Thursday, January 13, 2011

Abraham Maslow ပြောပြသော "လူသားတို့၏ လိုအင်များ"

ဒီပုံကို ဒီနေရာ ကယူထားတာပါ။

[ ကျနော့် blog သို့ မျက်စိလည် လမ်းမှားပြီးရောက်လာသူသာ ရှိနိုင်ပြီး ဘယ်သူမှ ဤ blog ကိုတကူးတက စောင့်မဖတ်ကြမှန်း သိသော်လည်း ကျနော် လောလောဆယ် တကယ်ရေးချင်နေမိတာက “မြင်ချင်သည် ရွှေပြည်ကြီးကိုလ (၅)” ဖြစ်ပါသည်။ သည်လို စိတ်ကူးပေါက်သည့်အခါ ရေးသွားရင်း တချိန်ချိန်မှာ အမှတ်စဉ် (၂၀) လောက် ဘာလောက်အထိ ရောက်သွားလျှင် “ကျနော့်၏ ပေါပေါပါးပါး နိုင်ငံရေး အမြင်များ” ဆိုသည့် စာစုကလေး တအုပ်လောက် လုပ်ချင်၊ ထုတ်ချင်မိလေသည်။ မြန်မာနိုင်ငံသား တချို့တလေကို inspiration တခုခု ပေးနိုင်လိုပေးနိုင်ငြားပေါ့။ အမှတ်စဉ် (၅) အတွက် ကျနော်မြင်ချင်မိသည့် ကိုယ်ကျင့်သိက္ခာရှိသော၊ (ဘိလ်ဂိတ်တို့ ဇနီးမောင်နှံလို) အလှူအတန်းရက်ရောသော၊ အောင်မြင်ရိုးသားသော မြန်မာစီးပွားရေး လုပ်ငန်းရှင် တယောက်ကို မြင်ယောင်စိတ်ကူးပြီး ရေးမည်ဟု စဉ်းစား ထားပြီးလည်းဖြစ်ပါသည်။ သို့ပေမဲ့ တကယ်ချရေးကြည့်တော့ သိပ်အဆင်မပြေလှသေးသည်နှင့် ရေးပြီးဖို့ ကြာနိုင်တာကိုသိသဖြင့် သီအိုရီထွက်ခဲ့တာ ကြာလှပြီဖြစ်သော်လည်း အမေရိကန် Sociology နှင့် Psychology နယ်ပယ်မှာ ယခုအချိန်ထိ အကိုးကားခံနေရဆုံး ( a classic theory ) ဟုကျနော်ထင်မိသည့် Maslow’s Hierarchy of Needs အကြောင်းကို ကြားဖောက်ပြီး ရေးလိုက်ပါသည်။ (ဤ hierarchy က အခုမှ အသစ်ပေါ်တာမဟုတ်၍ သိထားပြီးသူများကတော့ သည်းခံကြပါလေး) ]


နောက်ခံ အကြောင်း

Abraham Maslow ကို ရုရှားကပြောင်းလာသည့် ဂျူးလူမျိုးမိဘများမှ နယူးယောက်မြို့တွင် ၁၉၀၈ ခုနှစ်က ဖွားမြင်ခဲ့သည်။ သူသည် City College of New York, Cornell University, University of Wisconsin တို့တွင် ကျောင်းနေဖူးပြီး ၁၉၃၄ တွင် University of Wisconsin မှ Ph.D ( Psychology ) ဘွဲ့ရရှိခဲ့သည်။ ထို့နောက် Brooklyn College နှင့် Brandies University တို့တွင် ထင်ရှားသော စိတ်ပညာပါမောက္ခ တယောက်ဖြစ်လာခဲ့သည်။ အထက်ပါ hierarchy ( ဒီစာလုံးကို ဘယ်လိုဘာသာပြန်လျှင် ကောင်းမလဲ?) ကတော့ ၁၉၄၃ ခုနှစ်ကထုတ်ခဲ့သည့် သူ၏ “A Theory of Human Motivation” စာတမ်းတွင်ပါဝင်ခဲ့သည်ဟု သိရပါသည်။

၁။ ဇီဝကမ္မလိုအင် ( Physiological Needs )

