Saturday, November 6, 2010

ခင်ဗျား မဲသွားထည့် ဦးမလို့လား

ကျနော်က မတရားမှု တခုကို "ယောနိသော မနာသီကာရ" တရားနဲ့ အညီ အသင့်အတင့် နှလုံးသွင်း တာတို့ ၊ မတရားမှု လုပ်နေကြတဲ့ သူတွေကို မေတ္တာထားတာတို့ ဖက်မှာ သိပ်မတော်ပါ (တရားမရသေးပါ)။ ဒါကြောင့် ကျနော်တို့ မြန်မာပြည်မှာ မနက်ဖြန် ကျင်းပမဲ့ ရွေးကောက်ပွဲကို ( ထို့အပြင် ဒီရွေးကောက်ပွဲကို ဖြစ်လာစေတဲ့ ၂၀၀၈ အခြေခံ ဖွဲ့စည်းပုံ ဥပဒေ ကို) တနည်း နည်း အားဖြင့် အသိအမှတ် ပြုရာရောက်တဲ့ ဘယ်အပြုအမူကိုမှ အားမပေးချင်မိပါဘူး။ ကျနော်သာ မြန်မာ ပြည်မှာရှိနေသေးရင်လည်း မဲရုံသွားပြီး မဲထည့်ဖြစ် လိမ့်မယ် မဟုတ်ပါဘူး။ ကျနော့် မဲတပြား မရလိုက်လို့ NDF အမတ်လောင်းတဦး ကြံ့ဖွတ်အမတ်လောင်းကို တမဲတည်း နှင့် ကပ်ရှုံးသွားရ တယ် လို့ ဆိုရင် လည်း ဝမ်းနည်း၊ စိတ်မကောင်း၊ နောင်တရမိမည် မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီ ဘက်တော်သား ( လို့ ယူဆရသူ ) အဲဒီ အမတ် နိုင်သွားရင်လည်း Overall အနေနှင့် တွက်ရင် ၂၀၀၈ နာဂစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်အရ စစ်တပ်ဟာ “နိုင်ငံတော် ဥပဒေပြုမှုအာဏာ” ( Legislative Power of the State/ လွှတ်တော် )၊ “နိုင်ငံတော် အုပ်ချုပ်ရေး အာဏာ” ( Executive Power of the State / အစိုးရအဖွဲ့ ) နှင့် “နိုင်ငံတော် တရားစီရင်ရေး အာဏာ” ( Judiciary Power of the State / တရားရုံး ) လို့ဆိုတဲ့ နိုင်ငံတခုရဲ့ အချုပ်အချာ အာဏာကြီး သုံးရပ် အထက်မှာပဲ ရှိနေဦးမှာမို့ မိမိ နိုင်စေ ချင်တဲ့ပါတီ နဲ့ လွှတ်တော် အမတ် တို့ အနိုင်ရတဲ့/ အနိုင်မရတဲ့ကိစ္စဟာ ဘာမှ အရေးမပါလှပါဘူး။ ဒီဖွဲ့စည်းပုံက ကျနော်တို့ မြန်မာနိုင်ငံသားများ “ဒါ ငါတို့ဖွဲ့စည်းပုံ တဲ့ကွ၊ တရားမျှတမှု ၊ တန်းတူညီမျှမှု ကို ဘယ်နားမှာ သွားရှာရမလဲ မသိ၊ ဒီလို ဖွဲ့စည်းပုံ ဥပဒေမျိုးနဲ့မှ ငါတို့နဲ့ တန်လေရော့သလား ” လို့ ဆိုပြီး ရှက်တတ်ရင် လဲသေလို့ရတဲ့ ဖွဲ့စည်းပုံမျိုး ဖြစ်ပါ တယ်။ ဒါကို ကျနော်က ဒီလူတွေကို သောက်မြင်ကပ်ကပ် နဲ့ အပို ပြောနေတာ မဟုတ်ပါဘူး။ ခင်ဗျား တို့ ကိုယ်တိုင် အောက်မှာ ဥပဒေ မူရင်း ( အချို့ ) ကို ဖတ်ကြည့်မိရင် သဘော ပေါက် လာပါလိမ့်မယ်။

ပုဒ်မ ၆။

( စ ) နိုင်ငံတော် ၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍ တွင် တပ်မတော်က ပါဝင်ထမ်း ဆောင်နိုင် ရေး တို့ကို အစဉ်တစိုက် ဦးတည်သည်။

ပုဒ်မ ၂၀။

(ခ) တပ်မတော်သည် တပ်ပိုင်းဆိုင်ရာ ကိစ္စအားလုံးကို လွတ်လပ်စွာ စီမံ ခန့်ခွဲ စီရင် ဆောင် ရွက်ပိုင်ခွင့် ရှိသည်။

( တပ်မတော်က ခင်ဗျားတို့ရွေးလိုက်တဲ့ လွှတ်တော်အမတ် တွေနဲ့ ဟန်ပြဖွဲ့စည်း ထားတဲ့ "ပြည်ထောင်စု လွှတ်တော်" နဲ့ "အစိုးရ အဖွဲ့" ရဲ့ အမိန့်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အညီ နားထောင်မှာ မဟုတ်ဘူးလို့ ကြေညာ ထားတာပါပဲ။)

(ဃ) တပ်မတော်သည် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတွင် ပြည်သူတရပ်လုံး ပါဝင်ရေး အတွက် စီမံ ဆောင်ရွက်ခွင့် ရှိသည်။

( ကျနော်တို့ နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြီး အရ စစ်တပ်ဟာ တရားဥပဒေနဲ့ အညီ ပေါ်တာ ဖမ်းးလို့ ရပါပြီ။ ဒါတွေက နိုင်ငံခြားနဲ့ စစ်တွေ ဘာတွေ ဖြစ်နေချိန်မျိုးမှာ လုပ်ဖို့လိုအပ်ရင်တောင် အစိုးရ အဖွဲ့ကသာ ချင့်ချင်ချိန်ချိန် နဲ့ လုပ်သင့်တာ မဟုတ်ဘူးလား။)

ပုဒ်မ ၄၀။

(ဂ) နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှု စသော အဓမ္မနည်းဖြင့် ရယူရန် ဆောင်ရွက်ခြင်း၊ သို့မဟုတ် ကြိုးပမ်း အားထုတ်ခြင်းကြောင့် ပြည်ထောင်စု ပြိုကွဲစေမည့်၊ တိုင်းရင်းသားစည်း လုံး ညီညွတ်မှု ပြိုကွဲစေမည့် သို့မဟုတ် အချုပ်အခြာ အာဏာ လက်လွတ် ဆုံးရှုးစေမည့် အရေးပေါ် အခြေ အနေ ပေါ် ပေါက်လျင် ကာကွယ်ရေးဦးစီးချုပ် သည် နိုင်ငံတော်အာဏာကို ဤ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဌာန်း ချက် များနှင့်အညီ ရယူသုံးစွဲခွင့် ရှိသည်။

(= "တပ်မတော်သည် ဖွဲ့စည်းပုံ ဥပဒေ နှင့်အညီ အာဏာ သိမ်းခွင့် ရှိသည်။" ကျုပ်တို့ တပ်မတော်ကြီး က အရပ်သားများ လက်ထဲမှာ နိုင်ငံတော်ကြီး တခုခု ဖြစ်သွားမှာ တယ် အစိုးရိမ်ကြီးသကိုး။ )

ပုဒ်မ ၅၉။ နိုင်ငံတော်သမ္မတ နှင့် ဒုတိယသမ္မတများ၏ အရည်အချင်းများမှာ အောက်ပါအတိုင်း ဖြစ်သည် -

(ဃ) နိုင်ငံတော် အရေးအရာများ ဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေး အမြင်များ ရှိရမည်။

ကဲ.. ကျနော်လည်း ဒီ ပုဒ်မတွေကို ပြန်ရိုက်နေရတာ နည်းနည်းမောပြီ။ (source က ဇော်ဂျီ ဖောင့် နဲ့ မဟုတ်လို့ copy / paste လုပ်ကြည့်တာလည်း အဆင်မပြေပါဘူး။) ဒီတော့ ကျန်တာကို ခြုံငုံ ပြီးတော့ ပြောရရင် မြန်မာနိုင်ငံသမ္မတကို ပြည်သူက တိုက်ရိုက်ရွေးကောက် တင်မြှောက်ရမှာ မဟုတ်ပါဘူး။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တပ်မတော် တို့က ဒု သမ္မတ လောင်းတဦးစီ ကို အမည်စာရင်း တင်သွင်းပြီး အဲဒီ ၃ ယောက် ထဲက တယောက်က သမ္မတ၊ ကျန် နှစ်ယောက်က ဒုသမ္မတ ဖြစ်လာကြမှာပါတဲ့။ ဒါကြောင့် စစ်တပ်က အနည်းဆုံး ဒုသမ္မတ တဦးတော့ Quota ရပါတယ်။ ကံကောင်းရင် သူတို့အမည်တင်တဲ့သူ သမ္မတလည်း ဖြစ်လာနိုင် ပါသေးတယ်။ အခုရွေးကောက်ပွဲ မှာလည်း အဲဒါကို ချိန်ထားနိုင်ပါ တယ်။ နောက်ပြီး ကာကွယ်ရေး ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာ ဝန်ကြီးတွေကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်မှာ ဖြစ်ပါတယ်။ အဲဒီ စစ်သားဝန်ကြီးတွေကို သမ္မတ ( အစိုးရ အဖွဲ့ အကြီးအကဲ နဲ့ နိုင်ငံ့ အကြီးအကဲ) က ကာကွယ်ရေးဦးစီးချုပ်ရဲ့ အမိန့်မရဘဲ ရာထူးကနေ ဖယ်ရှားလို့ မရပါဘူး။ ကျန် အရပ်သား ဝန်ကြီးတွေကို တော့ ဖယ်ရှားလို့ရပါသတဲ့။ အရင်တုန်းက ကြားဖူးတာက ကာကွယ်ရေး ဦးစီးချုပ် ( ညွှန်ချုပ် အဆင့်ရှိ နိုင်ငံ့ ဝန်ထမ်း ) ဟာ ကာကွယ်ရေး ဝန်ကြီး ရဲ့ လက်အောက်က ဖြစ်ပါတယ်။ ဒါပေမဲ့ အခု ကျွန်ုပ်တို့ရဲ့ ထူးဆန်း အံ့ဩဖွယ်ရာ အတိပြီးပေထသော နာဂစ်ဖွဲ့စည်းပုံ အလိုအရ ကတော့ ဒီ ကာကွယ်ရေး ဦးစီးချုပ် က အကောင်းစား ဝန်ကြီး သုံးယောက် ( ဝန်ကြီး သုံးပါးလို့ စတန့်ထွင် သုံးနေကြတာကို နားကြားပြင်း ကပ်လှပါတယ် ) ကို ခန့်နိုင်၊ ဖြုတ်နိုင်သော အာဏာ၊ လိုအပ်ပါက နိုင်ငံတော် အာဏာကိုပါ သိမ်းနိုင် သော အာဏာ၊ ပြည်သူ့လွှတ်တော်သို့ တပ်မတော်သား အမတ် ၁၁၀ ယောက် ( အရပ်သား ၃၃၀ ) စေလွှတ် နိုင်သော အာဏာ၊ အမျိုးသား လွှတ်တော်သို့ တပ်မတော်သား အမတ် ၅၆ ယောက် ( အရပ်သား ၁၆၈ ယောက် ) ကို စေလွှတ် နိုင်သော အာဏာ၊ စစ်သား တယောက် လူသတ်မှု ကျူးလွန်ခဲ့ရင် လည်း အရပ်ဖက် တရားရုံးနဲ့ စစ်ဆေးတာ မခံရဘဲ ကာကွယ်ရေး ဦးစီးချုပ်က နောက်ဆုံးမှာ ကွင်းလုံးကျွတ် လွှတ်ချင်ကလွှတ် လို့ရတဲ့ ရွှေ အာဏာတော်များ ရှိပါသတဲ့။ ဒါကြောင့် ဒီဖွဲ့စည်းပုံဟာ စစ်သား သမ္မတ၊ စစ်သားလွှတ်တော် အမတ်၊ စစ်သား ဝန်ကြီး၊ စစ်သား တရားသူကြီး လုပ်ကြမဲ့ ဖွဲ့စည်းပုံ မျိုးဖြစ်ပါတယ်။ ဒါကြောင့် ကျနော် တဦးတည်းရဲ့ သဘောကတော့ ဒီ ဖွဲ့စည်းပုံ ဥပဒေကို ( ကျနော် နိုင်ငံရေးသမား တယောက်မဟုတ်ပါ။ ဒါကြောင့် နိုင်ငံရေးသမား တယောက်က ပြောနေတာ မဟုတ်ဘဲ နိုင်ငံသား တယောက်အနေနဲ့ပဲ) “ချီး” လို ရွံပါတယ်။ ဒီလို ဖွဲ့စည်းပုံအရ ပေးရမဲ့ မဲကိုလည်း လွမ်းစိတ်ကလေးများ တစက်မှ မပေါ်ပေါက်မိပါဘူး။ ဒါ နိုင်ငံတော်သစ် တခုကို တည်နေတာ မဟုတ်ဘူး။ ပုပ်ပွ အော့နှလုံးနာဖို့ကောင်းတဲ့ မတရားမှုကြီး တခုကို စတင် အသက် သွင်း နေကြတာပါ။

အဲဒီတော့ မဲမထည့်ရင်ကော ရမဲ့ အကျိုးတွေက ဘာတွေတုန်း လို့မေးစရာ ရှိပါတယ်။ ကျနော် မြင်မိတဲ့ လက်ငင်း အကျိုး ကတော့ “ဒီလောက် အသုံးမကျတဲ့ နိုင်ငံတော် ဖွဲ့စည်းပုံ ဆိုတဲ့ မတရားမှုကြီး ကို အသက်သွင်း တုန်းက ငါမပါခဲ့ဘူး။ ငါ့ တသက်တာမှာ ငါ့ ဆင်ခြင်တုံ တရားက မယုံကြည်တဲ့၊ ငါ့ နှလုံးသားက လက်မခံတဲ့ အလုပ်တခု ကို သူများလုပ်နေကြလို့ လုပ်ရတာပါ ဆိုတဲ့ ဆင်ခြေနဲ့ ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးဘူး” လို့ မိမိ ကိုယ်ကို မိမိ တသက်လုံး လေးစားလို့ရပါလိမ့်မယ်။ အဲဒီလို ကိုယ်ကတော့ ကိုယ့်အတ္တကို ကိုယ် ကောင်း မွန်စွာ စောင့်ရှောက်တဲ့ အနေနဲ့ လုပ်လိုက်တာပဲ။ ဒါပေမဲ့ အဲဒီလို ကိုယ့် ယုံကြည်မှုအပေါ် သစ္စာရှိတဲ့ နိုင်ငံသား တွေ များလာရင် တနေ့နေ့ ကျနော်တို့ ဒီ ဥပဒေကို သူနဲ့တန်တဲ့ အိမ်သာ ဇလားထဲ ပစ်ချနိုင်ကြ ပါလိမ့် မယ်။ Francis Fakuyama က သူ့ရဲ့ The End of the History မှာ ရေးဖူးပါတယ်။ လူ့သမိုင်းဟာ စိတ်ပိုင်းဆိုင်ရာ အရ တစုံတယောက်/ တစုံတရာလက်အောက်မှာ ကျွန်ဆန်နေရမှု ကနေ မိမိကိုယ်ကို မိမိပိုင်တယ်လို့ အပြည့် အဝ ခံစားရတဲ့ သခင်ဆန်မှုဆီကို မနားတမ်းသွားနေတဲ့သမိုင်းပဲ ဖြစ်တယ်တဲ့။ အဲ ...အဲဒီ သခင်ဆန်မှု ဆီရောက် သွားရင်တော့ ပြုဖွယ်ကိစ္စလည်း ကုန်ပြီ။ ဒါကြောင့်သူက အဲဒီ အနေအထားကို သမိုင်း၏နိဂုံး လို့ခေါ်ထားတာပါ။ Communism က လူတွေ ကြားမှာ ရုပ်ပိုင်းဆိုင်ရာ ပိုင်ဆိုင်မှု မညီမျှ မချင်း တော်လှန်ရေး တွေ ပေါ်ပေါက်နေဦးမယ်၊ လူတန်းစားတခု တည်းဖြစ်သွားမှ the end of history ဖြစ်သွား လိမ့်မယ်လို့ မျှော်လင့်ခဲ့ဖူးတယ်။ ဒါပေမဲ့ တကယ်တမ်း ကျတော့ အဲဒါ ကလည်း ကိုယ့်ကိုယ်ကို ကိုယ်ပိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုကို မပေးနိုင်ဘူး။ ( အဲဒီ ဝါဒရဲ့ အလို က ကိုယ့်ကို community ကပဲ ပိုင်တာ။) ဒါကြောင့် ဒီစနစ်လည်း ကျဆုံးရချေတော့တယ်။ နောက်ဆုံးတော့ Liberalism ကသာ လူသားတယောက်အဖြစ် အပြည့်အဝ လွတ်လပ် တဲ့ စိတ်ခံစားမှုကို ပေးနိုင်မှာ ထင်ရှား လာတယ်။ ဒါကြောင့် at the perfect stage of liberalism ဆီရောက် နေကြတဲ့ တိုင်းပြည်တွေမှာ ( ကြီးကြီး မားမား ပြောင်းလဲတဲ့ ) သမိုင်းခေတ်ကုန်ပြီ။ ရှေ့လျှောက် ငလျှင်လှုပ်တဲ့၊ ရေကြီးတဲ့ သမိုင်း လောက်ပဲ ကျန်တော့မယ်တဲ့။ ကျနော်တို့ကတော့ အဲဒီနောက်ဆုံး သမိုင်း မှတ်တိုင်ဆီ ရောက်ဖို့ အချိန် နည်းနည်း ကြာလိမ့်ဦးမယ်။ ဒါပေမဲ့ ကျနော်တို့ ဟာ သမိုင်းရဲ့ နိယာမအရ အဲဒီဆီကို တနေ့ ရောက်ကို ရောက်ကြရမှာပါ။ ဒီတော့ ဒီဖွဲ့စည်းပုံ ဥပဒေ အတု နဲ့ ရွေးကောက်ပွဲ အတုမှာ ကိုယ့်ဖက် က အနိုင်ရတာ/ မရတာကို သိပ် ပျော်ရွှင် / ကြေကွဲ နေဖို့ မရှိဘူးလို့ ထင်ပါတယ်။ ကိုယ်အနိုင်ရ လည်း စစ်တပ်ရဲ့ ကျွန်ပဲ။ အနိုင်မရလည်း စစ်တပ်ရဲ့ ကျွန်ပါပဲ။ အရေးကြီးတာက ဒီ ဖွဲ့စည်းပုံကို ထိရမှာ၊ ကိုင်ရမှာ၊ သုံးရမှာကို ချီးလို ရွံရှာပြီး ( ဒါက တမင်လုပ်ယူ ဖို့ မလိုပါ ဘူး။ မကောင်းတာကို မကြိုက်တာဟာ လူ့သဘာဝ တရပ် ဖြစ်ပါတယ်။) ဒါကြီးကို မြောင်းထဲ ပစ်နိုင်ဖို့ အဖြစ်နိုင် ဆုံးနည်းလမ်းတွေကို အသီးသီး ကြံစည်နေကြဖို့သာဖြစ်တယ်လို့ ထင်မြင်မိပါကြောင်း ကိုယ့်အမြင်ကို ဝေမျှ လိုက် ပါတယ် ညီ အကို မောင်နှမ အပေါင်း တို့...။

