Showing posts with label အမေနေ့ အမှတ်တရစာ.. Show all posts
Showing posts with label အမေနေ့ အမှတ်တရစာ.. Show all posts

Saturday, May 7, 2011

ငါ့ကိုမွေးခဲ့သော မိန်းမ ( သို့မဟုတ် ) Ugly Truth

"နင်တို့ကို ဘယ်လိုမွေးလာခဲ့ရတယ် သိလား.."
"အမေ.. အဲဒါတွေကို နောက်မှပြောပါ ...
အခု လောလောဆယ် ကျနော့်ကို ဆန်နို့ဆီဗူး လေးလုံးလောက် ချေးပါ..
အငယ်မ ဗိုက်ဆာပြီး ငိုနေလို့.."
"အို.. မချေးနိုင်ပါဘူး။ နင်တို့ ခြေအကောင်း လက်အကောင်းနဲ့ ငတ်နေတာကိုများ"
တခါတုန်းက အမေက ဆန်လာချေးတဲ့အကိုကို အဲသလို နှင်လွှတ်ဖူးတယ်။

အဲဒီတုန်းက ငါ စိတ်မကောင်းဘူး။
အကို ဆန်မရသွားတာထက်
အမေ့ကို ဦးထိပ် ပန်ဆင် လှိုက်လှဲ ညွတ်တွား မကြည်ညိုရလို့..။

သုတေသန လုပ်ကြည့်ကြဖို့ကောင်းတယ်။
ကျွဲမကြီးဟာ သူမရဲ့ ကျွဲသားလေးပေါက်စကို
ဘယ်အချိန်မှာ မိခင်စိတ် ပြယ်သွားသလဲဆိုတာ..။

ဩော်.. လူတွေဟာလည်း သတ္တဝါတမျိုးပေပဲလေ..
ငါတို့ နို့စို့အရွယ်၊ စကားတီတီတာတာ ပြောတတ်စအရွယ်ကရခဲ့တဲ့ မိခင်မေတ္တာမျိုး (အတိအကျ) ကို
အသက်သုံးဆယ်အရွယ်မှာ ဘယ်အမေ့ဆီက ရနိုင်ပါတော့မလဲ။

အဲဒီချိန်မှာ ကျနော့်အမေကတော့ မေတ္တာပေးသူထက် မေတ္တာတောင်းသူ ဖြစ်ခဲ့ပြီ..
သူမကို ပေးနိုင်ကမ်းနိုင်တဲ့ သားသမီးမည်သူမဆိုကို သည်းသည်းလှုပ် ချစ်ရဲ့.. အကောင်းပြောရဲ့..
သူမထံ ဆန်လာချေးတဲ့ သားသမီးမည်သူမဆိုကို မှိုချိုးမျှစ်ချိုးပြောရဲ့.. အတင်းပြောရဲ့ ..

ဩော်.. အမေရယ်..
လောကအလယ် ကျန်ရစ်ခဲ့မဲ့ သားသမီးတွေကို
"လူမှာ ငွေမရှိရင် မိဘကတောင် မချစ်ဘူးကွ" ဆိုတဲ့ ugly truth ကို
လက်တွေ့သင်ကြားပြသခဲ့လေရော့သလား..။

ဘယ်လိုပဲဖြစ်ဖြစ်
လူတယောက် ချမ်းသာ၊ အောင်မြင်ရင် မနာလိုတိုရှည် ဖြစ်ကြတဲ့အထဲ
တကမ္ဘာလုံးက ဘယ်အမေမှ မပါတာကတော့ သေချာတယ်။
သားသမီးတွေကို ချမ်းသာပြီး မဆင်းရဲစေချင်တဲ့အထဲ
တကမ္ဘာလုံးက အမေတိုင်းပါတာကတော့ သေချာတယ်။

တကယ်တော့
အဲဒါလေးနဲ့တင် ငါ့ကိုမွေးခဲ့တဲ့မိန်းမကို
"အမေ" လို့ ကြည်ကြည်ညိုညို ခေါ်ဖို့ ထိုက်တန်သွားပါပြီ..။
ခုများတော့ အမေနေ့မှာ သူများတကာကို အားကျပြီး
ပဲများကြည့်ဖို့တောင် မဖြစ်နိုင်တော့ဘူးပေါ့ အမေရယ်..။

( ၁၆/ ၁၀/ ၂၀၁၀ ရက်နေ့က ကွယ်လွန်သွားရှာပြီဖြစ်သော အမေသို့.. )