Wednesday, June 22, 2011

အပစ်ရပ်သွားသော အေကေ-၄၇ တလက် ( My Birthday Resolutions )

"I can't control time, but I can influence the manner in which it passes.
I'll make this year awesome." [ Anonymous ]

ဘလော့ဂါ၊ ကဗျာဆရာ အကိုအောင်သာငယ်က သူ ၄၇ နှစ် ပြည့်ခဲ့စဉ် ရေးတဲ့ ကဗျာတပုဒ်မှာ သူ့ကိုယ်သူ အေကေ-၄၇ သေနတ် တလက်ဖြစ်လေဟန်ရေးထား တာကို ဖတ်မိ၊ ကြိုက်မိလို့ အေကေ-၄၇ ဆိုတဲ့ စကားလုံး လေးကို ကျနော် ငှားသုံးထားပါတယ်။ ဟုတ်ကဲ့..။ ကျနော်လည်း ဒီနေ့ ( ဇွန် ၂၂ ၊ ၂၀၁၁ ) မှာ (၄၇)နှစ် ပြည့်ခဲ့ ပါပြီ။ ကျနော် ဒီနေ့ ဟောဒီ Birthday Resolutions တွေကို ချဖြစ်ပါတယ်။ ( အရင်က အတွေ့အကြုံတွေအရ ကိုယ့်ဖာသာကိုယ် လူမသိသူမသိ resolutions တွေချထားရင် ဖောက်ဖျက်ချင်တဲ့အချိန်မှာ ကိုယ့်ဖာသာကိုယ် ဆင်ခြေတွေပေးပြီး ဖောက်ဖျက်မိတတ်လို့ အခု ဒီနေရာကိုလာတဲ့ မိတ်ဆွေတွေကို သက်သေနေရာမှာထားပြီး နောင် ကိုယ့် စကား ကိုယ် မဖောက်ဖျက်မိအောင် အဲဒီ resolutions တွေကို လူသိရှင်ကြား ကြေငြာနေခြင်း ဖြစ်ပါတယ်။း)


၁။ ဒီနေ့က စလို့ ကျနော် သက်ဆုံးတိုင်ထိ အရက်သေစာ သောက်စားခြင်းကို ရှောင်ကြဉ်သွားမယ်။
( ဒီတခါ တော့ တကယ်ပါ။ အဲဒါကြောင့် အများသိအောင် မောင်းခတ်ကြေငြာ ဝံ့တာပါ။ ကျနော့်ရဲ့ ကျန်းမာရေး အတွက်နဲ့ ရှေ့လျှောက် အားစိုက်ပြီးလုပ်ရ ကိုင်ရဦးမဲ့ အလုပ်တွေအတွက်ပါ။ ဒါကြောင့် နောင်များ ကျနော့်ဆီ က အရက် post မမျှော်လင့်ပါနှင့်တော့း))

