Showing posts with label အတွေးအမြင်. Show all posts
Showing posts with label အတွေးအမြင်. Show all posts

Tuesday, June 1, 2010

အချစ်သည် ပဉ္စမမြောက် ဗြဟ္မာစိုရ်တရား ဖြစ်၏

(တစ်)

မိတ်ဆွေတယောက်က ဟာသလိုလို ဘာလိုလိုနှင့် ပြောဖူးတာကို မှတ်မိနေသည်။ ဟို ကိုလိုနီ ခေတ် လောက်တုန်းကဟုဆိုကြပါစို့။ မြို့ကြီးသား တက္ကသိုလ်ကျောင်းသားတယောက်က ရထားစီးပြီး နယ်မြို့တခုသို့ ခရီးသွားပါသတဲ့။ လမ်းခရီးတွင် ရထားလမ်းဘေးလယ်ခင်းများ၌ နေပူကျဲကျဲအောက်အဝတ်အစား ခပ်ထူထူ ဝတ်ကာ သနပ်ခါးပါးကွက်ကျားနှင့် ကောက်စိုက်နေကြသော အသားအရေ ခပ်ကြမ်းကြမ်း၊ ကိုယ်ရောင်ကိုယ်ဝါ ညိုညစ်ညစ်ရှိကုန်သော ( မြို့ပေါ်က တက္ကသိုလ် ကျောင်းသူ ဖွေးဖွေးနုနုလေးတွေနှင့် လားလားမျှမဆိုင်၊ ရင်ခုန်ချင်စရာ တစက်မျှမရှိလှသော) တောသူ ကောက်စိုက် သမ လုံမေ များကို လှမ်းမြင်မိပါသတဲ့။ ထိုအခါ သူက “ဒီမိန်းမတွေကို ဘယ်လို ယောက်ျားမျိုး တွေကများ ရင်ခုန်စွာ ချစ်သူ၊ ဇနီးမယားအဖြစ် မြတ်မြတ်နိုးနိုး လက်ထပ်ပေါင်းသင်း ချင်ကြမှာပါလိမ့်” ဟု တွေးပြီး သူမတို့ အတွက် ပူများ ပင် ပူပန်ပေး မိပါသတဲ့။ သည်လိုနှင့် သူစီးလာသည့် ရထားက နောက် တဘူတာသို့ ဆိုက်ရောက်ရပ်နားလိုက်စဉ် ကိစ္စနှင့် မြို့ပေါ်တက်ကြမည့်ပုံရှိသည့် တောကာလသားတသိုက် ဆူဆူညံညံနှင့် ရထားပေါ်သို့တက်လာ ကြပါ သတဲ့။ မောင်ကျောင်းသားလည်း စောစောက ကောက်စိုက်သမ လေးတွေ အတွက် တွေးပူပန်ပေးနေမိသည့် ကိစ္စ အခုမှပဲ “ဩော်.. ဟိုကောင်မလေးတွေကို ဒီကောင်လေးတွေက ယူကြတာကိုး” ဟုအဖြေရသွားတော့ သည်ဟူ၏။

(နှစ်)
မောင်ကျင်မောင် နှင့် မမယ်မြ

“ကိုရင် ကျင်မောင်၊ တော့်ညီ သာမောင်က မလေးရှားသွားတော့မလို့ဆို..”

“အေးပါဟဲ့ မယ်မြ။ နင် ဒီနေ့ အဲသဟာ မေးနေတာ ဆယ်ခါပြည့်တော့မယ်။ ဘာဖြစ်လို့တုန်း”

“အလို .. စိုးရိမ်လို့ပေါ့တော်။ မမေးရဘူးလား။ အောင်မယ်.. တော်ပြောသလို ဆယ်ခါလည်း မပြည့်သေး ပါဘူးနော်”

“နင်က ငါ့ညီအတွက် စိုးရိမ်နေလို့လား။ ဟိုမှာ ငါ့အမေမောင် လေးထွေးရှိပါတယ်ဟ။ ခုလည်း သူကခေါ် လို့လိုက်သွားမှာ။ ဟိုမှာ အလုပ်ကအဆင်သင့်တဲ့။ လမ်းစရိတ်လည်း လေးထွေးကပို့ပေးမှာ။ ငါ့ညီသာမောင် က မြို့ကျောင်းမှာ ဆယ်တန်းထိနေဖူးတော့လည်တယ်ဟ။ မနှစ်ကဖွားနှစ်ဆုံးလို့ လေးထွေးရွာကိုတခေါက်ပြန် လာ တော့ သူ့ကိုခေါ်ဖို့ ကပ်ချွဲလိုက်တာ ဟိုကလည်းကျသွားရော့။ ဒါနဲ့ အကုန်သူပဲတာဝန်ယူပြီး ခေါ်တာ”

“တော် မရှည်ပါနဲ့။ အဲဒီ ဇာတ်ထုတ် ကျုပ်သိပါတယ်။ ကျုပ်စိုးရိမ်တယ်ဆိုတာ တော့်အတွက်”

“ရော်.. မယ်မြနှယ်။ ကျုပ်အတွက် ဘာစိုးရိမ်စရာ ရှိသတုန်း။ ကျုပ်က ဒီမှာနေမဲ့လူဟာကိုပဲ”