Saturday, September 18, 2010

မြင်ချင်သည် ရွှေပြည်ကြီးကိုလ ( ၃ )

ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အပတ်စဉ် ( ** ) ကျောင်းဆင်းပွဲ စစ်ရေးပြ အခမ်းအနား တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြောကြားသော မိန့်ခွန်း။

ရဲဘော်တို့။

ဒီကနေ့ဟာ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အပတ်စဉ် ( ** ) ကျောင်းဆင်းပွဲ အခမ်းအနားနေ့ ဖြစ်တယ်။ ဒီကျောင်းဆင်းပွဲ ပြီး တာ နဲ့ ကြည်း၊ ရေ၊ လေ တပ်ရင်း တပ်ဖွဲ့ အသီးသီးမှာ သွားရောက် တာဝန် ထမ်းဆောင်ကြရမဲ့ ရဲဘော် တို့ကို ဒီကနေ့ ငါ တပ်မတော် ကာကွယ် ရေး ဦးစီးချုပ်တဦး အနေနဲ့ အမှာစကား ပြောလိုတယ်။ ရဲဘော်တို့ ဟာ အခြား ဗိုလ်သင်တန်း အပတ်စဉ်များနဲ့ မတူဘဲ ဒီ စစ် တက္ကသိုလ် မှာ “ဒီမိုကရေစီ ကျင့်ထုံး” ဘာသာရပ် ၊ “လူ့ အခွင့်အရေး” ဘာသာရပ်နဲ့ အသစ်ပြန်လည် ရေးဆွဲထားတဲ့ “ပြည်ထောင်စု မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ” ဘာသာရပ် တို့ကို ဘက်လိုက်မှုမရှိတဲ့ ပညာရှင် ဆန်ဆန် လေ့လာမှုမျိုးနဲ့ စနစ်တကျ ပထမဆုံး သင်ယူဆည်းပူး ခဲ့ကြရ တဲ့ မြန်မာ့ တပ်မတော် အရာရှိတွေ ဖြစ် တယ်။ ဒါဟာ ရဲဘော်တို့ ကိုယ်တိုင် အတွက် ရော၊ ငါတို့ တပ်မတော် အတွက် ပါ ဂုဏ်ယူစရာပဲ ဖြစ်တယ်။ ငါတို့ နိုင်ငံတော် အတွက်လည်း ကျေနပ် စရာ တိုးတက်မှု မှတ်တိုင် တခုပဲ ဖြစ် တယ်။

ရဲဘော်တို့။

ငါတို့ တပ်မတော်ဟာ အဖွဲ့အစည်းရဲ့ ပင်ကိုယ်သဘာဝအရ အထက်အမိန့်ကိုနာခံရတဲ့အစဉ်အလာမျိုး ရှိတာ ကြောင့် စိတ်နှလုံး ရိုးသား ပြီး၊ ဖြောင့်မတ် တည်ကြည်တဲ့ ဗိုလ်ချုပ်အောင်ဆန်းလို စစ်ခေါင်းဆောင်မျိုး လက်ထက် မှာ တပ်မတော်ရဲ့ သတင်း ဂုဏ်ရောင် လှပ ထွန်းပြောင်ခဲ့သလောက်၊ စိတ်နှလုံး စဉ်းလဲ့ ကောက် ကျစ်ပြီး၊ တပ်မတော် အားကိုးနဲ့ ပြည်သူတွေ အပေါ် အနိုင်ကျင့်၊ ဗိုလ်ကျ၊ ဘုရင် လုပ်ချင်တဲ့ စစ်ခေါင်းဆောင် တွေ လက်ထက်မှာ တော့ တပ်မတော်ဟာ သူခိုး၊ ဓါးပြ၊ လူမဆန် အကျင့်ပျက်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ ဂိုဏ်း တခုသာသာ လောက်အထိ ဂုဏ်သတင်း မှေးမှိန်ခဲ့ရတယ်။ ဒါဟာ အဲဒီအပြစ်တွေကို ကျူးလွန်ခဲ့ကြတဲ့ သက်ဆိုင် ရာ စစ်ခေါင်း ဆောင် တွေကို ပုဂ္ဂိုလ်ရေး အာဃာဓထားပြီး မဟုတ်မမှန်တာ ကို ချဲ့ကားပြောဆိုနေတာ မဟုတ် ဘူး။ သမိုင်းဟာ အတိတ်ခေတ်တုန်းက တကယ် ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာ တွေကို ဖြစ်ခဲ့တဲ့ အတိုင်း မှတ်တမ်း တင်ထားပြီး ဖြစ်တယ်။ ကိုယ်လိုရင် လိုသလို၊ မလို ရင် မလိုသလို သွား ဖြည့်စွက် လို့၊ နှုတ်ပယ်လို့ ရကောင်းတော့တဲ့ အရာ မဟုတ်ဘူး။ ဒါကြောင့် သမိုင်းကို တကယ် မဖြစ်ခဲ့ဘဲနဲ့ ဖြစ်ခဲ့ သလို ပြောနေလို့ မရ သလို တကယ်ဖြစ် ခဲ့တာကို ဘာမှ မဖြစ်ခဲ့သလိုလည်း လိမ်လို့ မရဘူး။ လိမ်ရင် လည်း အဲဒီလိုလိမ်နေ တဲ့ ကာလ ခဏတာလေး၊ အလွန်ဆုံး ဆယ် စုနှစ် အနည်းအကျဉ်းလောက်ပဲ လိမ်လို့ရလိမ့်မယ်။ ယာယီ တွင်ကျယ်နေတဲ့ ခေတ်ကာလ တခု ကုန်ဆုံးသွားတဲ့ အခါ လိမ်ထားသမျှတွေ ပေါ်လာမှာပဲ ဖြစ်တယ်။ ဒါကြောင့် တပ်မတော် သည် ဆိုးညစ်တဲ့ ခေါင်းဆောင်တွေ လက်ထက်မှာ ကိုယ့်ပြည်သူတွေ အပေါ် ရက် ရက်စက်စက် ပြုမူခဲ့တာ ကို ငါတို့ လက်ခံအသိအမှတ်ပြုကြရမယ်။ ဒီလို ပြုမိခဲ့ ဖူးတဲ့ အပြစ်ကို လက်ခံအသိအမှတ်ပြုမှသာလျှင် ဒီအပြစ်ကို ဆေးကြော လိုတဲ့ လှိုက်လှဲသော ဆန္ဒလည်း ပေါ်ပေါက်လာမှာ ဖြစ်တယ်။ ရဲဘော်တို့ဟာ ဒီ အသိတရားကို ဒီကျောင်းမှာ သင်ကြားခဲ့ပြီး ဖြစ်လို့ မိမိတို့ရဲ့ တပ်ရင်း တပ်ဖွဲ့ အသီးသီးကိုရောက်သွားကြတဲ့အခါ မှာ ငါတို့ တပ်မတော် သည် ပြည်သူတွေအပေါ်မှာ ဒီ အကြွေးတင် နေတယ်။ဒါကြောင့် ငါတို့ရဲ့ ရှေ့ မျိုးဆက်က ပြုမူခဲ့တဲ့ ဒီအပြစ်ကို ငါတို့ ဆေးကြောနိုင်သရွေ့ ဆေးကြောသွားမယ်ဆိုတဲ့ စိတ်နှလုံးမျိုးထားပြီး ဖြစ် နိုင်တဲ့နေရာ၊ ဖြစ်နိုင်တဲ့ အချိန်မှာ တို့ ပြည်သူတွေအပေါ် ဆွေမျိုးရင်းချာစိတ်ဓါတ်မျိုး ထားကြပါ၊ အရင်တုန်းကလိုမျိုး အထက် အမိန့်ဆိုပြီး ကိုယ့်ပြည်သူတွေအပေါ် ရက်စက် ယုတ်မာ လူမဆန်ရတာမျိုး နောင် ဘယ်တော့မှ အဖြစ်မခံကြနဲ့ လို့ ပထမဦးဆုံး မှာကြားလိုတယ်။

ရဲဘော်တို့။

အခုဆိုရင် ငါတို့ နိုင်ငံမှာ နိုင်ငံရေးပြဿနာတွေကိုနိုင်ငံရေးခေါင်းဆောင်တွေက ( ဆွေးနွေး၊ ညှိနှိုင်း၊ အဖြေရှာ၊ အပေးအယူ လုပ်တဲ့) နိုင်ငံရေးနည်းနဲ့ ဖြေရှင်းပြီးဖြစ်လို့ စစ်ရေးနည်းနဲ့ အဖြေရှာစရာ မလိုတော့တာကြောင့် တောတွင်း လက်နက်ကိုင် အဖွဲ့ အစည်း တဖွဲ့မှ မကျန်တော့တာကို ရဲဘော်တို့ အသိပဲ ဖြစ်တယ်။ ဒါကြောင့် အခု ငါတို့ရဲ့ ခေတ်သစ်ပြည်သူ့တပ်မတော်ဟာ ပြည်ပရန် ကို အသက်ပေးပြီး ကာကွယ်ဖို့ တာဝန်နဲ့ ငါတို့ နိုင်ငံသားတွေရဲ့ သွေး၊ ချွေး၊ အသက်၊ ကာလရှည်ကြာစွာ အနစ်နာခံ ပေးဆပ်မှုတွေနဲ့ ရေးခဲ့ရတဲ့ ငါတို့ နိုင်ငံတော် ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို အသက်ပေးပြီးကာကွယ်ဖို့ တာဝန်ပဲ အဓိကအားဖြင့် ရှိတော့တယ်။ ဒီနေရာမှာ ရှင်းရှင်းလင်းလင်း ပြောထားလိုတာက ငါတို့ရဲ့ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ မှာ အတိ အလင်း ပြဌာန်းထားတဲ့ အတိုင်း “နိုင်ငံတော်ရဲ့ အာဏာ အရပ်ရပ်ဟာ ( တနည်းနည်းအားဖြင့်) နိုင်ငံသားများ ထံမှဆင်းသက်လာ” မှသာ အဲဒီ အာဏာသည် ဖွဲ့စည်းပုံ ဥပဒေ နဲ့ ကိုက်ညီတဲ့ အာဏာ ဖြစ်တယ်။ တကယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဒါမှမဟုတ် ရွေးကောက်ခံရခြင်း မရှိတဲ့ မည်သူမဆိုက နိုင်ငံ တော်ရဲ့ အာဏာကို တနည်းနည်းနဲ့ ရယူဖို့ ကြိုးစားလာမယ်ဆိုရင် ဒါဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင် နေတာဖြစ်လို့ သူဟာ အဲဒီလို ကိုယ်ထိလက်ရောက် အားထုတ်လိုက် တဲ့ အချိန်ကာလ ကစလို့ သူပုန် တယောက် ဖြစ်သွားပြီလို့ မှတ်ယူရမှာ ဖြစ်တယ်။ ဒါကြောင့် အဲဒီအချိန်မှာ ယခင်က သူ့ရဲ့ လက်အောက်ခံ ဖြစ်ခဲ့တဲ့ မည်သည့် တပ်မတော်သား တယောက်မှာမျှ သူ့အမိန့်ကို နာခံဖို့ တာဝန်မရှိတော့ဘူး။ နာခံခဲ့ရင် အဲဒီ တပ်မတော်သားပါ သူပုန် တပ်သား တယောက် ဖြစ်သွားမှာ ဖြစ်တယ်။ ငါတို့နိုင်ငံရဲ့ ခေတ်သစ် တပ်မတော်သား တဦး အဖို့ ပြည်ပရန်မရှိတဲ့ကာလမှာ အဓိကထမ်းဆောင် ရမဲ့ တာဝန်က နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသက်ပေးပြီး ကာကွယ်တာ ဖြစ်လို့ ဒီလိုအခါမျိုး မှာ နိုင်ငံတော် ဖွဲ့စည်း ပုံအခြေခံဥပဒေ နဲ့ အညီ ပြည်သူတွေက သူတို့ရဲ့ အာဏာကို အပ်နှင်း ထားတဲ့ တာဝန်ရှိပုဂ္ဂိုလ်ရဲ့ အမိန့်ကို နာခံတာကသာ ဖွဲ့စည်းပုံ ဥပဒေကို အသက်ပေးပြီး ကာကွယ်ရာ ရောက်မှာ ဖြစ်တယ်။

ထို့အတူပဲ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ နိုင်ငံသားတွေရဲ့ အပြုအမူဟာ ဖွဲ့စည်းပုံဥပဒေပြဌာန်းချက်နဲ့ ကိုက်ညီတာကြောင့် ဒီ နိုင်ငံသားတွေကို သေနတ်နဲ့ ပစ်ပါလို့ အထက်က အမိန့်ပေး လာခဲ့ ရင်လည်း အဲဒီ “အထက်အမိန့်ဟာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နဲ့မကိုက်ညီဘူး” လို့ ဆိုပြီး အထက်အမိန့် ကို ပြတ်ပြတ်သားသား ငြင်းဆန်ကြရမှာ ဖြစ်တယ်။ ဒါကြောင့် လည်း တပ်မတော်သားတို့ရဲ့ သစ္စာ အဓိဌာန် လေးချက် ထဲမှာ ပါတဲ့ “ငါ့အား အထက်မှ ပေးအပ်သော အမိန့် နှင့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပါမည်” ဆိုတာ အစား “ငါ့အား နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေနှင့် အညီပေးအပ်သော အမိန့် နှင့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပါမည်” လို့ အနှစ်သာရ နဲ့ စာသားကို ပြောင်းလဲ ခဲ့တာ ဖြစ်တယ်။ ဒီ သဘော ကို မြန်မာ့တပ်မတော်ကို တည် ထောင်သူ ဗိုလ်ချုပ်အောင်ဆန်းကလည်း အထက်အမိန့် ဆိုပြီး ခေါင်းဆောင် လုပ်တဲ့သူ က ကိုယ်ကျိုးရှာပြီး ခိုင်းတဲ့ အမိန့်တိုင်းကိုမျက်စိ မှိတ် နားထောင်ဖို့ မလိုဘူးလို့ အမြော် အမြင်ကြီးစွာ နဲ့ တခါတုန်းက မိန့်ကြားခဲ့ဖူးတယ်။ “တိုင်းပြည်ဟာ စစ်တပ်ရဲ့ အစေခံ မဖြစ်ရဘူး၊ စစ်တပ်ကသာ တိုင်းပြည်ရဲ့ အစေခံ ဖြစ်ရမယ် ” လို့လည်း အတိအလင်း မိန့်ကြားခဲ့ဖူးတယ်။