Maslow's Hierarchy သည် ပိရမစ်ပုံရှိပြီး လူတို့အသက်ရှင်သန်ရပ်တည်မှုအတွက် အရေးအကြီးဆုံးလိုအင် (သို့မဟုတ်) လိုအပ်ချက်ကို ထုထည်ကြီးကြီး၊ အခြေခံကျကျ ဆိုသည့်သဘောနှင့် အောက်ဆုံးမှာ ထားပါသည်။ ထိုလူသားလိုအင်မှာ “ဇီဝကမ္မဗေဒ လိုအင်” ဖြစ်ပါသည်။ လူသားသည် အသက်ရှင်သန်ဖို့ လေလို၏။ ရေလို၏။ အစားလို၏။ အအိပ်လို၏။ နေရာထိုင်ခင်းလို၏။ မှတ်သားဖွယ်ရာတခုမှာ Maslow က sex ( love မဟုတ်သေး) ကိုလည်း ဤဇီဝကမ္မလိုအင်အစုတွင် ထည့်သွင်းထားခြင်းပင် ဖြစ်ပါသည်။ ယေဘူယျအားဖြင့် လူတယောက် သည် ဤအခြေခံလိုအင်များ (လိုအပ်ချက်များ) ပြည့်စုံနေမှသာ သည့်ထက်ပို၍အဆင့်မြင့်သော အခြားလူသားလိုအင် များကိုတက်လှမ်းနိုင်၊ စဉ်းစားနိုင်မည်ဟုဆို၏။ (အချို့က ဤလိုအင်ကို body needs ဟုလည်း အလွယ်တကူ မှတ်သားကြပါသည်။)

၂။ လုံခြုံမှုလိုအင် ( Safety/ Security Needs )

ကျနော်ကတော့ ဤအဆင့်ကို ရုပ်ပိုင်းဆိုင်ရာ/ စိတ်ပိုင်းဆိုင်ရာလိုအင် ( Physical Needs / Psychological Needs ) အဆင့်ဟု သတ်မှတ်ခေါ်ဝေါ် ချင်မိ၏။ လူသည် ဇီဝကမ္မလိုအပ်ချက်များ ပြည့်စုံပြီးဖြစ်လျှင် ကိုယ် လုံခြုံမှု၊ စိတ်လုံခြုံမှုကို လိုချင်လာပါသည်။ ဤသို့ဖြင့် မိမိကိုယ်ကို ထိခိုက်နာကျင်မှု၊ မတော်တဆမှုတို့မှ လုံခြုံချင်၏။ မိမိ၏အလုပ်အကိုင်၊ ရပေါက်ရလမ်း၊ ဓနဥစ္စာ၊ မိသားစု၊ ကိုယ်ကျင့်သိက္ခာ၊ ကျန်းမာရေးတို့နှင့် ပတ်သက်၍လည်း လုံခြုံစွာခံစားရသော အဖြစ်ကိုလိုချင်လာ၏။ ဒါပေမဲ့ ဇီဝကမ္မလိုအင် တခုဖြစ်သော ဗိုက်ဆာနေချိန်မျိုးတွင် ဤလိုအင်တွေ သိပ်မထင်ရှားနိုင်ပေ။

၃။ အချစ်နှင့်ပိုင်ဆိုင်မှုလိုအင် ( Love/ Belonging Needs )