“ပြောမရဘူးလေ။ တော်လည်း ကျုပ်နဲ့ ကြိုက်နေတယ်သာဆိုပေမဲ့ လူပျိုဆိုတော့ တော်နေကြာ စိတ်ပါပြီး ညီနဲ့ တူတူလိုက်သွားရင် မခက်ပါလား။ သည်လိုသာဆို ကျုပ်တော့သေလိမ့်မယ်နဲ့တူတယ်တော့်”

“နင့်နှယ်။ နင် အကောင်းကြီးက ဘာဖြစ်လို့ သေရမှာတုန်း။ သေစကား မပြောစမ်းနဲ့ဟာ။ ရင်တုန်တယ်”

“တော့်ကို လွမ်းဖျားလွမ်းနာ ကျလို့ပေါ့တော်။ တော်ကကော ကျုပ်ကိုထားခဲ့ပြီး သွားရက်မလားလို့ သိချင် တယ် တော့်”

“ငါကလည်း အဲလို မောင်တရွာမယ်တမြို့ သွားရက်ပါ့မလား မယ်မြရယ်။ စဉ်းစဉ်းစားစားလည်း ပြောပါဦး။ နင့်ကလည်း အစိုးရိမ်ပိုတတ်ရန်ကော။ နင့်မှာ စဉ်းစားဥာဏ်မှ ရှိသေးရဲ့လားဟင်”

“အိုတော်.. ကိုရင်လိုက်မသွားဘူးဆိုတာတော့ ကျုပ်စိတ်ထဲကသိပါတယ်လေ။ ဒါပေမဲ့ လိုက်များသွားမလား လို့ စိုးရိမ်တာကတော့ စိုးရိမ်တာပေါ့တော်”