ရဲဘော်တို့။

လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဟာ ငါတို့ ခေတ်သစ် မြန်မာ့ တပ်မတော်ရဲ့ ဖခင်ကြီးလည်း ဖြစ် တယ်။ ပူဇော်ထိုက်သူကို ပူဇော်တာဟာ မင်္ဂလာ တပါးပဲ ဖြစ်တယ်။ လူတွေရဲ့ အလုပ်လည်း ဖြစ်တယ်။ တိရစ္ဆာန် လောက မှာဆိုရင် ပူဇော်ထိုက်သူကို ပူဇော်တဲ့ ဓလေ့ မရှိကြဘူး။ ဒါကြောင့် ဒီ ဓလေ့ကို မသိတဲ့၊ ဒီ ဓလေ့ မရှိတဲ့ သူ ဟာ တိရစ္ဆာန် နဲ့ မခြားတဲ့သူ လို့ ဆိုရမယ်။ အခုဆိုရင် တပ်မတော်ရဲ့ ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်း အမှူးပြုတဲ့ ရဲဘော်သုံးကျိပ်ဝင်တွေက ခေတ်သစ်“ မြန်မာ့တပ်မတော်” ကိုပထမ ဦးဆုံး တည်ထောင် ခဲ့ကြတဲ့ ဒီဇင်ဘာလ ( ၂၆ ) ရက်နေ့ကိုဂုဏ်ပြု တဲ့ အနေနဲ့ နိုင်ငံတော်က အဲဒီနေ့ကို “တပ်မတော်နေ့” အဖြစ် တရားဝင်သတ်မှတ် ကြေညာ ထားပြီး ဖြစ်တယ်။ တကယ်တော့ မြန်မာ့သမိုင်းကို ပြန်ပြောင်း လေ့လာကြည့် လိုက်မယ်ဆိုရင် ၁၉၄၅ ခုနှစ်မတ်လ ၂၇ ရက်နေ့ ဖက်ဆစ် တော်လှန်ရေးကြီး ဟာ တပ်မတော် တခုတည်းက ဖက်ဆစ်ဂျပန် တွေကို တော်လှန်တဲ့အနေမျိုးထက် အဲဒီတုန်းက ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ မြန်မာ့ တပ်မတော်နဲ့ အရပ်သား နိုင်ငံရေး ခေါင်းဆောင်ကြီး တွေဖြစ်ကြတဲ့ သခင်စိုး၊ သခင်သန်းထွန်း စတဲ့ဗမာပြည် ကွန်မြူနစ်ပါတီဝင်များ၊ စနစ်ဆိုး တခုအောက် အတူတူ ရောက်နေကြတဲ့ ပြည်သူလူထူ တရပ်လုံးက ဟန်ချက်ညီညီ ဖက်ဆစ်စနစ်ဆိုးကြီးကို တွန်းလှန် တိုက်ဖျက် ခဲ့ကြတာ ဖြစ်တယ်။ အဲဒါဟာ သမိုင်း ဖြစ်တယ်။ တစုံတယောက်က ကွန်မြူနစ်ကို မုန်းတာနဲ့ သူတို့ ပါဝင်ခဲ့တဲ့ သမိုင်း ကို ဖျောက်ဖျက် ပစ်လို့ မရဘူး။ ဒါကြောင့်မြန်မာ တမျိုးသားလုံး လှည်း နေ လှေအောင်း မြင်းစောင်းမကျန် ပါဝင် ခဲ့တဲ့ဒီဖက်ဆစ်တော်လှန်ရေး ကြီးကို တပ်မတော်က “တပ်မတော်နေ့” ရယ်လို့ မောင်ပိုင်စီး ထားဖို့ မသင့်တော် လို့ အဲဒီနေ့ကို ဒီနှစ် ကစပြီး တော့ “ဖက်ဆစ်တော်လှန်ရေးနေ့” လို့ ပြန်လည်ခေါ်ဝေါ် ကျင်းပသွားမှာ ဖြစ်တယ်။ ဒီနေရာမှာ ငါတို့ မြန်မာပြည်သူတွေဟာ ငါတို့နိုင်ငံ ရဲ့ လွတ်လပ်ရေး အတွက်သာမက ဖက်ဆစ်စနစ် ဒီကမ္ဘာပေါ် မှာ ဆက်လက် မတည်တံ့ နိုင်အောင် တော်လှန် တိုက်ဖျက်ခဲ့ကြဖူးတဲ့ လူမျိုးအဖြစ်နဲ့ပါ ဂုဏ်ယူကြ ဖို့ ကောင်းတယ်။ ဒါပေမဲ့ အဲဒါဟာ ကျဉ်းမြောင်းတဲ့ ဂျပန်လူမျိုးမုန်းတီးရေး တော့ လုံးဝ မဖြစ်သင့်ဘူး။

ရဲဘော်တို့။
.......................................................................................................................................................................
.......................................................................................................................................................................
.......................................................................................................................................................................
.......................................................................................................................................................................

ရဲဘော်တို့။

ရဲဘော်တို့ဟာ နောင်တခေတ်ရဲ့ အောင်စစ်သည် ဆိုတဲ့အတိုင်း အနာဂါတ်တချိန်မှာ တပ်မတော်ရဲ့ ထိပ်ပိုင်း ခေါင်းဆောင် ဖြစ်လာကြမဲ့သူတွေ ဖြစ်တယ်။ ဒါကြောင့် ရဲဘော်တို့ကို နိဂုံးချုပ် အနေနဲ့ ငါ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အဖြစ်ရော၊ မြန်မာ နိုင်ငံသား တယောက် အဖြစ်နဲ့ပါ တသက်စာ အတွက် မှာကြား လိုတာကတော့ ရဲဘော်တို့ ဟာ အထက်အမိန့်ကို နာခံရတဲ့ စစ်သား တွေမျှသာ မဟုတ်ဘူး။ မြန်မာနိုင်ငံသား တွေလည်း ဖြစ်ကြတယ်၊ တိရစ္ဆာန်ထက် အသိဥာဏ် မြင်မား တဲ့လူတွေလည်း ဖြစ်ကြတယ်ဆိုတာကို ဘယ်တော့ မှ မမေ့ကြနဲ့။ ရဲဘော်တို့ဟာ စစ်သားတွေ အဖြစ်နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မဆန့်ကျင်တဲ့ အထက်အမိန့် မှန်သမျှ ကိုနာခံ ကြပါ။ ဒါပေမဲ့ မြန်မာနိုင်ငံသားတွေ အဖြစ်နဲ့ ငါတို့ ရဲ့ လုပ်ရပ်ဟာ မြန်မာပြည်သူတွေရဲ့ အစစ်မှန်ဆုံး ဆန္ဒနဲ့ ရေးဆွဲပြီး သောင်းသောင်း ဖြဖြ အတည်ပြုခဲ့ကြတဲ့ ဖွဲ့စည်းပုံဥပဒေနဲ့ ကိုက်ညီရဲ့လားလို့ လည်း စဉ်းစားဆင်ခြင်တုံတရား ရှိကြပါ။ မကိုက်ညီဘူး ဆိုရင် ရဲဘော်တို့မှာ စစ်သားတယောက် အနေနဲ့ရော၊ မြန်မာနိုင်ငံသားတယောက် အနေနဲ့ပါ အဲဒါကို ဆောလျှင်စွာ တားဆီးရမဲ့ တာဝန်ရှိတယ် ဆိုတာ မမေ့ကြနဲ့။ ပြီးတော့ ရဲဘော်တို့ဟာ အသိဥာဏ်ရှိတဲ့ လူသားတွေ ဖြစ်ကြတာနဲ့ အညီ ကောင်းမှုနဲ့ တရားမှုကို မြတ်နိုးပြီး မကောင်းမှု နဲ့ မတရားမှုကို လူ့ဗီဇအရ မုန်းတီးဖို့ တာဝန်ပါ ရှိတယ် ဆိုတာ ကို ပြောကြားရင်း နိဂုံးချုပ် လိုက်ပါတယ်။

Tuesday, August 10, 2010

မြင်ချင်သည် ရွှေပြည်ကြီးကိုလ ( ၁ )

“ကျွန်ုပ်သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို တည်မြဲအောင် ထိန်းသိမ်း၍ ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ တရားဥပဒေများကို စောင့်ရှောက်ပါမည်။ ကျွန်ုပ်သည် ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်တကွ တရားဥပဒေတို့နှင့်အညီ မိမိ၏တာဝန်ဝတ္တရားများကို ယုံကြည် လေးမြတ်၊ ဖြောင့်မတ်မှန်ကန်စွာ ထမ်းရွက်ပါမည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ဘေးအန္တရာယ် အပေါင်းတို့ကို တွန်လှန်ဖယ်ရှားရန် ကြီးစွာသောသတိ ဝိရိယဖြင့် အားထုတ်ပါမည်။ ကျွန်ုပ်သည် ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အကျိုးငှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်အား ကျွန်ုပ်၏ အသက်နှင့် ကိုယ်ကို အပ်နှင်းသည် ဟု လေးနက်တည်ကြည်စွာကြေညာ၍ ကတိသစ္စာပြုသည်”

မြန်မာနိုင်ငံတွင် လွန်ခဲ့သောလအတွင်းက နိုင်ငံ့ရာဇဝင်တလျှောက်လုံး၌ ပထမဦးဆုံးအကြိမ်အဖြစ် နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတတို့ကို မဲဆန္ဒရှင် ပြည်သူများက တိုက်ရိုက်ရွေးချယ်တင်မြှောက်ခဲ့ကြသည်။ ယနေ့ ကား ထိုနိုင်ငံတော်သမ္မတသစ်နှင့် သူ၏အစိုးရအဖွဲ့တို့ ကျမ်းသစ္စာကျိန်ဆို၊ ရာထူးလက်ခံ၊ တာဝန်စတင် ထမ်း ဆောင်ကြမည့်နေ့ ဖြစ်၏။ ထို့ကြောင့် ယနေ့သည် မြန်မာနိုင်ငံသားများအဖို့ ခေတ်သစ်တခုထဲသို့ စတင် ဝင်ရောက်သည့် နေ့ထူးနေ့မြတ်ကြီး တနေ့သဖွယ် စိတ်လှုပ်ရှားဖွယ်ကောင်းနေလေသည်။ နိုင်ငံတဝန်းလုံး တွင် သည်ကနေ့ သမ္မတသစ်က သူ၏ရာထူးလက်ခံမိန့်ခွန်း ထဲ၌ ဘာတွေများထည့်ပြောလေမလဲဟု စိတ်ဝင် တစားဖြင့် လှုပ်လှုပ်ရွရွဖြစ်နေကြကာ အိမ်တိုင်းလိုလိုပင် မိမိတို့၏ ရုပ်မြင် သံကြားစက်များ၊ ရေဒီယိုသာရှိသူ များက ရေဒီယိုများကို ဖွင့်ထားကြသည်။ ဤ သမ္မတသစ် ရာထူးလက်ခံကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားသို့ အထူးဧည့်သည်တော်ကြီးအဖြစ် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်လည်း ကြွရောက် အားပေးချီးမြှင့်သည်ကိုတွေ့ရသည်။ သူမသည် မြန်မာပြည်သူလူထုက တိုက်ရိုက် ရွေးချယ်တင်မြှောက် ထား သော သမ္မတသစ်က နိုင်ငံတော်တရားသူကြီးချုပ်၏ ရှေ့မှောက်တွင် ကျမ်းသစ္စာ ကျိန်ဆိုနေသည်ကို ကြည့်ကာ သူမနှင့် မြန်မာပြည်သူတို့၏ “ဒုတိယမြောက်လွတ်လပ်ရေးကြိုးပမ်းမှု” အောင်မြင်စွာပြီးဆုံးခြင်းအတွက်ကြည်နူး ပီတိဖြစ်နေဟန်ရှိလေသည်။

“ယခုအချိန်ကစပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော်သမ္မတကြီးမှ ရာထူးတာဝန် စတင်ထမ်းဆောင်တဲ့ ပထမဆုံး မိန့်ခွန်းကို မြွက်ကြားပါလိမ့်မယ်ခင်ဗျား”

ရာထူးလက်ခံပွဲအခမ်းအနားမှူး လုပ်နေသော နိုင်ငံတော်သမ္မတရုံး ပြန်ကြားရေးအတွင်းဝန်၏ ကြေညာသံ ပေါ်ထွက်လာသည်။ နိုင်ငံတော်သမ္မတသည် ပြုံးပြုံးရွှင်ရွှင်နှင့် လက်ဝှေ့ရမ်းရင်း စကားပြောစင်မြင့်ဖက်သို့ ချဉ်းကပ်လာသည်။ ထို့နောက် အောက်ပါမိန့်ခွန့်ကို စတင်ပြောကြားလေသည်။

လေးစားအပ်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံသူမြန်မာနိုင်ငံသား အပေါင်းတို့ခင်ဗျား။

မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်။ ပထမဦးဆုံးအနေနဲ့ ကျနော့်ကိုဒီ “နိုင်ငံတော်သမ္မတ” ဆိုတဲ့ ရာထူးတာဝန် ကိုယုံကြည်စွာအပ်နှင်း၊ ထမ်းဆောင်ခွင့်ပြုခဲ့ကြတဲ့ မိဘပြည်သူ မြန်မာလူထုကြီးကို ရင်ထဲက လှိုက်လှိုက်လှဲလှဲနဲ့ ကျေးဇူး အထူး တင်မိပါကြောင်း ပြောကြားလိုပါတယ်။ ဒီကနေ့ကစပြီး ဒီရာထူးရဲ့ တာဝန် ဝတ္တရားများကို ထမ်းဆောင်ရင်း မိမိ ကိုယ်စွမ်း ဥာဏ်စွမ်းရှိသလောက် တိုင်းပြည့်ဝန်ကို ထမ်းရွက်နိုင်တော့မှာ ဖြစ်တဲ့အတွက် ကျေနပ်ဂုဏ်ယူမိပါကြောင်း လည်းပြောလိုပါတယ်။ တကယ်တော့ ရာထူးဆိုတာ တာဝန်ပဲ ဖြစ်ပါတယ်။ ရာထူးဆိုတာ အာဏာ မဟုတ်ပါဘူး။ ရာထူးကြီးတဲ့ ပုဂ္ဂိုလ် တယောက်ဆီမှာ ထိုက်သင့်တဲ့ အာဏာ တချို့ရှိရတာဟာ သူ့ရဲ့ တာဝန်ဝတ္တရားများကို ထိထိရောက်ရောက် ထမ်းဆောင် နိုင်ဖို့အတွက်သာလျှင် ဖြစ် ပါတယ်။ နိုင်ငံတော် သမ္မတ တဦးဟာ သမ္မတရဲ့ တာဝန်များကိုတော့ ထိထိရောက်ရောက် မထမ်း ဆောင်ဘဲနဲ့ သမ္မတရဲ့ အာဏာများကိုသာ ထိထိရောက်ရောက် ထုတ်သုံးနေရင် သူ့ကိုအာဏာရှင်သမ္မတလို့ ခေါ်ဆိုရပါ လိမ့်မယ်။ ကျနော်အဲဒီလို အာဏာရှင်သမ္မတမျိုး မဖြစ်စေရပါဘူး၊ သမ္မတတာဝန်ကို ထမ်းဆောင်တဲ့ သမ္မတမျိုး သာ ဖြစ်စေရပါ့မယ် လို့ ဒီနေ့၊ ဒီအချိန်၊ ဒီနေရာကနေပြီးတော့ မြန်မာပြည်သူလူထုကြီးကို ရိုးသား တည်ကြည် လေးနက်စွာ ကျနော်ကတိပေး ပါတယ်။( လက်ခုပ်ဩဘာသံများ)

ဒီ သမ္မတရာထူးကနေ ကျနော်ဘာများ မျှော်လင့်မိပါသလဲလို့ တစုံတယောက်က ကျနော့်ကို မေးလာခဲ့ လို့ရှိရင် ကျနော့်ကို မွေးဖွားခဲ့တဲ့ ဟောဒီအမိမြေကို နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူနေမှုအဆင့်အတန်း၊ စိတ်ဓါတ်အဆင့် အတန်း အရ ကမ္ဘာ့ အလယ်မှာ မျက်နှာမငယ်ရအောင်၊ ရင်ဘောင်တန်းနိုင်အောင် မြန်မာ ပြည်သူပြည်သားတွေ အားလုံး တက်ညီလက်ညီ ကြိုးပမ်းခဲ့ ကြစဉ်တုန်းက ကျနော်လည်း တာဝန်အရှိဆုံး နိုင်ငံသား တယောက်အဖြစ်နဲ့ ပါဝင်ခဲ့တယ်လို့ မသေခင်ကြည်နူးသွားခဲ့ချင်တာ ပဲရှိပါတယ်။ ဒီရာထူးကနေ ကျနော်မျှော်လင့်နိုင်သမျှက အဲဒီလောက်ပါပဲ။ အဲ - သူဌေးကြီးဖြစ်ချင်တဲ့ ဆန္ဒကလေးများရှိရင် တော့ အမြတ်ရ ဖို့သေချာတဲ့ကောင်းရောင်းကောင်းဝယ် စီးပွားရေးလုပ်ငန်းတခုလောက်ပဲ ကျနော် လုပ်ကိုင်မှာပါ။ ကျနော် လုပ် လည်း လုပ်တတ်ပါတယ်။ ခင်ဗျားတို့လည်း ဒါကိုသိတာပါပဲ။ ဒီအမြတ်ရဖို့ မသေချာတဲ့ သမ္မတ အလုပ် ကို တော့ လာ မလုပ်ပါဘူး ခင်ဗျား။ ( ရယ်သံများ)

