Thursday, March 3, 2011

၁-၃-၆၂ ရက်နေ့အထိ မြန်မာပြည်အခြေအနေ( ၂ )

[ တကယ်တော့ စစ်အစိုးရ အဆက်ဆက်က လိမ်ရေးသလို မြန်မာပြည်မှာ ၂-၃-၆၂ ရက်နေ့ အပူတပြင်း အာဏာသိမ်းရလောက်အောင် တိုင်းပြည်ချောက်ထဲကျတော့မဲ့ ဘာအန္တရာယ်မှ ရှိမနေခဲ့ပါဘူး။ အောက်ပါ စာအုပ်ကို ပြန်လည်မျှဝေတာဖြစ်လို့ အဲဒီမူလ ပိုင်ရှင်များကို ကျေးဇူးတင် ပါတယ်။ ]
"ပြည်ထောင်စု စစ်စစ်မူ" ( ဖက်ဒရယ်မူ )
( ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး ဝါဒမှသည် စစ်မှန်သော ပြည်ထောင်စု စနစ်ဆီသို့၊ စာစဉ် - ၉ )
ထုတ်ဝေသူ - ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်း
UNDP Press, Chiang Mai, Thailand, 2005
....................................................................................................

မြန်မာနိုင်ငံမှာ စစ်အစိုးရအဆက်ဆက်လက်ထက် လုပ်ကြံရေးသားထားတဲ့ မြန်မာ့သမိုင်းများက ၁၉၆၂ ခုနှစ် ဝန်ကြီးချုပ်ဦးနု လက်ထက်မှာ ရှမ်း ဦးစီးတဲ့ တိုင်းရင်းသားလူမျိုးစုတွေက ပြည်ထောင်စုထဲက ခွဲထွက်ရေး “ဖက်ဒရယ်မူ” ကို တင်လာကြလို့ ပြည်ထောင်စုကြီး ပြိုကွဲတော့မှာကို လက်ပိုက်ကြည့်မနေနိုင်တာနဲ့ တပ်မတော်က ၁၉၆၂ ခုနှစ် မတ်လ ၂ -ရက်နေ့မှာ အာဏာသိမ်းခဲ့ရတာပါလို့ ဆိုပါတယ်။ သူတို့သာ သမိုင်းကို လိမ်မထားရိုးမှန်ရင် အဲဒီ ဖက်ဒရယ်မူကို "ဟောဒီမှာ ကြည့်ကြ၊ ဟောဒီလိုဆိုးတာ၊ လူနည်းစု တိုင်းရင်းသားတွေက ဟောဒီလို တောင်းခဲ့ကြတာ၊ ခြိမ်းခြောက်ခဲ့ကြတာလေ" လို့ primary source ကို ရဲရဲဝံ့ဝံ့ ပြဝံ့သင့်ပါတယ်။ အခုတော့ သူတို့က လိမ်ထားတော့ တကယ်ကြောက်စရာမှ မဟုတ်တဲ့ "ဖက်ဒရယ်မူ" ကို လူတွေရှေ့ ထုတ်မပြရဲကြပါဘူး။ အဲဒါကြောင့် ၁၉၆၂ ခုနောက်ပိုင်းမွေးတဲ့ လူငယ်လူလတ်တွေ အဲဒီမူကို မြင်ဖူး၊ ဖတ်ဖူးတဲ့သူ နည်းတယ်လို့ထင်မိပါတယ်။ (စစ်အစိုးရ အဆက်ဆက်ဟာ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာရတဲ့ ပင်လုံစာချုပ်ကိုလည်း ကိုယ့်ပြည်သူတွေရှေ့ ထုတ်မပြဝံ့ကြပါဘူး။)
ဒါကြောင့် ၂၄-၂-၁၉၆၂ ရက်နေ့မှာ တိုင်းရင်းသားလူနည်းစုများအားလုံးကိုယ်စား ( သူတို့ရဲ့ တရားဝင် ကိုယ်စားလှယ် ) ပြည်နယ်များ ညီညွတ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဝန်ကြီး သတိုးမဟာသရေစည်သူစောခွန်ချို (ရှမ်း) က နိုင်ငံတော် ဝန်ကြီးချုပ်ဦးနု ရှေ့မှောက်မှာ အင်မတန် ယဉ်ကျေးချေငံစွာ အဲဒီ "ဖက်ဒရယ်မူ" ကို စတင်တင်ပြခဲ့ပြီး ဗိုလ်နေဝင်း အာဏာမသိမ်းခင် တရက်အလို (၁-၃-၁၉၆၂ ) အထိ ကျနော်တို့ မြန်မာပြည်မှာ အဲဒီကိစ္စနဲ့ပတ်သက်လို့ရှမ်း၊ ကချင်၊ ချင်း၊ ကယား ကိုယ်စားလှယ်တွေနဲ့ ပမညတဥက္ကဌ ဝိဒူရသခင်ချစ်မောင်၊ ဖဆပလ (တည်မြဲ) ဥက္ကဌ ဦးဗဆွေတို့ ဒီမိုကရေစီနည်းကျကျ ဘယ်လိုဆွေးနွေးနေခဲ့ကြသလဲ ဆိုတာကို မူရင်းအတိုင်း ( ချောင်းဟန့်သံ မပါတာကလွဲလို့ ) ပြန်လည် ဝေမျှပေးလိုက်ပါတယ်။
မေတ္တာဖြင့်
ပြည်ကောင်းအောင်
…………………………………………………………………………………………………………………….


“ပြည်မသားတွေ၊ ပြည်နယ်သားတွေ အားလုံး နိုင်ငံရေးသံဝေဂ ရကြဖို့အတွက် ကျနော်(၁)နှစ်လောက် တုန်းက ကြည့်ခဲ့ရဖူးတဲ့ “ယမနေမယ်” ပြဇာတ်ကလေးကို ကျနော် ဒီနေရာက တင်ပြလိုပါတယ်။ လူကြီးမင်းများခင်ဗျား။ ရှေးတုန်းက ‘ဘရုတ်သုက္ခတိုင်းပြည်’ ဆိုတာ ရှိပါတယ်။ အဲဒီ ဘရုတ်သုက္ခ တိုင်းပြည်ရဲ့ ‘ငါတကော’ နယ်က ‘ဒူလာဘို’၊ ‘ငါတဗိုလ်’နယ်က ‘အို လေလေ့’၊ ‘ငါတလူ’နယ်က ‘ငတွတ်ကြီး’၊ ‘ငါတမင်း’နယ်က ‘ဗြောင်နောင့် ဗြောင်နောင်’၊ ‘ငါ့မြင်း ငါစိုင်း’ နယ်က ‘ဘုရင် ဘုနောင်-တတ်ဗိန်’ဆိုတဲ့ ပညာသင်(၅)ဦးဟာ တက္ကသိုလ် ဆရာကြီး ‘ဦးဂျမ်းထိ’ ဆီမှာ ပညာသွားသင်ကြ ပါတယ်” ( ဝန်ကြီးချုပ် ဦးနု )
“ကျနော်များကလည်း ပြည်မရှိ နောင်တော်ကြီးများကို ရှင်းလင်းတင်ပြကြတဲ့အခါ စိတ်ရှည်လက်ရှည်နဲ့ မိမိကြုံတွေ့နေတဲ့ ကြုံတွေ့နေရပုံတွေကို တင်ပြကြပါရန် မေတ္တာရပ်ခံလိုပါတယ်။ ပြည်နယ်များရဲ့ ပြဿနာကို စဉ်းစားကြတဲ့အခါမှာလည်း ‘ပြည်ထောင်စု မပြိုကွဲရေး၊ ပြည်ထောင်စုကြီး ညီညွတ်ရေး’ ဆိုတဲ့ အခြေခံမူအပေါ်မှာတည်ပြီး စဉ်းစားကြပါရန် တောင်းပန်လိုပါတယ်” ( ပြည်နယ်များညီညွတ်ရေး အဖွဲ့ ဥက္ကဋ္ဌ၊ ဝန်ကြီးသတိုးမဟာသရေစည်သူ စောခွန်ချို )
ပြည်ထောင်စု ကြန်အင်လက္ခဏာနှင့် ပြည့်စုံသည့် ပြည်ထောင်စု ပြုပြင်ဖွဲ့စည်းမှသာလျှင် အမျိုးသား စည်းလုံးညီညွတ်မှုကြီး ခိုင်မြဲမယ်၊ ပြည်ထောင်စု ကြီးလည်း တည်တန့်မယ်လို့ တထစ်ချယုံကြည်ကြ ပါတယ်။
ကျနော်များ ဖက်ဒရယ်ခေါ်တဲ့ ပြည်ထောင်စုစစ်စစ် ပြန်လည်ဖွဲ့စည်းရန် အဆိုပြုခြင်းဟာ လူမျိုးရေးကို နှိုးဆွပေးခြင်း မဟုတ်ပါ။ (Confederation)ခေါ်တဲ့ အလွန်မြင့်မားတဲ့ ပြည်ထောင်စုဖွဲ့ရန် အရေးဆို ခြင်းလည်း မဟုတ်ပါ။ အမျိုးသား စည်းလုံးညီညွတ်မှုကို တကယ်ရယူနိုင်သော ပြည်ထောင်စုစစ်စစ်ကို ဖွဲ့စည်းခြင်းသာ မှန်ကန်သည်ဟု ယုံကြည်ခြင်း ဖြစ်သည့်အတွက် တင်ပြရခြင်းဖြစ်ပါတယ်။
( ကချင်ပြည်နယ် ကိုယ်စားလှယ် ဒူးဝါးဇော်လွန်း )
“ကျနော်တို့ရဲ့ နောင်တော်ကြီးတွေဖြစ်တဲ့ ပြည်မခေါင်းဆောင်ကြီးများကို ကျနော် အလေးအနက် မေတ္တာရပ်ခံချင်တာက နောင်တော်တွေရဲ့ သဘောထားကြီးမှုကို ထင်ရှား အောင်ပြကြပါ။ ပညာရှိ သတိနဲ့လည်း စဉ်းစားဝေဖန်ကြပါ။ ကျနော်တို့ ဝိုင်းဝန်းတည်ဆောက်တဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုကြီး မပြိုကွဲအောင်လည်း ထိန်းသိမ်း စောင့်ရှောက်တော်မူကြပါလို့ လေးနက်စွာ တောင်းပန် ပြောရင်း ကျနော် နိဂုံးချုပ်လိုက်ပါတယ်” (ချင်းအထူးဝိသေသတိုင်း ကိုယ်စားလှယ် မဟာသရေစည်သူ ကပ္ပတိန်မန်းတုံနုန်း )
“နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ ညီအကို ကိုယ်စားလှယ်တော်များခင်ဗျား။ ကျနော်တို့ ပြည်ထောင်စုစစ်စစ်မူ တင်ပြ တောင်းဆိုတာဟာ ဗမာပြည်မအပေါ် အနိုင်ကျင့်လိုတဲ့သဘောမျိုး၊ အကြပ်ကိုင်လိုတဲ့ သဘော မျိုး၊ အခွင့်ထူး ပိုတောင်းလိုတဲ့သဘောမျိုးနဲ့ တောင်းဆိုခဲ့တာ မဟုတ်ပါဘူး။ ကျနော်တို့ပြည်နယ်များ ဟာ ပြည်မနဲ့ တန်းတူမရှိ ဖြစ်နေတာကို တန်းတူမှုရှိလာအောင် တောင်းဆိုနေကြခြင်းသာ ဖြစ်ပါ တယ်။” ( ရှမ်းကိုယ်စားလှယ် ဦးထွန်းမြင့် )
“ကျနော်တို့ရဲ့စေတနာကို ဤမျှနဲ့ဘဲ သိလောက်ပါပြီ။ အမျိုးသားညီညွတ်ရေး၊ တရားမျှတရေး၊ လွတ်လပ်ရေး၊ ညီမျှရေးကို အစွမ်းကုန် ပေးစွမ်းနိုင်တဲ့ ပြည်ထောင်စုကြီး ဖြစ်ပေါ်လာအောင် ဝိုင်းဝန်း ပြီး ပါရမီအပြန်အလှန်ဖြည့်ကြပါလို့ ညီငယ်အနေဖြင့် တိုက်တွန်းရင်း ချမ်းသာသုခအပေါင်းနဲ့ ပြည်စုံကြ ပါစေဆိုတာ ဆုတောင်းရင်း နိဂုံးချုပ်ပါရစေ” ( ကယားပြည်နယ် ကိုယ်စားလှယ် မဟာသရေစည်သူ ဦးစိန် )

ပြည်နယ်များညီညွတ်ရေးအဖွဲ့မှ တင်သွင်းသော
ပြည်ထောင်စု စစ်စစ်မူအပေါ် ဆွေးနွေးချက်

အခန်း ( ၆ )
ရှမ်းပြည်နယ် ကိုယ်စားလှယ် ဦးထွန်းမြင့်(တောင်ကြီး) ၏ ဆွေးနွေးတင်ပြချက်
အခမ်းအနားမှူး။ ။နံပါတ်(၇)အစီအစဉ်အရ ရှမ်းပြည်နယ်ကိုယ်စားလှယ် ဦးထွန်းမြင့်က ထောက်ခံမှာ ဖြစ်ပါတယ်။(သြဘာသံများ)

လေးစားအပ်တဲ့ သဘာပတိကြီး နိုင်ငံတော်ဝန်ကြီးချုပ်ခင်ဗျား။ လေးစားအပ်တဲ့ သွေးချင်းကိုယ်စား လှယ်တော်များခင်ဗျား။ ပြည်ထောင်စုစစ်စစ်ဖွဲ့စည်းရေးမူကို ကျနော်တို့ တင်ပြလိုက်တယ်ဆိုရင်ဘဲ မြန်မာပြည်မှ အမျိုးသားခေါင်းဆောင် အသီးသီးဆီမှ ရှုဒေါင့်အမြင် အမျိုးမျိုးနဲ့ သဘောထား တုန့်ပြန်မှု အမျိုးမျိုး ပေါ်ထွက်လာခဲ့ပါတယ်။

