီးးခြား ပြည့်စုံသော နိုင်ငံတော် ဖြစ်၏” ( How We Got Here: American Exceptionalism )


ကဲ.. အဲဒီတော့ကာ ဒီအကျပ်အတည်းကြီး ထွက်ပေါ်လာခဲ့ရာ သမိုင်းအခင်းအကျင်းလို့ ကျနော် နားလည်မိတဲ့ဟာကို ကျနော် အခု စတင်ပြီး ပြောပါရစေ။ ဒီပြဿနာဟာ ဘယ်လောက် ကြီးမားကျယ်ပြန့် တယ်၊ ဘယ်လောက် နက်ရှိုင်းတယ်၊ ဘယ်လောက် လေးနက်တယ် ဆိုတာကို နားလည်နိုင်ဖို့ အတွက် ခင်ဗျားတို့ အနေနဲ့လည်း ဒါကို သိထားဖို့ လိုတယ်လို့ ကျနော် ထင်ပါတယ်။
     
အဲဒီလို နားလည်နိုင်ဖို့ဆိုရင် ကျနော်တို့တတွေဟာ ၁၈၂၀ ကနေ ၁၉၇၀ ကာလ များဆီကို ခဏလောက် သွား ကြည့်ကြ ပါစို့..။ ဒါ နှစ်ပေါင်း ၁၅၀ တိုင်တိုင် ကျနော်တို့ ကမ္ဘာမှာ၊ ကျနော်တို့ တိုင်းပြည် မှာ ဖြစ်နေနိုင်ခဲ့ တာဟာ တကယ် အံ့ဩစရာကြီးပါ။ ဘယ်လို၊ ဘာ့ကြောင့် အံဩစရာ ကောင်း တာလဲ။ ဟောဒီမှာပါ။ ( Power-point data presentation ) ဒီကာလ တလျှောက်လုံး၊ ၁၈၂၀ မှ ၁၉၇၀ အထိ ဆယ်စုနှစ်တိုင်းမှာ အမေရိကန် အလုပ်သမား များဟာ ( ခေတ်နဲ့ လျော်ညီတဲ့ ) လုပ်ခလစာ တိုးမြင့်ပေးမှုကို ခံစားခွင့် ရှိခဲ့ ကြပါတယ်။ ဘယ်လောက်ထိလဲ ဆိုရင် စီးပွားပျက်ကပ်ကာလ ဖြစ်တဲ့ ၁၉၃၀ - စုနှစ်များမှာတောင် ဒီ ဥပဒေသက မမှားခဲ့ပါ ဘူး။ အဲဒီခေတ်တုန်းက လုပ်ခလစာ လျော့နည်းသွားရင် ကုန်ပစ္စည်း ဈေးနှုန်းက ပိုလို့ လျော့နည်းသွား တတ်ပါ တယ်။ ဒါဟာ ကမ္ဘာ့သမိုင်းမှာ အဲဒီလို အဖြစ်မျိုး ရှိတယ်လို့ ပြောလို့ရတဲ့ တခုတည်းသော လူ့အဖွဲ့အစည်းလို့ တောင်မှ ပြောနိုင်ပါတယ်။ အဲဒါက ဒီ အမေရိကန် ပြည်ထောင်စုရဲ့ ထူးခြားချက်ပါ။ ဒီအခြင်းအရာက ကမ္ဘာ့နိုင်ငံ အရပ်ရပ်က လူတွေကို ဒီတိုင်းပြည်ထဲ လူလှိုင်းလုံးကြီးများ သဖွယ် ဝင်လာဖို့ ဆွဲဆောင်ခဲ့ပါတယ်။ ဒါဟာ အမေရိကန် ပြည်တွင်းစစ် ( ၁၈၆၁- ၆၅ ) နောက်ပိုင်းမှာ ပို ဖြစ်ခဲ့ပေမဲ့ ဒီ မတိုင်ခင် ခပ်စောစော ကာလ ကတည်းက ရှိနေခဲ့တာပါ။
      
တကယ်တော့ ဒီတိုင်းပြည်ဟာ သိပ်ပြီးတော့ကို ကြွယ်ဝ ပြည့်စုံတဲ့ တိုင်းပြည်ပါ။ မြေဆီ မြေဩဇာမှာ ချမ်းသာတယ် ( ကောင်းမွန်တယ် )။ ရာသီဥတုမှာ ချမ်းသာတယ်။ ဒီနိုင်ငံကို လူလှိုင်းလုံးကြီး သဖွယ် ရောက်လာကြသူတွေဟာ ဒီမြေပေါ်က ဒေသခံ တိုင်းရင်းသားတွေကို မောင်းထုတ် လိုက်ကြပြီးကြချိန်မှာ  ဒီနိုင်ငံဟာ အင်မတန် လုပ်ကိုင်စားသောက်ဖို့ကောင်း တဲ့ မြေတွေ ပေါများ လှပါကလားလို့ တွေ့ရှိလာခဲ့ ကြပါတယ်။ ဒီလို အကြောင်းကြောင်းတွေကြောင့် ကျနော်တို့ နိုင်ငံက အလုပ်သမားတွေက နှစ်ပေါင်း ၁၅၀ တိုင်အောင် လူနေမှု အဆင့်အတန်း ပုံမှန် မြင့်တက်နေမှုကို ခံစားနိုင်ခဲ့ကြ ပါတယ်။ အဲဒီအချိန်ဟာ အမေရိကန် အလုပ်သမားတွေရဲ့ ကုန်ထုတ်လုပ်မှု စွမ်းရည် မြင့်တက်ခဲ့ချိန်လည်း ဖြစ်ပါတယ်။ အလုပ်သမားတိုင်းအတွက် စက်တွေလည်း ကိုယ်စီကိုယ်စီ ပိုတပ်ဆင်ပေးနိုင်ခဲ့ပါတယ်။ သူတို့ကို သင်တန်းတွေပေးတယ်။ မြန်မြန် အလုပ် တွင်ကျယ်ရေးဟာ တောင်းဆိုချက် ဖြစ်လာခဲ့ပါတယ်။ အလုပ်သမားတွေက ပိုအလုပ်လုပ် နိုင်လာပြီးတော့ သူတို့ရဲ့ အလုပ်ကြိုးစားပမ်းစား လုပ်မှုအတွက်လည်း သူတို့ဟာ လုပ်ခပိုရပြီး၊ လူနေမှု အဆင့်အတန်း မြင့်မား လာတဲ့ ဆုလာဘ် ကို ရရှိ ခံစားနိုင်ခဲ့ကြပါတယ်။ ဒါက အမေရိကန် ပြည်ထောင်စု ရဲ့ ပုံရိပ်ကို ပြောင်းလဲစေ ခဲ့တာ ခင်ဗျားတို့လည်း သိပါတယ်။ ဒီအချက်ဟာ အရေးကြီးပါတယ်။ ဘာလို့လဲ ဆိုတော့ ဒီအချက်က ကျနော်တို့ အခု ကြုံနေရတဲ့ ပြဿနာကို ရှင်းပြမှာ မို့ပါပဲ။
      
ဘာမှ အံ့ဩစရာ မရှိပါဘူး။ ဒီ လူနေမှု အဆင့်အတန်း ပုံမှန် မြင့်မားလာနေမှုကို လက်ငင်း လက်လှမ်းမီ နိုင်ခဲ့ကြတဲ့ ကျနော်တို့ရဲ့နိုင်ငံသားတွေဟာ ဘဝကို အောင်မြင်တဲ့ဖက်ကနေ အဓိပ္ပါယ်ဖွင့်ဆိုခဲ့ကြပါတယ်။ အဲဒါ ကတော့ “ဒီ အမေရိကန်နိုင်ငံဟာ သူတထူးနဲ့ မတူ၊ သီးခြား ပြည့်စုံသော နိုင်ငံတော်ဖြစ်၏” ဆိုတဲ့ သိမှတ်မှု အပေါ် အခြေခံတဲ့ ( ပြည်ချစ် ) ဝါဒ ပဲ ဖြစ်ပါတယ်။
      
ဒီတော့ သူတို့က ဒီလိုမျိုး ပုံမှန် ဖြစ်လာလိမ့်မယ်လို့ တွေးလာကြပါတယ်။ “ငါ့ သားသမီးဟာ ငါ့ထက် လူနေမှု အဆင့်အတန်း မြင့်မြင့်နဲ့ နေနိုင်ပေလိမ့်မယ်”၊ “ငါ့မြေးတွေက သူတို့ မိဘထက် ပိုသာကြပေလိမ့် မယ်” - အဲဒါဟာ ဒီတိုင်းပြည်ရဲ့ လူနေမှု အဆင့်အတန်းနဲ့ ပတ်သက်ပြီး တည်ဆောက်ပြီးသားလို ဖြစ်လာခဲ့တဲ့ အမြင်တခုပါ။ ဒါကို ခင်ဗျားဝယ်နိုင်တဲ့ အဝတ်အစား၊ ခင်ဗျား နေနိုင်တဲ့အိမ်၊ ခင်ဗျား ဝယ်နိုင်တဲ့ကား၊ ခင်ဗျားရဲ့ လူပုဂ္ဂိုလ်တယောက် အဖြစ် တန်ဖိုး၊ ခင်ဗျားရဲ့ အောင်မြင်မှု စတာတွေနဲ့ ကိုယ်တိုင်နှိုင်းယှဉ်ပြီး တိုင်းထွာကြည့် လိုက်တော့ အကုန်ဟုတ် ( အကျိုးသင့် အကြောင်းသင့်ရှိ ) နေခဲ့တာ ချည်းပါပဲ။ ဒါဟာ အမေရိကန်တွေရဲ့ ဘဝ အရည်အသွေး ဖြစ်လာခဲ့ပါတယ်။
      
ခင်ဗျားတို့အနေနဲ့ ကျနော်တို့ အမေရိကန်တွေရဲ့ “စားသုံးမှု ဝါဒ” အခြေခံကို နားလည်ပြီးသား ဖြစ်ကြ မယ် လို့ ထင်ပါ တယ်။ ကျနော်တို့ဟာ လူနေမှုအဆင့်အတန်း မြင့်မားစေတဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုကို ဝယ်နိုင်တယ်၊ တတ်နိုင်တယ်၊ ရအောင် လုပ်နိုင်တယ်ဆိုတဲ့ ( အနည်းဆုံး အဲသလို အထင် ရောက်နေတဲ့ ) လူ့ အဖွဲ့အစည်း တခု ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ကျနော်တို့ တိုင်းပြည်ဟာ “ကြော်ငြာလုပ်ငန်း” ( advertising ) စတင် ပေါက်ဖွားလာခဲ့ရာ တိုင်းပြည်၊ ကောင်းလား မကောင်းလားတော့ မသိ၊ အဲဒီ ပစ္စည်းကြော်ငြာတဲ့ အလေ့အထကို ကျန်ကမ္ဘာကို အမွေပေးခဲ့တဲ့ တိုင်းပြည် ဖြစ်လာခဲ့တာပါ။ ဘယ်လိုပဲ ဆိုဆို ကျနော်တို့ဟာ “စားသုံးရေးကို အားပေးတဲ့ လူ့အဖွဲ့အစည်း” ( ချွေတာဖို့ သတိမရတဲ့ တိုင်းပြည် ဟူလို ) တခု ဆိုတာတော့ အမှန်ပါ။ ကမ္ဘာပေါ်မှာ ကျနော်တို့ဟာ ခုထိ အဲဒီလို လူမျိုး အနေနဲ့ ရှိနေဆဲပါပဲ။
    

ရပ်တန့်ခိုင်း ခံရတဲ့ သမိုင်း။ ။ လုပ်ခလစာ တိုးမြင့်မှု ရပ်စဲပြီ
( History Interrupted: Wages Stop Rising )      
     
၁၉၇၀ - စုနှစ်များမှာတော့ နှစ်ပေါင်း ၁၅၀ တိုင် မှန်လာခဲ့တဲ့ သမိုင်း တခုဟာ ရပ်စဲသွားခဲ့ပါတော့တယ်။ လုပ်ခ လစာ တိုးမြှင့်ပေးမှုဟာ ၁၉၇၀ ပြည့်လွန်နှစ်များကတည်းက ရပ်ဆိုင်းသွားလိုက်တာ အခုထိ ဒါကို ပြန် အစ မဖော်ကြတော့ပါဘူး။ ဒါဟာ ကျနော်တို့ လူတွေ အများစုက သိပ် သတိမပြုမိကောင်း မပြုမိကြသေးပုံရတဲ့ အခြေခံ အပြောင်းအလဲကြီး တခု ဖြစ်ပါတယ်။ ကျနော်တို့ လူတွေဟာ ( အသစ်ပေါ်ရင် ဝယ်မယ်ဆိုတဲ့ ) အမေရိကန် စားသုံးမှုဝါဒ ယဉ်ကျေးမှုကို အလွယ်တကူ စွန့်လွှတ်ကြလိမ့်မယ် လို့များ ထင်မိပါသလား။ သူတို့အနေနဲ့ “ငါ ငါ့ဝင်ငွေ၊ ငါ့ ပိုင်ဆိုင်မှု နဲ့ ငါ့တန်ဖိုးကို ဆန်းစစ်ကြည့်ဦးမှပါပဲ။ ငါ့မှာက အခြားနည်း မရှိရင် လူနေမှု အဆင့်အတန်း မြင့်မြင့် နေဖို့ ဆိုတာ မဖြစ်နိုင်တော့ဘူး” လို့များ တွေးလိမ့်မယ် ထင်ပါသလား။ ကျနော်တို့ရဲ့ လက်တွေ့ သမိုင်းအရ ကိုယ့်လူတွေက “စားသုံးမှုဝါဒ” ယဉ်ကျေးမှု ကိုတော့ ဖြင့် မစွန့်လွှတ် ခဲ့ကြပါဘူး။ သူတို့မှာ အဲဒီ အကျင့်ကို မစွန့်ဘဲ နေဖို့ဆိုရင် အခြားနည်းတခုကို ရှာရ ပါတော့မယ်။ ဟုတ်ကဲ့။ သူတို့ အခြားနည်း တခု ရှာခဲ့၊ တွေ့ခဲ့ကြပါတယ်။ ဒါပေမဲ့ ကျနော်တို့ ရှေ့ဆက် မသွားသေးခင်မှာ ခင်ဗျားတို့ စိတ်ထဲမှာ ရှိနေမယ်လို့ ကျနော် ထင်မိတဲ့ မေးခွန်းလေးတခု ကို အရင် ဖြေကြည့် ပါရစေ။ ခင်ဗျားတို့ရဲ့ ရင်ထဲမှာ “ဒီ လုပ်ခ လစာ တောက်လျှောက် တိုးလာနေခဲ့တဲ့ အစဉ်အလာဟာ ဘာဖြစ်လို့ ရပ်စဲသွားခဲ့ ရတာလဲ” ဆိုတဲ့ မေးခွန်း ရှိနေမှာပါ။ ဒါကို ကျနော် ဖြေရရင် အခြေခံအားဖြင့် အကြောင်းရင်း ( ၄ ) ချက် ရှိပါတယ်။
       
ပထမ အကြောင်းရင်း တခုက ကျနော်တို့ တိုင်းပြည်မှာ ရင်သပ်ရှုမော ဖြစ်လောက်စရာ နည်းပညာ အပြောင်းအလဲ တခု ပေါ်ပေါက်လာခဲ့ ခြင်းပါပဲ။ သူ့ကို “ကွန်ပြူတာ” လို့ ခေါ်ပါတယ်။ အဲဒီ ကွန်ပြူတာ ဆိုတာကြီးကြောင့် ၁၉၇၀ ပြည့်လွန် နှစ်တွေမှာ လူအများအပြား အလုပ်ကနေ ဖယ်ရှားခံခဲ့ကြရပါတယ်။ ကွန်ပြူတာ အော်ပရေတာ တယောက် နှစ်ယောက်လောက်က လူတရာစာလောက် အလုပ် လုပ်နိုင်ပေတာ ကိုး..။          
      
ဒုတိယ အချက်ကတော့ ၁၉၇၀ စုနှစ်များ အတွင်းမှာ အင်မတန်မှကို မြိုးမြိုးမြက်မြက်နဲ့ ကျေနပ်စရာ ရှိခဲ့ပေ တဲ့ ၁၉၄၅- ၁၉၇၅ ဒုတိယ ကမ္ဘာစစ်လွန် အမေရိကန် စန်းထချိန်ဟာ သက်တမ်း ကုန်ဆုံးသွားခဲ့ပါတယ်။ ဘာ ကြောင့်ပါလဲ။ အမေရိကန်ကို ပြိုင်နိုင်လောက်တဲ့ နိုင်ငံတွေက ဒုတိယ ကမ္ဘာစစ်ကြီး အတွင်းမှာ စစ်ဘေးဒါဏ် သင့်ပြီး စုတ်ပြတ် သွားခဲ့ ကြပါတယ်။ အဲဒီ အချိန်မှာ အမေရိကန်က ကိုယ့် ပြေ ကိုယ့်မြေမှာ စစ်ဒါဏ် မခံခဲ့ရတဲ့ တခုတည်း သောနိုင်ငံ ဖြစ်ခဲ့ပါတယ်။ အမေရိကန်က ကျန်ကမ္ဘာ အတွက် ပြိုင်ဖက် မရှိ ထုတ်လုပ်သူ ဖြစ်လာခဲ့ပါတယ်။
       
ဒါပေမဲ့ ၁၉၇၀ ပြည့်လွန် နှစ်တွေ လောက်မှာတော့ ဥရောပ နဲ့ ဂျပန် နိုင်ငံတွေဟာ စစ်ဘေးဒါဏ် သင့်ရာ ကနေ ရုန်းထလာတဲ့ အချိန်ကာလ ဖြစ်ခဲ့တယ်။ အဲဒီ နိုင်ငံတွေက အမေရိကန်ကို တည့်တည့် ကြီး ရင်ဆိုင် ယှဉ်ပြိုင်ဖို့ ဆိုတာ မလွယ်မှန်းသိကြတယ်။ ဒီတော့ အဲဒီလို ယှဉ်ပြိုင်ရာ မရောက်တဲ့ လုပ်ငန်းတွေကိုသာ ရွေး လုပ်ကြတယ်။ ဒါကြောင့် ကျနော်တို့ တိုင်းပြည်က ရုပ်မြင်သံကြားစက် မထုတ်လုပ်တာပါပဲ။ ( ဂျပန်က အမေရိကန် မထုတ်လုပ်တဲ့ဟာကို ထုတ်လုပ်တယ် လေ ) ဒီလို ကမ္ဘာပေါ်မှာ စက်မှုနိုင်ငံတွေ ပြန် ပေါ်လာကြ တော့ အမေရိကန် စီးပွား ရေးသမားတွေက ဒီလို တွက်ကြပါတယ်။ တကယ်လို့ သူတို့ကို မျိုးပြုတ်အောင် မဖြုတ်နိုင်ဘူး ဆိုရင် သူတို့နဲ့ ပေါင်းလုပ်ဖို့ပဲ ရှိတယ် ဆိုတာပါပဲ။ ဒီလိုနဲ့ အမေရိကန် ကုမ္ပဏီတွေဟာ နိုင်ငံခြားကို ရောက်တာတွေ ရောက်ကုန်ကြတယ်။ အမေရိကန် စီးပွားရေး လောကမှာ ဒီနှစ်ကာလတွေ အတွင်း ထူးခြားတာ နှစ်ခု ဖြစ်လာခဲ့ပါတယ်။ အလုပ်အကိုင်တွေ နိုင်ငံခြားကို ရောက်ကုန်လို့ အမေရိကန် အလုပ်သမားတွေ အတွက် နစ်နာဖို့ ဖြစ်လာတာရယ်၊ နောက်တခုက ၁၉၆၀-၇၀ နှစ်များအတွင်းမှာ အမျိုးသမီးတွေ အလုပ်ခွင်ထဲ ဝင်လာကြတာရယ် ဖြစ်ပါတယ်။  
      
စတုတ္ထ အချက်ကတော့ နိုင်ငံရပ်ခြားက ဝင်ရောက်လာသူ ( migrant workers ) လှိုင်းလုံးကြီးကြောင့်ပါပဲ။ အထူးသဖြင့် လက်တင် အမေရိက အလယ်ပိုင်း နိုင်ငံတွေက လူတွေ များပါတယ်။ ဒါပေမဲ့ တကမ္ဘာလုံးက လူတွေပါပဲ။ ဒီ migrant workers တွေ၊ အမျိုးသမီး အလုပ်သမ တွေ တိုးလာ နေချိန်မှာ ကွန်ပြူတာကျေးဇူးနဲ့ အလုပ်သမား လိုအပ်ချက် နည်းလာ၊ အလုပ်တွေ နိုင်ငံခြား ရောက်သွားလို့ အလုပ် နည်းလာပါတယ်။ ဒီတော့ အလုပ်သမား လုပ်ခ လစာ ကို တိုးပေးဖို့ မလို အပ်တော့ပါဘူး။


ဒါဏ်ရာကို ကုစားခြင်း။ ။ အမေရိကန် ပြည်သူတွေရဲ့ တုန့်ပြန်ချက်
( Coping with Trauma: the People’s Response )


အဲဒီလို ရှေးနှစ်ပေါင်း ( ၁၅၀ ) အတွင်း မဖြစ်ဖူးမြဲကိစ္စ - လုပ်ခလစာ တိုးမပေးတော့ဘူး ဆိုတာ ဖြစ်လာတော့ ဒီဥစ္စာက လူတွေကို ဒီပြဿနာအတွက် တနည်းနည်းနဲ့ ကိုင်တွယ်ဖြေရှင်းဖို့ ( တခုခုတော့ ရွေးဖို့ ) တွန်းပို့ လိုက်ပါ တယ်။ ဒါကို ကျနော် နှစ်ပိုင်း ခွဲ ပြီး ပြောပါမယ်။ လုပ်ခ တိုးမြင့်မှု ရပ်စဲသွားတဲ့ နောက် အလုပ်လုပ်တဲ့ ပြည်သူတွေဖက်က ဘယ်လိုလုပ်လာကြသလဲ ဆိုတာရယ်၊ ပြီးတော့ လုပ်ငန်းရှင်အသိုင်းအဝိုင်းက ဘာလုပ်လာ သလဲ ဆိုတာရယ်တွေဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုရင် ဒီ အုပ်စု ( ၂ ) စုရဲ့ တုန့်ပြန်ကြပုံတွေထဲမှာ ကျနော် တို့ အခု လက်ငင်း ကြုံတွေ့ နေရတဲ့ အကျပ်အတည်း ရဲ့ ကုန်ကြမ်း အမယ်တွေ ပါဝင်နေလို့ပါပဲ။

