Monday, January 30, 2012

အမေရိကန် ပညာရေး အကြောင်း ကျနော် သိသမျှ

ကြိုတင် ပြောထားချင်တဲ့ စကား

     လူတွေက အမေရိကန်နိုင်ငံ အကြောင်း ပြောရင် ကြွားတယ်လို့ ထင်တတ်ကြလေ့ ရှိပါတယ်။ တခါ အခု ကျနော် ပြောမှာကလည်း သူသိငါသိ အမေရိကန်နိုင်ငံ အကြောင်း မဟုတ်ဘဲ “အမေရိကန်ပညာရေး အကြောင်း” ဖြစ်နေလေတော့ ပညာတတ်ကြီးလိုလို ဘာလိုလို လုပ်နေသလိုရှိတာမို့ ကျနော့်ပညာက ဘာမှမဟုတ်ကြောင်းကို အရင်ဦးဆုံး ပြောထားချင်ပါတယ်။ ဒီမှာ ကျောင်းကြီး ကျောင်းကောင်းတွေ ကနေ MBA တွေ၊ Ph.D တွေ ရကြတဲ့ သူ တွေ ရှိကြပါတယ်။ သူတို့ကိုတော့ အနောက်တိုင်း ပညာတတ်တွေလို့ ခေါ်နိုင်ပါလိမ့်မယ်။ အဲဒီ ပညာ တကယ် တတ်ကြတဲ့ အုပ်စုထဲ ကျနော် မပါပါဘူး။ ဒီလိုကြိုပြောထားမှ ကျနော် ကြွားချင်စိတ်နဲ့ ပြောနေတာ မဟုတ်ကြောင်း ( အနည်းဆုံး ကိုယ့်ကိုယ်ကိုယ် ) ယုံကြည်လို့ ရပါလိမ့်မယ်။ ကျနော် နာမည်ကြီးတက္ကသိုယ် တခုခုမှာ မဟာဘွဲ့ ( Master ) တက်နေတာ မဟုတ်ပါဘူး။ ပါရဂူဘွဲ့ ( Doctorate ) လုပ်နေတာလည်း မဟုတ်ပါဘူး။ အနည်းဆုံး လောလောဆယ် ရိုးရိုးဘွဲ့ ( Bachelor’s degree ) တခုအတွက် ကျောင်းတက်နေတာတောင် မဟုတ်ပါဘူး။ ကျနော်ဟာ ဟိုးအရင် ၁၉၈၀ ဝန်းကျင်လောက်က ကျနော်တို့ နိုင်ငံမှာ ရှိခဲ့ဖူးတဲ့ “ဒေသကောလိပ်” နဲ့ ခပ်ဆင်ဆင်တူတဲ့ ကောလိပ်တခုမှာ တက်နေသူ တယောက်မျှသာ ဖြစ်ပါတယ်။ အဲဒီလို ကျောင်းမျိုးကို ဒီမှာ “Community College” လို့ ခေါ်ကြပြီး မြို့တိုင်းမှာ ရှိပါတယ်။ အစိုးရက subsidize လုပ်ပေးထားပုံရပြီး အမေရိကမှာ ဈေးအပေါ ဆုံး ကျောင်းတွေပါ။

     ဒီလို ကျောင်းမျိုးတွေက AGTI လောက်နဲ့ တူညီမဲ့ နှစ်နှစ်ဘွဲ့ ( Associate degree ) ကိုပေးပါတယ်။ ဒီကျောင်းက ရတဲ့ရမှတ် ( credit hours ) ကို နောက်တက်မဲ့ တက္ကသိုလ်တခုခုကို သယ်သွားလို့ရပြီး အဲဒီမှာ တတိယနှစ်လေက်က စ တက်ရပါတယ်။ ဒါပေမဲ့ ကျောင်းသား ငယ်ငယ်နုနုထွတ်ထွတ်၊ ပိုက်ဆံရှိသားသမီးတွေက ပထမနှစ်ကတည်းက ဟားဗတ်လို၊ ယေလ်းလို တက္ကသိုလ် အကောင်းစားတွေ၊ ဒါမှ မဟုတ် local univerrsity တွေကို သွားတက်ကြ ပါတယ်။ ဒီ Community College ကျောင်းတွေမှာတော့ ငယ်ငယ်တုန်းက ကျောင်းမပြီးဘဲ အလုပ်ခွင်ထဲ ရောက်သွားခဲ့ပြီး အခုမှ သားသမီးတွေ ကြီးကုန်ကြပြီမို့ ကျောင်းပြန်တက်၊ ဘွဲ့ကလေးတခုလောက် လိုချင်တဲ့ အသက် ၄၀- ၅၀ အရွယ် ယောက်ျား/ မိန်းမတွေ၊ ဒါမှမဟုတ် အခုလုပ်နေတဲ့ အလုပ်မှာ သက်ဆိုင်ရာအလုပ်ကို ကျွမ်းကျင်ကြောင်း certificate တခု ပြချင်တဲ့ ၃၀- ၄၀ တွင်း အလုပ်သမား လူတန်းစားတွေ၊ မိဘက ဟားဗတ် ပို့နိုင်လောက်အောင် သိပ်ကျိကျိတက် မချမ်းသာလှတဲ့ ( ၁၂ ) တန်းအောင်ပြီးစ အသက် ၂၀ ဝန်းကျင် လူငယ်တွေသာ မျှပြီး တက်ကြပါတယ်။ ဘဝသမားတွေ တက်တဲ့ ကောလိပ်ကျောင်း လို့ ဆိုနိုင်ပါတယ်။ ကျနော်လည်း အသက် ၄၀ ကျော်ပါပြီ။ ဒါပေမဲ့ ကျနော်တို့ကျောင်းမှာ ကျနော့် အသက်အရွယ်လောက် ရှိတဲ့ ယောက်ျား မိန်းမတွေ အများကြီးမို့ ကိုယ့်ကိုယ် ကိုယ် အထူးအဆန်းလို မခံစားရပါဘူး။ ဒီလို ကျောင်းမျိုးမှာ အနိမ့်ဆုံး အဆင့်မြင့်ပညာကို တက်နေ တဲ့သူက ဘာမှ ကြွားလောက်စရာ မရှိပါဘူး။

     နောက်တချက်က ကျနော်ဟာ မြန်မာပြည်က အမေရိကကို passport နဲ့ လာနိုင်တဲ့ လူတန်းစား ထဲက မဟုတ်ပါဘူး။ ဆိုလိုတာက ကျနော်ဟာ မြန်မာပြည်မှာတုန်းကလည်း ချမ်းသာတဲ့ မိသားစုထဲက မဟုတ်ပါဘူး။ ဒီ အမေရိကမှာလည်း တလတလ ဘာမှ ငွေပိုငွေလျှံ မထွက်သူ၊ make money မလုပ်နိုင်သူ ရရစားစား တယောက်မျှသာ ဖြစ်ပါတယ်။ Make money မလုပ်နိုင်ရတဲ့ အကြောင်းရင်းကတော့ ဒီလိုပါ။ ဒီနေရာမှာ ဇာတ်ရည်လည်ဖို့အတွက် ကျနော့်အကြောင်းကို နည်းနည်း ပြောဖို့လိုအပ်တယ်လို့ ထင်တဲ့ အတွက် ကျနော့် အကြောင်း နည်းနည်းလောက် ပြောပြပါရစေ။ ( ကျနော်နဲ့ ရင်းနှီးတဲ့သူတွေကတော့ ဒီအကြောင်းတွေကို သိကြပါတယ်။ ) တောသူတောင် သား ဆင်းရဲသားတယောက်ပဲ ဖြစ်တဲ့ ကျနော်ဟာ အသက် ၁၈ နှစ်၊ ၁၉၈၂ - ခုနှစ်မှာ ( ၁၀ တန်း မအောင်လို့ ) တပ်ထဲ ဝင်သွားခဲ့ တာ နှစ်နှစ်အကြာ ကျနော့် အသက် ၂၀၊ ၁၉၈၄ - ခုနှစ်မှာ မိုင်းထိပါတော့တယ်။ ကျနော်ထိခဲ့တဲ့ မိုင်းက တော်တော်ကြီးပုံရပြီး  ကျနော်ရခဲ့တဲ့ ဒါဏ်ရာကလည်း တော်တော် ဆိုးပါတယ်။ ကျနော့် ညာဖက်လက် ( လက်ကောက်ဝတ် အထက် ) နဲ့ ညာဖက် ခြေထောက် ( ဒူးအထက် ) တွေကို ဖြတ်တောက် လိုက်ရပါတယ်။ ၂ နှစ်လောက် အကူ စစ်သားတယောက်ရဲ့ အကူအညီနဲ့ တွန်းလှည်းနဲ့ သွားလာ လှုပ်ရှားနေခဲ့ရပြီး တရက်မှာတော့ ချိုင်းထောက် တချောင်းတည်းနဲ့ သွားနည်း စမ်းကြည့်တာ အောင်မြင်သွားပါတယ်။ ကျနော် အရင်တုန်းက အလေးအပေါ့ သွားတာကအစ သူတပါးကို မှီခို ( dependent ဖြစ် ) နေရတာကနေ အခု သွားလာလှုပ်ရှားမှုကို မိမိဖာသာ ပြုနိုင်တော့မယ် ( independent ဖြစ်ပြီ ) လို့ သိလိုက်ရတဲ့ အဲဒီနေ့က ကျနော် ဘဝသစ်တခုကို ရလိုက်သလို အတော်ပျော်ခဲ့တာကို အခုထိ မှတ်မိနေပါသေးတယ်။

     ဒီလိုနဲ့ “ငါ အခုလို ကျိုးနေပုံနဲ့ ၁၀ တန်းလောက်တော့ အောင်ထားမှ ဖြစ်မယ်” ဆိုပြီး ကျနော် အပြင်ကနေ ၁၀ တန်း ပြန်ဖြေဖို့ ကြိုးစားပါတယ်။ ပထမဦးဆုံး ဘယ်ဖက်လက်နဲ့ စာရေးကျင့်ပါတယ်။ အဲဒီနှစ် ( ၁၉၈၇ ) က ဆယ်တန်းသင်ရိုးသစ် စပြောင်းတဲ့ နှစ်ပါ။ သိပ္ပံ ဘာသာတွဲ၊ ဝိဇ္ဇာ ( သင်္ချာ ) ဘာသာတွဲ၊ ဝိဇ္ဇာ ( ရိုးရိုး ) ဘာသာတွဲ လို့ ၃ မျိုး ရှိရာမှာ ကိုယ့် ဘဝပေး အခြေအနေအရ ကျူရှင်မယူရင် လည်း ဖြစ်မယ် ထင်တဲ့ ဝိဇ္ဇာ ( ရိုးရိုး ) ကိုပဲ ယူလိုက်ပါတယ်။ သူက ပင်ရင်းအင်္ဂလိပ်စာ ( “Wuthering Heights” by Emily Bronte ) နဲ့ စိတ်ကြိုက် အင်္ဂလိပ်စာ ( “Great Expectation” by Charles Dickens )၊ ပင်ရင်း မြန်မာစာ ( ရေသည် ပြဇာတ်ပါဝင် ) နဲ့ စိတ်ကြိုက်မြန်မာစာ ( မောင်ရင်မောင် မမယ်မ ဝတ္ထု၊ ဥမ္မာဒန္တီပျို့ )၊ ပထဝီနဲ့ သမိုင်း၊ စုစုပေါင်း ဒီ ၆ ဘာသာပါပဲ။ အဲဒီတုန်းက ကျနော် ညဖက် ရှေ့ရေးတွေးမိပြီး အိပ်မရတိုင်း text book တွေကို အလွတ်နီးပါးလောက်ရအောင် ကျက်လိုက်တာ  ညတာဝန်မှူးကျတဲ့ ကျနော်တို့တပ်က တပ်ထောက် ဗိုလ်ကြီးခမျာ “မင်း ဒီနှစ် အောင်မှာပါကွာ။ ဒီလောက် အိပ်ရေးပျက် မခံပါနဲ့” လို့ လာတားရှာပါတယ်။ ကျနော် ကျောင်းစာအုပ်တွေ ဘာတွေ ဝယ်ချင်လို့ မြို့ ထဲသွားချင်ရင်လည်း တပ်ကကားတွေနဲ့ လိုက်ပို့ ပေးပါတယ်။ အကျဉ်းချုပ်လိုက်ရင် ကျနော် အဲဒီနှစ်က ( ၁၀ ) တန်းအောင် လိုက်ပါတယ်။ အဲဒီနှစ် တနိုင်ငံလုံး အောင်ချက် ရာခိုင်နှုန်းက ၉ % ကျော်လောက် ရှိတယ်ဆိုတာကို မှတ်မိနေပါတယ်။  

     နောက်နှစ် ( ၁၉၈၈ တပ်က အာဏာ မသိမ်းခင်) မှာ ကျနော့်ကို မန္တလေး မီးရထားမှာ “ညစောင့်” အလုပ်တခု ပေးပြီး တပ်က ထွက်စေ ပါတယ်။ အဲဒီ မန္တလေးမှာ အဝေးသင် တက်ရင်း ၁၉၉၅ မှာ စိတ်ပညာနဲ့ ဘွဲ့ ရခဲ့ပါတယ်။ ကျနော်က မိမိဆီမှာ စွဲကပ်နေတဲ့ inferiority, depression, frustration တွေကို ကိုယ့်ဖာသာ ဘယ်လို ကုစားလို့ ရမလဲလို့ စိတ်ပညာကို ယူခဲ့တာပါ။ ဆိုတော့ စာမေးပွဲ အောင် ရုံလောက် မဟုတ်ဘဲ စိတ်ပညာကို overall လောက် တကယ်သိချင်တာမို့ textbook တွေကို တခါပြန်၊ နှစ်ခါပြန် ဖတ်ပါတယ်။ ဒါကြောင့် ကျနော် စိတ်ပညာနဲ့ ပတ်သက်လို့သိတာ day ကျောင်းသားတွေ သိတာထက် မနိမ့်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တခု ရှိပါတယ်။

     မန္တလေးမှာ နေခဲ့ရတဲ့ ၆-၇ နှစ်မှာ ဘွဲ့ရတာထက် ပို မြတ်ခဲ့တာက တော့ ဒီ ၆-၇ နှစ် စလုံး တနေ့ စာအုပ် တအုပ်ကျလောက်စီ ဖတ်ဖြစ်ခဲ့တာပါပဲ။ ကျနော် ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ သိပ္ပံမောင်ဝ၊ ဆရာမြသန်းတင့် စီးရိစ်း ( စစ်နှင့် ငြိမ်းချမ်းရေး၊ လေရူးသုန်သုန်၊ ခန်းဆောင်နီ အိပ်မက်၊ ရွှေပြည်တော် မျှော်တိုင်းဝေး၊ သုခဘုံ၊ ဓါးတောင်.. စသည်ဖြင့် )၊ ဂျာနယ်ကျော်မမလေး၊ ပါရဂူ၊ လူထု ဦးလှ၊ လူထု ဒေါ်အမာ၊ မောင်သာရ၊ မိုးမိုး ( အင်လျား)၊ နုနရည် ( အင်းဝ ) ဂျူး၊ စသူတို့ကို ဒီလ ဘယ်ဆရာ့လ ဆိုပြီး အဲဒီမန္တလေးမှာနေတုန်းက ညစောင့်လုပ်ရင်း ဖတ်ဖြစ်ခဲ့ပါတယ်။ မှတ်မိသေးတာက ကျနော် ဆရာပါရဂူရဲ့ “စိတ္တရ လေခါ” ကို ဖတ်ပြီး free thinker တယောက် ဖြစ်သွားတာပါပဲ။ ဂျာနယ်ကျော်မမလေးရဲ့ “သူ့လိုလူ” ကို ဖတ်ပြီး “ငါ ဖြစ်ချင်တာ သတင်းစာသမား ( journalist ) တယောက်ပဲ” လို့ သိလာပါတယ်။