မြန်မာပြည်ဟာ ဝံသာနုခေတ်ကနေပြီး ဗိုလ်ချုပ်အောင်ဆန်းခေတ်အထိ ဗြိတိသျှ ကိုလိုနီဘဝက လွတ်မြေက်အောင် လွတ်လပ်ရေး တိုက်ပွဲအဆင့်ဆင့် ဆင်နွှဲလာခဲ့ပါတယ်။ ဟုမ်းရူးလ်ခေါ် ကိုယ်ပိုင် အုပ်ချုပ်ရေးကနေ လုံးဝလွတ်လပ်ရေးအထိ လွတ်လပ်ရေး အမျိုးမျိုးတောင်းဆိုခဲ့ကြပါတယ်။ ဒီတောင်းဆိုချက်တွေကို မြန်မာအမျိုးသားများဖက်က ကြည့်ရင် အလွန်တရားသော တောင်းဆိုချက် များ ဖြစ်ပါတယ်။ ကိုလိုနီနယ်ချဲ့သမားများဖက်ကကြည့်ရင် မတရားတဲ့တောင်းဆိုချက်တွေလို့ ဖြစ် ပါတယ်။ မြန်မာအမျိုးသားများဖက်က လွတ်လပ်ရေး၊ ဗြိတိသျှနယ်ချဲ့သမားများဖက်က ကိုလိုနီ တည်မြဲရေး။ ရှုဒေါင့်အမြင်ချင်း မတူကြပါဘူး။

ဒီဥပမာနဲ့ ဒီနေ့ကျနော်တို့အဖြစ်အပျက်ဟာ ထပ်တူထပ်မျှဆီလျော်တယ်လို့ ကျနော်မဆိုလိုပါဘူး။ ဟိုအရေးက နယ်ချဲ့သမားနဲ့ ကိုလိုနီကျွန်ဘဝကျရောက်နေတဲ့ မြန်မာအမျိုးသားများ လွတ်လပ်ရေး တောင်းဆိုတဲ့ ဆက်ဆံရေး။ အခုကျနော်တို့အရေးဟာ မိသားစုချင်း တန်းတူမှုတောင်းဆိုတဲ့ ဆက်ဆံရေး။ အမျိုးအစားချင်း ကွာခြားပါတယ်။ အထက်က ဥပမာကို ကျနော်တင်စားဖော်ပြရတဲ့ ရည်ရွယ်ချက်က တခြားအကြောင်းကြောင့် မဟုတ်ပါဘူး။ ခံစားမှုဘဝကို ပေါ်လွင်စေလိုတဲ့ စေတနာ ကြောင့်ဖြစ်ပါတယ်။

ကျနော်တို့တင်ပြတဲ့ ပြည်ထောင်စုစစ်စစ်မူရဲ့အနှစ်သာရဟာ ဘာလဲဆိုရင် တန်းတူရေးဘဲ ဖြစ်ပါတယ်။ ပြည်ထောင်စု စစ်စစ်မူဆိုပြီး ကျနော်တို့တင်ပြတဲ့အခါမှာ နိုင်ငံရေးပုံ သဏ္ဍာန်၊ အုပ်ချုပ်ရေးပုံသဏ္ဍာန်၊ အာဏာခွဲဝေရေးပုံသဏ္ဍာန် စသည်တို့ကို ဖော်ပြထားတဲ့အတွက် ဒီနေ့ဖြစ်ပေါ်နေတဲ့ ပြဿနာဟာ အလွန်တရာခက်ခဲနက်နဲနေသည်ဟု ယူဆစရာ ဖြစ်နေပါတယ်။ ကျနော်တို့ လိုလားချက်ကို အရှင်းဆုံးစကားနဲ့ဖော်ပြရရင် ကျနော်တို့ ဗမာ၊ ရှမ်း၊ ကချင်၊ ချင်း၊ ကရင်၊ ကယား၊ မွန်၊ ရခိုင်ညီအကို မိသားစု တွေဟာ တန်းတူညီတူ ဆက်ဆံကြပါစို့၊ တန်းတူညီတူ ခံစားကြပါစို့လို့ ဆိုလိုက်ခြင်းဘဲ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ပြည်ထောင်စုစစ်စစ်မူကို ပုဂ္ဂိုလ်အချို့ဟာ ဘယ်လိုအတွေးပေါက်တယ်၊ ဘယ်လိုအဓိပ္ပါယ် ကောက်တယ်မပြောတတ်ပါဘူး။ လက်မခံနိုင်ဘူး၊ မဖြစ်နိုင် ဘူးလို့ တုံးတိကြီး ငြင်းပယ်နေကြပါတယ်။ ဒီလိုငြင်းပယ်ခြင်းဟာ ကျနော်တို့ခံစားရတဲ့ဘဝနဲ့ အဓိပ္ပါယ်ပြန်လိုက်ရင် “မင်းတို့နဲ့ တန်းတူညီတူ ဆက်ဆံလို့မဖြစ်ဘူး၊ တန်းတူညီတူ ခံစားခွင့် မပေးနိုင်ဘူး”လို့ အဓိပ္ပါယ်ပေါက်ပါတယ်။

ဗမာပြည်မ,က သတင်းစာတွေကဘဲဖြစ်ဖြစ်၊ နိုင်ငံရေးခေါင်းဆောင်တွေကဘဲဖြစ် ဖြစ်၊ ဥပဒေပညာရှင်တွေကဘဲဖြစ်ဖြစ် ကျနော်တို့ တင်ပြလိုက်တဲ့ ပြည်ထောင်စုစစ်စစ်မူကို ‘လက်မခံနိုင်ဘူး၊ မဖြစ်နိုင်ဘူး’လို့ ပြောလိုက်တဲ့ အခါတိုင်း အခါတိုင်း ကျနော်တို့ စိတ်မှာ ခုနင်က အဓိပ္ပါယ်အတိုင်း လာပြီးခံစားရပါတယ်။ ဗြိတိသျှအာဏာပိုင်များက လွတ်လပ်ရေး မပေးနိုင်ဘူးလို့ ပြောလိုက်တိုင်း ပြောလိုက်တိုင်း မြန်မာအမျိုးသားများစိတ်မှာ ခံစားရသလို ပြည်ထောင်စုစစ်စစ်မူနဲ့ ပတ်သက်ပြီး ဗမာနောင်တော်များဖက်က ပစ်ပစ်ခါခါပြောလိုက်တိုင်း ကျနော်တို့ပြည်နယ်များရဲ့စိတ်မှာ အလားတူ ဝေဒနာခံစားရပါတယ်။ ကျနော်တို့ ပြည်နယ်အမျိုးသားတွေ ပြည်ထောင်စုစစ်စစ်မူကို တောင်းဆိုကြတာဟာ အခွင့်ထူးကို တောင်းနေကြတာ မဟုတ်ပါဘူးဆိုတာကို ကျနော် ဒီနေရာမှာ အစီရင်ခံလိုပါတယ်။

ကျနော်တို့ ရှမ်းအမျိုးသားများအနေနဲ့ အစီရင်ခံရမယ်ဆိုရင် ကျနော်တို့ဟာ ဗမာအမျိုးသားများနည်းတူ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး၊ ကိုယ့်အချုပ်အချာအာဏာနဲ့ နေထိုင်လာကြပါတယ်။ ခေတ်ဟောင်း ရာဇဝင်မှာ ရှမ်းအမျိုးသားများနဲ့ ဗမာအမျိုးသားများ ဆက်ဆံရေးဟာ တဖက်နဲ့တဖက် နာကျည်းစရာ တွေရှိသလို ချစ်ခင်မြတ်နိုးစရာတွေလည်း အမြောက်အများရှိပါတယ်။ လူမျိုးရေးအနွှယ်အရ ရှမ်း အမျိုးသား တွေဟာ ယိုးဒယားနဲ့ ပို၍ နီးစပ်သော်လည်း လက်တွေ့ ဆက်ဆံရေးအရ ဗမာနဲ့ပိုပြီးရင်းနှီး ပါတယ်။ ခေတ်သစ်ရာဇဝင်ကို ကြည့်မယ်ဆိုရင်လည်း ဗြိတိသျှကျွန်သားပေါက်ဘဝကို ရှမ်းနဲ့ဗမာဟာ အတူတူဘဲ ကျခဲ့တယ်။ နယ်ချဲ့စိုးမိုးမှုအောက်မှာ အတူတူဘဲ ခံစားခဲ့ကြရတယ်။ လွတ်လပ်ရေးကို လည်း ရှမ်း နဲ့ဗမာဟာ အတူတူဘဲ လက်တွဲပြီး ရယူခဲ့ကြတယ်။

ကျွန်သားပေါက်ဘဝတခုကနေ တခြား ကျွန်သားပေါက်ဘဝတခုကို ပခုံးပြောင်းမှုကို ဗမာအမျိုးသား များ မလိုလားသလို ကျနော်တို့ ရှမ်းအမျိုးသားများကလည်း နဲနဲမှ မလိုလားပါဘူး။ ဗမာအမျိုးသားများ နဲ့ လက်တွဲ လွတ်လပ်ရေးအရယူခဲ့သလို လွတ်လပ်တဲ့ ရှမ်းပြည်အမျိုးသားများဟာ လွတ်လပ်တဲ့ ဗမာပြည်အမျိုးသားများနဲ့ တန်းတူညီတူပူးပေါင်းပြီး ပြည်ထောင်စုကြီး ဖွဲ့စည်း နေထိုင်ကြပါတယ်။

(၁၉၄၅)ခုနှစ်မှ (၁၉၄၇)ခုနှစ် တိုင်းပြုပြည်ပြုလွှတ်တော် ခေါ်ဆိုကျင်းပတဲနေ့အထိ ကျနော်တို့ ရှမ်းအမျိုးသားများဟာ ဗမာပြည်မှ အမျိုးသားများနဲ့ ပူးတွဲလွတ်လပ်ရေးအရယူပြီး ပြည်ထောင်စု စစ်စစ်မူ ပူးပေါင်းဖွဲ့စည်းနေထိုင်လိုကြောင်း ဆန္ဒထုတ်ဖော်ခဲ့တဲ့ သက်သေသာဓက အထောက် အထားတွေ၊ စာရွက်စာတမ်းတွေဟာ ယနေ့ မပျောက်ကွယ်နိုင်သေး ပါဘူး။ ရှမ်းမူခေါ်တဲ့ စာအုပ်ပြာ ထဲမှာ အပြည့်အစုံဖော်ပြထားပါတယ်။ ကျနော်တို့ ရှမ်းမုကို တင်လိုက်တာနဲ့ပတ်သက်ပြီး တချို့ ပုဂ္ဂိုလ်က“ခင်ဗျားတို့ ရှမ်းတွေ ဘယ်စိတ်ကူးပေါက်လို့ ပြည်ထောင်စုစစ်စစ်ဆိုတဲ့မူကို အခုလို ကြိုးစားပြီး ထပ်တောင်းလာတာလဲ”လို့ မေးကြပါတယ်။ တချို့ပုဂ္ဂိုလ်ကလည်း“ခင်ဗျားတို့ကို ဘယ်သူမြှောက်ပေးလိုက်သလဲ။ ဘယ်သူ့ ပယောဂနဲ့တောင်းတာလဲ”လို့ မေးကြပါတယ်။ ဒီလိုအမေးခံရတဲ့အတွက် ကျနော်တို့ဟာ စိတ်ထဲ အတော် ထိခိုက်နာကျည်း မိခဲ့ကြပါတယ်။ အမှန်ကတော့ ကျနော်တို့ဟာလည်း ပုထု ဇဉ်သားတွေမဟုတ်ပါလား။ ပုထုဇဉ်တို့သဘာဝ စိတ်ထိခိုက် နာကျည်းတာဟာ အဆန်းမဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်တို့ဟာ သဘောထားကြီးကြီးနဲ့ သည်းခံခဲ့ ကြပါတယ်။ ဗမာ အမျိုးသားခေါင်းဆောင်ကြီးများ၊ သတင်းစာဆရာများ၊ နိုင်ငံရေးပါတီ အဖွဲ့အစည်း များဆီကို ကျနော်တို့ ရှမ်းပြည်နယ် ဥက္ကဋ္ဌကြီး စောခွန်ချိုကိုယ်တိုင် ဦးစီးပြီး ခယဝပ်တွားစွာ သွား ရောက် ရှင်းပြခဲ့ပါတယ်။ ဒါကြောင့်လည်း အထင်မှားမှုတွေ၊ ဒီလို မလိုလားအပ်တဲ့ မေးခွန်းမျိုးတွေ နောက်ထပ် ပေါ်မလာတော့ပါဘူး။

နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ ညီအကို ကိုယ်စားလှယ်တော်များခင်ဗျား။ ကျနော်တို့ ပြည်ထောင်စုစစ်စစ်မူ တင်ပြ တောင်းဆိုတာဟာ ဗမာပြည်မအပေါ် အနိုင်ကျင့်လိုတဲ့သဘောမျိုး၊ အကြပ်ကိုင်လိုတဲ့သဘောမျိုး၊ အခွင့်ထူး ပိုတောင်းလိုတဲ့သဘောမျိုးနဲ့ တောင်းဆိုခဲ့တာ မဟုတ်ပါဘူး။ ကျနော်တို့ပြည်နယ်များဟာ ပြည်မနဲ့ တန်းတူမရှိ ဖြစ်နေတာကို တန်းတူမှုရှိလာအောင် တောင်းဆိုနေကြခြင်းသာ ဖြစ်ပါတယ်။ လက်ရှိဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ ကျနော်တို့ကို ဗမာပြည်မနဲ့တန်းတူနေရာမှာမထားဘူး။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးမှာ ညီမျှတဲ့အခွင့်အရေးမပေးဘူး။ အဖက်ဖက်က နစ်နာစေတယ်လို့ ကျနော်တို့ ရိုးသားစွာ တွေ့မြင်ကြပါတယ်။ ဒါကြောင့် တန်းတူညီမျှမှုမရှိတဲ့ ဒီအခြေခံ ဥပဒေကြီးကို တန်းတူညီမျှမှုရှိလာအောင် ပြန်လည်ပြင်ဆင်ကြပါစို့လို့ ကျနော်တို့က မိသားစုစိတ်ဓါတ်နဲ့ ရိုးရိုးသားသား တောင်းဆိုနေကြခြင်းသာဖြစ်ပါတယ်။ ဒါဟာ ကျနော်တို့ ပြည်ထောင်စုစစ်စစ်မူရဲ့ လိုရင်းအတိုချုပ်ဘဲ ဖြစ်ပါတယ်။ ဒီအခြေခံဥပဒေကြီးကို တိုင်းပြုပြည်ပြုလွှတ်တော်တုန်းက ခင်ဗျားတို့ ရှမ်းပြည်က ကိုယ်စားလှယ်တွေ ပါဝင်ရေးဆွဲပြီး သဘောတူခဲ့တာ မဟုတ်လားလို့ တချို့ပုဂ္ဂိုလ်တွေက မေးကြပါတယ်။ မှန်ပါတယ်။ တိုင်းပြုပြည်ပြုလွှတ်တော်တုန်းက ကျနော်တို့ ရှမ်းပြည်က ကိုယ်စားလှယ်တွေဟာ ပါဝင်ရေးဆွဲပြီး သဘောတူထောက်ခံခဲ့ပါတယ်။ ဘယ်လို ခံယူချက်နဲ့ သဘောတူခဲ့တယ်ဆိုတာ ဆက်ပြီးရှင်းပြပါရစေ။