အခု တဆက်တည်းပဲ မြန်မာပြည်သူလူထုကြီးကို နောက်ထပ် အရေးကြီးတဲ့ ကတိစကားတခွန်းကိုလည်း ကျနော်ပေးချင်ပါတယ်။ ကျနော်ဟာ ရာနှုန်းပြည့်ရိုးသားဖို့ ဖြစ်နိုင်သည့်တိုင် သာမန်ပုထုဇာဉ်တယောက်မျှသာ ဖြစ်တဲ့အတွက် ကျနော့်ရဲ့ စိတ်ကူး စိတ်သန်း နဲ့ ဆုံးဖြတ်လုပ်ဆောင်ချက်တွေဟာ အခါခပ်သိမ်းမှန်လိမ့်မယ်လို့ မဆိုနိုင်ပါဘူး။ ဒါကြောင့် ကျနော်နဲ့ ကျနော့် အစိုးရ အဖွဲ့ရဲ့ လုပ်ပုံကိုင်ပုံတွေဟာ မှားယွင်း၊ ချွတ်ချော်၊ တိမ်း စောင်း နေတယ်လို့များ သဘောရကြရင် ပြည်သူလူထုကြီး အနေနဲ့ ကျနော်တို့ကို သတင်း စာ၊ မီဒီယာ တွေ ပေါ်ကနေပြီးတော့ ထောက်ပြ ဝေဖန် တည့်မတ် ပေးနိုင်ကြပါတယ်။ ဒါလောက်နဲ့မှ မကျေနပ်နိုင်သေးရင် လူကိုယ်တိုင် ငြိမ်းချမ်းစွာ ဆန္ဒပြချင်ရင်ပြနိုင်ကြပါတယ်။ ( လက်ခုပ်ဩဘာသံများ) ပြည့်အရေးကို ကိုယ့်အရေး လိုသဘောထားပြီး မိမိဆန္ဒကို အုပ်ချုပ်သူတွေသိအောင် ဖော်ထုတ်ပြသတယ်ဆိုတာဟာ တာဝန်သိ နိုင်ငံသား ကောင်းတွေရဲ့ လုပ်ရပ်၊ လှပတဲ့အမူအရာ၊ ချစ်ခင်စဖွယ် အလေ့အထ တရပ်ပဲ ဖြစ်ပါတယ်။ ကျနော်တို့ မဟုတ် တာ မလုပ်သရွေ့၊ ပြည်သူတွေက ကျနော်တို့ကို အလကား အားအားလျားလျား အချိန်ကုန်ခံပြီးတော့ ဆန္ဒပြ နေကြမှာမဟုတ်ဘူးလို့လည်းယုံကြည် ပါတယ်။ ဒါကြောင့် ကျနော်တို့ အစိုးရအဖွဲ့ဟာ ခင်ဗျားတို့ တွေ့ခဲ့ဖူးတဲ့ အစိုးရ အဖွဲ့တွေလို ပြည်သူတွေလမ်းပေါ်ထွက်လာမှာ သေမလောက်ကြောက်တဲ့၊ ဆန္ဒပြပွဲတွေ မပေါ်ပေါက် အောင် မသမာတဲ့ နည်းလမ်းမျိုးစုံနဲ့ ကာကွယ်တားဆီးထားလိမ့်မဲ့ အစိုးရ မျိုး မဟုတ်ကြောင်း မိဘပြည်သူများ ကို အသိပေးထားလိုပါတယ်။ (လက်ခုပ်ဩဘာသံများ)

ကျနော်တို့နိုင်ငံမှာ အစိုးရအဆက်ဆက်က ပြည်သူတွေဆန္ဒပြကြမှာကို မလိုလားကြတဲ့ အစဉ်အလာကြီး ရှိခဲ့ ဖူးတော့ကာ ကျနော်တို့ပြည်သူတွေကလည်း ကိုယ့်မှာ အုပ်ချုပ်သူတွေသိအောင် ဆန္ဒဖော်ထုတ်ပြသစရာ ရှိလာရင် ဘယ်လိုသိက္ခာရှိရှိ၊ စည်းကမ်းနည်းလမ်းတကျ၊ တရားဝင်ဆန္ဒပြသနိုင်မလဲဆိုတာ မသိကြပါဘူး။ ဒါကြောင့် ကျနော်တို့လက်ထက်မှာ ပြည်သူတွေ ဂုဏ် သိက္ခာ ရှိရှိ၊ အဆင့်အတန်းရှိရှိ၊ စည်းကမ်း သေသေ ဝပ်ဝပ်နဲ့ တရားဝင်ဆန္ဒပြသနိုင်ကြအောင် ရည်ရွယ်ပြီးတော့ ကျနော်တို့ ဒီအတွက် ဥပဒေတခု အတိအလင်း ထုတ်ပြန်ထားပြီးသား ရှိနေစေချင်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ကျနော်တို့ပါတီက မကြာခင် လွှတ်တော် ကို “နိုင်ငံသားများ ဆန္ဒပြသရေး ကျင့်ထုံးဥပဒေ” မူကြမ်းတရပ်တင်ဖို့ရှိပါတယ်။ ဒါကို လွှတ်တော်မှာ ချောချော မွေ့မွေ့ အတည်ပြုနိုင်ခဲ့လို့ရှိရင် ဥပဒေတရပ် အသက်ဝင်အောင် ကျနော် သမ္မတအဖြစ်နဲ့ ပထမဦးဆုံး လက်မှတ်ထိုး ပေးရမဲ့ ဥပဒေ ဟာ လည်း ဒီဥပဒေပဲဖြစ်ဖို့ အကြောင်းရှိပါတယ်။ ( လက်ခုပ်ဩဘာသံများ) ဟုတ်ကဲ့၊ ဒီဥပဒေကို ပြဌာန်းပြီး သွားလို့ ရှိရင် ကျနော် တို့ပြည်သူတွေဟာ အများပြည်သူကို အနှောက် အယှက် နဲ့ အန္တရာယ် တစုံတရာ မဖြစ်စေသရွေ့၊ တစုံ တယောက်ကို ပုဂ္ဂိုလ်ရေး အာဃာဓ နဲ့ ရှုတ်ချ အသရေဖျက် နေခြင်း မဟုတ်သရွေ့ ဘယ်လိုနိုင်ငံ့အရေးကိစ္စမျိုးနဲ့ ပတ်သက်ပြီး တော့မဆို မိမိတို့ရဲ့ ဆန္ဒကို ငြိမ်းချမ်းစွာ ထုတ်ဖော်နိုင်ကြမှာဖြစ်ပါတယ်။ ( လက်ခုပ်ဩဘာသံများ) ဒါဟာ ကျနော်တို့ နိုင်ငံမှာ “ဆန္ဒပြတယ်ဆိုတာ အဖျက်အမှောက်လုပ်ရပ်”၊ “ဆန္ဒပြသူတွေဟာ အဖျက်အမှောက်သမား ကလေကချေတွေ၊ ဒါမှမဟုတ် တစုံတဖွဲ့ရဲ့ သွေးထိုးလှုံ့ဆော် အသုံးချခြင်းခံရတဲ့ ဥာဏ်နုံနဲ့သူတွေ” ဖြစ်တယ်ဆိုတဲ့ ကောက်ကျစ်စဉ်းလဲ့တဲ့ ဆင်ခြင် တုံတရားကြီး နဲ့ ရာစုနှစ်ဝက်ကျော်ကြာ နိုင်ငံသားဂုဏ်သိက္ခာ ခိုးယူခြင်းခံခဲ့ရတဲ့ မြန်မာပြည်သူတွေကို ကျနော်တို့ လက်ထက်မှာ အလျှင်အမြန်ဆုံး ပြန်လည်ပေးဆပ်ချင်တဲ့ လျော်ကြေးပါပဲ။ ( လက်ခုပ်ဩဘာသံများ)

အခုကျနော်တို့အစိုးရအဖွဲ့အနေနဲ့ ကျနော်တို့ရဲ့ ဒီရာထူးသက်တမ်းကာလအတွင်းမှာ အဓိက ဦးစားပေးပြီး၊ မဖြစ်ဖြစ်အောင် လုပ်သွားမယ်လို့ ရည်ရွယ်ဆုံးဖြတ်ထားကြတဲ့ လုပ်ငန်းစဉ် တချို့ကို ကြိုတင်ပြီး ပြောပြ ထား ချင်ပါတယ်။ ဒီအချိန်ဟာ ကျနော် မဲဆွယ်နေတာ မဟုတ်တော့ပါဘူး။ ကျနော် ဒီနေ့ လူသိရှင်ကြား ပြောလိုက် သမျှကို ကျနော် တနေ့နေ့မှာ တကယ်လုပ်ပေးရမဲ့ တာဝန်ရှိတာကို သိပါတယ်။ ဒီလိုသိသိကြီးနဲ့ပဲ ကျနော် မြန်မာပြည်သူလူထုကြီးကို ဒီကတိတွေကို ပေးချင်ပါတယ်။

(၁) ကျနော် နိုင်ငံရေး ကဏ္ဍကနေစပြီး ပြောပါ့မယ်။ ကျနော်တို့အစိုးရအဖွဲ့ဟာ ပြီးဆုံးအောင်လုပ်ဖို့ ကျန်နေ သေးတဲ့ နိုင်ငံ ရေး တာဝန်(ဝါ) အမျိုးသားရေးတာဝန်တရပ်ကို ဆက်ခံထားရပါတယ်။ နိုင်ငံ့အကျိုး စီးပွားကို ရှေ့ရှုပြီးတော့ မြန်မာပြည်သူလူထု၊ နိုင်ငံရေးပါတီများနဲ့ တပ်မတော်ကပုဂ္ဂိုလ်တွေ တစိတ်တည်း၊ တဝမ်းတည်း ပူးပေါင်းဆောင်ရွက်ခဲ့ကြ ခြင်းကြောင့် ကျနော်တို့ ဟာ အခုဆိုရင်နအဖ အစိုးရ လက်ထက်တုန်းက အတင်း အကြပ် ရေးဆွဲခဲ့တဲ့ အတုအယောင် ၂၀၀၈ - ဖွဲ့စည်းပုံ အခြေခံဥပဒေကို တော့ ပြည်သူ့ဆန္ဒ ( referendum) နဲ့ အညီတရားဝင်ဖယ်ရှားပစ်နိုင်ခဲ့ကြပြီးဖြစ်ပါတယ်။ ဒါပေမဲ့ဒီ ဥပဒေကို အစား ထိုးဖို့ သမာ သမတ်ကျပြီး၊ ပြီးပြည့်စုံတဲ့ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ တရပ်ကို ကျနော်တို့ အခုအချိန်ထိ မရေးဆွဲရသေး ပါဘူး။ အခု ကျနော်တို့ အစိုးရ တက်လာခဲ့တဲ့၊ ပြည်ထောင်စုလွှတ်တော်က ယာယီအသုံးပြုဖို့ အတည်ပြု ပြဌာန်းပေးလိုက်တဲ့ ဥပဒေ ရဲ့ နိဒါန်းနဲ့ ပုဒ်မ ၁၀၆ တို့မှာ အတိအလင်း ဖော်ပြထားတဲ့အတိုင်း ကျနော်တို့ ဟာ အဲဒီလို နိုင်ငံ တော်ဖွဲ့စည်းပုံ အခြေခံဥပဒေ သစ်မျိုး တခုကို ဆောလျှင်နိုင်သမျှ ဆောလျှင်စွာရေးဆွဲပြီး၊ ဒီဥပဒေ သစ်ကို နောက်ထပ် ပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲတရပ်နဲ့ အတည်ပြုကြရဦးမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း အပြီး အပြတ်မဟုတ်သေးတဲ့ ယခုလက်ရှိယာယီဥပဒေကို တပ်မတော်သား ကိုယ်စားလှယ်တွေလည်း ပါဝင်တဲ့ ပြည်ထောင်စု လွှတ်တော်လောက်ကသာ အတည်ပြုပေးခဲ့ပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကိုတော့ မပြုလုပ်ခဲ့သေး ခြင်းဖြစ်ပါတယ်။ ကျနော်တို့အစိုးရဟာ ဒီ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ သစ် ရေးဆွဲရေး နဲ့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပရေး တာဝန်ကို ပြီးဆုံးအောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ကျနော်တို့နိုင်ငံမှာက တမင်းတက်ရင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေတခု ရေးကြတယ်လို့ ဆိုရမလိုဖြစ် နေပါတယ်။ ဒီအစဉ်အလာကြီးကို ကျနော်တို့ လက်ထက်မှာ အဆုံးသတ်စေချင်လှပါပြီ။ ရှေ့သို့ လက်ဆင့် မကမ်းချင်တော့ပါဘူး။ ဒီတော့ နောင် ခဏခဏ ပြင်မနေရ လောက်အောင်ထိ သမာသမတ်ကျတဲ့၊ ရိုးသား ဖြောင့်မှန်တဲ့၊ ပြောင်းလွယ်ပြင်လွယ်လည်းရှိတဲ့ အခြေခံ ဖွဲ့စည်းပုံ ဥပဒေသစ် တရပ်ကို ကျနော်တို့ တိုင်းရင်းသား ညီကိုတတွေ၊ မြန်မာနိုင်ငံသားတွေအားလုံး ကျေကျေနပ်နပ်၊ ညီညီညွတ်ညွတ် နဲ့ ရေးဆွဲကြပါစို့။ ဒီလိုရေးဆွဲနိုင်ဖို့အတွက် တိုင်းရင်းသားလူမျိုးစု ကိုယ်စားပြု နိုင်ငံရေးပါတီများ၊ ကျန်ရှိနေသေးတဲ့ တောတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ အခြားနိုင်ငံရေးပါတီများ၊ အလွတ်သဘော တက်ရောက် ပါဝင် ဆွေးနွေး တင်ပြလိုကြတဲ့ လူမှုရေး အသင်းအပင်း အဖွဲ့အစည်း များ၊ တသီးပုဂ္ဂလ လူပုဂ္ဂိုလ်များကို တက်ရောက် ခွင့်ပြုမဲ့ “နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်ရေးဆွဲရေး ပဏာမညီလာခံ” တရပ်ကို ကျနော်တို့ ကျင်းပ ပေးလိုပါတယ်။ ဒီညီလာခံရဲ့ အဓိက ရည်ရွယ်ချက်က တော့ ဟောဒီပြည်ထောင်စုကြီး ရဲ့အကျိုးစီးပွား အတွက် ကျနော်တို့ အချင်းချင်းကြားမှာ ထားရှိကြရမဲ့ အလွန် အင်မတန်အရေး ကြီးတဲ့အမျိုးသားရေးအဆင့်ပဋိဥာဉ် ( သဘောတူညီချက်) တွေကို အများသဘောတူ ချမှတ်နိုင်ကြစေချင်လို့ပါ။

အဲဒီညီလာခံမှာ ကျနော်တို့အစိုးရက ညီလာခံတက်ရောက်သူများကို “ဒီလိုလုပ်ကြပါ” လို့ ညွှန်ကြားမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ တခါတရံလိုအပ်ရင် “ဒီလိုလုပ်ကြပါလား” လို့တော့ ကြားဝင်စေ့စပ်ပေး သင့်ရင် ပေးပါ လိမ့်မယ်။ ပြောချင်တာက ကျနော် တို့အစိုးရဟာ ဒီညီလာခံမှာ ကမကထပြုလုပ်သူ ( Coordinator ) ၊ ကြားဝင် စေ့စပ်ဖျန်ဖြေသူ ( Mediator ) အလုပ်မျိုးပဲ လုပ်ပါလိမ့် မယ်။ ဒီညီလာခံဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး မှာ ပထမအဆင့်သာ ဖြစ်ပါတယ်။ ကျနော်တို့တတွေ ညီအကိုစိတ်ဓါတ်၊ မိသားစု စိတ်ဓါတ်နဲ့ ဆွေးနွေးကြမယ် ဆိုလို့ရှိရင် ဒီညီလာခံကနေ ပြည်ထောင်စုကြီးကို ထာဝရ အဓွန့်ရှည်တည်တန့်နေ စေ မဲ့ အခြေခံမူတွေ မုချ ချမှတ်နိုင်ကြလိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်။ ဒီညီလာခံကိုတက်ရောက်ကြမဲ့အဖွဲ့အစည်း များ၊ ပုဂ္ဂိုလ်များ အနေနဲ့ မိမိတင်ပြချင်တဲ့ကိစ္စမှန်သမျှကို လွတ်လွတ်လပ်လပ် တင်ပြနိုင်ကြပါတယ်။ သို့သော် ညီလာခံ အပြီး အများညီသဘောတူညီချက်ထုတ်ပြန်တဲ့အခါ ကိုယ့်အဆို၊ ကိုယ့်တင်ပြချက်ပါမလာခဲ့ရင်တော့ အဆိုတင်ခဲ့သူ တွေ အနေနဲ့ ကိုယ်ဖြစ်စေချင်တာ မဖြစ်ရကောင်းလားလို့ မကျေမနပ်ဖြစ်မနေဘဲ ဒီမိုကရေစီကျင့်စဉ်အတိုင်း အများစုရဲ့ ဆန္ဒကို လေးစား လိုက်နာနိုင်ကြရမှာဖြစ်ပါတယ်။ ဒီလိုရာနှုန်းပြည့်တံခါးဖွင့်ပေးထားတဲ့ Open Convention မျိုးတခုကို ကျင်းပပေးခြင်းအားဖြင့် သာလျှင် မြန်မာပြည်သူတွေဟာ နောင်တချိန် ဒီ ဖွဲ့စည်းပုံ ဥပဒေရဲ့ စစ်မှန်ရိုးသားမှုကို ခြေရာခံစစ်ဆေး ကြည့်ကြတဲ့အခါ “ငါတို့ ပြောချင်တာ ပြောခွင့်ရခဲ့တယ်။ ငါတို့ အချေအတင်ဆွေးနွေးခဲ့ကြတယ်။ ငါတို့ အဖြစ်သင့်ဆုံးကို ရွေးချယ် ( ဆုံးဖြတ်) ခဲ့ကြတယ်” လို့ ရလာဒ်ကို ကျေနပ်စွာ လက်ခံနိုင်ကြမှာဖြစ်ပါတယ်။ ဒီလို ရိုးသားဖြောင့်မတ်မှုမျိုးနဲ့ ထူထောင်ခဲ့တဲ့ ပြည်ထောင်စု နိုင်ငံ တော်တခု၊ ရေးဆွဲခဲ့တဲ့ နိုင်ငံတော်ဖွဲ့စည်းပုံဥပဒေတရပ်ကမှသာလျှင် အရှည်တည်တန့်ခိုင်မာ နေမှာလည်း ဖြစ်ပါတယ်။ ( လက်ခုပ်ဩဘာသံများ) အဲဒါပြီးတော့ ဒုတိယအဆင့်အနေနဲ့ ဥပဒေပညာရှင်များက ဒီ ပဏာမ ညီလာခံမှာ ရရှိခဲ့တဲ့ အခြေခံသဘောတူညီချက် ပဋိဥာဉ်တွေကို ခြုံငုံမိစေမဲ့ ဥပဒေ(မူကြမ်း) တရပ်ကိုရေးဆွဲ၊ အဲဒါကို ပြည်ထောင်စု လွှတ်တော်ကအတည်ပြုပါလိမ့်မယ်။ တတိယအဆင့်အနေနဲ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ( referendum) တရပ်ကျင်းပပြီး နိုင်ငံ တော်ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တရားဝင်အာဏာ သက်ရောက်လာမှာ ဖြစ်ပါတယ်။ ဒီ မပြီးဆုံးသေးတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်ကြီး ဟာ ကျနော်တို့ အစိုးရအဖွဲ့ရဲ့ အရေးအကြီးဆုံးသော နိုင်ငံရေးတာဝန် တရပ်ဖြစ်လာမဲ့အကြောင်း ကျနော် ဒီကနေ့ပြောချင်ပါတယ်။