ဒီတော့ ပြည်သူ့ဖက်က ဒါကို ဘယ်လို ဖြေရှင်းခဲ့ သလဲ ဆိုတာနဲ့ စလိုက် ပါရစေ..။ ပထမ တချက် အနေနဲ့ အမေရိကန် အလုပ်သမား လူတန်းစားဟာ အလုပ် ပို လုပ်လုပ်ကြပါတယ်။ တကယ်လို့ ခင်ဗျား တနာရီမှာ ရတဲ့ လုပ်ခလစာ က နှုန်းထားအသေ ဆိုရင် ခင်ဗျား ဖြေရှင်းနိုင်တဲ့နည်းလမ်းက နာရီ ပို လုပ်ဖို့ပဲ ရှိတယ်။ အိမ်ရှိ လူကုန် အပြင်ထွက်ပြီး နာရီ များများ အလုပ် လုပ်၊ အမေရိကန် အလုပ်သမား လူတန်းစားက အဲဒါ လုပ်ခဲ့ပါတယ်။

၁၉၇၀ ပြည့်လွန်နှစ်တွေကနေ ယခုအချိန်အတွင်းမှာ အမေရိကန်တွေရဲ့ တနှစ် အလုပ်လုပ်ချိန် နာရီပေါင်းဟာ ၂၀% တိုးမြင့်လာပါတယ်။ ( Power-point presentation ပြသည် ) အဲဒီ နှုန်းထား၊ ကိန်းဂဏန်းဟာ များလှပါ တယ်။ ကျနော်တို့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ တုန်းကထက်စာရင် နာရီပေါင်း ၂၀ % ပို အလုပ် လုပ်လာကြရ တာ ဖြစ်ပါတယ်။ နှိုင်းယှဉ်ချက်အနေနဲ့ ပြောရရင် ဥပမာအားဖြင့် ပြင်သစ်၊ ဂျာမနီ၊ အီတလီ စတဲ့ ဥရောပ နိုင်ငံ တွေမှာတော့ ဒီ ကာလအတူတူ အတွင်းမှာ သူတို့က ပျမ်းမျှ လူတယောက် အလုပ်လုပ်ချိန် နာရီပေါင်း ၂၀% လောက် လျော့နည်းသွားပါတယ်။

ကံကောင်းထောက်မလို့ နွေရာသီအားလပ်ရက်မှာ ဥရောပရောက်သွားကြတဲ့ အမေရိကန်တွေဟာ အဲဒီကလူတွေက ပိုမို လူဆန်တဲ့လမ်းကြောင်းမှာ နေနိုင်ကြတာကိုမြင်ကြရလို့ ခေါင်းကုတ်ပြီး ပြည်တော် ကို ပြန်လာ ကြပါ တယ်။ အဲဒါဟာ ဘာမှ မထူးဆန်းပါဘူး။ အမေရိကန်တွေက ကုန်းရုန်းပြီး အလုပ်လုပ်ကြ (ရ) ပါတယ်။ ကမ္ဘာပေါ်မှာ ကျန်တဲ့ စက်မှုကမ္ဘာက အဲသလောက် အလုပ် မလုပ်ပါဘူး။ သူတို့မှာ ထမင်း (အစာ) ကို စိမ်ပြေ နပြေ စားနေဖို့ အချိန် ရှိကြပါတယ်။ ကျနော်တို့ အမေရိကန်တွေကတော့ အဲဒီအချိန်မှာ “ဆောလျှင်စာ” ( fast food ) တွေ တီထွင်ကောင်းနေတုန်း ပါပဲ။ အမေရိကန် မိသားစုတွေရဲ့ မျှော်လင့်ချက်က အိမ်မှာရှိသမျှ လူကုန် အပြင်ထွက် အလုပ်လုပ် ခြင်းဖြင့် မြင့်တက်လာတဲ့ စားသုံးမှုစရိတ်ကို တောင့်ခံထားဖို့ ဖြစ်လာပါတယ်။ တကယ်လို့ အမျိုးသမီးတယောက်ဟာ အိမ်မှုကိစ္စ လုပ်မနေတော့ဘဲ အလုပ်ခွင်ထဲ ဝင်တော့မယ်လို့ ဆုံးဖြတ် လိုက်ရင် သူ့မှာ အလုပ်နဲ့ ဟပ်စပ်တဲ့ ဝတ်စုံ လိုလာမယ်။ mass transportation သိပ် အားမကောင်းလှတဲ့ အမေရိကလို တိုင်းပြည်မှာ သူ့အတွက် ကိုယ်ပိုင်ကား ဆိုတာ လိုလာပါတယ်။ ဒါက ဘာကို ပြသလဲ ဆိုရင် အလုပ်ချိန် နာရီ ပိုလုပ်တာနဲ့ အမျှ ( ငွေ ပိုဝင်သလို ) ကုန်ကျစရိတ်၊ စားသုံးမှုလည်း တဖက်က ပိုကြီးလာ တယ် ဆိုတာပါ။ ဒီလို အလုပ် ( နာရီ ) ပို လုပ်တဲ့ နည်းနဲ့မှ သိပ် အဆင်မပြေသေးဘူး၊ မလောက်ငှ သေးဘူးဆိုရင် သူတို့ ဒုတိယနည်းလမ်း တခု အနေနဲ့ ဘာထပ် လုပ်နိုင်ပါသေးသလဲ။ ကောင်းပါပြီ။ အဲဒီ အဖြေကို ခင်ဗျားတို့ အားလုံးလည်း သိပြီးသားပါ။ ကမ္ဘာပေါ်မှာ၊ လူသားမျိုးနွယ်ရဲ့ သမိုင်းမှာ ဘယ်နိုင်ငံမှာမှ၊ ဘယ်အလုပ်သမား လူတန်းစားကမှ တခါမှ မလုပ်ခဲ့ဖူးတဲ့ကိစ္စ တခုကို အမေရိကန် အလုပ်သမား လူတန်းစားက ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ စလုပ်လာခဲ့ ပါတယ်။ ချေးငှားတာပါ။ အမေရိကန်တွေ စတင် ချေးငှားတတ်လာ ခဲ့ကြပါတယ်။

အစ ပထမ ပိုင်းမှာတော့ ငွေချေးငှားသူတွေ အကြိုက် အပေါင်ခံပစ္စည်း နဲ့ပါ။ အိမ်ကို အပေါင်ထားတာ၊ အိမ်ကို အကြွေးဝယ်တာ တွေ ရှိလာပါတယ်။ ခင်ဗျားတို့ မှတ်ထားဖို့က ဒီအကျပ်အတည်းကြီး ပေါ်ပေါက်လာ ခဲ့တာ ဟာ အိမ်အကြွေး ရောင်းဝယ်တဲ့လုပ်ငန်း ( mortage ) ရဲ့ ပါတ်ဝန်းကျင်မှာ ဆိုတာပါ။ ဒါပေမဲ့ အမေရိကန် အလုပ်သမား လူတန်းစားတွေဟာ တကယ်တော့ အိမ်ပေါင်နိုင်လောက်အောင်၊ အိမ်ပေါင်တဲ့ငွေနဲ့ စားလောက် အောင် ချမ်းသာကြတာ မဟုတ်ပါဘူး။ ဒီတော့ အပေါင်ခံပစ္စည်း လုံးဝ မပါဘဲနဲ့ ငွေချေးလို့ရမဲ့ နည်းလမ်းတခု တီထွင်ဖို့ လိုအပ်လာပါတယ်။ ငဲဒီ နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့ကြ ပါတယ်။ အဲဒီနည်းလမ်းက ခင်ဗျားတို့ရဲ့ လက်ကိုင် အိတ်ထဲမှာပါ။ အဲဒါကိုတော့ “အကြွေးဝယ်ကဒ်” ( Credit Card ) လို့ ခေါ်ပါတယ်။   ငွေချေးငှားတဲ့ လူတွေက ဘာအပေါင် ပစ္စည်းမှ မပါဘဲ ချေးငှား ထားရတာမို့ တနှစ် အတိုးနှုန်းက ( အနည်းဆုံး ) ၁၈% လောက်နဲ့ပါ။

အဲဒါက အမေရိကန်သမိုင်းမှာ နက်ရှိုင်းစွာ တည်ရှိနေတဲ့ ပြဿနာ တရပ်ကို ဖြေရှင်းပေးနိုင်ခဲ့ပေမဲ့ ၂၁ - ရာစု ဆန်းစ ဒီအချိန်မှာ ပြဿနာတရပ်ကိုလည်း ထုတ်လုပ်ခဲ့ပါတယ်။ အဲဒါကတော့ အလုပ်လုပ်ရလွန်းလို့ မောပန်း နုံးချိနေတဲ့ အလုပ်သမား လူတန်းစား၊ အိမ်ရှိ လူကုန် ထွက်ပြီး အလုပ်လုပ်ရလို့ ပုံပန်းပျက်ယွင်း သွားတဲ့ တသီး ပုဂ္ဂလိကဘဝ၊ နှစ်စဉ် ဝင်ငွေထက် နှစ်စဉ် အကြွေးကများသလို ဖြစ်နေတဲ့ အဆင့်ထဲ ရောက်နေတဲ့ ဒီလူ့ အဖွဲ့ အစည်း ဟာ ရှေ့ကို ဆက်မိုက်လို့ မရတော့တဲ့ ရေချိန်မှတ်တခုကို ရောက်နှင့် နေခဲ့ပြီ ဖြစ်ပါတယ်။ ဒီလူ့ အဖွဲ့အစည်းဟာ ဒီထက်ပိုပြီး အကြွေးယူလို့ မရတော့ပါဘူး။ ဒီထက် ပိုပြီး အလုပ်လုပ်ဖို့ ဆိုတာလည်း မဖြစ် နိုင်ပါဘူး။ ဒါကြောင့် ဒီပြဿနာဟာ ယာယီ မဟုတ်တာ ဖြစ်ပါတယ်။ ဒါဟာ လမ်းကြောင်းတခု ပေါ်က အစက်အပြောက်လေးတခု မဟုတ်ပါဘူး။ ကျနော်တို့ဟာ အရင်းရှင် စနစ်ရဲ့ အဆုံးစွန်သော ဘဝကို ရောက်ရှိ နေကြပြီ ဖြစ်ပါတယ်။  

ဒီ “ဒါဏ်ရာ ဒါဏ်ချက်” ( Trauma ) က စီးပွားရေးလုပ်ငန်းတွေ အတွက် ဘာအဓိပ္ပါယ်ဆောင်သလဲ
( The Meaning of the “Trauma” for Business )

