Saturday, September 18, 2010

မြင်ချင်သည် ရွှေပြည်ကြီးကိုလ ( ၃ )

ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အပတ်စဉ် ( ** ) ကျောင်းဆင်းပွဲ စစ်ရေးပြ အခမ်းအနား တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြောကြားသော မိန့်ခွန်း။

ရဲဘော်တို့။

ဒီကနေ့ဟာ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အပတ်စဉ် ( ** ) ကျောင်းဆင်းပွဲ အခမ်းအနားနေ့ ဖြစ်တယ်။ ဒီကျောင်းဆင်းပွဲ ပြီး တာ နဲ့ ကြည်း၊ ရေ၊ လေ တပ်ရင်း တပ်ဖွဲ့ အသီးသီးမှာ သွားရောက် တာဝန် ထမ်းဆောင်ကြရမဲ့ ရဲဘော် တို့ကို ဒီကနေ့ ငါ တပ်မတော် ကာကွယ် ရေး ဦးစီးချုပ်တဦး အနေနဲ့ အမှာစကား ပြောလိုတယ်။ ရဲဘော်တို့ ဟာ အခြား ဗိုလ်သင်တန်း အပတ်စဉ်များနဲ့ မတူဘဲ ဒီ စစ် တက္ကသိုလ် မှာ “ဒီမိုကရေစီ ကျင့်ထုံး” ဘာသာရပ် ၊ “လူ့ အခွင့်အရေး” ဘာသာရပ်နဲ့ အသစ်ပြန်လည် ရေးဆွဲထားတဲ့ “ပြည်ထောင်စု မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ” ဘာသာရပ် တို့ကို ဘက်လိုက်မှုမရှိတဲ့ ပညာရှင် ဆန်ဆန် လေ့လာမှုမျိုးနဲ့ စနစ်တကျ ပထမဆုံး သင်ယူဆည်းပူး ခဲ့ကြရ တဲ့ မြန်မာ့ တပ်မတော် အရာရှိတွေ ဖြစ် တယ်။ ဒါဟာ ရဲဘော်တို့ ကိုယ်တိုင် အတွက် ရော၊ ငါတို့ တပ်မတော် အတွက် ပါ ဂုဏ်ယူစရာပဲ ဖြစ်တယ်။ ငါတို့ နိုင်ငံတော် အတွက်လည်း ကျေနပ် စရာ တိုးတက်မှု မှတ်တိုင် တခုပဲ ဖြစ် တယ်။