(၂) ကျနော် ( အပါတ်စဉ်တော့မဟုတ်ပါဘူး) လစဉ် တလတခါ ရေဒီယို၊ ရုပ်မြင်သံကြားတို့ကနေပြီးတော့ တိုင်းပြည်အခြေအနေကို ကျနော့် ရာထူးသက်တမ်း တလျှောက်လုံး ပြည်သူလူထုထံ ပုံမှန်အစီရင်ခံသွားဖို့ ရှိပါတယ်။ ဒါကြောင့် ကျနော်ပြောစရာ ရှိသမျှကို ဒီနေ့ အကုန်လုံး တခါတည်း အပြီး ပြော ချလိုက်ဖို့ မလိုသေး ဘူး လို့ထင်ပါတယ်။ ဒီတော့ ဒီကနေ့တော့ ကျနော့် စိတ်ထဲမှာ အတော်ဘဝင်မကျဖြစ်ပြီးတော့ ကျနော် အရင်ဆုံး လုပ်ချင်နေမိတဲ့ လုပ်ငန်းတချို့နဲ့ ပတ်သက်ပြီးတော့ပဲ ပြောချင် ပါတယ်။ အဲဒါတွေကတော့ ဥပမာအားဖြင့် ကျနော်တို့တိုင်းပြည်မှာ သဘာဝဓါတ်ငွေ့ အလျှံပယ်ထွက်ပါလျက်သားနဲ့ ကျနော်တို့ တိုင်းပြည်မှာ လျှပ်စစ်ဓါတ်အား မဖူမလုံဖြစ်နေရတာ၊ ကျနော်တို့ပြည်သူတွေထင်းမီးဖို၊ မီးသွေးမီးဖိုတွေ သုံးစွဲနေကြရတာ ကတော့တယ်သဘာဝမကျလှဘူးလို့ ထင်မိပါတယ်။ ဒါကြောင့် ကျနော်တို့အစိုးရ လက်ထက် မှာ ဒီလို သဘာဝမကျတဲ့ကိစ္စ၊ မခက်သင့်ဘဲခက်နေရတဲ့ကိစ္စမှန်သမျှကို အပူတပြင်း ပြန်လည် တည့်မတ်ပြင်ဆင် သွားဖို့ရှိပါတယ်။ ( လက်ခုပ်ဩဘာသံများ)

ကျနော်တို့ မြန်မာပြည်တနံတလျားမှာ အခုချက်ချင်း ခြောက်လမ်းသွားကားလမ်းမကြီးတွေ၊ နိုင်ငံတကာ အဆင့်မီ လေဆိပ် ကြီးတွေတည်ဆောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ မြန်မာတနိုင်ငံလုံး ချက်ချင်း လျှပ်စစ်မီး ထိန်ထိန်လင်းသွား အောင် လည်း ကျနော်တို့ မလုပ်နိုင်ပါဘူး။ ဒါပေမဲ့ ကျနော်တို့ ချက်ချင်းလုပ်ပေးဖို့ဖြစ်နိုင်တဲ့ ပြည်သူတွေကို သက်တောင့်သက်သာ ဖြစ်စေမဲ့ကိစ္စမျိုးတွေလည်းရှိပါသေးတယ်။ ဥပမာ၊ ကျနော်တို့ တိုင်းပြည် မှာ ထင်း၊ မီးသွေး မီးဖိုတွေနဲ့ ထမင်းဟင်း ချက်ပြုတ် နေတာကို ရွှေ့ပြောင်းလို့ရတဲ့ gas အိုးစနစ်နဲ့ ချက်ချင်း အစားထိုးပစ်လိုက်ဖို့ဆိုတာ ဖြစ်နိုင်တဲ့ကိစ္စတခုပါ။ ဒီလို ဆို ရင်သစ်တောပြုန်းတီးမှုလည်း သိသိသာသာ လျော့ နည်းသွားပါလိမ့်မယ်။ ကိုယ့်နိုင်ငံကထွက်တဲ့ သဘာဝသယံဇာတ ပစ္စည်း တွေဟာ “ကိုယ့်နိုင်ငံသား တွေအတွက် ပထမ” ( Citizens first ) ဖြစ်ရပါမယ်။ ကျနော်တို့ဆီမှာ သဘာဝဓါတ်ငွေ့ အလျှံပယ်ထွက် တယ်။ ဒါကို ကျနော် တို့ နိုင်ငံသားတွေအတွက် ထိထိရောက်ရောက် သုံးစွဲရမှာပေါ့။ ကျနော်တို့ဆီမှာ ကျွန်းသစ်၊ သစ်မာ၊ ကြိမ်၊ ဝါး တွေ ထွက်တယ်။ ငါး၊ ပုဇွန်၊ ဂဏန်းတွေ ထွက်တယ်။ ဒါတွေကို ကိုယ့်ပြည်သူတွေအလျှံပယ်သုံးစွဲဖို့၊ စားသုံးဖို့ ကျနော် တို့ ဖူလုံအောင်၊ ပိုလျှံအောင် ထုတ်လုပ်ပြီးတော့၊ ပိုလျှံတဲ့ပမာဏကိုမှ နိုင်ငံခြားတင်ပို့တဲ့မူဝါဒကို ကျနော်တို့ လက်ကိုင်ထား ကျင့်သုံးဖြစ်ပါလိမ့်မယ်။ ( လက်ခုပ်ဩဘာသံများ)

ဒီလို ကိုယ့်ပြည်သူတွေ သက်သာချောင်ချိရေး၊ လူနေမှုအဆင့်အတန်းမြင့်မားလာစေရေးကို အထောက်အကူ ဖြစ်စေမဲ့ မည်သည့် Mass Production ( ကုန်ပစ္စည်း အမြောက်အများထုတ်လုပ်ရေး) ကုမ္ပဏီကိုမဆို ပြည်တွင်း ကဖြစ်ဖြစ်၊ ပြည်ပကဖြစ်ဖြစ် ကျနော်တို့ လှိုက်လှိုက်လှဲလှဲ ကြိုဆို ဖိတ်ခေါ်ပါတယ်။ ပြီးတော့ဒီနိုင်ငံကိုလာပြီး ဆဲလ်ဖုန်းဆက်သွယ်ရေး လုပ်ငန်းလို ဝန်ဆောင်မှုလုပ်ငန်း မျိုးတွေကို ထူထောင်လုပ်ကိုင်ချင်ကြသူတွေကိုလည်း ကျနော်တို့ ကူညီနိုင်တာရှိသမျှ ကူညီ မှာဖြစ်ပါတယ်။ တီဗီ၊ ကွန်ပြူတာ hardware/ software၊ စက်ဘီး၊ ဆိုင်ကယ်၊ ကား၊ အီလက်ထရောနစ်ပစ္စည်း ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကိုလည်း ကျနော်တို့ အတတ်နိုင်ဆုံး အခွန်၊ အခ တွေလျှော့ပေါ့ပေးမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကုမ္ပဏီတွေဟာ မြန်မာ ပြည်သူတွေကိုတော့ မြန်မာငွေ နဲ့ ရောင်းချပေးရမဲ့ တာဝန်ရှိပါလိမ့်မယ်။ အဲဒီတော့ အကျဉ်းချုပ်ပြောရမယ် ဆိုလို့ရှိရင် ကျနော် တို့ရဲ့ အခု ရာထူးသက်တမ်းဟာ မြန်မာပြည်သူတွေကိုတတ်နိုင်သမျှ လူနေမှုအဆင့်အတန်းမြှင့်တင်ပေးရေးကာလ ဖြစ်ပါ လိမ့်မယ်။ ( လက်ခုပ်ဩဘာသံများ)

(၃) ဒီလို ကိုယ့်နိုင်ငံသားတွေရဲ့ လူနေမှုအဆင့်အတန်း မြင့်မားလာအောင်လုပ်နေတဲ့ တချိန်တည်းမှာပဲ နိုင်ငံသား တွေရဲ့ စိတ်ဓါတ်အဆင့်အတန်း မြင့်မားလာအောင် လုပ်ဖို့လည်းအလွန် အရေးကြီးလှပါတယ်။ ဒါကိုတော့ မီးသွေးမီးဖိုကို gas မီးဖိုနဲ့ အစားထိုးလဲလှယ်လိုက်သလောက် ချက်ချင်း အလွယ်တကူပြောင်းလဲပစ်နိုင်မှာ မဟုတ်ပါဘူး။ မျိုးဆက်( generation) နဲ့ချီပြီးတော့ကို ကြာနိုင်တဲ့၊ ကြိုပမ်းနေရဦးမဲ့ကိစ္စကြီးဖြစ်ပါတယ်။ အခုထိတော့ ကျနော်တို့နိုင်ငံ့ဝန်ထမ်းတွေဟာ မိမိ တို့ တာဝန်ရှိတဲ့အတိုင်း ရုံးကိစ္စတခုလုပ်ပေးလိုက်ရတာကိုပဲ သူတို့လုပ်ပေးလိုက်ရတဲ့သူဆီက လဘက်ရည်ဖိုး ( လာဘ်ငွေ) မျှော်နေတတ်ကြပါသေးတယ်။ “ကျနော့်သားအလုပ်က လစာတော့ သိပ်မကောင်းဘူး။ ဒါပေမဲ့ အောက်ဆိုက်မန်းနီး အများကြီးရတယ်ဗျ” ဆိုတဲ့ စကားမျိုးကလည်း ကျနော်တို့တိုင်းပြည်မှာတော့ လူထူထူမှာ ပြောလို့ကောင်းတဲ့စကားမျိုးဖြစ် နေပါသေးတယ်။ ကျေးဇူးတုံ့တင်သိတတ်ရတဲ့ကျနော်တို့ရဲ့ အာရှယဉ်ကျေးမှုက လည်း ဒီလာဘ်မျှော်တဲ့ ယဉ်ကျေးမှု အတွက် တစိတ်တပိုင်းတာဝန်ရှိဟန်တူပေမဲ့ ကျနော်တို့တိုင်းပြည်မှာ ဒီယဉ်ကျေးမှု အမြစ်တွယ်ကြီးပြင်းလာခဲ့တာကတော့ဝန်ထမ်း တွေလုပ်ခလစာနည်းပါးလွန်းလို့ “ငါ့ဝမ်းပူဆာ မနေသာ” ဆိုသလို ဝမ်းရေးအတွက် ဖြစ်တဲ့နည်းနဲ့ ဖြေရှင်းရင်း ဒီမကောင်းတဲ့ အကျင့် စွဲမြဲလာခဲ့တာလို့ဆိုချင်ပါတယ်။ ဒါကြောင့် ကျနော်တို့နိုင်ငံမှာ အိုင်းအနာလိုလှိုက်စား အမြစ်တွယ်နေတဲ့ဒီ ယဉ်ကျေးမှုကြီးကို လက်တွေ့ကျကျ ဖြေရှင်းဖို့၊ တိုက်ဖျက်ဖို့ဆိုရင် ပထမဆုံးအဆင့် အနေနဲ့ နိုင်ငံ့ဝန်ထမ်းတွေကို လာဘ်လာဘ မမျှော်ကိုးဘဲ စားလောက် ၊ သောက်လောက်တဲ့လုပ်ခလစာမျိုး ပေးရပါလိမ့်မယ်။ ပြီးတော့၊ ဥပမာ၊ နိုင်ငံ့ဝန်ထမ်းတွေကို ဒီမှာ ရင်းနှီးမြှုပ်နှံမှုလာလုပ်ကြတဲ့ကုမ္ပဏီတွေဆီက မော်တော်ဆိုင်ကယ်၊ ကား၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်စတာ တွေ အရစ်ကျဝယ်ချင်လို့ရှိရင် အစိုးရက အာမခံပေးတဲ့စနစ် သုံးဖို့ဖြစ်နိုင်မလား ဆိုတာမျိုးတွေ ကျနော်တို့ တွက်ချက်ကြည့်ပြီး တော့ဖြစ်နိုင်တဲ့အခါမှာ အဲဒါမျိုးတွေ လုပ်ပေးချင်ပါတယ်။ ဒါတွေကို ဘယ်တော့လုပ်ပေးနိုင်မယ်လို့တော့ ကျနော် အာမမခံ နိုင်သေး၊ ကတိမပေးနိုင်သေးပါဘူး။ ဒီလို နိုင်ငံတော်ဖက်က လုပ်ပေးနိုင်သရွေ့ကို လုပ်ပေးခြင်းအားဖြင့် ဝန်ထမ်းတွေရဲ့ စိတ်ဓါတ်အဆင့်အတန်း၊ ကိုယ့်အလုပ်အပေါ်သဘောထား ( attitude) ကို ပြောင်းလဲပစ်နိုင်ဖို့ ကျနော်တို့ ကြိုးစားမှာဖြစ် ကြောင်း လောက်ပဲယေဘုယျ ပြောထားလိုပါတယ်။ ဒါပေမဲ့ နိုင်ငံတော်ရဲ့ ဒီစရိတ်တွေကို ကာမိစေဖို့အတွက် ကျနော်တို့ အစိုးရ လက်ထက်မှာ ဘယ်ခေတ်ဘယ်အခါနဲ့မှ မတူအောင် အလုပ်လုပ်တဲ့ နိုင်ငံသားတိုင်း အခွန်ဆောင်ဖို့လည်း ပြင်ထား ကြပေရော့လို့ပြောချင်ပါတယ်ခင်ဗျား။ ( ရယ်သံများ )

(၄) အခု အစိုးရ အုပ်ချုပ်ရေးယန္တရား တရပ်လုံး တခုနဲ့တခု အချိတ်အဆက်မိမိလည်ပတ်နေနိုင်အောင် နိုင်ငံတော် အတွင်းရှိ အစိုးရဌာနများအားလုံး ကို အမြန်ဆုံး Computerized ဖြစ်အောင် ကြိုးပမ်းလုပ်ဆောင် သွားမဲ့အကြောင်း ပြောချင်ပါတယ်။ တဖြည်းဖြည်းနဲ့ ကျနော်တို့ ရဲ့ လူ့အဖွဲ့အစည်း တရပ်လုံးကိုလည်း Computerized Society တခုဖြစ်လာအောင်တည်ဆောက်သွား မှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် နိုင်ငံသားတဦး သားဖွားခန်းမှာ မွေးဖွားလာတဲ့ အချိန်လောက်ကစပြီး သူ့အတွက် ကွန်ပြူတာက ထုတ်ပေးတဲ့မှတ်ပုံတင် နံပါတ်( Computerized ID Number) တခုကျလာပြီး သူ့မိသားစုအစဉ်အဆက်ဇယား ( Family Tree)၊ မွေးချိန်၊ နေရပ်လိပ်စာ၊ လူမျိုး၊ ဘာသာ၊ လိင်၊ အလေးချိန်စတာတွေဟာ ဆေးရုံမှတ်တမ်းတွေထဲကနေ လူဝင်မှုကြီးကြပ် ရေး နဲ့ နိုင်ငံသားဌာန ကို ချက်ချင်းရောက်ရှိသွားမှာဖြစ်ပါတယ်။ ထို့အတူပဲ နိုင်ငံသားတဦး သေဆုံးသွားရင် လည်း သုဿာန်မှတ်တမ်းများ ကတဆင့် ဒီဌာနကို ချက်ချင်းရောက်ရှိသွားမှာဖြစ်ပါတယ်။ ဒီလိုနည်းအားဖြင့် မြို့နယ်အုပ်ချုပ်ရေးရုံး တရုံးဟာ မိမိမြို့နယ်အတွင်း သည်ကနေ့လက်ရှိလူဦးရေစုစုပေါင်း ၊ ကျား/မ ဦးရေ၊ ကျေင်းသား/သူဦးရေ၊ အလုပ်လုပ်ကိုင်သူဦးရေ၊ အလုပ် လက်မဲ့ဦးရေ၊ သက်ကြီးရွယ်အိုဦးရေ၊ မသန်မစွမ်းဦးရေ၊ အိုးမဲ့အိမ်မဲ့ဦးရေ၊ အချုပ်သားဦးရေ၊ အကျဉ်းသားဦးရေ၊ ပြစ်မှု အမျိုးအစား အလိုက် ကျူးလွန်သူဦးရေ စတာတွေ ကို အချိန်နဲ့ တပြေးညီသိရှိနေနိုင်မှာ ဖြစ်ပါတယ်။ ပြီးတော့ နိုင်ငံသားတိုင်းမှာ Electronic ID Card ( လျှပ်စစ် မှတ်ပုံတင်ကတ်) တခုစီရှိမှာဖြစ်ပြီး၊ သူ့ ကိုယ်ရေးအချက်အလက်များအားလုံး အဲဒီကတ်ထဲ မှာရှိနေမှာ ဖြစ် ပါတယ်။ ဥပမာ၊ သူနေထိုင်ခဲ့ဖူးတဲ့ နေရပ်လိပ်စာများရာဇဝင်၊ ပညာသင်ကြားမှုရာဇဝင်( ဖြေဆိုခဲ့ဖူးတဲ့ စာမေးပွဲ တိုင်းရဲ့ အမှတ်စာရင်း အသေးစိတ်အပါအဝင်)၊ အိမ်ထောင်ရေးရာဇဝင်၊ ပြစ်မှုကျူးလွန်မှုရာဇဝင် စတာတွေဟာ ဒီ ကတ်ထဲမှာ ရှိနေမှာဖြစ်ပါတယ်။