(သုံး)
ကိုဘုန်းမြတ်ခေါင် နှင့် မရွှေရုပ်သွင်
“ကိုကို၊ ဆစ်ဒနီကို right time ရောက်လားဟင်၊ ဒီ စင်္ကာပူမှာတော့ သုံးနာရီခွဲပြီး ငါးမိနစ်စွန်းသွားပြီ”
“အင်း .. ကိုကို အခု ဆစ်ဒနီလေဆိပ်မှာ check in လုပ်နေပြီ”
“ဒါဆို ဆောရီးနော် ကိုကို၊ ဖုန်းပြောလို့ အဆင်ပြေပါ့မလားဟင်”
“ဟာ.. ရပါတယ် ရွှေရုပ်ရဲ့ ။ ဖုန်းမချလိုက်ပါနဲ့နော် ရွှေရုပ်၊ ဟဲလို..”
“ဟုတ်ကဲ့၊ ပြောပါကိုကို”
“ကိုကို မေမေ့အိမ်ကို ရောက်တာနဲ့ တခါဖုန်းဆက်လိုက်မယ် သိလား။ ကိုကိုတက်ရမဲ့ Sidney University ကိုတော့ မနက်ဖြန်မှပဲ သွားလိုက်တော့မယ်။ အင်း.. ရွှေရုပ် အတင်းလွှတ်လိုက်လို့သာ လာရတယ်။ ဒီ Master ဘွဲ့ကို စင်္ကာပူကယူလည်းရတာပဲ။ တကယ်တော့ ကိုကိုက ရွှေရုပ်နဲ့ ခွဲပြီးလာချင်တာမဟုတ်ဘူး”
“ရှေ့ရေးအတွက်မို့ပါ ကိုကိုရယ်။ ကိုကိုမှာက အမေကလည်း အဲဒီမှာရှိနေတာဆိုတော့လေ”
“အမေဆိုမှသတိရတယ်။ ဖေဖေ့ကိုတော့ ရွှေရုပ်ပဲ ရန်ကုန်ကိုဖုန်းဆက်ပြီး ကြည့်ပြောပေးလိုက်ပါနော်။ သူက ရွှေရုပ်ကိုတော့ ဆူမှာမဟုတ်ပါဘူး။ ကိုကို မေမေ့ဆီရောက်နေတာသိရင်တော့ သူဆူတော့မှာ။ သူက မေမေ့ ကိုသိပ်ကြည့်ရတာ မဟုတ်ဘူးလေ”
“ဟုတ်ကဲ့ ကိုကို။ ရွှေရုပ် ဒီအပါတ်ထဲ ကြည့်ပြောလိုက်ပါ့မယ်။ ဟင့်..ဟင့်၊ ယောက္ခမကြီးက ရွှေရုပ်ကိုဆို ကြည်ဖြူမှာပါလေ”
“ဟုတ်တယ်။ ဖေဖေက ရွှေရုပ်ကို သမီးအရင်းလို ချစ်တာပါ။ သူတခါက အဲဒါပြောဖူးတယ်။ ဒီကလေးမကို ငါ့သမီးအရင်း ဖြစ်စေချင်လိုက်တာတဲ့။ သူက သမီးငတ်နေတာ ရွှေရုပ်ရဲ့”
“ရွှေရုပ်လည်း ကိုကို့ဖေဖေကို ကိုယ့်အဖေလိုပဲ ချစ်တာပါနော်”
“အင်းပါ..။ ကိုကိုသိပါတယ်။ ကဲ၊ ကိုကို့အလှည့်ရောက်တော့မယ် ရွှေရုပ်။ ဒါဆို.. ဒါပဲနော်။ နောက်မှ ဆက်မယ်။ I Love You!”
“ဟုတ်ကဲ့။ ဘုရား တရား မမေ့ပါနဲ့နော်ကိုကို”
(လေး)
ဦးထင်ကျော် နှင့် Kathy
“ရှင်က မြန်မာပြည်နဲ့ ဗုဒ္ဓဘာသာကို တော်တော်ချစ်တာပဲနော်။ ဒါနဲ့များ မြန်မာမလည်းမဟုတ်၊ အစတုန်း က ဗုဒ္ဓဘာသာဝင် တယောက်လည်း မဟုတ်ခဲ့တဲ့ ကျမကို ဘာဖြစ်လို့များ ရှင်ယူခဲ့လဲဆိုတာ ကျမ စဉ်းစားလို့ မတတ်ဘူးရှင့်”
“ကိုယ် မြန်မာပြည်ကို ချစ်တယ်ဆိုတာက အမှန်တော့ တရားမျှတမှုကို အရမ်းချစ်မိလို့ကွ။ တရားမျှတမှုကို ရင်ထဲက နှစ်နှစ်ကာကာနဲ့ ချစ်တဲ့လူတယောက်ဟာ မတရားမှုတွေနဲ့ချည်း ပြည့်နှက်နေတဲ့ မြန်မာပြည်ကို၊ အဲဒီဒါဏ်ကို နှစ်ရှည်လများ ခံစားနေကြရတဲ့ မြန်မာပြည်သူတွေကို ဂရုဏာမသက်ပဲကို မနေနိုင်ဘူး။ တကယ်က ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ တရားမျှတခြင်းနဲ့ သည်းခံခြင်းတရား နှစ်မျိုးစလုံး ပြိုင် ထွန်းကားရမှာ။ အခုတော့ တရားမျှတခြင်းဆိုတဲ့တရား ပျောက်နေပြီး မြန်မာပြည်ရဲ့ နေရာတိုင်းမှာ သည်းခံခြင်း တရားပဲ ထွန်းကားနေတယ်။ ဒီလိုနဲ့ ကိုယ် မြန်မာပြည်ကို မဖြစ်မနေ ချစ်သွားရတော့တာပါ။ နောက်ပြီး ကိုယ် ဗုဒ္ဓဘာသာကို ချစ်တယ်ဆိုတာကလည်း ကိုယ်က believe in the Law of Nature ဖြစ်လို့ကွ။ believe