Saturday, May 14, 2011

ကြည့်မိမှားသောရုပ်ရှင်၊ ပြောချင်လာသောစကား

သည်ကနေ့ ကျနော်ပျင်းလို့ www.burmeseclassic.com က "ကျမသမက် ဈေးကြီးကြီး" ဆိုသည့် မြန်မာဗီဒီယို ဇာတ်ကားကို ကြည့်ဖြစ်ပါသည်။ တကယ်တော့ ကျနော်က ကိုယ်ကြည့်လိုက်သည့် ရုပ်ရှင်တကား၊ ဝတ္ထုတအုပ်၊ ကဗျာတပုဒ်က ကောင်းလွန်း၊ အနုပညာ ပြောင်မြောက်လွန်းလို့ ကိုယ့်မိတ်ဆွေတွေကို မနေနိုင်မထိုင်နိုင် လက်တို့ (share) ရသည့်အဖြစ်မျိုး ရောက်ချင်တာပါ။ ဒါပေမဲ့ အခုတော့ ကံအကြောင်းမလှစွာ ထိုအဖြစ်မျိုးနှင့် ပြောင်းပြန်ဟု ဆိုရပါမည်။ ထိုဇာတ်ကားတွင် အဓိက သရုပ်ဆောင်ထားကြသော နေမင်း၊ ခင်လေးနွယ်၊ စိုးမြတ်သူဇာ တို့၏ ကျရာဇာတ်ရုပ် သရုပ်ဆောင်မှုကို သိပ်ဝေဖန်စရာ မရှိပါ။ ကျနော်က ဇာတ်လမ်းကိုသာ အော်ဂလီဆန်မိခြင်း ဖြစ်ပါသည်။ စင်စစ် ကျနော့်ရင်ထဲမှာ မကျေမနပ်၊ ခုလုခုလု ဖြစ်နေတာ ဤဇာတ်ကား ၏ ဇာတ်လမ်းလည်း ဟုတ်တော့ မဟုတ်သေးပေ။ ဤဇာတ်ကားထဲမှာတွေ့ရသည့် မြန်မာပြည်မှ အထက်တန်းလွှာ လူတန်းစားဆိုသူတို့၏ အောက်တန်းကျ လှသော စိတ်နှလုံးအဆင့်အတန်းနှင့် နှုတ်ထွက်စကား မောက်မာရိုင်းပြမှု တွေကိုသာဖြစ်ပါသည်။ အဲဒါတွေက မြန်မာပြည်မှာ အခုမှ မဟုတ်၊ ခေတ်အစဉ်အဆက် ကတည်းက အရိုးစွဲလာသည့် မြန်မာ့ဓလေ့တွေဟု ဆိုလျှင်လည်း ယခုတော့ သည်လို မြန်မာ့ဓလေ့မျိုးတွေ ကို ဖနောင့်နှင့်ပေါက်၊ လွှင့်ပစ်၊ မီးရှို့၊ မြေမြှုပ်သင့်ပြီဟု ထင်ပါသည်။ သည်ကိစ္စကို ရှေ့ဆက်၍ မဆွေးနွေးသေးမီ သည်ဇာတ်ကား၏ ဇာတ်လမ်းအကျဉ်းချုပ်ကို ပြောပြထားလိုပါသည်။ သည်လိုပါ။