(၅) ကျနော် အခုနိဂုံးချုပ်စကားမပြောခင် ပြောချင်တာကတော့ အရင်တုန်းက ကျနော်တို့နိုင်ငံမှာ ကိုယ်ဝန် ဆောင်မိဘတွေဟာ သားသမီး ကိုယ်ဝန်ရှိလာရင် မွေးဖွားစရိတ်အတွက် ပူပန်ကြရတယ်လို့ကြားဖူးပါတယ်။ အခု ဒီမြန်မာနိုင်ငံတော်သစ်မှာ တော့ ဒါမျိုး မရှိစေချင်တော့ပါဘူး။ ကလေးမွေးချင်လို့ မိခင်ဗိုက်နာရင် ဆေးရုံ၊ မိခင်နှင့်ကလေး ကူညီစောင့်ရှောက်ရေး ဌာနတို့ကို အချိန်မရွေးဖုန်းဆက်၊ လူနာတင်ယဉ်က နာရီဝက်အတွင်း ရောက်လာတာမျိုး ဖြစ်စေချင်မိပါတယ်။ ထို့အတူ လူတယောက်သေဆုံးသွားခဲ့ရင်လည်း ကျန်ရစ်သူမိသားစုက သဂြိုလ်စရိတ်မတတ်နိုင်ရင် နိုင်ငံတော်အစိုးရက ဒီနိုင်ငံသားရဲ နောက်ဆုံးခရီး အတွက်အစစ တာဝန်ယူ ပေးတာ မျိုးဖြစ်စေချင်မိပါတယ်။ အလုပ်မလုပ်နိုင်တဲ့မစွမ်းမသန်သူတွေ၊ သက်ကြီးရွယ် အိုတွေဆေးကုသမှုခံယူဖို့ မတတ်နိုင်ရင် လည်း ဒီလိုပဲနိုင်ငံတော်က ကူညီသွားချင်ပါတယ်။ ဒီလိုနည်းနဲ့ ကျနော်တို့ တတွေဟာကျနော်တို့ ရဲ့ ပြည်ထောင်စု နိုင်ငံတော် ကိုနေပျော်ဖွယ်ကောင်းတဲ့ ဒေသတခု၊ ကရုဏာတရား ထွန်းကားတဲ့ လူ့အသိုက် အမြုံကြီးတခု ဖြစ်လာအောင် ဝိုင်းဝန်းကြိုးပမ်း တည်ဆောက် ကြပါစို့။ နောက်ဆုံးအနေနဲ့ ကျနော့်ကို ဒီအိပ်မက် တွေ လက်တွေ့ အကောင်အထည်ဖော်ကြည့်ခွင့်ရအောင် အသည်းကြားကမဲတပြားပေးပြီး ဒီနေရာရောက် အောင် ပို့လိုက်ကြတဲ့ မဲဆန္ဒ ရှင်မြန်မာပြည်သူများ၊ ကျနော့်ကို သမ္မတလောင်းအဖြစ်ရွေးချယ်ခဲ့တဲ့ ကျနော့်ရဲ့ မိခင်ပါတီ၊ ဒီနေရာမှာ ပြည့်စုံအောင် နာမည်နဲ့တကွ ဖော်ပြခြင်းငှာ မစွမ်းသာတဲ့ ကျနော့်ရဲ့ လုပ်ဖော်ကိုင်ဖက် များအားလုံး နဲ့ကာလကြာရှည်စွာကတည်းကပင် ဒီအိပ်မက်တွေတနေ့နေ့မှာ အစစ်အမှန်ဖြစ်လာစေရမယ်လို့ ပထမဦးဆုံး ရာနှုန်းပြည့်ယုံကြည်ပေးခဲ့ပြီး ကျနော့်ကို စိတ်ဓါတ်ခွန်အား တစိုက်မတ်မတ်ပေးလာခဲ့တဲ့ ကျနော့်ရဲ့ ချစ်ဇနီး၊ သူတို့ရဲ့ ဖခင် ကောင်းတဲ့အလုပ်တခုလုပ်နေတယ်လို့ သူတို့အရွယ်နဲ့မလိုက်အောင် နားလည်ပေး တတ်ကြတဲ့ ကျနော့်ရဲ့ သမီးနဲ့သားတို့ကိုရင်ထဲက လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ရှိပါကြောင်း ပြောကြားရင်း နိဂုးချုပ်လိုက် ပါတယ်ခင်ဗျား။ ( လက်ခုပ်ဩဘာသံများ )

Sunday, June 27, 2010

၄၆

ငါ မငယ်တော့ဘူး လူကြီးဆန်ရမှာပါကွယ်။

ခုတော့...
တခါတရံ ကိုယ့်အသက်ကို ၃၀-၃၅ လို့ထင်လိုထင်
“အချစ်” ဆိုသဟာနဲ့ ကိုယ်နဲ့ ဆိုင်သေးသယောင် တွေးလိုတွေး
သူမ ကိုယ့်ကို မေတ္တာ မရှိကြောင်း ပြသရင် ၁၆ နှစ်သားလေးတယောက်လို ဆွေးလိုဆွေးနဲ့
အင်း.. ငါ အသက်နဲ့ ထပ်တူ ကြီးပြင်းမလာသေးချေဘူး။

ရှေ့လာမဲ့နှစ်များထဲ
ကိုယ် မဖြစ်စေချင်တာတခု ဖြစ်သင့်တဲ့အတိုင်း ဖြစ်လာခဲ့ရင်
ဖြစ်ရပ် A ဖြစ်မလာဘဲ ဖြစ်ရပ် B သာ ဖြစ်သွားတာဟာ
ဖြစ်ရပ် B က ပိုဖြစ်ထိုက်လို့ဖြစ်တယ်” လို့
၄၆ နှစ်သားရင်ဘတ်နဲ့ လောကဓမ္မကိုရှုမြင်ပါ။

ဩော်.. လက်စသတ်တော့
လူကြီးဆန်တယ်ဆိုတာ
ငါတသက်လုံး မုန်းလာခဲ့တဲ့
စိတ်ထဲကမပါဘဲ ပီပီပြင်ပြင် ပြုံးပြတတ်ရတဲ့
သရုပ်ဆောင်အနုပညာကိုး။

( ဇွန်လ ၂၂ ရက်၊ ၂၀၁၀ တွင်ကျရောက်ခဲ့သော မိမိ ၏ ၄၆ နှစ်မြောက်မွေးနေ့က ရေးခဲ့သောကဗျာ )

Thursday, June 24, 2010

ဝါရှင်တန်ဒီစီ

အကယ်၍ တယောက်တလေကများ ကျနော့် blog ကို မျက်စိလည်လမ်း မှားပြီး ရောက်လာခဲ့လျင် ကျနော်လည်း မျက်စိလည်လမ်းမှားပြီး အမေရိက ကို ရောက်ေ ပါကြောင်း ပြောလိုပါသည်။ ပြောချင်သည်မှာ အမေရိကကို ရောက် နေခြင်းသည် ကျနော် သိပ်စွမ်းလှလို့ တော့မဟုတ်။ သည်လောက်ဆို နားလည်ပါလေ။ အဲသည်တော့ အမေရိက ရောက်နေသည်ဟူ၍ ကျနော် သိပ်ထူးထူးခြားခြား မခံစားရ။ သည်တော့ သူတပါးကို ကြွားဝါ လိုသော ဆန္ဒလည်းမရှိ၊ အဲ - သည်ကအကြောင်း တချို့ကို ဝေမျှလိုသည့် ဆန္ဒတော့ ရှိပါ သည်။ အဲသည်လို စိတ်အခံဖြင့် ဝါရှင်တန်ဒီစီမြို့တော်အကြောင်းမျှဝေချင်ပါသည်။

ကျနော် ဟိုတလောက ဝါရှင်တန်ဒီစီရှိ American University မှ Journalism မေဂျာ ဖြင့် ဝင်ခွင့်လက်ခံ ကြောင်း တရားဝင်အကြောင်းကြားစာ တစ်စောင်လက်ခံ ရရှိခဲ့ပါသည်။ ကျနော်က အမေရိကန် အစိုးရထံမှ Financial Aid (Loan) ဖြင့် သည်ကျောင်းကို တက်မည်ဟုရည်ရွယ်ကာ ၀င်ခွင့် လျှောက်ထားခဲ့ခြင်းဖြစ်ပါသည်။ အခုဝင်ခွင့်ရ သည်ဆိုတော့ ဝါရှင်တန်ဒီစီ သို့ ကျနော်နေသည့် ဘောလ်တီမိုး မြို့မှ ရထားစီးပြီး (၄၅ မိနစ်ခန့် စီးရသည်) လာခဲ့ပါသည်။ ပြောရဦးမည်။ ကျနော်နေသည့်မြို့ က အမည်း တွေများပါသည်။ သူတို့ကပျော်ပျော် နေ သေခဲ ဘ၀နေထိုင်ပုံ စတိုင် ဖြင့် နေကြတာများပါသည်။ အမည်းကောင်လေးတွေ တိုင်းလိုလို အ၀တ်အစား ဘိုသီဘတ်သီ ဖြင့် အတွင်းခံ ဘောင်းဘီပေါ် အပြင် ဘောင်းဘီကို ဖင်ပေါ်တင်ပြီး ၀တ်ကြတာများပါသည်။ သည်လို မသပ်မရပ် မြိုမှ မြို့တော် ဝါရှင်တန်ဒီစီသို့ သွားရလို့လားမသိ။ ရထားစီးပြီးသွားရာတွင် ရထားပေါ်က လူတွေ နက်ကတိုင်နှင့် ကုတ်နှင့် လူကပိုများနေ၍ သန့်ပြန့်သပ်ရပ်မှု ကိုစထိတွေ့ မိသလိုရှိသည်။ သည်လိုနှင့် ဝါရှင်တန်ဒီစီမြို့တော်၏ Union Station ဘူတာကြီးသို့ ရောက် သွားသောအခါ သည်တခါတော့ ကျနော့် ကျောင်း American University ကို Metro မြို့တွင်း မြေအောက်ရထား စီးသွားကြည့်မည်ဟု စိတ်ကူးမိပါ သည်။ ကျနော် ယခင်အခေါက်တွေတုန်း ကတော့ တက္ကစီစီးပြီး သွားလေ့ရှိပါသည်။ သည်တခါတော့ ချွေတာရေး လည်းဖြစ်၊ အတွေ့ အကြုံ လည်းရအောင် မြေအောက် Metro ရထားစီးဖို့ဆုံးဖြတ်လိုက် တာပါ။ သည်လိုနှင့် ဘူတာကြီး အောက်သို့ escalator စီးပြီး ဆင်းပါသည်။ အဲသည်မှာ လက်မှတ်ဝယ်ပါသည်။ ($ 1.45 ပဲ ပေးရပါ သည်။) အဲသည်ကနေ ရထားစီးဖို့ အောက်ကို တခေါက် ဆင်းရပြန်ပါသည်။ ကျနော်တို့ ဘောလ်တီမိုးမြို့ မှာ လည်းမြို့ထဲမှာ ဆိုလျှင် သည်လိုပဲဆင်းရတာပါပဲ။ ဒါပေမဲ့ ရထားက တမိုင် နှစ်မိုင် လောက် မြေအောက်က သွားပြီး တော်ကြာနေတော့ မြေပေါ်ပြန် ရောက် ပါသည်။ ယခုလည်းထိုသို့ဖြစ်မည်ဟု ထင်ခဲ့ပါသည်။ သို့ရာတွင် ကျနော်ထင်သလို မဟုတ်ပါ။ ဥပမာ၊ ကျနော့် ကျောင်းက မြောက်ဥက္ကလာပ လောက်မှာ ရှိသည်ဆိုလျှင် ရထား က ရန်ကုန်ဘူတာကြီး လောက်ကနေ မြေလျှိုးသွားလိုက်တာ မြောက်ဥက္ကလာပ အထိပါပဲ။ ဘယ်မှာဆုံးလေသည် တော့မသိ၊ ကျနော်ကတော့ ကျနော့်ကျောင်းနားက ဘူတာရောက်တော့ ရထားပေါ်က ဆင်းပါသည်။ ( Tanleytown-AU Station လားမသိ)။ ရထားပေါ်ကဆင်းပြီး အလင်းရောင် မှုန်ပျပျ အောက်မှာ အပေါ်တက် သည့် escalator တခါ စီးပါသည်။ ထို့နောက် လမ်း အနည်းငယ်လျှောက်ပြီး၊ နောက် escalator တခု ထပ်မံစီး ရပြန်ပါသည်။ ဤ escalator က ကျနော့် စိတ်အထင် ပေ ၁၅၀ လောက် ရှိမည့် escalator အရှည်ကြီး ဖြစ်ပါ သည်။ ဒါနှင့် လည်း မြေပေါ်သို့မရောက်သေးပါ။ နောက်ထပ် escalator တခု ထပ်မံစီးရပါသေးသည်။ သည် တော့ သည် Metro ရထားက မြေအောက် ပေ ၂၀၀ လောက်မှာ ခုတ်မောင်းသွားလာနေ သည့် သဘော ဖြစ်ပါ သည်။ သည်ကလူတွေက မြေအောက်ကို ဘာလို့ သည်လောက်ကြိုက်ကြ သလဲမသိ၊ တူးရတာ မခက်ဘူး လား မသိ။ ဒါတွေကိုပြောနေတာက သူတို့ဖာသာသူတို့ တိုးတက် နေကြတာကို ကိုယ်က ဝင်ကြွား ပေးချင်လို့မဟုတ် ပါ။ အကြောင်း တိုက်ဆိုင်လို့ ဝါရှင်တန်ဒီစီ ရောက်ဖြစ်ခဲ့ကြလျှင် ဒီစီ Metro မြေအောက်ရထားကို အမှတ်တရ စီးကြည့် စေချင် လို့ဖြစ်ပါသည်။

ယခု ကျနော့်ကျောင်း ကိစ္စကို ဆက်ပါမည်။ ကျနော့်အနေဖြင့် ဖက်ဒရယ်အစိုးရထံမှ တနှစ်အတွက် ရရှိနိုင်သော ပညာသင်စရိတ်ချေးငွေ မှာ ဒေါ်လာ ၁၅၀၀၀ ခန့်ဖြစ်ပါသည်။ ဒါပေမဲ့ AU ကျောင်းသားတယောက်၏ နေထိုင် စားသောက်စရိတ် အပါအဝင် တရားဝင် တနှစ်ကုန်ကျ စရိတ်ခန့်မှန်းခြေ မှာ ဒေါ်လာ ၅၂၀၉၉ ဖြစ်ပါသတဲ့။ ဒါနှင့် ကျနော်လည်း လန့်ပြီး Admission ကို ငြင်းပယ်ပါကြောင်း လက်မှတ်ရေးထိုးပေးပြီး ပြန်ပြေးလာခဲ့ပါသည်။ ကျနော်တို့ မြို့က ဈေးပေါပေါ Community College က Associate Degree ( Diploma နှင့် ညီမည်ထင်သည်) တခုလောက်ဆို တော်ပြီပေါ့ ဟု စိတ်ကို ဖြေရသည်။