တိုင်းပြုပြည်ပြုလွှတ်တော်ကို တက်ခဲ့ကြတဲ့ ကျနော်တို့ရှမ်းပြည်က ကိုယ်စားလှယ်တွေဟာ နိုင်ငံရေးအတွေ့အကြုံများ မရှိခဲ့ကြပါဘူး။ ဥပဒေလည်း မကျွမ်းကျင်ကြဘူးဆိုတာကို ကျနော် ရိုးသားစွာဝန်ခံလိုပါတယ်။ ကျနော်တို့ တိုင်းပြုပြည်ပြု လွှတ်တော်ကို တက်ကြတာဟာ ဥပဒေရေးဆွဲဖို့ထက် ကျနော်တို့ နယ်စပ်ဒေသမပါတဲ့ လွတ်လပ်ရေးဟာ အဓိပ္ပါယ် မရှိသလို၊ ဗမာမပါတဲ့ နယ်စပ်ဒေသအရေးဟာလည်း အဓိပ္ပါယ်မရှိဘူးလို့ ကျနော်တို့ ယုံကြည်တဲ့အတိုင်း ဗမာပြည်မနဲ့ တန်းတူပူးတွဲပြီး လွတ်လပ်သောပြည်ထောင်စု တည်ဆောက်လိုတဲ့ ဇောက ပိုပြီးကြီးနေပါတယ်။ နယ်ချဲ့လက်အောက်က အမြန်လွတ်ဖို့အရေးကြီးတယ်၊ နယ်ချဲ့သမားတွေမရှိတဲ့နောက် သွေးချင်း သားချင်းတွေ အထူးပြောစရာမလိုဘူးလို့ ရိုးရိုးဘဲ ယူဆခဲ့ကြပါတယ်။ တိုင်းပြုပြည်ပြုလွှတ်တော် လုပ်ငန်းဆောင်ရွက်နေစဉ်တုန်းက ကော်မတီ အစည်းအဝေးတခုမှာ ကျနော်တို့ အလွန်ယုံကြည်၊ အလွန်ကြည်ညိုလေးစားတဲ့ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့တဲ့ စကားတခွန်းကို ကျနော်တို့ ယနေ့ထက်တိုင် ကြားယောင်နေပါသေးတယ်။ ကော်မတီအစည်းအဝေးတခုမှာ အခြေခံဥပဒေအကြံပေးအရာရှိ ဦးချန်ထွန်းက အခြေခံဥပဒေပြဌာန်းချက်တွေ တပုံတခေါင်းကြီး ရေးဆွဲတင်ပြလာတဲ့အခါ ဗိုလ်ချုပ် အောင်ဆန်းက “ဦးချန်ထွန်းခင်ဗျား။ လန်ဘားကြော်ကသလားတွေ ရေးနေလို့ ဘယ်ဖြစ်မလဲ။ (Broad Principle) ကျယ်ပြန့်တဲ့ သဘောတရားလောက်ပါရင် တော်ရောပေါ့။ လွတ်လပ်ရေးရပြီးတဲ့နောက် လိုတာတွေကို (By Act) ပါလီမန်မှာ အက်ဥပဒေလုပ်ရင် ပြီးတာဘဲ။ ဒီလောက် ရှည်ရှည်လျားလျားနဲ့လုပ်နေရင် နှစ်လ သုံးလနဲ့ ဘယ်မှာ ပြီးနိုင်ပါ့မလဲ။” လို့ ပြောခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဖဆပလခေါင်းဆောင်များကို ကျနော်တို့ အင်မတန်ချစ်ခင် ကြည်ညိုလေးစားသလို အင်မတန်လည်း ယုံကြည်အားကိုးခဲ့ကြပါတယ်။ ဗိုလ်ချုပ်ရဲ့သဘောက အခြေခံဥပဒေကို ပုဒ်မတွေအများကြီးနဲ့ ရှည်ရှည်လျားလျား ရေးနေစရာမလိုဘူး။ ကျယ်ပြန့်တဲ့ သဘောတရားနဲ့အင်္ဂါစုံရင် တော်လောက်ပြီ။ လွတ်လပ်ရေးရပြီးတဲ့နောက် အခြေအနေနဲ့ အချိန်အခါ ကြည့်ပြီး လိုသလိုဆောင်ရွက်သွားမယ်။ အဲသလို သဘောထားပါတယ်။ ကျနော်တို့ဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဖဆပလခေါင်းဆောင်များကို အကြွင်းမဲ့ ယုံကြည်တဲ့အလျောက် လုံးဝဥဿုံ ပုံအပ်ခဲ့ပါတယ်။

အဲဒီတုန်းက ရှမ်းပြည်က ကိုယ်စားလှယ်တချို့ဟာ ဒီနေ့ပေါ်ပေါက်နေတဲ့ပြဿနာမျိုး ပေါ်ပေါက်လာမှာ စိုးတဲ့အတွက် နိုင်ငံခြားသား ဥပဒေပါရဂူတဦးကို ငှါးရမ်းဖို့ စီစဉ်ခဲ့ပါတယ်။ ဖဆပလရဲ့စေတနာကို ယုံမှားရာကျမှာစိုးတဲ့အတွက် ကျနော်တို့ဟာ ဒီအစီအစဉ်ကို တိုက်ဖျက်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ အဲဒီအချိန်တုန်းက သတင်းစာတွေမှာလည်း ပါတယ်။ ဗိုလ်ချုပ်အမှူးပြုတဲ့ ဗမာခေါင်းဆောင်တွေလည်း သိပါတယ်။ ရှမ်းပြည်နယ်ကိုယ်စားလှယ်တွေဟာ ဗမာခေါင်းဆောင်တွေအပေါ် ဘယ်လောက် အယုံကြည်ကြီးခဲ့တယ်ဆိုတာ ဒီ သာဓကက အထင်အရှားပြခဲ့ပါတယ်။

ဗိုလ်ချုပ်တို့ ကျဆုံးသွားပြီးတဲ့နောက် ဆက်လက်ရေးဆွဲကြတဲ့အခါ အခြေခံဥပဒေဟာ ဗိုလ်ချုပ်လိုလားတဲ့အခြေခံဥပဒေမျိုး မဟုတ်တော့ဘူး။ ဗိုလ်ချုပ်မူနဲ့ ကွဲလာတယ်ဆိုတာကတော့ ထင်ရှားပါတယ်။ ဖဆပလ ပဏာမညီလာခံကရေးဆွဲတဲ့ အခြေခံဥပဒေမူကြမ်းနဲ့ ယှဉ်တွဲဖတ်ကြည့်ရင် ကွဲပြားမှုတွေ တပုံတခေါင်းကြီးတွေ့ရပါ့မယ်။

ဗိုလ်ချုပ်အောင်ဆန်းမရှိတဲ့နောက် နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုအမှူးပြုတဲ့ ဗမာခေါင်းဆောင်တွေအပေါ် ကျနော်တို့ဟာ ဆက်လက်ပြီး ယုံကြည်ကိုးစားခဲ့ပါတယ်။ အခြေခံဥပဒေမှာပါရှိတဲ့ ပြဌာန်းချက်တွေအပေါ် ကျနော်တို့ အလွန်အမင်း အလေးအနက်မထားခဲ့ပါဘူး။ ကောင်းကောင်းလည်း နားမလည်ခဲ့ကြပါဘူး။ အခုထိ အခြေခံဥပဒေမှာ ချွတ်ယွင်းချက်တွေ ရှိသည့်တိုင်အောင် ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သကဲ့သို့ Letter and Spirit of the Constitution ဥပဒေစကားလုံးနဲ့ စိတ်စေတနာ ခွဲခြားနားလည်ပြီး ကျင့်သုံးသွားရင် ဖြစ်မြောက်နိုင်မှာဘဲလို့ ယုံကြည်စိတ်ချနေခဲ့ကြပါတယ်။ ကျနော်တို့ဟာ အဲဒီလိုစိတ်ထား၊ အဲဒီ လိုယုံကြည်ချက်နဲ့ ဒီအခြေခံဥပဒေကြီးကို သဘောတူလက်ခံခဲ့ကြခြင်းဖြစ်ပါတယ်။

ဒါပေမယ့် လွတ်လပ်ရေးရပြီးတဲ့နောက် ဒီအခြေခံဥပဒေကို လက်တွေ့ကျင့်သုံးတဲ့ အခါမှာ တိုင်းပြုပြည်ပြုလွှတ်တော်မှာ ထားရှိခဲ့တဲ့ မိသားစုစိတ်ဓါတ်တွေဟာ စုန်းစုန်းမြုပ် ပျောက်ကွယ်နေပါတယ်။ အခြေခံဥပဒေရေးဆွဲစဉ်က ဥပဒေ စကားလုံးနောက်မှာထားရှိတဲ့ စိတ်စေတနာတွေဟာလည်း ပျောက်ကွယ်ကုန်ပါတယ်။ ဥပဒေစကားလုံးတွေပေါ်မှာသာ အတိအကျ အဓိပ္ပါယ်ကောက်ပြီး ကျင့်သုံးလာကြတဲ့အခါမှ ကျနော်တို့ဟာ အထင်နဲ့အမြင် တက်တက်စင် လွဲမှားကုန်တာကို သိလာရပါတယ်။

တနေ့ထက်တနေ့ နစ်နာချက်တွေ ပို၍ပို၍ပေါ်လွင်လာပါတယ်။ ကျနော်တို့ရဲ့အခွင့်အရေးတွေကို အရေးဆိုတိုင်း အခြေခံဥပဒေ စာအုပ်ကြီးနဲ့ ကိုင်ပေါက်တာကိုဘဲ ခံခဲ့ကြရပါတယ်။ ဒီတော့ ကျနော်တို့ပြည်နယ်များအနေနဲ့ ဘယ်အခြေအနေ ရောက်ခဲ့ပါသလဲဆိုရင် ဗမာပြည်မ အာဏာရပါတီခေါင်းဆောင်များရဲ့ စိတ်စေတနာနဲ့ဆန္ဒအပေါ် အစဉ်အမြဲမှီခို အားထားနေရမယ့် အခြေမျိုးဆိုက်လာပါတယ်။ အဲဒီလိုမှီခိုအားထားနိုင်မှဘဲ ပြည်နယ်များဟာ အသက်ရှူချောင်မယ့်ဘဝမျိုးသို့ ကျရောက်လာပါတယ်။ ဒါကြောင့် ကျနော်တို့အခြေ အနေတွေကို ကျနော်တို့က ဗမာပြည်မရဲ့ Vassal State ပဏ္ဏာဆက်နိုင်ငံလို့ သမုတ်လာတယ်၊ လာခဲ့ကြခြင်းဖြစ်ပါတယ်။ ကျနော်တို့ရပိုင်ခွင့်ရှိတဲ့ အခွန်တော်ငွေကိုဘဲ ထောက်ပံ့ကြေးဆိုပြီး နှစ်စဉ်လက်ဖြန့်ခံတောင်းနေရတာလည်း အမောပါဘဲ။ အချိန်မှီမရလို့ ပြည်နယ် များအုပ်ချုပ်ရေးမှာ အခက်အခဲကြုံရပေါင်းလည်း မရေမတွက်နိုင်တော့ပါဘူး။ အဲဒီထောက်ပံ့ကြေးပေးရတာနဲ့ပတ်သက်ပြီး ပုဂ္ဂိုလ်တချို့က ကျနော်တို့ပြည်နယ်တွေကို မီးရထားကုန်တွဲကြီးတွေလို သဘောထားကြတယ်။ ဗမာပြည်မက အလွန်တရာ အနစ်နာခံပြီး ပင်ပန်းကြီးစွာနဲ့ ကျနော်တို့ကို ဒရွတ်တိုက်ဆွဲနေရသလို ယူဆကြတယ်။

အဲဒီပုဂ္ဂိုလ်တွေကို ကျနော် အစီရင်ခံလိုပါတယ်။ ကျနော်တို့ရဲ့ ပြည်ထောင်စုစစ်စစ်မူဟာ ခင်ဗျားတို့ ကျနော်တို့ကို ဒီလောက် ပင်ပန်းကြီးစွာနဲ့ ဒရွတ်တိုက်ဆွဲမနေစေဖို့ဖြစ်ပါတယ်။ ကျနော်တို့ကို ဖြတ်ပစ်ခဲ့ပါ။ ခင်ဗျား။တို့(၁၃)နှစ်လုံးလုံး ဆွဲခဲ့လို့ ကျနော်တို့မှာ ခရီးထင်သလောက် မပေါက်ပါဘူး။ ကိုယ့်စွမ်းအင် ကိုယ့်လုံ့လနဲ့ဘဲ သွားပါရစေ။

သဘာပတိကြီး နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ ကိုယ်စားလှယ်တော်များခင်ဗျား။ လွတ်လပ်ရေးရပြီး(၁ဝ)နှစ်ကျော်ကာလအတွင်း လက်တွေ့ ခံစားချက်အရ ကြုံတွေ့လာရတဲ့နစ်နာချက်တွေ၊ ဆုံးရှုံးချက်တွေ တပုံတခေါင်းကြီး စုပုံလာတိုင်း အခြေခံဥပဒေ ပြန်လည် စီစစ်ရေးကိစ္စကလည်း ပေါ်ပေါက်လာတဲ့အတွက် ကျနော်တို့ဟာ ဒီအခွင့်အရေးကို အမိအရယူပြီး ဒီနေ့ ဆွေးနွေးနေတဲ့ ပြဿနာကြီးကို တင်ပြလိုက်ခြင်းဖြစ်တယ်။ ‘တခါသေဖူး ပျဉ်ဖိုးနားလည်’ ဆိုတဲ့စကားပုံလို ခေါင်းဆောင်တဦး (သို့မဟုတ်) ပါတီတခုရဲ့ စိတ်စေတနာအပေါ် ယုံကြည်ကိုးစားနေလို့ မရတော့ပါဘူး။ လူဆိုတာ သင်္ခါရပါ။ ပါတီအဖွဲ့ကြီးလည်း မတည်မြဲပါဘူး။ ဒါကြောင့် ကျနော်တို့အခွင့်အရေးတွေကို အဖြူအမဲခွဲခြားပြီး ရေပက်မဝင်အောင် ရေးဆွဲထားဖို့ လိုအပ်တယ်လို့ ကျနော်တို့နားလည်ပါတယ်။