ကဲ.. အခစီးပွားရေးလုပ်ငန်း အသိုင်းအဝန်းဖက်ကို ပြန်လှည့်ကြည့် ပါရစေ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော် ကာလဟာ စီးပွားရေး လုပ်ငန်းရှင်တွေ အဖို့ ကချင်ရာကခွင့်ရတဲ့ စင်မြင့် ဖျော်ဖြေပွဲ တခုလို့များ ဆိုရမလား။ အလုပ်သမားတွေအကြောင်း စိတ်မချမ်းသာစရာတွေ ကျနော် အိတ်သွန်ဖာမှောက် ပြောပြခဲ့ပြီးတဲ့ နောက် အခု သတင်းကောင်းတွေ ရှိတဲ့ ဖက်ကို လှည့်ကြည့် ကြပါဦးစို့ ..။ ကွန်ပြူတာတွေကို စတင် သုံးစွဲလာတာနဲ့ အတူ ကျနော်တို့ အလုပ်သမားတွေရဲ့ ကုန်ထုတ်လုပ် နိုင်စွမ်းဟာ ပိုပိုပြီး မြင့်မား လာခဲ့ပါတယ်။နှစ်စဉ် နှစ်တိုင်း ကျနော်တို့ အလုပ်သမားတွေဟာ ပိုမို ထုတ်လုပ် ခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒါအတွက် သူတို့ လုပ်ခလစာ ပိုရခဲ့ကြပါရဲ့လား။ ဟင့် အင်း.. ။ အရင် နှုန်းထား အတိုင်းပါပဲ။ မိတ်ဆွေများ ခင်ဗျား။ ဒီ အလုပ်ရှင် နဲ့ အလုပ် သမား ကြားက ဝင်ငွေ “ အကွာအဟ” ကို တော့ “အမြတ်” ( Profits ) လို့ ခေါ်ပါသဗျ။ ဒါကြောင့်မို့လို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်အတွင်း လုပ်ခလစာ မတက်လာဘဲ ကုန်ထုတ်စွမ်းအား တက်လာခဲ့ရာက ရရှိခဲ့တဲ့ အမြတ်အစွန်းဟာ အမေရိကန် အရင်းရှင်စနစ်နဲ့ အခြား ဘယ်အရင်းရှင်စနစ်ရဲ့ သမိုင်းမှာမဆို အကြီးကျယ်ဆုံး လို့ ဆိုနိုင်ပါတယ်။

ဒီ စီပွားရေး အကျပ်အတည်းဟာ Wall Street ရဲ့ အကျပ်ဆိုက်မှု မဟုတ်ပါဘူး။ ဒါဟာ Wall Street ( စတော့ ရှယ်ယာ ဈေးကွက် ) က Main Street ( စီးပွားရေးလုပ်ငန်းများ၊ စက်ရုံ / အလုပ်ရုံများရှိရာ လမ်းကျယ် လမ်းမ များ လို့ ဆိုလိုဟန်ရှိပါတယ်။ context အရ သေချာတာကတော့ ဒါဟာ employers’ side ကို ရည်ညွှန်းတယ် ဆိုတာပါပဲ ) ကို ခန်းခြောက်သွားအောင် လုပ်လိုက်တဲ့ တစုံတရာ မဟုတ်ပါဘူး။ ဒါဟာ Wall Street မှာ အလုပ် ရှုပ်နေသလို Main Street မှာလည်း စီးပွားရေးသမားတွေရဲ့ အိပ်မက်တွေနဲ့ အလုပ်ရှုပ်နေတဲ့ စနစ်တခုရဲ့ အကျပ် အတည်း သာလျှင် ဖြစ်ပါတယ်။ ဒီ ဆယ်စုနှစ်တွေဟာ အလုပ်ရှင်တွေ အတွက် လစာ ပိုမပေးရဘဲ အမြတ်အလကား ရတဲ့ တကယ့် ပွဲကြီးပွဲကောင်း နှစ်များပဲပေါ့။ ဒီတော့ သူတို့ဟာ နှစ်ကုန်တဲ့ အခါ ဒီ အမြတ် ငွေထဲက အရင်တုန်းက မကြားဖူးတဲ့ Bonus ဆိုတာကို ပေးလာပါတယ်။ ဒီငွေတွေ ဘယ်က လာသလဲ ဆိုတာ ကို ကျနော် ပြောပြီးပါပြီ..။

သူတို့ ဘာတွေ ထပ် လုပ်ပါသေးသလဲ။ သူတို့ဟာ အချင်းချင်း ကုမ္ပဏီတခုကို တခုက ဝယ်ကြပါတယ်။ ခင်ဗျား ပြိုင်ဖက် တယောက် အနေနဲ့ ကျနော်တို့ရဲ့ ဆူးညှောင့် ခလုတ် ဖြစ်နေသလား။ ခင်ဗျားကို ဝယ်လိုက် ရုံ ပေါ့။ နိုင်ငံခြားကုမ္ပဏီတခုက ခင်ဗျားဈေးကွက်ကို လာ ခိုးနေသလား။ ဒါလည်း ဝယ်လိုက်ရုံပါပဲ။ ဝယ်ဖို့ ခင်ဗျားမှာ ငွေ ရှိနေတာပဲ။

သူတို့ ဘာထပ်လုပ်ကြ ပါသေးသလဲ။ စိတ်ဝင်စားစရာပါပဲ။ ကော်ပိုရေးရှင်းကြီးတွေက သူတို့ ပိုလျှံငွေကို ဘဏ်ထဲ ထည့်ပါတယ်။ ဒီ ကော်ပိုရေးရှင်းတွေနဲ့ ဘဏ်တွေဟာ ဒီငွေတွေနဲ့ သူတို့လုပ်နိုင်တာတခုကို တွေ့ရှိ ခဲ့ကြပါတယ်။ သူတို့ အဲဒီငွေတွေနဲ့ အလုပ်သမားတွေကို ငွေ ထုတ်ချေးပါတယ်။ ဒီနည်း အားဖြင့် လုပ်ခ လစာ မတက်လာတဲ့ အလုပ်သမားတွေဟာ ပုံမှန် သုံးစွဲနိုင်နေခဲ့ပါတယ်။ အလုပ်သမားတွေကို လစာတိုးပေးမဲ့အစား ငွေတိုးချေးစားတာက ပို မမိုက်လားဗျာ။ သူဌေးတွေမှာက ငွေ ရှိတယ်။ အလုပ်သမားတွေက သုံးဖို့စွဲဖို့ အတွက် ငွေချေးချင်တယ်။ ချေးမှလည်း အဆင်ပြေမဲ့ အခြေအနေ ရှိတယ်။ အဲဒီတော့ ဒီသူဌေးတွေ အတွက်တော့ နိဗ္ဗာန်ဘုံကြီးက ဒီလောကမှာတင် ရှိနေသလို ပေါ့ဗျာ..။

ဒီလိုနဲ့ အမေရိကန် စီးပွားရေးလုပ်ငန်းကြီး တွေဟာ တိုက်ရိုက် သော်၎င်း၊ ဘဏ်တွေက တဆင့် သော်၎င်း ငွေချေးတဲ့ လုပ်ငန်းထဲ ပါလာကြတယ်။ ဥပမာ၊ General Mortors ဆိုပါတော့။ သူက ကားထုတ်လုပ်တာနဲ့ နာမည်ကျော်တာပါ။ ဒါပေမဲ့ ဒီနှစ် ၃၀ အတွင်းမှာတော့ အရင်တုန်းကနဲ့ အလွန်ခြားနားတဲ့ ငွေရှင် တဦး ဖြစ်လာ ခဲ့ပါတယ်။ သူတို့က GMAC ( General Mortors Acceptance Corporation ) ကို တည်ထောင်လိုက်တယ်။ ဒါဟာ တကယ်တော့ ဘဏ်တခုပါပဲ။ ဒီဘဏ်ကနေ လူတွေကို ကားဝယ်ဖို့ ငွေထုတ်ချေးပါတယ်။ ကြာလာတာ နဲ့အမျှ ဘဏ်လုပ်ငန်းကို ကားထုတ်လုပ်ရေး ထက်တောင် အလေးထားလာတယ်။ ဒီဆယ်နှစ်အတွင်း သူတို့ရဲ့ တခုတည်းသော ဆုံးဖြတ်ချက် အမှားကတော့ ဒီလောက်နဲ့လည်း အားမရသေးဘဲ အိမ်ခြံမြေ ဆောက်/ ရောင်း လုပ်ငန်းကိုပါ လုပ်လာခဲ့ ခြင်းပါပဲ။ ဒါပေမဲ့ General Motors ဟာ wrong decision ကို wrong time မှာ ချမှတ် တဲ့ကိစ္စကို နှစ်ပေါင်း ၃၀ ကျော်တိုင်တိုင် လုပ်နေနိုင်ခဲ့ပါတယ်။ ကျန်တဲ့ ဘဏ်တွေကလည်း သူ့နောက် လိုက်ကြပါတယ်။ ဒီလိုနဲ့ ကျနော်တို့ အားလုံးဟာ အကြွေးရရင် ဆင် ဝယ်စီးမဲ့ အလေ့အကျင့် တခုမှာ နေသား ကျလာခဲ့ကြပါတယ်။ ကျနော့်ဆီ ကျနော်ကလည်း မတောင်းဆို ပါဘဲနဲ့ တပါတ်ကို credit card ကြော်ငြာတဲ့ စာ အမြဲတမ်း ၂-၃ စောင် လောက် ရောက်ပါတယ်။ ငွေရှင်တွေက အမေရိကန်တွေကို အကြွေး ဝဲဩဂ ထဲကို တွန်းပို့ဖို့ချည်း ကြံကြပါတယ်။ မြတ်တာကိုး ခင်ဗျာ။ ကျနော်တို့ ကိုရွှေ အမေရိကန်တွေ ကလည်း နောင်ခါလာ နောင်ခါဈေး ဆိုပြီး အကြွေးရရင် ယူပါတယ်။ ကျနော်တို့ဟာ အဲလို ထိန်းမနိုင်သိမ်းမရ၊  အမြတ်အစွန်းကြည့် လူ့ အဖွဲ့ အစည်း တခုပါ။ Wall Street က ဘဏ္ဍာရေးမျက်နှာစာမှာ လည်း ဒီအခြေအနေက ထင်ဟပ်နေ ပါတယ်။ လူသစ်တွေကို နည်းလမ်းသစ်၊ အတိုးနှုန်းသစ်နဲ့ ချေးငွေသစ် ချဖို့ပဲ စဉ်းစား လုပ်ဆောင် နေပါတော့တယ်။


“ကြောင်းကျိုးမဲ့ သောင်းသောင်းဖြဖြနိုင်မှု” ဒါမှမဟုတ် “Bust and No Boom in Sight” ( ဒါကို ကျနော် ဘာသာမပြန်တတ်ပါ။ “ကိုယ့်မျက်စိရှေ့မှာတော့ ပေါက်ကွဲ မနေဘူးပေါ့” လို့ ပြန်ရင်ကော..?? )
( “Irrational Exuberance” or Bust and No Boom in Sight )