၂။ ဒီနေ့က စလို့ သတိနဲ့နေတဲ့ အလေ့အကျင့်ကို ထူထောင်သွားမယ်။ [ မဂ်၊ ဖိုလ်၊ နိဗ္ဗာန် လိုချင်လို့၊ အဲဒီအတွက် အထောက်အပံ့ ဖြစ်စေချင်လို့ လုပ်မှာတော့ မဟုတ်ပါဘူး။ ဒီနေရာမှာ စကားစပ်မိလို့ ပြောရရင် ကျနော်က အခု Buddhist အစစ်တယောက်လည်း မဟုတ်တော့ဘူး နဲ့တူပါတယ်။ ဗုဒ္ဓရဲ့ ကမ္မနိယာမ ( Law of Karma: "Any action ( cause ) has an equal effect." ) ကို ယုံကြည်နေသေးပေမဲ့ I'm not supposed to end my Samsara because I myself didn't start it. It is "Something" that made me get involved in Samsara, so it is also responsible to end my involvement in Samsara. လို့ဆိုတဲ့ ဂျစ်ကန်ကန် အတွေး မျိုး ဝင်နေမိပါတယ်။ ဒါကြောင့် သံသရာဝဲဩဂမှ လွတ်မြောက်ရေး အတွက်တော့ဖြင့် ကျနော် ပူပူပန်ပန်မရှိလှပါ။ နောက်ပြီး နောင်ဘဝ ( ကမ္မနိယာမအရ ရှိကောင်း ရှိနိုင်ပါတယ် ) ဆိုတာရှိရင်လည်း ကျနော့်မှာ အတော်အတန် လှပတဲ့ လူ့နှလုံးသား တခုရှိတယ်လို့ ယုံကြည်တဲ့အတွက် ဒီလိုလူ့နှလုံးသားမျိုးနဲ့ နောင် ဘဝမှာ “နွား” သွား မဖြစ်နိုင်ဘူး လို့ယုံကြည်မိပါတယ်။ ( ကျနော် ဒီဘဝမှာ လူလို နေထိုင်ခဲ့တဲ့ကိစ္စ အချည်းနှီးတော့ မဖြစ်တန်ရာ။ ) ဒီကမ္ဘာမြေပြင်ပေါ်မှာ “မြင့်မိုရ် တောင်” မရှိတာ သေချာသလိုပဲ ဒီကမ္ဘာမြေပြင်ရဲ့ အောက်မှာလည်း “ငရဲပြည် ရှစ်ထပ်” မရှိနိုင်တာ သေချာတာကြောင့် ကျနော် ငရဲကျသွားနိုင်တယ် လို့လည်း မပူပန်မိပါဘူး။ ဒါကြောင့် စုစု ပေါင်းလိုက်ရင် နောင်တမလွန်ဘဝနဲ့ ပတ်သက်လို့တော့ဖြင့် ကျနော့်မှာ အပူအပင် မရှိသလောက်ပဲလို့ ဆိုနိုင် ပါတယ်။ ဒီလို မပူပန် တဲ့အတွက် ကျနော့်အဖို့ တမလွန်ဘဝအတွက် စိတ်လုံခြုံမှုရအောင် “တံဆိပ်ကပ်ထားတဲ့ ဘာသာတရား” တခုခုကို မဖြစ်မနေ လက်ဝယ်ကိုင်ထားဖို့လည်း မလို အပ်ပါဘူး။ အခု ကျနော် ဒီ “သတိနဲ့ နေ တဲ့ အကျင့်” လုပ်ချင်တာက What am I doing right now? လောက် သတိလေးကပ်ပြီး secularly, worldly-mined သိနေရုံပါ။ ဒီဘဝအတွက် မလုပ်သင့်တာ မလုပ်မိအောင်၊ လုပ်သင့်တာ လုပ်မိအောင်လို့ပါ။ ခုလို ကျနော့်ရဲ့ ယုံကြည်မှုကို ရိုးသားစွာ ပြောပြရင်း အခြားသူများရဲ့ ယုံကြည်မှုကို ထိခိုက်နာကျင်စေခဲ့ရင် အနူး အညွတ် တောင်းပန်ပါတယ်။ ကျနော်က “ရိုးသားတာဟာ ဘယ်တော့အခါမဆို/ ဘယ်သူ့ထက်မဆို မှန်တယ်” လို့ယုံလို့ ရင်ထဲမှာ ရှိတဲ့အတိုင်း ပြောနေမိတာပါ။ ]

၃။ ဒီနေ့က စလို့ အခြားလူတွေမှာ ကျနော့်ကို ဖက်လှဲတကင်း လှိုက်လှဲဖော်ရွေဖို့၊ ကျနော့်အတွက် တွေးပေးဖို့ တာဝန်မရှိကြောင်း အမြဲတမ်း သတိရနေမယ်။ ( ကျနော်က ကိုယ်ခင်သလောက် ပြန်အခင်မခံ ရရင် ဝမ်းနည်းသလို ရှိတတ်လွန်းလို့ ဒီလိုစိတ်မျိုး လေ့ကျင့် မွေးမြူထားမှ ဖြစ်ပါမယ်။ I'm so childish :)

၎။ ဒီနေ့က စလို့ သမ္မာအာဇီဝကျကျ ငွေကြေးချမ်းသာနိုင်မဲ့ နည်းလမ်းများကို လိပ်ပြာသန့်စွာ ကြံဆ တွေးတောနေမယ်။ ( ကျနော် အသက် ၆၀ ပြည့်ဖို့ နောက် ၁၃ နှစ်ပဲ လိုပါတော့တယ်။ ဒါကြောင့် ယခင်က ငွေ ကို ငမ်းငမ်းတက်ဖြစ်ရမှာ ရှက်သလိုရှိလှတဲ့ attitude မျိုးရှိခဲ့တာကို ပြန်လည်သုံးသပ်ပြီး၊ ကျနော့်ရဲ့ နောင်ရေး (အိုစာနာစာ) အတွက် ဒီဆယ်စုနှစ်ထဲမှာတော့ ငွေကို ငမ်းငမ်းတက် မဟုတ်တောင် အာရုံစိုက်ပြီး ရှာဖွေဦးမှလို့ တွေးလာရပါတယ်။ ကျနော်က တယောက်တည်း အိုရမဲ့သဘော ရှိပါတယ်။ တကိုယ်တည်း အဖိုးကြီး အနေနဲ့ လက်ထဲမှာငွေရှိနေရင်များ materially secured ဖြစ်မလားလို့ပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော် နောင် ဘဝကိစ္စနဲ့ ပတ်သက်ပြီး emotionally stable ဖြစ်သလောက် အခုဘဝအတွက် ကိုယ့်နားမှာ အဖော်အလှော် ( အဖွားကြီး ) တယောက်မရှိဘဲနဲ့ အိုမင်းရမဲ့ ကိစ္စ တွေးမိတိုင်းတော့ insecured ဖြစ်မိပါတယ်။ ဟင်း..ဟင်း.. ဖွန် ကြောင်ချင်သေးတား))