     ရယ်စရာတခု ပြောရရင် ကျနော့် B.A ( Psychology ) ဘွဲ့က အရင်တုန်းကတော့ ညစောင့် အလုပ်တခုလောက် ရရှိရေး အတွက်တော့ အသုံးဝင်လေ့ရှိပါတယ်။ ကျနော်က sensitive ဖြစ်လေ့ရှိသူမို့ တနေ့ အခန့်မသင့်လို့ မန္တလေးမီးရထား ( တွဲပြင်ရုံညစောင့်ပါ၊ လက် မှတ်ရောင်း မဟုတ်ပါဘူးး)) က ထွက်လိုက်ပြီး မန္တလေးစည်ပင်ကို ကျောင်းက အထောက်အထားတွေဘာတွေနဲ့ “အလုပ်တနေရာ ( မည်သည့် အလုပ်မဆို) ခန့်ထားပေးပါရန်” ဆိုပြီး လျှောက်လိုက်တာ ဈေးချိုမှာ ညစောင့် ( နေ့ခင်းပိုင်းမှာ စည်းကမ်း ထိမ်းသိမ်းရေး ) ခန့်ပေးပါတယ်။ ဒီလိုနဲ့ ၁၉၉၆ လောက်ထိ မန္တလေးမှာ နေခဲ့ပြီး ( skip လုပ်လိုက်မည် ) ၂၀၀၄ မှာ ထိုင်းနိုင်ငံကို ထွက်လာခဲ့ပါတယ်။

     ထွက်လာဖြစ်ပုံက မြန်မာပြည်မှာ ကျနော်ရတဲ့ မစွမ်းမသန် လစဉ်ပင်စင်က ၄၀၀ ကျပ်ပါ။ ဒီငွေပမာဏဟာ အဲဒီတုန်းက လဘက်ရည် ၂ ခွက်ဖိုးလောက်ပဲ ရှိတာပါ။ ကျနော် ၂၀၀၄ လောက်တုန်းက အလုပ်လက်မဲ့ ဖြစ်နေလို့ ရန်ကုန်မှာ ရုပ်ရှင်ဇာတ်ညွှန်းရေး ဆရာ၊ ဗေဒင် ဆရာ ဖြစ်လာမလားလို့ ကြိုးစားကြည့်လိုက်ပါသေးတယ်။  နည်းနည်းလောက် အားထည့်လိုက်ရင် အောင်မြင်နိုင်မယ်မှန်း သိပါတယ်။ ဒါပေမဲ့ နှစ်ခုစလုံးမှာ ကျနော် မပျော်ပိုက်ပါဘူး။ ( ရုပ်ရှင်လောကမှာ တနေ့တနေ့ ကိုယ့်တူမအရွယ် မင်းသမီးရူးလေးတွေ/ မင်းသမီး အစစ်တွေ ဖြစ်ချင်တိုင်း ဖြစ်နေကြတာကို ဘာမှ မဖြစ်သလို ထိုင်ကြည့်နေရပြီး၊ ဗေဒင်လောကကတော့ သေးတဲ့အမှုကို ကြီးအောင်လုပ်တဲ့ လိမ်ညာမှု လို့ ခံစားရပါတယ်။ ) ဒါနဲ့ဦးပိုင်က ပိုင်တဲ့ ပါရမီကားကွင်းတို့၊ စစ်မှုထမ်းဟောင်း ဌာနချုပ်တို့မှာ အလုပ်ရနိုင်မလား သွားစုံစမ်း ကြည့်ပါတယ်။ ဒါပေမဲ့ သူတို့ပြောတာက “အလုပ်တွေတော့ မရှိဘူး မဟုတ်ပါဘူး။ ဒါပေမဲ့ ဥပဓိရုပ်လိုတဲ့ အလုပ်မျိုးတွေ၊ မင်းလို disable တယောက်နဲ့ မကိုက်ဘူးကွ” ဆိုတာမျိုးတွေ ဖြစ်ပါတယ်။ ( မြန်မာပြည်မှာ လူတယောက်ရဲ့ “personality” ကို “ဥပဓိရုပ်” လို့ ဘယ်သူက စ ဘာသာပြန်တယ်မသိဘူး။ စိတ်ပညာသင်ဖူးတဲ့ ကျနော့်အဖို့ အဲဒါကြီးက တော်တော် နားဂွကျလှတယ်။ ဒါပေမဲ့ မြန်မာ အငြိမ်းစား ဗိုလ်ချုပ်တွေကအစ “personality” ဆိုတာ “ဥပဓိရုပ်” လို့ ထင်နေကြတုန်းပဲ။ )

     အဲဒီတော့ ကျနော် နည်းနည်းလောက် စိတ်မကောင်းဖြစ်ရပြီး၊ ကျနော့်မှာ နဂိုကတည်း ရှိတဲ့ journalism ကို စနစ်တကျ သင်ချင် တဲ့ ရောဂါပိုးကလည်း ထလာတော့ “ ဒါဆိုလည်း ထိုင်းသွားပြီး refugee ( “ဒုက္ခသည်” လို့ ဘာသာမပြန်ချင်ပါ။ “ခိုနားရာလိုအပ်သူ” လောက် ပဲ ခေါ်သင့်တယ် ထင်လို့ပါ ) လုပ်မယ်ကွာ။ ကံကောင်းရင် မသန်စွမ်းသူတွေကို ဥပဓိရုပ် ( ကိုယ်ရည်ကိုယ်သွေး ) ပျက်ယွင်းနေသူရယ်လို့ မထင်တဲ့၊ discriminate မလုပ်တဲ့၊ freedom of press and expression ရှိတဲ့ society တခုကို ရောက်သွားလိမ့်မယ်” လို့ ထွက်လာခဲ့တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ မြန်မာပြည်  ပြန်သွားရင် အဖမ်းခံရလောက် တဲ့ နိုင်ငံရေးလှုပ်ရှားမှု တခုခု ပြုလုပ်ခဲ့ကြောင်း နည်းနည်းပါးပါး အလုပ် ဖြစ်ရုံလောက် လိမ်ပြီး၊ နောက် ၄ နှစ်အကြာ ၂၀၀၈ မှာတော့ လေယာဉ် အကြွေးစီးပြီး အမေရိကကို ရောက်လာခဲ့ပါတော့တယ်။ ဒီရောက်ပြီးမှ လေယဉ်ခ တလ ၃၅ ဒေါ်လာစီ ပြန်ဆပ်တာ အခု ၃ နှစ်လောက်နေတော့မှ အကြွေး ကျေသွားပါတော့တယ်း))
                                  ………………………………………………………………..

ဒီက တက္ကသိုလ်တွေ၊ ကောလိပ်တွေ စတက်ဖြစ်ပုံ

     ကျနော် စရောက်တာ ကင်တာ့ကီ ( Kentucky ) ပြည်နယ်ထဲက Bowling Green ဆိုတဲ့ မြို့ကလေး တမြို့ဆီကိုပါ။ ကျနော် ၂၀၀၈ စက်တင်ဘာလ ( ၉ ) မှာ ရောက်ပါတယ်။ ရောက်ပြီး ၂-၃ ရက်လောက်အကြာမှာ အဲဒီ မြို့မှာ ရှိတဲ့ Western Kentucky University ကိုသွားပြီး “ကျနော် ခင်ဗျားတို့ ကျောင်းမှာတက်ချင်တယ်။ အဲဒါ ကျနော် ဘာလုပ်ဖို့လိုမလဲ” လို့ သွားမေးပါတယ်။ မြန်မာပြည်က ဘွဲ့လက်မှတ်လည်း ယူသွားပါတယ်။ ဒီမှာ ကြားဖြတ် ပြောရရင် ဒီကို ရောက်နေတာ ၁၀-၁၅ နှစ်လောက် ကြာနေပြီ ဖြစ်တဲ့သူတွေက သူတို့ပဲ ဒီက အကြောင်း၊ အခြေအနေတွေကို အသိဆုံး လို့ ( သဘာဝကျစွာ ) ထင်တတ်ကြပါတယ်။ ဒါကြောင့် ဒီက တက္ကသိုလ်တွေကို တက်ချင်ရင် အရင်ဆုံး GED ဖြေဖို့ မစဉ်းစားဘဲ၊ ပြီးတော့ အင်္ဂလိပ်လို Notarized လုပ်မထားတဲ့ မြန်မာဘာသာနဲ့ ဘွဲ့လက်မှတ်ကို အားကိုးတကြီး လုပ်နေတဲ့ ကျနော့်ကို အဲဒီမြို့က မြန်မာ Refugee Office case manager က ( မတန်မရာကိစ္စကြီး တခုကို လုပ်နေသလို ) အမြင်ကတ်၊ လှောင်ပြောင်၊ ရယ်သွမ်းသွေးပါတယ်။ “မဟုတ်ဘူးအကို၊ မြန်မာပြည်က ဘွဲ့လက်မှတ်ကို လိုလိုမယ်မယ် အနေနဲ့သာ ယူသွားမှာပါ။ ကျနော်က GED, SAT တွေ အောင်ဖို့ တကယ်ကို လိုအပ်သလား၊ အခြားနည်း ရှိသလား၊ သေချာသိချင်တာက အဓိကပါ” လို့ ပြောတာလည်း သူက အခြားလူတွေရှေ့မှာ ကျနော့်ကို လူထူးလူဆန်းလို ပြော နေတုန်းပါပဲ။

     ဒီလိုနဲ့ Western Kentucky University ( WKU ) Admission Office က “အရင် ဘွဲ့တခု ရှိရင် အခု ယူမဲ့ ဘွဲ့က ဒုတိယမြောက် ဘွဲ့တခုကိုယူမှာဖြစ်လို့ ၁၂ တန်း ( အထက်တန်း ) အောင်ပြီး အသစ်စက်စက် ပထမ နှစ်တက်လာတဲ့ ကျောင်းသားတွေ ( မိဘဝင်ငွေ တလ ၃၀၀၀ အောက် ?) သာ ရခွင့်ရှိတဲ့ တနှစ်လုံးအတွက် ဖက်ဒရယ် အစိုးရက ပေးတဲ့ ပြန်မဆပ်ရတဲ့ ထောက်ပံ့ငွေ ( Pell Gant ) $ 5500 ကိုတော့ ရခွင့်မရှိ၊ အစိုးရ ဆီက ပြန်ဆင်ရမဲ့ ချေးငွေ တနှစ် $ 9500 ( ပထမ နှစ် )၊ $ 10500 ( ဒုတိယနှစ် ) စသည်ဖြင့်.. တွေကိုတော့ လျှောက်ခွင့်ရှိတယ်။ ဒါပေမဲ့ ဒီတိုင်းပြည်ရဲ့ permanent resident ဖြစ်ရမယ်။ မြန်မာပြည်က ဘွဲ့ကို Notarized လုပ် တင်ပြနိုင်ရင် ( ဘွဲ့ရ တယောက် ဖြစ်တဲ့ အတွက် ) GED/ SAT တွေ မလို၊ ငါတို့ကျောင်းက စာတွေ ကို လိုက်နိုင်မယ်၊ မလိုက်နိုင်ဘူး သိချင်လို့ မေးမဲ့ Michigan Test ဖြေရင် လုံလောက်ပြီ” လို့ ပြောလွှတ် လိုက်ပါ တယ်။ အဲဒါနဲ့ ကျနော် Michigan Test သွား ဖြေပါတယ်။ ( ဘာဖြစ်လို့လဲ မသိ ) သင်္ချာ ဖြေဖို့ မလိုအပ်ခဲ့ ပါဘူး။

     အဲဒီ Test က မြန်မာပြည်မှာ အရည်အချင်းရှိတဲ့ ၁၀ တန်းအဆင့်လောက် အင်္ဂလိပ်စာ တတ်ရင် အိုကေပါတယ်။ အမှတ် (၁၀၀ ) ဖိုး နဲ့ Essay တပုဒ် မေးပါတယ်။ ကျနော် နှစ်ခုစလုံးမှာ ၉၀ မှတ် ကျော် လောက်စီ ရတာမို့ တက္ကသိုလ် ဝင်ခွင့် လျှောက်ထားခွင့် ရလိုက်ပါတယ်။ ( ၉၀ မှတ်ရတယ် ဆိုလို့ သိပ် အထင် မကြီးစေလိုပါ။ ဒီမှာက ၇၅ မှတ် ( ၇၀-၈၀ မှတ် ) ဆိုရင် grade ( C ) မို့ - ခပ်ညံ့ညံပါ။ ( ၈၀--၉၀ ) က grade (B) - အသင့်အတင့်တော်၊ ( ၉၀-၁၀၀ ) ကမှ grade A- တော်တယ် - ဆိုပြီး အဆင့် သတ်မှတ်တာမို့ အမှတ် ၉၀ ကျော် ရမှ ဖြစ်ပါမယ်။ အဲဒီ ကျောင်း စရိတ်ကို ပေးနိုင်ဖို့အတွက် Federal Government, Department of Education က စီမံခန့်ခွဲတဲ့ FAFSA application ( for loan ) လည်း တပြိုင်တည်း တင်ထားလိုက်ပါတယ်။

     အဲဒီ Michigan Test ရမှတ်ရယ်၊ ကျနော့် B.A ဘွဲ့ ( made in Burma ) ကို ကိုယ့်ဖာသာကိုယ် word by word အင်္ဂလိပ်ဘာသာပြန်ပြီး ကျနော်တို့ refugee ရုံးက လူကြီးတယောက်ကို လက်မှတ် ထိုးခိုင်းထား တဲ့ Home-made notarized Bachelor’s degree ရယ်ကို တွဲပြီး ကျောင်းဝင်ခွင့် တင်လိုက်တာ  အောင်မယ်.. မြန်မာပြည်က ဘွဲ့ ဆိုပြီး အထင်မသေးကြ စေလိုပါ။ နောက် ၃ လလောက် နေတော့ ကျနော့်ကို Western Kentucky University က News/ Editorial Journalism ( major ) နဲ့ Spring/2009 semester အတွက် ဝင်ခွင့်ပြုလိုက်ပါသဗျ။ ကဲ.. အခုတော့ ကျနော်က ၂၀၀၉ ဇန်နာဝါရီလမှာ ကျောင်း တကယ်ကြီး သွားသွား တက်နေတာမို့ ဒီမှာ ၁၅ နှစ်လောက် နေပြီးတဲ့ ဟို case manger ကြီးလည်း ကျနော့်ကို စကား မပြောတော့ပါဘူး။ ဒါပေမဲ့ သူ အရင်တုန်းကလိုတော့ မလှောင်တော့ပါဘူးး))