in the Law of Nature ဖြစ်တဲ့လူတယောက်ဟာလည်း ဗုဒ္ဓဘာသာကိုမချစ်ဘဲကို မနေနိုင်ဘူး။ ဗုဒ္ဓဟာ သူသိထားတဲ့ The Law of Nature ကိုသာဟောကြားခဲ့တာပါ။ ဒါပေမဲ့ တကယ်တော့ ကိုယ်ဟာ ဗုဒ္ဓဘာသာဝင်ကောင်း တယောက်တော့ မဟုတ်ပါဘူးလေ။ ဗုဒ္ဓဘာသာဝင်ကောင်း တယောက်ဆိုရင် ကိုယ် ဒီသံသရာ ကနေ လွတ် မြောက်ကြောင်းတရား ဖြစ်တဲ့ ဘဝနာတရား အားထုတ်တာကို စိတ်ဝင်စားရမှာပေါ့။ အားထုတ်ရမှာပေါ့။ အခု တော့ ကိုယ်က သံသရာကနေ လွတ်မြောက်အောင်လုပ်ဖို့ သိပ်စိတ်အာရုံ မရောက်ဘဲ အကြောင်းကြောင်း ကြောင့် လူဖြစ်လာတုန်းလေး (သူတော်စင်တယောက် အဖြစ်နဲ့မဟုတ်ဘဲ) လူတယောက်အဖြစ်နဲ့ ဘယ်လို အမြင့်မြတ်ဆုံး နေသွားနိုင်မလဲ ဆိုတဲ့ကိစ္စဖက်ပဲ ပိုအာရုံရောက်မိတယ်။ ဒါပေမဲ့ ကိုယ် Law of Karma (Work) ကိုတော့ ယုံကြည်တယ်။ belief in the Creation အတွက်တော့ အခက်အခဲနည်းနည်းရှိတယ်။ ဒီလိုနဲ့ပဲ ကိုယ် ဗုဒ္ဓ ဘာသာဝင် ဖြစ်နေတာပါ”
“ဒါဆို မြန်မာမကို မယူဘဲ အင်္ဂလိပ်မကို ယူတာကျတော့ကော”
“အဟဲ..၊ ဒါကတော့ မြန်မာမကို ယူချင်ပေမဲ့ မရလို့ပါဗျာ။ ဒီတော့ ရရာယူရတာပေါ့။ ပြီးတော့ မြန်မာစကား မှာ “ဖူးစာ” ဆိုတာရှိတယ်ကွ။ မင်းတို့ဆီက “fate” နဲ့အဓိပ္ပါယ်ချင်းဆင်တယ်။ ဒါပေမဲ့ ငါတို့ “ဖူးစာ” က ကောင်းတဲ့အဓိပ္ပါယ်နဲ့။ အင်း .. ဘာနဲ့တူမလဲဆိုတော့ by a lucky twist of fate (in marriage) အဓိပ္ပါယ် မျိုးပေါ့”
“အင်း.. ဒီမြန်မာစကားလုံးကို မှတ်ထားရမယ်။ ဖူး..စာ ဟုတ်လား”
“အေး.. ညည်းနဲ့ ကျုပ်နဲ့ရကြတာက ဖူးစာပါလို့ပဲ ကလေးမရဲ့”
(ငါး)
သူတပါး (သို့သော် တလောကလုံးကိုကားမဟုတ်။ တယောက်တည်းကိုသာ) ကို အကြောင်းအမျိုးမျိုးကြောင့် မိမိ ကိုယ်နှင့်ထပ်တူချစ်မိ သွားခြင်းကို “အချစ်” ဟု ခေါ်သည်ထင်ပါသည်။ ထိုအခါ မိမိ၏ချစ်သူကို အခြားသူ၊ အခြားပုဂ္ဂိုလ်တဦးဟု မထင်မှတ်မိတော့ပဲ မိမိကိုယ်တိုင် (၏ အခြားခန္ဓာ/ အခြားအစိတ်အပိုင်းတခု ) ဟုခံစား လာမိလေတော့သည်။ ဤစိတ်အခြေအနေသည် သူတော်စင်မဟုတ်သော သာမန်ပုထုဇာဉ်ပုဂ္ဂိုလ်တယောက် အဖို့ အခြားတစိမ်း ပုဂ္ဂိုလ်တယောက်အပေါ် မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ အထားနိုင်ဆုံး အခြေအနေ၊ အတ္တအမဲ့ဆုံး စိတ်အခြေအနေဟု ထင်ပါသည်။ ဤ မယုံကြည်နိုင်လောက်အောင် အတ္တမဲ့သည့်အခြေအနေ ကို ဦးညွတ်ဂုဏ်ပြုလို၍ သူတော်စင် မဟုတ်သော ကျနော်က “အချစ်ကို ပဉ္စမမြောက် ဗြဟ္မာစိုရ်တရား” ဟု ခေါ်လိုက်သည်ကို ဘဝနာတရား ရှုပွားလျှက် ဘဝ သံသရာဝဲဩဂကြီးမှ ရုန်းထွက်လွတ်မြောက်နိုင်ရန် ကြိုးစား နေကြကုန်သော သူတော်စင်ပုဂ္ဂိုလ်အပေါင်းတို့သည် ခွင့်လွှတ်ပေးနိုင် ကြပါစေသတည်း။ ကျနော်ကတော့ ဤလမ်းအတိုင်း လိုက်လျှင် နိဗ္ဗာန်သို့ အမြန်ဆုံးရောက်မည်ဟု ရှင်တော်ဗုဒ္ဓ၏ တရားတော်ကို ယုံကြည်လျှက်နှင့်ပင် ရောက်ချိန် တန်တော့ (The Law of Nature အရပင်) ရောက်သွားလိမ့်မပေါ့ဟု မိုက်လုံးကြီးနေမိသူ ဖြစ်လေသည်။ စောစော သွားနိုင်သူတို့သွားကြပါလေကုန်။း)

