Sunday, March 25, 2012

ကောင်းတာတွေကိုယူသော် မကောင်းလော့ ( ၁ )


ကမ္ဘာလုံးဆိုင်ရာ လူ့ကိုယ်ကျင့် သီလ ( Universal human ethic )

( စကားဦး။ ။ ကျနော် ယခုရေးမည့်စာမှာ အမေရိကန်တွေကို အထင်ကြီးနေသည်ဟု ယူဆလိုသူတို့က ယူဆ နိုင်လောက်ဖွယ် ရေးသားချက်များ ပါဝင်ပါသည်။ ထို့ကြောင့် ကြိုတင်ပြောပြထားလိုသည်မှာ ကျနော် ကိုယ့်မြန်မာလူမျိုးတွေကို ညံ့လှချည့်ဟု မထင်ပါ။ ကျနော်တို့မြန်မာနိုင်ငံသားများသည် “အကောင်း၊ အစစ်၊ တရားမျှတမှု နှင့် ဓမ္မ” ကို အလွန်ချစ်သူများ ဖြစ်ကြပါသည်။ ဥပမာပြရလျှင် သူတို့က တရားမျှတမှု ( ဓမ္မ ) ကို ချစ်လှသဖြင့် တရားမဲ့အနိုင်အထက်ပြုလေ့ရှိသည်ဟု သူတို့ခံစားမိကြသော ( အထူးသဖြင့် ) ယခင်စစ်အစိုးရ၊ ကြံ့ဖွံ့ပါတီတို့ကို ခါးခါးသီးသီးမုန်းတီးကြပြီး၊ ထိုသူတို့၏ တရားမဲ့အနိုင်ကျင့်ခြင်းကိုခံရသော၊ တရားရှိသော၊ အသိဥာဏ်ကြီးသော ဒေါ်အောင်ဆန်းစုကြည်ကိုတော့ သူတို့၏ “အမေ” တယောက်သဖွယ် အားကိုးချစ်ခင် ကြပါသည်။ ဒါက “အကောင်း၊ အစစ်” ကိုသိမြင်မှု ဖြစ်ပါသည်။ ကျနော့် အမြင်အရ “အကောင်း၊ အစစ်ကိုသိသော၊ တရားမျှတမှု( fairness ) ကို ချစ်သော၊ မတရားမှုကို မတရားမှုမှန်းသိသော လူမျိုးတမျိုးသည် ဘယ်လိုမှ နှယ်နှယ်ရရ၊ ခပ်နိမ့်နိမ့် လူမျိုးတမျိုး မဟုတ်နိုင်ပါ။ ထို့ကြောင့် ကျနော့်လူမျိုး၏ ဦးခေါင်းနှင့် နှလုံးသားကို ကျနော် အထင်မသေးပါ။ မိမိလူမျိုးကို အထင်မသေးသောသူသည် အခြားတပါးသောလူမျိုးကို ပစ္စလက်ခတ်ကြီး အထင်မကြီးနိုင်ပါ။ ကျနော်လည်းအမေရိကန်တွေကို “အကုန်သိ၊ အကုန်တတ်၊ အကုန်တော်၊ အကုန်ကောင်း” ဟုမထင်ပါ။  
     
     ဒါပေမဲ့ ကျနော်တို့နိုင်ငံသားတွေက တံခါးပိတ်ပြီး နှစ်ပေါင်း (၅၀) လောက်နေလာကြတာ ဖြစ်၍ ( အမေရိကန် တွေကမှမဟုတ် ) တကမ္ဘာလုံးက စံအဖြစ်လက်ခံထားသော “တကမ္ဘာလုံးဆိုင်ရာ လူ့ကိုယ်ကျင့်သီလ” ( universal human ethic ) အချို့ကို အကျွမ်းတဝင် မရှိသေးဟု ထင်မိပါသည်။ ကျနော်တို့နိုင်ငံမှာ “စီးပွားရေးမဖွံ့ဖြိုးသော ခေတ်စနစ်တခုထဲမှာ နေခဲ့ရစဉ်က လူတဦးအသက်ရှင်ရပ်တည်ဖို့ ထားရှိရသည့်သဘောထားစံ” ( attitudes for one’s survival in an age of poverty ) - ဥပမာ၊ လာဘ်စားတာကို ရုံးလုပ်ထုံးလုပ်နည်းတခု ( သိပ်မဆိုးလှ ) ဟု ထင်နေတော့တာ၊ အာဏာရှိသူက အာဏာပြ တာကို လူ့သဘာဝ ( ရှက်ဖွယ်မရှိ ) ဟု ထင်နေတော့တာတွေကသာ အားကောင်းနေဆဲဟု ထင်ပါသည်။ သို့ဖြစ်၍ ကျနော်တို့ ပြည်ပရောက်နေကြသည့် မြန်မာတွေအနေဖြင့် ကိုယ့်နိုင်ငံကို ကမ္ဘာနှင့် တကယ် ရင်ဘောင်တန်းစေလိုကြလျှင် ကမ္ဘာ့စံဖြင့်လူတိုင်းထားရှိသင့်သည့် “ကမ္ဘာလုံးဆိုင်ရာ လူ့ကိုယ်ကျင့် သီလ” ( universal human ethic ) တွေကိုလည်း ကြားခဲ့သူ၊ မြင်ခဲ့သူတို့က ပြန်လည် ဖြန့်ဖြူး မျှဝေကြရန် ဝတ္တရားရှိသည်ဟု ယူဆပါသည်။ ထိုသို့ ယူဆသည့်အလျောက် ကျနော် နှစ်သက်မိသော အမေရိကန်တွေ၏ ( ကမ္ဘာ့နိုင်ငံသားတွေ၏ ) ကိုယ်ကျင့်သီလအချို့ကို ပြန်လည်မျှဝေ ( ပြောပြ ) ခြင်းသာ ဖြစ်ပါသည်။
      