ရဲဘော်တို့။

ငါတို့ တပ်မတော်ဟာ အဖွဲ့အစည်းရဲ့ ပင်ကိုယ်သဘာဝအရ အထက်အမိန့်ကိုနာခံရတဲ့အစဉ်အလာမျိုး ရှိတာ ကြောင့် စိတ်နှလုံး ရိုးသား ပြီး၊ ဖြောင့်မတ် တည်ကြည်တဲ့ ဗိုလ်ချုပ်အောင်ဆန်းလို စစ်ခေါင်းဆောင်မျိုး လက်ထက် မှာ တပ်မတော်ရဲ့ သတင်း ဂုဏ်ရောင် လှပ ထွန်းပြောင်ခဲ့သလောက်၊ စိတ်နှလုံး စဉ်းလဲ့ ကောက် ကျစ်ပြီး၊ တပ်မတော် အားကိုးနဲ့ ပြည်သူတွေ အပေါ် အနိုင်ကျင့်၊ ဗိုလ်ကျ၊ ဘုရင် လုပ်ချင်တဲ့ စစ်ခေါင်းဆောင် တွေ လက်ထက်မှာ တော့ တပ်မတော်ဟာ သူခိုး၊ ဓါးပြ၊ လူမဆန် အကျင့်ပျက်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ ဂိုဏ်း တခုသာသာ လောက်အထိ ဂုဏ်သတင်း မှေးမှိန်ခဲ့ရတယ်။ ဒါဟာ အဲဒီအပြစ်တွေကို ကျူးလွန်ခဲ့ကြတဲ့ သက်ဆိုင် ရာ စစ်ခေါင်း ဆောင် တွေကို ပုဂ္ဂိုလ်ရေး အာဃာဓထားပြီး မဟုတ်မမှန်တာ ကို ချဲ့ကားပြောဆိုနေတာ မဟုတ် ဘူး။ သမိုင်းဟာ အတိတ်ခေတ်တုန်းက တကယ် ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာ တွေကို ဖြစ်ခဲ့တဲ့ အတိုင်း မှတ်တမ်း တင်ထားပြီး ဖြစ်တယ်။ ကိုယ်လိုရင် လိုသလို၊ မလို ရင် မလိုသလို သွား ဖြည့်စွက် လို့၊ နှုတ်ပယ်လို့ ရကောင်းတော့တဲ့ အရာ မဟုတ်ဘူး။ ဒါကြောင့် သမိုင်းကို တကယ် မဖြစ်ခဲ့ဘဲနဲ့ ဖြစ်ခဲ့ သလို ပြောနေလို့ မရ သလို တကယ်ဖြစ် ခဲ့တာကို ဘာမှ မဖြစ်ခဲ့သလိုလည်း လိမ်လို့ မရဘူး။ လိမ်ရင် လည်း အဲဒီလိုလိမ်နေ တဲ့ ကာလ ခဏတာလေး၊ အလွန်ဆုံး ဆယ် စုနှစ် အနည်းအကျဉ်းလောက်ပဲ လိမ်လို့ရလိမ့်မယ်။ ယာယီ တွင်ကျယ်နေတဲ့ ခေတ်ကာလ တခု ကုန်ဆုံးသွားတဲ့ အခါ လိမ်ထားသမျှတွေ ပေါ်လာမှာပဲ ဖြစ်တယ်။ ဒါကြောင့် တပ်မတော် သည် ဆိုးညစ်တဲ့ ခေါင်းဆောင်တွေ လက်ထက်မှာ ကိုယ့်ပြည်သူတွေ အပေါ် ရက် ရက်စက်စက် ပြုမူခဲ့တာ ကို ငါတို့ လက်ခံအသိအမှတ်ပြုကြရမယ်။ ဒီလို ပြုမိခဲ့ ဖူးတဲ့ အပြစ်ကို လက်ခံအသိအမှတ်ပြုမှသာလျှင် ဒီအပြစ်ကို ဆေးကြော လိုတဲ့ လှိုက်လှဲသော ဆန္ဒလည်း ပေါ်ပေါက်လာမှာ ဖြစ်တယ်။ ရဲဘော်တို့ဟာ ဒီ အသိတရားကို ဒီကျောင်းမှာ သင်ကြားခဲ့ပြီး ဖြစ်လို့ မိမိတို့ရဲ့ တပ်ရင်း တပ်ဖွဲ့ အသီးသီးကိုရောက်သွားကြတဲ့အခါ မှာ ငါတို့ တပ်မတော် သည် ပြည်သူတွေအပေါ်မှာ ဒီ အကြွေးတင် နေတယ်။ဒါကြောင့် ငါတို့ရဲ့ ရှေ့ မျိုးဆက်က ပြုမူခဲ့တဲ့ ဒီအပြစ်ကို ငါတို့ ဆေးကြောနိုင်သရွေ့ ဆေးကြောသွားမယ်ဆိုတဲ့ စိတ်နှလုံးမျိုးထားပြီး ဖြစ် နိုင်တဲ့နေရာ၊ ဖြစ်နိုင်တဲ့ အချိန်မှာ တို့ ပြည်သူတွေအပေါ် ဆွေမျိုးရင်းချာစိတ်ဓါတ်မျိုး ထားကြပါ၊ အရင်တုန်းကလိုမျိုး အထက် အမိန့်ဆိုပြီး ကိုယ့်ပြည်သူတွေအပေါ် ရက်စက် ယုတ်မာ လူမဆန်ရတာမျိုး နောင် ဘယ်တော့မှ အဖြစ်မခံကြနဲ့ လို့ ပထမဦးဆုံး မှာကြားလိုတယ်။

