Wednesday, February 1, 2012
“ဒီမိုကရေစီဖော်ဆောင်ရေး" တွင် “တသီး ပုဂ္ဂလိကဝါဒ” လိုအပ်မှု (The Necessity of Individualism in Democratization )
( ကြိုတင်ဝန်ခံချက်။ ။ ကျနော့်၏ facebook  မိတ်ဆွေတဦး ဖြစ်သော အိမ့်ချမ်းမြေ့ ( မလေး ) ဝေမျှသည့် Phoe Khwar Pwl  ၏ “ဂလိုဘယ်လိုင်ဇေးရှင်း၊ ဒီမိုကရက်တိုင်ဇေးရှင်းနှင့် အယ်လ်ဇေးရှင်းများ” ပိုစ့်မှ ဤ note ရေးဖို့အတွက် inspiration ကိုရရှိခဲ့ပြီး ဆက်လက် ဆင့်ပွားတွေးတောထားခြင်း ဖြစ်ကြောင်း ဝန်ခံပါသည်။ ထို့ကြောင့် ထိုမူရင်းစာရေးသားသူနှင့် ဝေမျှသူတို့ နှစ်ဦးစလုံးအား ကျေးဇူး တင်ရှိ ကြောင်း ဖော်ပြအပ်ပါသည်။ )
     ဆိုခဲ့တဲ့ အတိုင်းပါပဲ။  အိမ့်ချမ်းမြေ့ ( မလေး ) share လိုက်တဲ့ Phoe Khwar Pwl  ရဲ့ “ဂလိုဘယ်လိုင် ဇေးရှင်း၊ ဒီမိုကရက်တိုင်ဇေးရှင်းနှင့် အယ်လ်ဇေးရှင်းများ” ဟာ လေးနက်တဲ့ အကြောင်းအရာ တခုကို ( လေးနက်စွာ နားလည်သူ တယောက်က ) “ပေါ့ပေါ့ပါးပါး”  ပြောပြထားတဲ့ ပိုစ့်တခု လို့ ခံစားမိပါတယ်။ အခု ရှေ့ ဆက်မသွားခင် အဲဒီ post ပါ အကြောင်းအရာကို နည်းနည်းလောက် ပြန် ပြောပြပါရစေ။ အဲဒီ post ရဲ့ author (Phoe Khwar Pwl ) က အခုတလော အကြောင်းအရာသုံးခုကို ကြားနေရပါသတဲ့။ ပထမတစ်ခု က  ရန်ကုန်မှာ ဓါတ်ပုံသင်တန်းသွားတက်တဲ့ သူ့မိတ်ဆွေတစ်ယောက် ရဲ့ ပြောစကားအရ ရန်ကုန် ထောက်ကြံ့ စစ်သချိုင်းမှာ  မြန်မာ မော်ဒယ်မလေးတွေ အ၀တ်အစားဗလာ၊ nude ပုံတွေ ရိုက်ကြတာ၊ ။ ဒုတိယတစ်ခုက စောသက် ရဲ့  စီးရီးအယ်လ်ဘမ် နဲ့ စတိတ်ရှိုးတစ်ခုမှာ ၀ိုင်ကေကေအဖွဲ့  ရဲ့ ဖျော်ဖြေသီဆိုမှု၊ တတိယတစ်ခုက  ဗယ်လင်တိုင်းဒေးအတွက် စတိတ်ရှိုးတစ်ခုရဲ့ “ချစ်သူ စုံတွဲများအတွက် အိပ်ခန်း မဲဖောက် ပေးမယ်” ဆိုတဲ့ ကြေငြာတွေပါတဲ့။ သူက အဲဒါတွေ အပေါ်မှာ သူ့ရဲ့ အမြင်ကို ဟောဒီလို ဆက်ရေးပါတယ်။ ( သူ့ရဲ့ အမြင်ကို ဖော်ပြတဲ့ စာသားတွေကိုတော့ ကျနော် ကြားထဲကနေ paraphrase မလုပ်ရက်တော့ ပါဘူး။ သူ့အတိုင်းတိုင်း ထားမှ လှနေမဲ့ စာသားတွေ မို့ပါပဲ။ )
