အသေးစိတ်ပြောပြ နေလျှင် ပေရှည်မည်မို့ အတိုချုံ့၍ ပြောပြရလျှင် ထိုသို့ "ဖွန်ကြောင်" ကောင်းမိသောကြောင့် ကျနော်တို့ရုံးက မိန်းကလေးတယောက်၏ မွေးနေ့မှာ မွေးနေ့လက်ဆောင်ကလေး တခုပေးဖို့ ကြိုးစားမိရင်း ပြဿနာတက်၍ ကျနော် ထောင်တနှစ်ကျပြီး အလုပ်ပြုတ်လေ၏။ ( ဤသည်ကို အမျိုးသမီး မိတ်ဆွေ တယောက်ကတော့ ကျနော် aggressive ဖြစ်လို့ ဖြစ်ရမည်ဟု မှတ်ချက်ပေးပါသည်း) မှန်နိုင်ပါသည်။ ထိုမျှမက ကျနော်က demanding လည်း အလွန် ဖြစ်သည်ကို ဘာသာသိပါသည်။ သို့သော် ဤနေရာတွင် မိန်းမဝါဒီတွေ သတိမမူမိကြသော အချက်တရပ်ကို ထောက်ပြချင်ပါသည်။ ကျနော်တို့၏နှမ မြန်မာအမျိုး သမီးကလေးတွေမှာ ယခုအခါ ကျနော်တို့ယောက်ျားတွေနှင့် တန်းတူ ရင်ဘောင်တန်း လာနိုင်ကြပြီ ဖြစ်၍ ယောက်ျားတွေနှင့် တန်းတူအခွင့်အရေး လိုချင်၊ ရှိချင် ရှာကြမည်ကို နားလည်ပါ၏။ ဤသို့ ကျား/မ တန်းတူဖြစ်ရမည်ဟု ဆိုခြင်းကြောင့် ၁၉ ရာစုလောက်တုန်းက မိန်းမတွေရခဲ့ကြသည့် "အားနွဲ့သူ" တွေမို့ "Lady First" ဆိုသည့် အပိုဆောင်းအခွင့်အရေးကိုတော့ ခုခေတ် တန်းတူအခွင့်အရေး ရကြသည့် (မည့်) မိန်းမတွေ သိပ် မတောင်းဆိုထိုက်တော့ချေ။ ( မိန်းမတွေသည် ယောက်ျားတွေထက် အားနွဲ့သည်မှန်လျှင် ယောက်ျားနှင့်တန်းမတူ၊ ယောက်ျားတွေထက် တနည်းနည်းနိမ့်ပါးသည်ဟု အဓိပ္ပါယ်ထွက်လေသည်။ ) သို့ရာတွင် ကျနော်တို့၏ နှမ မြန်မာအမျိုးသမီးများကား ကျား/မ တန်းတူ ဖြစ်လိုရင်းပင် "အားနွဲ့သူ" ဆိုသည့် certificate ကိုလည်း အပိုဆောင်း ကိုင်ထားလိုကြသေး၏။ ကျနော် ဖွန်ကြောင်ခဲ့သော မိန်းကလေးမှာလည်း "ရုံးသူရုံးသားတွေရှေ့ လက်ဆောင်ပေးဝံ့လျှင် လက်ခံပါမည်" ဟုဆိုပြီးမှ ကျနော်တကယ် ရုံးသူရုံးသားတွေရှေ့ သူမကို မွေးနေ့လက်ဆောင် ( ယဉ်ကျေးစွာ ) ပေးသောအခါ လက်ဆောင်ကို လွှင့်ပစ်ပြီး "ဒီလူကြီး ကျမကို လိုက်လံ နှောက်ယှက်နေပါသည်" ဟုအထက်လူကြီး ကို သွားရောက်တိုင်တန်းရှာလေသည်။ ထိုအခါ အထက်လူကြီးက "နောက်တကြိမ် ဤကဲ့သို့ နှောက်ယှက်လျှင် (မွေးနေ့လက်ဆောင်ပေးတာ နှောက်ယှက်တာ တဲ့လား ) အလုပ်မှ ထုတ်ပယ်သည်အထိ အရေးယူခံရမည်ကို သိရှိပါကြောင်း" ကျနော့်ကို ဝန်ခံကတိ လက်မှတ် ရေးထိုးခိုင်း၏။ ဤတွင်ကျနော်လည်း ရှက်ရမ်းရမ်း ပြီး ရုံးထဲမှာ ပေါက်ကွဲသောင်းကျန်းမိ၏။ သည်လိုနှင့် ဆဲဆိုမှု၊ ခြိမ်းခြောက်မှု၊ လက်ရောက်မှု သုံးမှုကို သီးခြားစီ ပြစ်ဒါဏ်ချမှတ်၍ ပေါင်းလိုက်သောအခါ ထောင် တနှစ်ကျလေသည်။ ( ယောက်ျားချင်း ရန်ဖြစ်ကြတာဆိုလျှင် အချုပ်ခန်းထဲ တညလောက်သာ သွားအိပ်ရမည့် အမှုမျိုးတည်း။ ခုတော့ သူတို့က "အားနွဲ့သူ" တွေပေမို့ ကိုယ့်ကိုပေးသည့် မွေးနေ့လက်ဆောင်ကို ပေးသူရှေ့ လွှင့်ပစ်လျှင်လည်း မရိုင်းပြလေ။ လက်ဆောင်ပေးသူကသာ ထောင်ကျရချေသည်တမုံ့..း)