ရဲဘော်တို့။

အခုဆိုရင် ငါတို့ နိုင်ငံမှာ နိုင်ငံရေးပြဿနာတွေကိုနိုင်ငံရေးခေါင်းဆောင်တွေက ( ဆွေးနွေး၊ ညှိနှိုင်း၊ အဖြေရှာ၊ အပေးအယူ လုပ်တဲ့) နိုင်ငံရေးနည်းနဲ့ ဖြေရှင်းပြီးဖြစ်လို့ စစ်ရေးနည်းနဲ့ အဖြေရှာစရာ မလိုတော့တာကြောင့် တောတွင်း လက်နက်ကိုင် အဖွဲ့ အစည်း တဖွဲ့မှ မကျန်တော့တာကို ရဲဘော်တို့ အသိပဲ ဖြစ်တယ်။ ဒါကြောင့် အခု ငါတို့ရဲ့ ခေတ်သစ်ပြည်သူ့တပ်မတော်ဟာ ပြည်ပရန် ကို အသက်ပေးပြီး ကာကွယ်ဖို့ တာဝန်နဲ့ ငါတို့ နိုင်ငံသားတွေရဲ့ သွေး၊ ချွေး၊ အသက်၊ ကာလရှည်ကြာစွာ အနစ်နာခံ ပေးဆပ်မှုတွေနဲ့ ရေးခဲ့ရတဲ့ ငါတို့ နိုင်ငံတော် ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို အသက်ပေးပြီးကာကွယ်ဖို့ တာဝန်ပဲ အဓိကအားဖြင့် ရှိတော့တယ်။ ဒီနေရာမှာ ရှင်းရှင်းလင်းလင်း ပြောထားလိုတာက ငါတို့ရဲ့ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ မှာ အတိ အလင်း ပြဌာန်းထားတဲ့ အတိုင်း “နိုင်ငံတော်ရဲ့ အာဏာ အရပ်ရပ်ဟာ ( တနည်းနည်းအားဖြင့်) နိုင်ငံသားများ ထံမှဆင်းသက်လာ” မှသာ အဲဒီ အာဏာသည် ဖွဲ့စည်းပုံ ဥပဒေ နဲ့ ကိုက်ညီတဲ့ အာဏာ ဖြစ်တယ်။ တကယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဒါမှမဟုတ် ရွေးကောက်ခံရခြင်း မရှိတဲ့ မည်သူမဆိုက နိုင်ငံ တော်ရဲ့ အာဏာကို တနည်းနည်းနဲ့ ရယူဖို့ ကြိုးစားလာမယ်ဆိုရင် ဒါဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင် နေတာဖြစ်လို့ သူဟာ အဲဒီလို ကိုယ်ထိလက်ရောက် အားထုတ်လိုက် တဲ့ အချိန်ကာလ ကစလို့ သူပုန် တယောက် ဖြစ်သွားပြီလို့ မှတ်ယူရမှာ ဖြစ်တယ်။ ဒါကြောင့် အဲဒီအချိန်မှာ ယခင်က သူ့ရဲ့ လက်အောက်ခံ ဖြစ်ခဲ့တဲ့ မည်သည့် တပ်မတော်သား တယောက်မှာမျှ သူ့အမိန့်ကို နာခံဖို့ တာဝန်မရှိတော့ဘူး။ နာခံခဲ့ရင် အဲဒီ တပ်မတော်သားပါ သူပုန် တပ်သား တယောက် ဖြစ်သွားမှာ ဖြစ်တယ်။ ငါတို့နိုင်ငံရဲ့ ခေတ်သစ် တပ်မတော်သား တဦး အဖို့ ပြည်ပရန်မရှိတဲ့ကာလမှာ အဓိကထမ်းဆောင် ရမဲ့ တာဝန်က နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသက်ပေးပြီး ကာကွယ်တာ ဖြစ်လို့ ဒီလိုအခါမျိုး မှာ နိုင်ငံတော် ဖွဲ့စည်း ပုံအခြေခံဥပဒေ နဲ့ အညီ ပြည်သူတွေက သူတို့ရဲ့ အာဏာကို အပ်နှင်း ထားတဲ့ တာဝန်ရှိပုဂ္ဂိုလ်ရဲ့ အမိန့်ကို နာခံတာကသာ ဖွဲ့စည်းပုံ ဥပဒေကို အသက်ပေးပြီး ကာကွယ်ရာ ရောက်မှာ ဖြစ်တယ်။