     “အထင်ကရပန်းခြံကြီး တစ်ခုတွင် ကိုယ်တုံးလုံးဓါတ်ပုံရိုက်ခြင်းမှာ ယဉ်ကျေးမှုနှင့်မညီကြောင်း အထူးပြော စရာမလိုပေ။ ထို့ အတူ ကောင်းလားအကို ကောင်းတယ် ကောင်းတယ် သီဆိုပုံများ ၊ ဘာဖြစ်မှာလဲ ဖာဖြစ်မှာ ပေါ့ ဟု လူပုံပရိတ်သတ်အလယ်တွင် ၀မ်းသာအားရထအော်ပုံများသည်လည်းကောင်း ၊ သမီးရည်းစား အတော်များများလာကြည့်မည့် စတိတ်ရှိုးပွဲတွင် အခန်းများမဲဖောက်ပေးမည် ဟုကြေငြာမှု သည်လည်းကောင်း တစ်လင်တစ်မယား ခြေတစ်လှမ်းကုဋေတစ်သန်း မိန်းမတို့ အိနြေ္ဒ ရွှေပေးလို့ မရ အစရှိသော ဝေါဟာရများနှင့် အိပ်မောကျနေသော နိုင်ငံတစ်ခုအတွက် ရေနှင့်ပက်နှိုးခြင်းမက အက်ဆစ်နှင့် ပက်နှိုးသကဲ့သို့ ပင်ဖြစ်သွား ပါသည်။”
     “နှာစေးပျောက်ချင်၍ ဘာမီတွန်သောက်လျှင် အိပ်ငိုက်မည်သာဖြစ်သည်။ ဆိုဒ်အဖက်ဟု ခေါ်ခေါ် အန်တူဝါ့အဖက်ဟု ခေါ်ခေါ် ထိုသက်ရောက်မှုကိုတော့ခံရပါမည်။ နှာဆက်စေးချင်၍ မရတော့ပါ။ သို့ သော် ဘာဥပဒေမှ ခိုင်ခိုင်မာမာမရှိသေးချိန်တွင် အလုံးအရင်းတွန်းထိုးဝင်ရောက်လာသော လူ့ အခွင့်အရေးအမည်ခံ ယဉ်ကျေးမှု ( မယဉ်ကျေးမှု ဟုလည်းခေါ်လိုက ခေါ်နိုင်ပါသည် ) စီးဝင်လာခြင်းသည် အန္တရာယ်ရှိပါသည်။ အနည်းဆုံးတော့ လစ်ဘရယ်များနှင့် ကွန်စာဗေးတစ်များ ထကိုက်ကြရန်ရှိပါသည်။”
     “သေချာသည်ကတော့ မဂ္ဂဇင်းများတွင် ဒူးခေါင်းအထက် အ၀တ်အစားနှင့် လည်ပင်းဟိုက်သော အ၀တ်အစားပုံများမဖော်ပြရ။ ကိုယ်တုံးလုံးဖြင့် မည်သည့်နေရာတွင်မှ ဓါတ်ပုံမရိုက်ရ ၊ သမီးရည်းစား လက်မထပ်ဘဲ အတူမအိပ်ရ ၊ နိုင်ငံတစ်ဝန်း ပြည့်တန်ဆာကင်းစင်ရမည် ဟူသော ဥပဒေမျိုး မည်သို့ သော ဒီမိုကရေစီနိုင်ငံတွင်မှ ထုတ်၍ ရမည်မဟုတ်ပါ။ ဘောင်တစ်ခု ကန့် သတ်ပြီး စနစ်တကျ ခွင့်ပြုရန် လိုအပ်လာပြီ ဟုသာထင်ပါသည်။”
     အခု ကျနော် ပြောချင်တာ စပြောပါမယ်။ ကျနော့် အထင် “ဒီမိုကရေစီ နိုင်ငံ” ဆိုတာ ( သမ္မတ လင်ကွန်းရဲ့ စကား ငှားသုံးရ ရင် ) Government by the people, for the people, from the people ( ပြည်သူတွေက  ပြည်သူတွေအတွက် ပြည်သူထဲက ရွေးချယ် တင်မြှောက်ထားတဲ့ အစိုးရ ) တရပ်နဲ့ ငါတို့အစိုးရဟာ ( မူဝါဒ တွေ ဘာတွေ မှားကောင်းလည်း မှားနေမယ်။ ဒါပေမဲ့ ) သန့်ရှင်းစွာ၊ ရိုးသားစွာ၊ တရားနဲ့ လျော်ညီစွာ တက်လာခဲ့တဲ့ ပြောလွယ်၊ ဆိုလွယ်တဲ့၊ ပြည်သူ့အသံကို အလေးထားတဲ့ အစိုးရတရပ် ဖြစ်တယ်။ ဒါကြောင့်မို့ အစိုးရရဲ့ ဦးဆောင်မှုကို နာခံရမယ်လို့ ယုံကြည်တဲ့ ပြည်သူအများစုရဲ့ နိုင်ငံ သာ ဖြစ်ပြီး၊ နိုင်ငံတခုချင်းစီရဲ့ အမျိုးသားရေး လက္ခဏာ၊ အမျိုးသားရေး တန်ဖိုးထားမှုစံ စတာတွေနဲ့ သက်ဆိုင်ခြင်း သိပ်မရှိလှဘူးလို့ ထင်မိပါတယ်။
     ဒါကြောင့် “ဟေ့.. ငါတို့ မြန်မာယဉ်ကျေးမှုက အရင်ကတော့ nudity ကို ရိုင်းတယ်လို့ ယူဆတယ်။ ဒါပေမဲ့ အခုတော့ ငါတို့ ဒီမိုကရေစီ နိုင်ငံတော်ဆီကို သွားနေကြပြီဆိုတော့ အဲဒါကို ယဉ်တယ်လို့ ပြောင်းလဲ ယူဆကြစို့ရဲ့” လို့ မိမိရဲ့ အမျိုးသားရေး တန်ဖိုးထားမှုစံကို လိုက်ပြောင်းစရာ မလိုဘူးလို့ ထင်ပါတယ်။ ဒီမိုကရေစီဟာ အမေရိကန်ပိုင် ပစ္စည်း မဟုတ်ပါဘူး။ ကျနော်တို့ဟာ ဒီမိုကရေစီကို အမေရိကန်တွေဆီက ငှားသုံးတာ၊ ဝယ်သုံးတာ မဟုတ်ပါဘူး။ အဲဒါဟာ လေကောင်းလေသန့် လိုပဲ တကမ္ဘာလုံးက ပိုင်တဲ့ ပစ္စည်း ( universal phenomenon ) တခု ဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီကို ပေါက်မြောက် အောင်မြင်စွာ ကျင့်သုံးနိုင်ဖို့ရာ အတွက် ကျနော်တို့ တမင် အမေရိကန်ဆန်နေစရာမလိုဘူးလို့ ထင်ပါတယ်။ နောက်တမျိုး ပြောကြည့်ရရင် ဒီမိုကရေစီက ခင်ဗျား တသက်လုံး တန်ဖိုးထားလာတဲ့စံကို ပြောင်းလဲပစ်ဖို့ တောင်းဆိုတယ်လို့ ကျနော်တော့ မထင်မိပါဘူး။ အဲလို တောင်းဆိုရင်လည်း အဲဒါဟာ ကောင်းတဲ့စနစ်တခု ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အဲလိုသာ ဆိုရင် အဲဒါဟာ အာဏာရှင် စနစ်တခုပဲ ဖြစ်သွားမှာပါ။
     တကယ်တော့ ဒီမိုကရေစီဟာ လူပုဂ္ဂိုလ်တဦးချင်းစီရဲ့ မိမိတန်ဖိုးထားရာ ယဉ်ကျေးမှုစံကို ( သူတပါး/ အများပြည်သူကို မထိခိုက် စေသရွေ့ ) လွတ်လပ်စွာ၊ တရားဝင်စွာ ထိန်းသိမ်း ကျင့်သုံးခွင့်ပေးတဲ့ စနစ်တခုသာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီဟာ နိုင်ငံရေးမျက်နှာစာ ( political