     ထိုသို့ ပြန်လည်ပြောပြရာတွင် ကျနော့်အဖို့ အလွယ်ကူဆုံးနည်းလမ်းမှာ ကျနော့်အကြောင်း ( အတတ်နိုင်ဆုံး အကျဉ်းချုပ်လျှက် ) ပြောပြရင်း မိမိတွေ့ကြုံခဲ့ရပုံကို ပြောပြခြင်း ဖြစ်ပါသည်။ မည်သို့ပင် အကျဉ်းချုပ်သည် ဆိုစေကာမူ ကျနော့်အကျင့်ဆိုးအရ ကိုယ့်အကြောင်းပြောဖြစ်လျှင် ဟိုဟာလည်း ပါစေချင်၊ ဒီဟာလည်း ပါစေချင်ကာ အကျဉ်းချုပ်နေသည့်ကြားမှ ပေရှည်သွားတတ်ပါသည်။ အဲဒါအတွက်တော့ ခွင့်လွှတ်တော် မူကြပါကုန်။ ခင်ဗျားတို့အဖို့ ခရီးသွားဆောင်းပါးလည်း ဖြစ်သေးတာပေါ့ဗျာ..း)) ဒါပေမဲ့ ဒီနေရာမှာ နားလည်မှု ရှိစေချင်တာက ကျနော့်အကြောင်း ပြောပြချင်လို့ ကျနော် ဒီစာကိုရေးတာတော့ မဟုတ်ပါ။ ဤ post မှာတော့ ကျနော့်ဘဝတကွေ့မှာ အဲသည်လို ethical ဖြစ်တဲ့လူတွေ တွေ့ခဲ့ရပါသည်လို့ ပြောချင်တာကသာ အဓိက ဖြစ်ပါသည်။ ထိုအကြောင်းကို ကိုယ့်အကြောင်း ထည့်မပြောပြဘဲ ပြောလို့မရ ( ကျနော် မပြောတတ် ) သဖြင့် ကိုယ့်အကြောင်း ကျွဲကူးရေပါ ထည့်ပြောခြင်း ဖြစ်ပါသည်။ နည်းနည်းလောက် ကြီးကြီးကျယ်ကျယ်ပြောရလျှင် ကျနော် ကိုယ့်အကြောင်းပြောချင်လို့ထက် ကိုယ့်မွေးတိုင်းပြည်ကို ချစ်ခင် သော၊ အကျိုးများစေလိုသော စေတနာဖြင့်သာလျှင် ဤစာကိုရေးပါသည်။ “ကျုပ်ကဟောဒီလို၊ ကျုပ်တို့ အမေရိကမှာ ဟောဒီလို .. ” ဟု အနှစ်မဲ့ ကြွားလိုရင်းစွဲနှင့် ရေးတာမဟုတ်ရပါကြောင်း..း))
……………………………………………………..

( ၁ )

     ၂၀၀၄ -ခုနှစ် ဒီဇင်္ဘာလ ( ဆူနာမီငလျှင် မလှုပ်သေးမီကလေး ) တွင် ကျနော် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ရောက်ပါသည်။ မဲဆောက်ကို သွားလည်ချင်လျှင် မြဝတီ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားဂိတ်မှာ မြန်မာငွေ ၅၀၀-၁၀၀၀ ကြားလောက် တရားဝင်ဝန်ဆောင်ခပေးပြီး ဓါတ်ပုံရိုက်၊ Pass ယူတာတို့ လုပ်ရပါသည်။ ဒါပေမဲ့ နိုင်ငံခြားသွားမည့်ကျနော့်မှာ ရန်ကုန်ကနေ မြဝတီထိ ကားစီးလာပြီး၊ ဘုန်းကြီးကျောင်းတခုမှာ တညတည်းခို၊ ထမင်းတနပ် ဝယ်စားပြီးနောက်  မြန်မာငွေ (၆၀) ကျပ်ပဲ ကျန်ရှိတော့ရာ လူတယောက်က ရခိုင်လဘက်ရည် ဆိုင်တခုမှာ Pass အတွက် လိုအပ်ငွေကို အကူအညီတောင်းလို့ရလိုရငြား ကျနော့်ကိုလိုက်ပြပြီး ဆိုင်ရှင်နှင့် လည်းမိတ်ဆက်ပေးပါသည်။ ဒါပေမဲ့ထိုရခိုင်ဆိုင်ပိုင်ရှင်က ကျနော့်လိုမသန်စွမ်းသူတဦးအနေဖြင့် Pass အတွက် တံတားဂိတ်ကလူတွေကို ပြောပြပြီး ကင်းလွတ်ခွင့် ရမည်ထင်ကြောင်း၊ ထို့ကြောင့် Pass အတွက် မဟုတ်ဘဲ ဟိုဖက်ကမ်းမှာ မဲဆောက်သွား လိုင်းကားစီးဖို့အတွက် ထိုင်းဘတ် ( ၂၀ ) ( မြန်မာငွေ ၅၀၀ ကျပ်ခန့် ) ပဲ ပေး ချင်ကြောင်းပြောပြီး ဘတ် ( ၂၀ ) လှူဒါန်းလိုက်ပါသည်။ သူပြောသည့်အတိုင်း တံတားဂိတ်မှာတွေ့သည့် လဝက အရာရှိတွေကို အလေးတွေဘာတွေပြု၊ “ဗိုလ်ကြီး.. ကျနော် ဟိုဖက်ကမ်း ခဏသွားချင်လို့၊ ဒါပေမဲ့ ငွေလည်း မပြည့်ဘူး ဖြစ်နေလို့” ဟု ပြောပြရာ “သွားပါဗျာ” ဟု ခွင့်ပြုလိုက်ပါသည်။ သို့နှင့် ကျနော် ကျောပိုးအိတ် နှစ်လုံးပိုးပြီး တံတားပေါ် လမ်းလျှောက်လာရာ တံတားအလယ်လောက် ရောက်တော့ အမျိုးသမီး တယောက်က “ဦး ပိုက်ဆံလဲ ဦးမလား” ဟုမေးပါသည်။ ကျနော်က “မလဲတော့ဘူး” ဟု နှုတ်ကပြောရင်း စိတ်ထဲမှာတော့ “ငါ့ မြန်မာငွေ ၆၀ ကိုလဲလိုက်ရ မကောင်းပဲ ရှိရော့မယ်။ ထိုင်းငွေ ၂ ဘတ်လောက်တော့ ရမယ် ထင်ပါရဲ့” ဟု ခပ်ပြုံးပြုံးလေး တွေးနေမိပါသည်။ ကျနော်ကား ထိုင်းနိုင်ငံကို အဲသည်လို “အရပ်ကယ်ပါ၊ လူဝိုင်းပါ” နှင့် ရောက်သွားလေသူတည်း။
    