………………………………………………………………………………………………………………………………………

Monday, April 12, 2010

ဘလော်ဂါလုပ်လိုသည့်အကြောင်းရင်း

ကျနော့်အသက်ကသမ္မတဘားရက်အိုဘားမားတို့၊ကိုမင်းကိုနိုင်တို့ အသက်နီးပါးရှိလေပြီ။ သို့ရာတွင် သူတို့လို ကိုယ့်တိုင်းပြည် ကောင်းရာကောင်းကျိုးကိစ္စများမှာကျနော် ယခုအချိန်ထိဘာတခုမျှမပါဝင်၊ မလုပ်ဆောင်ဖူးသေးချေ။ သူတို့လိုအံ့ချီးဖွယ်ကောင်းစွာ နိုင်ငံတခု၊ လူ့အဖွဲ့အစည်း၏ယဉ်ကျေးမှုတခုကို ဇွဲသန်သန်နှင့်တည်ဆောက်ရသည့်ကိစ္စမျိုးများမှာ တိုက်ရိုက်ပါဝင်လုပ်ဆောင်ဖူး ဖို့မဆိုထားဘိ၊ ကိုယ်နေထိုင် သည့်လူ့အဖွဲအစည်းကို သွယ်ဝိုက်စွာဖြင့်အကျိုးပြုရာရောက်သည့်အလုပ်မျိုးပင်ကျနော်မလုပ်ခဲ့ဖူးသေး။ သည်အတွက်ကျနော့်မှာလောကကိုဆပ်စရာအကြွေးတခုတင်ကျန်နေသေးသလိုအမြဲခံစားရသည်။ တမင်ကြီးကြီးကျယ်ကျယ်ပြောနေတာမဟုတ်ပါ။ ဆိုလိုသည်မှာ ကျနော်ပရဟိတစိတ်ကြီးမားလွန်းလို့ မဟုတ်ဘဲမိမိ၏၏အတ္တစိတ်အရပင် လူဖြစ်လာပြီး တသက်ပတ်လုံးကိုယ့်ထမင်းကိုယ်အလုအယက်၊ အငမ်းမရ ရှာဖွေစားသောက်ရင်းနှင့်သာအချိန်တန်တော့သေသွားရမည်ဆိုလျှင် သိပ်မနိပ်လှဟု ထင်ခြင်းသာ ဖြစ်လေ သည်။ သည်လိုသာဆို အသိဥာဏ်နှင့်ခံစားမှုအဆင့်အတန်းမြင့်တဲ့ “လူ” လာဖြစ်ရတာဘာအဓိပ္ပါယ်ရှိ တော့ သတုန်းဟုတွေးမိကာစိတ်ထဲမှာသိပ်မကျေနပ်မိခြင်း ဖြစ်၏။ ထို့ကြောင့်ဂုဏ်သိက္ခာရှိသောနိုင်ငံသား (သို့မဟုတ်) ဂုဏ်သိက္ခာရှိသော လူသားတဦးကလုပ်လေမည့် လူ့အဖွဲ့အစည်းအတွက် “ကောင်းကျိုးပေး သောအလုပ်” တခုကိုပါဝင်ကာလုပ်ချင်နေမိလေသည်။အခြား သူတွေကိုဆရာကြီးလုပ်လိုသည့်ရည်ရွယ်ရင်းနှင့် မဟုတ်ဘဲ ကျနော်တို့ဘယ်လောက်လုပ်လျှင် ဂုဏ်အသရေရှိသောနိုင်ငံသား (သို့မဟုတ်)ဂုဏ်အသရေရှိ သောလူသားတွေဖြစ်ကြမလဲဟုကိုယ့်ဖာသာစဉ်းစားကြည့်မိသမျှကို နောင်အခါမိတ်ဆွေတို့နှင့်မျှဝေ ဆွေးနွေး ချင်ပါသေးသည်။ သည်နေ့တော့ ကွန်ပြူတာအခြေခံမရှိဘဲ Google အားကိုးနှင့် blog တခုလုပ်ထားသော ကျနော့် အနေဖြင့် ထရံမကပ်ရသေးသောတဲအိမ်လေးတလုံးနှင့်တူနေသည့်ကိုယ့် blog ကိုကိုယ်ကြည့်ပြီး စိတ်အတန်ငယ်ပိန်နေသဖြင့် ခပ်ကြီးကြီကိစ္စတွေမဆွေးနွေးချင်သေးပေ။ နောင်အခါဆွေးနွေးချင်ပါသည်ဟု ပြောထားလိုရင်းသာဖြစ်ပါသည်။ အားလုံးကျနော်နှင့် တသဘောတည်းရှိကြလိမ့်မည်ဟုကား မမျှော်လင့်မိပေ။

ထိုင်းပြည့်တန်ဆာတွေကတောင် နိုင်ငံသားတာဝန်ကျေကြပါပေသည်။

လူတယောက်စွမ်းသလောက်ကိုအခြားသူတယောက်ကထပ်တူစွမ်းလိမ့်မည်မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ၊ လူတယောက်က ကိုယ် လုပ်တတ်သလိုလုပ်လိုက်သောအပြုအမူတရပ်သည် မိမိကထိုသို့ရည်ရွယ်ရင်းမရှိ သည့်တိုင်မိမိနေထိုင်ရာလူ့အဖွဲ့အစည်း (ဝါ)မိမိနိုင်ငံကို တနည်းနည်းဖြင့်သွယ်ဝိုက်စွာ ကောင်းရာ ကောင်းကျိုး ဖြစ်စေပါက ထိုသူသည်နိုင်ငံသားတာဝန်ကျေရာရောက်သည်ဖြစ်ပါမူ ထိုင်းနိုင်ငံကပြည့်တန်ဆာမ တွေပင် နိုင်ငံသားတာဝန်ကျေကြပေသည်ဟု ပြောနိုင်လေသည်။ ကြုံလို့ပြောရဦးမည်။ ကျနော်သည် ဘဝ တကွေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင် (ဇင်းမယ်) မြို့ ညဈေး၌ လမ်းဘေးမှာဗေဒင်ဟောစားဖူးလေသည်။ ကျနော် ဗေဒင်သိပ်တတ်လှတာတော့မဟုတ်။ ဗေဒင်ကိုယုံလှတာလည်းမဟုတ်။ သို့သော်ဝမ်းရေးဖြေရှင်းဖို့ကြုံလာ သောအခါမြန်မာ့ရိုးရာမဟာဘုတ်၊ သုံးတန်ပေါ် နိစ်လောက်တတ်တာလေးနှင့် ဝင်ကြဲရလေသည်။ ကျနော့် ပစ်မှတ်ဖောက်သည်များမှာ နိုင်ငံခြားခရီးသွားများဖြစ်ပါသည်။ (အံမယ်၊ ဝင်ငွေကမဆိုးလှချေ။ ကျနော် ပထမ နေ့တွင် လူအသွားအလာများသောလမ်းဘေးမှာထိုင်ခုံလေး၂လုံးချပြီး၊ မိမိ လည်ပင်းမှာ Mr. Fortune teller; Charge of Service: Up to You! ဟူသော စာတမ်းချိတ်လျက်ထိုင်နေလိုက်ရာ အမျိုးသမီး ၂ဦးအပျော်တမ်း ဝင်မေးကြသဖြင့် ( တယောက်ဘတ်၂၀၀ စီ) ဘတ် ၄၀၀ ရရှိလေသည်။ ဒုတိယနေ့ တွင် ဘတ် ၈၀၀ နှင့် တနေ့သ၌ ဟောစာတမ်းတခုရေးပေးရသဖြင့် အများဆုံးဘတ် ၂၀၀၀ ထိရဖူးလေသည်။ ၂လခန့်ဟောပြီး နောက်မိုးရာသီကျလာ၍ ဆက်မဟောဖြစ်တော့ပေ။) ထိုစဉ်ကနိုင်ငံခြားခရီးသွားတွေက နေ့စားပုတ်ပြတ်နှင့် ငှားထားပုံရသော ထိုင်းပြည့်တန်ဆာမတွေကို မျက်စိရှေ့မှာ အမြဲတစေမြင်နေခဲ့ရလေသည်။ တရက် သူမတို့ အကြောင်းကျနော်တွေးနေခဲ့မိတာကိုမှတ်မိနေပါသေးသည်။ “အင်း. Thai tourism industry ကြီးထွားလာတာ မယ်မင်းတို့ကြောင့်လည်းပါပါတယ်ကွယ့်..။ တကယ်တော့မယ်မင်းတို့ဟာထိုင်း နိုင်ငံခရီးသွားလုပ်ငန်းရဲ့ အလုပ်သမတွေဖြစ်တော့သကိုး။ မယ်မင်းတို့ဟာ နိုင်ငံခြားခရီးသွားတွေဆီကဒေါ်လာချူစားရင်းထိုင်းနိုင်ငံ ရဲ့ နိုင်ငံခြားဝင်ငွေကိုတဖက်တလမ်းကရှာပေးနေကြတာပါကလား” ဟူ၍ဖြစ်ပါသည်။ ထိုစဉ်ကစ၍ သူမတို့ တတွေကိုအကျင့်တန် ပေါ့သွမ်းသောလူ့အလွှာတရပ်ဟုထင်နေကျဥာဉ်ပျောက်သွားပြီး၊ သူတို့လည်း အကြောင်းကြောင်းကြောင့်အဲသည်လို ဝမ်းစာရှာမှီးနေ ရသည့် manual labor တမျိုးပေတကားဟုမြင်လာ မိပါသည်။