၅။ ကျနော် မြန်မာပြည်အတွက်၊ humanity အတွက် တခါမှ၊တခုမှ dedicate မလုပ်ဖူးတာမို့ တခုခု လုပ်ပေးချင် တဲ့စိတ်နဲ့ အိပ်မက်တချို့ကို မနေ့ကအထိ သယ်ပိုး ထားခဲ့ပါတယ်။ ဒါပေမဲ့ ကျနော်ဟာ ခါးမသန်ဘဲ တောင်ကြီး ကို ဖြိုမယ်လို့ မာန်ကြီးနေတဲ့ ခါချဉ်ကောင်တကောင် မျှသာဖြစ်တယ်ဆိုတာ ကြာလေ ကြာလေ ထင်ရှား လာတဲ့ အတွက် ကာလအတန်ကြာ ထမ်းပိုးလာခဲ့တဲ့ ကျနော့်ရဲ့ အိပ်မက် များကို ဒီကနေ့ ရင်နာနာနဲ့ လွှတ်ချလိုက် ပါ တယ်။ ( အဲဒီအိပ်မက်တွေက ဘာတွေလဲဆို တာ ကျနော်နဲ့ ခင်မင်တဲ့ မိတ်ဆွေတွေ သိကြပါလိမ့်မယ်။)

[P.S: ကျနော့် ဘာသာရေး အယူအဆများနှင့် ပတ်သက်၍ “ကျနော်ကတော့ အဲသည်လို ဖြစ်နေပါကြောင်း” ရိုးသားစွာ ပြောပြခြင်းမျှသာ ဖြစ်ပါသည်။ ကျနော့် အယူအဆ မှန်နိုင်သည်၊ မှားနိုင်သည်ကို ကျနော်သိပြီး ဖြစ်ပါသည်။ ထို့ကြောင့် ကျနော် အယူလွဲနေသည်ဟု (စေတနာဖြင့်) မထောက်ပြကြပါရန် အနူးအညွတ် ကြိုတင် တောင်းပန်ထားလိုပါသည်။ အကြောင်းမှာ အများပြည်သူတွေ ကိုးကွယ်နေကြသော ဘာသာတရားများနှင့် ပတ်သက်၍ ကျနော် အကျယ် အကျယ် အပြန်အလှန် မဆွေးနွေးလိုသော ကြောင့်( သာ ) ဖြစ်ပါသည်။ ]

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ပြည်ကောင်းအောင်
၆/ ၂၂ / ၂၀၁၁

5 comments:

  1. မြစ်ကျိုးအင်းJune 23, 2011 at 4:59 AM

    happy birthday ပါဗျာ... ပျော်ရွှင်ဖွယ်ရာမွေးနေ့ဖြစ်ပါစေ..။
    ကြံစည်လုပ်ကိုင်ထားတာတွေလည်း အောင်မြင်ပါစေဗျာ...

    ReplyDelete
  2. ကျေးဇူး ထူးထူးပဲ ကိုမြစ်ကျိုးရေ..

    ReplyDelete
  3. ကိုအောင်(ပျူနိုင်ငံ)June 23, 2011 at 7:45 AM

    Happy birthday ...

    ReplyDelete
  4. လာလည်ပြီး မွေးနေ့ ဆုတောင်း ပေးသွားတဲ့ အတွက် ကျေးဇူးပါ ကိုအောင်..။

    ReplyDelete
  5. ပျော်ရွင်ပါစေ. ရည်မှန်းချက်များလဲအောင်မြင်ပါစေ. happy birthday!

    ReplyDelete