သည်လိုနှင့် နောက်ဘဝတကွေ့မှာကျတော့ ကျနော် ဆရာကြီးမင်းသိင်္ခ နှင့် ဆရာရန်အောင်ဟိန်း ( B. Sc) တို့ထံတွင် ဗေဒင်သင်တန်း အနည်းငယ်တက်ပြီး ရန်ကုန် ဆင်ခြေဖုံး တနေရာမှာ ဗေဒင်ဆရာကလေး ဖြစ်နေလေတော့သည်။ ဗေဒင်မှာ ဖိန့်လုံး၊ လှိမ့်လုံးကလေးတွေရှိရာ ကျနော်က အဲဒါတွေ သိပ်မလုပ်တတ် လှသည်နှင့် ဗေဒင်ဆရာအဖြစ်ဖြင့် မအောင်မြင်ပါ။ ( ကျနော်လည်း ဗေဒင်သင်တန်းတွေတက်ပြီးတော့မှ ဗေဒင်ကို အတော် အယုံအကြည်နည်းပါး သွားတော့၏။ ဥပမာ၊ မြန်မာသုံးတန်ပေါ်နိစ်ဗေဒင် အလိုအရ တကမ္ဘာလုံးမှာ အခြေခံအားဖြင့် လူ (၈)မျိုးသာ ရှိသတည်း။ ) သည်လိုဆို ရုပ်ရှင်ဇာတ်ညွှန်းရေး စားမည်ဟုဆိုကာ ရုပ်ရှင်မင်းသားတယောက်အိမ်သို့ ရောက်သွားပြန်လေသည်။ အောင်မယ်.. အဲသည်ကို ရောက်ပြီး နှစ်ရက်လောက်အကြာမှာ ရှုတင်မန်နေဂျာ တန်းဖြစ်လေ၏။ ( ကျနော် တော်လို့မဟုတ်ဘဲ ရှုတင်မန်နေဂျာ အဟောင်းက ရှုတင်ထမင်းကျွေးရသူ ( ၂၅ ) ဦးလောက်ရှိတာကို ( ၃၀ ) ဦး ဟုစရိတ်ပိုတင် တတ်သောကြောင့်သာ ကျနော့်ကို ပြောင်းခန့် ကြည့်တာ ဖြစ်ပါသည်။ ) ဤသို့ဖြင့် ထိုမင်းသားနှင့် နဝရတ်၊ အိန္ဒြာကျော်ဇင်၊ ဆုရွှန်းလဲ့ တို့နှင့်ရိုက်ကူးသည့် ဗီဒီယို သုံးလေးခွေလောက် တွင် "ရိုက်ကွင်းတာဝန်ခံ" ( ရှုတင်မန်နေဂျာ ) နေရာ၌ ကျနော့်နာမည် ပါဖူးလေသည်။ ကျနော်အဲသည်မှာ ဇာတ်ညွှန်းရေးနည်း အခြေခံ သဘောသဘာဝလောက် ကို နားလည်ခဲ့ပါသည်။ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာ၊ မင်းသား၊ မင်းသမီးတို့နှင့် အဆင်ပြေပါသည်။ ဒါပေမဲ့ မင်းသား၏မိခင်ဖြစ်သူမှာ မြန်မာရုပ်ရှင်ဇာတ်ကား များထဲက သူဌေးမတို့၏ဟန်ပန်အတိုင်း အတော်ကြီးကို မောက်မာရိုင်းပြလှလေရာ sensitive ဖြစ်လွယ်သည့်ဓါတ်ခံရှိသော ကျနော် အဲသည်မှာ မပျော်ပိုက်မိပေ။ သည်လိုနှင့် အဲသည်အလုပ်က ထွက်လာခဲ့ပါသည်။ ကဲ.. အခု ဘာလုပ်မည်နည်း။ ထိုင်းနိုင်ငံသွားပြီး refugee အဖြစ် ခံယူမည်၊ ဖြစ်နိုင်လျှင် အမေရိကသို့သွားမည်၊ အဲသည်နိုင်ငံမှာ liberal journalism ကို လေ့လာသင်ယူပြီး အခွင့်သာသည့်တနေ့ မြန်မာပြည်ပြန်လာမည် ဟူသောအဖြေရ၏။
ဤနေရာတွင် ဝန်ခံရဦးမည်။ ကျနော်သည် မြန်မာပြည် ဒုတိယလွတ်လပ်ရေးလှုပ်ရှားမှု နိုင်ငံရေး ဖြစ်စဉ်ကြီးထဲတွင် ဘယ်တုန်းကမျှ၊ ဘယ်ထောင့်၊ ဘယ်နေရာ ကမှ ကိုယ်ထိလက်ရောက် မပါဝင်ခဲ့ဖူးသူသာ ဖြစ်ပါသည်။ အနစ်နာကျတော့ မခံဖူးဘဲ ဤနိုင်ငံသို့ ရောက်လာချင်သည့် အဓိကအကြောင်းရှိပါသည်။ ကျနော်က ဂျာနယ်ကျော်မမလေး၏ "သူလိုလူ" ကို အသက်နှစ်ဆယ်ကျော် အရွယ်လောက်ကပင် ရင်သို့တိုးဝှေ့သွားသည်အထိ စွဲလန်း နှစ်သက်ခဲ့ဖူးလေရာ သတင်းစာ သမားအစစ်တို့သည် ပြည့်ဝန်ကို ထမ်းသသောသူဟု ယုံကြည်၏။ အကျင့်ပျက် ခြစားနေသော လူ့အဖွဲ့အစည်းတခုကို သတင်းစာဖြင့် တည့်မတ်ပေးနိုင်သည်ဟု ယုံကြည်၏။ ကျနော်တို့နိုင်ငံမှာ အကျင့် ( morality ) နှင့် တန်ဖိုးထားမှုတွေ ( values ) ပြင်ရမှာ တပုံကြီးရှိလေရာ တနေ့ ဂျာနယ်ကျော်ဦးချစ်မောင်တို့လို ရိုးသား အမြော်အမြင်ကြီးသော