နိုင်ငံတော်ဝန်ကြီးချုပ်ခင်ဗျား။ အခြေခံဥပဒေကိုပြင်ဆင်တဲ့အခါမှာ အချို့ပုဒ်မလောက် ပြင်လိုက်ရင် ဖြစ်နိုင်စရာ ကောင်းရဲ့လို့ ကျနော်တို့ အစပထမတွင် ယူဆခဲ့ကြပါသေးတယ်။ ဒါပေမယ့် လက်တွေ့ခံစားရတဲ့အတွေ့အကြုံနဲ့ယှဉ်တွဲပြီး အခြေခံဥပဒေကို စီစစ်တဲ့အခါ ပုဒ်မတခုနဲ့တခု ဆက်စပ်နေတာ တွေ့လာရပါတယ်။ အခြေခံမူတွေကို မပြင်ရင်မဖြစ် တာတွေကို သိမြင်လာရပါတယ်။ ဒါကြောင့်လည်းဘဲ အခြေခံမူကြီးတွေကို ပြုပြင်ပစ်ဖို့ ကျနော်တို့ တင်ပြလာကြခြင်း ဖြစ်ပါတယ်။ ဥပဒေပြုစာရင်း၊ အခွန်တော်စာရင်းတွေကို ပြုပြင်ပေးခြင်းဖြင့် အခွင့်အရေးတွေ ပိုမရနိုင်ဘူးလားလို့မေးရင် ရသင့်သလောက် ရပါတယ်လို့ဖြေရပါမယ်။ ဒါပေမယ့် ဒီနည်းဟာ အခြေအမြစ်ကို မကုစားနိုင်ပါဘူး။ Palliative ခေါ်တဲ့ အပေါ်ယံ လိမ်းဆေးနည်းဘဲဖြစ်ပါတယ်။ အခြေအမြစ်ကို မကုစားနိုင်တဲ့အတွက် မကြာခဏ ဟိုကယောင်၊ ဒီကဖောင်းနဲ့ ပြဿနာတွေဟာ အစဉ်အမြဲပေါ်လာမှာ မလွဲပါဘူး။ ကျနော်တို့ ပြည်ထောင်စုစစ်စစ်မူဟာ အနာကို အခြေအမြစ်က ကုစားနိုင်တဲ့နည်းဘဲလို့ ကျနော်တို့ ရိုးရိုးသားသား ယုံကြည်ကြပါတယ်။

ဒါပေမယ့် ကျနော်တို့ရဲ့ပြည်ထောင်စုစစ်စစ်မူကို ခေါင်းဆောင်တချို့ဟာ ကျနော်တို့မြင်သလို မမြင်ကြပါဘူး။ ကျနော်တို့ တင်ပြတဲ့ အဓိပ္ပါယ်ကိုလည်း သဘောမပေါက်ကြပါဘူး။ တချို့ပုဂ္ဂိုလ်တွေက ပြည်ထောင်စုမူနဲ့ပတ်သက်ပြီး ကောင်းကောင်း မဝေဖန်ဘူး။ ဥပဒေရေးရာအချက်အလက်တွေပေါ်မှာ တရားသေစွဲပြီး အကြပ်ကိုင်နေကြပါတယ်။ တချို့ပုဂ္ဂိုလ် တွေကတော့ ကျနော်တို့ရဲ့ နစ်နာချက်တွေဟာ အမှန်တကယ် နစ်နာချက်တွေရယ်လို့ သဘောမပေါက်ကြဘူး။ ကျနော်တို့ရဲ့မူကို တင်ပြပြီးတဲ့နောက် ပြည်မက မိတ်ဆွေတချို့က “ခင်ဗျားတို့ ရှမ်းပြည်သူလူထု နစ်နာနေတယ်ဆိုတာ သဘောပေါက်လက်ခံပါတယ်။ ဗမာပြည်မမှာလည်းဘဲ လူများစုဖြစ်တဲ့ တောင်သူလယ်သမား၊ အလုပ်သမားတွေဟာ လွတ်လပ်ရေးသက် တမ်းတလျှောက်မှာ ဘာမှမယ်မယ်ရရ မခံစားရသေးဘူး။ ဒါကြောင့် ရှမ်းပြည်အတွက် သီးခြား တောင်းမယ့်အစား ရှမ်းပြည်သူတွေဟာ ဗမာပြည်သူတွေနဲ့ လက်တွဲပြီး တိုက်ပွဲဝင်ရင် မကောင်းဘူးလား”လို့ ဆိုပါတယ်။

ဒီအကြံပေးချက်ဟာ အလွန်ကောင်းပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေထက် မြင့်မားနေတယ်လို့ ကျနော်တို့ ယူဆပါတယ်။ ဆိုရှယ်လစ်ပန်းတိုင်သို့ ချီတက်ရာမှာ အရင်းရှင်စနစ်နဲ့ ဆိုရှယ်လစ်စနစ်အကြား ကြားခုလပ်စခန်းတွေ ရှိသလို ပြည်နယ်များနဲ့ ပြည်မလူထု တနေ့လက်တွဲနိုင်ရေးအတွက် အခု ကျနော်တို့တောင်းဆိုနေတဲ့ ပြည်ထောင်စု စစ်စစ်မူဟာ ကြားခုလပ်စခန်းဘဲလို့ ကျနော်တို့ယုံကြည်ကြပါတယ်။ လက်ရှိအခြေအနေတိုင်းသာ ဆက်သွားရင် ပြည်နယ်များနဲ့ ပြည်မလူထု လက်တွဲနိုင်ဖို့ မဆိုထားနဲ့ လူမျိုးချင်း မမုန်းတီးလာအောင် အင်မတန် သတိကြီးစွာနဲ့ ထိန်းသိမ်းကြရပါလိမ့်မယ်။

နိုင်ငံတော်ဝန်ကြီးချုပ်ခင်ဗျား။ ကျနော်တို့တင်ပြတဲ့ ပြည်ထောင်စုစစ်စစ်မူမှာ Fundamental Principles ခေါ်တဲ့ အခြေခံမူကြီးတွေ ပါဝင်နေပါတယ်။ အဲဒီအခြေခံမူကြီးတွေဟာ (၁)ဗမာပြည်နယ်ဖွဲ့စည်းရေး၊ (၂)လွှတ်တော်နှစ်ရပ် အာဏာတူပေးရေး၊ (၃)အထက်လွှတ်တော်သို့ တူညီတဲ့ကိုယ်စားလှယ် စေလွှတ်ရေး၊ (၄)ဗဟိုအာဏာကို ကန့်သတ်ပေးပြီး ပြည်နယ်များက ကျန်အာဏာများကို ရယူရေးတို့ဖြစ်ပါတယ်။

ဒီအခြေခံမူကြီး(၄)ရပ်ရဲ့ အဓိပ္ပါယ်နဲ့ ဒီအခြေခံမူကြီး(၄)ရပ်ကို တန်းတူမှုအတွက် အဘယ်ကြောင့် လိုလားအပ်တယ် ဆိုတာကို ကျနော် မရှင်းပြခင် ခံစားမှုသဘောကို အနည်းငယ်ထပ်ပြီး ဖော်ပြပါရစေ။ ကျနော်တို့တင်ပြချက်မှာ ထိပ်ဆုံးက ဖော်ပြထားတဲ့ ဗမာပြည်နယ် ဖွဲ့စည်းရေးကိစ္စကို ပြည်မခေါင်းဆောင်တချို့ဟာ မကျေလည်ကြပါဘူး။ သဘောလည်း မပေါက်ကြပါဘူး။ ဒီဟာလည်း ခံစားမှုရဲ့ သဘောသဘာဝဘဲဖြစ်ပါတယ်။ ကျနော်တို့ ပြည်နယ်များဖက်ကတော့ ကျေကျေလည်လည်ကြီး သဘောပေါက်ကြပါတယ်။

လွန်ခဲ့တဲ့နှစ် တောင်ကြီးညီလာခံကို တက်ရောက်လာကြတဲ့ ကချင်၊ ချင်း၊ ကယား၊ ကရင်၊ မွန်၊ ရခိုင်အမျိုးသား ကိုယ်စားလှယ်များ အားလုံးလည်း ကြေကြေညက်ညက်သဘော ပေါက်နားလည်ကြပါတယ်။ ဗမာပြည်နယ် ဖွဲ့စည်းရေးကိစ္စဟာ လေနဲ့ကင်းကွာပြီး ကျနော်တို့ အသက်မရှင်နိုင်သလို ပြည်ထောင်စုဖွဲ့စည်းရေးမှာ တန်းတူ အရေအတွက် မပါလျှင် မပြီးပါဘူး။ ဗမာပြည်နယ် ဖွဲ့စည်းရေးကိစ္စမှာ မကြေညက်သမျှ ကျနော်တို့တင်ပြထားတဲ့ ကျန်တဲ့ ပါလီမန်ဖွဲ့စည်းရေးကိစ္စ၊ အာဏာခွဲဝေရေးကိစ္စတွေမှာလည်း ကြေညက်တော့မှာမဟုတ်ပါ ဘူး။ ဘာကြောင့်လဲဆိုရင် ဗမာအမျိုးသားခေါင်းဆောင်တွေဟာ ကိစ္စရပ်တွေကို စဉ်းစားဆင်ခြင်တဲ့အခါမှာ ပြည်နယ်တနယ်ဘဝကနေပြီး မကြည့်နိုင်မမြင်နိုင်ဘဲ ဗဟိုအာဏာကိုပါ ကိုင်ထားချင်တဲ့ ပြည်မဘဝကနေပြီးတော့ ကြည့်ရှု သုံးသပ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

ဗမာပြည်မဟာ ပြည်နယ်တနယ်ရဲ့ဘဝကို မခံယူသမျှ၊ မခံစားသမျှ တန်းတူမှုကိစ္စတွေပေါ်မှာ အမြင်ဟာ တမျိုးချည်း ဖြစ်နေမှာ မလွဲပါဘူး။ ဒီနေ့နှီးနှောဖလှယ်ပွဲကြီးမှာ ကြွရောက်နေကြတဲ့ ပြည်နယ်/ပြည်မ ကိုယ်စားလှယ်တော်တွေဟာ အသဲနှလုံးတွေကို ပွင့်လင်းစွာ ဖွင့်ထားပြီး ကျနော်တို့ တင်ပြချက်တွေကို နားဆင်တော်မူကြပါရန် မေတ္တာရပ်ခံပါတယ်။ အသဲနှလုံးပွင့်လင်းစွာနဲ့ ဆွေးနွေးစဉ်းစားမယ်လို့လည်း အထူးမျှော်လင့်ပါတယ်။

နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ ကိုယ်စားလှယ်တော်ကြီးများခင်ဗျား။ ကျနော်တို့ ပြည်ထောင်စုစစ်စစ်မူမှာ တင်သွင်းဖော်ပြထားတဲ့ အခြေခံမူကြီး(၄)ချက်ကို အနည်းငယ် ရှင်းလင်းခွင့်ပြုပါရန် အစီရင်ခံပါတယ်။ ဒီနေ့ ကျနော်တို့ဟာ ပြည်ထောင်စုစနစ်နဲ့ တပြည်ထောင်စနစ်ဟာ ဘယ်ဟာ ကောင်းတယ်ဆိုပြီး အငြင်းပွားနေဖို့ရာ ပြဿနာမပေါ်ပါဘူး။ ကျနော်တို့အဖို့ ပြည်ထောင်စု စနစ်ကလွဲပြီး တခြားဘယ်စနစ်နဲ့မှ ဖွဲ့စည်းလို့မဖြစ်ပါဘူး။ ဒီနေ့ဒီနေရာမှာ ကျနော်တို့ရဲ့ လက်ရှိ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေဟာ ပြည်ထောင်စုပုံစံ ဟုတ်တယ်/မဟုတ်ဘူးဆိုတာကို အငြင်းမပွားလိုပါဘူး။ ဒါပေမယ့် ပြည်ထောင်စုစစ်စစ် မဟုတ်ဘူးဆိုတာတော့ အားလုံးက လက်ခံကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ပြည်ထောင်စုစစ်စစ် ဆိုတာ ဘယ်လိုဟာမျိုးလဲဆိုတဲ့ကိစ္စကို ဆန်းစစ်ကြည့်ရင် ကမ္ဘာမှာ စံတင်ပြီးကြည့်ကြတဲ့ ပြည်ထောင်စုနိုင်ငံ(၆)နိုင်ငံရှိပါတယ်။ ဒီ(၆)နိုင်ငံကတော့
(၁)အမေရိကန်၊
(၂)ကနေဒါ
(၃)ဆွီဇာလန်
(၄)ၾသစေၾတးလ်
(၅)ေတာင္အာဖရိက
(၆)ဆိုဗိယက်ယူနီယံ တို့ဖြစ်ပါတယ်။

အဲဒီပြည်ထောင်စု(၆)နိုင်ငံကို ဖွဲ့စည်းပုံသဘောတရားနဲ့ ပြည်နယ်တွေ စုပေါင်းဖွဲ့စည်းထားတဲ့အတွက် ပြည်ထောင်စု နိုင်ငံတွေလို့ ခေါ်နိုင်ဝေါ်ပေမယ့် အာဏာခွဲဝေရေးသဘောတရားနဲ့ ပိုင်းခြားကြည့်ရင် ဒီ(၆)နိုင်ငံထဲက ကနေဒါနဲ့ တောင်အာဖရိကဟာ ပြည်ထောင်စုသဘော မသက်ရောက်ပါဘူး။ ကမ္ဘာ့ဥပဒေပညာရှင်ကြီးများကလည်း ကနေဒါနဲ့ တောင်အာဖရိကဟာ ပြည်ထောင်စုရယ်လို့ တိတိကျကျမခေါ်ဝေါ်နိုင်တဲ့အကြောင်း ဖော်ပြကြပါတယ်။ ဘာကြောင့် ဒီနှစ်နိုင်ငံဟာ ကမ္ဘာ့ပြည်ထောင်စုစာရင်းတွင် ပါဝင်နေရသလဲဆိုရင် ပြည်ထောင်စုသဘောတရားကို တင်ပြကြတဲ့အခါ ဒီနှစ်နိုင်ငံဟာ ကျန်(၄)နိုင်ငံနဲ့ အာဏာခွဲဝေတဲ့နည်းမှာ ဆန့် ကျင်နေတဲ့အတွက် သာဓကနှိုင်းယှဉ်တင်ပြရာမှာ အလွန် ကောင်းတဲ့နိုင်ငံတွေ ဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