အပြန်ကျတော့ မြေအောက်ရထားစီးရမှာကို လန့်ပြီး ဘူတာကြီးသို့ တက္ကစီစီးပြီး ပြန်လာခဲ့ ပါသည်။ ဝါရှင်တန် ဒီစီမှာ မြို့တော်ဖြစ်၍ အစိုးရဌာနတွေကများ၊ သံတမန်တွေ ကများသောကြောင့် လားမသိ၊ ယောက်ျားတွေက နက္ကတိုင်နှင့် ကုတ်နှင့် သန့်သန့်ပြန့် ပြန့် ရှိသလို အမျိုးသမီး များကလည်း သန့်ပြန့်နေကြသည်ကို သတိပြု မိသည်။ American University က ကျောင်းသူတွေမှာလည်း ဒီလောက်ဈေးကြီးသည့်တက္ကသိုလ်မှာ တက်နိုင် ကြ သူတွေဆိုတော့ အမျိုးကောင်းသမီးတွေမို့ ဖြစ်မည်။ ဂျပန် တရုတ် ကိုးရီးယားနွယ်ဝင် အာရှသူ တွေရော၊ အဖြူ ကျောင်းသူတွေရော ဖြူဖွေးသန့်ပြန့် ရေဆေးငါးသဖွယ် ကျောင်းသူတွေက များ သည်ကို သတိပြုမိခဲ့ ပါ ကြောင်း။း)
( မှတ်ချက်။ ။ အာရှတိုက်မှာလည်း ဓါတ်ပုံထဲတွေ့ရသလောက်ဆိုလျှင် စင်္ကာပူသည် မြို့ရော၊ လူ တွေ ရော သန့် ပြန့် နေလိမ့်မည်ဟု ယူဆပါကြောင်း အဲသည်က ညီအကို မောင်နှမတွေကို လှမ်း ဖား လိုက်ပါသည်။း)

Tuesday, June 1, 2010

အချစ်သည် ပဉ္စမမြောက် ဗြဟ္မာစိုရ်တရား ဖြစ်၏

(တစ်)

မိတ်ဆွေတယောက်က ဟာသလိုလို ဘာလိုလိုနှင့် ပြောဖူးတာကို မှတ်မိနေသည်။ ဟို ကိုလိုနီ ခေတ် လောက်တုန်းကဟုဆိုကြပါစို့။ မြို့ကြီးသား တက္ကသိုလ်ကျောင်းသားတယောက်က ရထားစီးပြီး နယ်မြို့တခုသို့ ခရီးသွားပါသတဲ့။ လမ်းခရီးတွင် ရထားလမ်းဘေးလယ်ခင်းများ၌ နေပူကျဲကျဲအောက်အဝတ်အစား ခပ်ထူထူ ဝတ်ကာ သနပ်ခါးပါးကွက်ကျားနှင့် ကောက်စိုက်နေကြသော အသားအရေ ခပ်ကြမ်းကြမ်း၊ ကိုယ်ရောင်ကိုယ်ဝါ ညိုညစ်ညစ်ရှိကုန်သော ( မြို့ပေါ်က တက္ကသိုလ် ကျောင်းသူ ဖွေးဖွေးနုနုလေးတွေနှင့် လားလားမျှမဆိုင်၊ ရင်ခုန်ချင်စရာ တစက်မျှမရှိလှသော) တောသူ ကောက်စိုက် သမ လုံမေ များကို လှမ်းမြင်မိပါသတဲ့။ ထိုအခါ သူက “ဒီမိန်းမတွေကို ဘယ်လို ယောက်ျားမျိုး တွေကများ ရင်ခုန်စွာ ချစ်သူ၊ ဇနီးမယားအဖြစ် မြတ်မြတ်နိုးနိုး လက်ထပ်ပေါင်းသင်း ချင်ကြမှာပါလိမ့်” ဟု တွေးပြီး သူမတို့ အတွက် ပူများ ပင် ပူပန်ပေး မိပါသတဲ့။ သည်လိုနှင့် သူစီးလာသည့် ရထားက နောက် တဘူတာသို့ ဆိုက်ရောက်ရပ်နားလိုက်စဉ် ကိစ္စနှင့် မြို့ပေါ်တက်ကြမည့်ပုံရှိသည့် တောကာလသားတသိုက် ဆူဆူညံညံနှင့် ရထားပေါ်သို့တက်လာ ကြပါ သတဲ့။ မောင်ကျောင်းသားလည်း စောစောက ကောက်စိုက်သမ လေးတွေ အတွက် တွေးပူပန်ပေးနေမိသည့် ကိစ္စ အခုမှပဲ “ဩော်.. ဟိုကောင်မလေးတွေကို ဒီကောင်လေးတွေက ယူကြတာကိုး” ဟုအဖြေရသွားတော့ သည်ဟူ၏။

(နှစ်)
မောင်ကျင်မောင် နှင့် မမယ်မြ

“ကိုရင် ကျင်မောင်၊ တော့်ညီ သာမောင်က မလေးရှားသွားတော့မလို့ဆို..”

“အေးပါဟဲ့ မယ်မြ။ နင် ဒီနေ့ အဲသဟာ မေးနေတာ ဆယ်ခါပြည့်တော့မယ်။ ဘာဖြစ်လို့တုန်း”

“အလို .. စိုးရိမ်လို့ပေါ့တော်။ မမေးရဘူးလား။ အောင်မယ်.. တော်ပြောသလို ဆယ်ခါလည်း မပြည့်သေး ပါဘူးနော်”

“နင်က ငါ့ညီအတွက် စိုးရိမ်နေလို့လား။ ဟိုမှာ ငါ့အမေမောင် လေးထွေးရှိပါတယ်ဟ။ ခုလည်း သူကခေါ် လို့လိုက်သွားမှာ။ ဟိုမှာ အလုပ်ကအဆင်သင့်တဲ့။ လမ်းစရိတ်လည်း လေးထွေးကပို့ပေးမှာ။ ငါ့ညီသာမောင် က မြို့ကျောင်းမှာ ဆယ်တန်းထိနေဖူးတော့လည်တယ်ဟ။ မနှစ်ကဖွားနှစ်ဆုံးလို့ လေးထွေးရွာကိုတခေါက်ပြန် လာ တော့ သူ့ကိုခေါ်ဖို့ ကပ်ချွဲလိုက်တာ ဟိုကလည်းကျသွားရော့။ ဒါနဲ့ အကုန်သူပဲတာဝန်ယူပြီး ခေါ်တာ”

“တော် မရှည်ပါနဲ့။ အဲဒီ ဇာတ်ထုတ် ကျုပ်သိပါတယ်။ ကျုပ်စိုးရိမ်တယ်ဆိုတာ တော့်အတွက်”

“ရော်.. မယ်မြနှယ်။ ကျုပ်အတွက် ဘာစိုးရိမ်စရာ ရှိသတုန်း။ ကျုပ်က ဒီမှာနေမဲ့လူဟာကိုပဲ”

“ပြောမရဘူးလေ။ တော်လည်း ကျုပ်နဲ့ ကြိုက်နေတယ်သာဆိုပေမဲ့ လူပျိုဆိုတော့ တော်နေကြာ စိတ်ပါပြီး ညီနဲ့ တူတူလိုက်သွားရင် မခက်ပါလား။ သည်လိုသာဆို ကျုပ်တော့သေလိမ့်မယ်နဲ့တူတယ်တော့်”

“နင့်နှယ်။ နင် အကောင်းကြီးက ဘာဖြစ်လို့ သေရမှာတုန်း။ သေစကား မပြောစမ်းနဲ့ဟာ။ ရင်တုန်တယ်”

“တော့်ကို လွမ်းဖျားလွမ်းနာ ကျလို့ပေါ့တော်။ တော်ကကော ကျုပ်ကိုထားခဲ့ပြီး သွားရက်မလားလို့ သိချင် တယ် တော့်”

“ငါကလည်း အဲလို မောင်တရွာမယ်တမြို့ သွားရက်ပါ့မလား မယ်မြရယ်။ စဉ်းစဉ်းစားစားလည်း ပြောပါဦး။ နင့်ကလည်း အစိုးရိမ်ပိုတတ်ရန်ကော။ နင့်မှာ စဉ်းစားဥာဏ်မှ ရှိသေးရဲ့လားဟင်”

“အိုတော်.. ကိုရင်လိုက်မသွားဘူးဆိုတာတော့ ကျုပ်စိတ်ထဲကသိပါတယ်လေ။ ဒါပေမဲ့ လိုက်များသွားမလား လို့ စိုးရိမ်တာကတော့ စိုးရိမ်တာပေါ့တော်”


(သုံး)
ကိုဘုန်းမြတ်ခေါင် နှင့် မရွှေရုပ်သွင်
“ကိုကို၊ ဆစ်ဒနီကို right time ရောက်လားဟင်၊ ဒီ စင်္ကာပူမှာတော့ သုံးနာရီခွဲပြီး ငါးမိနစ်စွန်းသွားပြီ”
“အင်း .. ကိုကို အခု ဆစ်ဒနီလေဆိပ်မှာ check in လုပ်နေပြီ”
“ဒါဆို ဆောရီးနော် ကိုကို၊ ဖုန်းပြောလို့ အဆင်ပြေပါ့မလားဟင်”
“ဟာ.. ရပါတယ် ရွှေရုပ်ရဲ့ ။ ဖုန်းမချလိုက်ပါနဲ့နော် ရွှေရုပ်၊ ဟဲလို..”
“ဟုတ်ကဲ့၊ ပြောပါကိုကို”
“ကိုကို မေမေ့အိမ်ကို ရောက်တာနဲ့ တခါဖုန်းဆက်လိုက်မယ် သိလား။ ကိုကိုတက်ရမဲ့ Sidney University ကိုတော့ မနက်ဖြန်မှပဲ သွားလိုက်တော့မယ်။ အင်း.. ရွှေရုပ် အတင်းလွှတ်လိုက်လို့သာ လာရတယ်။ ဒီ Master ဘွဲ့ကို စင်္ကာပူကယူလည်းရတာပဲ။ တကယ်တော့ ကိုကိုက ရွှေရုပ်နဲ့ ခွဲပြီးလာချင်တာမဟုတ်ဘူး”
“ရှေ့ရေးအတွက်မို့ပါ ကိုကိုရယ်။ ကိုကိုမှာက အမေကလည်း အဲဒီမှာရှိနေတာဆိုတော့လေ”
“အမေဆိုမှသတိရတယ်။ ဖေဖေ့ကိုတော့ ရွှေရုပ်ပဲ ရန်ကုန်ကိုဖုန်းဆက်ပြီး ကြည့်ပြောပေးလိုက်ပါနော်။ သူက ရွှေရုပ်ကိုတော့ ဆူမှာမဟုတ်ပါဘူး။ ကိုကို မေမေ့ဆီရောက်နေတာသိရင်တော့ သူဆူတော့မှာ။ သူက မေမေ့ ကိုသိပ်ကြည့်ရတာ မဟုတ်ဘူးလေ”
“ဟုတ်ကဲ့ ကိုကို။ ရွှေရုပ် ဒီအပါတ်ထဲ ကြည့်ပြောလိုက်ပါ့မယ်။ ဟင့်..ဟင့်၊ ယောက္ခမကြီးက ရွှေရုပ်ကိုဆို ကြည်ဖြူမှာပါလေ”
“ဟုတ်တယ်။ ဖေဖေက ရွှေရုပ်ကို သမီးအရင်းလို ချစ်တာပါ။ သူတခါက အဲဒါပြောဖူးတယ်။ ဒီကလေးမကို ငါ့သမီးအရင်း ဖြစ်စေချင်လိုက်တာတဲ့။ သူက သမီးငတ်နေတာ ရွှေရုပ်ရဲ့”
“ရွှေရုပ်လည်း ကိုကို့ဖေဖေကို ကိုယ့်အဖေလိုပဲ ချစ်တာပါနော်”
“အင်းပါ..။ ကိုကိုသိပါတယ်။ ကဲ၊ ကိုကို့အလှည့်ရောက်တော့မယ် ရွှေရုပ်။ ဒါဆို.. ဒါပဲနော်။ နောက်မှ ဆက်မယ်။ I Love You!”
“ဟုတ်ကဲ့။ ဘုရား တရား မမေ့ပါနဲ့နော်ကိုကို”
(လေး)
ဦးထင်ကျော် နှင့် Kathy
“ရှင်က မြန်မာပြည်နဲ့ ဗုဒ္ဓဘာသာကို တော်တော်ချစ်တာပဲနော်။ ဒါနဲ့များ မြန်မာမလည်းမဟုတ်၊ အစတုန်း က ဗုဒ္ဓဘာသာဝင် တယောက်လည်း မဟုတ်ခဲ့တဲ့ ကျမကို ဘာဖြစ်လို့များ ရှင်ယူခဲ့လဲဆိုတာ ကျမ စဉ်းစားလို့ မတတ်ဘူးရှင့်”
“ကိုယ် မြန်မာပြည်ကို ချစ်တယ်ဆိုတာက အမှန်တော့ တရားမျှတမှုကို အရမ်းချစ်မိလို့ကွ။ တရားမျှတမှုကို ရင်ထဲက နှစ်နှစ်ကာကာနဲ့ ချစ်တဲ့လူတယောက်ဟာ မတရားမှုတွေနဲ့ချည်း ပြည့်နှက်နေတဲ့ မြန်မာပြည်ကို၊ အဲဒီဒါဏ်ကို နှစ်ရှည်လများ ခံစားနေကြရတဲ့ မြန်မာပြည်သူတွေကို ဂရုဏာမသက်ပဲကို မနေနိုင်ဘူး။ တကယ်က ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ တရားမျှတခြင်းနဲ့ သည်းခံခြင်းတရား နှစ်မျိုးစလုံး ပြိုင် ထွန်းကားရမှာ။ အခုတော့ တရားမျှတခြင်းဆိုတဲ့တရား ပျောက်နေပြီး မြန်မာပြည်ရဲ့ နေရာတိုင်းမှာ သည်းခံခြင်း တရားပဲ ထွန်းကားနေတယ်။ ဒီလိုနဲ့ ကိုယ် မြန်မာပြည်ကို မဖြစ်မနေ ချစ်သွားရတော့တာပါ။ နောက်ပြီး ကိုယ် ဗုဒ္ဓဘာသာကို ချစ်တယ်ဆိုတာကလည်း ကိုယ်က believe in the Law of Nature ဖြစ်လို့ကွ။ believe in the Law of Nature ဖြစ်တဲ့လူတယောက်ဟာလည်း ဗုဒ္ဓဘာသာကိုမချစ်ဘဲကို မနေနိုင်ဘူး။ ဗုဒ္ဓဟာ သူသိထားတဲ့ The Law of Nature ကိုသာဟောကြားခဲ့တာပါ။ ဒါပေမဲ့ တကယ်တော့ ကိုယ်ဟာ ဗုဒ္ဓဘာသာဝင်ကောင်း တယောက်တော့ မဟုတ်ပါဘူးလေ။ ဗုဒ္ဓဘာသာဝင်ကောင်း တယောက်ဆိုရင် ကိုယ် ဒီသံသရာ ကနေ လွတ် မြောက်ကြောင်းတရား ဖြစ်တဲ့ ဘဝနာတရား အားထုတ်တာကို စိတ်ဝင်စားရမှာပေါ့။ အားထုတ်ရမှာပေါ့။ အခု တော့ ကိုယ်က သံသရာကနေ လွတ်မြောက်အောင်လုပ်ဖို့ သိပ်စိတ်အာရုံ မရောက်ဘဲ အကြောင်းကြောင်း ကြောင့် လူဖြစ်လာတုန်းလေး (သူတော်စင်တယောက် အဖြစ်နဲ့မဟုတ်ဘဲ) လူတယောက်အဖြစ်နဲ့ ဘယ်လို အမြင့်မြတ်ဆုံး နေသွားနိုင်မလဲ ဆိုတဲ့ကိစ္စဖက်ပဲ ပိုအာရုံရောက်မိတယ်။ ဒါပေမဲ့ ကိုယ် Law of Karma (Work) ကိုတော့ ယုံကြည်တယ်။ belief in the Creation အတွက်တော့ အခက်အခဲနည်းနည်းရှိတယ်။ ဒီလိုနဲ့ပဲ ကိုယ် ဗုဒ္ဓ ဘာသာဝင် ဖြစ်နေတာပါ”
“ဒါဆို မြန်မာမကို မယူဘဲ အင်္ဂလိပ်မကို ယူတာကျတော့ကော”
“အဟဲ..၊ ဒါကတော့ မြန်မာမကို ယူချင်ပေမဲ့ မရလို့ပါဗျာ။ ဒီတော့ ရရာယူရတာပေါ့။ ပြီးတော့ မြန်မာစကား မှာ “ဖူးစာ” ဆိုတာရှိတယ်ကွ။ မင်းတို့ဆီက “fate” နဲ့အဓိပ္ပါယ်ချင်းဆင်တယ်။ ဒါပေမဲ့ ငါတို့ “ဖူးစာ” က ကောင်းတဲ့အဓိပ္ပါယ်နဲ့။ အင်း .. ဘာနဲ့တူမလဲဆိုတော့ by a lucky twist of fate (in marriage) အဓိပ္ပါယ် မျိုးပေါ့”
“အင်း.. ဒီမြန်မာစကားလုံးကို မှတ်ထားရမယ်။ ဖူး..စာ ဟုတ်လား”
“အေး.. ညည်းနဲ့ ကျုပ်နဲ့ရကြတာက ဖူးစာပါလို့ပဲ ကလေးမရဲ့”
(ငါး)
သူတပါး (သို့သော် တလောကလုံးကိုကားမဟုတ်။ တယောက်တည်းကိုသာ) ကို အကြောင်းအမျိုးမျိုးကြောင့် မိမိ ကိုယ်နှင့်ထပ်တူချစ်မိ သွားခြင်းကို “အချစ်” ဟု ခေါ်သည်ထင်ပါသည်။ ထိုအခါ မိမိ၏ချစ်သူကို အခြားသူ၊ အခြားပုဂ္ဂိုလ်တဦးဟု မထင်မှတ်မိတော့ပဲ မိမိကိုယ်တိုင် (၏ အခြားခန္ဓာ/ အခြားအစိတ်အပိုင်းတခု ) ဟုခံစား လာမိလေတော့သည်။ ဤစိတ်အခြေအနေသည် သူတော်စင်မဟုတ်သော သာမန်ပုထုဇာဉ်ပုဂ္ဂိုလ်တယောက် အဖို့ အခြားတစိမ်း ပုဂ္ဂိုလ်တယောက်အပေါ် မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ အထားနိုင်ဆုံး အခြေအနေ၊ အတ္တအမဲ့ဆုံး စိတ်အခြေအနေဟု ထင်ပါသည်။ ဤ မယုံကြည်နိုင်လောက်အောင် အတ္တမဲ့သည့်အခြေအနေ ကို ဦးညွတ်ဂုဏ်ပြုလို၍ သူတော်စင် မဟုတ်သော ကျနော်က “အချစ်ကို ပဉ္စမမြောက် ဗြဟ္မာစိုရ်တရား” ဟု ခေါ်လိုက်သည်ကို ဘဝနာတရား ရှုပွားလျှက် ဘဝ သံသရာဝဲဩဂကြီးမှ ရုန်းထွက်လွတ်မြောက်နိုင်ရန် ကြိုးစား နေကြကုန်သော သူတော်စင်ပုဂ္ဂိုလ်အပေါင်းတို့သည် ခွင့်လွှတ်ပေးနိုင် ကြပါစေသတည်း။ ကျနော်ကတော့ ဤလမ်းအတိုင်း လိုက်လျှင် နိဗ္ဗာန်သို့ အမြန်ဆုံးရောက်မည်ဟု ရှင်တော်ဗုဒ္ဓ၏ တရားတော်ကို ယုံကြည်လျှက်နှင့်ပင် ရောက်ချိန် တန်တော့ (The Law of Nature အရပင်) ရောက်သွားလိမ့်မပေါ့ဟု မိုက်လုံးကြီးနေမိသူ ဖြစ်လေသည်။ စောစော သွားနိုင်သူတို့သွားကြပါလေကုန်။း)