သတင်းစာသမား တယောက် ဖြစ်ချင်၏။ လူထုဦးလှ - လူထုဒေါ်အမာတို့ဇနီးမောင်နှံကို အားကျ၏။ သို့ဖြစ်၍ သတင်းစာပညာ ( journalism ) ကို ခြေခြေမြစ်မြစ် တတ်မြောက်ချင်၏။ liberal journalism ကိုအစစ်မှန်ဆုံး လေ့လာဆည်းပူးနိုင်မည့်နေရာသည် U.S ဖြစ်မည်ဟုလည်းထင်မိ၏။ တတ်မြောက်ပြီးသော် မြန်မာပြည်ကိုပြန်ပြီး သတင်းစာ(အစစ်) တစောင် ထုတ်ဝေချင်၏။ ထိုသို့ဖြစ်ရဖို့အတွက် ဒုက္ခသည်ဘောင်ဝင်အောင် နည်းနည်းပါးပါး လိမ်ရလျှင်လည်း မိမိအလွန်မဟုတ်၊ ကိုယ်ကျင့်တရားပျက်ယွင်းမှု မဟုတ်ဟု ယူဆလေသည်။ မြန်မာနိုင်ငံသား ဖြစ်နေတာတခုတည်းနှင့်ပင် ဒုက္ခသည်လက္ခဏာ အချို့နှင့် ညီညွတ်ပြီး ဖြစ်သည်ဟု ယူဆ၏။ ဤသို့နှင့် ထိုင်းနိုင်ငံမှာ ဇာတ်ညွှန်းတခုရေးပြီး "အာချလောင်း" လုပ်လိုက်ရာ ( လေးနှစ်ခန့်တော့ ကြာပါသည် ) "ဩော် .. ငါသည်ကား U.S ရောက်နေတော့သကိုး" ဆိုသည်ကို တွေ့ရလေ၏။ စင်စစ် သတင်းစာတစောင် ထုတ်ဝေဖို့ဆိုသောကိစ္စသည် အရင်းအနှီး ကြီးမား လှသည်ဖြစ်၍ မီလျံနာမဟုတ်သော ကျနော့်အဖို့ ကောင်းကင်လောက် မြင့်မားဝေးလံလှသေးသော ကိစ္စဖြစ်ပါသည်။ သို့သော် ထိုကောင်းကင်သည် ကျနော် နေ့တိုင်း မော့ကြည့် ဖြစ်သော ကောင်းကင် ဖြစ်လေ၏။ ( laptop တလုံးလောက်နှင့် တဲကုတ်ကလေး တခုထဲကနေ citizen journalism ကို online version နှင့် စတင်မည်။ ကဲ.. ဘာဖြစ်သေးသနည်း။ )
ဤကျောင်းဝင်ခွင့် ငြင်းပယ်စာကို ရပြီးနောက် မရှေးမနှောင်းတွင် မည်သူကမျှ မိမိကိုတမင်မနှိပ်စက်ပါဘဲနှင့် မိမိဖာသာမိမိ နာကျင်နေသော ကိုယ်ရေးကိုယ်တာ ကိစ္စတရပ်ကြောင့် အရက်တပြားလောက် စသောက်မိရာက တဖြည်းဖြည်း ရက်သတ္တနှစ်ပါတ်လောက် ကိုယ့်ကိုကိုယ် ထိန်းသိမ်းနိုင်မှုကင်းမဲ့စွာ စိတ်လွတ်ကိုယ် လွတ် အရက်စွဲတတ်သော ရောဂါဟောင်းသည် ပြန်၍ ပေါ်လာလေတော့၏။ မိမိတက်နေသည့် ကျောင်းဖက်သို့ နေ့စဉ်သွားပါ၏။ သို့ရာတွင် ကျောင်းရောက်ခါနီး ၌ မနက် ၆ နာရီလောက်ကတည်းက စရောင်းသော ဘားဆိုင်ရှိသည့် မှတ်တိုင်တခုမှာဆင်းကာ မောနင်းပက်ဆိုပြီးတခွက်တဖလား ဝင်မော့မိရာ မနက်စောစော စီးစီး အရက်နံ့ တထောင်းထောင်းဖြင့် ကျောင်းမသွားလိုတော့သည်နှင့် စာရင်းချုပ်သော် တပါတ်လုံး ကျောင်းပျက်လေသည်။ ဤရက်ပိုင်းအတွင်း အရေးကြီးသည့် လပါတ်စာမေးပွဲ နှစ်ခုလောက်လည်း လွတ်သွား၏။ ဆရာဆရာမတွေက makeup (မိမိ တယောက်တည်း ထပ်ဖြေခြင်း) လုပ်လို့ ရသေးသည်ဟု ပြောကြပါ၏။ ကျနော်လည်း နောက်အပါတ် ဘယ်နေ့မှာ လုပ်ပါမည်ဟု ပြောခဲ့၏။ သို့ရာတွင် ထိုအချိန်၌ ကျနော်ကား ဘာ solid food မှ မစားချင်ဘဲ အရက်ချည်း အဝင်ရှိ သဖြင့် ဘာစာကြည့်လို့မှ ခေါင်းထဲမဝင်၊ တံတားမြင့်မြင့်၊ အဆောက်အဦ မြင့်မြင့် မြင်တိုင်း ခုန်ချချင် စိတ်ချည်းသာ ပေါက်နေမိလေသည်။ ( မစိုးရိမ်ကြပါကုန်လင့်။ ကျနော်ကား အမြင့်ကြောက်သူ ( acro-phobist ?) ဖြစ်လေသည်။ ထိုအချိန်တွင် မိမိ၏ "အဖိုးတန်သည်ဟု မခံစားရသော" (ဘယ်အရာမှ ပြီးမြောက်အောင်လုပ် နိုင်စွမ်းမရှိသော) ဘဝကို အဆုံးသတ်ပစ်လိုသောစိတ် ရာနှုန်းပြည့် ပေါ်ပေါက်နေသော်ငြား "ကဲ.. ဟောသည်မှာ လာလေရော့ဟဲ့..ရွာစား" ဆိုပြီး တကယ်ခုန်မချ ဝံ့ပေ။ ခြောက်လုံးပြူးကလေး တလက်လောက်ရှိလျှင်တော့ "တစ်-နှစ်-သုံး၊ ကဲ.သွားပေရော့ မောင်မင်း" လို့ လုပ်ဝံ့မည် ထင်မိပါ၏။ )