sector ) ဖက်မှာ လူများစု ( majority ) က လူနည်းစု ( minority ) ကို အနိုင်ကျင့်မှုတရပ် ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း လူမှုရေးမျက်နှာစာ ( social sector ) မှာတော့ လူတဦးချင်း ( individual ) က လူများစု ( majority ) ရဲ့ မျက်နှာကို မော့ကြည့်နေဖို့ မလိုတဲ့ စနစ် ဖြစ်တယ် ( မဖြစ်ရင်လည်း ဖြစ်အောင် လုပ်သင့်တယ် ) လို့ ထင်မိပါတယ်။ Political sector မှာ လူများစုက လူနည်းစုကို အနိုင်ကျင့်ခဲ့တဲ့ အတွက် social sector မှာ remedy ( ပြန်လည်ကုစားမှု ) တခုပေး ရမယ်လို့ သဘောရပါတယ်။ ဒီလို remedy မျိုးရှိမှ၊ ပေးမှသာလျှင်လည်းပဲ democratic society ဟာ တအုံ့နွေးနွေး ခံစားချက်နဲ့ မပေါက်ကွဲ မှာပါ။
     ကျနော် ဒီနေရာမှာ ပြောချင်တာက Democratization လုပ်ချင်ရင် နိုင်ငံသားတွေ အကြားမှာ Individualism အားကောင်းလာအောင်လည်း လုပ်ပေးဖို့လည်း လိုအပ်လိမ့်မယ် ဆိုလိုတာပါ။ ဒါကို ကျနော် ဘယ်နိုင်ငံရေးသိပ္ပံစာအုပ်မှ မဖတ်ဘဲ ကျနော့် စိတ်ထဲမှာ ရှိတဲ့ အတိုင်း ပြောတာပါ။ အခု ဒီစာကို ရေးမယ် ဆိုတော့ ဆရာကြီးတွေရဲ့ အလွှမ်းမိုးခံရပြီး ကိုယ့်ရင်ထဲမှာ ရှိတာ မပြောဖြစ်လိုက်မှာ စိုးလို့ ကျနော် သိချင်တာ တွေရှိတာတောင် တမင် google မလုပ်ဘဲ ကိုယ် စွဲမြဲယုံကြည် သလောက်ကိုပဲ ပြောပြနေတာပါ။      
      ဒါကို ဘာဖြစ်လို့ ပြောရသလဲ ဆိုတော့ ကျနော်တို့ ( မြန်မာ ) တွေ ၇၅% လောက်ဟာ Democratization ကို Americanization နဲ့ ရောထွေးနေကြတယ်လို့ ထင်မိလို့ပါ။ ကိုဖိုးခွား ပြောသလိုပဲ ကျနော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီက သွေးနုသားနုပဲ ရှိသေးတာပါ။ ဒီအချိန်မှာ Democratization = Americanization ဆိုပြီး မဆင်မခြင်  အမေရိကန်ဆန်နေရင် မြန်မာပြည်ရဲ့ မသေးငယ်လှတဲ့ “ရှေးရိုးစွဲ အုပ်စု” က Democratization ကို Alien ( နိုင်ငံခြားဖြစ် ) လို့ ထင်သွားနိုင်ပါတယ်။ ညှီစော်နံတယ်လို့ ထင်သွား နိုင်ပါတယ်။ တကယ်တော့ ကိုယ့်ကို အုပ်ချုပ်မဲ့ အစိုးရ၊ ကိုယ့်အတွက် ဥပဒေ ပြုပေးမဲ့ လွှတ်တော်၊ ကိုယ့်ကို တရားစီရင်မဲ့ တရားသူကြီးတွေကို ရွေးတဲ့ကိစ္စမှာ ( တိုက်ရိုက် / သွယ်ဝိုက်စွာ ) ကိုယ်တိုင်ပါဝင်တာ၊ နိုင်ငံ့အရေးမှာ ပြည်သူတယောက် အနေနဲ့ ဝင်ပြောခွင့် ရှိလာတာဟာ ဘယ့်နှယ်လုပ်ပြီးတော့မှ မမှားနိုင်ပါဘူး။ ဘယ့်နှယ်လုပ်ပြီးတော့မှ “နိုင်ငံခြားဖြစ်” မဖြစ်နိုင်ပါဘူး။ ဒါဟာ ကမ္ဘာပေါ်က ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း ( civilized society ) တိုင်း တွေးမိကြမဲ့ ကိစ္စသာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီစနစ်ကို ကျနော်တို့ ရွေးချယ်လိုက်တာဟာ အမေရိကန်ဆန်မှုကို ယူသုံး  လိုက်တာလို့ မခံစားမိဖို့ လိုမယ်ထင်ပါတယ်။ ဒါမှသာ ကျနော်တို့ nudity လို inappropriate practice မျိုး ကို အလွယ်တကူ လက်မခံမိမှာ ဖြစ်ပါတယ်။
     ဘယ် အမေရိကန် သမ္မတ ကတော်ကမှ nudity ပုံတွေ ဓါတ်ပုံရိုက် မခံဖူးကြပါဘူး။ Miss Universe, Miss America တွေလည်း ငယ်ငယ်က အဲလို ဓါတ်ပုံတွေများ အရိုက်ခံဖူးကြောင်း နောက်မှသိလာရရင် အလှမယ်ဘွဲ့ သရဖူ ပြန် ရုပ်သိမ်းခံရတယ်လို့ ကြားဖူးပါတယ်။ ဒါပေမဲ့ ဒါတွေက prostitution လိုပဲ ကျနော်တို့ ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ ကျနော်တို့နိုင်ငံမှာ နောင် ရှိလာဦးမဲ့ ကိစ္စတွေပါ။ ဒီတော့ နိုင်ငံတော်က တတ်နိုင်မှာက Child porn, Child nudity, child prostitution, Public sex and nudity တော့ မြန်မာနိုင်ငံထဲမှာ လုံးဝ မရှိရအောင် ပြင်းထန်တဲ့ ဥပဒေတွေ ထုတ်ထားသင့်တယ် ထင်ပါတယ်။ အသက် ၂၁- နှစ် ပြည့်ပြီးလို့မှ “ငါ prostitution ဖြင့်သာ အသက် မွေးမြူပေအံ့” လို့ ဆုံးဖြတ်တဲ့ အမျိုးသမီးကိုတော့ဖြင့် ကျနော်တို့ မကယ်နိုင်ပေဘူးပေါ့။  
     ဒါတောင် တကယ်လို့ အဲဒီဘဝက ကျွတ်လွတ်ချင်တယ် ဆိုရင် လာပြီးအကူအညီ တောင်းခံနိုင်တဲ့၊ အစိုးရက subsidized လုပ်ပေးထားတဲ့ “အမျိုးသမီး စောင့်ရှောက်ရေး အသင်းအဖွဲ့” တွေ မြို့တိုင်း၊ ရွာတိုင်း လက်တကမ်းးမှာ ရှိနေသင့်တယ်လို့ ထင်မိပါတယ်။ နောက်တခုက US မှာလည်း TV ကနေ မပြောရတဲ့ ညစ်ညမ်းစကားလုံး ( ၇ ) လုံး ရှိပါတယ်။ အဲဒါမျိုး ကျနော်တို့ဆီမှာလည်း dirty/ erotic words and activities တွေ အတိအလင်း ဥပဒေ ပြဌာန်းထားသင့်ပါတယ်။ ပြည်သူတွေ ရွေးကောက်တင်မြှောက်တဲ့ လွှတ်တော်အမတ်တွေက လွှတ်တော်မှာ မဲများစုနဲ့ ပြဌာန်းတဲ့ ဥပဒေ ဆိုရင် democratically ပြဌာန်းတာပါပဲ။ ဒါဆိုရင် ကိုဖိုးခွား စိုးရိမ်နေတဲ့၊ ကျနော်လည်း ဒီမိုကရေစီ ညှီစော်နံလှချည့်လို့ အထင်ခံရမှာ စိုးရိမ်မိတဲ့ ကိစ္စ ပြေလည်တန်ကောင်းတယ် ထင်ပါရဲ့။
     အခု နောက်ဆုံး ဆွေးနွေးချင်တာကတော့ ဒီလိုပါ။ ကျနော်နေနေတဲ့ ဒီနိုင်ငံက အပျိုအရွယ် မိန်းကလေး တွေ ( များရာစု ) ကို ကြည့်ရတာ သူတို့ဟာ ဘယ်မင်းသမီး၊ ဘယ်မော်ဒယ်လ်၊ ဘယ်အဆိုတော်ရဲ့ ဖက်ရှင် နောက်ကိုမှ တကောက်ကောက် မလိုက်ကြပါဘူး။ သူတို့ဟာ independent individual တဦးချင်း အနေနဲ့ ဘယ်သူ့ရဲ့ လွှမ်းမိုးမှုကို မှ မခံဘဲ သီးသန့် ရှင်သန် ရပ်တည် နေကြတာပါ။ ကျနော်တို့နိုင်ငံမှာတော့ peers-group’s attitude က အဲဒီ group members တွေကို အားကောင်းမောင်းသန် လာလွှမ်းမိုးတယ် ထင်ပါတယ်။ ဥပမာ၊ ကိုယ့် peers-group က valentine day မှာ virginity အပျက်ခံတယ် ဆိုရင် ကိုယ်လည်း အဲဒီလို လုပ်မှ ခေတ်မီသွားတော့မှာ လိုလို ထင်တတ် တာမျိုးပါ။ ဒီနေရာမှာ ကျနော်တို့ ( မြန်မာ ) မိန်းကလေးတွေ အကြား individualism ပိုမို အားကောင်းလာမယ် ဆိုရင် သူများတွေ လုပ်နေကြပေမဲ့ ကိုယ် မကြိုက်ရင်၊ မယုံရင် မလုပ်ဘူး ဆိုတာမျိုး ပိုများလာမှာ ဖြစ်တယ်လို့ ထင်မိပါကြောင်း..း))
5 comments:
  1. ဖဘမှာ ဖတ်ပြီးထဲက သဘောကျမိတယ်။
    လူတွေ ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုများလာရင် အများယောင်လို့ လိုက်ယောင်မိတာတွေ လျော့ကုန်မှာ အသေအချာပါပဲ။
    ReplyDelete
    Replies
    1. မှန်တာပေါ့ဗျာ.. မြန်မာလူငယ်တွေ ( အထူးသဖြင့် မိန်းကလေးတွေ ) peers-group's influence အလွှမ်းမိုး ခံရဆုံးလို့ ထင်မိတယ်။ ခေတ်မီတယ် ဆိုတာ သူများလုပ်တိုင်း ကိုယ်လိုက် မလုပ်တာလည်း ပါမယ် ထင်သဗျ..။
      Delete