ဤသို့ဆိုသဖြင့် အဲသည်အလုပ်, လုပ်ကောင်းသည်ဟုမဆိုလိုပါ။ ကိုယ်ကျင့်သိက္ခာကိစ္စအသာထားဦး။ ကျန်းမာရေးရှုထောင့် ကကြည့်လျှင်ပင် အဲသည်အလုပ်က ရတာနှင့်မတန်အောင်ပင် risk (အန္တရာယ်စွန့်စား ရမှု) ကြီးမားလွန်းလှပါသည်။နောက်ပြီး မိန်းကလေးတယောက်အဖို့ သူမ၏ virginity နှင့် sex ကိုသူမ ရင်ခုန်မြတ်နိုးသောချစ်သူအတွက်သာ သီးသန့် ချန်လှပ်ထားသင့်တာဟု ကျနော်ယုံကြည်ပါသည်။ (ထို့ကြောင့် မိန်းကလေးတယောက် သူမ၏ချစ်သူကိုချစ်ရှာလွန်း၍ချစ်သူနှင့်လွန်လွန် ကျူးကျူးမှောက်မှား မိကြလျှင်ပင် ကျနော်အပြစ်မတင်ရက်ပါ။ ကိုယ့်ချစ်သူကိုချစ်၍အလိုလိုက်မိသောကိစ္စသည် လှသောကိစ္စသာ ဖြစ်ပါသည်။ ယောက်ျားတကာကို sex နှင့်မြှူဆွယ်ဖြားယောင်းနေလျှင်သာ အပြစ်မြင်မိပါသည်။) ကျနော့် စကားဘေးချော်သွားပြီ။ စကားပလ္လင်ခံခဲ့သည်ကိုပြန်ချုပ်ရလျှင် ကျနော်ကား ကျနော့်ကြောင့်လူ့အဖွဲ့အစည်း တခု တိုးတက်ရာကြီးပွားကြောင်းဖြစ်အောင် သူမတို့လောက်ပင်မစွမ်းဆောင်နိုင်သေးဟု ဝန်ခံလိုရင်းသာ။