     ဇာတ်လမ်းကို ချုံ့သော် “အရပ်ကယ်ပါ လူဝိုင်းပါ” နှင့်ပင် ကျနော် ထိုည မဲဆောက်နှင့် ကီလိုမီတာ ( ၅၀ ) ခန့် ဝေးသော “Mala refugee camp” ( ဘဲကလောစခန်းဟု အခေါ်များ )  သို့ရောက်သွားပါသည်။ သူတို့က ကျနော့်မှာ ဘာဆွေမျိုး၊ အသိအကျွမ်းမှ မရှိဘဲနှင့် သူတို့စခန်းသို့ တန်းတန်းမတ်မတ် ရောက်လာသဖြင့် မသင်္ကာ ဖြစ်ကာ ကျနော့်ကို အချုပ်ထဲထည့်ထားလိုက်ကြပါသည်။ အဲသည်မှာ ( ၂ ) ပတ်လောက်နေပြီး ကျနော့်ကို လာတွေ့သော ရခိုင်အဖွဲ့အစည်းတခု၏ ထောက်ခံချက်အရ ဖြစ်ဟန်တူပါသည်။ သူတို့ ကျနော့်ကို မဲဆောက်မြို့သို့ ထွက်သွားရန် သတ်မှတ်ချက်ဖြင့် ပြန်လွှတ်ပေးလိုက်ကြပါသည်။ ( သူတို့ကျနော့်ကို မနှိပ် စက်ကြပါ။ ဒါပေမဲ့ အခန့်မသင့်လျှင် ……. ခံရနိုင်သည်ဟု နောင်အခါတွင်မှ သိပါသည်။ ကျောချမ်းစရာပေ..း)   
     
     သည်လိုနှင့် ကျနော်မဲဆောက်သို့ ရောက်လာပါသည်။ မဲဆောက်မြို့ကား မြန်မာလူဦးရေသိန်းချီရှိသော၊ မြန်မာစကားသံ ဆူညံနေသော၊ မြန်မာ ထမီဝတ် သော မြို့ဖြစ်ပါသည်။ ကျနော်အဲသည်မှာ မြန်မာတွေ အဖြတ်အသန်းများသော ထိုင်းဘုန်းကြီးကျောင်း ဝင်း တခုသို့သွားပြီး စာရွက်တရွက်ပေါ်မှာ လက်ရေးနှင့် “ဗေဒင်ဟောသည်။ ဟောခ.. စေတနာကြေး” [ “Mr. Fortune-teller; Service Charge: Up to You!” ] ဟု ကြော်ငြာလိုက်ရာ ပထမဟောသည့်နေ့မှာပင် မြန်မာအလုပ်သမ ၄-၅ ယောက်လောက် ဟောရပြီး သူတို့က ပျမ်းမျှ ( ၂၀ ) ဘတ်လောက်စီ ပေးသွားကြသဖြင့် ဘတ် ( ၁၀၀ ) နီးပါးလောက် ရလေသည်။ မဆိုးလှ။ ဘတ် ( ၁၀၀ ) ဆိုသည်မှာ မြန်မာအလုပ်သမား ( ပန်းရံ စသည် ) တယောက်၏ တနေ့ လုပ်ခလစာလောက် ရှိပါသည်။ ( ကျနော်က ဆရာကြီးမင်းသိင်္ခ ဗေဒင်သင်တန်း တကြိမ်တက်ဖူးသည်။ တကြိမ်တည်း တက်ရုံနှင့် သားတပည့် တွေဘာတွေ လုပ်ခွင့်မရှိသဖြင့် ဘယ်သူ့သားတပည့် ဆိုတာတွေ ထည့်မရေးဖြစ်ပါ ) ထိုနေရာသို့ နေ့တိုင်း သွားနေရာ ကျနော့်ဆီ အပျော်တမ်း ဗေဒင်လာမေးသော ကျောင်းထိုင်ဆရာတော်က မြန်မာကပ္ပိယမှ တဆင့် “အဲသည် မြန်မာပြည်က ဗေဒင်ဆရာ ဤကျောင်းသို့ ပြောင်းလာလိုက ပြောင်းလာစေ.. သူ့ကို အခန်းတခု စီစဉ်ပေးလိုက်” ဟုမိန့်ကြားသည်ဟု သိရပါသည်။ သည်လိုနှင့် ကျနော် မဲဆောက်ရောက်ပြီး ( ၁၀ ) ရက် လောက်အကြာမှာ ထိုင်းဘုန်းကြီး ကျောင်းတခုသို့ ရောက်လာပါသည်။ နေစရိတ်၊ စားစရိတ် အတွက် ပူစရာ မလိုတော့ပေ။
     
     အဲသည် အချိန်မှာ ကျနော် journalism ကို စိတ်ဝင်စားသည်ဟု ပြောမိသော နိုင်ငံခြားသား (NGO တခုမှ ) တယောက်က ဇင်းမယ် ( Chiang Mai ) မှာ သွားဖြေရမည့် J-School Entrance Test တခုအတွက် လျှောက်လွှာကို ကမကထ လုပ်၍ တင်ပေးလိုက်ပါသည်။ အဲသည် test ဖြေရဖို့ နီးလာချိန်မှာတော့ Harvard University မှာ သင်္ချာနှင့် ကျောင်းပြီးထားပြီး၊ ( ကျနော် သဘောပေါက်မိသလောက် ) ကမ္ဘာအရပ်ရပ် မှာ သင်္ချာကို ဘယ်လိုသင်ပေး၊ သင်ယူကြသလဲလို့ သူတို့ကျောင်းက sponsor လုပ်ကာ သုတေသနလုပ် ခိုင်းသည့် ဂျူးလူမျိုး အမေရိကန်တယောက်နှင့် ဘုန်းကြီးကျောင်းဝင်းထဲမှာ တွေ့၍ခင်သွားပါသည်။ သူက ကျနော်တို့ကျောင်းက ထိုင်းဘုန်းကြီးတွေကို ဓါတ်ပုံရိုက်ခွင့်တောင်းနေရာ မဲဆောက်ကဘုန်းကြီးတွေက အင်္ဂလိပ်လိုမရကြ၍ ကျနော့်ကိုခေါ်ရာမှ “ဟ.. ခင်ဗျား အင်္ဂလိပ်လို ရသားပဲ” ဆိုကာ ခင်သွားတာ ဖြစ်ပါသည်။ သူက ထိုည restaurant တခုမှာ ထမင်းကျွေးပြီး ကျနော့်ကို interview လုပ်ချင်သေးသည် ဆိုသဖြင့် ကျနော် က လက်ခံကာ ဘန်းကြီးကျောင်းဝင်းထဲသို့ ပြန်လာကြပြီး သူမေးတာတွေကို ဖြေပါသည်။ သူက အဲဒါကို ဗီဒီယို ကင်မရာနှင့် ရိုက်ထားပါသည်။ အဲသည်မှာ “လောလောဆယ် ဘာတွေလုပ်နေလဲ” မေးခွန်းကို ဖြေသောအခါ  J-School လျှေက်ထားသည့်ကိစ္စ ပါသွားပါသည်။ “ကျနော်တို့ နိုင်ငံမှာ လောလောဆယ် ပုဂ္ဂလိက သတင်းစာ မရှိဘူး၊ နောင်တချိန် ရှိလာလိမ့်မယ်။ တချိန်မှာ journalism နဲ့ တိုင်းပြည် တည်ဆောက်တဲ့ထဲ ကျနော်လည်း ဝင်ပါချင်လို့ journalism ကို စနစ်တကျ တတ်ထားချင်တာပါ” ဆိုတာကို သူ နှစ်ခြိုက်ပါသည်။
     