ပြည်ထောင်စုနိုင်ငံဆိုတာဟာ ပြည်နယ်တွေဆန္ဒအလျောက် သဘောတူပူးပေါင်းဖွဲ့ စည်းထားတာဖြစ်ပါတယ်။ ဒီလို ပြည်ထောင်စုအဖြစ် ပူးပေါင်းကြတဲ့အခါ နဂိုမူလကရှိခဲ့တဲ့ အချုပ်အချာအာဏာနယ်မြေကို မပျက်မစီး ဆက်လက် ထိန်းသိမ်းထားကြပါတယ်။ ဒါဟာ ပြည်ထောင်စုစနစ်နဲ့ တပြည်ထောင်စနစ်တို့ရဲ့ အဓိကခြားနားချက်ဘဲဖြစ်ပါတယ်။

ဒီကနေ့ အမေရိကန်ပြည်ထောင်စုမှာ (၅၁)ပြည်နယ်၊ ကနေဒါမှာ (၄)ပြည်နယ်၊ ဆွီဇာလန်မှာ (၆)ပြည်နယ်၊ တောင်အာဖရိကမှာ (၄)ပြည်နယ်၊ ဆိုဗီယက်ယူနီယံမှာ (၁၆) ပြည်နယ် အသီးသီး ပါဝင်ဖွဲ့စည်း တည်ဆောက်ထား ကြပါတယ်။ ပြည်ထောင်စုဆိုတာ ပြည်နယ်တွေ ပေါင်းစည်း စုပေါင်းဖွဲ့စည်းထားရမှာဖြစ်တဲ့အတွက် ကျနော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံဟာလည်း ပြည်နယ်တွေ စုပေါင်းဖွဲ့စည်းရမှာဖြစ်ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ တိုင်းပြု ပြည်ပြု လွှတ်တော်တုန်းက အခြေအနေက တမျိုးတမည်ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ဟာ တမူဆန်းပြီး ပုံစံတမျိုးနဲ့ ဖွဲ့စည်းခဲ့ကြတယ်။

ကျနော်တို့ရဲ့တမူဆန်းတဲ့ပုံစံဟာ ဘယ်လိုပုံစံမျိုးလဲဆိုရင် ကမ္ဘာ့ ဘယ်ပြည်ထောင်စုမှာမှ မရှိတဲ့ပုံစံမျိုးဖြစ်ပါတယ်။ ကျနော်တို့မှာ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်ဆိုပြီး ပြည်နယ်တွေ ဖွဲ့စည်းလိုက်ပေမယ့် ပြည်မကျတော့ ပြည်နယ်တနယ်အနေနဲ့ မဖွဲ့ စည်းဘဲ ဗဟိုအစိုးရနဲ့ တပေါင်းတစည်းထဲ ထားလိုက်ပါတယ်။ အမှန်ကတော့ ပြည်ထောင်စု သဘောတရားအရဆိုရင် အဲဒီတုန်းကတည်းက ကျနော်တို့မှာ ဗမာပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်ဆိုပြီး ပြည်နယ်(၄)ပြည်နယ်စုပေါင်းပြီးမှ ပြည်ထောင်စု ဖွဲ့စည်းရမှာဖြစ်ပါတယ်။ ဒီပြည်နယ်တွေဟာ အသီးသီး ကိုယ့်အချုပ်ချာအာဏာနဲ့နယ်မြေ ရှိကြရမယ်။ အားလုံးရဲ့အပေါ်မှာမှ ဗဟိုအစိုးရဖြစ်တဲ့ ပြည်ထောင်စုအာဏာ ရှိရမယ်။ ဒါပေမယ့် ကျနော်တို့ဟာ အကြောင်းအမျိုးမျိုးကြောင့် ဒီတမူဆန်းပြီး ပုံစံတမျိုးဖြစ်တဲ့ ဖွဲ့စည်းမှုပုံစံကိုဘဲ လက်ခံခဲ့ကြတယ်။ ဒီပုံစံနဲ့ဘဲ လက်တွေ့လုပ်ဆောင်တဲ့နေရာမှာ အောင်မြင်နိုင်စရာကောင်းရဲ့လို့ ယူဆခဲ့ကြပါတယ်။

အဲဒီလို လက်ခံခဲ့ရာမှာ ကျနော်စောစောက အစီရင်ခံသလို ကျနော်တို့ ရှမ်းပြည်နယ် ကိုယ်စားလှယ်တွေမှာ ချွတ်ယွင်းချက် တွေရှိတယ်။ ပြီးတော့ အခြေအနေအရပ်ရပ်ကို လွှမ်းမိုးနေတဲ့ဖြစ်ရပ်ကြီးနှစ်ရပ်လည်းရှိပါတယ်။ ဒီဖြစ်ရပ်ကြီးနှစ်ရပ်က ဘာလဲဆိုရင် ကျနော်တို့ တိုင်းပြည်မှာ ဘယ်လိုမှ အစားထိုးလို့မရနိုင်တဲ့ ခေါင်းဆောင်ကြီးတွေ ကျဆုံးကုန်တယ်။ အဲဒီ ခေါင်းဆောင်ကြီးတွေ ကျဆုံးကုန်တဲ့အတွက် ကျနော်တို့မှာ ယူကြုံးမရ ပူဆွေးနေရတယ်။ ဒါရယ်ပြီးတော့ ခေါင်းဆောင်ကြီးတွေ ချမှတ်ခဲ့တဲ့အတိုင်း တနှစ်အတွင်း လုံးဝလွတ်လပ်ရေး အရယူမယ်ဆိုတဲ့စိတ်ဇောရယ်၊ ဒီဖြစ်ရပ်နှစ်ရပ်ဟာ ကျန်တဲ့အခြေအနေတွေအားလုံးကို လွှမ်းမိုးနေခဲ့ပါတယ်။ ဒါကြောင့် ကျနော်တို့ဟာ ဒီပုံစံနဲ့ ဒီအခြေခံဥပဒေကို လွယ်လွယ်ပေါ့ပေါ့နဲ့ဘဲ လက်ခံခဲ့ကြပါတယ်။ ဒီ တမူဆန်းပြီးဖွဲ့စည်းတဲ့ပုံစံကို ကျနော်တို့ လက်တွေ့ စမ်းသပ်ခဲ့တာ (၁၃)နှစ်ကျော်လာပါပြီ။ ကျနော်တို့ပြည်နယ်များအနေနဲ့ ဒီပုံစံကို တနေ့တခြား ပို၍ပို၍ မကြေမနပ် ဖြစ်လာပါတယ်။

ပြည်မနဲ့ပြည်နယ်များဟာ တန်းတူညီတူမဟုတ်ဘူးဆိုတာ တနေ့တခြား ပိုပြီးထင် ရှားစွာတွေ့မြင်လာပါတယ်။ ဘယ်လို တန်းတူညီတူ မရှိသလဲဆိုတာကို အခြားအကြောင်းအရာတွေထက် အစိုးရအာဏာတခုတည်းကို သာဓကတင်ပြပါရစေ။

ကျနော်ဟာ ဥပဒေပညာရှင် မဟုတ်တဲ့အတွက် ဥပဒေအချက်အလက်နဲ့ မတင်ပြတတ်ပါ။ အရပ်သား အတွေးအခေါ်နဲ့ တင်ပြလိုပါတယ်။ ဥပမာ ရှမ်းပြည်ဟာ ပြည်နယ်တနယ်ဖြစ်တဲ့အတွက် ပြည်ထောင်စုအစိုးရကို လွှဲအပ်ထားတဲ့ ကိစ္စရပ်များနဲ့ ပတ်သက်သမျှတို့မှာ ပြည်ထောင်စုအစိုးရရဲ့သြဇာအာဏာ အောက်မှာရှိပါတယ်။ ဗမာပြည်မဟာ ပြည်ထောင်စုအဖွဲ့ဝင်တခုဖြစ်ခဲ့သော်လည်း ပြည်နယ်တနယ်မဟုတ်ဘဲ ဗဟိုပြည်ထောင်စုအစိုးရနဲ့ တပေါင်းတစည်းတည်း ဖွဲ့စည်းထားတဲ့အတွက် ပြည်ထောင်စုအစိုးရကို လွှဲအပ်ထားတဲ့ ကိစ္စရပ်တွေနဲ့ပတ်သက်သမျှတွေမှာ ကျနော်တို့ ရှမ်းပြည်ဟာ ဗမာပြည်မရဲ့သြဇာအောက်မှာ သက်ရောက်နေပါတယ်။

တနည်းအားဖြင့် ဗဟိုအစိုးရအာဏာကိုပါ တွဲဖက်ယူထားတဲ့ဗမာပြည်မဟာ ပြည်နယ်တွေအပေါ်မှာ စိုးမိုးချယ်လှယ် နေပါတယ်။ ဥပဒေအကျိုးသက်ရောက်မှုတွေ၊ ဥပဒေအကျိုး ခံစားမှုတွေကို ဘေးဖယ်ထားပြီး ဒီအမြင်တခုထဲနှင့်ပင် ပြည်နယ်/ပြည်မ တန်းတူရေး ကင်းမဲ့မှုဟာ လယ်ပြင်မှာ ဆင်သွားသလို ထင်းထင်းကြီးတွေ့မြင်နိုင်ပါတယ်။ ဒါကြောင့် ကျနော်တို့ရဲ့ ပြည်ထောင်စုမူမှာ တန်းတူရေးအတွက် ဗမာပြည်မကို ပြည်နယ်တနယ်အနေနဲ့ဖွဲ့စည်းဖို့ရန် ရှေ့ဆုံးက ဖော်ပြထားခြင်းဖြစ်ပါတယ်။

နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ သွေးချင်းညီအကို ကိုယ်စားလှယ်တော်များခင်ဗျား။ ကျ နော်တို့ရဲ့ ပြည်ထောင်စုမူကို ‘ပြည်ထောင်စုစစ်စစ်’လို့ ဝိသေသနထူးပြီးခေါ်တာဟာ အကြောင်းရှိပါတယ်။ အထက်က ကျနော်ဖော်ပြခဲ့တဲ့ ပြည်ထောင်စု (၆)နိုင်ငံမှာ ကနေဒါနဲ့ တောင်အာဖရိကဟာ ကျန်(၄)နိုင်ငံနဲ့မတူတဲ့အကြောင်း အစီရင်ခံခဲ့ပြီးဖြစ်ပါတယ်။ အဲဒီလို မတူပုံနဲ့ပတ်သက်ပြီး တိုင်းပြုပြည်ပြု လွှတ်တော်ညီလာခံမှာ ကျနော်တို့ရဲ့မိတ်ဆွေကြီး ဦးချန်ထွန်းက ကနေဒါကို အလတ်စား ပြည်ထောင်စု၊ အမေရိကန် အစရှိတဲ့ နိုင်ငံတွေကို ပြည် ထောင်စုစစ်စစ်လို့ ခေါ်ခဲ့ပါတယ်။ ဒါကြောင့် ကျနော်တို့ဟာ ကျနော်တို့လိုလားတဲ့ ပြည်ထောင်စုကို ဦးချန်ထွန်းရဲ့ အခေါ်အဝေါ်အတိုင်း ပြည်ထောင်စုစစ်စစ်လို့ နာမဝိသေသနထည့်ပြီး ခေါ်ဝေါ်ထားခြင်းဖြစ်ပါတယ်။ ပြည်ထောင်စုစစ်တာနဲ့ မစစ်တာကို အာဏာခွဲဝေပုံ ပုံစံကိုကြည့်ပြီး ပိုင်းခြားကြပါတယ်။ Unitary State ခေါ်တဲ့ တပြည်ထောင်နိုင်ငံမှာဆိုရင် အခြေခံဥပဒေမှာ အာဏာခွဲဝေရေးပြဿနာဟာ မပေါ်ပါဘူး။ တပြည်ထောင်စစ်ဖြစ်တဲ့အတိုင်း ပြည်နယ်တွေစုပေါင်းထား ခြင်းမရှိတဲ့အတွက် အာဏာခွဲဝေနေစရာ မလိုပါဘူး။ ဗဟိုအစိုးရနဲ့ ဗဟိုအစိုးရက အာဏာလွှဲအပ်ခြင်းခံရတဲ့ ဒေသန္တရအုပ်ချုပ်ရေးဘဲရှိတယ်။

‘ဖက်ဒရယ်စတိတ်’ခေါ်တဲ့ ပြည်ထောင်စုကျတော့ ပြည်နယ်တွေ စိတ်တူ သဘောတူ ပါဝင်ဖွဲ့စည်းကြတဲ့အတွက် အခြေခံ ဥပဒေမှာ အာဏာခွဲဝေပေးထားရပါတယ်။ ပြည်နယ်တွေအတွက် သူတို့မှာရှိတဲ့အချုပ်အချာအာဏာလည်း မပျက်စီးရအောင် တဖက်က ထိန်းသိမ်းပြီး၊ တခြားတဖက်က ဗဟိုကို အားလုံးနဲ့သက်ဆိုင်တဲ့ကိစ္စတွေကို လွှဲအပ်ရပါတယ်။ ဒါဟာ အာဏာခွဲဝေရေးရဲ့ အခြေခံသဘောတရားဘဲဖြစ်တယ်။

အာဏာခွဲဝေရေးမှာ နည်းနှစ်နည်းတွေ့ရပါတယ်။
(၁)ဗဟိုအာဏာကို သတ်မှတ်ပေးပြီး ကျန်အာဏာများကို ပြည်နယ်များအားအပ်တဲ့နည်း၊
(၂)ပြည်နယ်များကို အာဏာကန့်သတ်ပေးပြီး ကျန်အာဏာများကို ဗဟိုအားအပ်တဲ့နည်း။
နှစ်နည်းဖြစ်ပါတယ်။ စံတင်ထားတဲ့(၆)နိုင်ငံကိုကြည့်ရင် အမေရိကန်၊ ဆွီဇာလန်၊ သြစတြေး လျ၊နဲ့ဆိုဗီယက်ယူနီယံတို့မှာ ဗဟိုကို အာဏာကန့်သတ်ပေးပြီး ကျန်အာဏာများကို ပြည် နယ်များက ယူထားကြပါတယ်။ ကနေဒါနဲ့ တောင်အာဖရိကကျတော့ ပြည်နယ်များကို အာဏာကန့်သတ်ပေးပြီး ကျန်အာဏာများကို ဗဟိုက သိမ်းထားပါတယ်။