ထို့အတူပဲ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ နိုင်ငံသားတွေရဲ့ အပြုအမူဟာ ဖွဲ့စည်းပုံဥပဒေပြဌာန်းချက်နဲ့ ကိုက်ညီတာကြောင့် ဒီ နိုင်ငံသားတွေကို သေနတ်နဲ့ ပစ်ပါလို့ အထက်က အမိန့်ပေး လာခဲ့ ရင်လည်း အဲဒီ “အထက်အမိန့်ဟာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နဲ့မကိုက်ညီဘူး” လို့ ဆိုပြီး အထက်အမိန့် ကို ပြတ်ပြတ်သားသား ငြင်းဆန်ကြရမှာ ဖြစ်တယ်။ ဒါကြောင့် လည်း တပ်မတော်သားတို့ရဲ့ သစ္စာ အဓိဌာန် လေးချက် ထဲမှာ ပါတဲ့ “ငါ့အား အထက်မှ ပေးအပ်သော အမိန့် နှင့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပါမည်” ဆိုတာ အစား “ငါ့အား နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေနှင့် အညီပေးအပ်သော အမိန့် နှင့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပါမည်” လို့ အနှစ်သာရ နဲ့ စာသားကို ပြောင်းလဲ ခဲ့တာ ဖြစ်တယ်။ ဒီ သဘော ကို မြန်မာ့တပ်မတော်ကို တည် ထောင်သူ ဗိုလ်ချုပ်အောင်ဆန်းကလည်း အထက်အမိန့် ဆိုပြီး ခေါင်းဆောင် လုပ်တဲ့သူ က ကိုယ်ကျိုးရှာပြီး ခိုင်းတဲ့ အမိန့်တိုင်းကိုမျက်စိ မှိတ် နားထောင်ဖို့ မလိုဘူးလို့ အမြော် အမြင်ကြီးစွာ နဲ့ တခါတုန်းက မိန့်ကြားခဲ့ဖူးတယ်။ “တိုင်းပြည်ဟာ စစ်တပ်ရဲ့ အစေခံ မဖြစ်ရဘူး၊ စစ်တပ်ကသာ တိုင်းပြည်ရဲ့ အစေခံ ဖြစ်ရမယ် ” လို့လည်း အတိအလင်း မိန့်ကြားခဲ့ဖူးတယ်။