    
ဒါဟာ အရူးအမူးနိုင်မှု တခုပါပဲ။ ထိန်းချုပ်ဖို့ ခက်ခဲလှတဲ့ နေသားကျမှု တခုပါပဲ။ ဒါပေမဲ့ဘာမှတော့ အံ့ဩစရာ မရှိပါဘူး။ တကယ်လို့သာ ကျနော်တို့ကတဖက်မှာ သွေးရိုးသားရိုးမဟုတ်တဲ့နည်းနဲ့ အမြတ်ရှာတဲ့  အခြေ အနေ တရပ် ဖန်တီးထားပြီး၊ အခြားတဖက်မှာ အလုပ်လုပ်ရလွန်းလို့ ဒီထက် ပိုလုပ်ဖို့ မဖြစ်နိုင်တော့တဲ့၊ ငွေ အငမ်းမရ လိုနေတဲ့ လူထု တရပ်ကို ဖန်တီးထားမိ ရက်သား ဖြစ်နေခဲ့ရင် ဒါဟာ အန္တရယ် ကြီးမားတဲ့ အတွဲ အစပ်ပဲလို့ ဆိုရမယ်။ ဒီလိုနဲ့ အမြတ် ငမ်းငမ်းတက် ဖြစ်နေတဲ့ စီးပွားရေးလုပ်ငန်းရဲ့ ငွေတွေ ဘီလျံရာချီ၊ အမှုဆောင် လူကြီးတွေရဲ့ ဝေစုထဲက ဒေါ်လာ သန်းရာချီကို ဘဏ်တွေနဲ့ ပေါင်းပြီး  ပြန်မဆပ်နိုင်မဲ့ လူတွေကို ချေးခဲ့ကြပါတယ်။ လာထားစမ်း။ အရင်းစနစ်ရဲ့ သမိုင်းကို ဒီလို စိတ်ထင်ရာ လုပ်တဲ့ကိစ္စတွေရဲ့ ပေါက်ကွဲမှုတွေ နဲ့ ကန့်ထားတာကွဲ့ ( Oh, come on. The history of capitalism is punctuated by booms and busts. ) ဒီနေရာမှာ Mr. Greenspan ရဲ့ ပြောစကားကိုပဲ ကိုးကားလိုက်ပါရစေ။ သူက “ကျနော်တို့မှာ ရှိခဲ့တာက  ကြောင်းကျိုးမဲ့ သောင်းသောင်းဖြဖြနိုင်မှု ပါပဲ” တဲ့။ အိုကေ..။ ဒါက အတတ်နိုင်ဆုံး ယဉ်ယဉ်ကျေးကျေး ခေါ် ကြည့်တာပါ။ တကယ်တော့ ကျနော်တို့ဆီက စီးပွားရေးလုပ်ငန်းတွေရဲ့ အရူးထမှု တွေပါပဲ။

(စကားချပ်။ ။ အောက်ပါ Lunacy #1: ( အရူးထမှု - #၁ ) ဆိုသော အပိုင်းကို ကျနော်ခင်ဗျားတို့ကို ပြန်ပြော ပြနိုင်လောက်အောင် ရှင်းရှင်းလင်းလင်း နားမလည်လှသဖြင့် ချန်လှပ်ထားခဲ့ ပါသည်။ ကျနော့်ထက် အင်္ဂလိပ်စာ တော်ကြသူ၊ အကင်းပါးကြသူများ အတွက် ချန်လှပ်ခဲ့သော အပိုင်းကို အောက်တွင် ဖော်ပြပေးလိုက်ပါသည်။

Lunacy #1: In the 1990s, as these profits were building up, suddenly our business community decided that the new internet is going to revolutionize the universe. It really isn’t just an expanded yellow pages. It’s really a radically new thing. And so they invested in companies – funny companies with little names – usually two or three initials. Companies that had been around three or four years, had never made any profit, and who said in their annual statements, we don’t expect to make any profit for ten years. Who cares? Their stocks were bid up to $500 a share. And you all know what that was. That was the boom of the late 1990s, and in March and April of the year 2000, the stock market crashed. We’d had our first bubble of this latest profit boom period. A wild excess.

The index of the Nasdaq, the most important stock market for these kinds of firms, reached $5000 in March-April of 2000. Today, it is less than half that. It never recovered. That’s a drop of the proportions of the great depression. Our stock market hasn’t recovered. So terrifying was the collapse of the stock market in early 2000 that our government reacted in terror by saying, oh my god, the economy is going to fall apart. We have to save it by getting people to spend, so we’re gonna lower interest rates. We know what will happen if you lower all the interest rates, people will borrow like crazy. And they did. And what they spent their money on was housing. So after the collapse and the bubble of stock market, we had another bubble of real estate. It went crazy. Everybody buying housing, building housing, everywhere. Cheap money to borrow, build, buy, build, buy, and now we have the collapse of the real estate bubble. And there’s nothing left to bubble. What are we going to do? There isn’t anything. The stock market’s finished. Real estate is finished.

There were people who thought we might have a new bubble called exports. Collapse the value of the dollar, make our goods real cheap, and the rest of the world will buy them. Unfortunately, the rest of the world refuses to play. Won’t do it. So we don’t have it. We’ve run out. And so we sit a collapsed bubble, the wealthy having produced an armada of new instruments that are now not worth very much. So that our business community is aghast with staggering losses and so, in its own peculiar way, has come to replicate the exhaustion and anxiety of the working class. For different reasons, heaven knows. But we have an economic landscape that is littered with corpses. )  


ဘာတွေက အလုပ်မဖြစ် လောက်ဘူးလဲ - လုပ်ထုံးလုပ်နည်း ဥပဒေများ
( What Won’t Work: Regulations )

ဒီတော့ ကျနော်တို့ဟာ ဒီ မေးခွန်းကို မေးစရာ ရှိလာပါတယ်။ “အခုဆိုရင် ( အိုဘားမား ) အစိုးရရဲ့ အမေရိကန် ကုမ္ပဏီတွေကို ကယ်တင်ရေး အစီအစဉ်အရ AIG နဲ့ ဘဏ်တွေရဲ့ အစုရှယ်ယာတွေကို ဝယ်တောင်မှ ဝယ်နေပြီ ဖြစ်တဲ့၊ အောင်မြင်ဖို့ အလားအလာ သိပ်မရှိလှတဲ့ စီးပွားရေး ပြန်လည်ဦးမော့ရေး ကြိုးပမ်းချက်တွေ အစား ဘာကို ပိုလုပ်လိုက်သင့်သလဲ” ဆိုတာပါ။

ကျနော့် အမြင်အရတော့ အစိုးရက ဒီကိစ္စကို ဒီလို တို့ကနန်း၊ ဆိတ်ကနန်း လုပ်နေရုံ လောက်နဲ့ ပြဿနာရဲ့ အဖြေ ကိုတွေ့ လိမ့်မယ်လို့ မထင်မိပါဘူး။ ဒီလိုမျိုး မြင်တာ ကျနော် တယောက်တည်းလည်း မဟုတ်ပါဘူး။ ဝါရှင်တန် ( ဒီစီ ) က လူတွေ အတော်များများလည်း အဲဒီလို မြင်ကြပါတယ်။ အဲဒီတော့ သူတို့လည်း သူတို့ ယုံကြည်တဲ့ အတိုင်း တနည်းတဖုံ လုပ်နေကြတာတွေ ရှိပါတယ်။ ဒါတွေ ဘာဖြစ်လို့ အလုပ် မဖြစ်လောက်ဘူးလဲ ဆိုတာကို ကျနော် အခု ကြိုးစားပြီး ရှင်းပြပါ့မယ်။

ကျနော်တို့ဟာ ဒုတိယကမ္ဘာစစ်ကြီးရဲ့ နောက်ပိုင်း နှစ်ပေါင်း ၃၀ ကျော် ( ၁၉၇၀ အထိလို့ ဆိုလို ) အထိ regulated economy ( စည်းမျဉ်းဥပဒေတွေနဲ့ ထိန်းထားတဲ့ စီးပွားရေး အခင်းအကျင်း ) ထဲမှာ နေထိုင်ခဲ့ ကြပါ တယ်။ ၁၉၃၀ မှာ စီးပွားပျက်ကပ် ကြုံခဲ့ရ ကတည်းက သမ္မတ ရုစဗဲ့လ် အစိုးရဟာ စည်းမျဉ်းစည်းကမ်း ပေါင်းစုံ ချမှတ်ခဲ့ပါတယ်။ အဲဒီလို ချမှတ်တာကလည်း မှန်ကန်သင့်မြတ်ခဲ့ပါတယ်။ ဒီ စည်းမျဉ်းစည်းကမ်းတွေက ဘဏ် တွေဟာ ဘာလုပ်နိုင်သလဲ၊ ကော်ပိုရေးရှင်းက ဒါရိုက်တာဘုတ်အဖွဲ့တွေ အနေနဲ့  ဘာလုပ်နိုင်ကြသလဲ၊ ဘာလုပ် သင့်ကြသလဲ စသည်ဖြင့် သတ်မှတ်ပေးခဲ့ ပါတယ်။ Social Security, Unemployment Insurance ဆိုတဲ့ အရင်က မကြားဖူးတဲ့ အဖွဲ့တွေ၊ ဌာနတွေလည်း ရှိလာ ခဲ့ပါတယ်။ ဒီ စည်းမျဉ်းတွေကိုလည်း ၁၉၃၀ လောက် ကနေ ၁၉၇၀ လောက် ကာလ အထိ အစိုးရက မဖြစ်မနေ လိုက်နာ စေခဲ့ပါတယ်။ အဲဒီ စည်းမျဉ်း စည်းကမ်းတွေကို ပြန်ပြီး ရုပ်လာခဲ့ ချိန်ကတော့ ၁၉၇၀ စုနှစ် အကုန်၊ သမ္မတရေဂင်အစိုးရ လက်ထက်က စတင် ပါတယ်။

အိုကေ.. ဒါဖြင့် ကောင်းပြီ။ ကျနော်တို့ ရေဂင်၊ ဘုရှ် (အကြီး) ၊ ကလင်တန်၊ ဘုရှ် (အငယ်)၊ အခု အိုဘားမား လက်ထက် ရောက်တဲ့ အထိ တောက်လျှောက် ဖြစ်လာခဲ့တဲ့ ဒီ “the era of deregulation” ကို ပြင်ပြီး အရင် ခေတ်ကောင်း၊ ခေတ်ဟောင်း ဆီကို ပြန်သွားကြမလား လို့ မေးစရာ ရှိပါတယ်။ ဒီလို သွားမယ်ဆိုရင် regulations တွေ ပြန်ပြဌာန်း၊ ကုမ္ပဏီ ဒါရိုက်တာ အဖွဲ့ဝင်တွေ ဒါတော့ မလုပ်ရဘူး။ ဒါတော့ လုပ်သင့်တယ်။ ဒါတော့ လုပ်နိုင်တယ်လို့ ပြန်သင်၊ အစိုးရကိုလည်း စီးပွားရေးလုပ်ငန်းတွေကို control, regulate, observe, monitor လုပ်ဖို့ အာဏာတွေ၊ ပါဝါတွေ၊ လုပ်ပိုင်ခွင့်တွေ ပြန်ပေး၊ အဲဒါမျိုးတွေ လုပ်ရမယ် ဆိုတာကို နားလည် နိုင်ပါတယ်။ ဒါပေမဲ့လို့ အခြားတဖက်က ကြည့်လိုက်ရင် ဒီနည်းကလည်း သိပ် မထိရောက်လှတာ ကို တွေ့လာရပါတယ်။