  2. “ဒီမိုကရေစီကို အမေရိကန်တွေဆီက ငှားသုံးတာ၊ ဝယ်သုံးတာ မဟုတ်ပါဘူး။ အဲဒါဟာ လေကောင်းလေသန့် လိုပဲ တကမ္ဘာလုံးက ပိုင်တဲ့ ပစ္စည်း ( universal phenomenon ) တခု ဖြစ်ပါတယ်” ဆိုတာကို သဘောကျတယ်။ မိမိရဲ့ယဉ်ကျေးမှုနဲ့ လျော်ညီတဲ့ ဒီမိုကရေစီကို လက်ခံကျင့်သုံးသင့်တယ်။ ဒီမိုကရေစီရပြီဆိုပြီး ဖြစ်ချင်တိုင်းဖြစ်နေတာမျိုးကိုတော့ လုံးဝမှ ရှုံ့ချပါတယ်။ ယဉ်ကျေးမှုနဲ့ မအပ်စပ်တဲ့ လွတ်လပ်မှုမျိုးကိုမှ ဖက်တွယ်နေရင်တော့ လူ့ဘောင်ကနေ ကျဉ်တာခံရမှာမလွဲပါဘူး။
    ReplyDelete
    Replies
    1. ဟုတ်ကဲ့.. တသဘောတည်း ရှိပါတယ်။ အဲဒါကို တချို့လူငယ်လေးတွေက ကြောင်သူတော် လုပ်နေတယ် ထင်ကြလေရဲ့.. ဒါပေမဲ့ မနေနိုင်လို့ ပြောမိပါတယ်။
      Delete
  3. ကျွန်တော့်အမြင်သီးသန့်ပြောရရင်တော့ ကိုယ်ပိုင်ခံယူချက်၊ ကိုယ်ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်ယုံကြည်ချက်တွေမှာ မြန်မာလူငယ်တွေ အားနည်းတယ်လို့ မြင်မိတယ်။ ပညာတတ်နည်းတယ်ပြောရမှာပေါ့။ ပညာတတ်ဆိုတာ အတန်းပညာတတ်ခြင်းကို မဆိုလိုပါ။အရာရာတိုင်းကို ကိုယ်ပိုင်ဥာဏ်နဲ့ သုံးသပ်ဆင်ခြင်စဉ်းစားဝေဖန်နိုင်တဲ့ အားနည်းနေကြတယ်။ တစ်ယောက်က ပြောလိုက်ရင် ဒါလည်းဟုတ်တာပဲ။ အဲဒါကို နောက်တစ်ယောက်က ပြောလိုက်ရင် အင်း ဒါလည်းဟုတ်တာပဲ ဆိုပြီး ဖြစ်ကြရော။ အများစုကိုပြောတာနော်။ အတတ်ပညာတွေတော့ တတ်ကောင်းတတ်ကြပါလိမ့်မယ် နိုင်ငံတစ်ကာအဆင့်ကို။ အခြေခံပညာရေးစနစ်ကိုက ကိုယ်ကိုယ်တိုင် စဉ်းစားဝေဖန်တတ်အောင်မှ မသင်ပေးလိုက်ကြပဲကိုး။ ဒီအကျင့်တွေက ကြီးတဲ့အထိ ကလေးတွေမှာ ပါလာကြတယ်။ အပြင်ဗဟုသုတ စာပေလေ့လာတဲ့ လူငယ်က လွဲလို့ပေါ့။မူလတန်းကနေ အထက်တန်းထိကို ပညာသင်ကြားနေတဲ့ပုံစံက ဒါသင်ပေးလိုက်တယ်။ ဒါကို by heart ကျက်ပြီးပြီ။ သင်ခန်းစာကို ဘယ်လိုနားလည်အောင်လုပ်ရမလဲမှ မသင်ပေးလိုက်ကြပဲကိုး။စဉ်းစားတွေးခေါ်နိုင်အောင်လည်း မသင်ပေးလိုက်ကြဘူး။ ပညာတတ်တွေ နည်းနေသရွေ့ ဘာစနစ်ပဲ ကျင့်သုံးသုံး အောင်မြင်မှာ မဟုတ်ဘူး။ အယောင်ပြစနစ်ပဲ ဖြစ်နေမှာပဲ။
    ReplyDelete