  ကျောင်းစ ဖွင့်တဲ့နေ့မှာ ကိုယ့်ကျောင်းသားနံပါတ်နဲ့ Student ID တခု ရပြီးသွားပြီ ဆိုရင် လိုအပ်တဲ့ စာအုပ်စာတမ်းတွေကို ကျောင်းက Book Store မှာ အကြွေးဝယ်ခွင့် ရှိသွားပါတယ်။ ကွန်ပြူတာသုံးချင်ရင်၊ print လုပ်ချင်ရင်လည်း အဲဒီကဒ်ကို swipe လုပ်ရုံပါပဲ။ ဒီကျောင်းက တပါတ်မှာ ၃ နာရီလောက် သင်တဲ့ ( 3 credit hours ) တဘာသာကို ဒေါ်လာ ၁၀၀၀ စီလောက် ( ပဲ ) ပေးရလို့ ကျောင်းလခ သက်သာတယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် Texas က လူတွေတောင် လာတက်နေကြတာ တွေ့ပါတယ်။ အဲဒါက ကျနော် ပထဦးဆုံး တက်ခဲ့တဲ့ ကျောင်း အကြောင်းပါ။ အဲဒီနှစ်က ကျနော် loan $ 9500 ရတာမှာ ကျောင်းလခ ၄ ဘာသာဖိုး ( ဒေါ်လာ ၄၀၀၀ ) ကျော် ကို နှုတ်ပြီး ကျန်တဲ့ ၅၀၀၀ လောက်ကို ကျနော့်ဆီ လွှဲပေးပါတယ်။ အဲဒီ ငွေထဲက ကျနော် ကားမောင်း ကျင့်ချင်လို့ ဒေါ်လာ ၁၈၀၀ နဲ့ ကားဟောင်းကလေး တစီး ဝယ်လိုက်ပါ သေးတယ်။ နောက်တော့ ကားအမောင်း စသင်တဲ့ နေ့မှာပဲ သစ်ပင်တပင် ဝင်တိုက်မိလို့ ကားမောင်း ဖို့ ကြောက်သွားတာ အခုထိ နောက်ထပ် မသင် ဖြစ်တော့ပါဘူး။

     ဒီနေရာမှာ ကြုံလို့ ပြောရရင် ကျနော်က မသန်စွမ်းတဲ့အတွက် အလုပ်မလုပ်နိုင်ဘဲ ငတ်နေမှာစိုးလို့ သက်ကြီးရွယ်အို နဲ့ မသန်စွမ်း သူတွေ(တိုင်း) ကို ထောက်ပံ့တဲ့ Federal Government’s Social Security Fund ထဲက ( ပြီးခဲ့တဲ့ နှစ်အထိ $ 674/ month ) ဒီနှစ် ၂၀၁၂ က စပြီး $ 698/ month ရပါတယ်။ နောက် ပြည်နယ် အစိုးရတွေဆီက အစားအစာ ဝယ်ယူခွင့် ကဒ်ပြား ( Foodstamp ) $ 200 ဝန်းကျင် ခန့် ရပါတယ်။ အဲဒါက အိမ်လခ၊ ထမင်းလခ၊ ဖုန်းခ၊ အင်တာနက်ခနဲ့ တလတလ သုံးစရာ အတွက် ကွက်တိလောက်ပဲ ဖြစ်ပြီး ကားဝယ်နိုင်လောက်အောင် ငွေ မပိုလျှံပါဘူး။  ကျနော့်တိုင်းပြည်မှာ ပင်စင်လစာ တလ ၄၀၀ ကျပ် ( အမေရိကန်ငွေ ငါးမူးခန့် ) ပဲ ရခဲ့တဲ့လူက ဒီမှာ အီရတ်တွေ ဘာတွေလည်း စစ်သွား မတိုက်ပေးဖူးဘဲနဲ့ တလတလ အချောင် ဒေါ်လာ ၈၀၀ ကျော် ၉၀၀ နီးပါးလောက် စားနေရတာကို  တခါတလေတော့ အမေရိကန် အစိုးရကိုရော၊ သူတို့ ပြည်သူ တွေကိုရော အားနာ၊ သနားမိပါတယ်။ ဒီက အစိုးရ ( ပြည်နယ် အစိုးရ ဖြစ်မယ် ) တွေက သူတို့ ကျောင်းသားတွေကို သူငယ်တန်း လောက်ကတည်းက အိမ်တိုင်ရာရောက် ကျောင်းကားနဲ့ လာခေါ်၊ ကျောင်းမှာ ထမင်းကျွေးပြီး ၁၂ တန်းထိ ထားပေးခဲ့ရတယ်။ ဒီ အတက်တန်း ကျောင်းသားတွေ ကောလိပ် တက်ပြန်တော့ လည်း ကျောင်းသားတိုင်း နီးပါး လောက်ကို ( မိဘဝင်ငွေ များလွန်းသူတို့က လွဲလို့ ) တနှစ်ကို Pell Grant $ 5500 စီပေးရပါသေးတယ်။ အဲဒါနဲ့ မလောက်လို့ ချေးငွေ တောင်းရင်လည်း ငွေချေးပေး ရသေးတယ်။ သူ့ နိုင်ငံသားတွေဆို ဘာအရေးလဲ။ အခုတော့ ကျနော်တို့လို ( ပြန်လည်း မဆပ်နိုင်လောက်တဲ့ ) ပဝတ္တိသား တွေကိုလည်း ငွေ ချေးထားရသေးတယ်။ ကျနော် ပထမဆုံး loan ရတုန်းက ဒီရောက်တာ ၃-၄ လ လောက်ပဲ ရှိသေးတာမို့ permanent resident မဖြစ်သေးပါဘူး။ ကျနော် eligible resident ဖြစ်ကြောင်း၊ နောက်တနှစ်ကြာရင် permanent resident, ၅ နှစ်ကြာရင် citizen ဖြစ်လာမဲ့ အကြောင်း အာပေါက်အောင် ရှင်းပြပြီး ရခဲ့တာ ဖြစ်ပါတယ်။

     ၂၀၀၉ ဇွန်လမှာတော့ ကျနော် အမေရိကန်အရှေ့ခြမ်း Maryland ပြည်နယ် ( Baltimore ) ကိုပြောင်းဖို့ ဖြစ်လာပါ တယ်။ မေရီ လင်း ပြည်နယ် ရောက်တော့ Community College of Baltimore County ( CCBC ) မှာ တက်ဖို့ လုပ်ပါတယ်။ ရှေးနည်းတူ ကျောင်း ကိုသွားပြီး “ကျနော် အရင် WKU မှာ တက်ဖူးတာတော့ ရှိတယ်။ အခု ဒီမှာတက်ချင်တယ်။ ကျနော် ဘာလုပ်ရမလဲ” လို့ မေးပါတယ်။ သူတို့က “အဲဒါတွေက ရှုပ်ပါတယ်။ အခု ဒီမှာ Placement Test ဖြေသွားနိုင်မလား” လို့ မေးတော့ အိုကေ ဆိုပြီး ကျနော် ဖြေလိုက် ပါတယ်။ အဲဒီကျောင်းမှာ မေးတာကတော့ Accuplacer Test ပါ။ English reading, writing, essay နဲ့ Math တွေ ဖြေရပါတယ်။ ဒီ placement test က မြန်မာပြည်မှာ ၂တန်းလောက်ထိပဲ နေဖူးတဲ့သူလည်း သွားဖြေချင်ရင် ဖြေလို့ ရ ပါတယ်။  ကွန်ပြူတာက ဖြေဆိုသူရဲ့ ရမှတ်ကို ထုတ်ပေးရင်း ESOL ( English for Speakers of Other Language ) level ဘယ်လောက် ကို တက်သင့်တယ် ဆိုတာ သတ်မှတ်ပေးပါတယ်။ အဲဒီလူက သူနဲ့တန်တဲ့ အတန်း ( ဥပမာ။ ၂တန်းလောက်ပဲတတ်တဲ့သူက ESOL: level-1 / Elementary level ) ကို တက်ရပါတယ်။

     အဲဒီလူဟာ ကောလိပ်ရှိရာ အဆောက်အဦး ကို ကျောင်းလာလာ တက်ပေမဲ့ သူဟာ ကောလိပ်ကျောင်းသား အဆင့် စာတွေကို လုပ်နေ တာ မဟုတ်လို့ သူ့ကို financial aid မပေးပါဘူး။ College 1st year (ကျားမ မရွေး freshman လို့ခေါ်ပါတယ်။ ) ကစပြီးတော့မှ financial aid ရတာပါ။ ကျနော်ကတော့ ဒီတခါလည်း Accuplacer Test ရဲ့ computerized သတ်မှတ်ပေးချက်အရ ESOL တက်ဖို့မလို၊ college level class တွေ တခါတည်း တန်းတက် နိုင်တယ် လို့ အဖြေ ထွက်ပါတယ်။ သင်္ချာကတော့ College Algebra, Calculus စတဲ့ college level math ကို တန်းယူခွင့် မရှိဘဲ ( ကောလိပ်စာ မဟုတ်လို့ credit မရတဲ့ ) preparing math class တခုကို ယူပြီးတော့မှ ယူရမှာ ဖြစ်ပါတယ်။ အခုတော့ အဲဒီ ပြင်ဆင်မှု အတန်းကို  တက်ခဲ့ ပြီးပါပြီ။ ကျနော်က တယောက်တည်းသမား၊ လုပ်ချင်ရာ လုပ်တတ်တဲ့သူမို့ ပြီးခဲ့တဲ့ နှစ် နွေဦး ရာသီ လောက်မှာ အဲဒီ Maryland ပြည်နယ်ကနေ မိုင် ၃၀၀၀ လောက်ဝေးတဲ့ Oregon ပြည်နယ် ပြောင်းလာခဲ့ပါတယ်။ ဒီရောက်တော့ တခါ Portland Community College ကို “ကျနော် ဘာလုပ်ရမလဲ” လို့ သွား မေးပြန်ပါတယ်။

     သူတို့က “အရင်ကျောင်းက transcript ကိုသာ ဒီကျောင်းကို ပို့ခိုင်းပါ။ ကျနော်တို့ အဲဒီထဲက ယူလို့ရတဲ့ ဘာသာတွေ evaluate လုပ်ပြီး ယူပါ့မယ်။ Entrance Test ဖြေဖို့ မလိုပါဘူး” လို့ ပြောကြပါတယ်။ ဒါက ဘာလို့လဲ ဆိုရင် ကျနော် College level English နှစ်ဘာသာ ( ENG 101, ENG 102 ) ပြီးထားပြီးသားမို့ပါ။ အဲဒါနဲ့ ကျနော် အခု Portland Community College မှာ တက်နေတာ semester နှစ်ခု ရှိပါပြီ။ ကျောင်းတွေက တပြည်နယ် ပြောင်းသွားလိုက်၊ မေဂျာတမျိုး ပြောင်းသွားလိုက် ဖြစ်နေတာမို့ ကျနော် အခုထိ Associate degree မရသေးပါဘူး။ ဒီအတွေ့အကြုံတွေကနေ အောက်ပါအတိုင်း ကောက်ချက်ချ နိုင်မယ်လို့ ထင်ပါတယ်။    

     ( ၁ ) အမေရိက က တက္ကသိုလ်/ ကောလိပ်ဝင်ခွင့်အတွက် GED/ SAT/ GCE ( A/ O level ) တွေ အောင်ထား ရင် ပိုကောင်းနိုင်ပေမဲ့ ဝင်ခွင့်အတွက် လိုကို လိုအပ်တယ်လို့ မဆိုနိုင်ပါ။ ကျောင်း တကျောင်းနဲ့ တကျောင်း မတူတဲ့အတွက် အဲဒီကျောင်းကို ဝင်ခွင့် ရရှိရေးအတွက် ကိုယ် မဖြစ်မနေ ဘာလုပ်ဖို့ လိုအပ်သလဲ ဆိုတာ အရင် မေးသင့်ပါတယ်။

အခြားမှတ်သားဖွယ်ရာ များကတော့-

     (၂) Community College တွေက  ပထဝီ၊ သမိုင်း၊ ဇီဝ၊ ဓါတု၊ သင်္ချာ၊ ဒဿနိက ဗေဒ၊ အစရှိတာတွေ သင်သလို တွင်ခုံ၊ welding ၊ ရေပိုက်ပြင်၊ ကွန်ပြူတာ ဆော့ဖ်ဝဲ အမျိုးမျိုး၊ သူနာပြု၊ ဓါတ်မှန်ပညာရှင် စတဲ့ ထမင်းစား လက်မှတ်ရ ပညာရပ်တွေကိုလည်း သင်ပါတယ်။ ဒီ ကောလိပ်က credit hours တွေကို အခြား တက္ကသိုလ် ကို သယ်ယူ သွားနိုင်တာမို့ ငွေ ဗုံးဗောလအော မသုံးချင်/ နိုင်တဲ့ မြန်မာကျောင်းသားတွေ အနေနဲ့ GED, SAT တွေ မလိုတဲ့ ဒီ ကောလိပ်တွေက နေ စသင့်တယ်လို့ ထင်မိပါတယ်။ ကျနော့်ရဲ့ မြန်မာ B.A( Psychology ) ဘွဲ့ကို ဒီက အစိုးရ အသိအမှတ်ပြု ပညာရေး ဘွဲ့လက်မှတ်များ အကဲဖြတ် အဖွဲ့တခုက တက္ကသိုလ် တတိယနှစ် တက်ရောက်ရန် အဆင့်မီသည်လို့ သတ်မှတ်ပေးပါတယ်။ သူတို့ကို အကဲဖြတ်ခ ဒေါ်လာ ၁၅၀-၂၀၀ လောက်တော့ ပေးရပါတယ်။ ဒါကြောင့် မြန်မာဘွဲ့ အလကားလို့ မထင်ကြ စေလိုပါ။ ( ကျနော်တောင် အခု ဒီက ရတဲ့ credit hours တွေရယ်၊ အဲဒီ မြန်မာဘွဲ့က credit hours တွေရယ် ပေါင်းပြီး တက္ကသိုလ် တခုခုမှာ Bachelor’s degree အတွက် တက်မလားလို့ စဉ်းစား နေပါတယ်။ )