သည်လိုနှင့် အပြင်မှာရှိနေလျှင် အန္တရာယ်ရှိသည်ဟု ခံစားမိသဖြင့်၎င်း၊ သည်အရက်ကိုဖြတ်ပြီး အစာဝင်ချင်လှပြီ ဖြစ်သဖြင့်၎င်း Johns Hopkins University ဆေးရုံသို့ ကိုယ်တိုင်သွား၍ တက်လိုက်ရာ ဒရစ်ပ်နှစ်ပုလင်းတပြိုင်တည်း နှစ်ကြိမ်(လေးလုံး) လောက်သွင်းပြီး၊ ရင်ဘတ်ပေါ်မှာ ကော်စက္ကူနှင့် ဝါယာကြိုးတွေ အများကြီးကိုကပ်ကာ ယင်းကြိုးတွေနှင့် ဆက်သွယ်ထားသည့် ကရိယာတခု မိမိအိတ်ကပ်ထဲမှာ ထည့်ထားပေးလျှက် ( နှလုံးအခြေအနေ မကောင်းလျှင် သူတို့ monitor screen မှာ သွားပေါ်မည်ဆိုလားမသိ) ဝန်ထမ်းတွေက တနာရီလျှင် တခါနှုန်းလောက် သွေးပေါင်ချိန်လာလာ တိုင်းနေကြလေသည်။ တော်ကြာနေ X- ray၊ တော်ကြာနေ Ultrasound သွားအရိုက်ခံရသေးသည်။ Johns Hopkins တက္ကသိုလ်က ဆေးကျောင်းသားတွေ၊ social workers ကလည်း ဟိုဟာလာမေး၊ သည်ဟာ လာမေးနှင့်မို့ "ဩော်.. ငါသေချင်နေတာ အခု တကယ်သေခါနီးပြီလား မသိ" ဟုတွေးပြီး ပြုံးမိသေး၏။ ဟုတ်ခဲ့လျှင် တလောကလုံးကိုထားခဲ့ပြီး ကိုယ် တယောက်တည်း တကယ်ထွက်သွားရမှာ ဝမ်းတော့နည်းမိသလိုလို။ (ရင်ကိုအနာကျင်စေဆုံးကား မိမိ လောကထဲမှ အပြီးထွက်သွားတာကို ငိုကျန်ရစ် ခဲ့မည့်သူ မရှိခြင်းတည်း။း) ကျနော် demanding ဖြစ်လိုက်ပုံမှာ ကျနော်သေပြီးနောက်တောင် ကျန်ရစ်ခဲ့သည့် လူတွေကို ငိုသူကငို၊ နှမြှောသူက နှမြောနှင့် အနည်းဆုံး (၇) ရက်လောက်ဖြစ်ဖြစ်တော့ ရုတ်ရုတ်သဲသဲ ဖြစ်ကျန်ရစ်ခဲ့စေချင်လေ၏။ အဲသည်ဆေးရုံမှာ "ကျနော့်မှာ စာမေးပွဲဖြေဖို့ ရှိပါသည်။ အခြားဆရာဝန် တယောက်နှင့် လည်း appointment တခု ရှိပါသည်" ပြောလို့လည်းမရဘဲ သုံးရက်ခန့် တက်နေရပါသည်။ သူတို့ ထုံးစံအတိုင်း ဆိုလျှင် ကျနော့်ကို rehabitation center ကို ပို့ပြီး (၁၄)ရက်ခန့် နေစေရမည်ဆို၏။ ကျနော်လည်း ကျနော့် စာမေးပွဲတွေကရက်လွန်သွားပြီ ဖြစ်သဖြင့် "ကျနော် ကျောင်းတက်ရဦးမှာမို့ပါ" ဟု အာပေါက် အောင်ပြောပြီး နောက်ဆုံးတော့ ဆေးရုံကဆင်းခွင့်၊ အိမ်ပြန်ခွင့် ရပါသည်။ ဒါပေမဲ့ နောက် တရက် နှစ်ရက်လောက်နေတော့ ကျောင်းသွားရင်း အရက်ဆိုင်မှာ ပြန်အရက်ဝင်သောက်မိပြီး လဲသွားတာလား၊ ဒီတိုင်းပဲအားနည်းပြီး လမ်းဘေးမှာ လဲကျသွားသလားတော့မသိ ( တယောက်ယောက်က အကြောင်းကြား လိုက်လို့ ၉၁၁ က လာပို့သွားတာ ဖြစ်မည် ) ကျနော်တက်နေသည့် ကျောင်းဘေးနားက ဆေးရုံပေါ် ပြန်ရောက်နေသည်ကို တွေ့ရလေ၏။ ကျနော် ကိုယ့်ကို ကိုယ် အတော်စက်ဆုတ်သွားမိသည်။ အဲသည်ဆေးရုံမှာ တရက်ခန့် ကြာသည်ဟု ထင်ပါသည်။ ဆေးရုံက ဆင်းပြီးသည်နှင့် ကျနော့်ကျောင်းကိုသွားပြီး တက်နေသည့် အတန်းတွေအားလုံးကို ပြန်ရုပ်သိမ်း ( withdraw ) လိုက်ပါသည်။