ရဲဘော်တို့။

လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဟာ ငါတို့ ခေတ်သစ် မြန်မာ့ တပ်မတော်ရဲ့ ဖခင်ကြီးလည်း ဖြစ် တယ်။ ပူဇော်ထိုက်သူကို ပူဇော်တာဟာ မင်္ဂလာ တပါးပဲ ဖြစ်တယ်။ လူတွေရဲ့ အလုပ်လည်း ဖြစ်တယ်။ တိရစ္ဆာန် လောက မှာဆိုရင် ပူဇော်ထိုက်သူကို ပူဇော်တဲ့ ဓလေ့ မရှိကြဘူး။ ဒါကြောင့် ဒီ ဓလေ့ကို မသိတဲ့၊ ဒီ ဓလေ့ မရှိတဲ့ သူ ဟာ တိရစ္ဆာန် နဲ့ မခြားတဲ့သူ လို့ ဆိုရမယ်။ အခုဆိုရင် တပ်မတော်ရဲ့ ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်း အမှူးပြုတဲ့ ရဲဘော်သုံးကျိပ်ဝင်တွေက ခေတ်သစ်“ မြန်မာ့တပ်မတော်” ကိုပထမ ဦးဆုံး တည်ထောင် ခဲ့ကြတဲ့ ဒီဇင်ဘာလ ( ၂၆ ) ရက်နေ့ကိုဂုဏ်ပြု တဲ့ အနေနဲ့ နိုင်ငံတော်က အဲဒီနေ့ကို “တပ်မတော်နေ့” အဖြစ် တရားဝင်သတ်မှတ် ကြေညာ ထားပြီး ဖြစ်တယ်။ တကယ်တော့ မြန်မာ့သမိုင်းကို ပြန်ပြောင်း လေ့လာကြည့် လိုက်မယ်ဆိုရင် ၁၉၄၅ ခုနှစ်မတ်လ ၂၇ ရက်နေ့ ဖက်ဆစ် တော်လှန်ရေးကြီး ဟာ တပ်မတော် တခုတည်းက ဖက်ဆစ်ဂျပန် တွေကို တော်လှန်တဲ့အနေမျိုးထက် အဲဒီတုန်းက ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ မြန်မာ့ တပ်မတော်နဲ့ အရပ်သား နိုင်ငံရေး ခေါင်းဆောင်ကြီး တွေဖြစ်ကြတဲ့ သခင်စိုး၊ သခင်သန်းထွန်း စတဲ့ဗမာပြည် ကွန်မြူနစ်ပါတီဝင်များ၊ စနစ်ဆိုး တခုအောက် အတူတူ ရောက်နေကြတဲ့ ပြည်သူလူထူ တရပ်လုံးက ဟန်ချက်ညီညီ ဖက်ဆစ်စနစ်ဆိုးကြီးကို တွန်းလှန် တိုက်ဖျက် ခဲ့ကြတာ ဖြစ်တယ်။ အဲဒါဟာ သမိုင်း ဖြစ်တယ်။ တစုံတယောက်က ကွန်မြူနစ်ကို မုန်းတာနဲ့ သူတို့ ပါဝင်ခဲ့တဲ့ သမိုင်း ကို ဖျောက်ဖျက် ပစ်လို့ မရဘူး။ ဒါကြောင့်မြန်မာ တမျိုးသားလုံး လှည်း နေ လှေအောင်း မြင်းစောင်းမကျန် ပါဝင် ခဲ့တဲ့ဒီဖက်ဆစ်တော်လှန်ရေး ကြီးကို တပ်မတော်က “တပ်မတော်နေ့” ရယ်လို့ မောင်ပိုင်စီး ထားဖို့ မသင့်တော် လို့ အဲဒီနေ့ကို ဒီနှစ် ကစပြီး တော့ “ဖက်ဆစ်တော်လှန်ရေးနေ့” လို့ ပြန်လည်ခေါ်ဝေါ် ကျင်းပသွားမှာ ဖြစ်တယ်။ ဒီနေရာမှာ ငါတို့ မြန်မာပြည်သူတွေဟာ ငါတို့နိုင်ငံ ရဲ့ လွတ်လပ်ရေး အတွက်သာမက ဖက်ဆစ်စနစ် ဒီကမ္ဘာပေါ် မှာ ဆက်လက် မတည်တံ့ နိုင်အောင် တော်လှန် တိုက်ဖျက်ခဲ့ကြဖူးတဲ့ လူမျိုးအဖြစ်နဲ့ပါ ဂုဏ်ယူကြ ဖို့ ကောင်းတယ်။ ဒါပေမဲ့ အဲဒါဟာ ကျဉ်းမြောင်းတဲ့ ဂျပန်လူမျိုးမုန်းတီးရေး တော့ လုံးဝ မဖြစ်သင့်ဘူး။

ရဲဘော်တို့။
.......................................................................................................................................................................
.......................................................................................................................................................................
.......................................................................................................................................................................
.......................................................................................................................................................................

