Sunday, June 27, 2010

၄၆

ငါ မငယ်တော့ဘူး လူကြီးဆန်ရမှာပါကွယ်။

ခုတော့...
တခါတရံ ကိုယ့်အသက်ကို ၃၀-၃၅ လို့ထင်လိုထင်
“အချစ်” ဆိုသဟာနဲ့ ကိုယ်နဲ့ ဆိုင်သေးသယောင် တွေးလိုတွေး
သူမ ကိုယ့်ကို မေတ္တာ မရှိကြောင်း ပြသရင် ၁၆ နှစ်သားလေးတယောက်လို ဆွေးလိုဆွေးနဲ့
အင်း.. ငါ အသက်နဲ့ ထပ်တူ ကြီးပြင်းမလာသေးချေဘူး။

ရှေ့လာမဲ့နှစ်များထဲ
ကိုယ် မဖြစ်စေချင်တာတခု ဖြစ်သင့်တဲ့အတိုင်း ဖြစ်လာခဲ့ရင်
ဖြစ်ရပ် A ဖြစ်မလာဘဲ ဖြစ်ရပ် B သာ ဖြစ်သွားတာဟာ
ဖြစ်ရပ် B က ပိုဖြစ်ထိုက်လို့ဖြစ်တယ်” လို့
၄၆ နှစ်သားရင်ဘတ်နဲ့ လောကဓမ္မကိုရှုမြင်ပါ။

ဩော်.. လက်စသတ်တော့
လူကြီးဆန်တယ်ဆိုတာ
ငါတသက်လုံး မုန်းလာခဲ့တဲ့
စိတ်ထဲကမပါဘဲ ပီပီပြင်ပြင် ပြုံးပြတတ်ရတဲ့
သရုပ်ဆောင်အနုပညာကိုး။

( ဇွန်လ ၂၂ ရက်၊ ၂၀၁၀ တွင်ကျရောက်ခဲ့သော မိမိ ၏ ၄၆ နှစ်မြောက်မွေးနေ့က ရေးခဲ့သောကဗျာ )

1 comment:

  1. ဖတ်သွားပါတယ်ရှင်။ ကျမလည်း ၂၂ရက်မှာ မွေးဖွားလာတာပါ။ လတော့ မတူဘူးအကို။

    ReplyDelete