      ထို့ကြောင့် သူထိုကိစ္စကို အရမ်းစိတ်ဝင်စားသွားပြီး ကူညီမည်ဟု ဆိုလာပါသည်။ ချင်းမိုင်တက္ကသိုလ်မှာ သူ့ကျောင်းနေဖက် မြန်မာမလေးတယောက် တက္ကသိုလ်ဆရာမ လာလုပ်နေတာရှိပါသတဲ့။ ဆရာဝန်မိဘ နှစ်ပါး၏သမီး ဟုဆိုပါသည်။ သူမကို ( ကျနော့်အား ကူညီစောင့်ရှောက်ဖို့ ) သူမှာမည်ဟုဆိုသည်။ အခြေအနေ ကို သိရအောင် ကျနော့်ရှေ့မှာပဲ သူဖုန်းဆက်လေသည်။ ဟိုဖက်က “လာခဲ့ပါ။ ငွေတော့ မကူညီနိုင်ပါ။ ကျန်တာ ကူညီနိုင်ပါသည်” ဟု အဖြေရသဖြင့် ချင်းမိုင်သွားလမ်းစရိတ်နှင့် ဟိုမှာနေမည့် ၂-လစာလောက် နေထိုင် စားသောက်စရိတ် ငွေကြေးကို သူတာဝန်ယူမည်ဟု ကျနော့် ရှေ့မှာပင် သူမကို ကတိပေးလိုက်သည်။ မြန်မာတယောက် ချင်းမိုင်၊ ဘန်ကောက်တို့ကို သွားလိုလျှင် ဆိုင်ရာပိုင်ရာ ( ထိုင်းထောက်လှမ်းရေး ) နှင့်ပေါင်းပြီး၊ ငွေခင်းပြီးသွားရတာ ဖြစ်ပါသည်။ ကျနော် အဲဒါကို ပြောပြရာ ထိုငွေကို သူခင်းပါမည်ဟု ဆိုလေ၏။ ကြားဖူးတာက ဂျူးလူမျိုးဆိုတာ အင်မတန် ကပ်စေးနည်းလှသည်ဟု။ ကျနော့် ဒီသူငယ်ချင်း ကတော့ အားနာဖို့ ကောင်းလောက်အောင်ပင် ရက်ရောသူ ဖြစ်ပါသည်။ နောက်တနေ့ refugee camp တွေမှာ သင်္ချာကို ဘယ်လို သင်သလဲ၊ ဘာသင်ရိုးအတိုင်း သင်သလဲ သိချင်လို့ သူသွားလေ့လာချင်သည့် မဲဆောက်မြို့ မြောက်ဖက် ၂၅၀ ကီလိုမီတာ အကွာလောက်မှာ ရှိသောမဲလဦးစခန်း ( refugee camp ) ခရီးမှာ ကျနော့်ကို စကားပြန်ဟုဆိုကာ ခေါ်သွားပါသည်။ အဲသည် စခန်းတည်ရှိသည့် “မဲစရီယန်း” မြို့နယ် အုပ်ချုပ်ရေးမှူးက စခန်းထဲသို့ တာဝန်မရှိ သော နိုင်ငံခြားသားကို ပေးမဝင်စေလိုသဖြင့် နှစ်ရက်လောက် စောင့်ပြီး၊ မဝင်ရဘဲ ကျနော်တို့ မဲဆောက်သို့ ပြန်လာကြပါသည်။
     
     ထို့နောက် မဲဆောက်ရှိ မြန်မာနိုင်ငံရေးရုံးတခုသို့ ချင်းမိုင်ကိုသွားရသည့်လမ်းကြောင်းကို သွားရောက် စုံစမ်းကြရာ ဓါတ်ပုံ ( ၃ ) ပုံနှင့် ဘတ် ၅၀၀၀ ပေးရမည်ဟု ဆိုပါသည်။ ထိုင်းထောက်လှမ်းရေးတွေက ကျနော့် ကို စစ်ဆေးမေးမြန်းစရာရှိသည့် တရားခံတဦးအနေဖြင့် ချင်းမိုင်ထိ ခေါ်သွားလိမ့်မည်ဟု ဆိုပါသည်။ ထိုစကား ကို သူကြားရပြီဖြစ်၍ အဲသည်ရုံးကပြန်လာပြီးနောက် ( အဲသည်နေ့ ညနေမှာ သူ ဘန်ကောက်သွား လေယဉ် စီးရဖို့ရှိရာ လေယဉ်ကွင်းမသွားမီ ကျနော့်ကို ထိုင်းဘတ် ၈၀၀၀ ( US $ 200 ဖိုး ဖြစ်မည်၊ ထိုစဉ်က ဒေါ်လာ တရာ ဘတ်လေးထောင်ခန့်ရပါသည်။ ) ပေးထားခဲ့ပါသည်။ “ဒါ လမ်းစရိတ် အတွက်ပဲ။ နည်းနည်းပိုတဲ့ငွေနဲ့ ဖုန်းတလုံး ဝယ်လိုက်ပါ။ ကျနော် မနက်ဖြန်လောက်ဆို ဂျပန်ရောက်နေရော့မယ်။ ဂျပန်ကနေ ကျနော် မ….. ( မြန်မာမလေး) ဆီကို ခင်ဗျားနေရေးထိုင်ရေးအတွက် Apartment တခန်းငှားဖို့ရယ်၊ အစားအသောက် အတွက် ရယ် ငွေပို့ပေးထားပေးမယ်.. ဖုန်းနံပါတ်နဲ့ အခြေအနေ အရပ်ရပ်ကို ကျနော့်ဆီ email ရေးပါ။ ခင်ဗျား ချင်းမိုင် ရောက်သွားရင် ဖုန်းနဲ့ မ….. ကို အသိပေးပါ” ဟုမှာသွားပါသည်။  
     