     ( ၃ ) Credit hours ဆိုတာ တပါတ်အတွင်း ကျောင်းတက်ချိန် နာရီပေါင်းကို ပြောတာပါ။ ဒီမှာ ဘာသာရပ် တခုအတွက် နေ့တိုင်း ကျောင်း မတက်ရပါဘူး။ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ ( MWF ) နဲ့ အင်္ဂါ၊ ကြာသပတေး ( T R ) စသည်ဖြင့် တက်ရတာမှာ MWF ရက်တွဲက တနေ့ တနာရီ ကျောင်းတက်ရရင် ၃ ရက် ၃ နာရီ ( 3 credit hours ) ဖြစ်ပါတယ်။ TR ရက်တွဲက တနေ့ ၁း၃၀ နာရီစီ၊ ၂ ရက် ကျောင်းတက်ချိန် ၃နာရီ ဖြစ်နိုင်ပါတယ်။ ( 4 credit hours ဆိုရင် တနေ့ ၂နာရီ တက်ရပါလိမ့်မယ်။ ) စာသင်ရာသီ ( semester ) တခုမှာ စုစုပေါင်း credit hours 6-11 အထိ ယူထားသူက Part time student ဖြစ်ပြီး၊ 12 credit hours ကစပြီး အထက် ဆိုရင် Full time student ဖြစ်ပါတယ်။ ဒီမှာ Full time ကျောင်းသားလောက်ဆိုရင် အပါတ်စဉ် assignment တွေနဲ့ မအားမလပ် ရှိနေတတ်ပါတယ်။ ဥပမာ၊ Textbook ထဲက စာမျက်နှာ ဘယ်လောက်ကနေ ဘယ်လောက်ထိ ဖတ်လာခဲ့ပါ။ နောက်အပတ် တနင်္လာနေ့တိုင်း အဲဒီ ဖတ်စာ ထဲက quiz မေးမယ်လို့ ဆရာ/ ဆရာမ က မှာလိုက်ရင် တကယ် မဖတ်ခဲ့ရင် quiz ဖြေနိုင်မှာ မဟုတ်ပါဘူး။ အဲဒီ အမှတ်တွေက အလကား မဟုတ်ဘူး။ မှတ်ထားပါတယ်။ စာသင်ရာသီ ကုန်ခါနီးမှာ အဲဒီ အမှတ်စုစုပေါင်းရဲ့ 90-100% ရလျှင် Grade A, 80-89% ဆိုရင် Grade B, 70-79% ရရင် Grade C ပါ။ မြန်မာပြည်မှာ 75 မှတ်ရရင် လူတော် ( ဂုဏ်ထူး ) ထွက်တာ ဖြစ်ပေမဲ့ ဒီမှာတော့ အဲဒီ အမှတ်လောက်က ခပ်ညံ့ညံ့ ဆိုတဲ့ အဓိပ္ပါယ် ရှိပါတယ်။ 60-69% က Grade D ပါ။ အလွန်ညံ့ဖျင်းသူ ဆိုတဲ့ အဓိပ္ပါယ် ရှိတယ် ထင်ပါတယ်။ အဲလိုလူကို Financial Aid မပေးတော့ပါ။ 50-59% သာရရင်တော့ Grade F- ကျရှုံးသူ ဆိုတဲ့ အဓိပ္ပါယ်ပါ။

     ( ၄ ) ဒီမှာ ဆရာ/ ဆရာမတွေက ပါမောက္ခ ( Professor )၊ တွဲဖက်ပါမောက္ခ ( Assistant Professor ) တွေချည်းပဲ များပြီး၊ ဘာကြောင့်မှန်းမသိ၊ နည်းပြ ( Tutor )၊ သရုပ်ပြ ( Demonstrator )၊ ကထိက ( lecturer ) တွေ မတွေ့ရပါ။ ပါမောက္ခချုပ် ဆိုတာလည်း မရှိတာလား၊ မထင်ပေါ်တာလား မသိ၊ ရှိတယ်လို့ကို မထင်ရပါဘူး။ နေရတကာ ကျောင်း ဥက္ကဌကပဲ ထင်ပေါ် ပါတယ်။ ကျောင်းတိုင်းမှာ ကျောင်းသား သမဂ္ဂ ရှိပါတယ်။ အမှုဆောင် လူကြီးတွေကို ရွေးကောက် တင်မြှောက်ကြပါတယ်။ ဒီက ထုံးစံက ဆရာ/ ဆရာမတိုင်းကို Professor လို့ ရည်ညွှန်း ခေါ်ဝေါ်ကြပါတယ်။ ဆရာ တပည့် ဆက်ဆံရေး ဓလေ့က သူတို့ဆီ စာရေးရင် ( email ပို့ရင် ) I didn’t attend the class yesterday, I couldn’t find it စသည်ဖြင့် “didn’t”,  “couldn’t” ( contracted form ) နဲ့ ရေးလို့မရပါဘူး။ Right? တွေ ဘာတွေ ရေးလို့ မကောင်းပါဘူး။ Hi လုပ်လို့ လည်း မကောင်းပါဘူး။ Hello Professor လောက်ဆိုရင်တော့ မဆိုးဘူး ထင်ပါတယ်။

     ( ၅ ) ဒီက အိမ်စာတွေက ( သင်္ချာ / သိပ္ပံဘာသာရပ် မဟုတ်ဘဲ Essay type သာ ဖြစ်မယ်ဆိုရင် ) ခေါင်းစဉ် တခုတည်းကို တယောက်နဲ့ တယောက် တူလို့မရပါဘူး။ တူရင် သူတို့ထဲက တယောက်က ခိုးချတာပဲ လို့ ဆရာက ယူဆတတ်ပါတယ်။ စာတွေကို နောက်က ကျားလိုက်နေသလို အပြေးအလွှား၊ ဒရစပ်သင်ပါတယ်။ ( ဒါကြောင့် ဒီက ကျောင်းသားတွေ ဖွန်ကြောင်ချိန် မရကြပါး)။ စာသင်ပုံက ဥပမာ။ “အမေရိကန် ပြည်ထောင်စု သမိုင်း” သင်ရင် အဖြူ ( white )တွေက native Americans ( Red Indian ) တွေကို ရက်ရက်စက်စက် မျိုးဖြုတ်သတ်ဖြတ်ခဲ့တာတို့၊ အဖြူလူစုလူဝေးက အမည်းတွေကို အကြောင်းမဲ့ (ေ-ာက်မြင် ကပ်လို့ကို ) lynch လို့ခေါ်တဲ့ လမ်းလယ်ခေါင်မှာ ကားစင်တင် သတ်ပစ်တာတို့ ဘာတို့ကို အမှန်အတိုင်း သင်ပါတယ်။ “ဒါကို မင်းတို့ ဒီခေတ်ကနေ ကြည့်တော့ ဘယ်လို ထင်သလဲ။ ဘယ်လို ခံစားရ သလဲ” လို့ ဆရာက မေးရင် ကျောင်းသားတွေ ပွားကြပေရော့ပဲ။ မပွားရင် ပွားမှတ်ကိုမရတာမို့ ကျနော်လည်း မြန်မာပြည်မှာ အနော်ရထာမင်း လက်ထက်တုန်းက ရှိခဲ့ဖူးတဲ့ ကျွန်စနစ်က ဘယ်သို့ဘယ်ညာ ( comparatively လူသားဆန်ပြီး ဂရုဏာတရား ပိုရှိ )  ဆိုပြီး ဝင်ပွားရတတ်ပါတယ်။ နောက်ပြီးတော့ ဥပမာ၊ American Media အကြောင်းသင်တဲ့ အတန်း ဆိုပါတော့။ American Media Industry ဟာ အမြတ်ရဖို့လောက်ပဲ သိတဲ့ Rupert Murdoch တို့လို သူဌေးကြီး (၆) ယောက် လက်ထဲမှာ ကျရောက် နေတဲ့ အကြောင်း၊ ဒီမိုကရေစီစနစ်ရဲ့ မီဒီယာမှာလည်း ဒီစနစ်ဖက်ကို ဘက်လိုက်ရေးသားတာ ( bias ) ရှိတဲ့ အကြောင်း၊ First Amendment ရဲ့ ကောင်းကျိုး ဆိုးကျိုးများ အကြောင်း စသည်အားဖြင့် အင်မတန် လွတ်လပ်စွာ သင်ပါတယ်။

( စာလည်း တော်တော် ရှည်သွားပြီ။ ဆရာကြီးလုပ်သလိုလည်း ဖြစ်နေပြီ။ နားလိုက်ဦးမှ ပါပဲ။ ကျနော်က ဒီက လူလို ဖြစ်နေလို့ financial aid, loan တွေ အကြောင်းပဲ သိပြီး မြန်မာပြည်က ကျောင်းလာတက်ချင်တဲ့လူတွေ အတွက် scholarship ရရှိနိုင်မှု အခြေအနေကို မသိပါ။ နောင်များ သိရင် ရေးပါဦးမယ်။ ဒီက အခြေအနေကို ဒီထက် အသေးစိတ် သိချင်သူ မည်သည့် မြန်မာနိုင်ငံသား မဆို ကျနော့်ထံ email ရေးပို့ မေးမြန်းနိုင်ပါတယ်။ ကျနော့် email က ayekyawzan@gmail.com ဖြစ်ပါတယ် ခင်ဗျား။ )

Thursday, January 19, 2012

သေရည်

                                                         ( ၁ )

သေရည်ကို သောက်ချင်တဲ့ သောက်ကျင့်ကြောင့် သေပေါ့ သေနာရဲ့ဟု
သက်တောင့်သက်သာ မရှိဟန်ဖြင့် သူမ မသက်မသာ သက်ပြင်းချနေပုံက
သိသိသာသာ သိသာနေတော့ကာ သေများပင် သေသွားလိုက် ချင်တော့သည်။

                                                       ( ၂ )

အရက် မသောက်ဖူးကြဘဲနှင့်များ
အရက် မကောင်းကြောင်း ပြောချင်ကြသူများ .. တကယ်ဆို
အရက်မကောင်းကြောင်း
အရက်သမားက ခင်ဗျားတို့ထက် ပိုသိပါတယ်ဗျာ..
အရက် ဖြတ်လိုက်လို့၊ ဟောဒီ ကိုယ်ခန္ဓာက 
အရက်မသောက်ရလို့ ကျုပ်တစက်မှ အိပ်မရတာ ငါးည ရှိသွားပြီ
အရက်ခိုးတွေ ဝေပြီး အိပ်ရေးပျက်နေတဲ့ ခေါင်းက 
အရက်ကလွဲလို့ ကျန်တဲ့နာမည်တွေ ဝေဝါးနေတာနှင့်
အရက်သမားက သူ့နာမည်ကို မြင်သာတဲ့နေရာမှာ ရေးမှတ်ထားရတယ်။

                                                           ( ၃ )
မိန်းမတွေ ကလေးမွေးတုန်းက နာတာပဲ။ ဒါပေမဲ့ စိတ်မနာနိုင်ကြ။ အချိန်တန်တော့လည်း
မိန်းမတို့ မိခင်သဘာဝ နောက်ထပ်ကလေး တယောက်လောက် လိုချင်ပြန်တာပဲ၊ အဲဒီလိုပေါ့။
မိန်းမတယောက်ကြောင့် အရက်သမား ဖြစ်လာတဲ့လူကို ဘယ်လို မြင်သလဲ၊ ဟုတ်လား
မိန်းမနဲ့ ယောက်ျား၊ ဒီလောကထဲမှာ နှစ်မျိုးတည်းရှိတာ၊ ကျုပ်တို့က သူတို့ကို ချစ်တာ ဘာမှ မမှားဘူး
မိန်းမတယောက်ကို ချစ်မိလို့ ချစ်ခွင့်မရလိုက်ရင် သောက်ချင်မှာပဲ အရက်၊ အဲဒါလည်း ဘာမှ မမှားဘူး
မိန်းမတွေကို ဂုဏ်ပြုမဲ့ လူတန်းစား ဆိုလို့ ကျုပ်တို့ပဲ ရှိတာ မဟုတ်လား။ အဲဒါ သူတို့ကို ဂုဏ်ပြုတာ..။

( ကွင်းဆင်းလေ့လာ ရေးသားသောကဗျာ )

မှတ်ချက်။ ။ ကိုယ့်နာမည်ကို မြင်သာသည့် နေရာမှာ ရေးမှတ်သူ အရက်သမားကတော့ ကျနော် မဟုတ်ပါ ခင်ဗျား..း))






Wednesday, December 21, 2011

နုတဲ့အခါလည်း နုပေမပေါ့ ..း))

ဒီနေ့ My Document folder မှာ ကျနော် တစုံတယောက်ကို ပေးဖူးသော အောက်ပါ စာစုလေးကို အမှတ်မထင် ပြန်တွေ့မိ၍ ကိုယ့်စာကိုယ် ( အနုပညာအရ ) နည်းနည်းလောက် ကြိုက်သွား သည်နှင့် မိတ်ဆွေ တို့လည်း ဖတ်နိုင်ကြစေရန် တင်ပေးလိုက်ပါသည်။ ( Quote တွေကို online က ယူသင့်တာ ယူပြီး မိမိစကားလုံးလည်းသုံး၍ ကိုယ်ပြောချင်တာရအောင် ကျနော်ကိုယ်တိုင် compose လုပ်ထား ခြင်း ဖြစ်ကြောင်း ဝန်ခံပါသည်။ Mission unaccomplished! :))
 
........, Dear!
I want to grow old along with, and beside you.

Let’s spend the rest of our lives together;

And we will live a life as in a John Bowring's quote:

"A Happy Family Is But An Earlier Heaven."

Just let's be human-like!

I now know that you and I are truly meant to be together.

I can’t imagine a life without you in my future.

Having you by my side would make me feel

Strong, secured,

Complete, capable,

Wise and worthy;

And I will also cherish you, protect you,

Be faithful to you, be dedicated to you,

Be kind to you, and be forever to you.

Would you please make me the happiest man in the world

From now on, dear?
 