ဤအဆင့်ကတော့ စိတ်ပိုင်းဆိုင်ရာလိုအင် ( psychological needs) သန့်သန့် ဖြစ်သွားပြီဟု ထင်မိ၏။ ဒါပေမဲ့တချို့ကတော့ ဤလိုအင်ကို ပေါင်းသင်းဆက်ဆံရေး လိုအင် ( social needs) ဟု ဆိုကြပါသည်။ လူသည် သူတပါးကို ချစ်ချင်၏။ သူတပါးက မိမိကိုချစ်သည်ကိုလည်း ခံယူချင်၏။ ထိုသို့ မိမိကချစ်ခင်သောသူ၊ မိမိကိုချစ်ခင်သောသူ ကိုလည်းပိုင်ဆိုင်ချင်၏။ ထို့ပြင် စိတ်တူကိုယ်တူ မိတ်ဆွေမျိုးလည်းရှိလို၏။ မိသားစုဘဝ တခုကိုလိုချင်၏။ ဆန့်ကျင်ဖက်လိင်နှင့် ကိုယ်လက်နှီးနှောရာမှဖြစ်သော စိတ်ချင်းရင်နှီးမှု၊ တသွေးတသား တည်းဖြစ်မှု (ဝါ) သံယောဇဉ်ကို လိုချင်၏။ ဤသည်တို့ကား လူသားတို့၏ သဘာဝကျသော လိုအင်/ လိုအပ်ချက် များသာဖြစ်ချေသည်။ ( ကျနော်လည်း အသက်ကဖြင့်ကြီးနေပြီ၊ တရားတော့ဖြင့်မရဘဲ တခါမှမရဖူးသေးသော မိသားစုဘဝတခုကို တောင်တမိတတ် သေးတုန်း ရှိသေးရာ ဆရာကြီး Maslow အားကိုးနှင့် "ဟေ့.. ဒါ ဖွန်ကြောင်တာမဟုတ်ဘူးကွ။ လူပီသတာ၊ တတိယမြောက်လူသားလိုအင် ရှိနေတာ” ဟု အရှက်ပြေ ဆင်ခြေကန်မိလေသတည်း။း))

၎။ မိမိကိုယ်မိမိလေးစားနိုင်ရေးလိုအင် ( Self-esteem Needs )

ဤအဆင့်ကိုတော့ လူသားတို့၏ ဝိဥာဉ်ဆိုင်ရာလိုအင် (Spiritual Needs) လို့ခေါ်ရမည်ထင်ပါသည်။ Ego needs ( မိမိ၏အတ္တကျန်းမာရေးလိုအင် ) ဟုမှတ်ကြသူလည်းရှိပါသည်။ တကယ်တော့ လူ့ဘဝက မိမိကိုယ် မိမိလေးစားနိုင်ပါမှ တကယ်နေပျော်ဖွယ် ကောင်းတာ ဖြစ်ပါသည်။ တခြားလူတွေတော့ အဘယ်သို့ရှိကြ လေ သည်မသိ၊ ကျနော်ကတော့ အသက်ကလေး နည်းနည်းရလာလို့ ထင်သည်၊ ဝင်ငွေကောင်းရုံ၊ နိုက်ကလပ် တက်နိုင်ရုံ၊ မိန်းမငယ်ငယ်တွေနှင့် ရှုပ်နိုင်ရုံ လောက်ကို ပြည့်စုံသောဘဝဟု ခံစားလို့မရတော့ပေ။ (ကိုယ်ရည် သွေးသလိုများ ဖြစ်နေမလား။ တကယ်တော့ ကျနော် ကိုယ်တွေ့ဥပမာပေးခြင်းမျှသာ ဖြစ်ပါသည်။ လူအတော် များများမှာလည်း ကျနော့်အသက်အရွယ်သို့ ရောက်လျှင် သည်လိုပဲခံစားရ လေ့ရှိမည်ဟု ထင်သဖြင့် ကျနော် ထူးပြီးသူတော်ကောင်း လုပ်နေရာမရောက်လောက် ဟုတော့ထင်မိပါသည်။) အသက်အရွယ် အလျောက် တန်ဖိုးထားမှုစံနှုန်း နှင့် taste ပြောင်းသွားသည့်သဘော သာဖြစ်ပါသည်။ ဆက်ရလျှင် ကိုယ့်ကိုယ် ကို (စစ်မှန်စွာ) လေးစားနိုင်မှု၊ သူတပါးကို ( ယဉ်ကျေးမှုအရမဟုတ်ဘဲ စစ်မှန်စွာ) လေးစားနိုင်မှု၊ သူတပါး ထံမှလည်း (စစ်မှန်စွာ) လေးစားခံရမှု၊ ထိုသို့လေးစားခံရလောက်အောင်လည်း (စစ်မှန်စွာ)ရိုးသားမှု၊ မဟုတ်တာလုပ်ထားတာ၊ ပြောထားတာ၊ ကောက်ကျစ်ထားတာမရှိသဖြင့် ဘယ်ခါမဆို လိပ်ပြာသန့်ပြီး ကိုယ့် အစွမ်းအစနှင့် ကိုယ့်ကိုယ်ကျင့်သိက္ခာကိုယုံကြည်မှုတို့ ရှိဖို့လည်းလိုအပ်ပါသည်။ Maslow ၏ theory အရလူတွေမှာ သည်လိုအင်တွေလည်း ရှိသည်ဟု ဆိုပါသည်။