========================


မိုးထက် ဆိုသော ဘွဲ့ရလူငယ် ( နေမင်း) မှာ မိဘနှစ်ပါးစလုံး ဆုံးပါးသွားကြပြီဖြစ်သဖြင့် ရန်ကုန်မှာနေသော ဦးလေးတော်စပ်သူ တကိုယ်ရည် တကာယသမား၊ စီးပွားရေးအောင်မြင်သူ ဦးကျော်နိုင်နှင့်အတူ နေထိုင်ရန် နယ်မြို့ကလေးတခုမှ လိုက်လာသည်။ ဦးကျော်နိုင်က ပပလွှားလွှား နေတတ်သော သူဌေးမျိုး မဟုတ်။ ယခုလည်း သူ့တူကို အောက်ခြေမလွတ်အောင် ( သူ့ထံမှာ မဟုတ်ဘဲ ) သူများကုမ္ပဏီတွင် အလုပ်ဝင်လုပ်စေရန် စီမံထားသည်။ ထိုစဉ် သူဌေးသား တာရာ (ခေါ်) ပေါက်စကို ရန်စရှိသူတွေက ချောင်းရိုက်၍ တဖက်သတ်ခံနေရစဉ် မိုးထက်က ဝင်ရောက်ကူညီလိုက်ရာမှ သူတို့နှစ်ယောက် ငယ်ပေါင်းသူငယ်ချင်းတွေလို ခင်သွားကြသည်။ မိုးထက်သည် ပေါက်စက မိတ်ဆက်ပေး၍ မေမြတ်နိုး၊ ပိုးဥ ( ခင်လေးနွယ် ) ဆိုသူ မိန်းကလေးနှစ်ယောက်နှင့်လည်း အချိန်တို အတွင်းမှာပင် ခင်မင်သွားသည်။ ပိုးဥနှင့်ကား love at first sight ဖြစ်ကာ ချစ်သူတပိုင်းပင် ဖြစ်နေပေပြီ။ ထိုစဉ် ပိုးဥ၏မိခင် ( စိုးမြတ်သူဇာ ) က (ဘွဲ့ရပြီးဖြစ်သော) သမီး၏ ဒိုင်ယာရီကို ခိုးဖတ်ရာမှ သမီးမှာ ချစ်သူရှိနေကြောင်း သိလိုက်ရသည်။ သူမက သမီးကို ချစ်လွန်းသဖြင့် female bodyguard နှစ်ယောက်ငှားပေးထားသည်။ ယခု ထိုမိန်းမဘော်ဒီဂတ်တို့ တာဝန်မကျေကြ၍ အလုပ်မှ ဖြုတ်ပစ်ပြီး male bodyguard နှစ်ယောက်နှင့် အစားထိုးလိုက်သည်။

ထို့နောက် ပေါက်စမှတဆင့် မိုးထက်ကို ခေါ်ယူပြီး သူမနေအိမ်မှာ တွေ့ဆုံမေးမြန်းသည်။ ထိုစဉ် ( သမက်လောင်း ) မိုးထက်ကို မေးမြန်းသော ဤအထက်တန်း စား သူဌေးမ၏ စကားများမှာ တော်တော့်ကို စိတ်နှလုံး သိမ်ဖျင်း၊ အောက်တန်းကျလှသည်ဟု အောက်မေ့မိသည်။ ဤသို့..။

"မောင်မိုးထက်ဆိုတာ မင်းလား"
"ဟုတ်ကဲ့ပါ အန်တီ"
"မင်း မိဘများက ဘယ်ကုမ္ပဏီကို ပိုင်ကြလဲ"
"ကျနော့်မှာ မိဘနှစ်ပါးစလုံး မရှိကြတော့ပါဘူး။ အခု ကျနော် ဦးလေးနဲ့ အတူနေတာပါ"
"အလုပ်ရှိသလား"
"မနက်ဖြန်မှ ( ပေါက်စ အဖေ့ကုမ္ပဏီမှာ ) အလုပ်ဆင်းရမှာပါ အန်တီ"
"ရမဲ့လစာက ဘယ်လောက်လဲ"
"၉၀,၀၀၀ က စမှာပါ"
"၉၀,၀၀၀.. ဟုတ်လား။ ခုနက ပိုးဥ စီးသွားတဲ့ ဖိနပ်က တသိန်းကျော် တန်တယ်ကွဲ့။ ပိုးဥရဲ့ တလ အထွေထွေ အသုံးစရိတ်က သိန်း ၃၀ နဲ့ ၄၀ ကြားမှာ ရှိတယ်"
"အန်တီ ကျနော့်ကို ခေါ်ပြီး ဘာပြောချင်တာပါလဲ ခင်ဗျ"
"မင်း လူငယ် တယောက်ပါ။ အန်တီ ဘာပြောချင်တယ်ဆိုတာ မင်းနားလည်မှာပါ။ စိန်စီတဲ့လမ်းမှာ လျှောက်လှမ်းနေတဲ့ ငါ့သမီးကို ခရောင်းတောလမ်းမှာနေပြီး လမ်းဘေး ရေအိုးစင်ကရေကို သောက်နေတဲ့ မင်းက စိတ်ကူးယဉ်နေတယ် ဆိုတာ မင်းမှာ ဘယ်လို ရည်ရွယ်ချက်တွေများ ရှိနေလို့လဲ"