 

Sunday, December 18, 2011

သုံးလစာ အလ္လာပသလ္လာပ စကား

( ၁ )
ကျနော် ဘာခလုတ်တခုခု မှားနှိပ်ခဲ့မိသည် မသိ၊ ကျနော့် ကွန်ပြူတာမှာ မြန်မာစာလုံး ( ဇော်ဂျီ ) ရိုက်မရတာ သုံးလနီးပါးလောက် ရှိသွားလေပြီ။

အဲ - ဖတ်လို့တော့ရပါသည်။ Typing ရိုက်လို့ မရတာ ရှိရင်းစွဲ Zawgyi-One Keyboard ကောင်းကောင်း အလုပ် မလုပ်လို့ပဲ ဟု အကြမ်း ဖျင်း သဘော ပေါက်မိသဖြင့် အွန်လိုင်းမှ Keyboard အသစ်တခုကို install လုပ်ဖို့ ကြိုးစားတိုင်းလည်း ရှိရင်းစွဲ keyboard က တားဆီး ဟန့်တားနေဟန်ဖြင့် Installation incomplete ဖြစ်သွား ပါသည် ဟူသောစာတန်းတခုပဲ ပေါ်လာလေ့ ရှိပါသည်။ ကိုင်း - သည်လိုဆိုရင် လည်း လွတ်လွတ်ကင်းကင်း အသစ်သွင်းနိုင်အောင် ရှိပြီးသား Keyboard, font တွေကိုသာ uninstall လုပ်ပေးပါတော့ ဟုခိုင်းပြန်လျှင် လည်း Zawgyi-One cannot be uninstalled as it's in use ဟု ကပ်တီးကပ်ဖဲ့ လုပ်ပြန်လေသည်။ page, file မှန်သမျှ ကို အကုန်ပိတ် ပြီး Control Panel's Uninstallation box  တခုတည်းဖွင့်၍ ခိုင်းနေတာကို သည်လိုပြောလာတော့ လမ်းက ဆုံးသွားလေပြီ်။ ကျနော်သိ သလောက် ဗမာဖောင့်ကို Install လုပ်တာတို့ fixed လုပ်တာတို့ကို မြန်မာ အချင်းချင်းကသာ ပိုနားလည်ပြီး အဖြူတွေက သိပ်နားမလည် ကြသဖြင့် အာပေါက်အောင် ရှင်းပြရတတ် ပါသည်။ ကျနော့် ကွန်ပြူတာက ကွန်ပြူတာပြင်ဆိုင်ကို ပေါ့ပေါ့ပါးပါး သယ်ဆောင်သွားလို့ ရသည့် laptop လည်းမဟုတ်ဘဲ မိသားစုတွေ အများအားဖြင့် အသုံးများကြသည့် မော်နီတာအပြား HP desktop ( Window 7 ) ဖြစ် ပြီး မြန်မာနိုင်ငံသား တယောက်ထံမှ ( သူ သိပ်မသုံးတတ်သဖြင့် )  ပြန်ဝယ်ထားတာ ဖြစ်ပါသည်။ ကျနော်က အမေရိကမှာ သူဆင်းရဲ တယောက်ဖြစ်၍ ငွေရေးကြေးရေး ချင့်ချိန်ရသဖြင့်၎င်း၊ ကျောင်းတဖက်တက်သေး၍ နောက်က ကျားလိုက်နေသလို အချိန်လုယက်ပြီး တင်ရသည့် assignments တွေနှင့် လုံးချာ လည် လိုက်နေတတ်သဖြင့်၎င်း ပြင်ဆိုင်သွားပြီး မပြင်ဖြစ်ခဲ့ပါ။

ပြီးခဲ့သည့်အပါတ်က ဆောင်းဦးစာသင်ရာသီ ကုန်ဆုံးသွားပြီဖြစ်၍ မနေ့ကတော့ ကျနော် ဘာရယ်မဟုတ် ကျနော့် computer "Guest Account" မှာ ဘာတွေရှိပြီး ဘာတွေမရှိသလဲ ဆိုတာ သိလိုစိတ်နှင့် ဝင်သွားကြည့်မိရာ အဲသည် account ၏ desktop ပေါ်မှာ "ဝိဇ္ဇာ" ဆိုသော application ( WitZar Myanmar Input System ) လေးတခု ရှိနေ သည်ကိုတွေ့ပါသည်။ မြန်မာစာ၊ ရှမ်းစာ၊ Burglish, Myanmar 3, Ayar, Win Innwa, Zawgyi-One တို့ကို ရိုက်လို့ရသည်ဆို၍ ဇော်ဂျီ-ဝမ်း မြန်မာစာလုံး စမ်းရိုက်ကြည့်ရာ ရိုက်လို့ရသည် ကို တွေ့ရပါသည်။ ဤ post ကို အဲဒါလေးနှင့် ရေးထားတာ ဖြစ်ပါသည်။

မြန်မာဖောင့် မသုံးနိုင်ခဲ့သော ဤ သုံးလအတွင်းမှာ မှတ်မှတ်ရရ ကိုယ့်မိတ်ဆွေတွေက ရိုဟင်ဂျာကိစ္စ ဖဘပေါ်မှာ ပြောကြ၊ ဆိုကြ တာတွေ တွေ့မိ တော့ ကျနော်လည်း ဝင်ပြောချင် ခဲ့ပါသေးသည်။ ( ကျနော်ကား နှယ်နှယ်မဟုတ်၊ ဘူးသီးတောင် မြို့နယ် အတွင်း မှာ မွေးဖွားသူ ဖြစ်၍ သူရို့စကားကို ရခိုင်စကား၊ ဗမာစကားတွေ လောက်နီးနီး ပြောတတ်သူ ဖြစ်လေသည်း)) သူတို့အကြောင်း၊ သူတို့ စိတ်နေစိတ်ထားကိုလည်း စာတွေ့မဟုတ်ဘဲ လက်တွေ့ အနေဖြင့် သိရှိပါသည်။ အဲသဟာနှင့်ပင် Expert, Scholar ဆိုသော ဝေါဟာရ ကိုပင် ကျနော် ဆန်းစစ်ချင်လာမိသည်။ တက္ကသိုလ်က ဘွဲ့ရမှလား။ သူတို့စကားကိုပါ တတ်သည့် ကျနော်တို့လိုလူတွေကိုကော ဘာခေါ် ကြမလဲ။ ကျနော်တို့လို လူတွေက ပညာရှင်တွေ လို ကိန်းဂဏန်းနှင့် သူတို့သမိုင်းကြောင်းကို ဂဂနန သိမည်မဟုတ်သော်လည်း မိမိတို့၏ အဖိုး၊ အဖေတို့ ပြောပြချက်များအရ လွတ်လပ်ရေးမတိုင်ခင်၊ ဒုတိယကမ္ဘာစစ်မတိုင်ခင်လောက်က အထိ သူတို့ အကြောင်းနှင့် ကိုယ်တိုင် သူတို့နှင့် ထိတွေ့ ဆက်ဆံဖူးသည့် အတွေ့အကြုံများ အရ သူတို့၏ ethnic-group's mind-set ကိုတော့ ကောင်းစွာ သိကြပါသည်။

ဒါပေမဲ့ထိုစဉ်က ကျနော့် မြန်မာဖောင့် အလုပ်မလုပ်သဖြင့် ဘာမှ ဝင်မပြောသာခဲ့ပါ။ တကယ်တော့ ထိုသို့ မပြောဖြစ်ခဲ့တာကလည်း ကျနော့်အတွက် ကံကောင်းပါသည်။ ပြောဖြစ်ခဲ့လျှင် စောစော အဆဲခံခဲ့ ရနိုင်သောကြောင့်ဖြစ်ပါသည်။ ယခု မြန်မာဖောင့် ရနေပြီဖြစ်၍ ထိုစဉ်က မပြောဖြစ်လိုက်သော ကျနော့် အမြင်တချို့ကို မှတ်တမ်းအလို့ငှာ အနည်းငယ်လောက် ပြောခဲ့ ချင်ပါသည်။

"ရိုဟင်ဂျာ" ဆိုတာ ကတော့ နိုင်ငံရေး ရည်ရွယ်ချက်တစုံတရာဖြင့်တီထွင်ထားသော စကားလုံးဖြစ်သည်မှာ ယုံမှားဖွယ်မရှိပါ။ အဘယ်ကြောင့် ဆိုသော် သူတို့လူမျိုး ၉၉% လောက်က သူတို့ကိုယ်သူတို့ ခေါ်ကြသော လူမျိုးအမည်မှာ ဘင်္ဂါလီ (Bangali ) ဆိုသော အမည်ကို သူတို့အသံထွက်အတိုင်း ခေါ်သည့် "ဘင်-ဂါလ်" ( Ban-gal ) ဟူ၍  ဖြစ်ပါသည်။ သို့ရာတွင် သူတို့က ဘာသာဝင်အနေဖြင့် မူဆလင်များဖြစ်ကြ၍ သူတို့ကိုယ်သူတို့ "မူဆူလ်းမန်း" ( မူဆလင်= Muslim ) ဟု အခေါ်ခံချင်ကြပါသည်။ ဒါပေမဲ့ "မူဆလင်" ဆိုတာက "ခရစ်ယာန်" "ဗုဒ္ဓဘာသာဝင်" ဆိုတာလိုပင် လူမျိုးတမျိုး၏အမည်မဟုတ်ပါ။ ကျနော် သူငယ်တန်းမှသည် ဆယ်တန်းကျောင်းသား ဘဝအထိ သူတို့နှင့် အတူတူကျောင်းတက်ဖူးသူ တယောက်အနေဖြင့် သူတို့ "ရိုဟင်ဂျာ" လူမျိုးဟု အခေါ်ခံချင်လှချည့်လို့ မတွေ့စဖူးပါ။ ထို့ကြောင့် သူတို့ကို "ဘင်္ဂါလီ" လို့ခေါ်တာ မမှား၊ သင့်မြတ်သည်ဟု ထင်မြင်ယူဆပါသည်။

သို့ရာတွင် သူတို့၏ မြန်မာနိုင်ငံသား ဖြစ်ထိုက်မှုနှင့် ပတ်သက်လို့ကတော့ ကျန်ပုဂ္ဂိုလ်များလောက် ကျနော့်မှာ တင်းမာသော သဘော ထားမရှိပါ။ သည်အတွက် လူအတော်များများ ( အထူးသဖြင့် ရခိုင်လူမျိုးများ ) က ဤစာကို ဖတ်ရလျှင် ကျနော့်ကို ဆဲချင်နေကြလိမ့် မည်ဟု မျှော်လင့်မိပါသည်။ ဒါပေမဲ့ ကိုလိုနီခေတ်တွင်ပင် ရောက်လာကြတာ ဖြစ်သော ရန်ကုန် မဂိုလမ်းက၊ တာမွေက၊ မင်္ဂလာ တောင်ညွန့်က ကုလား လူမျိုးတွေမြန်မာနိုင်ငံသား ဖြစ်ထိုက်လျှင်၊ လွန်ခဲ့သည့် ( ၃ )နှစ်လောက်ကမှ အမေရိကန်ပြည်ထောင်စု သို့ ရောက်လာသော ကျနော်က နောက် ( ၂ ) နှစ်နေတော့ အမေရိကန်နိုင်ငံသား ဖြစ်ထိုက်လျှင် အနည်းဆုံး ကိုလိုနီခေတ်လောက် ကတည်းက မြန်မာနိုင်ငံထဲကို ရောက်နေကြသော ဤဘင်္ဂါလီလူမျိုး တွေလည်း နိုင်ငံသား ဖြစ်ထိုက်သည်သာဟု ယူဆပါသည်။ ဒါပေမဲ့ သူတို့အနေဖြင့် "ကျွန်ုပ်တို့မှာ တိုင်းရင်းသားများ ဖြစ်ကြသည်" ဟူသော အပြောကိုတော့ လျှော့သင့်ကြသည်ဟု ထင်ပါသည်။

မလေးရှားနိုင်ငံမှာ မူလဌာနေ မလေးတိုင်းရင်းသားတွေနှင့် နောက်မှရောက်လာကြသည့် တရုတ်လူမျိုး မလေးရှားနိုင်ငံသားတွေအကြား အခွင့်အရေး ကွာဟမှုရှိသော ဥပဒေ တခုရှိသည်ဟု ကြားဖူးပါသည်။ ကျနော်တို့ ဆီမှာလည်း အဲသည်လို "တိုင်းရင်းသားလူမျိုးများ ဥပဒေ" တရပ် ထားလိုက ထားနိုင်ပါသည်။ ထိုသို့ထားပြီးနောက် ( ကျနော့်အမြင်ကို ပြောရလျှင် ) တရုတ်၊ ကုလား လူမျိုးများအနေဖြင့် China-origin, India-origin, Bangladesh-origin စသည်ဖြင့် အတိအလင်းပင် ဖော်ပြလျှက် case အလိုက် "မြန်မာနိုင်ငံအတွင်း အမြဲ တမ်းနေထိုင်ခွင့်ရှိသူ" ( Permanent Resident ) နှင့် "နိုင်ငံသား" ( Citizen ) အထိ ခံယူခွင့်ရှိစေသင့်ပါသည်။ ဒါပေမဲ့ China-origin, India-origin, Bangladesh-origin ဟုဆိုထားမှတော့ Myanmar-origin မဟုတ်တာ သေချာသဖြင့် မြန်မာတိုင်းရင်းသားတော့ ဖြစ်ခွင့် ရှိလိမ့်မည် မဟုတ်ပါ။ ဒါကိုမှ Human Rights အဖွဲ့တွေက အော်နေကြသေးလျှင်လည်း "ကျုပ်တို့နိုင်ငံက ခလုတ်တိုက်ပြီး ရှာဖွေ တွေ့ရှိ ထားသည့် အမေရိကတိုက် မဟုတ်၊ မြေကျယ်ဝန်းလှသည့် သင်းတို့လောက်သဘောမကောင်းနိုင်၊ အနော်ရထာမင်းက ပထမမြန်မာနိုင် ငံတော်၊ ဘုရင့်နောင်မင်းက ဒုတိယ မြန်မာနိုင်ငံတော်၊ အလောင်းမင်း တရားက တတိယမြန်မာနိုင်ငံတော်တွေကို သွေးနှင့်၊ချွေးနှင့် ထူထောင်ခဲ့ကြစဉ်က သည် ပေါက်ဖော်ကြီးတို့၊ ဆွာမိတို့၊ မာမွတ်ဘိုင် တို့ မပါဝင်ခဲ့ကြ။ ဒါကြောင့် ဒီ A South-east Asian nation's the most notable generosity ကိုပဲ ကျေးဇူးတင်လိုက် ကြဦး" ဟု ခပ်မာမာနှင့် ပြန်ပြောလိုက်ရုံသာ ရှိပါသည်။

သင် သူတို့ကို ကြည့်လို့ရသည် ဖြစ်စေ၊ မရသည် ဖြစ်စေ ဤ လူဦးရေ သန်းချီရှိသော ကိုယ့်နိုင်ငံမှာမွေးသည့် ဘင်္ဂါလီတွေကို ဘယ်နား သွား ပစ်ရပါမည်နည်း။ Bangladesh Citizens စစ်စစ်တွေက မြန်မာပြည်ထဲသို့ တစိမ့်စိမ့် ခိုးဝင်လာနေသည် ဆိုတာကိုတော့ ကျနော် မယုံပါ။ ထိုင်းနိုင်ငံ သားများ မြန်မာပြည်အတွင်းသို့ ခိုးဝင်လာနေကြသည် ဆိုတာ မဖြစ်နိုင်သကဲ့တည်း။ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားစစ်စစ် ကလည်း လုပ်စား ကိုင်စားရ မချောင်လည်လှသော မြန်မာနိုင်ငံထဲသို့ ဘယ်သူမှ အရဲစွန့်ပြီး လာလိုကြမည်၊ လာဝံ့ကြမည် မဟုတ်ပါ။ ( မြန်မာပြည်သို့ ငွေရဖို့ကလွဲ၍ ဘာကိုမျှ မျက်ကန်း တစ္ဆေမကြောက်သည့်၊ သူတို့တိုင်းပြည်မှာလည်း facebook ပင်သုံးခွင့်မရှိသည့် တရုတ်လူမျိုးတွေပဲ လာဝံ့ကြပါသည်။ ) ယင်းအစား ဘူးသီးတောင်၊ မောင်တော ဖက်က ဘင်္ဂါလီတွေကသာ ဘင်္ဂလားဒေ့ရှ်ဖက်သို့ ခိုးဝင်၍ အလုပ်သွားလုပ်ကြတာများပါသည်။ အဲသည်မှာ မိန်းမတွေဘာတွေရပြီး မြန်မာပြည်ကို တိတ်တိတ် ကလေး ခေါ် ယူလာသည့်ကိစ္စအချို့ ရှိကောင်း ရှိနိုင်ပါသည်။ သည်ဘင်္ဂါလီကိစ္စကို သတ္တိရှိလျှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို "မင်းတို့နှင့် ဆွေမျိုးတော် သည့် သည်ဘင်္ဂါလီလူမျိုးတွေကို ပြန်ခေါ်ပါ" ဟုရာဇ သံပေးရုံသာရှိသည်။ သည်လိုလည်း မလုပ်နိုင်ဘဲနှင့် သည်လူတွေကို ဘာ status မှ မပေးရေး စဉ်းစားတာကတော့ "မဖြစ်နိုင်" သည့်အပြင် ဖြစ်လည်း "မဖြစ် သင့်" ဟုထင်ပါသည်။ ဒါပေမဲ့ အဲဒါက ကျနော့်၏ ပုဂ္ဂလိက အမြင်မျှသာ ဖြစ်ပါသည်။ ကျနော်က ဘာအရေးပါသူ၊ ဘာခေါင်းဆောင်မှ မဟုတ်၍ ကျနော့်စကား မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ မြန်မာနိုင်ငံ၏ အမျိုးသားရေး အကျိုးစီးပွား ( National Interests ) ကို ဘာလောက်မှ ဆိုးဆိုးရွားရွား မထိခိုက်နိုင်ဟု ယူဆမိသဖြင့် ( ကိုယ့်ကို ဝိုင်း ဆဲတာကတော့ ဆဲကြပါစေတော့ဟု သဘောပိုက်လျှက် ) ကျနော့်စိတ်ထဲ ရှိသည့်အတိုင်း ရေး လိုက်ခြင်း ဖြစ် ပါသည်။ ကျနော် ကုလားသွေး တရွေးသားမျှ မစပ်ကြောင်းလည်း ကြိုတင် ပြော ထားလိုပါသည်။ သို့ရာတွင် "Fairness" သည် လူတို့ကျင့်ရာသော တရားဟု ကျနော်ထင်ပါသည်။ ယင်းသည်သာ ( free thinker ဟု ကိုယ့်ကိုယ်ကိုယ် ခံယူထားသော ) ကျနော့်၏ ဘာသာတရားလည်း ဖြစ်ပါသည်။

                                                                ..............................................