၅။ မိမိကိုယ်မိမိ အပြည့်အဝတည်ဆောက်ပြီး အခြေအနေ ( Self- actualization )

လူသားတယောက် အနေဖြင့် ဖြစ်ခွင့်ရှိသရွေ့၊ ဖြစ်ချင်သရွေ့၊ ဖြစ်သင့်သရွေ့ အားလုံးဖြစ်လာအောင် စွမ်း ဆောင်နိုင်ခဲ့ပြီးသော အခြေအနေတရပ်ကို ဆိုလိုပါသတဲ့။ ဥပမာ၊ ဗိုလ်ချုပ်အောင်ဆန်းသည် သူ့ရည်မှန်း ချက်ဖြစ်သော မြန်မာနိုင်ငံကို လွတ်လပ်ရေးရ စေချင်သည့်ကိစ္စကို (ကျနော်တို့လို လွတ်လပ်ရေးဟာ မြတ်နိုး အပ်တဲ့အရာဟု ထိုင်ပြီးပြောရုံ ပြောနေတာ မဟုတ်ဘဲ ) တကယ်ရုပ်လုံးပေါ်လာအောင် လုပ်ဆောင်ခဲ့ရာ အဲသည်လို တကယ်လုပ်ဆောင်နိုင်ခဲ့ပြီးသော အခြေအနေကို self-actualization ဟုခေါ်ရမည်ဟု သဘောပေါက်မိပါသည်။ သူတို့ကတော့ အမေရိကန်သမ္မတလင်ကွန်းက အမေရိကကို တောင်ပိုင်း မြောက်ပိုင်း မကွဲစေလိုသည့်၊ လူမည်းတွေကို ကျွန်အဖြစ်မှလွတ်မြောက်စေချင်သည့် သူ၏ရိုးသားသော စေတနာအတိုင်း တိုင်းပြည်နှစ်ခြမ်းမကွဲအောင်နှင့် ကျွန်စနစ်လည်း ပပျောက်အောင်တကယ်လုပ်နိုင်ခဲ့သည်ကို ဥပမာပြကြပါသည်။ ကျနော်ကတော့ မြန်မာနိုင်ငံသားဖြစ်သဖြင့် မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်ကို ဥပမာပေးခြင်း ဖြစ်ပါသည်။