ကိုယ့်သမီးကို ဖူးဖူးမှုတ် ချစ်တာက ချစ်ချင်သလောက် ချစ်လို့ရပါသည်။ ဒါပေမဲ့ ကိုယ့်သမီးကို ချစ်တာနှင့်ပဲ၊ ကိုယ့်မှာ သူတပါးထက် ငွေကြေးဥစ္စာ ပြည့်စုံတာ တခုနှင့်ပဲ သူများသားသမီးကို အဲသလို စော်ကားခွင့် ရှိပါသလား။ သည်ဇာတ်ကားကိုကြည့်နေရင်း ဒေါမနဿ ဖြစ်ရသည်။ ဒါရိုက်တာက "အောင်ဗပါဝါ" ဖြစ်သည်။ သူကပင် "ရေး၊ညွှန်း၊ရိုက်ကူးသည်" ဟုဆိုသည်။ အနုပညာပစ္စည်းတခုကို ထုတ်လုပ်သည့်လူတွေမှာ fairness ဆိုသည့် အလှတရားကို ချစ်ဖို့တာဝန်ကော မရှိတော့ဘူးလား။ ကျနော်ကတော့ အနုပညာ ထုတ်လုပ်သူတွေကို သည် fairness ကလေးကိုတော့ ချစ်စေချင်မိလေသည်။ အဲဒါက ကျနော်တို့ လူသားတိုင်းရဲ့ ရင်မှာ ခိုအောင်းနေ တဲ့၊ နေသင့်တဲ့ common sense ကလေးမို့ပါပဲ။

ပိုးဥ၏မိခင် ဒေါ်ကေသီညွန့် (စိုးမြတ်သူဇာ) မှာ လူတဖက်သားကို ထိုမျှစော်ကားရရုံနှင့် အားမရသေး၊ နေမင်း၏ ဦးလေးနေအိမ်သို့ အတာချီကေစ့်ကြီးတလုံးထဲ ထောင်တန်အုပ်တွေ အပြည့်ထည့်ယူသွားကာ နေမင်း ပိုးဥနှင့် မပတ်သက်ခ သည်ငွေကိုယူပါဟု ပြောလေသည်။ Heart attack ခံရလေ့ရှိသော နေမင်း၏ ဦးလေးလည်း မခံမရပ်နိုင်လွန်း၍ အသက်ပါ ပါသွားရှာလေသည်။ ( ဇာတ်လမ်းအရ နေမင်းကို ချမ်းသာသူ ဖြစ်အောင်လုပ်ဖို့ လိုနေသကိုးး)။ နေမင်း သူ့ဦးလေး အမွေတွေကို ရလိုက်၏။ သို့ရာတွင် ယောက်ျားကောင်းတဦး ဖြစ်ရကား ထိုအမွေကို ပိုးဥနာမည်နှင့် လွှဲပေးလိုက်လေသည်။ ထို့နောက် သူ့ကြံရည်ဖန်ရည်နှင့် ကျိကျိ တက်ချမ်းသာလာသည်ဆို၏။ ဒေါ်ကေသီညွန့်ကတော့ မွဲပြီးရင်း မွဲလိုက်လာရာ ကား၊ အိမ် တို့ကို ရောင်းချရလေသည်။ ယင်းတို့ကို နေမင်းက ဝယ်ထား လိုက်သည်။ နောက်ဆုံး၌ သမက်နှင့် ယောက္ခမအကြား အိမ်အရောင်းအဝယ် စာချုပ်ချုပ်ဆိုပြီး၊ ထို အိမ်သော့၊ ကားသော့တို့ကို ယောက္ခမထံ လွှဲပေးလိုက်လေတော့၏။ မြွေပွေးနှင့်တူသော ယောက်ျားကောင်းတို့ မည်သည်ကား ထိုသို့သော ယောက်ျားမျိုးဟု ဆို၏။ ဒေါ်ကေသီညွန့်ကား ယခုအခါ သူဌေးသမက် တယောက်ကို ရပြီဖြစ်၍ အကျွတ်တရားရသွားလေသတည်း။