     ထိုစဉ် ကျနော့်အတွက် ချင်းမိုင်ခရီး စီစဉ်ပေးမည့် မြန်မာရုံးမှ ဘတ် ၅၀၀၀ နှင့် မရနိုင်တော့ကြောင်း၊ ၆၀၀၀ နှင့်မှရမည်ဖြစ်ကြောင်း ( ကျနော်ပေးထားခဲ့သည့် ထိုင်းဦးဇင်းဖုန်းသို့ ) ဖုန်းဝင်လာပါသည်။ ထိုဦးဇင်းက “ဘာတဲ့လဲ” မေးလို့ ၆၀၀၀ သို့ ဈေးတက်သွားကြောင်း ပြောပြရာ.. “ဒကာကြီး.. ဘာမှ ၆၀၀၀ တွေ ဘာတွေ ပေးမနေနဲ့.. ဒကာကြီးတို့ ဟိုတနေ့ကသွားတဲ့ မဲစရီယန်းကို ပြန်သွား၊ အဲဒီကနေ ဟိုဖက် အဖမ်းအဆီး မရှိတော့ဘူး။ ချင်းမိုင်ကားစီးလိုက်ရင် ချင်မိုင်ရောက်ကရော့။ ကားခနှစ်ရပ်ပေါင်း ၃၀၀ ပဲကုန်မယ်” ဟု မြှောက်ပေးလေသည်။ သည်လိုနှင့် နောက်တနေ့ ကျောင်းရှိဘုန်းကြီးတွေကို ကန်တော့၊ ဗေဒင်ဆိုင်းဘုတ်တွေ ဘာတွေ ဖြုတ်ပြီး ဆိုခဲ့သည့်လမ်းကြောင်း အတိုင်းလာခဲ့ရာ ထိုညသန်းခေါင်ကျော်ခန့်တွင် ချင်းမိုင်သို့ ရောက်လေသည်။ တုတ်တုတ် ( ၃ ဘီးကား ) တစီးငှားပြီး တည်းခိုခန်း တခုသို့သွားပါသည်။ ချင်းမိုင်ကား မဲဆောက်နှင့်မတူ၊ အင်္ဂလိပ်စကား ပြောတတ်လေသည်။ နောက်တနေ့ လမ်းဘေးမှာတွေ့သည့် ဆိုင်တဆိုင် မှာ “Nokia” ဖုန်းတလုံး ဝယ်လိုက်ပါသည်။ မြန်မာပြည်မှာ ဆိုလျှင် ဖုန်းတလုံးရဖို့ အစိုးရကို လျှောက်ရ တာနှင့်၊ ရပ်ကွက်လူကြီးတွေဆီက အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံချက် ယူရတာနှင့် တော်တော် ရှုပ်မည့် ကိစ္စပေ။ ထိုင်းနိုင်ငံမှာကား အဲဒီကိစ္စတွေအားလုံး ၅ မိနစ်လောက်နှင့် ကိစ္စပြတ်၊ ပြီးစီးသွားလေသည်။ ဖုန်းရပြီမို့ မဲဆောက် မြန်မာနိုင်ငံရေးရုံးက အစ်မကြီးထံသို့ ကျနော် ဘတ် ၆၀၀၀ မတတ်နိုင်သဖြင့် ဘတ် ၃၀၀ နှင့် စွန့်စား၍လာပြီး ယခုအခါ ချင်းမိုင်သို့ရောက်နေပြီဖြစ်ပါကြောင်း၊ ပြောထားသည့်ကိစ္စကို cancel လုပ်လို ပါကြောင်း အကြောင်းကြားလိုက်၏။ ထိုအစ်မကြီးက ကျနော့်ကို “ကတိမတည်သူ၊ တခါစားလုပ်သွားသူ၊ နောင် ဘယ်တော့မှ အကူအညီ လာမတောင်းပါနဲ့” ဟု ပြင်းထန်စွာ ပြစ်တင် ရှုတ်ချနေလေသည်။ ကျနော်လည်း “ကတိမတည်သူက ကျွန်ုပ် ဖြစ်နေပါပေါ့လား” ဟု အံ့အားသင့်နေမိလေသည်။ ထို့နောက် တက္ကသိုလ်ဆရာမ အမေရိကန် မြန်မာမလေးထံသို့ ဖုန်းဆက်၏။

“Hello, I’m Aye Kyaw Zan, a friend of Jonathan. Are you Ms. ….., and do you speak Burmese?” ဟု ကျနော်က မေးရာ-

“Yes, I am, and I speak Burmese. ဟုတ်ကဲ့ .. um.. ကျမ မြန်မာစကား ပြောပါတယ် .. ဒီနေ့မအားသေး ပါဘူး.. ဒီ week-end မှာ လာတွေ့လို့ ရမလား”

ဟု သူမက ပြန်ဖြေပါသည်။ ထို့နောက် ကျနော် တည်းခိုနေသည့် နေရာ၊ သူမ၏ နေရာ၊ တွေ့ဆုံမည့် အချိန်တို့ကို သတ်မှတ်ကြပြီးနောက် သတ်မှတ်သည့်နေ့တွင် ကျနော်က သူမကို သွားတွေ့ပါသည်။ ကျွန်ုပ် ကောင်းစားနေလိုက်ပုံမှာ ကျနော့်မိတ်ဆွေ Jonathan ထံမှ ထိုင်းဘတ်ငွေ ၁,၃၅၀၀ ဖိုး  ဤ မြန်မာဆရာမလေး ထံသို့ ရောက်နေလေသည်။ သူမက “တသောင်း” လို့ မပြောတတ်သဖြင့် “ရော့.. အခု ဆယ်ထောင် (= ten thousand  ) ယူသွားပါ အကို.. ကျန်တဲ့ ၃၅၀၀ ကို Apartment ရရင်ပေးဖို့ ဒီမှာ ထားမယ်” ဟု ပြောပါသည်။ သူမ စာမေးပွဲစစ်နေရလို့ မအားသဖြင့် ကျနော့်ဖာသာ Chiang Mai Night Bazaar ကိုသွားပြီး ( အဲဒီမှာ မြန်မာတွေ ရှိပါသည် ) Apartment ရှာဖို့လည်း အကြံပြုလိုက်ပါသည်။
     