                                                                                   ( ၂ )

ကျနော် မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက် ဘယ်ထောင့်၊ ဘယ်နေရာကမှ အနစ်နာခံ ပါဝင်ခဲ့ဖူးခြင်း မရှိပါ။ ထို့ကြောင့်ပင်လျှင် ကိုယ်မလုပ်နိုင်သည့် အနစ်နာခံသောကိစ္စကို တကယ်လုပ်နေကြသူများ၊ လုပ်ခဲ့ ဖူးကြသူများ( ဥပမာ၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီးစသူ ) တို့ကို ကျနော် ကိုယ်ချင်းစာနာ၊ ကြည်ညိုလေးမြတ်ပါသည်။ ဒါပေမဲ့ ကျနော်တို့ မြန်မာ လူမျိုးတွေက လူတယောက်က ကြည်ညိုသင့်သူ တယောက် အပေါ် ကြည်ညိုတာကို "သူများ ယောင်လို့ အမောင် တောင်မှန်း မြောက်မှန်းမသိ လိုက်ယောင်နေတယ်" ဟု judge လုပ်ချင်တတ်ကြပါသည်။ တကယ်တော့ အဲသည်လို judge လုပ်လိုက်တာဟာ ထိုကြည်ညိုနေသောသူကို "သူများတကာ ယောင်တိုင်း လိုက်ယောင်တတ်သသူ ( = ဦးနှောက်မရှိသူ )" ဟုစော်ကား လိုက်ရာ ရောက်သည်ဟု ထင်မိပါသည်။ကျနော် အဲသည်လိုအပြောခံရလျှင် မနှစ်သက်သဖြင့်၊သူများကိုလည်း မပြောဖူးသဖြင့် ခုလို အကျယ်တဝင့်ပြောနေ မိခြင်း ဖြစ်ပါသည်။

ကျနော်ကတော့ အထက်ပါပုဂ္ဂိုလ်တွေကို သူများတကာတွေက ကြည်ညိုနေကြ၍ ကိုယ်လည်း လိုက်ကြည်ညိုမှ ခေတ်မီအံ့ အထင်ဖြင့် ( influenced by the peer-group အရ ) ရောယောင်ပြီး ကြည်ညိုခြင်း မဟုတ်သည်ကို မိမိဖာသာ ကောင်းစွာသိပါသည်။ ကျနော့် စံသတ်မှတ် ချက်များအရ ကြည်ညိုသင့်လောက်သော ပုဂ္ဂိုလ်များမို့ ကြည်ညိုခြင်းသာ ဖြစ်ပါသည်။ ထို့အတူပင် ကိုမင်းကိုနိုင် တို့ ( ၂ ) ရက်လောက် (ဘာမှမဖျက်မဆီးဘဲ ငြိမ်းချမ်းစွာ) လမ်းမပေါ် ထွက်ဆန္ဒပြကြတာကို ရာဇဝတ်ပြစ်မှု ဟုဆိုပြီး ထောင်ဒါဏ် (၆၅) နှစ်စီ ချမှတ်သော အစိုးရမျိုးကို "အစိုးရ" တရပ်ဟု ခံစားလို့ မရဘဲ တွေးမိတိုင်း ဒေါသဖြစ်နေမိတတ်ခြင်းမှာလည်း အစိုးရကို မုန်းမှ၊ ဆဲနိုင်မှ ခေတ်မီအံ့၊ ဒီမိုကရေစီ ဘက်တော်သား ဖြစ်အံ့ အထင်နှင့် မုန်းခြင်းမဟုတ်ပါ။ သူတို့သည် ငါးယောက်ထက် ပိုမစုရ ဆိုသော တည်ဆဲအစိုးရ တရပ်၏ "အမိန့်" ကိုဖောက်ဖျက်ခဲ့ကြ သဖြင့် ( လွတ်လပ်စွာ စုဝေးခွင့် ဆိုသည့် universal human right ကို ခေတ္တမေ့ ထားလိုက်လျှင် ) ပြစ်မှုကျူးလွန်ရာ ရောက်ကောင်း ရောက်ခဲ့ နိုင်ပါသည်။ ဒါပေမဲ့အဲဒါသည် ပြစ်မှု ဆိုလျှင်ပင် ထောင် တလ တန်သည်၊ ခြောက်လတန်သည် လောက် အထိသာ ခံစေထိုက်သော ပြစ်မှုမျိုး ဖြစ်ပါသည်။ ယခုလို ( ၆၅ ) နှစ်ချထားခြင်းမှာ နိုင်ငံတော် ၏ လူမဆန်မှု ( တိရစ္ဆာန်ဆန်မှု ) ဟု အသေအချာပင် ဆိုနိုင်ပါသည်။ ထိုသို့လျှင် မြန်မာအစိုးရ လုပ်ပုံ fair မဖြစ်သမို့သာ Universal Emotional Law အရ ( မုန်းစရာကောင်းအောင် လုပ်ထားကြသူတွေကို ကျနော်တို့၏ လူ့ရင်ဘတ်က အလိုအလျောက် ) မုန်းတီးနေမိ ကြခြင်းဖြစ်လေသည်။ လမ်း(၂) ရက်လောက် လျှောက်တာကို ထောင် (၆၅) နှစ် ချသည့်ကိစ္စကိုမှ စိုးစဉ်းမျှလောက် ဖြစ်ဖြစ်ေ-ာက်မြင် ကပ်သောစိတ် မပေါ်ပေါက်လျှင် သင်၏ human emotional mechanism သည် လုံးဝ ရစရာမရှိအောင် ပျက်စီးလေပြီဟု ဆိုချင်ပါသည်။ သည်ထက် ဒဲ့ဒိုး ပြောရလျှင် သင့်မှာ "လူစိတ်ပျောက်ဆုံးနေပြီ" ဟုဆိုရပါမည်။

တဖန် ကိုယ့်နိုင်ငံအရေးသည်လည်း ကိုယ့်အိမ်အရေးလိုပင် ထပ်တူ အရေးပါလှတာမို့ ကိုယ့်နိုင်ငံအကြောင်း ကိုယ်ထင်တာ မြင်တာ ကို ပြောမိ၊ရေးမိလျှင် "ထင်ပေါ်ချင်လို့ အာဘောင်အာရင်းသန်နေတာ" ဟု သံသယ ရှိတတ်ကြပြန်ပါသည်။ သူပြောတာ တယ်ပြီး လက်ခံနိုင်စရာ မရှိလျှင် "ခင်ဗျား ပြောတဲ့စကားမှာ ဟောဒီ အနာအဆာ ရှိလို့ ကျုပ် လက်မခံနိုင်ဘူး" ဟု ပြောနိုင်ပါသည်။ ဒါပေမဲ့ ဒီလူ "နာမည်ကြီးမလားလို့ လေကျယ်နေတာ" လို့တော့ မဆိုသင့်ချေ။ ကျနော့်အဖို့ကတော့ မိမိက လောကအတွက် ဘာတခုမျှ ကျေးဇူးမပြု ဖူး၊ နိုင်ငံ့အတွက်လည်း ဘာတခုမျှ  မပေးဆပ်ဖူးကြောင်း ကိုယ့်ဖာသာကိုယ် သိသဖြင့် ဘယ်လိုပင် ကျယ်လောင်စွာ အော်စေ ကာမူ နာမည်ကြီးမည် မဟုတ်ကြောင်းကို သိပြီးသားသာ ဖြစ်ပါ သည်။ ယခု ဤစာကိုလည်း ကျနော့် စိတ်ထဲ တအုံ့အုံ့ တနွေးနွေး မကျေနပ်နေ တာတခုရှိ၍ အဲဒါကို ဖွင့်ချပစ်သည့် အနေဖြင့် ရေးခြင်း ဖြစ်ပါသည်။ တကယ့်ကို စိတ်ထဲခုလုခုလု ဖြစ်ရသဖြင့် အောက်ပါကိစ္စကို အနည်းငယ် ပြောချင် ပါသည်။

ငြိမ်းချမ်းရေးရဖို့ သုံးနှစ်ကြာနိုင်ကြောင်း ဦးအောင်သောင်းပြော

"တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးနဲ့ ငြိမ်းချမ်းရေးသဘောတူညီ ချက် ရရှိဖို့အတွက် နောက်ထပ် သုံးနှစ်အထိ ကြာမြင့်နိုင်တယ်လို့ အစိုးရငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းက မနေ့က ပြောလိုက်ပါတယ်။

ရန်ကုန်မြို့မှာ မနေ့က ပြုလုပ်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်း ပွဲမှာ ဦးအောင်သောင်းက အဲဒီလို ပြောလိုက်တာပါ။ မြန်မာအစိုးရဟာ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ ၁ဝ ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်တွေ ရရှိထားကြောင်းနဲ့ ဒီသဘောတူညီချက်တွေ ကတဆင့် ထာဝရငြိမ်းချမ်းရေး ရရှိဖို့ အတွက် လွှတ်တော်အထူးအစည်းအဝေးမှာ တင်ပြဆွေးနွေးသွားမယ့်အကြောင်း စစ်အစိုးရ လက်ထက် စက်မှု (၁) ဝန်ကြီးဟောင်း ဦးအောင်သောင်း ရဲ့စကားကို ကိုးကားပြီး ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။

ကချင်ပြည်နယ်မှာ ထိုးစစ်တွေရပ်ဆိုင်းဖို့ သမ္မတဦးသိန်းစိန်က ညွှန်ကြားထားပေမယ့် တိုက်ပွဲ တွေ ဆက်ဖြစ် ပွားနေတာနဲ့ ပတ်သက် ပြီး မေးမြန်းရာမှာ ဦးအောင်သောင်းက- ဝေးလံတဲ့ အစွန်အဖျားဒေသ တချို့မှာတော့ ပစ်ခတ်မှုတွေ အနည်းအကျဉ်း ကျန်ရှိနိုင်တဲ့ အကြောင်း၊ ဆက်သွယ်ရေးစနစ် မကောင်းတဲ့အတွက် ညွန်ကြား ချက် မရောက်ရှိ သေးတာ ဖြစ်နိုင်ကြောင်း ဖြေဆိုသွားတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။"
( 2011-12-17, RFA News )

ပြောပြန်လျှင်လည်း ဆောင့်ကြွားကြွား ပြောသည် ဖြစ်ဦးမည်။ ကျနော်သာ သူတို့နေရာမှာ ရှိလျှင် ( ၃ ) နှစ် မဟုတ်ဘဲ ( ၃ ) လအတွင်း တပြည်လုံး ငြိမ်းချမ်းရေး ရအောင်လုပ်ပြနိုင် ပါလိမ့်မည်။ ကျနော်မှမဟုတ်၊ ကိုယ့်နိုင်ငံကို lagged behind ( နောက်ကျ ကျန်ရစ် ) မနေ ခဲ့စေလိုသော၊ စစ်မှန်သော နိုင်ငံချစ်စိတ် ရှိသူတိုင်း ဒါကို လုပ်နိုင်ကြပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သွားရမည့်လမ်းကြောင်းက အင်မတန် ရှင်းလင်း၊ မြင်သာ၊ လွယ်ကူလှ သောကြောင့် ဖြစ်ပါသည်။ ကျနော်တို့ နိုင်ငံမှာ ယခု လောလောဆယ် ပြည်ထောင်စုကြီးမှ ခွဲထွက်ခွင့်၊ နောင် ခွဲထွက်လိုပါက ခွဲထွက်နိုင်ခွင့် တောင်းဆိုနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တဖွဲ့မှ မရှိပါ။ သည်လောက် ဆိုလျှင် ကျန်တာကို နှစ်ဦးနှစ်ဖက် လက်ခံနိုင်အောင် အကုန်ညှိနှိုင်းလို့ ရပါပြီ။ မရ ရအောင်လည်း ညှိနှိုင်းရပါမည်။ ကျနော်တို့ တိုင်းရင်း သားလူမျိုးစု ညီအကိုတွေ ချစ်စရာကောင်းလိုက်ကြပုံမှာ သူတို့ကပင် စတင်၍ နိုင်ငံတော် အစိုးရ အနေဖြင့် လူမျိုးစုလက်နက်ကိုင်အဖွဲ့ တဖွဲ့ချင်းနှင့် သီးခြားစီ တွေ့ဆုံနေမည့်အစားသူတို့၏ တပ်ပေါင်းစု ( (UNFC) နှင့် ပြည်ထောင်စုအစိုးရကို ကိုယ်စားပြုသော ကိုယ်စား လှယ်အဖွဲ့ တို့ တွေ့ဆုံကြရန် လွယ်သော၊ တိုသောလမ်းကို ကမ်းလှမ်း နေကြသေးသည်။ ဒါကိုမှ မြန်မာနိုင်ငံ အစိုးရသစ်ဖက်မှ ဘာများ ခက်ခက်နိုးနိုး နှင့် သုံးနှစ်ကြာရပါမည်နည်း။ အဲသည်လိုလွယ်တာကို ခက်အောင် လုပ်နေကြတော့ ထိုသို့လုပ်နေကြသူတွေကို စိတ်တို မိရ၊ ဒေါသထွက်ရသည်။ ထပ်ပြောပါမည်။ ယင်းသည် ဒီမိုကရေစီ ဘက်တော်သားလို့ အခေါ်ခံချင်လို့ မဟုတ်ချေ။ တမင်ကပ်တီးကပ်ဖဲ့ လုပ်နေသူကို လူသားဆန်စွာေ-ာက်မြင်ကပ်မိခြင်းသာ ဖြစ်လေသည်။