ရဲဘော်တို့။

ရဲဘော်တို့ဟာ နောင်တခေတ်ရဲ့ အောင်စစ်သည် ဆိုတဲ့အတိုင်း အနာဂါတ်တချိန်မှာ တပ်မတော်ရဲ့ ထိပ်ပိုင်း ခေါင်းဆောင် ဖြစ်လာကြမဲ့သူတွေ ဖြစ်တယ်။ ဒါကြောင့် ရဲဘော်တို့ကို နိဂုံးချုပ် အနေနဲ့ ငါ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အဖြစ်ရော၊ မြန်မာ နိုင်ငံသား တယောက် အဖြစ်နဲ့ပါ တသက်စာ အတွက် မှာကြား လိုတာကတော့ ရဲဘော်တို့ ဟာ အထက်အမိန့်ကို နာခံရတဲ့ စစ်သား တွေမျှသာ မဟုတ်ဘူး။ မြန်မာနိုင်ငံသား တွေလည်း ဖြစ်ကြတယ်၊ တိရစ္ဆာန်ထက် အသိဥာဏ် မြင်မား တဲ့လူတွေလည်း ဖြစ်ကြတယ်ဆိုတာကို ဘယ်တော့ မှ မမေ့ကြနဲ့။ ရဲဘော်တို့ဟာ စစ်သားတွေ အဖြစ်နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မဆန့်ကျင်တဲ့ အထက်အမိန့် မှန်သမျှ ကိုနာခံ ကြပါ။ ဒါပေမဲ့ မြန်မာနိုင်ငံသားတွေ အဖြစ်နဲ့ ငါတို့ ရဲ့ လုပ်ရပ်ဟာ မြန်မာပြည်သူတွေရဲ့ အစစ်မှန်ဆုံး ဆန္ဒနဲ့ ရေးဆွဲပြီး သောင်းသောင်း ဖြဖြ အတည်ပြုခဲ့ကြတဲ့ ဖွဲ့စည်းပုံဥပဒေနဲ့ ကိုက်ညီရဲ့လားလို့ လည်း စဉ်းစားဆင်ခြင်တုံတရား ရှိကြပါ။ မကိုက်ညီဘူး ဆိုရင် ရဲဘော်တို့မှာ စစ်သားတယောက် အနေနဲ့ရော၊ မြန်မာနိုင်ငံသားတယောက် အနေနဲ့ပါ အဲဒါကို ဆောလျှင်စွာ တားဆီးရမဲ့ တာဝန်ရှိတယ် ဆိုတာ မမေ့ကြနဲ့။ ပြီးတော့ ရဲဘော်တို့ဟာ အသိဥာဏ်ရှိတဲ့ လူသားတွေ ဖြစ်ကြတာနဲ့ အညီ ကောင်းမှုနဲ့ တရားမှုကို မြတ်နိုးပြီး မကောင်းမှု နဲ့ မတရားမှုကို လူ့ဗီဇအရ မုန်းတီးဖို့ တာဝန်ပါ ရှိတယ် ဆိုတာ ကို ပြောကြားရင်း နိဂုံးချုပ် လိုက်ပါတယ်။

1 comment:

  1. ဒီနေ့ မြန်မာစစ်တပ်က မြန်မာပြည်သူတွေကို (ဒုတိယအကြိမ်) အစေခံ လုပ်ထား တာ ၂၂ နှစ်တင်းတင်း ပြည့်တဲ့နေ့မို့ ဝမ်းနည်းတဲ့ အထိမ်း အမှတ်အနေ နဲ့ ဒီ ပိုစ့် ကိုတင်ပါတယ်။ ကျနော်လည်း စစ်သားလုပ်ဖူး ပါတယ်။ ( ဒါကို ပြောရတာ ဓါးပြဂိုဏ်း တခုထဲ ပါဖူးတယ် လို့ ပြောရ သလို ဂုဏ်ယူစရာ မကောင်းလိုက်တာ။) ကျနော့်ရဲ့ ဒီ လုပ်ရပ်က ကျနော် ပါဝင် ပတ်သက် ခဲ့ဖူးတဲ့ အဖွဲ့အစည်း အတွက် တတ်နိုင်သရွေ့ အကြွေး ဆပ် ပေးတာ (ဝါ) ကျနော်တို့ ပြည်သူတွေရဲ့ လွတ်လပ်ရေး အတွက် သဲတပွင့် ဖြစ်စေသောဝ်။

    ReplyDelete