     သူမ ဘယ်လောက်ရိုးသား၊ အပြစ်ကင်းစင်လိုက်သလဲဆိုလျှင် ( ကျနော်က apartment အမြန်ရမှ ကောင်း မယ်။ မရသေးရင် တရက်ကို ဘတ် ၂၅၀ စီ တရိပ်ရိပ် တက်နေတော့မှာဟု ပူပန်စွာ ပြောမိရာ ) “umm.. ကျမ အခန်းကလည်း လူနှစ်ယောက်နေဖို့ နည်းနည်းကျဉ်းနေတယ်။ နည်းနည်းကျယ်ရင်တော့ အကို့ကို ထားလို့ရ ပါတယ်” ဟူ၏။ ကျနော် သတိထားမိသလောက် အမေရိကန်သူတွေက ယောက်ျားတွေကို ( ကြိုတင်ပြီး ) မယုံကြည်သလိုလို ဘာလိုလို အမူအရာမျိုး ပြသလေ့ မရှိကြပါ။ သူတို့က ယောက်ျားတွေကို ယောက်ျား တယောက် ဆိုတာထက် ( သူ့ ego ကိုဒါဏ်ရာ မရစေသင့်သည့် ) “လူသားတယောက်” ( ignoring one’s sex ) အဖြစ်နှင့်သာ သဘောထားကြတာက ပိုသည်ဟု ထင်မိပါသည်။ ဒီ မြန်မာမလေး အကြောင်း ဆက်ရ သော် သူမက အသက် ၂၀-၂၅ ကြားခန့်၊ Harvard မှ Chemistry နှင့် ကျောင်းပြီးကာစ၊ ချင်းမိုင် တက္ကသိုလ် မှာတော့ American- native speaker တယောက် အနေဖြင့် အင်္ဂလိပ်စာပြဆရာမ ( တနှစ်စာချုပ်နှင့် ) လာလုပ်တာ ဖြစ်ပါသည်။ သူမနေထိုင်သော ကွန်ဒိုမီနီယံက တော်တော် အဆင့်မြင့်ပြီး rent တလ ဘတ် ၉၀၀၀ ပေးရသည် ဟု သိရပါသည်။ ဒါပေမဲ့ ပဲမများလှပဲ ခြေတု၊လက်တုဝတ်ထားသော ကျနော့်မှာ လှေခါး အတက်အဆင်းတို့ တွင် အကူအညီလိုမှန်း သိသည့်အလျောက် သူမ၏ ပခုံးတဖက်ကို ကျနော် လက်တင်ထား နိုင်ရန် အလိုက်သင့် လာရပ်ပေးသူ ဖြစ်ပါသည်။ နောင်အခါ တွေ့ကြသည့် အခါတိုင်းလည်း လှေခါး အတက် အဆင်းတို့တွင် သူမ၏ပခုံးကို ကိုင်ဖို့ အဲသည်လို လာရပ်ပေးမြဲ ဖြစ်ပါသည်။ တခါက မြန်မာဘုန်းကြီးကျောင်း တခုကိုသွားကြရာ ကျနော် ကိုယ့်ဖာသာ ဘိနပ်ချွတ်ရတာ အဆင်မပြေသဖြင့် ဤ ဟားဗတ်တက္ကသိုလ် ကျောင်းသူက မြေကြီးပေါ် ဒူးထောက်ထိုင်ပြီး ဖိနပ်ချွတ်ပေး ရှာလေသည်။ ( သူမ ဘုန်းကြီးကို မရှိခိုးဘဲ နေရာ မှ “ကျမက ခရစ်ယာန် ဘာသာဝင်ပါ အကို” ဟု ခပ်တိုးတိုးပြောပါသည်။ ) ကျောင်းပေါ်မှ ပြန်ဆင်းလာကြ တော့လည်း သူမကပဲ ကျနော့်ကို ဖိနပ်ဝတ်ပေးရပြန်ပါသည်။
     
     သူမ၏ အကြံပြုချက်အတိုင်း ကျနော် ညဈေးကို tok-tok စီးသွားပြီး မြန်မာလို့ ထင်ရသူ၊ မြန်မာစကား ပြောနေကြသူတွေကို apartment တခန်းလောက် ဘယ်မှာငှားလို့ရနိုင်မလဲ မေးကြည့်ရာ သူတို့က Apartment ငှားလို့ရသည့်နေရာတွေကို သိပ်မသိကြပါ။ နောက်ဆုံး ကျနော်အိတ်တလုံးဝယ်သည့် ထိုင်းမလေး ကို မေးကြည့်တော့မှ သူမက tok-tok စီးပြီး ဒီလိပ်စာကို သွားကြည့်လိုက်ပါ ဟု လမ်းညွှန် လိုက်ပါသည်။ ဟိုရောက်တော့ ကျနော့်မှာ passport မရှိဘဲ UNHCR Refugee slip တခုသာရှိသဖြင့် အကျိုးအကြောင်း ရှင်းပြ ပြီးနောက် တလဘတ် ၁၈၀၀ နှုန်း ဖြင့် ( ၂ ) လအတွက် ငှားဖြစ်လိုက်ပါသည်။ ( Apartment manager ကို passport ရနိုင်ရင် အဲဒီလူ refugee တောင်မဖြစ်ဘူးဟု refugee တရားကလေး ဟောလိုက်ရလေသည်း) ကျနော်အိမ်ခန်းရပြီ ဖြစ်ကြောင်း အမေရိကန်မြန်မာမလေးကို ဖုန်းနှင့်ပြောလိုက်ရာ သူမက ကျနော့် တည်းခိုခန်း သို့ လိုက်လာပြီး တရက်လျှင်တည်းခိုခ ( ဘတ် ၂၅၀ × ၄ ရက်အတွက် ) ကျသင့်ငွေ ဘတ် ၁၀၀၀ ကို သူမအိတ်ထဲကပဲ စိုက်ပေးလိုက်ပါသည်။ သူမ Apartment ရှာမပေးနိုင်တာအတွက် အပြစ်မကင်းဟု သူမ ခံစားမိပုံရပါသည်။
     