ကျနော်တို့ရဲ့ လက်ရှိဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုကြည့်ရင်(၁)ဥပဒေ၊ ပြည်ထောင်စု ဥပဒေပြုစာရင်း၊ (၂)ပြည်နယ် ဥပဒေပြုစာရင်းဆိုပြီး သတ်မှတ်ပေးထားတဲ့အတွက် တမူထူးခြားနေသလို ထင်ရပါတယ်။ ဒီဥပဒေပြု စာရင်းတွေမှာ အရေအတွက် ဖော်ပြထားတာကို သေသေချာချာ လေ့လာကြည့်မယ်ဆိုရင် ပြည်နယ်တွေကို အာဏာကန့်သတ်ပေးပြီး ဗဟိုက ကျန်အာဏာအားလုံးကို ယူထားတဲ့နည်းဘဲဖြစ်ပါတယ်။ တနည်းအားဖြင့် ကနေဒါ ပုံစံမျိုးဘဲဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ရဲ့လက်ရှိပြည်ထောင်စုဟာ ပြည်ထောင်စုစစ်စစ် မဟုတ်ဘဲ ကနေဒါလို အပျော့စားဖြစ်နေပါတယ်။ ကနေဒါကို ပြည်ထောင်စုမဟုတ်ဘူးဆိုရင် ကျနော်တို့လည်း ပြည်ထောင်စုမဟုတ်တော့ပါဘူး။

ဒါတင်မကသေးပါဘူး။ ပြည်မဟာ ပြည်နယ်တနယ်မဟုတ်ဘဲ ဗဟိုအစိုးရအာဏာကို ပူးတွဲယူထားတဲ့အတွက် အာဏာအားလုံးကို ခံစားနေရပါတယ်။ ဒီနေရာမှာလည်း ပြည်နယ်/ပြည်မ တန်းတူရေးကင်းမဲ့နေတယ်လို့ ကျနော်တို့ ထပ်ပြီးမြင်ပါတယ်။ အဲဒီ ကနေဒါ နည်းဖြစ်တဲ့ အာဏာခွဲဝေရေးပုံစံကို ကျနော်တို့စမ်းသပ်ခဲ့တာ (၁၃)နှစ် ရှိလာပါပြီ။ ဒီ ပုံစံမျိုးကို ကျနော်တို့ မလိုလားတော့ပါဘူး။ ဒါကြောင့် ကျနော်တို့ရဲ့ ပြည်ထောင်စုစစ်စစ်မူမှာ အမေရိကန်၊ ဆွီဇာလန်၊ သြစတြေးလျ၊ ဆိုဗီယက်ပြည်ထောင်စုများမှာကဲ့သို့ ဗဟိုကို အာဏာသတ်မှတ်ပေးပြီး ကျန်အာဏာများကို ပြည်နယ်များသို့ လွှဲအပ်ရန် တင်ပြလိုက်ခြင်းဖြစ်ပါတယ်။ ကျနော်တို့ ပြည်ထောင်စုစစ်စစ် ပြန်လည်ဖွဲ့စည်းကြတဲ့အခါ ဗမာပြည်နယ်အပါ အဝင် ပြည်နယ်ပေါင်းစုံကိုယ်စားလှယ်တွေဟာ ဗဟိုကို ဘယ်လိုဌာန၊ ဘယ်လိုကိစ္စရပ်တွေ လွှဲအပ်သင့်တယ်ဆိုတာကို ကြေကြေလည်လည် ဆွေးနွေးညှိနှိုင်းရမှာသာဖြစ်ပါတယ်။

နိုင်ငံတော်ဝန်ကြီးချုပ်ခင်ဗျား။ ပြည်ထောင်စုမူထဲမှာပါတဲ့ နောက်အခြေခံမူတခုက ပါလီမန်ဖွဲ့စည်းရေးကိစ္စဖြစ်ပါတယ်။ Unitary State ခေါ်တဲ့ တပြည်ထောင်နိုင်ငံတွေမှာ ဥပဒေ ပြုလွှတ်တော်တရပ်လည်း ထားကြတယ်။ နှစ်ရပ်လည်း ထားကြပါတယ်။ လွှတ်တော် နှစ်ရပ် ထားရတဲ့ အကြောင်းရင်းက ဘာလဲဆိုရင် လွှတ်တော်တရပ်က တရပ်ကို ထိန်းကွပ်ဖို့ဘဲ ဖြစ်ပါတယ်။ ဒါကြောင့် သဘောတရားအရ အာဏာတူပေးဖို့လိုလာပါပြီ။ ပြည်ထောင်စုနိုင်ငံမှာတော့ လွှတ်တော်နှစ်ရပ် မထားလို့မဖြစ်ပါဘူး။ လူဦးရေနဲ့ အကျယ်အဝန်းချင်း မတူညီတဲ့ ပြည်နယ်တွေပေါင်းစည်းထားတဲ့အတွက် လွှတ်တော်နှစ်ရပ်ဟာ လိုအပ်နေပါတယ်။ ပြည်ထောင်စုမှာထားရှိတဲ့ လွှတ်တော်နှစ်ရပ်ကျတော့ တရပ်နဲ့တရပ် ထိန်းကွပ်ရုံတင် မကတော့ပါဘူး။ ပြည်နယ်တွေရဲ့အခွင့်အရေးကို ကာကွယ် စောင့်ရှောက်ရမယ့် တာဝန်တွေလည်း ပါလာပါတယ်။ လွှတ်တော်တရပ်ကို လူဦးရေအပေါ်မှာအခြေခည်ပြီးဖွဲ့စည်းတာဟာ ဒီမိုကရေစီ သဘောတရား အရဖြစ်ပါတယ်။ ပြည်သူလူထုတရပ်လုံးကို ကိုယ်စားပြုပြီး ပြည်သူလူထု အားလုံးကို ကိုယ်စားပြုစေဖို့ဖြစ်ပါတယ်။ ပြည်ထောင်စုမှာ ဒါလောက်နဲ့ မလုံလောက်ပါဘူး။

ပြည်ထောင်စုထဲမှာ လူဦးရေအင်မတန်များတဲ့ပြည်နယ်၊ လူဦးရေနဲတဲ့ပြည်နယ်တွေ ပါဝင်နေတဲ့အတွက် လူဦးရေ အပေါ်အခြေတည်တဲ့ ဒီမိုကရေစီသဘောတရားတခုထဲ ထားလျှင် လူဦးရေများတဲ့ပြည်နယ်ကြီးက ခေါင်းဆောင်တွေ စိတ်ထားမကောင်းရင် ပြည်နယ်ငယ်တွေအပေါ် အစဉ်အမြဲအနိုင်ကျင့် လက်ဝါးကြီးအုပ်နေမှာ မလွဲပါဘူး။ ဒါကြောင့် နောက် လွှတ်တော်တရပ်ဖွဲ့စည်းတဲ့အခါမှာ လူဦးရေအချိုးအစားအလိုက် ဖွဲ့စည်းလို့မဖြစ်ပါဘူး။ လူဦးရေ နဲသည်ဖြစ်စေ များသည်ဖြစ်စေ ကိုယ်စားလှယ်အရေအတွက် အညီအမျှနဲ့ ဖွဲ့စည်းရပါမယ်။

ဒါကြောင့် အမေရိကန်ပြည်ထောင်စုကို စတင်ဖွဲ့စည်းတဲ့အခါ ဆီးနိတ်(ခေါ်)လွှတ်တော်တရပ်ကို ပြည်နယ်တနယ်လျှင် ကိုယ်စားလှယ်(၂)ဦးစီ အညီအမျှစေလွှတ်ရမယ်လို့ သတ်မှတ်ထားခြင်း ဖြစ်ပါတယ်။ အဲဒီမူအတိုင်းဘဲ နောက် ပေါ်ပေါက်လာတဲ့ ပြည်ထောင်စုများဟာလည်း လွှတ်တော်တရပ်ကို နယ်ကြီးသည်/ငယ်သည်မဟူ ကိုယ်စားလှယ် အညီအမျှ စေလွှတ်ကြတယ်။ ကနေဒါမှာ တပြည်နယ်လျှင်(၂၄)ဦးစီ၊ ဆွီဇာလန်မှာ(၂)ဦးစီ၊ သြစတြေးလျ မှာ(၆)ဦးစီ၊ တောင်အမေရိကမှာ(၈)ဦးစီ အညီအမျှ စေလွှတ်ကြတယ်။

ဆိုဗီယက်ယူနီယံဟာ ဒီအခြေခံမူကို မပစ်ပယ်သော်လည်းဘဲ တမူထူးတဲ့ ကိုယ်စားလှယ်စေလွှတ်နည်းကို တီထွင်ထားပါတယ်။ ဆိုဗီယက်ယူနီယံမှာ ပါဝင်နေတဲ့ ပြည်နယ် တချို့ဟာ တခြားပြည်ထောင်စုတွေမှာပါဝင်နေတဲ့ ပြည်နယ်တွေနဲ့ မတူတဲ့အချက်ရှိပါတယ်။ ဆိုဗီယက်ယူနီယံမှာပါဝင်နေတဲ့ ပြည်နယ်(၁၆)နယ်အနက် (၈)ပြည်နယ်ဟာ ရိုးရိုးပြည်နယ် တွေမဟုတ်ပါဘူး။ ကိုယ်ပိုင်အုပ်ချုပ်ရေး သမတနိုင်ငံ၊ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ၊ လူမျိုးစု ဒေသများ ပါဝင်ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုတွေဖြစ်ပါတယ်။

တဖန် အဲဒီပြည်ထောင်စုတွေထဲမှာပါတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး သမတနိုင်ငံတွေဟာလည်း ပြည်ထောင်စုလေးတွေဘဲ ဖြစ်ပါတယ်။ ဆိုဗီယက်ယူနီယံဟာ ပြည်ထောင်စု(၃)ဆင့်ဟု ခေါ်ဆိုရင် ခေါ်ဆိုနိုင်ပါတယ်။ ဒါကြောင့် ဆိုဗီယက်ယူနီယံရဲ့ လူမျိုးစုလွှတ်တော်ကို ဖွဲ့စည်းတဲ့အခါ အခြေခံမူဖြစ်တဲ့ ကိုယ်စားလှယ်အညီအမျှစေလွှတ်ရေးမူကို လက်ခံ ကျင့်သုံးသောအားဖြင့် ပြည်နယ်(၁၆)ပြည်နယ်စလုံး တပြည်နယ်လျှင်(၂၆)ဦးစီ အညီအမျှစေလွှတ်ကြတယ်။

ဒါပေမယ့် ပြည်နယ်တွေရဲ့ထူးခြားတဲ့ ဖွဲ့စည်းပုံကြောင့် အဲဒီပြည်နယ်တွေထဲမှာ ပါဝင်နေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး သမတနိုင်ငံ၊ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသနှင့် လူမျိုးစုဒေသတွေကို ကိုယ်စားလှယ်စေလွှတ်ခွင့် ပေးထားပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ရေး သမတ နိုင်ငံတခုလျှင် (၁ဝ)ဦးစီ၊ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတခုလျှင်(၅)ဦးစီ၊ လူမျိုးစုဒေသ တခုလျှင်(၁)ဦးစီ စေလွှတ်ခွင့်ရကြပါတယ်။ ယူဂိုစလားဗီးယားပြည်ထောင်စုဟာလည်းဘဲ ဆိုဗီယက်ရဲ့မူကို ယူထားပါတယ်။ ဒါကြောင့် ကျနော်တို့ရဲ့ ပြည်ထောင်စုမူထဲမှာ အခြေခံမူနဲ့သဘောတရားအရ လွှတ်တော်နှစ်ရပ် အာဏာတူပေးရမယ်၊ အောက်လွှတ်တော်ကို လူဦးရေအလိုက် ရွေး ကောက် တင်မြှောက်ရမယ်၊ အထက်လွှတ်တော် ကိုတော့ ပြည်နယ်တိုင်း ကိုယ်စားလှယ် အညီအမျှ စေလွှတ်ရမယ်လို့ တင်ပြထားခြင်းဖြစ်ပါတယ်။

နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ ကိုယ်စားလှယ်တော်များခင်ဗျား။ ကျနော်တို့ရဲ့ ပြည် ထောင်စုမူထဲမှာ ဖော်ပြသင့်တဲ့ နောက်ဆုံး အရေးကြီးတဲ့ အခြေခံမူကြီးကတော့ ပြည်ထောင်စု ဘဏ္ဍာရေးကိစ္စဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ပြည်ထောင်စု နိုင်ငံတော်တိုင်း ကြုံတွေ့ရတဲ့ အခက်ခဲဆုံးပြဿနာဟာ ပြည်ထောင်စုဘဏ္ဍာတော်ခွဲဝေရေးကိစ္စဘဲဖြစ်ပါတယ်။ တခြား ပြည်ထောင်စုတွေမှာတောင်မှ ခက်ခဲနေတဲ့ ပြဿနာကို ကျနော်တို့ဆီမှာ လွယ်လွယ်နဲ့ ဖြေရှင်းလို့ရမယ်လို့ ကျနော်တို့ မမျှော်လင့်ပါဘူး။ ဒါပေမယ့် အခြေခံမူနဲ့ သဘောတရား ကတော့ သတ်မှတ်ထားသင့်တယ်လို့ကျနော်တို့ယူဆပါတယ်။ ပြည်ထောင်စုကို ပြည်နယ်တွေ စိတ်တူ သဘောတူ ပူးပေါင်း ဖွဲ့စည်းကြတယ်။ နောက်ပြီး အများနဲ့ဆိုင်တဲ့ကိစ္စရပ်တွေကို စိတ်တူ သဘောတူ ဗဟိုကိုအပ်နှင်းကြတယ်။ ကျန်တာတွေကို ကိုယ့်ဖာသာကိုယ် စီမံခန့်ခွဲကြတယ်။ ဒါဟာ ပြည်ထောင်စု ဖွဲ့စည်းခြင်းရဲ့ အခြေခံသဘောတရားဘဲ ဖြစ်ပါတယ်။