ကျနော် အိမ်သာခန်းထဲ ဝင်သွားပြီး ၁၀ မိနစ်လောက် အကြာမှာ ထွက်လာသောအခါ အိမ်သာခန်းပြင်ပမှာ ထားခဲ့သည့်ခရီးဆောင်အိတ် ကြီး မရှိတော့ပါ။ ယခုအခါ ကျနော့်မှာ ခရီးသွားစဉ် ရေ၊ မုန့်ဝယ်စားဖို့ ကျနော့် အင်္ကျီအိတ်ကတ်ထဲ ထည့်ထားမိသည့် ငွေ ၁၅၀ ခန့်ပဲ ရှိပါတော့သည်။ "ကံဆိုးမောင် သွားလေရာ မိုးလိုက်လို့ရွာ" နေပါပကောဟု ကျနော် ယောက်ျားတန်မဲ့နှင့် မျက်ရည်အနည်းငယ် စို့မိ၏။ ( ထို့ပြင် ဖွန်ကြောင်ချင်တတ်သည့် အကျင့် မပျောက်သေးပုံမှာ ဤ အကြောင်းကို တစုံတယောက်သောမိန်းမကို တိုင်တည်ပြောပြချင် နေလေသတည်း။ ဒါပေမဲ့ သူမ၏ ဖုန်းနံပါတ်ကိုမျှ ကျနော် မသိရလေ။ ) ထို့နောက် ကျောမှာ ပိုးထားသည့် ကျောပိုးအိတ်ကို ကမန်းကတန်း ဖွင့်ကြည့်ရာ အဲသည်အိတ်ထဲမှာတော့ Green Card, Social Security, သည်မှာ တခါတရံတော့ အသုံးဝင်နေသေး သည့် မြန်မာပြည်က ဘွဲ့လက်မှတ်မူရင်းနှင့် အမှတ်စာရင်းများစသည့် အရေးကြီးစာရွက်စာတမ်းအချို့ကို တွေ့ပါ၏။ သည်လိုနှင့် နောက်နှစ်ရက်ခန့်ကြာသည့် အခါ Oregon ပြည်နယ်၊ Portland မြို့ သို့ ရောက်ပါသည်။ ( ကြုံတုန်း သည်မြို့အကြောင်း ပြောရလျှင် Portland မြို့မှာ လူဦးရေ ၅သိန်းခွဲ ခန့် နေထိုင်ပြီး Portland Metro Area မှာတော့ လူ ၂ သန်း ခန့် နေထိုင်သည်ဟု သိရပါသည်။ ပန်းတွေနှင့်ဝေနေသော အေးချမ်းသာယာသည့်မြို့တမြို့ ဖြစ်ပြီး တနှစ်မှာ ၉ လ လောက် မိုးရွာ/အုံ့ နေတတ်သည် ဟုဆိုပါသည်။ www.burmeseclassic.com မှာ Portland သင်္ကြန်ယိမ်းအဖွဲ့ ဘာညာနှင့် တွေ့ရတတ်သော မြို့ဖြစ်ပါသည်။ ယခု ဧပြီလ (၃၀) ရက်နေ့ကလည်း သည်မှာ သင်္ကြန်ထပ်ကျကြလိုက်ကြသေးသည်။ သည်ပြည်နယ်က ထူးထူးခြားခြား ရောင်းခွန်/ဝယ်ခွန်မပေးရသော ပြည်နယ် ဖြစ်ပါသည်။ မေရီလင်းမှာဆိုလျှင် တကျပ်တန် မုန့်တခု ဝယ်စားပါက ဝယ်သူက ၁ ကျပ် ၆ ပြား ပေးရပါသည်။ သည်မှာ ၅ သောင်းတန် ကားတစီးလုံး ဝယ်လည်း အခွန်တပြားမှ မဆောင်ရပါတဲ့။ ထို့ပြင် ဤ ပြည်နယ်၏ အနိမ့်ဆုံးလုပ်အားခမှာ တနာရီလျှင် ၈ ဒေါ်လာ ၄၀ ပြား လောက်ထိမြင့်ပါသတဲ့။ ) ကျနော် ဤမြို့သို့ ရောက်သည့်အချိန်မှာ ည (၁၁) နာရီခန့်ဖြစ်ရာ taxi-cab တစီး စီးသွားပြီး တည်းခိုခန်းတခုမှာ တည်းခိုနိုင်လောက်အောင် မချမ်းသာတော့သဖြင့် Bus Station မှာပင် လုံခြုံရေးဝန်ထမ်းကို တောင်းပန်ပြီး ချမ်းချမ်းစီးစီးနှင့် တညကုန်ဆုံး စေရလေသည်။