     သည်လိုနှင့် တလခန့်အကြာတွင် J-School စာမေးပွဲကို ရေးဖြေဖြေပြီးနောက် နောက်တနေ့ လူတွေ့ စစ်ဆေး မေးမြန်းခြင်းခံရစဉ် ကျနော့်ကို Interviewer အဖြူမက “ကျမတို့ လိုချင်တာက ငယ်ရွယ်ပြီးတော့ ဗီဒီယိုကင်မရာတလက်နဲ့ ပြေးပြေး လွှားလွှားလုပ်နိုင်မဲ့ reporter လူငယ်တွေပါ။ ရှင်က အဲလိုလုပ်နိုင်ဖွယ် မရှိတော့ ရှင်ဘာလုပ်နိုင်မယ်လို့ ပြောချင် ပါသလဲ” ဟုမေးပါသည်။ ကျနော်က editor, columnist, စသည်တို့ လုပ်နိုင်ပါသည်ဟု ဖြေခဲ့ပါသည်။ ထိုစဉ်ကတည်းက ကျနော် အရွေးမခံရနိုင် လောက်သည်ကို ရိပ်မိပါသည်။ တကယ်လည်း အရွေးမခံရပါ။ အရွေးခံရလျှင်တော့ ချင်းမိုင်မြို့ မှာ ( ၈ ) လခန့် J-school တက်ပြီး နယ်စပ်ဒေသ journalism field မှာ နှစ်နှစ်ခန့် တာဝန်ထမ်းရမည် ဖြစ်ပါသည်။ ဥပမာ.. ဧရာဝတီ မဂ္ဂဇင်းမှာ internship ဆင်းတာမျိုးလည်း ဖြစ်နိုင်ပါသည်။ test ဖြေပြီးနောက် အောင်စာရင်း ထွက်မှာကို တလလောက် ထပ်စောင့်နေရပါသည်။ ထိုသို့ ချင်းမိုင်မှာ ရှိနေစဉ် ကျနော် email ပို့နည်း၊ Googling လုပ်နည်း၊ Website တွေသို့ သွားလည်နည်းတို့ကို အင်တာနက်ဆိုင်ပိုင်ရှင် ထိုင်းအမျိုးသမီး၏ ( ၅ ) မိနစ်လောက်ကြာသော သင်တန်းအားဖြင့် တတ်မြောက်သွားပါသည်။ ထို့နောက် တနေကုန်နီးပါး အင်တာနက်ဆိုင်ထိုင်သည့် အကျင့်စွဲ လာပါသည်။ အဲဒီဆိုင်က နိုင်ငံခြားသားတွေကို ထိုင်းစာသင်ပေးသဖြင့် ထိုင်းစာ အခြေခံကို သိရအောင် ( ၅ ) ရက်လောက် သင်တန်းတက်လိုက်ပါသေးသည်။ မြန်မာမှာ ( က+ -ု = ကု ) ရသကဲ့သို့ပင် ထိုင်းမှာလည်း ( ကောကိုင်+ သရ ဥ = ကု ) ဖြစ်ကြောင်းလောက်ပဲ မှတ်မိပါတော့သည်။ ထို့နောက် ကျနော်က J-School test မအောင်၍ မဲဆောက်သို့ ပြန်တော့မည် ဖြစ်ကြောင်း အဲသည်မြန်မာမလေးကို သွားရောက် နှုတ်ဆက်ပါသည်။ သူမလည်း ကျောင်းပြန်တက်ရန် မကြာမီ အမေရိကပြန်တော့မည်ဟု ပြောပါသည်။ ထို့နောက် ကျနော်တို့ ချင်းမိုင်ရောက် အမှတ်တရအနေဖြင့် ချင်းမိုင်တက္ကသိုလ်ကို အုပ်မိုးထားသော “ဒွိုင်ဆူထက်” ( တန်ခိုးကြီး စေတီတော်တွေ ရှိသည် ) တောင်ပေါ်သို့ သွားကြပါသည်။ သူမ၏ အစစ အရာရာ စောင့်ရှောက်မှုအတွက် ကျနော်က သူမကို ချင်းမိုင် ( ထိုင်း ) အမှတ်တံဆိပ်ဖြစ်သော ဆင်ဖြူတော်ရုပ် မိန်းကလေးကိုင်အိတ် တလုံးကို လက်ဆောင်ပေးရာ သူမကလည်း ဆင်ဖြူတော် ရုပ်နှင့်ပင် ဖြစ်သော ဒိုင်ယာရီ တအုပ်ကို ကျနော့်ကို လက်ဆောင် ပေးပါသည်။   

( ၂ )

     ကျနော့်မှာ ယခင်က အိုးဝေဦးညိုမြ တက်သွားဖူးသည်ဟုသိရသော နယူယောက်မြို့ Columbia University Journalism School မှာ ကျောင်းတက်ချင်သည့် ရောဂါတခု ရှိသည်။ အဲဒါနှင့် ယမန်နှစ်က ကျနော် အဲသည် ကျောင်းကို ဝင်ခွင့် လျှောက်ထားခဲ့ပါသည်။ ဒါပေမဲ့ ထိုကျောင်းကို တက်ဖို့ ( Journalism School က M.S နှင့် M.A မဟာဘွဲ့တွေကိုသာ ပေးပါသည်။ Bachelor’s Degree မရှိပါ ) Toefl မှာ paper based test ဆိုလျှင် (၆၅၀/ ၆၇၂) မှတ်နှင့် အထက်၊ computer based test ဆိုလျှင် (၂၈၀/ ၃၀၀) မှတ်၊ Internet based test ဆိုလျှင် (၁၁၄/ ၁၂၀) မှတ် အနည်းဆုံး ရရှိရမည် ဖြစ်ပြီး မိမိကို ကောင်းစွာသိ သော ပညာရေးနယ်ပယ် ထဲက ပုဂ္ဂိုလ် ( ၃ ) ဦးထံမှ ထောက်ခံစာ၊ မိမိ ရေးသားခဲ့ဖူးသော သတင်း စသည်များ ကို ပူးတွဲ တင်ပြဖို့ လိုအပ်ပါသည်။ ကျနော်က ထိုစဉ်က Baltimore, Maryland က Community College တခုမှာ Newspaper Production အတန်းတခု ယူထား၍ ကျောင်းသတင်းစာမှာ ( assignment အဖြစ်ဖြင့် ) တလလျှင် သတင်း/ ဆောင်းပါး ( ၂ ) ပုဒ်စီ ရေးပေးရပါသည်။ ထို သတင်း၊ ဆောင်းပါးတွေကို မိမိရေးဖူးသော စာတွေ အဖြစ်ပြပါသည်။ ထို့နောက် အဲသည် Newspaper Production Professor ထံမှ ထောက်ခံချက် တခု ယူပါသည်။ ယခုအခါ နယူးယောက်မြို့ ကိုလံဘီယာ တက္ကသိုလ်မှာ Ph.D ( Maths ) လုပ်နေသော ကျနော့် မိတ်ဆွေ Jonathan က ထောက်ခံစာတခု ရေးပေးပါသည်။
    