"ကချင်ပြည်နယ်မှာ ထိုးစစ်တွေရပ်ဆိုင်းဖို့ သမ္မတဦးသိန်းစိန်က ညွှန်ကြားထားပေမယ့် တိုက်ပွဲ တွေ ဆက်ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဦးအောင်သောင်းက- ဝေးလံတဲ့ အစွန်အဖျားဒေသ တချို့မှာတော့ ပစ်ခတ်မှုတွေ အနည်းအကျဉ်း ကျန်ရှိနိုင်တဲ့ အကြောင်း၊ ဆက်သွယ်ရေးစနစ် မကောင်း တဲ့အတွက် ညွန်ကြားချက် မရောက်ရှိ သေးတာ ဖြစ်နိုင်ကြောင်း ဖြေဆို သွားတယ်" ဆိုသော မယုံကြည်နိုင်လောက်စရာ ဆင်ခြေ ဆင်လက်မျိုးကိုလည်း တော်တော်စိတ်ပျက်မိရပါသည်။

ဆရာကြီး (Expert ) ၊ ပညာရှင် ( Scholar ) တွေက မြန်မာ့နိုင်ငံရေး၊ ကမ္ဘာ့နိုင်ငံရေးတို့ကို တောင်ထိပ်ပေါ်က ကြည့်သလို ကြည့်ကာ "ဟိုဒင်းက ဟိုဟာ ဖြစ်နေလို့ ဒီဒင်းကို ဒီလို လုပ်ရမယ်" ဟု ပြောဆို ရေးသားကြ ပါသည်။ ဒါပေမဲ့ကျနော်က ဆရာကြီး၊ ပညာရှင် တယောက် မဟုတ်သဖြင့် တောင်ထိပ်ပေါ် အထိ တက် မကြည့်နိုင်ဘဲ၊ မိမိ၏ စိတ်ခံစားမှုကိုသာ အခြေခံ၍ သည်စကားတွေ ကို ပြောပါသည်။ ( ဤပိုစ့်ကို ကျနော့် emotion က တွန်းလို့သာ ရေးနေမိခြင်းဖြစ်ပါသည်။ ပညာရှင်ဆန်စိမ့်သောငှါ emotion ကိုသတ် လိုက်လျှင် ကျနော့် မှာ ရေးစရာ ဘာမျှရှိတော့မည်မဟုတ်ပါ။ လူပြိန်းတယောက်က နှလုံးသားနှင့် ရေးသောစာသည် ပညာရှင် တယောက်က သူ့ knowledge နှင့်ရေးသော စာတမ်းတစောင်ထက် မနိမ့်ဟုလည်း ကျနော် ထင်လေသည်။ )

မြန်မာပြည်ကြီး ဆောလျှင်စွာ ငြိမ်းချမ်းပါစေ..။


                                                                            

Saturday, December 3, 2011

Announcement

For some reasons, I cannot type Burmese font on my computer. I've already shown it to a computer technician, who has completed his bachelor's degree in Computer Science. This malfunction of my computer in Burmese font is killing my blog because I'm not able to type in Burmese when I'm inspired to write a " blog post."

So, I humbly apologize you, whoever visit my blog, for my being unable to write new posts anymore, and I'll be blogging only when I can buy a new computer. Right now, I'm broke to throw this computer and to buy a new one! :))

Regards,
Pyay Kaung Aung 

Monday, October 17, 2011

An Appointment with the Death

                                                                                           ( ၁ )

သေခြင်းတရားက ဧည့်ခန်းထဲမှာ ရောက်ရှိနေပြီ ဖြစ်သည်။ နိုင်လွန်ကို တီထွင်ခဲ့သော ပုဂ္ဂိုလ်၊ ဟားဗတ် တက္ကသိုလ်မှာ တလ လစာ ၂၆၇ ဒေါ်လာ (  တနှစ် ဒေါ်လာ ၃၂၀၀ ) နှင့် အော့ဂဲနစ် ဓါတုဗေဒသင် ကျောင်းဆရာ လုပ်နေရာမှ ဓါတ်ခွဲခန်းတခုက တလ လစာ ၅၀၀ အထိပေးပါမည်ဟု ကမ်းလှမ်း ခံခဲ့ရသူ၊ လွန်ခဲ့သည့် တနှစ်လောက်ကမှ အိမ်ထောင်ကျခဲ့ပြီး သူ့မိန်းမ၏ဗိုက်ထဲက ကိုယ်ဝန် ၂ လသား၏ ဖခင်၊ မကြာသေးမီက အမျိုးသားသိပ္ပံ အကယ်ဒမီ ( National Academy of Sciences ) အဖွဲ့ဝင် ဖြစ်လာခဲ့သော ၄၁ နှစ်အရွယ် ယောက်ျားတယောက်သည် လောကမှာ အချိုရှာ၍ မတွေ့သဖြင့် ၁၉၃၇ ခုနှစ်တွင် ဖီလာဒယ်လ်ဖီးယားမြို့က ဟိုတယ်အခန်းတခုမှာ သံပုရာရည် ချဉ်ချဉ်တခွက်ကို သောက်သုံးခဲ့သည်။ ဂျက်လန်ဒန်သည် သူ ဒေါ်လာ ၂၆၄၅၀ နှင့်ဝယ်ထားသည့် ကယ်လီဖိုးနီးယားဖက် က ဧက တထောင်ကျော် ကျယ်ဝန်းသည့် ခြံကြီးထဲမှာ အသက် ၄၀ အရွယ်အထိ သူဌေးလို နေထိုင်သွားခဲ့သည်။ ဗန်ဂိုးက ၃၇ နှစ်လောက်ထက် ပို အသက်မရှည်ခဲ့ပါ။ နိုဗယ်လ်ဆုရ စာရေးဆရာကြီး ဟဲမင်းဝေးကတော့ အသက် ၆၂ နှစ်ထိ နေသွားရရှာသည်။ သည်လူ တွေက သေခြင်းတရားနှင့် appointment လုပ်ခဲ့ကြသူများဟု လူသိများကြလေသည်။

သူသည် ဗန်ဂိုးထက် အသက် ၁၀ နှစ်ကြီးနေပြီ ဖြစ်ပါသည်။ သူက ယခင် ဆိုဗီယက်ပြည်ထောင်စုက ခေါင်းဆောင်ကြီးဟုဆိုသူ စတာလင်ကို နွားဟု ထင်ပြီး လီယိုတော်လစတွိုင်း နှင့် အင်တန်ချက်ကော့ဗ် တို့ကို လူဟု ထင်ပါသည်။ ( In light of revelations from the Soviet archives, historians now estimate that nearly 700,000 people (353,074 in 1937 and 328,612 in 1938) were executed in the course of the terror, with the great mass of victims being "ordinary" Soviet citizens: workers, peasants, homemakers, teachers, priests, musicians, soldiers, pensioners, ballerinas, beggars. ( ref: http://en.wikipedia.org/wiki/Joseph_Stalin ) ဒါက နှစ်နှစ်စာပဲ ရှိသေးသည်။ စတာလင်က ၁၉၂၄ မှ ၁၉၅၃ ထိ ဆိုဗီယက် ပြည်ထောင်စုကို အုပ်ချုပ်ခဲ့ပါသည်။ တကယ်တော့ သန်းချီသော ကိုယ့်နိုင်ငံသား၊ ကိုယ်နဲ့အတူ အလုပ်လုပ်လာသည့် ရဲဘော်ရဲဖက် တွေကို သူ့အာဏာခိုင်မြဲရေး အတွက် သတ်ရက်သူကို နွားဆိုတာထက် ပိုနာနာကျည်းကျည်း ခေါ်သင့်ပါသည်။ တရားကိုချစ်သူ၊ တရားကိုသိသူ ဆိုတာေ-ာက်မြင်ကပ် သင့်တာကို /ကပ်သင့်သူကို ထိုက်ထိုက်တန်တန်ေ-ာက်မြင်ကပ်တာလည်း ပါသည်ဟု သူထင်ပါသည်။ ) ထို့ကြောင့် နွားတွေ တည်ထောင်သော ဆိုဗီယက်နိုင်ငံတော် ( ဒေါက်တာ ဇီဗားဂိုး ရုပ်ရှင်ကို ကြည့်ပါ ) ကို အားမကျလှသော်လည်း လူတွေရေးသော ရုရှဂန္ဓဝင် စာပေကို အထင်ကြီးလှသည်နှင့် Russian for Beginners ဆိုသော စာအုပ်ဟောင်း တအုပ်ကို သူ တခါတုန်းက ဈေးမေးကြည့်ဖူးသည်။ သူနှင့်ခင်နေသော ထိုစာအုပ်ဟောင်း ရောင်းသူက ကမ္ဘာသုံးလည်း မဟုတ်တဲ့ ရုရှစာကို လေ့လာနေမည့် အစား ... တရားတော်များ ကို လေ့လာရန် အကြံပြုခဲ့သည်။ သူလည်း တရားတော်တွေ ကျေးဇူးကြောင့် တရားတွေ အတော်ရနေပြီဟု ပြောပြသည်။ ထိုအခါ သူ (= စတာလင်ကို နွားဟု ထင်သောသူ ) က "တရားဆိုတာ Absolute fairness ဗျ။ အဲဒီ fairness ကို ချစ်တာကတော့ ကျုပ်က တရား မလိုက်စားဖူးဘဲနဲ့ကို ချစ်ပြီးသားပါ၊ ဒါကြောင့် ကျုပ်ရင်ထဲမှာ တရားရှိပြီးသားလို့ ယုံပါတယ်။  နောက်ပြီး ကျုပ်က ဘဝရဲ့ အဓိပ္ပါယ်မဲ့မှု ( meaningless existence of life ) ကို မြင်လွန်းနေလို့ ခက်နေတာဗျ။ ဒီတော့ ကျနော် အမှန်အတိုင်းပြောရရင် ခုနေခါမှာ ဘဝကို တက်တက်ကြွကြွ၊ စိတ်ပါလက်ပါ ခံစားနိုင်မဲ့ တရားပဲလိုချင်တယ်ဗျာ။ ဘဝကို စိတ်ကုန်မဲ့ တရား မလိုအပ်ဘူးဗျ။ အဲဒါက ရှိနေပြီးသား" ဟု ပြန်ပြောခဲ့မိသည်။ ထိုအခါ တရားရှိသော စာအုပ်ဆိုင်ပိုင်ရှင်က ဒီလူ တရားမရသေးဘူးဟု အခြားလူတဦးကို ပြန် ပြောပြသည်ဟု သိရ၏။ နောက်ဆုံးတော့ တရားမရသေးသော သူကပဲ တရားရထားသောသူကို တရားနှင့် ဖြေလိုက်ရလေသည်း))

Fairness ဆိုလို့ မြန်မာမတွေ ပဲများပုံကလည်း တယ် fair မဖြစ်လှဟု သူ ထင်မိသည်း)) တခါတုန်းက သူ အပြင်မှာ လူချင်း မတွေ့ဖူး၊မမြင်ဖူး၊ မှုန်ဝါးဝါး ဓါတ်ပုံလောက်မျှလည်း မတွေ့ မမြင်ဖူးသော်လည်း စိတ်ကောင်း နှလုံးကောင်း ရှိသည်ဟု မှန်းဆ၊ ခံစားမိသော ( သူနှင့် စံတော်ချိန် ၁၅ နာရီ ကွာခြားသော အရပ်မှ ) မြန်မာ ဘလော့ဂါမလေး တယောက်ကို "တော်သည့်၊ ထက်မြက်သည့်၊ ယဉ်ကျေးသိမ်မွေ့သည့် တူမလေးတယောက်" ကို ချစ်ခင်မိသလို သူခင်မင်သွားခဲ့ဖူး သည်။ သို့နှင့် သူမ၏ မွေးနေ့နား ရောက် လာသောအခါ ( Happy Birthday wish လောက်လုပ်တာက လျှာဖျားပေါ်က ဟန်ဆောင်ခင်မင်မှု ဆန်လှသည်၊ ဘာမှ အနှစ်အသား မပါဘူးထင်၍ ) မွေးနေ့လက်ဆောင် တခု ပို့ပေးချင်ကြောင်း ပြောမိ၏။ ဤနေရာတွင် ဖခင်/ ဦးလေးတွေက တော်သော၊ လိမ်မာသော သမီး/ တူမ တယောက်ကို ဂုဏ်ယူစွာနှင့် ချစ်ခင်ကြသလောက် အဲသည် ကလေးမကို သူချစ်ခင်ခဲ့ကြောင်း ဝန်ခံပါသည်။ သူပြောချင်တာ တချက် ရှိပါသည်။ ယောက်ျားတွေဟာ သမီး/တူမ တွေကို သား/ တူတွေထက် ပိုချစ် ခင်မိကြခြင်းမှာ romantically attracted ဖြစ်တာ မဟုတ်ဘဲ သူမတို့၏ innocence, cleverness, cuteness ကို ငြိမ့်ငြိမ့် အေးအေး၊ သန့်သန့်ရှင်းရှင်းလေး နှစ်သက် ချစ်ခင်မိကြတာသာ ဖြစ်ပါသည်။ ဤကဲ့သို့သော ချစ်ခင်မှုမျိုး သွေး မတော် သားမစပ်သော  ယောက်ျား တယောက်ထံမှလည်း လာနိုင်သည် ဆိုတာပဲ ဖြစ်ပါသည်။ မိမိချစ်ခင်မိသော မိန်းကလေး တယောက်ကို romantically attracted ဖြစ်တာ ဟုတ်၊ မဟုတ် သူ စမ်းသပ်လေ့ရှိသည့် နည်းမှာ ခုနေခါ သူမ boyfriend တယောက် ရသွားကြောင်း သိရလျှင် မိမိ ဘယ်လိုခံစား ရမလဲဟု အငှားဝင် ခံစားကြည့်ခြင်း ဖြစ်သည်။ သူ မွေးနေ့လက်ဆောင် ပေးချင်ကြောင်း ပြောမိဖူးသည့် မိန်းကလေးကိုလည်း အဲသည် စမ်းသပ်နည်းနှင့် စမ်းသပ်ကြည့်ရာ သူမ boyfriend ရသွားလည်း သူ မနှမြော မတွန့်တိုမိပေ။ သူမ ယောက်ျားရပြီး ကလေးတွေ ရနေလည်း သူမကို မေတ္တာမပျက် မိမိဖက်မှ တစုံတရာ ဖြည့်ဆည်းပေးနိုင်တာ ရှိလျှင်သာ ဖြည့်ဆည်း ပေးနေချင်လေသည်။ အဲသည် ခံစားမှုကို သူက လှပ သန့်ရှင်းသည်ဟု ထင်သော်လည်း သူမကတော့ "ဖွန်ကြောင်သည်" ဟု အဓိပ္ပါယ် ကောက်ခဲ့ဟန် ရှိသည်။ ( တခု ပဲ ရှိတာက သူ ဖွန်ကြောင်တာလည်း ဖြစ်ကောင်း ဖြစ်နိုင်သလားတော့ မသိ၊ သူမ၏ အရွယ်လောက် ရှိပြီး သူမလောက်ပင် လိမ္မာ၊ ထူးချွန်၊ ထက်မြက်သော တူအရွယ် ယောက်ျားလေး တယောက်ကိုတော့ သူ အဲသည်လို စေတနာမျိုး တခါမှ မပေါ်ပေါက်ဖူးပေ :))