ဤအဆင့်သို့ရောက်နေသောသူတို့မှာ လောက၏ပကတိအမှန်တရားထဲတွင်သာ နေထိုင်ခြင်း၊ တကူးတက ထိန်းသိမ်းနေစရာမလိုဘဲ သီလလုံခြင်း၊ ပိုမိုကောင်းမြတ်သော အခြေအနေတရပ်ကို ဖန်တီးနိုင်ရည်ရှိခြင်း၊ တမင်ကိန်းကြီးခန်းကြီး လုပ်ယူမှုမရှိတော့ဘဲ သဘာဝအတိုင်းသာ စစ်မှန်စွာနေထိုင်ခြင်း၊ ပြသနာတရပ်ကို အေးဆေးစွာ ဖြေရှင်းနိုင်ခြင်း၊ သူတပါးအပေါ် အထင်သေးမှု၊ အဃာဓတရားထားမှုတို့ကင်းခြင်း၊ မိမိဖာသာ ပြီးပြည့်စုံနေခြင်း၊ အဓိပ္ပါယ်ပြည့်ဝသော ဘဝကိုရရှိထားသကဲ့သို့ ခံစားရခြင်း၊ ရွှင်လန်းတက်ကြွခြင်း ဂုဏ်ရည် တို့နှင့် ပြည့်စုံကြသည်ဟု ဆိုပါသည်။ မဟတ္တမဂန္ဒီ၊ မာသာထရီဆာတို့လို စိတ်ထားမျိုးဖြစ်နိုင်ပါသည်။ လူသားလိုအင်တွေထဲမှာ အဲသည်လို လူသားအဖြစ်(သူတော်စင်အဖြစ်မဟုတ်)အပြည့်ဝဆုံး အခြေအနေသို့ ရောက်ချင်သည့်လိုအင် တရပ်လည်းရှိပါသတဲ့။ ( ကိုယ်တိုင် ထိုအခြေအနေသို့ မရောက်နိုင်၍ ထိုအခြေအနေ သို့ရောက်နေပြီးသူများကို ကြည်ညိုလေးမြတ် ပူဇော်လိုခြင်းသည်လည်း လူသားသည် ထိုအခြေအနေကို တန်ဖိုးထား၊ မြတ်နိုးကြောင်း ပေါ်လွင်စေသည်ဟု ယူဆပါသည်။) ထုံးစံအတိုင်း ဤသီအိုရီကို ငြင်းကြသည့်၊ ပြုပြင်ချင် ကြသည့် ပညာရှင်တွေလည်း ရှိပါသည်။ သို့ရာတွင် ကျနော်က ကိုးကားစရာ ပညာရှင်စာတမ်း တစောင် ရေးနေတာမဟုတ်၍ အထူးထူးအပြားပြားသော ကျန်အဆိုများကို ဤနေရာတွင် မဖော်ပြလိုတော့ပါ။ ဤ hierarchy ကို အမေရိကန်တွေ classic theory of human needs တခုအနေနှင့် အလေးထားကြပုံ ပေါ်သည်ဟု ပြောလိုရင်းသာ ဖြစ်ပါသည်။ ကျနော် အသက်ကြီးမှ သည်မှာ ကောလိပ်ကျောင်းကလေးတခု တက်နေမိရာ လွန်ခဲ့သည့်စာသင်ရာသီ နှစ်ခုစလုံး ဤ Hierarchy ကို ဟို textbook မှာ၊တွေ့ရလိုက်၊ သည် textbook မှာ တွေ့ရလိုက် ရှိခဲ့ပါသည်။ Public Speaking လိုအတန်းမှာ၊ Health and Wellness လိုအတန်းမှာ၊ Research in Communication လိုအတန်းမှာ textbook ရေးဆရာတွေက အကြောင်းတိုက်ဆိုင်တိုင်း ဤ hierarchy ကို တခုတ်တရ ကိုးကားကြသည်ကို သတိပြုမိပါကြောင်း။

Ref:
http://en.wikipedia.org/wiki/Abraham_Maslow
http://en.wikipedia.org/wiki/Maslow%27s_hierarchy_of_needs

စာကြွင်း။ ။ ဤ သီအိုရီနှင့်ပတ်သက်၍ မှတ်မှတ်ရရ ကျနော့်အတွက် လက်တွေ့အကျိုးတရားတခုမှာ ကျနော် ယခင်က sexy ဖြစ်သည့် မိန်းကလေးတွေကို intelligent ဖြစ်ပုံမရဟု အထင်သေးတတ်ရာ ယခုတော့ “မိန်းကလေး တယောက်ဟာ သူမရဲ့ physiological need တခုအနေနဲ့ sex ကိုအလိုရှိတယ်ဆိုရင်တောင် ဒါသဘာဝပဲ၊ ဘာအပြစ်များရှိသတုံး။ ဒါဟာ သူမရဲ့ ဥာဏ်ရည်၊ စိတ်နှလုံးသိမ်မွေ့မှု၊ ကိုယ်ကျင့်တရား ကောင်းမွန်မှုတို့နဲ့ မသက်ဆိုင်ပေဘူး” (သူတပါးအိမ်ရာကို မဖျက်ဆီးဘူး၊ ယောက်ျားတွေကို အသည်းခွဲရတာ ကျေနပ်နေတာမဟုတ်ဘူး ဆိုရင်ပေါ့လေ) ဟု နားလည်ပေးတတ်လာတာ ဖြစ်ပါသည်။ တည့်တည့်ပြောလို့ ကြမ်းသွားခဲ့လျှင်တော့ ခွင့်လွှတ်တော်မူကြပါကုန်။း))

2 comments:

  1. စာကြွင်းကို ၅ခါလောက် ဖတ်လိုက်ရပါတယ်။
    sexy ဖြစ်သည့် မိန်းကလေးတွေကို intelligent ဖြစ်ပုံမရဟု အထင်သေးတတ်ရာ နှင့်...

    “မိန်းကလေး တယောက်ဟာ သူမရဲ့ physiological need တခုအနေနဲ့ sex ကိုအလိုရှိတယ်ဆိုရင်တောင် ဒါသဘာဝပဲ၊ ဘာအပြစ်များရှိသတုံး ကို ဆက်စပ်လို့ မရသေးဘူးအကို..