သမ္မတရုစဗဲနဲ့ သူ့နောက်ပိုင်းသမ္မတ တွေ ဖြစ်ကြတဲ့ ထရူးမင်း၊ ကင်နေဒီ၊ ဂျွန်ဆင် တို့လက်ထက်မှာလည်း regulations တွေ ပြဌာန်း ခဲ့တာ ပါပဲ။ ကုမ္ပဏီ ဒါရိုက်တာတွေဟာ ဘယ်လိုလုပ်ရမယ်၊ ဘယ်လို မလုပ်ရ ဆိုတဲ့ regulations တွေကိုလည်း လိုက်နာခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီ ဒါရိုက်တာအဖွဲ့ဝင် ဆိုသူတွေဟာ ကော်ပိုရေးရှင်း တွေရဲ့ မက်လောက်တဲ့ ဆုတော်ငွေတွေ၊ အခွင့်ထူးခံ အခွင့် အရေးတွေနဲ့ ဝယ်ယူခြင်းကို ခံရပြီးတော့ အစိုးရရဲ့ စည်းမျဉ်း ဥပဒေတွေကို လက်တလုံးခြား ရှောင်ဖို့ ကြိုးစားတဲ့ ကိစ္စကိုလည်း လုပ်ခဲ့ကြပါတယ်။ နောက်ဆုံး တော့ ဒီလူတွေဟာ နိုင်ငံရေးအရ ဩဇာညောင်းလာအောင် လုပ်ပြီး သူတို့အတွက် ခလုတ်ကန်သင်း ဖြစ်တဲ့ အစိုးရ regulations တွေကို ဖျက်ဖို့ ကြိုးစားလာခဲ့ကြပြီး အောင်လည်းအောင်မြင်ခဲ့ ကြပါတယ်။ ဒီ ဒါရိုက်တာ ဘုတ်အဖွဲ့ ဆိုတာ တကယ် တော့ လူ ၁၅ ၁ယာက် ကနေ ၂၅ ယောက် လောက်ပဲ ရှိတဲ့ လူအစုအဝေး ကလေး တခုမျှသာပါ။ တိုင်းပြည်ရဲ့ စီးပွားရေး ကံကြမ္မာက ဒီ အခွင့်ထူးခံ လူတစု လက်ထဲမှာပဲ ရှိနေတာပါ။ ဒါကြောင့် regulations တွေ ဆိုတာကလည်း တကယ်တော့ စာရွက်ပေါ်မှာပဲ ရှိတဲ့ စာအသေလိုပါပဲ။ ( So of course the regulations become a dead letter. )

တကယ်လို့ ခင်ဗျားက စစ်ဆင်ရေးတခု လုပ်တယ် ဆိုပါတော့။ ခင်ဗျားက ရန်သူတွေကို နိုင်အောင်တိုက်ဖို့ အားမထုတ်ဘဲနဲ့ မြောက်များလှစွာသော စည်းကမ်းတွေ ချည်းပဲ ထုတ်နေရင် အဲဒီလို ဗိုလ်ချုပ်မျိုးကို စိတ်ရောဂါ ဆောင် ပို့ဖို့ပဲ ရှိပါတယ်။ ကျနော်တို့ တိုင်းပြည်က regulations တွေဟာလည်း ဟန်ပြ အခွံ ဆန်ဆန် စည်းမျဉ်းတွေပဲ ဆိုတာ နှစ်ပေါင်း ၅၀ လောက် စောင့်ကြည့်မှု ကနေ သိလာရပါတယ်။ အဲဒါဆီကို ကျနော်တို့ ပြန်သွားကြဦးမလို့လား။ ကျနော်တော့ သွားဖို့ လိုတယ် လို့ မထင်မိပါဘူး။ ကျနော့် ကောက်ချက် ကို ပြောရရင် ကျနော်တို့ဟာ ဒီ လက်ရှိ လူမှုဘဝ၊ စီးပွားရေးဘဝ အခင်းအကျင်းကြီး တခုလုံးကို မပြုမပြင်ဘဲ ဒီအတိုင်း ထားမယ် ဆိုရင် ဘာတွေပဲလုပ်နေနေ “ကုန်ထုတ်လုပ်ငန်ရှင်” ( people who run the production enterprises ) နဲ့ “ကုန်ထုတ်လုပ်သူများ”( people who work in them ) အကြားက ပဋိပက္ခ အသွင်ဆောင် တဲ့ ဆက်ဆံရေးကို ကောင်းအောင် ဖြေရှင်းပေးနိုင်မယ်လို့ မထင်မိပါဘူး။ ဒီပြဿနာဟာ လုပ်ခလစာ မတိုးဘဲ နေဖို့ မဖြစ်ထိုက်ပါလျှက်နဲ့ တကယ်တမ်းမှာတော့ မတိုးဘဲနေတာ၊ ဒီ ( အလုပ်သမား လူတန်းစားရဲ့ ) အကြွေးတွေဆိုတာက သူတို့ရသင့်တဲ့ လုပ်ခတိုးမြင့်မှု ဝင်ငွေ တွေသာ ဖြစ်တာ၊ အလုပ်တွေ ပြောင်းရွှေ့သွားတာတွေရဲ့ အကြောင်းရင်းလည်း ဖြစ်ပါတယ်။


ကဲ.. ဒီလိုဆို ဘယ်နည်းလမ်းက အလုပ် ဖြစ်ပါ့မတုန်း
( So What Might Work? )

ဒီ ပြဿနာကို ဖြေရှင်းနိုင်မဲ့ နည်းလမ်းက ဘာများ ဖြစ်နိုင်မလဲ။ ဒီလို စဉ်းစား ( စိတ်ကူးယဉ် ) ကြည့်လိုက် စမ်းပါ။ ဥပမာ၊ သမ္မတ အိုဘားမား အစိုးရက အရင်တုန်းက နဲ့ မတူ၊ ကွဲပြား ခြားနားတဲ့ စည်းမျဉ်းစည်းကမ်း တခု ထုတ်လိုက်တယ် ဆိုပါတော့။ အတိုချုပ် ပြောရရင် အရင်တုန်းက ရှယ်ယာဝင်တွေ အပေါ်မှာ တာဝန်ရှိတာ၊ တာဝန်ခံရတာက ဒါရိုက်တာဘုတ် အဖွဲ့ဝင်တွေပဲ ဖြစ်ပါတယ်။ အခု စည်းမျဉ်းသစ်အရ အဲဒီ ကုမ္ပဏီမှာ အလုပ် လုပ်တဲ့ အလုပ်သမားတွေလည်း ဘုတ်အဖွဲ့ထဲ ပါဝင်လာမယ် ဆိုပါတော့။ ဘာလို့လဲ ဆိုရင် ဒီ စီးပွားရေး လုပ်ငန်း တိုးတက်မှု၊ ဆုတ်ယုတ်မှုရဲ့ အကျိုးဆက်ကို သူတို့လည်း ခံစားရတာပဲလေ။ ဒီအခါမှာ ဒီ အလုပ်သမား တွေက ဒါရိုက်တာအဖွဲ့ဝင်တွေ regulation အတိုင်း လိုက် လုပ်ကြရဲ့လား။ အစိုးရကို ဘာမဟုတ်က ဟုတ်ကတွေ လိမ်သေးလဲ စသည် ဖြင့် သိလာနိုင်စရာ အကြောင်း ရှိပါတယ်။

ကျနော်တို့ အဲဒီ မေးခွန်းကို ဘာကြောင့် မမေးမိ ကြတာလဲ။ ဒီမေးခွန်းကို အခု ကျနော် မေးပြီ။ ဒီမေးခွန်းဟာ နည်းနည်းလောက် တာဝန်ကြီးပြီး စိန်ခေါ်ရတဲ့ မေးခွန်း ဆိုတာ ကျနော် သိပါတယ်။ ဒါပေမဲ့ ကျနော်တို့ဟာ စိန် ခေါ်ခံနေရတဲ့ ကာလတခုထဲမှာ ရောက်နေကြပါတယ်။ ကျနော်တို့ လူ့အဖွဲ့အစည်းဟာ တကယ်ကို ကြီးမား လေးပင်တဲ့ ပြဿနာတွေနဲ့ ရင်ဆိုင် ကြုံတွေ့ နေရတာပါ။ ဒါကြောင့် ကျနော်တို့မှာ ရွေးချယ်စရာလမ်း များများ စားစား မရှိပါဘူး။ လုပ်ငန်းတခု ထဲမှာ ဝင်ရောက် လုပ်ကိုင်တဲ့ အလုပ်လုပ်သူတွေ ကိုယ်တိုင် အဲဒီလုပ်ငန်းရဲ့ ဒါ ရိုက်တာ ဘုတ်အဖွဲ့ဝင် ဖြစ်လာရေး နဲ့ ပတ်သက်လို့ နောက်ပြောစရာ ဘာများရှိနိုင် ဦးမလဲ။ ကျနော် ခင်ဗျားတို့ ကို သုံးခုလောက် အကြံပြု ပါရစေ..။

ပထမတချက်။ ကျနော်တို့ရဲ့ ဒီမိုကရေစီ ကျင့်ထုံးကို နည်းနည်း ချဲ့ထွင်ဖို့ပါ။ ကျနော်တို့ဟာ ဒီအလုပ်နဲ့ လုပ်စားရင် ဒီအလုပ်အတွက် ဆုံးဖြတ်ချက်ချတဲ့အခါမှာ ပါဝင်နိုင်ခွင့် ရှိသင့်ပါတယ်။ ကျနော်တို့က ဒီ ဒီမိုကရေစီကို နိုင်ငံရေးအတွက်ပဲ ချန်ထားပြီး ဘာလို့ စီးပွားရေး လုပ်ငန်းတွေအတွက် ယူမသုံးကြတာလဲ။ တကယ်တော့ အလုပ်ခွင် ဆိုတာက မနက် ၉ နာရီ ကနေ ညနေ ၅ နာရီ အထိ၊ တနင်္လာ ကနေ သောကြာ နေ့ထိ တပါတ်မှာ ၅ ရက်လုံးလုံး ကျနော်တို့ အချိန်ကုန်တဲ့ နေရာ ဖြစ်ပါတယ်။ ကျနော်တို့ ဒီနေရာမှာမှ ဒီမို ကရေစီကို မသုံးရင် ဘယ်နေရာမှာများ သုံးစရာအချိန် များများ ကျန်တော့လို့တုန်း ဗျာ..။ ဒါကြောင့် မို့လို့ အလုပ်ခွင် ဆိုတာဟာ အဲဒီ အလုပ်ခွင်မှာ ပါဝင် လုပ်ကိုင်နေသူတွေက democratically responsible ရှိတဲ့ နေရာ ဖြစ်သင့်တယ် လို့ ပြောချင်ပါတယ်။