ပြည်ထောင်စုဘဏ္ဍာရေးဆိုတာကလည်း ဒီပြည်ထောင်စုသဘောတရားပေါ်မှီပြီး စီမံခန့်ခွဲရပါတယ်။ ဗဟိုအစိုးရကို အပ်နှင်းထားတဲ့ကိစ္စရပ်တွေထဲမှာ အခွန်တော်ဝင်ငွေ မြောက်များစွာရှိတဲ့ဌာနတွေ ပါဝင်သလို၊ အသုံးစရိတ် အမြောက်အများ ကုန်ကျတဲ့ဌာနတွေလည်း ပါဝင်ပါတယ်။

ပြည်နယ်တွေအနေနဲ့ ဥပမာ အကောက်တော်ခွန်ဌာနမျိုးကို ဗဟိုသို့လွှဲပေးရတဲ့ အတွက် အခွန်တော်ငွေအများအပြား နစ်နာသွားသလို၊ ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးလို ဌာနမျိုး ဗဟိုသို့လွှဲပေးရတဲ့အတွက် အသုံးစရိတ် အများကြီး သက်သာသွားပါတယ်။ ဒီလိုနည်းနဲ့ ချေလိုက်လို့ ပြည်ထောင်စုဘဏ္ဍာရေးကိစ္စဟာ ပြီးမသွားပါဘူး။

ကျနော်တို့လို လွတ်လပ်ခါစ တိုင်းပြည်တွေ အထူးသဖြင့် စစ်ပြီးခေတ်၊ နယ်ချဲ့ပဒေ သရာဇ်စနစ်အောက်က လွတ်မြောက်ခါစ၊ လွတ်မြောက်လာကာစ နိုင်ငံတွေအဖို့ ပြန်လည် ထူထောင်ရေးကိစ္စ၊ နိုင်ငံဖွံ့ဖြိုးရေးကိစ္စတွေအတွက် အမြောက်အများ ဆောင်ရွက်စရာတွေရှိပါတယ်။ သာမန်အားဖြင့် ဗဟိုနဲ့ပြည်နယ် ဘဏ္ဍာရေးဆက်ဆံရေးမှာ ဗဟိုကို ပေးအပ်လိုက်တဲ့

အခွန်တော်ဝင်ငွေထဲမှ ပြည်နယ်များက အချိုးကျပြန်ရရန် တာဝန်ရှိသလို၊ ဗဟိုကို လွှဲအပ်လိုက်တဲ့ဌာနများရဲ့ ကုန်ကျစရိတ်အတွက်လည်း ပေးရန်တာဝန်ရှိပါတယ်။ အဲဒီလို ရရန်တာဝန်နဲ့ ပေးရန်တာဝန်လို့ ရှိတဲ့အနက် အကယ်၍ ပြည်နယ်များဖက်က ရရန်တာဝန်ကများပြီး ပေးရန်တာဝန်က နဲနေရင် ဗဟိုက ပြည်နယ်များကို ပိုတဲ့ငွေထဲက အချိုးကျ ပြန်ပေးရပါတယ်။ ထိုနည်းတူစွာ ပြည်နယ်များက ပေးရန်တာဝန်ကများပြီး ရရန်တာဝန်က နဲနေရင် ဗဟိုက အချိုးကျ ပါဝင်ကူညီရပါတယ်။

လွန်ခဲ့တဲ့နှစ်က စပြီး တီထွင်လိုက်တဲ့ ‘ရှမ်းတကျပ်၊ ဗမာတကျပ်’ မူဟာ ဒီသဘော တရားက ဆင်းသက်လာတဲ့မူဘဲ ဖြစ်ပါတယ်။ ပြည်ထောင်စုစစ်စစ် ဖွဲ့စည်းတဲ့အခါ ဒီမူကို တသမတ်တည်း လိုက်နာဖို့ မလိုပါဘူး။ အမှန်ကတော့ ဗဟိုဟာ သူ့ဘဏ္ဍာတော်နဲ့သူ သီးခြားရပ်တည်နိုင်သလို၊ ပြည်နယ်များဟာလည်း သူ့ဘဏ္ဍာတော်နဲ့သူ ရပ်တည်နိုင်ရပါမယ်။ တဦးအပေါ်တဦး အမှီအခိုကင်းတဲ့ အခြေအနေမျိုးမှာ ရှိရပါတယ်။ ဒီအခြေအနေမျိုးဟာ ရုတ်ချည်း မရောက်နိုင်ပါဘူး။

ပြည်နယ်များမှာ သစ်တော၊ သတ္တု၊ စက်မှုလက်မှုစတဲ့ ပြည်သူပိုင်စီးပွားရေးလုပ်ငန်းတွေ၊ ဗဟိုမှာ လည်း သူ့ဆိုင်ရာ ပြည်သူပိုင်စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးလာတဲ့အချိန်မှာ ဒီ ရရန်တာဝန်၊ ပေးရန် တာဝန်ဆိုတဲ့ကိစ္စဟာ အလိုအလျောက် ပပျောက်သွားပါလိမ့်မယ်။

ဒါပေမယ့် ပြည်နယ်တနယ်နဲ့တနယ်ဟာ ဆူကြုံနိမ့်မြင့်ချင်း မတူပါဘူး။ သယံဇာတ၊ သဘောဝ ပစ္စည်းပေါကြွယ်ချင်းလည်း မတူပါဘူး။ အဲဒီတော့ မဖွံ့ဖြိုး အားနဲတဲ့ပြည်နယ်တွေအတွက် ဗဟိုက ကူပံ့ငွေဆိုတာမျိုးဟာ ရှိရပါတယ်။ တချိန်ထဲမှာ အဲဒီ အားနဲတဲ့ ပြည်နယ်တွေအတွက် ခေတ်မှီ တိုးတက်လာအောင် ဆောင်ရွက်ပေးဖို့ ဗဟိုမှာတာဝန်ရှိပါတယ်။ ပြည်ထောင်စု ဘဏ္ဍာတော် ခွဲဝေရေး ကိစ္စကို စဉ်းစားတဲ့အခါ ကျနော်တို့မှာ ကျဉ်းမြောင်းတဲ့ နယ်စိတ် ပယ်စိတ်ထားဖို့ မလိုပါဘူး။ ထားလို့မရပါဘူး။ ကျနော်တို့ရဲ့ပြည်ထောင်စုကြီးဟာ ဆိုရှယ်လစ်စီးပွားရေးလောကသို့ ချီတက်မယ် ဆိုတာကိုလည်း ကျနော်တို့စိတ်မှာ မေ့ပျောက် ထားလို့မရပါဘူး။ ဆိုရှယ်လစ်လောကသို့ ချီတက်ရန် စီးပွားရေးစီမံကိန်းတွေ မြောက်များစွာ လုပ်ရမယ်ဆိုတာကိုလည်း ကျနော်တို့ သတိပြုရပါမယ်။

အဲဒီစီးပွားရေးစီမံကိန်းတွေ ဆောင်ရွက်ရာမှာ ကုန်ကျမယ့်ဘဏ္ဍာတော်ငွေ အမြောက်အများအတွက် ဗမာပြည်နယ် အပါအဝင် ကျနော်တို့ပြည်နယ်အားလုံးဟာ တညီတညွတ်တည်း ဝိုင်းဝန်းတာဝန်ယူကြရမှာဘဲဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ရဲ့ ပြည်ထောင်စုစစ်စစ်မူမှာ မျှတတဲ့ဘဏ္ဍာရေးကိစ္စ လိုအပ်ကြောင်း ဖော်ပြခြင်းဖြစ်ပါတယ်။ အခု ကျနော် ရှင်းပြခဲ့တဲ့ အချက်တွေဟာ ကျနော်တို့လိုလားတဲ့ ပြည်ထောင်စုမူမှာ ပါဝင်စေလိုတဲ့အချက်တွေရဲ့ လိုရင်းအဓိပ္ပါယ် ဖြစ်ပါတယ်။

နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ ညီအကို ကိုယ်စားလှယ်တော်များခင်ဗျား။ ကျနော်တို့ဟာ အဲဒီအဓိပ္ပါယ်အတိုင်း ရိုးရိုးသားသား ယုံကြည်ကြပါတယ်။ ဒါတင်မကသေးပါဘူး ကျနော်တို့ ရိုးရိုးသားသားယုံကြည်တဲ့အချက်တချက် ရှိပါသေးတယ်။ ဒီနည်း ဒီပုံအတိုင်း ကျနော်တို့ ပြည်ထောင်စုကြီးကို ပြည်လည်ဖွဲ့စည်းပါမှ ပြည်ထောင်စုအတွင်းရှိ လူမျိုးပေါင်းစုံဟာ ပိုမိုချစ်ခင် စည်းလုံးလာကြမယ်၊ ပြည်ထောင်စုကြီးလည်း ပိုမိုခိုင်မာလာမယ်၊ ဒါမှလည်း ပြည်ထောင်စုကြီး အဓွန့်ရှည်မယ်လို့ ရိုးရိုးသားသား ယုံကြည်ကြပါတယ်။ လက်ရှိအခြေအနေအတိုင်း တဦးအပေါ်တဦး မယုံမကြည်မကျေမနပ်ဖြစ်နေကြရင် ပြည်ထောင်စုကြီးဟာ အနှေးနဲ့အမြန် ပြိုကွဲမယ်လို့ ကျနော်တို့ ပြောရဲပါတယ်။

နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ ကြွရောက်လာကြတဲ့ ကိုယ်စားလှယ်တော်များခင်ဗျား။ ကျနော်တို့ရဲ့မူနဲ့ပတ်သက်ပြီး တချို့ ပုဂ္ဂိုလ်တွေက ဥပဒေအရ အဓိပ္ပါယ်ပြန်ကြတယ်၊ ဥပဒေ အရ စကားပြောကြပါတယ်။ ကျနော်တို့ဟာ လက်ရှိ အခြေခံ ဥပဒေနဲ့ အဓိပ္ပါယ် ကောက်ယူချက်တွေကို မကျေမနပ် မနှစ်သက်လို့ ပြင်ဆင်ရန် တင်ပြနေခြင်းဖြစ်ပါတယ်။

တချို့ ပုဂ္ဂိုလ်တွေက ကျနော်တို့ရဲ့တောင်းဆိုချက်တွေကို “တည်ဆဲဥပဒေဘောင် အတွင်းက လုပ်လို့မဖြစ်နိုင်ဘူး” လို့ ဆိုပါတယ်။ ကျနော်တို့အနေနဲ့ ဥပဒေအချက်အလက်တွေအပေါ်မှာ ပြိုင်ပြီး ငြင်းမနေလိုပါဘူး။ ဥပဒေဆိုတာ ဗိုလ်ချုပ်အောင်ဆန်း ပြောသကဲ့သို့ (Telescopic) နီးချင်ရင်လည်း ရတယ်၊ ဝေးချင်ရင်လည်းရတယ်။ ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းက ထပ်ပြီးပြောခဲ့တာ ရှိပါသေးတယ်။ “ဥပဒေ ဆိုတာ (Gospel Truth) ဘုရားဟောတွေ မဟုတ်ဘူး။ လူက လုပ်ထားတဲ့ဥပဒေကို လူက ပြင်လို့မရဆိုတာ မဖြစ်နိုင်ဘူး။” တည်ဆဲဥပဒေအရ ကျနော်တို့ရဲ့တင်ပြချက်တွေကို ပြင်နိုင်တယ်/မပြင်နိုင်ဘူး၊ ဖြစ်နိုင်တယ်/မဖြစ်နိုင်ဘူးဆိုတာက ကျနော်တို့အနေနဲ့ ဘာမှမပြောလိုပါဘူး။ ပြင်ဆင်ချင်တဲ့ စေတနာ ရှိ/မရှိက အရေးကြီးပါတယ်။

ကျနော်တို့အားလုံးက ပြင်ဆင်သင့်တယ်လို့ တညီတညွတ်တည်းသဘောတူကြရင် တည်ဆဲဥပဒေဘောင်အတွင်းက ပြင်ဆင်နိုင်အောင် ဥပဒေပညာရှင်ကြီးများက ဖန်တီးပေးကြပါလိမ့်မယ်။ ဒီနေရာမှာ ကျနော် ဥပမာတခု တင်ပြပါရစေ။ ဗြိတိသျှပါလီမန် ဥပဒေထဲမှာ မြန်မာပြည်ကို လွတ်လပ်ရေးပေးဖို့ တပုဒ်တပါဒမှ ရေးထားတာ မရှိပါဘူး။ ဗြိတိသျှအစိုးရက ခန့်အပ်တဲ့ ဘယ်အကြံပေး ကော်မတီကလည်း ဗမာပြည်ကို လွတ်လပ်ရေးပေးသင့်တယ်လို့ အကြံပေး ထောက်ခံမှာ မဟုတ်ပါဘူး။

ဒါပေမယ့် ဗမာပြည်ကို လွတ်လပ်ရေးမပေးလို့ မဖြစ်တဲ့အခါ တည်ဆဲဥပဒေဖြစ်တဲ့ (၁၉၃၅)ခုနှစ် ဗမာပြည် အက်ဥပဒေဘောင် အတွင်းကဘဲ အာဏာအပြည့်အစုံရှိတဲ့ ကြားဖြတ် အစိုးရကို ဖွဲ့ပေးခဲ့တယ်။ တိုင်းပြုပြည်ပြုလွှတ်တော် ခေါ်ပေးခဲ့တယ်။

တချို့ပုဂ္ဂိုလ်တွေက“အခြေခံဥပဒေဆိုတာ ခဏခဏပြင်လို့မကောင်းဘူး”လို့ ပြောကြပါတယ်။ မျက်မှောက်ကမ္ဘာမှာ နိုင်ငံပေါင်းများစွာဟာ အခြေအနေနဲ့အချိန်အခါအလိုက် အခြေခံဥပဒေတွေကို ပြင်ဆင်ရေးဆွဲခဲ့တာ ကြွရောက်တဲ့ လူကြီးမင်းများအားလုံး သိကြပါတယ်။