    ကျမလည်း လူသိပ်မလာလို့ ပွင့်ပွင့်လင်းလင်းပဲ မေးမိလိုက်ပါတယ်...
    မှားရင် ကန်တော့ပါရဲ့အကိုရေ...

    ယောင်္ကျားတွေဟာ.. မိန်းမတွေရဲ့ ဦးနှောက်တွေကို.. ခန္ဒာကိုယ်တွေထက် တန်ဘိုးထားရင်..မြတ်နိုးရင်..စွဲလန်းရင်..ကြွေရင်.. ကောင်းမယ်..
    အကို့ပိုစ်နဲ့ မဆိုင်တာ ရေးသွားပါသည်.. မကြိုက်လျှင်ဖျက်ပါ။

    ReplyDelete
  2. @မအိမ့်ချမ်းမြေ့။ ဩော်၊ အဲဒါက ဒီလိုပါခင်ဗျား။ ကျနော်လည်း ယခင်ရော၊ ယခုပါ "မိန်းမတွေရဲ့ ဦးနှောက်တွေကိုသာ ခန္ဒာကိုယ်တွေ ထက် တန်ဖိုးထား၊ မြတ်နိုး၊ စွဲလန်း၊ ကြွေ" ပါသည်။ ဤသို့ဖြစ်လွန်း သဖြင့် (ဆိုလိုသည်မှာ သူမတို့၏ intelligence ကိုသာတန်ဖိုး ထားလွန်းသဖြင့် )ယခင်က sexy ဖြစ်သည့် မိန်းကလေးတွေကို ဆိုလျှင် မကြွေရုံမျှမက အထင်ပင်သေး(ကြည့်လို့ပင်မရဖြစ်)လေ့ရှိခဲ့ ပါသည်။ ဒါပေမဲ့ ယခုတော့ အဲသည်အမြင်က fair မဖြစ်ဟု ထင်လာ ပါသည်။ အကြောင်းမှာ မိန်းကလေးတယောက် sexy ဖြစ်သည့်ကိစ္စ သည် သူမတို့၏ physiologically-motivated ကိစ္စတခုဖြစ် နေနိုင်ပါသည်။ ထို့ကြောင့် ထိုသို့ ဖြစ်လျှက်နှင့်ပင် သူမသည် ဥာဏ်ရည်ထက်မြက်သူ ဖြစ်နေနိုင်ပါသေးသည်။ သူမ၏ ချစ်သူအပေါ် သစ္စာရှိသော၊ မိခင်ကဲ့သို့ ကြင်နာတတ်သောသူလည်း ဖြစ်နေနိုင်ပါသေး သည်။ ထို့ကြောင့် သူမကိုလည်း ဂုဏ်အသရေရှိသော မိန်းမတယောက် အဖြစ် လေးစားသင့်သည်သာဟု (ယခု)ကျနော်ခံယူလာပါသည်။ ယခင် က "sexy ဖြစ်သည့် မိန်းကလေးတွေကို intelligent ဖြစ်ပုံမရ ဟု အထင်သေးတတ်ရာမှ.." အခု အထင်သေးသည့်အဆင့်ကိုတော့ ကျော်ခဲ့ပြီ ဟုဆိုလိုပါသည်။ ဤသို့ဆိုသဖြင့်ကျနော်ယခု မိန်းမတို့၏ intelligence ကို ယခင်ကလောက် အလေးမထားတော့ပါဟုဆိုလို ရာမရောက်ပါ။ ကျနော် မိန်းမတွေရဲ့ ဦးနှောက်ကိုသာ ခန္ဒာကိုယ်ထက် တန်ဖိုးထား၊ မြတ်နိုး၊ စွဲလန်း၊ ကြွေနေဆဲ ဖြစ်ပါကြောင်း ကနေဒါက မလေးကိုပြန်ကြားလိုက်တယ်လို့ ဆိုပါရစေ။ ( ယခင် "ဘီဘီစီ မေးပါများစကားရ" တင်ဆက်သူ ဦးလေးဦးဖေသန်းလေသံဖြင့် ဖတ်ရန်း))

    ReplyDelete