ခင်ဗျားတို့ သတိမပြုမိ ကြလို့ပါ။ တကယ်တော့ ကျနော် အခုပြောတဲ့ နည်းကို အမေရိကန် အလုပ်သမားတွေ လုပ်တဲ့နေရာမှာ လုပ်နေကြတာ ကြလှပါပြီဗျာ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်အတွင်းမှာ San Fransisco နဲ့ San Josh ကြားက Sillicon Velly မှာ ရာချီ၊ ထောင်ချီ ရှိတဲ့ အမေရိကန် အင်္ဂျင်နီယာတွေဟာ နှစ်စဉ်နှစ်တိုင်း လိုလို Cisco, IBM လို ကုမ္ပဏီကြီးတွေကနေ အလုပ်ထွက်ကြပါတယ်။ ပြီးတော့ သူတို့ အချင်းချင်း ခင်ရာမင်ရာ သူငယ်ချင်းတွေစုပြီးတော့ သူတို့ထဲက တယောက်ယောက်ရဲ့ ကားဂိုဒေါင်လိုနေရာမျိုးမှာ လုပ်ငန်း အသေးလေး တွေ ထူထောင် ကြပါတယ်။ သူတို့ အဲဒီ အလုပ်ခွင် ကို နေ့တိုင်း laptop လေးတွေနဲ့ လာကြတယ်။ IBM မှာ လုပ်ခဲ့ တုန်းကလို suit နဲ့၊ tie နဲ့တော့ မဟုတ်ဘူး။ ဟာဝေယံရှပ်နဲ့၊ အိမ်က ခွေးရော၊ လမ်းလျှောက်တတ်စ ကလေးကော ခေါ်လာ လိုက်သေးတယ်။ သူတို့က ဒီလို ပြောကြတယ်။ “ကျနော်တို့မှာ supervisor ဆိုတာ မရှိဘူး။ ဘယ်သူက ဘယ်သူ့ ဆရာ၊ဘယ်သူက ဘယ်သူ့ တပည့် ဆိုတာ မရှိဘူး။ ဘယ်သူကမှ ဘယ်သူ့ကို အမိန့် ပေးလို့မရဘူး။ ကျနော်တို့ တနင်္လာနေ့ကနေ ကြသပတေးနေ့အထိ software programs တွေ အရင်တုန်းကလိုပဲ လုပ်ကြတယ်။ သောကြာနေ့ ကျနော်တို့ software programs တွေ မလုပ်ကြဘူး။ အစည်း အဝေး ထိုင်ကြတယ်။ ဘာလို့လဲ ဆိုတော့ ကျနော်တို့ အားလုံးက ဒီ လုပ်ငန်းရဲ့ ဒါရိုက်တာ ဘုတ် အဖွဲ့ဝင် တွေမို့ပါ” တဲ့။

ဒါကို တနည်းအားဖြင့် “မာက့်စ်” ရဲ့ ကွန်မြူနစ် အတွေးအခေါ်လို့ ခေါ်ချင် ခေါ်နိုင်မှာပါ။ ဒါပေမဲ့ အဲဒီဒေသခံ မဂ္ဂဇင်းတွေက “entrepreurial initiative” ( စွန့်ဦးတီထွင် စဦးလုပ်ငန်း ) တဲ့ဗျား..။ အဲဒီလို ခေါ်တဲ့ သူ ( သတင်းသမား ) တွေက Republicans တွေပါ။ သူတို့က အဲသည်လို မြင်ကြတယ်လေ။ သူတို့ဟာ ဘယ်တုန်းကမှ ကာလ်းမက်စ် ကို ဖတ်ဖူးကြသူများ မဟုတ်ပေဘူး။ ဒါကြောင့် ဘာအခေါ်ခံရမလဲ ဆိုတာလည်း ထည့် မတွက် ကြပေဘူး။ မက်စ်ဝါဒီ တယောက်က မြင်ရင်တော့ ဒီလို ပြော လောက်ပါတယ်။ “သေလိုက် ပါတော့ဗျ.. သူတို့က ဒီကွန်ပြူတာ နည်းပညာ အပေါ် အခြေခံထားတဲ့ ဒီ အောင်မြင်မှုကို ခေတ်မီ အရင်းရှင် စနစ်ရဲ့ အောင်မြင်မှုတဲ။ တကယ်တော့ ဒါဟာ ကယ်လီဖိုးနီးယား၊ ဘာမျူဒါ တို့မှာ ရီပက်ပလီကန် ( အမေရိကန် ) တွေက လည်ပတ်တဲ့ ကွန်မြူနစ် စီးပွားရေး ပုံစံကြီး ကိုများ” လို့ ..။

ဒါကြောင့်မို့လို့ ဒီလို နည်းလမ်း အသစ်နဲ့ သွားရမယ် ဆိုပေမဲ့လို့ တကယ်တမ်းမှာတော့ ဘာမှ အသစ်အဆန်း တော့လည်း မဟုတ်ပါဘူး။ အင်မတန် အစိမ်းသက်သက်ကြီး၊ စွန့်စားပြီး လုပ်ရမဲ့ကိစ္စ မဟုတ်ပါဘူး။ ကျနော်တို့ ဆီက လူတွေ လုပ်ဖူးပြီးသား နည်းလမ်းသာ ဖြစ်ကြောင်းပါ။ ဒီနည်းလမ်းက ကျနော်တို့ အခုရင်ဆိုင် ကြုံတွေ့ နေရတဲ့ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့အခွင့်အလမ်း ကောင်းတွေပေးနိုင်မှာမို့၊ ကျနော် ဒီထက် ကောင်းတဲ့ နည်းလည်း မတွေ့မိလို့ စိန်ခေါ်အမှု နည်းနည်း လောက်တော့ ရှိတဲ့ ဒီနည်းကို ပြောရ တာပါ။  နှစ်ရှည်လများ ကြာညောင်းစွာ နက်နက်ရှိုင်းရှိုင်း နစ်ဝင် ဖြစ်တည် နေတဲ့ ကျနော်တို့ရဲ့ စီးပွားရေး အကျပ် အတည်း ကို ဒီလို အခြေခံ ခြေလှမ်းတွေက စပြီး ပြုပြင်ရမှာပါ။ ကျနော်တို့ဟာ အပေါ်ယံ ငွေကြေးစနစ် လောက်ကိုပဲ ပြင်နေလို့ မဖြစ်သေးပါဘူး။ ဒါဟာ ငွေကြေးစနစ်ရဲ့ အကျပ် အတည်း မဟုတ်ဘဲ အရင်းရှင်စနစ်ရဲ့ အကျပ်အတည်းသာ ဖြစ်တာမို့ အဲဒီလို ထင်နေရင် ကျနော်တို့ အားလုံး ဝမ်းနည်းစရာနဲ့ ကြုံတွေ့ရပါ လိမ့်မယ်။

လွတ်လပ်ဈေးကွက် နှင့် စည်းမျဉ်းဥပဒေတို့၏ အလွန်
( Beyond Free Markets and Regulation )

ကျနော့်ရဲ့ နိရုံးချုပ် စကားကို ဆိုပါရစေ..။ ကျနော်ဟာ ပရော်ဖက်ရှင်နယ် ဘောဂဗေဒသမား တယောက် ဖြစ်ပါတယ်။ ကျနော် စီးပွားရေး ပါမောက္ခ တယောက်ပါ။ ဒါကြောင့် ကျနော်ဟာ ကျနော်တို့ လူ့အဖွဲ့အစည်း၊ ဘောဂဗေဒ အလုပ်အကိုင်ရဲ့ ထုတ်ကုန် တခုလည်း ဖြစ်ပါတယ်။ ဒီ အလုပ်အကိုင်ဟာ နှစ်ပေါင်း ၅၀ အတွင်းမှာ အနှောင်အဖွဲ့ကင်းသော လွတ်လပ်ဈေးကွက်နဲ့ ပုဂ္ဂလိက စီးပွားရေးသည်သာ ကြွယ်ဝ ချမ်းသာခြင်း ဆီသို့ သွားရာလမ်း ဆိုတဲ့ အယူအဆ ကြားမှာ ဖြတ်သန်း လာခဲ့ရပါတယ်။ အထူးသဖြင့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော် ကာလ မှာ ဒီ အယူအဆဟာ စီးပွားရေးသမားတို့ရဲ့ မန္တာန် ဖြစ်ခဲ့ပါတယ်။ စီးပွားရေး လုပ်ငန်းကြီး တွေရဲ့ နံနက် မိုးသောက် ဆုတောင်း ဂါထာ ဖြစ်ခဲ့ပါတယ်။ အဲဒါဟာ အခုတော့ အက်သံ မြည်လာခဲ့ပါပြီ။  

 အခြားတဖက်မှာတော့ “( လွတ်လပ် ဈေးကွက်နဲ့ သွားလို့ မရဘူး ) အစိုးရက ကြားဝင် ထိန်းညှိ ပေးရမယ်” ဆိုတဲ့ ၁၉၃၀ စုနှစ်များက ဗြိတိသျှ ဘောဂဗေဒပညာရှင်ကို ဂုဏ်ပြုပြီး ခေါ်ကြတဲ့ Keynesian economists တွေရဲ့  အယူအဆ ရှိပါတယ်။ ဒီ ဆရာကြီးက ၁၉၃၀ စီးပွားပျက်ကပ်ကို တုန့်ပြန်တဲ့ အနေနဲ့ အစိုးရက ငွေကြေး၊ ဘဏ္ဍာရေး၊ စီးပွားရေး နိုးထမှု အစီအစဉ်တွေ ဘာတွေဘာတွေကို လုပ်ရမယ် လို့ အကြံပြုခဲ့ပါတယ်။ ကျနော့် အလုပ်အကိုင်က ဒီ regulation လုပ်ရမယ်ဆိုတဲ့ လူ နဲ့ regulation မလုပ်ရဘူး ဆိုတဲ့ လူ ( ယခု နောင်တ ရနေကြတဲ့ အုပ်စု ) တွေရဲ့ အယူအဆ တွေကို ဆွေးနွေး ဝေဖန်ရတဲ့ အလုပ် အကိုင်ပါ။

ဒါတွေနဲ့ပတ်သက်လို့ ကျနော်ထင်ချင်မိတာ ကတော့ ဒီနှစ်အုပ်စုစလုံးဟာ အခုကြုံတွေ့နေရတဲ့ မြောက်များ လှစွာသော အကျပ်အတည်းတွေကို နားလည်နိုင်ဖို့အတွက် ကျနော်တို့စီးပွားရေးစနစ်ရဲ့ တည်ဆောက်ပုံ အခြေခံ အုတ်မြစ်ကို မေးခွန်း မထုတ်ခဲ့ကြတဲ့ အမှားကို ကျူးလွန်ခဲ့ကြတယ်လို့ ထင်ပါတယ်။ အခုထိ ကျနော်တို့ ဒါကို အရေးတယူ မဖြေရှင်းကြဘူးဆိုရင် ကျနော်တို့နိုင်ငံဟာ အခက်ခဲဆုံး ကာလတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ကျန်ကမ္ဘာကလည်း သူတို့ နိုင်ငံတွေမှာ ဒီလို အကျပ် ဆိုက်လာကြရင် တောင်မင်းကို မြောက်မင်း မကယ် နိုင် ဆိုသလို ဖြစ်ဖို့ အကြောင်း ရှိပါတယ်။ ဒါကြောင့် မို့လို့ ဒီပြဿနာတွေရဲ့ မူလ အစ ဇစ်မြစ်ကနေ ပြောင်းလဲပစ်ဖို့ ဆိုတာ ကျနော်တို့ အပေါ်မှာ တည်နေပါ ကြောင်း တင်ပြ လိုက်ရပါတယ်။ ခင်ဗျားတို့ရဲ့ စိတ်ဝင်တစား နားထောင်ပေးမှု အတွက် ကျေးဇူးတင်ပါတယ်..။ ( ပြီး )

                                       ……………………………………………….