နောက်တနေ့မနက်တွင် Information Desk မှာ အင်တာနက် ခဏသုံးလို့ ရမလားဟု သွားမေးကြည့်ရာ သူတို့ကွန်ပြူတာတွေမှာ အင်တာနက်မချိတ်ထားပါဟု ဖြေကြလေသည်။ ( စကားကြွင်း။ ။ ကျနော် ဤမြို့သို့လာချင်ကြောင်း ( သို့မဟုတ် ) လာနေပြီဖြစ်ကြောင်း ကျနော့် ဖုန်းမပျောက်ခင်အထိ ကျနော့်သူငယ်ချင်းထံ မပြောဖြစ်သေးပါ။ ဘတ်စ်ကား အချိန်ကြာကြာ ရပ်နားမည့် Station တခုရောက်တော့မှ၊ နေ့ခင်းပိုင်းလည်း ဖြစ်နေမှ သူတို့ဆီ ဖုန်းခေါ်၊ အီးမေလ်း ရေးတာတွေ လုပ်တော့မည်ဟု တွေးထားခဲ့ပါသည်။ ( ကျနော့်အင်တာနက်က USB ပေါက်ထဲ wireless router သေးတခုကို ထိုးထည့်လိုက်လျှင် အင်တာနက်ဖြစ် သွားသော "Clear" Mobile Internet အမျိုးအစား ဖြစ်ပါသည်။ ) သို့သော် ယခုတော့ ကျနော့်မှာ ဆဲလ်ဖုန်းမရှိတော့ခြင်းကြောင့် သူငယ်ချင်း၏ ဖုန်းနံပါတ်ကို မသိနိုင်တော့၊ သူ့ကို ဖုန်းခေါ်ဖို့ မဖြစ်နိုင်တော့။ ကွန်ပြူတာမရှိတော့သဖြင့် email ရေးဖို့လည်းမဖြစ်နိုင်တော့။ ထို့ကြောင့် google.com မှာ သည်မြို့က refugee offices တွေရဲ့ လိပ်စာကို ရှာကြည့်ချင်လို့ အင်တာနက် သုံးချင်တာ ဖြစ်၏။ ) ဒါကို ကျနော့်နောက်က တန်းစီနေသူကကြား၍ "ကျနော့်ဖုန်းက အင်တာနက် ရပါတယ်ဗျာ။ ခဏစောင့်ပါ။ ကျနော် ကူညီပါ့မယ်" ဟု ဆိုလာလေသည်။ ဤသို့နှင့် သူ့ကို google.com မှာ "refugee offices in portland" ဟု ရိုက်ရှာခိုင်းရသည်။ ပေါ်လာ သည့် လိပ်စာများကို စာရွက်ပေါ် မှတ်သားပြီး taxi-cab တစီးဖြင့် အဖြစ်နိုင်ဆုံးရုံးတရုံးသို့ စသွားသည်။ ကံအားလျော်စွာ ကျနော် မြန်မာ case worker အမျိုးသမီး တဦးကို ထိုသူငယ်ချင်း၏ လိပ်စာ/ ဖုန်းနံပါတ် သိလိုပါကြောင်း အကူအညီတောင်းနေစဉ် ထိုရုံးမှာပင် new arrivals တွေကိုပေးသည့် အင်္ဂလိပ်စာ သင်တန်းတက် ဖို့ရောက်လာသော သူငယ်ချင်းနှင့် ဆုံတွေ့ကြပြီး ကျနော် ထိုနေ့က သူတို့နေအိမ်သို့ ရောက်သွားလေသည်။
ထိုသူငယ်ချင်း၏ မိခင်မှာ ဟင်းချက် အလွန်တော်ပြီး တော်ကြာ အုန်းနို့ခေါက်ဆွဲ လုပ်ကျွေးလိုက်၊ ခေါက်ဆွဲကြော်/ ထမင်းကြော် ကြော်ကျွေးလိုက်နှင့်မို့ မိဘအိမ် ရောက်နေသလို ခံစားရသည်။ ကျနော်လည်း အရက် ဖြတ်ပြီးနောက် ပထမ ဆုံးအကြိမ်အဖြစ် ခံတွင်းလိုက်လာလေသည်။ သို့သော် သူတို့ 2 bedrooms apartment တွင် သူတို့သမက်မိသားစုပါ ပေါင်းနေထိုင်ကြသဖြင့် ကလေးရော လူကြီးပါပေါင်း လိုက်လျှင် လူဦးရေ (၈) ယောက်လောက်ထိ ဖြစ်နေ၍ ကျနော်ပါ ပေါင်းနေဖို့ မဖြစ်နိုင်ရာ သူတို့ပဲ အခြားအခန်းတခန်း ဝိုင်းဝန်း ရှာပေးကြလေသည်။ ဤသို့ဖြင့် ကလေးနှစ်ယောက်နှင့် လင်ကိုယ်မယား နှစ်ယောက်တည်း 2 bedrooms ဖြစ်နေသော apartment တခုတွေ့၍ အဲသည်မှာ ချက်ချင်း အိပ်ခန်းငှါးခ/ စားစရိတ် တပြားမှမပေးနိုင်သေးဘဲ နောက်လမှ ပေါင်းပေးပါမည်ဟုဆိုကာ နေရသည်။ ကျနော် အိမ်ရှင်ကောင်းနှင့်တွေ့သည်ဟု ဆိုရပါမည်။ ကျနော်တို့ အင်တာနက်ယူကြမည်ဟု တိုင်ပင်ကြပြီးနောက် ကျနော့်အိမ်ရှင်က ( သူ့မှာ မကြာ သေးခင်က ဝယ်ထားသော ကွန်ပြူတာသစ် တလုံးရှိပြီးဖြစ်၍ ) ကျနော့်ကိုသူတို့ အရင် သီချင်းတွေဘာတွေ နားထောင်နေကျ Windows XP Desktop ကွန်ပြူတာ တလုံးကို အလကားစွန့်ကြဲရှာလေသည်။ သူတို့က အရင်တခါတုန်းက အင်တာနက်ယူဖူးရာ Connection သိပ်အဆင်မပြေလှ၍ ပြန်အပ်ခဲ့ကြပြီး၊ ထိုကတည်းက သူတို့စကားလည်း သိပ်မပေါက်၍ အင်တာနက်မယူဖြစ်ဘဲ နေကြရာက ယခု ကျနော်ရောက်လာတော့မှ အင်တာနက် ပြန်ယူဖြစ်ကြတာ ဖြစ်ပါသည်။ သည်သို့ဖြင့် ဧပြီ ၂၉ ရက်နေ့က Internet Service တခုက အင်တာနက် လာတပ်ဆင်ပေးသွားသော်လည်း ကျနော့် ခေတ်ဆွေး mother-board (?) ကြီးမှာ Ethernet port မပါ၍ ကျနော့်ကွန်ပြူတာကတော့ ယခုထိ အင်တာနက်မရသေးပေ။ ဒါပေမဲ့ ဤ post ကို အဲသည်ကွန်ပြူတာမှာ ( microsoft word မရှိသည်နှင့်) notepad ပေါ်မှာ ကြိုရေးထားနိုင်သော အကျိုးမျိုးတော့ ရှိပါသည်။ ပြီးလျှင် USB ထဲသွင်းပြီး Public Library တခုကိုသွားကာ post တင်လိုက တင်နိုင်ပေသည်။ ကျနော့် အိမ်ရှင်တို့၏ ကွန်ပြူတာကို သုံးဖို့သိပ်အခွင့်မသာတာက အဲသည်ကွန်ပြူတာသည် သူတို့ အိပ်ခန်းထဲတွင်သာ ရှိလေ၏။
သည်မြို့ကို စရောက်သည့်နေ့က သူငယ်ချင်း၏ ကွန်ပြူတာနှင့် ကျနော့် credit cards တွေကို lost or stolen report လုပ်ရင်း ယင်းတို့၏ balance တွေကို စစ်ဆေးကြည့်ရာ အိတ်ခိုးသွားသည့် သူကောင်းသားက ဒေါ်လာ ၅၀၀ သုံးလို့ရတာ ၅၀၀ အထိ၊ ၃၀၀ သုံးလို့ရတာ ၃၀၀ အထိ အကုန်သုံးထားသည်ကို တွေ့ရ လေသည်။ ကျနော်ဆိုလျှင် ပုံမှန်အားဖြင့် credit card ကို သုံးခွင့်ရှိတာရဲ့ တဝက်လောက်ထိသာ သုံးစွဲလေ့ရှိပါသည်။ Bank of America မှာလည်း ငွေသားမရှိဘဲ သုံးစွဲထားငွေ ( overdraft ) - $500 ခန့်ရှိနေသည်ကို တွေ့ရ၏။ ကျနော် သုံးခဲ့တာတချို့ရှိပါမည်။ သို့ပေမဲ့ အဲဒီလူက credit ရယ်လို့ဆိုကာ ပစ္စည်းဝယ်ခဲ့တာ လည်းရှိဟန်တူသည်။ ( ဥပမာ၊ ဒေါ်လာ ၆၀ စီ ၃ခါ သုံးခဲ့တာမျိုး ကျနော် မလုပ်မိချေ။ ) ခက်တာက ကျနော်လည်း မူးကြောင်မူးကြောင် ဖြစ်နေတုန်းကကိစ္စကို ရှင်းရှင်းလင်းလင်း ပြန်သတိမရတတ်ပေ။ ပြီးခဲ့သည့်လက ငွေရှိလျှက် မူးမူးနှင့် AT&T ဖုန်းခမပေးမိသဖြင့် ယခုလ နှစ်လစာပေါင်းပေးရမည့်ကြွေး၊ အိပ်ခန်းငှားခ ကြွေး စသည်စသည် အကြွေးတို့လည်းရှိသေး၏။ ဘဝကို တစ်ကနေစသည်ဟု ဆိုရိုးရှိ၏။ ယခု ကျနော်ကတော့ တစ်ကနေ မစနိုင်။ သုညကနေလည်း မစနိုင်။ ဘဝကို Oregon မှာ - ၁၅၀၀ လောက်က စရမည့် သဘောပေတည်း။း(
သည်မြို့ကို ရောက်ပြီး နှစ်ရက်လောက် ကြာတော့ ကျနော့်သူငယ်ချင်းက ပို့ပေး၍ FB မိတ်ဆွေ၊ ကဗျာဆရာ၊ ဘလော့ဂါ ကိုအောင်သာငယ်နှင့် လူချင်းတွေ့ကြရ ပါသည်။ သူ့ကို သည်မြို့ ရောက်လာဖြစ်ပုံကို ပြောပြ ဖြစ်ရာ သူက "ဆက်လုပ်ပါဗျာ။ You know nothing is cheap." ဟုပြောပြီး အားပေးရှာပါသည်။ ကျနော် သူပြောတာကို သဘောတူပါသည်။ ဒါပေမဲ့ ကျနော်က မော့ကြည့်လိုက်လျှင် အားရှိလောက်စရာ ကြည်လင် ပြာလွင်သော ကောင်းကင်တခု၊ ကွေ့ကောက်ကောင်း ကွေ့ကောက်မည်ဖြစ်သော်လည်း တောင်ထိပ်ပေါ်မှာ ခရီးအဆုံးကို မြင်နေရသည့် ပြန့်ပြူးသော မြေနီလမ်းကလေးတခု နှင့် ခိုင်မာအားကောင်းသော မိမိ၏ ခြေလှမ်းများကို