ဒါဖြင့်ကျနော်ဘာများလုပ်နိုင်မလဲ။

ကျနော်သည်ပညာကြီးလှသူ ( scholar ) တယောက်မဟုတ်။ သတ္တိကြီးလှသူတယောက်လည်းမဟုတ်။ မိမိယုံကြည်ရာအတွက် (ဥပမာ၊ ကိုမင်းကိုနိုင်တို့လို) အနစ်နာခံနိုင်စွမ်းအားကြီးသူတယောက်လည်းမဟုတ်။ ဒါဖြင့်ငါ့မှာ ဂုဏ်အသရေရှိလူသားတယောက် နှင့်တူသည့်အရာဘယ်အရာများအားကောင်းသန်မာစွာ ရှိပါလိမ့်ဟုကိုယ့်အတ္တထဲမှာရှာကြည့်မိရာ လူအစစ်နှင့်တူသည်ဟုထင်ရသော လူ့ဗီဇစိတ် တခုနှစ်ခုလောက် ကိုတော့ဖြင့် ရှာတွေ့မိပါသည်။ ( မိတ်ဆွေတို့လည်းရှာကြည့်ကြပါလေ။ ခင်ဗျားတို့မှာ တော့ လေး၊ ငါး၊ ဆယ်ခုလောက်ထိလည်းရှိနေနိုင်သည်ပင်။) တစ်။ ကျနော်သည် တရားမျှတမှုမရှိသောတိုင်းပြည်တခုတွင် အကြာကြီးနေရဖူးသဖြင့် တရားမျှတမှုကိုအလွန်မွတ်သိပ်လေသည်။ ကိစ္စမှန်သမျှကိုအနည်းငယ်အစွန်းရောက် စွာပင် မျှမျှတတရှိစေချင်လှ၏။ ဤနေရာတွင် တရားမျှတမှုကိုချစ်ခြင်းသည် တရားရှိခြင်း(သူတော်စင်ဆန်ခြင်း)နှင့်မတူသည်ကိုပြောချင်ပါသည်။ ကျနော်သည် လူ့အဖွဲ့အစည်း တခုအပေါ် ဗိုလ်ကျစိုးမိုး ဆိုးသွမ်းနေသူ တယောက် (ဥပမာ၊ ကျွန်ုပ်တို့၏ခေါင်းဆောင်ကြီးသန်းရွှေ) ကိုအမြန်ဆုံးသေစေချင်လေသည်။ တရားမျှတ သွားအောင်လို့ထိုလူဆိုးသွမ်းတို့တို့ကို ရိုက်သတ်ပစ်လျှင်ပင်တရားသည်ဟုထင်တတ်လေသည်။ တရားရှိသူ( သူတော်စင် )တဦးဆိုလျှင်ကျနော့်ကဲ့သို့မတွေးမိတန်ရာ။ မကြာသေးမီကဘာသာရေးလိုက်စားသော ကျနော့်၏တူမအရွယ်မိန်းကလေး မိတ်ဆွေတယောက်ကကျနော့်ကို “ဦးကိုစိတ်ငြိမ်းချမ်းမှုရအောင် တရားထိုင် စေချင်ပါတယ်” ဟုအကြံပေးဖူး၏။ ကျနော်လည်း သူမ ကို ကျနော့်ထက်ငယ်သော်လည်းလေးစားသဖြင့် တရားတကယ်ထိုင်ကြည့်ပါ၏။ သို့ရာတွင် “လူတွေကိုနှိပ်စက်ထားရင်ပြန်အနှိပ်စက် ခံရတာဟာတရားတယ်” ဟူသော an eye for an eye တရားကသာကျနော့်နှလုံးသားကိုယခုအချိန်ထိ စိုးမိုးထားနိုင်ဆဲဖြစ်ပေသည်။ ထို့ကြောင့်ကျနော်သည်မတရားသည့်ကိစ္စတြွေကားရလျှင်အလွန်အော့နှလုံးနာ၏။ တကယ်တော့ကျနော်တို့ တိုင်းပြည်သာ တရားမျှမျှတတနှင့် နေသားတကျဖြစ်နေလျှင်ကျနော် နိုင်ငံ့အရေး(နိုင်ငံရေး) ကိုခုလောက် စိတ်ဝင်စားမိမည်မဟုတ်ပေ။ ယခုတော့ ကျနော်တို့တိုင်းပြည်မှာ အားလုံးသိကြသည့်အတိုင်းမတရားမှုမှန်သမျှ ဒိုင်ခံဖြစ်ပွားနေသောနေရာတခုဖြစ်ရကား တရားရချင်သည့် ပုဂ္ဂိုလ်ပင်တရားရဖို့ခဲယဉ်းနေလေသည်။ (သည်မတရားမှုတွေကိုပစ်ထားပြီးဘယ်လို လူ့နှလုံးသားမျိုးနဲ့ တရားအေးအေးဆေးဆေး ထိုင်နေနိုင်ပါ့မလဲ ကွယ်။)