================================

သည်လို ဇာတ်ကားမျိုးတွေ ကြည့်ရတိုင်း ကိုယ့်လူမျိုးတွေအတွက် ရင်ထဲမှာ နာကျင်စွာ ခံစားမိသည်။ ကျနော်တို့မြန်မာလူမျိုးတွေသည် ငွေပြရင်ဘာမဆိုရသည့်၊ ငွေမြင်ရင် အညှာလွယ်သည့် လူမျိုးတမျိုးပေလော့။ ငွေရှိလျှင် မောက်မာတတ်သည့် လူမျိုးတမျိုးပေလော့။ လူတယောက်၏ မမြင်ရသော ဦးနှောက်ကို မမြင်တတ် သော၊ မမြင်ရသော စိတ်နှလုံးအဆင့်အတန်းကိုလည်း မကြည့်တတ်သော၊ မြင်တတ်ကြည့်တတ်သည် ဆိုစေဦး၊ အဲဒါတွေကို ငွေလောက် တန်ဖိုးမထားတတ်သော လူမျိုးတမျိုးပေလော့။ ထိုသို့သော မြန်မာမိန်းကလေး နှင့် မြန်မာယောက္ခမတွေ မည်မျှလောက် ရှိမည်နည်း။ လူဦးရေ၏ တဝက်ထက်မကတော့ ရှိပုံရလေသည်။ မြန်မာယောက္ခမတွေ သမက်လောင်းရွေးကြရာမှာ ဘာလို့ ဒီလောက်တောင် ပြည့်တန်ဆာခေါင်းတွေ ဆန်ကြလေသနည်း။ ကျနော့်မှာသာ သမီးတွေရှိလျှင်တော့ သူမတို့ အပျိုဖော်ဝင်တာနှင့် ဟောသည်လို ပြောထားဖြစ်ပါလိမ့်မည်။ "သမီး.. ခုဆိုရင် သမီးဟာ အပျိုဖော်ဝင်လာပြီမို့ ရှေ့လျှောက် ယောက်ျားတွေရဲ့ ရုပ်ပိုင်း ဆိုင်ရာစွဲမက်မှု၊ စိတ်ပိုင်းဆိုင်ရာ မြတ်နိုးမှုတွေနဲ့ တွေ့လာရတော့မယ်။ သမီးတို့အရွယ်မှာ emotional stability မရှိနိုင်သေးတာမို့ ဖေဖေတို့ တခါတရံ ဝင်ထိန်း ပေးတာကလွဲရင် သမီးကို ချုပ်ချယ်မှာ မဟုတ်ပါဘူး။ သမီးရဲ့ချစ်သူ၊ အိမ်ထောင်ဖက်ကို သမီးကိုယ်တိုင်ပဲ ရွေးချယ်ခွင့် ရမှာပါ။ ဖေဖေတခုတော့ ပြောချင်တယ်။ ယောက်ျားတယောက်ကို ငွေကြေးပြည့်စုံတာ တခုတည်း အတွက်ကြောင့်တော့ဖြင့် ချစ်သူအဖြစ်၊ အိမ်ထောင်ဖက်အဖြစ် မရွေးချယ်စေချင်ဘူး။ အဲဒါမျိုးက မိန်းမတွေကို ရောင်းကုန်ပစ္စည်းအဖြစ် degrade လုပ်ရာရောက်တယ်လို့ ဖေဖေထင်တယ်။ သမီး အဲဒီယောက်ျားကို တနည်းနည်းနဲ့ စုံမက်တဲ့အတွက်ကြောင့် ဖြစ်စေ၊ လေးစား၊ ချစ်ခင်၊ အားကိုး၊ ကြည်ညို၊ ယုံကြည်၊ သနားတဲ့ အတွက်ကြောင့် ဖြစ်စေ၊ အဲဒီလို အခြားအကြောင်းတွေ ကြောင့်ပဲ ဖြစ်စေချင်တယ်"

သမီးသည် ကျွန်ုပ်၏ သမီးဖြစ်သဖြင့် သူမအားချစ်ရေးဆိုလာသော ငွေကြေးဥစ္စာချို့တဲ့သူ ယောက်ျားတွေကို လည်း မိုက်ရိုင်းစွာ တုံ့ပြန်လိမ့်မည် မဟုတ်ပေ။ ကျနော်တို့၏ မိသားစုအတွင်းမှာ "နင် ငါနဲ့ တူသလား တန်သလား" ဆိုသောစကားကို dirty word အဖြစ် ကြေငြာထားမည်ဟု စိတ်ကူးမိပါသည်။ ( အိပ်ချင်ပြီ။ နားပါအံ့။)

ရည်ညွှန်း။ ။ http://burmeseclassic.com/showtime3.php?index=ODI5Mg==&d=aW1nL21vdmllLzgyOTIuZ2lm&s=6&p=1&tp=2

8 comments:

  1. အဲ့ဒါကြောင့်မြန်မာဇာတ်ကားတွေမကြည့်တာ နှစ်အတော်ကြာပေါ့

    ReplyDelete
  2. အဲ့တာတွေက ဒါပြီးဒါ တွေပါဗျာ စိတ်ညစ်တယ် တစ်ခါခါ ကြည့်ရတာ ခံစားလို့ကိုမရတာ ....။

    ကြိုးတန်းဆိုတဲ့ ကားလေးကြည့်ပြီးပလား မကြည့်ရသေးရင် နောက်တစ်ခေါက်လာပြန်ပို့ပေးမယ် ကျနော်တို့ မြန်မာကားကို ၃-၄ ခ်ါ ပြန်ကြည့်တာ အဲ့တစ်ကားပဲရှိတယ် အနှစ်ပဲ ။

    word verifrcation ကြီးဖြူတ်ပေးပါလားဗျ

    ReplyDelete
  3. @ ကိုမောင်မျိုး။ အဲဒီကား မကြည့်ရသေးဘူး။ အဲ.. အဲလို Advance ကိစ္စတွေ မလုပ်တတ်ဘူးဗျ။ အရပ်ကယ်ပါ လူဝိုင်းပါ လုပ်ကြည့်လိုက်ဦးမယ် လေ..း))

    ReplyDelete
  4. http://www.youtube.com/watch?v=pnHxZ68y5OA

    11 ပိုင်းရှိတယ်ဗျ ကြည့်ကြည့် ။

    ReplyDelete
  5. @ ကို မောင်မျိုး။ word verification ကို no လုပ်ထားပြီးပါပြီ။ ( မလေးဆီကတောင် အကူအညီ တောင်းထားမိသေးတယ်။ ) youtube ရုပ်ရှင် link အတွက် ကျေးဇူးပါ..။

    ReplyDelete
  6. စမ်းကြည့်တာ... ကိုမောင်မျိုးလို့မခေါ်ပါနဲ့ဗျာ နေရခက်တာ ။

    ReplyDelete
  7. ရုပ်ရှင်တွေကို ခုလို ပွင့်ပွင့်လင်းလင်းဝေဖန်ရင်း တွေးစရာလေးတွေ ပေးသွားတဲ့ ပိုစ့်လေးပါ။ မြန်မာ့ရုပ်ရှင်တွေမှာ အရိုးစွဲနေတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေ ကြည့်ရတာ ငြီးငွေ့နေပြီမို့ မကြည့်ဖြစ်တာ ကြာခဲ့ပြီ။
    အသစ်တွေ မဖောက်ထွက်နိုင်သရွေ့ ရုပ်ရှင်လောက တိုးတက်လာဖို့ မမြင်သေးဘူးထင်မိတာပါဘဲ

    ReplyDelete
  8. နာကို ထောင်တန်တွေပေးကြည့်ပါလား..ယူထားပလိုက်မှာ..

    ဟီး....

    ReplyDelete