     နောက်တခုပဲလိုတော့ရာ ယင်း အတွက် ယခုအခါ Pittsburgh, Pennsylvania မှာ ဆေးကျောင်း တက်နေ သော ချင်းမိုင်မှာတွေ့ခဲ့သည့် မြန်မာဆရာမလေးထံသို့ email ရေးလိုက်ပါသည်။ သူမက အဲသည်မြို့မှာ သူမ၏ချစ်သူ နှင့်အတူ နေထိုင်သည်ဟု ထင်ပါသည်။ သူမ၏ ပြန်စာကို မြန်မာပြန်သော် အနှစ်ချုပ်မှာ “အကိုအေးကျော်ဇံ.. ကျမ ချင်းမိုင်တက္ကသိုလ်မှာ တာဝန်ထမ်းခဲ့တာက a fully registered faculty တယောက် အနေနဲ့မဟုတ်ပါ။ အကိုက ကျမ၏တပည့်လည်း မဖြစ်ဖူးပါ။ နောက်ပြီး ရိုးသားစွာပြော ရလျှင် ကျမအကို့ရဲ့ journalism နှင့် ပါဝင်ပတ်သက်မှုကို လုံးဝသိသူ တယောက်မဟုတ်ပါ။ ဒီ အကြောင်းတွေကြောင့် ကျမ အကို့ ကိုထောက်ခံလျှင် ethical ဖြစ်မည် မထင်ပါ။ အကို့ကို မထောက်ခံနိုင်သည့် အတွက် ဝမ်းနည်းပါသည်” ဟူ၏။ အဲဒါနှင့် ယခင်ကယူဖူးသည့် News Gathering ဆိုသောအတန်း ဆရာမထံမှ ထောက်ခံစာဖြင့် ကျောင်း ဝင်ခွင့် လျှောက်လွှာကို တင်လိုက်ရပါသည်။ ( ထို ကျောင်းဝင်ခွင့်အတွက် နယူးယောက်မြို့ ကိုလံဘီယာတက္ကသိုလ်သို့  ဝင်ခွင့် စာမေးပွဲ သွား ဖြေရပါသည်။ ဒီစာမေးပွဲလည်း မအောင်ပြန်ပါ။ လျှောက်သူက ထောင်ချီရှိပြီး ရွေးတာက လူ ( ၂၀၀ ) ကျော်လောက်သာမို့ ကျောင်းဝင်ခွင့် ရဖို့ သူတို့အဖြူတွေပင် တော်တော် တော်နေဖို့ လိုအပ်ပါ သည်။ ကျနော့် မိတ်ဆွေ/ ကျေးဇူးရှင် Jonathan နဲ့ ပြန်တွေ့တာ၊ နယူးယောက်ကို ရောက်ဖူးသွားတာ၊ နယူးယောက်၏ ယခုအမြင့်ဆုံး အဆောက်အဦး အင်ပါရာ စတိတ် ၈၆-ထပ်ကို ရောက်ခဲ့တာပဲ အမြတ်ဟု ဆိုရပါမည်။း))

     ဤနေရာတွင် ကျနော့်ထင်မြင်ချက်ကို ထည့်ပြောချင်သည်မှာ ကျနော့် မိတ်ဆွေ ထိုမြန်မာမလေးထံမှ ထောက်ခံစာ ( recommendation ) မရသော်ခဲ့လည်း  ကျေနပ်မှု ရှိပါသည်။ အကြောင်းမှာ ကိုယ်လုပ်တဲ့ကိစ္စတခု ethical ဖြစ်/ မဖြစ် စိစစ်တတ်သည့်အကျင့်၊ ethical မဖြစ်လျှင် လိုက်မလုပ်သည့် အကျင့်သည် “တကမ္ဘာလုံး ဆိုင်ရာ လူ့ ကိုယ်ကျင့်သီလ” ( universal human ethic ) ဖြစ်သောကြောင့် ဖြစ်ပါသည်။ တကယ်ဆို ဒီမြန်မာမလေးသည် သိပ်ကို စိတ်နှလုံး နုညံ့သိမ်မွေ့သူ၊ မမောက် မာသူ၊ ပဲမများသောသူဆိုတာကို ကျနော်ကောင်းစွာ သိပါသည်။ ဒါပေမဲ့ unethical ဖြစ်သည်ဟုသူမ ထင်သော ကိစ္စတခုကိုတော့ ပြတ်သားစွာ ငြင်းလိုက်ပေသည်။ ကျနော်တို့နိုင်ငံမှာလည်း ဒီလို နိုင်ငံသားတွေ များလာဖို့ လိုအပ်သည်ဟု ထင်ပါသည်။ ဒီနိုင်ငံမှာ၊ ကနေဒါမှာ၊ အခြားဥရောပနိုင်ငံတွေမှာတော့ သည်လို ကိုယ့် လိပ်ပြာကိုယ် သန့်ချင်သော၊ ဘယ်လို အကြောင်းနှင့်မှ ကိုယ့်လိပ်ပြာကို အညစ်နွမ်း မခံသော နိုင်ငံသား တွေက အများစု ဖြစ်သည်ဟု ထင်ပါသည်။ သူတို့က ကိုယ့် “အတ္တ” ( ego or identity ) ကို ကိုယ်လေးစား နိုင်ရေး၊ သူတပါး၏ “အတ္တ” ကိုလည်း မနာကျင်စေရေး ( ဝါ ) လေးစားဂရုစိုက်ရေးမူ ဖြင့် နေထိုင်ကြသည်ဟု ထင်ပါသည်။ ယင်းတို့မှာ ကောင်းသော စိတ်အမူအရာဟု ထင်ပါသည်။


     ကျနော် လက်ရှိနေထိုင်သည့် Oregon ပြည်နယ်မှာ နံနက် ၂း၃၀ နာရီမှ ၇း၀၀ နာရီ အထိ အရက်သေစာ ရောင်းချခွင့် မရှိပါ။ ဒါကြောင့် သူတို့ကို ( ၂ ) မိနစ်လောက် အလို၊ အပိုမှာပင် ရောင်းပေးဖို့ ညှိနှိုင်း၍ မရတတ်ပါ။ “We’re sorry, but it’s illegal according to the State law, to sell alcohol beverage at this time.” လို့ပဲ ပြောကြပါလိမ့်မည်။ သူတို့က သူတို့၏ ပြည်နယ် အစိုးရ၊ ဖက်ဒရယ်အစိုးရက ထုတ်သော ဥပဒေကို ကွယ်ရာမှာပင် ဖောက်ဖျက်ချင်သည့် အတွေးမျိုး ရှိကြဟန်မတူပါ။ ဒေါ်စု ပြောသည့် “တရားဥပဒေ စိုးမိုး ရေး” မှာ ဒီသဘောတွေ ပါနေမည် ဟု ထင်ပါသည်။ ကောင်းတာတွေကို ( ဘယ်နေရာမှာ ပဲတွေ့တွေ့၊ တွေ့တဲ့နေရာက ) ယူသော် မကောင်းပါလော့..။


( ဆက်လက် ရေးသားပါဦးမည်။ )

1 comment:

  1. စိတ်ဝင်စားဖို့ကောင်း၏။ အခန်း(၁) နဲ့ အခန်း (၂)အကူးကြား (၆)နှစ်စာခန့် အကြောင်းအရာများ လစ်ဟင်းနေတာလေးကလွဲရင်ပေါ့ဗျာ။ :)

    ReplyDelete