ဤနေရာတွင်ကျနော်ကောက်ချက်တခုချကြည့်ချင်ပါသည်။ လူ့ဂုဏ်အသရေနှင့်ပြည့်စုံသောလူတွေမှာတော့ မတရားမှုကိုရွံမုန်းသော၊ ကောက်နေတာတွေကိုဖြောင့်ပေးချင်သောလူ့ဗီဇစိတ်တခုရှိ ဟန်တူ၏။ အပြန် အလှန်အားဖြင့် ထိုလူ့ဗီဇစိတ်ရှိသောသူသည်လူ့ဂုဏ်အသ ရေနှင့်ပြည့်စုံသောသူဖြစ်၏။ တဖန် မိမိတဝမ်း တခါးအတွက်ကြီးနိုင်ငယ်ညှဉ်းလုပ်လိုသောစိတ်ကားတိရစ္ဆာန်စိတ်ဖြစ်၏။ ထို့ကြောင့် ထိုစိတ်နှင့်သာပြည့်စုံသ သောသူတို့ကားတိရစ္ဆာန်များဖြစ်ကြ၏ ဟူ၍ဖြစ်ပါသည်။ ဆိုလိုချင်သည်မှာကျနော့်မှာလူစိတ်တော့ရှိပုံရလေ သည်။ လူစိတ်ရှိလို့သာလျှင်လူတွေတိရစ္ဆာန်ရှိသူတစု၏ညှဉ်းပန်းနှိပ်စက်ခံနေရခြင်းကို မခံမရပ်နိုင်ဖြစ်နေခြင်း ဖြစ်ဟန်တူလေသည်။ သို့ဆိုလျင် တယောက်တည်းမခံမရပ်နိုင်ဖြစ်နေမည့်အစား တိုင်းပြည်တခုအတွင်းမှာ ကောက်နေတာတွေကိုဖြောင့်သွားအောင် မိမိ တနိုင်ဘာတွေလုပ်ကြမလဲလို့ပွားနေရသော်မကောင်းလော ဟုအကြံပေါက်မိပါသည်။ သည်လို ပွားနိုင်ဖို့ဆိုလျှင် blog တခု လောက်လိုအပ်ပေသည်။ ကျနော်လည်း အသက်ကြီးမှ ကွန်ပြူတာစသုံးဖူးသဖြင့် အဲသည်ဖက်မှာညဏ်နုံလှချေသည်။ မည်သို့ပင် ဖြစ်စေ ယခု မတတ် တတတ်နှင့် (ဆရာမပါမိမိကိုယ်တိုင်သာလျင်) blog တခုတော့စီရင်ပြီးလေပြီ။ တကယ်တော့ကျနော့်၏ ကျန်ရှိနေသေးသောဘဝအတွက်ရည်မှန်းချက်မှာ တနေ့နေ့တချိနချိန်တွင် မြန်မာနိုင်ငံ၌ “လွတ်လပ်သော သတင်းစာ” တစောင် လုပ်ချင်တာသာဖြစ်လေသည်။ သတင်းစာတစောင်သည် ကောက်နေတာတွေကို အမြန် ဆုံးဖြောင့်ပေးနိုင်သောက tool တလက်ဖြစ်သည်ဟုထင်ပါသည်။ ဥပမာ။ ထောက်လှမ်းရေးက ဖမ်းဆီးထား သူတဦးညှဉ်းပန်းနှိပ်စက်ခံရရင်း သေဆုံးသွားသည် ဆိုပါစို့။ ဝန်ကြီးတဦး လာဘ်စားကြမ်း နေသည်ဆိုပါစို့။ သတင်းစာတစောင်က နိုင်ငံတဝန်းနှင့် ကမ္ဘာတဝန်း ကို ချက်ချင်းအချိန်နှင့် တပြေးညီ အသိပေးကာ နောင်သည်လိုမတရားသဖြင့်မလုပ်ရဲကြအောင်ကာကွယ်နိုင်၊ ကောက်နေတာကို ဖြောင့်ပေးနိုင် ပေသည်။ အဲသည်အတွေးနှင့်ပင်ကျနော်ယခု စာနယ်ဇင်းပညာ(journalism) လည်းသင်ယူနေလျက်ရှိပါသည်။ ကျနော် နိုင်ငံ့အတွက် ဘာမျှ အကျိုးမပြုဖူးသောကြောင့် တနေ့အခွင့်အလမ်းပေါ်လာလျှင် အကျိုးပြုလို သောကြောင့်တည်း။ နှစ်။ နောက်ထပ် ကျနော့်မှာလူလိုသူလိုရှိသည်ဟုမိမိကိုယ်မိမိထင်မိသောဗီဇစိတ်တခုမှာ ကောင်းခြင်း၊မွန်မြတ်ခြင်းတို့ကို လူတိုင်း အားကိုယ်စီကိုယ်စီရရှိ၊ခံစား၊ပိုင်ဆိုင်နိုင်ကြစေလိုခြင်းဖြစ်၏။ ကျနော်ကဘိလ်ဂိတ်လောက်ချမ်းသာနေလျှင်လည်း ကျနော့်ပတ်ဝန်း ကျင်ကလူအများစုမှာ ရေမလာ၊ မီးမလာ၊ ကလေးတွေကိုကျောင်းမထားနိုင်ဖြစ်နေကြလျှင်ကျနော်စိတ်ချမ်းသာမိမည်မဟုတ်ပေ။ မိမိ သာမက လူတွေ အားလုံးကိုလူလိုသူလိုကျက်သရေရှိနေစေချင်လှ၏။ လူ့အသိဥာဏ်၊ လူ့ဂုဏ်သိက္ခာ၊ လူ့မျှော်လင့်ချက်၊ လူ့အကြင်နာ တရားတို့ဖြင့်ပြည့်စုံနေစေချင်၏။ မြန်မာတနိုင်ငံလုံးကိုပြောင်းလဲပစ်ဖို့တော့ကျနော်မည်သို့မျှ တတ်နိုင်လိမ့်မည်မဟုတ်ပေ။သို့ရာတွင် “ဘယ်လိုအကျင့်ကအကောင်းလဲ၊ ဘယ်လိုစိတ်ထားမျိုးကမွန်မြတ် တာလဲ” စသည်ဖြင့်ဆွေးနွေးပြောဆိုနေတာကလည်း လောလော ဆယ် ကိုယ်နိုင်သရွေ့ကိုယ့်လူ့အဖွဲ့အစည်း ကောင်းရာကောင်းကျိုးအတွက်သယ်ပိုးတာပဲလေဟုတွေးမိပြီးသကာလ ဟိုဟာဒီဟာကောင်းရာ ကောင်းကြောင်းလေးတွေကို အသိအမြင်ချင်းဖလှယ်နိုင်ကြရအောင် သည် blog စာမျက်နှာကိုဖွင့်လှစ် ရခြင်း ဖြစ်ပါကြောင်း။

သည်ကနေ့တော့သည်လောက်ပဲ။ နောက်မှပွားကြသေးတာပေါဗျာ။

ရွှင်လန်းချမ်းမြေ့ကြပါစေ။