လိုချင်တာ ဖြစ်လေသည်။ ယခုတော့ ကျနော့်၏ကောင်းကင်သည် မတော်တဆကျကွဲကျိုးကြေသွားကာ ထိုပေါက်ပြဲနေသော ကောင်းကင်အောက် တွင် (တခါတုန်းက ကာတွန်းပုံ တပုံထဲတွင် မြင်ဖူးသလို) မိမိသည် အုန်းပင်တပင်တည်းသာရှိသော ကျွန်းကလေးပေါ်ရောက်နေပြီး တယောက်တည်း ဘယ်ကိုမျှ ခရီးမပေါက်နိုင်ဘဲရှိသည်ဟု ခံစားမိသည်။ ကျနော်က self-control အင်မတန်ညံ့ဖျင်းနုံချာလှပြီး ဘာမဟုတ်တာကလေးနှင့်လည်း sensitive ဖြစ်လွယ်တတ်သေး ရာ မိမိကိုယ်မိမိ ( တချက်တွန်းလိုက်လျှင် လဲပြိုသွားမည့် ) ခနော်နီ ခနော်နဲ့ တဲအိမ်ငယ်ကလေးတလုံးလို လည်းခံစားမိသည်။ ( အဲသလိုလူကိုမှ ကျနော်တက်ခဲ့ သည့်ကျောင်းက ကောင်လေးတယောက်က တခါတုန်းက ကျနော့်နောက်ကနေ "Sir, Sir" ဟုခေါ်ကာ လိုက်လာပြီး "Sir, you're so strong; you inspire me. Can I shake hand with you?" ဟုဆိုလာသဖြင့် လက်ဆွဲနှုတ်ဆက် ခဲ့ရသေးသည်း) သူတို့အမေရိကန်တွေက မသန်တော့လျှင် wheel-chair သုံးတတ်ကြရာ မြန်မာအကျိုးတို့ထုံးစံ ချိုင်းထောက်တချောင်းတည်းဖြင့် သွားလာတတ်လေ့ရှိသည့် ကျနော့်ကို အထင်ကြီးသွားဟန်တူပေ၏။း)
ထို့ကြောင့် ကျနော်သာ ခရစ်ယာန်ဘာသာဝင် ဆိုပါက ဤသို့ ဆုတောင်းမိမည်ထင်သည်။ "အကျွန်ုပ်ကို ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားခွင့်ပြုပါ အဖ ဘုရားသခင်။ အကျွန်ုပ်သည် ချိနဲ့၊ ပင်ပန်း၊ နွမ်းရိလျှက်ရှိပါ၏။ အားနည်းသော အကျွန်ုပ်သည် သွားလိုရာခရီးအဆုံးသို့ မရောက်နိုင်ဘဲ ရှိမည်ကို စိုးရိမ်မိပါ၏။ အကျွန်ုပ် သေခါနီးဆဲဆဲ၌ "ငါ၏ လူသားမျိုးနွယ်ဘဝသည် အချည်းနှီးမဖြစ်ခဲ့။ ငါသည် လူတယောက် ပြုထိုက်သောကိစ္စတို့ကို ကျေနပ်လောက်ဖွယ် ပြုခဲ့ပြီးပြီ။ လူတယောက်ရထိုက်သော ကိစ္စတို့ကို ကျေနပ်လောက်ဖွယ် ရခဲ့ပြီးပြီ။ ဤသို့ဖြင့် ငါသည် လူ့ဘဝ၌ ငါရောက်လိုသောခရီးအဆုံးသို့ရောက်ခဲ့၏" ဟုကျေနပ် သောစိတ်ဖြင့်သာ အနားယူသောသူကဲ့သို့ သေလိုပါ၏။ အကျွန်ုပ် မောပန်းနွမ်းနယ်လှပြီဖြစ်၍ အကျွန်ုပ်ကို အသက်ရှင်လျှက်နှင့်ဖြစ်စေ၊ အသက်သေလျှက်နှင့် ဖြစ်စေ၊ ခေတ္တမျှ အနားယူ၊ အပန်းဖြေခွင့်ပြုတော်မူပါ အဖဘုရားသခင်။ ။ အာမင်"
( စာကြွင်း။ ။ ကျနော်က သိပ် weak ဖြစ်ပါတယ်။ အဲဒီလို ကိုယ် weak ဖြစ်တဲ့အကြောင်းကို စာနာတတ်တဲ့ဓါတ်ခံနဲ့ စိတ်ကောင်းနှလုံးကောင်း ရှိကြတယ်လို့ ကျနော် ခံစားမိတဲ့ မိတ်ဆွေတွေကို ဝေမျှ ( tag ) တာပါ။ ကျနော့်မှာ strong ဖြစ်တာ ဆိုလို့ honesty တခုပဲ ရှိဟန်တူပါရဲ့။ tag ထားတာကို မကြိုက်ရင်ဖြုတ် ကြပါ။ စိတ်မဆိုးပါဘူး။ ဒီစာဟာ ကျနော့်အကြောင်းချည်း ဖြစ်နေပြီး စိတ်ဖြောင့်ဖြောင့်နဲ့ tag လို့ရလောက်အောင်ထိ objective မဖြစ်လို့ အားလုံးကိုအားလည်း နာပါတယ်။ ဒါပေမဲ့ ခင်လည်းခင်လို့ tag တာပါ။ နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေ။ )
စာပြီးချိန်။ ။ ၄/၃၀/ ၂၀၁၁ ( ည ၁၀ နာရီ ၂၈ မိနစ် )