ဒီ Post ဟာ “အမေရိကန်ပညာရေး အကြောင်း ကျနော်သိသမျှ ရဲ့ အဆက် .. အပိုင်း ( ၃ ) လည်းဖြစ်ပါတယ်”  ဆိုတာကတော့ ဒီလိုပါ။ ဒီ lecture ဟာ ကျနော် အခု လက်ရှိစာသင်ရာသီမှာ ယူထားတဲ့ Human Geography ဆိုတဲ့ အတန်းတခုရဲ့ schedule ထဲမှာ ပါတဲ့ ဗီဒီယိုခွေ တခု ဖြစ်ပါတယ်။

[ တကယ်တော့ကျနော် “အမေရိကမှာဘယ်သို့၊ ဘယ်ညာ..” ဆိုပြီး သိပ်မပြောချင်တာအမှန်ပါ။ လူတယောက် ဟာ မိမိ အကြောင်းတိုက်ဆိုင်လို့ ရောက်ရှိနေတဲ့ နိုင်ငံတခုပေါ်မှီပြီး၊ မိမိ အတန်ငယ်လောက် ပြောတတ်တဲ့ ဘာသာစကားတခု ပေါ်မှီပြီး မာန်တက်နေရင်၊ ကြွားဝါနေရင် ကျနော်က အဲဒီလူကို “အကာလောက်ကို အနှစ် လို့ထင်သူ ခပ်ညံညံ့ပုဂ္ဂိုလ်များစာရင်း” ထဲ ထည့်ချင်တတ်သူပါ။ အခု ကျနော်ကိုယ်တိုင် “အမေရိကမှာ ဘယ်သို့ ဘယ်ညာ” လုပ်နေရတော့ အဲဒီစာရင်းထဲ ကိုယ်လည်းပါသွားမှာ စိုးမိပါတယ်။ ဒါကြောင့် ကျနော် ရှင်းရှင်းလင်းလင်း ဒီလိုပြောထားချင်ပါတယ်။ အခု ကျနော့်စာကိုဖတ်နေတဲ့ ခင်ဗျားဟာ ကျနော်နေတဲ့ တောမြို့ ( Portland ) ထက် ပိုကြီးတဲ့  “နယူးယောက်”၊ “လောစ့် အိန်ဂျယ်လိစ်”၊  “ဆန်ဖရန် စစ္စကို” ၊ ဒါမှ မဟုတ် ကနေဒါက “ဗင်ကူးဗား”၊ “တိုရန်တို” တို့လို မြို့ကြီးတွေမှာ နေတယ်ဆိုပါတော့။ ဒီလိုဆိုရင် ကျနော်က ခင်ဗျားကို ကျနော်တို့ဆီက ကိစ္စတခုခုကို ရှင်းပြ၊ ပြောပြတာဟာ ကြွားတာအလျှဉ်း မဖြစ်နိုင်တော့ပါဘူး။ It’s just an explanation about something. သာလျှင် ဖြစ်ပါမယ်။ အခုကျနော် ဒီ post ကို ရေးတဲ့အခါမှာလည်း ဒီက ဒေသန္တရဗဟုသုတကို ပေးချင်တဲ့ဆန္ဒသာရှိပါတယ်။ ဒီစာကို ဖတ်နေကြသူတွေကိုတော့ နယူးယောက်၊ လောစ်အိန်ဂျယ်လိစ်မြို့နေ မြို့ကြီးသားများလိုပဲ မှတ်ယူပါကြောင်း။ ဒီလိုပြောလို့ ကျနော် ဘဝင်မမြင့် တတ်ဘူး လို့ မဆိုပါ။ ကိစ္စတခုကို intellectually analyze လုပ်တတ်တယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်မိတဲ့ ကျနော့်ရဲ့ အသိဥာဏ်အတွက်၊ လူနဲ့တူတယ်လို့ထင်မိတဲ့ ကျနော့်ရဲ့နှလုံးသားအတွက်တော့ ကျနော်က နည်းနည်း လောက် ဘဝင်ခပ်မြင့်မြင့်ပါပဲ ခင်ဗျး)) ]

ကဲ.. အဲဒီတော့ “အမေရိကန် ပညာရေး အကြောင်း” ဒီစာကို ဖတ်နေတဲ့သူတွေအတွက် ဗဟုသုတ ဖြစ်စေလို ဖြစ်စေငြား အဲဒီ Human Geography ဆိုတဲ့ အတန်းကို ဥပမာပေးပြီး အတွေ့အကြုံ နည်းနည်းဝေမျှ လိုက်ပါ ရစေ။ ဒီက ကျောင်းတွေ မှာ မြန်မာပြည်မှာလိုပဲ ဘာမေဂျာ ဆိုပြီး ရှိပေမဲ့ မယူမနေရ minor ဘာသာတွေလည်း အတော်များပါတယ်။ ဥပမာ၊ ကျနော်တို့ ကျောင်းမှာ Welding ဘာသာရပ်၊ Nursing ဘာသာရပ်တွေ ရှိပါ တယ်။ ( အောင်မယ်၊ ကျနော်တို့ ကျောင်းမှာ ရဟတ်ယဉ်နဲ့ လေယဉ်မောင်းသင်တန်းလည်း ပေးပါသဗျး) ဘယ်မေဂျာပဲယူ ထားထား ဒီကျောင်းကနေ ဘွဲ့လက်မှတ်တခု ( A.A = Associate Degree ( Arts ) စသည်ဖြင့် ) လိုချင်ရင် College level English 2 classes, Public Speech, College level Math, Biology/ Chemistry ( lab ), Social Science ( Psychology, History, Geography, etc. ) စသည်ဖြင့် ယူကို ယူရမယ်။ အဲဒါကြောင့် ကျနော်က ပထဝီမယူရသေးလို့ တာဝန်တခုကျေအောင် ပြီး ပြီးရော ဆိုပြီး ဒီဘာသာကို စမ်းတဝါးဝါးနဲ့ ယူခဲ့တာပါ။ ဩော်.. ဒီနေရာမှာ မြန်မာပြည်နဲ့ မတူတာတခု ပြောရဦးမယ်။  ( စင်္ကာပူ၊ ထိုင်း တို့မှာ ကျောင်းတက်ဖူးတဲ့ သူတွေမပါ၊ မြန်မာပြည် က ကျောင်းသားတွေကိုသာ ရည်ရွယ်ပြီး ပြောတာပါ။ ) ဒီမှာ ပယမနှစ် အတွက် ပြဌာန်းဘာသာရပ်တွေက ဒီဘာသာတွေပဲရယ် လို့ ပြောဖို့ မဖြစ်နိုင်ပါ။ ဘာလို့လဲ ဆိုတော့ ကျောင်းသားက ( သူ အဆင်ပြေသလို ) ယူချင်သလို၊ ယူချင် သလောက်သာ ယူသောကြောင့် ဖြစ်ပါတယ်။ ဒီ ဘာသာယူပြီးမှ ဒီဘာသာကို ယူလို့ရတယ် ( prerequisite ) ဆိုတာတော့ ရှိပါတယ်။ အကျဉ်းချုပ် ကတော့ အစပိုင်းမှာ ယူချင်ရာယူ၊ ဘွဲ့ ရခါနီးမှ ဘာယူရမှာမယူရသေးလို့ ယူလိုက်ဦး၊ အဲဒါတွေ အကုန်ပြည့်စုံတဲ့နေ့ ဘွဲ့နှင်းသဘင် အတွက် လျှောကလွှာတင် ဆိုတဲ့ စနစ် ဖြစ်ပါတယ်။ ကျနော်ကတော့ တစ် semester ကို ၂ ဘာသာ၊ ၃ ဘာသာ လောက်စီ နည်းနည်း နည်းနည်းပဲ ယူလို့ Graduation ဖြစ်ဖို့ နည်းနည်း လိုပါသေးတယ်။

ထားလိုက်ပါတော့။ အခု Human Geography အကြောင်း ပြောပါ့မယ်။ ဒီဘာသာက မြေပုံမဆွဲရတဲ့ ပထဝီ မျိုးပါ။ Geo-politics ဆိုတာရှိတော့ တကယ်ဆိုရင်ဒါကို Geo-economics လို့ တောင်မှ ခေါ်သင့်တယ်လို့ ထင်မိပါတယ်။ geographic terms တွေထက် economic terms တွေကို ပိုသုံးပြီး globalization ရဲ့ သဘော သဘာဝ အကြောင်းကို သင်ပါတယ်။ အပါတ်တိုင်း ပြဌာန်းစာအုပ်ထဲက စာမျက်နှာ ၃၀ လောက် ဖတ်ရပါတယ်။ မဖတ်ရင် Weekly Assignment ရေးဖို့ မဖြစ်နိုင်ပါဘူး။ Assignment က ဒီလိုပါ။ ပြဌာန်းစာအုပ် ထဲက theme/ key word တခုခုကို ယူပြီး အဲဒါနဲ့ စပ်ဟပ်သော The New York Times နဲ့ Washington Post သတင်းစာ ၂ စောင် ( အခြား သတင်းစာများကို ကိုးကားလို့ မရပါ၊ အဲဒီ အပါတ် အတွင်းမှာ ထွက်တဲ့ သတင်း လည်း ဖြစ်ရပါ့မယ် ) ထဲက news/ article တခုကို ဆက်စပ် ပြရပါမယ်။ ဥပမာ၊ ပြဌာန်းစာအုပ် ထဲမှာ တရုတ်ပြည် တဟုန်တိုး တိုးတက် လာရတဲ့ အကြောင်းရင်း ရေး ထားတာကို theme ယူရင် Washington Post သတင်းတပုဒ်မှာ တရုတ် မြို့နေ လူဦးရေက ကျေးလက်နေ လူဦးရေ ထက် များသွား ပြီ ဆိုတဲ့ အကြောင်းပါ သတင်းနဲ့ ဆက်စပ်၊ ပြီးတော့ ကိုယ့် အမြင်နဲ့ သုံးသပ်ချက် ကို ရေးပြီး နိဂုံး ချုပ်ပေးရ တာ မျိုးပါ။ ကျနော်တော့ ဒါမျိုးတွေ လုပ်ရတာ ဝါသနာပါပါတယ်။ ဒါပေမဲ့ တော်တော် အချိန်ကုန်၊ ဦးနှောက်စားပါတယ်။ အဲဒီလို weekly assignment အပြင် Quiz အပါတ်တိုင်းဖြေရပါသေးတယ်။ ပြီးတော့တပါတ်တခါ အထက်မှာကျနော် ဘာသာ ပြန်ခဲ့တဲ့ ဗီဒီယိုလို ဗီဒီယိုခွေ တခုခုကို ကျောင်းမှာ ကြည့်ရ ပါတယ်။ အပေါ်က ဗီဒီယို ခွေပါ အကြောင်းအရာ ကိုတော့ ပြီးခဲ့တဲ့ သောကြာနေ့က မေးတဲ့ mid-term စာမေးပွဲမှာ ထည့် မေးသွား ပါကြောင်း .. ] 

1 comment:

  1. ကျေးဇူးတင်ပါတယ်.. လာမည့်အပိုင်းများကိုလည်း စောင့်မျှော်နေပါတယ်။

    ReplyDelete