………………………………………………………………………………………………………………………………………

Sunday, May 23, 2010

ပုဒ်မကြီး ခုနစ်ခုသာ ပါသော အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ

ကျနော်က ဥပဒေပညာရှင် တယောက်၊ သမိုင်းပညာရှင် တယောက် မဟုတ်ပါ။ သာမန် အရပ်သား တယောက်မျှသာ ဖြစ်ပါသည်။ ထို့ကြောင့် American Constitution ကို ဥပဒေရှုထောင့်၊ သမိုင်းရှုထောင့်တို့မှ ရှုမြင်သုံးသပ်ပြ နိုင်မည် မဟုတ်ကြောင်း ကြိုတင်ဝန်ခံထားလိုပါသည်။ ထူးဆန်းသလို ရှိသောအရာတခုကို တွေ့မိ၍ ရင်းနှီးရာ မိတ်ဆွေတွေ ကို အရပ်ပြော လက်တို့ပြောသည့် သဘော၊ တချို့ နိုင်ငံရေးအကြောင်း သိပ်စိတ်မဝင်စားသည့် မြန်မာ လူငယ်တွေကိုလည်း ဗဟုသုတရရုံ အကြမ်းဖျင်းမျှ ပြောပြသည့် သဘောသာဖြစ်ပါသည်။ သည်ဥပဒေ ထူးဆန်းသလိုရှိသည်ဟု ဆိုရခြင်းမှာ ၁၇၈၇ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် ဂျော့ ဝါရှင်တန်တို့ တညီတညွတ်တည်း လက်မှတ်ရေးထိုးခဲ့ ကြပြီး ယနေ့အထိ တည်တန့်နေသေးသော အမေရိကန် ပြည်ထောင်စု ဖွဲ့စည်းပုံ ဥပဒေ ( ဖြည့်စွက်ပြင်ဆင်ချက် ၂၇ ခုတော့ ပြုလုပ်ခဲ့ရသည်) တွင် အကြောင်းအရာ ခေါင်းစဉ်တခု အတွက် ပုဒ်မကြီး တခုနှုန်းဖြင့် ပုဒ်မကြီး ခုနစ်ခုသာပါသည်ကို တွေ့ရ၍ ဖြစ်ပါသည်။ ကျနော် လွန်ခဲ့သော ငါးနှစ်ခန့်က ကိုယ်ထင်ရာမြင်ရာ စာတမ်းကလေးတစောင် ရေးရာတွင် ကိုးကားချင်လို့ အမေရိကန်ဖွဲ့စည်းပုံ အခြေခံဥပဒေကို အပေါ်ယံ လျှပ်ပြီး ဖတ်ကြည့်ခဲ့ဖူးရာ ထိုစဉ်ကပင် သည် ဖွဲ့စည်းပုံ ၏ လိုရင်းတိုရှင်းဖြစ်မှုကို သတိထားမိခဲ့ပါသည်။ သို့သော် သူတို့ဖွဲ့စည်းပုံတခုလုံးကို သုံးသပ်ပြဖို့ထိလည်း ဥာဏ်မမီလှသဖြင့် မဆွေးနွေးခဲ့ဖူးပါ။ ယခုလည်း နှိုက်နှိုက်ချွတ်ချွတ် ပြောပြဖို့အထိ ဥာဏ်မီလှသေးသည် မဟုတ်ပါ။ သို့ရာတွင် စာဖတ်သူတို့လည်း ဥပဒေ မူရင်းစာသားနှင့် နှိုင်းယှဉ်ကာ ဖြည့်စွက်နားလည်နိုင်ကြမည် သာဖြစ်၍ အမေရိကန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ အနှစ်သဘောကို မှန်းကြည့်နိုင်ရုံလောက် ကောက်နှုတ် တင်ပြလိုက်ပါသည်။

The Constitution of the United States of America
အမေရိကန် ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေ
Preamble
နိဒါန်း
We the people of the United States, in order to form a more perfect union, establish justice, insure domestic tranquility, provide for the common defense, promote the general welfare, and secure the blessings of liberty to ourselves and our posterity, do ordain and establish this Constitution for the United States of America.
( အထက်ပါ နိဒါန်းကို ဥပဒေ အငွေ့အသက်လည်း ပါအောင် သည်လို မြန်မာပြန်လိုက်ကြရလျှင် ကောင်းမလားမသိ။း-)
ကျွန်ုပ်တို့ အမေရိကန်ပြည်သူ အပေါင်းတို့သည် ပိုမို ပြီးပြည့်စုံသော ပြည်ထောင်စုတရပ်ကို ဖွဲ့စည်းတည်ထောင် နိုင်ရန် အလို့ငှာ ၎င်း၊ တရားမျှတမှုကို တည်ဆောက် နိုင်ရန်အတွက်၎င်း၊ နိုင်ငံအတွင်း အေးချမ်းတည်ငြိမ်မှု ကို အာမခံနိုင်ရန် ၎င်း၊ ဘေးရန်ကျရောက် လာလျှင် စုပေါင်းကာကွယ်နိုင်ရန်၎င်း၊ အထွေထွေ သာယာဝပြောရေး ကိုမြှင့်တင်နိုင်ရန် အတွက် ၎င်း၊ ကျွန်ုပ်တို့နှင့် နောင်လာနောက်သား တို့အတွက် လွတ်လပ်မှုကောင်းချီးမင်္ဂလာကို လုံခြုံစေရန်အတွက်၎င်း၊ ဤ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို အမေရိကန် ပြည်ထောင်စုအတွက် အတည်ပြု ပြဌာန်း အာဏာ သက်ရောက်စေလိုက်သည်။
Article I:
Section 1.
All legislative powers herein granted shall be vested in a Congress of the United States, which shall consist of a Senate and House of Representatives.
( Section 1 – 10 under this Article.)
ပထမ ပုဒ်မ။ ( ဥပဒေ ပြုရေး )
ပုဒ်မခွဲ ၁ ။ ဤ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရပေးအပ်ထားသော တရားဥပဒေပြုရေး အာဏာအရပ်ရပ်ကို ဆီးနိတ် အထက် လွှတ်တော်နှင့် အောက်လွှတ်တော် ( ပြည်သူ့ကိုယ်စားလှယ်များ) တို့ဖြင့် ဖွဲ့စည်းထားသည့် ကွန်ဂရက်လွှတ် တော်ထံသို့ အပ်နှင်း ရမည်။
( ဤ ပထမ ပုဒ်မကြီး အောက်တွင် ပုဒ်မခွဲ ၁၀ အထိရှိပြီး လွှတ်တော် နှစ်ရပ်ကို မည်သို့ ရွေးကောက် တင်မြှောက်ရမည် ကို ရှင်းလင်းထားသည်။ အသေးစိတ် မဖော်ပြတော့ပါ။ ကိုးကားထားသည့် link: http://topics.law.cornell.edu/constitution တွင် ဖတ်ရှုနိုင်ပါသည်။ ဥပဒေ ပြုရေး ကိစ္စ သည် ပုဒ်မကြီး နှင့်ပင် ပြီးသွားလေ၏။ )
………………………………………………………………………………………………….
Article II:
Section 1.
The executive power shall be vested in a President of the United States of America. He shall hold his office during the term of four years, and, together with the Vice President, chosen for the same term, be elected, as follows:
( Section 1 - 4 under this Article.)
ဒုတိယ ပုဒ်မ။ ( အုပ်ချုပ်ရေး)
ပုဒ်မခွဲ ၁။ နိုင်ငဲတော် အုပ်ချုပ်ရေး အဏာကို အမေရိကန် ပြည်ထောင်စု သမ္မတ ထံသို့ အပ်နှင်း ရမည်။ နိုင်ငံတော် သမ္မတ နှင့် သက်တမ်းတူဖြစ်သော ဒုတိယသမ္မတ တို့ကို လေးနှစ်သက်တမ်း ကာလအတွက် အောက်ပါအတိုင်း ရွေးကောက် တင်မြှောက်ရမည် -
( ပုဒ်မခွဲ ၄ အထိရှိ၏။ အုပ်ချုပ်ရေးကိစ္စ လည်း ဤတွင်ပြီးလေ၏။ )

…………………………………………………………………………………………………….
Article III
Section 1.
The judicial power of the United States, shall be vested in one Supreme Court, and in such inferior courts as the Congress may from time to time ordain and establish. The judges, both of the supreme and inferior courts, shall hold their offices during good behaviour, and shall, at stated times, receive for their services, a compensation, which shall not be diminished during their continuance in office.
( Section 1- 3 under this Article.)
တတိယ ပုဒ်မ။ ( တရား စီရင်ရေး)
ပုဒ်မခွဲ ၁။ ပြည်ထောင်စု တရားစီရင်ရေး အာဏာကို တရားရုံးချုပ် တရပ်သို့ အပ်နှင်းရမည်။ ကွန်ဂရက် လွှတ်တော် သည် တရားရုံးချုပ် ထက်နိမ့်သော တရားရုံးများကို ဥပဒေနှင့်အညီ ထူထောင်ခွင့် ရှိသည်။ တရားသူကြီး အားလုံးသည် အကျင့် စာရိတ္တ ကောင်းမွန်နေသရွေ့ ၎င်းးတို့၏ ရာထူးတာဝန်များ၌ တာဝန်ထမ်းဆောင်ခွင့် ရှိစေရမည်။ ရာထူး တာဝန် ထမ်း ဆောင်နေသည့် ကာလ အတွင်း လစာ၊ ရိက္ခာ ခံစားခွင့်ကို မလျှော့ချနိုင်စေရ။
( ပုဒ်မခွဲ ၃ အထိရှိ၏။ ဤတွင် တရားစီရင်ရေးကိစ္စ ပြဌာန်းချက် ပြီးလေ၏။ )

…………………………………………………………………………………………………..
Article IV
Section 1.
Full faith and credit shall be given in each state to the public acts, records, and judicial proceedings of every other state. And the Congress may by general laws prescribe the manner in which such acts, records, and proceedings shall be proved, and the effect thereof.
(Section 1- 4 under this Article.)
( ကျနော် သည်ပုဒ်မကို ဝါးတားတားပဲ နားလည်ပြီး သိပ်အဆင်ချောအောင်လည်း ဘာသာမပြန်တတ်ပါ။ ပြည်နယ်များ၏ ကိုယ်ပိုင်ပြဌာန်းခွင့် ကိစ္စ ဖြစ်မည်။ ဤသို့မြန်မာပြန်လိုက်ရသော် နီးစပ်ပြီး သဘောကိုငုံမိလေမလားမသိပါ ။
“ပြည်နယ် အသီးသီးအား အများပြည်သူအကျိုးအတွက် ဆောင်ရွက်ချက်များ၊ မှတ်တမ်းမှတ်ရာများ၊ တရားစီရင်ပုံ စီရင် နည်းတို့နှင့်စပ်လျှဉ်း၍ ယုံကြည်စွာလုပ်ပိုင်ခွင့်အပ်နှင်းရမည်။ ကွန်ဂရက်လွှတ်တော်သည် ပြည်နယ်များအနေဖြင့် ထို လုပ်ထုံး လုပ်နည်းများနှင့်စပ်လျှဉ်း၍ မည်သို့မည်ပုံဆောင်ရွက်ရမည်ကို ဥပဒေပြဌာန်းသတ်မှတ်ပေးနိုင်သည်။” )
…………………………………………………………………………………………………….
Article V
The Congress, whenever two thirds of both houses shall deem it necessary, shall propose amendments to this Constitution, or, on the application of the legislatures of two thirds of the several states, shall call a convention for proposing amendments, which, in either case, shall be valid to all intents and purposes, as part of this Constitution, when ratified by the legislatures of three fourths of the several states, or by conventions in three fourths thereof, as the one or the other mode of ratification may be proposed by the Congress; provided that no amendment which may be made prior to the year one thousand eight hundred and eight shall in any manner affect the first and fourth clauses in the ninth section of the first article; and that no state, without its consent, shall be deprived of its equal suffrage in the Senate.
(ဥပဒေ ပြင်ဆင်ရေး ကိစ္စ ပြဌာန်းချက်။ အချိန်ရလျှင် နောက်မှ ကြိုးစားပြန်ကြည့်ဦးပါမည်။ )
………………………………………………………………………………………………………
Article VI
All debts contracted and engagements entered into, before the adoption of this Constitution, shall be as valid against the United States under this Constitution, as under the Confederation.
This Constitution, and the laws of the United States which shall be made in pursuance thereof; and all treaties made, or which shall be made, under the authority of the United States, shall be the supreme law of the land; and the judges in every state shall be bound thereby, anything in the Constitution or laws of any State to the contrary notwithstanding.
The Senators and Representatives before mentioned, and the members of the several state legislatures, and all executive and judicial officers, both of the United States and of the several states, shall be bound by oath or affirmation, to support this Constitution; but no religious test shall ever be required as a qualification to any office or public trust under the United States.
( ကြွေးမြီ၊ သဘောတူ စာချုပ်များဆိုင်ရာ ပြဌာန်းချက်။ ထိုနည်း၎င်း … )
………………………………………………………………………………………………………
Article VII
The ratification of the conventions of nine states, shall be sufficient for the establishment of this Constitution between the states so ratifying the same.
သတ္တမပုဒ်မ။
ဤ ဖွဲ့စည်းပုံအခြေခံဥပဒေကို တည်ထောင်ပြဌာန်းခြင်းသည် ဤသဘောတူစာချုပ်တွင် ပါဝင်သော ပြည်နယ်ကိုးခုက ထပ်ဆင့် အတည်ပြုလိုက်သည်နှင့် ထိုအတည်ပြုပြီးဖြစ်သော ပြည်နယ်များအတွင်း လုံလောက် ( အဏာသက်ရောက် ) စေရမည်။
Signers
Done in convention by the unanimous consent of the states present the seventeenth day of September in the year of our Lord one thousand seven hundred and eighty seven and of the independence of the United States of America the twelfth.
In witness whereof We have hereunto subscribed our Names,
G. Washington-Presidt. and deputy from Virginia
New Hampshire: John Langdon, Nicholas Gilman
Massachusetts: Nathaniel Gorham, Rufus King
Connecticut: Wm: Saml. Johnson, Roger Sherman
New York: Alexander Hamilton
New Jersey: Wil: Livingston, David Brearly, Wm. Paterson, Jona: Dayton
Pennsylvania: B. Franklin, Thomas Mifflin, Robt. Morris, Geo. Clymer, Thos. FitzSimons, Jared Ingersoll, James Wilson, Gouv Morris
Delaware: Geo: Read, Gunning Bedford jun, John Dickinson, Richard Bassett, Jaco: Broom
Maryland: James McHenry, Dan of St Thos. Jenifer, Danl Carroll
Virginia: John Blair--, James Madison Jr.
North Carolina: Wm. Blount, Richd. Dobbs Spaight, Hu Williamson
South Carolina: J. Rutledge, Charles Cotesworth Pinckney, Charles Pinckney, Pierce Butler
Georgia: William Few, Abr Baldwin
………………………………………………………………………………………………………
( မှတ်ချက်။ ။ American Constitution က ပထမ၊ ဒုတိယ၊ တတိယ ပုဒ်မကြီး သုံးခုတည်းနှင့် ဥပဒေပြုရေး/ အုပ်ချုပ်ရေး/ တရားစီရင်ရေး သုံးရပ်စလုံးကို အပြီးပြောသွားသောအချက်ကို သဘောကျမိ၊ ရယ်ချင်မိ၊ ပေါ့ပေါ့ပါးပါး ပြန်ပြောပြချင် မိ၍ အင်္ဂလိပ်စာ မတတ် တတတ်နှင့် ဤ post ကို ရေးမိ သွားခြင်းသာ ဖြစ်ပါသည်။ )