သူမကို လက်ဆောင်ပေးချင်ကြောင်း ပြောခဲ့ခြင်း၏ အကျိုးဆက် အဖြစ်ဖြင့် သူမသည် သူ့ကို ကိုယ်ကျင့်တရား ဖောက်ပြန်သူတယောက်ကို စိတ်မပါလက်မပါဖြင့် ဆက်ဆံနေရသလို ဆက်ဆံလာခဲ့သည်။ ဥပမာ၊ သူမ၏ facebook wall ပေါ်မှာ birthday wish ပေးခဲ့ကြ သူတိုင်းကို သူမက like နှင့် ကျေးဇူးတင်စကား ရွှန်းရွှန်းဝေအောင် ပြောသော်လည်း သူပို့ထားသည့် အရုပ်ကလေး ကိုတော့ မထိမတို့ဘဲ တမင်ချန်လှပ်ထားခဲ့ပြီး ( လူအများအလယ်မှာ ထင်းကနဲ ပေါ်လွင်နေစေကာ ) အရှက်ခွဲခြင်းမျိုး ဖြစ်သည်။ ဒါကို တချို့က နိုင်ငံကြီးသား ဖြစ်လေယောင်ဆောင်ကာ "ဟာ.. ဒါက သူ့ individual right ပဲလေ၊ သူ ပြန်ပြောချင်မှ ပြောမှာပေါ့" ဟု ဆိုကြပါလိမ့်မည်။ ဟုတ်ကဲ့.. ခင်ဗျားက လူတယောက်ကို လူပုံအလယ်မှာ တစုံတရာ လှမ်းနှုတ်ဆက်လိုက်စဉ် ထိုသူက ( မကြားလို့မဟုတ်ပါဘဲ ကြားပါလျက် သူ့ individual right ကိုသုံး၍ ) ခပ်စိမ်းစိမ်းကြည့်ပြီးမှ ဘာမှ ပြန်မပြောဘဲ ဟိုဖက်ကို မျက်နှာလှည့်သွားလျှင် ခင်ဗျားရင်ထဲ ဘယ်သို့ရှိပါမည်နည်း။ လောကတွင် "ယဉ်ကျေးသောအပြုအမူ ဆိုသည်မှာ မိမိကြောင့် လူတယောက် အိုးတိုးအန်းတန်း၊ စိတ်အနှောက်အယှက် မဖြစ်စေရအောင် မိမိ၏ အပြုအမူကို ထိန်းသိမ်းခြင်း၊ သူတပါးအပေါ် ကိုယ်ချင်းစာနာစိတ် ထားခြင်း" ဟု သူထင်ပါသည်။ သည်လိုနှင့် သူ အခု သူမကိုမုန်းတီးလို့ မဟုတ်ဘဲ သူမ၏ အလိုကို လိုက်ပေးသည့် အနေဖြင့် သူမကို ဘာမှ သွားမပြောတော့ပါ။ A relationship is mutual; one-sided relationship cannot be sustainable. သူက ဒါတွေကို စမြုံ့ပြန်ပြီး သူမကို မကျေမချမ်း ဖြစ်နေတာမျိုး မဟုတ်ဘဲ၊ သူခံတွင်း မတွေ့မိခဲ့သော "မြန်မာပဲ" အကြောင်းကို သူ့ရဲ့ နောက်ဆုံးအချိန်မှာ ပြန်လည် သတိရနေမိတာသာ ဖြစ်ပါသည်။

အခြားတယောက်သော မိန်းကလေးကိုတော့ သူတကယ်ချစ်သွားမိခဲ့တာ ဖြစ်သည်။ သည် မိန်းကလေး၏ ရယ်မောသံက ညှင်းညှင်းသွဲ့သွဲ့နှင့် အလွန်သာယာနာပျော်ဖွယ် ရှိလှသည်။ သူသည် သူမ၏ အသက်ဝင်လှသော ( lively ) ရယ်သံချိုချိုလွင်လွင်ကို ကနဦး စွဲလန်းငြိတွယ်သွားခဲ့တာ ဖြစ်သည်။ နောက်တော့ သူမ ( တခုလုံး ) ကို ချစ်သွားခဲ့တော့သည်။ သူ့၏ "မိန်းကလေး တယောက်ကို ချစ်မချစ် စမ်းသပ်နည်း" ကတော့ စိတ်ကူးထဲမှာ သူမကို အသက် ၆၀-၇၀ အရွယ်လောက် ထားလိုက်ပြီး မိမိ ( အဖိုးကြီး ) က သည်အဖွားကြီးကို ညှာတာ၊ မြတ်နိုး၊ တစိမ့်စိမ့် ကြည့်မဝချင်စိတ် ဖြစ်နေသေးလျှင် တကယ် ချစ်မြတ်နိုးသည်ဟု ယူဆလေသည်။ နောက်ပြီး သူမအပေါ် ( ဆိတ်ကွယ်ရာမှာ ) ဘယ်လောက် သစ္စာစောင့်သိချင်သလဲ ဟု ကိုယ့်စိတ်ကို တိုင်းတာကြည့်ခြင်း ဖြစ်သည်။ သူက သူမကို ချစ်ပါသည်ဆိုလျှက် အခြားမည်သည့် မိန်းကလေး အပေါ် တွင်မျှ romantically attracted မဖြစ်ချင်မိပေ။ သူမသည် အဲသည်လို အမျိုးမျိုးသော စမ်းသပ်မှုတို့ကို အစမ်းသပ်ခံနိုင်ပါပေသည်။ သူ့မှာ သူမနှင့် ပတ်သက်လာလျှင် နှမြောတသမှု၊ လောဘကြီးမှု၊ နီးစပ်လိုမှု၊ တသိမ့်သိမ့် ဆွတ်ပျံ့ကြည်နူးရမှု၊ တထိတ်ထိတ် စိုးရိမ် ပူပန်ရမှုတို့ ရှိသည်။ အလှပဆုံး မျှော်လင့်ချက်နှင့် အကြောက်လန့်ဆုံး အနာဂါတ်တို့ ရှိသည်။ သူသည် သူမကို အသေးအဖွဲ့ကလေးမျှလည်း မလိမ်ညာ၊ မထိန်ချန်ချင်မိပေ။ ဟောဒါတွေကို သူမအား ပြောပြဖူးသည်။ သူသည် အင်္ဂလိပ်လို 20's ဟုဆိုကြသည့် ၂၀-၂၉ နှစ်များအတွင်းက သူ ဆွတ်ပျံ့ကြည်နူးစွာ မြတ်နိုးမိသော မိန်းကလေး ( မန္တလေးသူ ) တယောက်ကို စာတိုက်ကနေ သူမ၏ရုံးသို့ စာတစောင်ထည့်ပြီးချစ်ရေး ဆိုဖူးသည်။ "ဒါ ပထမဦးဆုံး အကြိမ်နှင့် နောက်ဆုံး အကြိမ် ဖြစ်ပါစေ" ဟုကြိမ်းမောင်းခံရပြီး ဘာမှရှေ့မတိုး နိုင်တော့ပေ။ နောင် သုံးနှစ်ခန့် ကြာသောအခါ သူမ DSA စစ်ဗိုလ်တယောက်နှင့် လက်ထပ်သွားပြီး သူကတော့ အသက် ၂၉ နှစ် အရောက်တွင် အရက်ကို မနက်ပိုင်းပါ သောက်တတ်သည့် alcoholics အဆင့် အရက်သမားတယောက် ဖြစ်လာခဲ့လေသည်။ 30's ( ၃၀-၃၉ ) အတွင်း ဒုတိယမြောက် မိန်းကလေးတယောက်ကို ချစ်ရေးဆိုမိရာ ဇာတ်ပေါင်းသော် သူ နိုင်ငံရပ်ခြားသို့ လွင့်ထွက်လာခဲ့ရလေသည်။ ယခု 40's  (၄၀- ၄၉ ) အတွင်းမှာ သူမကို သူချစ်မိ ပြန်သည်။ ထုံးစံအတိုင်း သူမလည်း သူ့ကို မချစ်ပါ။ ဒါပေမဲ့ သူမကို ကျေးဇူးတင်ဖို့ ကောင်းသည်မှာ သူမက ပဲတော့သိပ် မများလှပါ။ "အကို ကျမကို တကယ်ချစ်တာ သိပါတယ်.. ဒါပေမဲ့ ကျမက အကို့ကိုအကိုတယောက်ထက်ပိုပြီး မချစ်နိုင်လို့ပါ" ဟု ကောင်းမွန်စွာ ပြောရှာလေသည်။ သူမ သူ့ကို အနည်းငယ် ချစ်သော်တောင်မှ "နှစ်ယောက် တဘဝ" ထူထောင်ဝံ့လောက်သည် အထိတော့ ဘယ်လိုမှ မဖြစ်နိုင်ချေ။ နောက်ပြီး သူမက အလွယ်တကူ စိတ်ထိခိုက်ခံစားလွယ်သူ ( စိတ်ဆောင်ရာ နောက်လိုက်မည့်သူ ) တယောက်လည်း မဟုတ်ပါ။ သူ့လို ဘဝကို ကလေကချေ ဆန်ဆန် ရောက်ချင်ရာရောက် ပေါက်ချင်ရာပေါက် ဖြတ်သန်းလာခဲ့သူလည်း မဟုတ်ဘဲ ဘယ်အချိန်၊ ဘယ်အသက်အရွယ်မှာ ဘာဖြစ်ရမည်ဟု အချိန်ဇယားဆွဲထားသော scheduled life တခုထဲမှာသာ ကျင်လည်ဖူးသူ၊ကျင်လည် ဦးမည့်သူ ဖြစ်ပါသည်။ အချုပ်ဆိုရလျှင် သည် ချစ်ရသူနှင့်လည်း ဘဝချင်း မပေါင်းစပ်နိုင်မည့်ဖက်က ၉၀ ရာခိုင်နှုန်းလောက် ရှိလေသည်။
                                                                                  
                                                                               ( ၂ )

သူသည် သေခြင်းတရားကို လက်ခံတွေ့ဆုံရန် ဧည့်ခန်းမဖက်သို့ ထွက်လာခဲ့သည်။ သေခြင်းတရားက သူ့ကို သက်တောင့်သက်သာ မရှိဟန်ဖြင့် မေးသည်။

"တခုခု ရေးထားခဲ့ချင်လား။ note လေး ဘာလေး တခုခု လောက်ပေါ့"
"ဟုတ်ကဲ့ .. ကျနော့် landlord ရဲတွေနဲ့ ပြသနာ ရှင်းမနေရအောင်တော့ တခုခု ရေးထားခဲ့မှ ဖြစ်မယ်"
"ဟောဒီမှာဗျ .. I testify that ...................................................................................................."
"....... ကို သတိရနေမိလား.."
"Oh, my Gosh, ကျနော့်ရဲ့ နောက်ဆုံး အချိန်မှာ သူ့ကို သတိရနေမိတဲ့ စိတ်က ဖုံးလွှမ်းနေလို့ ကျနော် ခင်ဗျားနဲ့ ရင်ဆိုင်တွေ့နေရတယ် ဆိုတာကိုတောင် သတိမပြုမိ နိုင်လောက်အောင်ပါလား။ ကျနော် ခင်ဗျားကို တုန်လှုပ်ဖို့ တောင် မေ့နေတယ်ဗျ။ ဒီလောက်ထိ သန့်သန့် ရှင်းရှင်း ချစ်တတ်တဲ့ ရင်ဘတ်တခုကို ပိုင်ဆိုင်ခွင့် ရခဲ့တဲ့အတွက် ကျနော့်ကို create လုပ်ခဲ့တဲ့ အင်္ဂျီနီယာ၊ The Law of Karma, or the God, whatever it maybe ကို လှိုက်လှိုက်လှဲလှဲကြီး ကျေးဇူးတင်မိပါတယ်ဗျာ .."
"ဒါဆိုရင် ကျုပ်ပြန်တော့မယ်"
"ရော်.. ဟိုကိစ္စက.."
"နောက်များမှပဲ တွေ့ကြသေးတာပေါ့.. "
 သည်တကြိမ် ဇာတ်ပေါင်းသော်ကား သူ ဘယ်ဆီသို့လွင့်မျောသွားရမည် မသိတော့ချေ..။

Saturday, September 24, 2011

အတွေး တခု

ဘဝက ခါးသီး၊ ခြောက်သွေ့၊ အချိုရည် ခန်းခြောက်လှပေရဲ့

ဒါပေမဲ့ အဲဒီဘဝမှာ ကျုပ်တို့ ဘာလို့နေနေသေးသလဲ..။


ဟိုတနေ့က ကျနော့်ကို ကားတစီး ပွတ်တိုက်သွားခဲ့တယ်

လဲပြိုကျသွားတော့ သေရမှာ ကြောက်လိုက်တာ တုန်လို့

ငါ့နှယ် သေချင်တယ် သေချင်တယ်နဲ့

အခုတော့ ဖြစ်ပျက် နေလိုက်တာ .. ဟာဟး))

ခင်ဗျားတို့ကို ထားရစ်ခဲ့ပြီး ထွက်မသွားချင်တာလည်း ပါပါတယ်။


ဒါပေမဲ့ ခင်ဗျားတို့ကို ချစ်လွန်းလို့ လို့ မထင်ပါနဲ့  ..း))

ခင်ဗျားတို့က ပြုံးလို့ပျော်လို့ နေခဲ့ရပြီး

ကျုပ် တယောက်ထဲ ထွက်သွားရမှာလား ဆိုတဲ့ jealousy မျိုးနဲ့ ပါ..း))


မနက်ဖြန်ကမ္ဘာပျက်ပြီး လူတွေအားလုံး သေမယ်ဆိုတာ သေချာတယ် ဆိုပါတော့

ဘယ်သူကမှ သေမှာကို ခုလောက်ကြောက်ကြမယ် မထင်..။


အဲသလို ခင်ဗျားတို့ကို ပစ်မထားခဲ့ချင်စိတ်နဲ့ ပဲ

အချိုရည် ခန်းခြောက်သွားတဲ့ ပီကေတခုကို လှိမ့်ပိန့်ပြီး ဝါးနေရလေ၏း))


[ လူတို့၏ သေခြင်းတရား အပေါ် သဘောထားကို ကျနော် ဆင်ခြင်မှန်းဆမိသမျှ ရေးဖွဲ့ ထားခြင်း ဖြစ်ပါသည်။ ကဗျာဓါတ် အတော် ခန်းခြောက် နေသော ကဗျာတပုဒ်မှန်း သိပါ၏။ ]