သဘာပတိကြီး နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ ကိုယ်စားလှယ်တော်များခင်ဗျား။ (၁၃) နှစ်လုံးလုံး စမ်းသပ်ပြီးလို့ မအောင်မြင်တဲ့ ဒီအခြေခံ ဥပဒေကြီးကို ပြင်ဆင်ပေးရန် သင့်တော်ပြီလို့ ကျနော်တို့ယူဆပါတယ်။ ကျနော်တို့ရဲ့ပြည်ထောင်စုမူအပေါ်မှာ ကျနော်တို့ ပြည်နယ် အမျိုးသားများဟာ အင်မတန်စည်းလုံးညီညွတ်နေပါတယ်။ ကျနော်တို့ဟာ ပြည်ထောင်စုစစ် စစ်မူခေါ်တဲ့ တန်းတူရေး တောင်းဆိုမှုအပေါ်မှာ အလွန်ခိုင်မာတဲ့ အမျိုးသားညီညွတ်ရေးကြီး တည်ဆောက်ထားပြီး ဖြစ်ပါတယ်။ ပြည်ထောင်စုစစ်စစ်မူကြီး အကောင်အထည်ပေါ်လာရေးအတွက် မမှိတ်မသုံချီတက်ဖို့ ကျနော်တို့အားလုံး ခိုင်မာတဲ့ သန္နိဋ္ဌာန်ချထားကြပြီးဖြစ်ပါတယ်။

ကျနော်တို့အနေနဲ့ ဒီပြည်ထောင်စုစစ်စစ်မူကြီးကို ပြည်နယ်များနဲ့ ပြည်မရှိ ပြည်ထောင်စုသားအားလုံး သဘောပေါက် လက်ခံလာတဲ့အထိ မိသားစုစိတ်ဓါတ်နဲ့ စိတ်ရှည်လက်ရှည် ဆက်လက်ပြီး ကြိုးပမ်းကြပါမယ်။ ကျနော်တို့ရဲ့ ပြည်ထောင်စု စစ်စစ်မူကို သဘောတူ လက်မခံနိုင်ကြသေးတဲ့ ပြည်နယ်များနဲ့ ပြည်မရှိပုဂ္ဂိုလ်များကလည်း မိသားစုစိတ်ဓါတ်နဲ့ စိတ်ရှည် လက်ရှည် ဆက်လက် နွေးနွေး ညှိနှိုင်းကြပါလို့ အနူးညွတ်တောင်းပန်ရင်း နိဂုံးချုပ်ပါတယ်။

ရှမ်း၊ ဗမာ၊ ကချင်၊ ချင်း၊ ကရင်၊ ကယား၊ ရခိုင်၊ မွန် တိုင်းရင်းသားပေါင်းစုံ ချစ်ကြည်ရေး အဓွန့်ရှည်ပါစေ။ ပြည်ထောင်စုစစ်စစ် အမြန်ပေါ်ပေါက်လာပါစေ။ ( သြဘာသံများ )
……………………………………………………………………………………………………………………………
အခန်း ( ၇ )
ကယားပြည်နယ် ကိုယ်စားလှယ် မဟာသရေစည်သူ ဦးစိန် ၏ ဆွေးနွေးတင်ပြချက်၊
အခမ်းအနာမှူး။ ။နံပါတ်(၈)အစီအစဉ်အရ ကယားပြည်နယ်ကိုယ်စားလှယ် မဟာသရေစည်သူ ဦးစိန်က ထောက်ခံရန်ဖြစ်ပါတယ်။ ( သြဘာသံများ )

သဘာပတိကြီး နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကြွရောက် လာကြတဲ့ လူမျိုးစု အသီးသီးမှ ခေါင်းဆောင်ကြီးများ ခင်ဗျား။ ဖက်ဒရယ်မူကိစ္စကို မပြောကြားမီ ပဏာမအားဖြင့် မင်္ဂလာစကား မြွက်ကြားပါရစေ။ ကျနော်တို့ဟာ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်၊ ဣဿရိယဂုဏ်တွေကို သိပြီးဖြစ်တဲ့အတိုင်း ကြည်ညို လေးစားခဲ့ကြပါတယ်။

ဒါအပြင် မကြာမီက ပုပ္ပါးတောင်မြတ်မှာ (၄၉)ရက် ဥပုသ်ဆောင်ဝင် တရားအား ထုတ်ပြီး မဟာသမ္မာသမ္ဗောဓိဆုမြတ်ကို ပန်ဆင်တဲ့အကြောင်း ရေစက်ချအမျှပေးဝေစာတမ်း မှာ တွေ့ရှိဖတ်ကြည့်ရလို့ အထူးဝမ်းမြောက်ဝမ်းသာ သာဓုအနုမောဓနာ ခေါ်ယူကြပါတယ်။

ဒီစကားဟာ အမှန်စကား၊ သစ္စာစကားဖြစ်ပါတယ်။ ဒီသစ္စာဆိုရတဲ့အတွက် နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ တကွ ကြွရောက်လာကြတဲ့ ခေါင်းဆောင်ကြီးများ၊ ကျန်ပြည်ထောင်စုသားများဟာ ကိုယ်စိတ်နှစ်ပါ ကျန်းမာချမ်းသာပြီး ကျနော်များ ရည်မှန်းတောင့်တတဲ့ဆုအတိုင်း ခလုတ်မထိ ဆူးမငြိဘဲ မိသားစု စိတ်ဓါတ်ဖြင့် အလွယ်တကူ ပြီးမြောက် ပြည့်စုံပါစေလို့ ပဏာမစကားဖြင့် ဆုတောင်းလိုက်ပါတယ်။

လူကြီးမင်းများခင်ဗျား။ လူကြီးမင်းများ သိရှိပြီးဖြစ်တော်မူတဲ့အတိုင်း လွတ်လပ်သော အချုပ်အချာ အာဏာပိုင် ပြည်ထောင်စုသမတနိုင်ငံ တည်ထောင်နိုင်ခဲ့တာဟာ တောင်တန်းဒေသ ခေါင်းဆောင်များ နဲ့ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်အချင်းချင်း ညှိနှိုင်းတိုင်ပင် သဘောတူညီချမှတ်ခဲ့တဲ့ ပင်လုံ ညီလာခံရဲ့ အခြေခံသဘောတရားအနက် စာချုပ်များက အရင်းအမြစ်ဖြစ်ပါတယ်။

ဒီအရင်းအမြစ်ကို အခြေခံပြီး ပေါက်ဖွားလာတဲ့ ပြည်ထောင်စုသမတနိုင်ငံ ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံ ဥပဒေဟာလည်း မူအားဖြင့် မဇ္ဈိမပဋိပဒါလမ်းစဉ်အရ ချိန်ခွင်လျှာလို တည့်မတ်နေပါတယ်။ တည့်မတ် တယ်ဆိုတာကတော့ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းဆိုတဲ့ လောကပါလတရားနဲ့ သွန်းလုပ် ထားတဲ့ချိန်ခွင်လျှာဖြစ်ပါတယ်။ ဒီချိန်ခွင်လျှာဟာ ဘယ်အခါ၊ ဘယ်အချိန်၊ ဘယ်အခါဘဲသုံးသုံး အမြဲ တည့်မတ်နေရပါမယ်။ ဒီလိုမှမဟုတ်ဘဲ လက်ျာဖက်ယိမ်းယိုင်ရင် ပဒေသရာဇ်အုပ်ချုပ်ရေးမျိုး၊ ဧကရာဇ် အုပ်ချုပ်ရေးမျိုး၊ သက်ဦးဆံပိုင်အုပ်ချုပ်ရေးမျိုးသို့ မသိမသာ ပြောင်းလဲ သွားတတ်ပါတယ်။

ဒီလိုပြောင်းလဲသွားရင် ကာမေသု ‘ကာမသုခလကံ’ဆိုတဲ့ ကာမဂုဏ်စည်းဇိမ်တွေယစ် အပျော်အပါး တွေများပြီး တိုင်းပြည်ကို အေးချမ်းသာယာအောင် မပေးနိုင်စွမ်းဘဲ မောဟတရားဖိစီးနေတဲ့ ဗောဓိ သာရတို့ရဲ့ စည်းဇိမ်မျိုး ဖြစ်လာတတ်ပါတယ်။ ဒါဟာ တိုင်းပြည်တည်ဆောက်တဲ့နေရာမှာ မလိုလား အပ်၊ မကျင့်သုံးအပ်တဲ့ သတိထားအပ်တဲ့ လက်ျာလမ်းစဉ် အစွန်းထွက်တဲ့တရားဖြစ်ပါတယ်။

တဖန် ဒီ တည့်မတ်တဲ့ချိန်ခွင်လျှာဟာ လက်ဝဲဖက် ယိမ်းပြန်ရင်လည်း အတ္တကုလမတ္တာန ယောက ဆိုတဲ့ ကျောမွဲ လူတန်းစားတွေကို အကျိုးပြုသယောင်ယောင်နဲ့ ပေးသမျှယူ၊ ခိုင်းသမျှလုပ်၊ ထားသလို နေ၊ ကျွေးလောက်စား၊ ရက်စက်ချင်သလို ရက်စက်၊ ဟော့ရမ်းချင်သလို ဟော့ရမ်း၊ ကြမ်းကြုတ်ချင် သလို ကြမ်းကြုတ်၊ ဖိနှိပ်ချင်သလို ဖိနှိပ်၊ ချုပ်ချယ်ချင်သလို ချုပ်ချယ်ပြီး လောဘ၊ ဒေါသ၊ မာန ဒိဌိ တရားတွေက ဖုံးလွှမ်းလာတော့ ဖက်ဆစ်ဆန်မှန်း မသိဆန်၊ ဖြစ်မှန်းမသိဖြစ်လာ၊ အာဏာရှင်ဖြစ် မှန်းမသိ ဖြစ်လာကြာတော့ ဒါတွေကို အကောင်းထင်ပြီး Eichman တို့လို လူတွေမွေး၊ စည်းဇိမ်တွေ ယစ်ထွေးတဲ့ ဟစ်တလာစည်းဇိမ်မျိုး ဖြစ်လာတတ်ပါတယ်။ ဒါဟာ တိုင်းပြည်တည်ဆောက်တဲ့နေရာ မှာ မလိုလားအပ်၊ မကျင့်သုံးအပ်တဲ့၊ သတိထားအပ်တဲ့ လက်ဝဲလမ်းစဉ် အစွန်းထွက်တရား ဖြစ်ပါ တယ်။

သဘာပတိကြီးနဲ့ ခေါင်းဆောင်ကြီးများခင်ဗျား။ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်း အဓိက ထားပြီး အုတ်မြစ်ချ တည်ဆောက်လာခဲ့တဲ့ ပြည်ထောင်စုသမတ မြန်မာနိုင်ငံတော်ဟာ မူအားဖြင့် မဇ္ဈိမပဋိပဒါ ဒီမိုကရေစီ ပြည့်ပြည့်ဝဝ ပေးထားရမယ့် လမ်းစဉ်၊ တောင်တန်းဒေသကိုယ်စားလှယ်များနဲ့ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ ပြည်မခေါင်းဆောင်ကြီးများ ကြိုက်နှစ်သက်ကြတဲ့ လမ်းစဉ်အရ မူချပေးလာတဲ့ ဗဟိုလမ်းစဉ်ဖြစ်ပါတယ်။

သို့်သော်လည်း ပြည်နယ်များညီညွတ်ရေးအဖွဲ့ချုပ်ဥက္ကဋ္ဌကြီးနဲ့ ကိုယ်စားလှယ် တော်များတင်ပြ သွား သလို (၁၃)နှစ် (၁၃)မိုး လက်တွေ့ ကျင့်သုံးလာကြတဲ့အခါ တည့်မတ်နေ ရမယ့် ချိန်ခွင်လျှာဟာ မူလ အနေအထားမျိုးမဟုတ်တော့ဘဲ ဘယ်ဖက် ယိမ်းချင်သလိုလို၊ ညာဖက်ယိမ်းချင်သလိုလို ဟိုယိမ်း ဒီယိမ်း ယိမ်းနေတာကို တွေ့နေရပါတယ်။ ဒါကို သတိဆိုတဲ့ ပဇ္ဇဉ်တရားနဲ့ မှတ်ကျောက်တင် ကြည့် လိုက်တဲ့အခါ မူလအခြေခံ လောကပါလတရားဖြစ်တဲ့ မျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းဆိုတဲ့ ချိန်ခွင်လျှာဟာ အခြေခံ ဥပဒေ ခဏခဏဝင်တိုက် ဝင်ဆောင့်မိတဲ့အတွက် မူမမှန်တော့ဘဲ ဥပဒေပုဒ်မ တွေ တတိုက်ထဲတိုက်၊ တပွတ်ထဲပွတ် ပွတ်တိုက်ပါများတော့ မူလအတိုင်းမဖြစ်တော့ဘဲ ဘယ်ယိမ်း ညာယိမ်းဖြစ်ပြီး တည့်မတ်ခြင်း မရှိတော့တာတွေကို တွေ့မြင်လာရပါတယ်။

ဒီလိုချို့ယွင်းချက်တွေကို တွေ့လာတော့ ဗိုလ်ချုပ်အောင်ဆန်း၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၊ သခင်မြ၊ မန်းဘခိုင်၊ ဆရာကြီး ဦးရာဇတ်၊ ဒီးဒုတ် ဦးဘချို၊ ဦးဘဝင်းတို့ရဲ့ သွေးနဲ့ချွေးနဲ့ဇွဲနဲ့ မလျှော့သော လုံ့လနဲ့ အမျိုးသားညီညွတ်ရေး၊ တရားမျှတရေး၊ လွတ်လပ်ရေး အခြေခံအုတ်မြစ်ချပြီး တည်ဆောက်ခဲ့တဲ့ ပြည်ထောင်စုကြီးဟာဖြင့် စစ်မှန်ခြင်းမရှိတော့ဘဲ မစစ်မမှန်တဲ့ ပုံပန်းသဏ္ဍာန် အမျိုးမျိုးသို့ ပြောင်းလဲလာနေပြီဆိုတာကို ဉာဏ်မျက်စေ့ဖြင့် ကြည့်ဖို့ပင်မလိုတော့ပါဘူး။ သာမန် မျက်စေ့နဲ့ဘဲ ကွင်းကွင်းကွက်ကွက်မြငနေကြရလို့ ဝန်ကြီးချုပ်အမိန့်ရှိသလို ပြည်ထောင်စုကြီး ပြိုကွဲ တော့မလား၊ ပျက်စီးတော့မလားဆိုတာ ကျနော်တို့နဲ့တကွ ပြည်ထောင်စုသားတိုင်း ယူကြုံးမရ စိုးရိမ်ကြောင့်ကျ ပူပင်သောက ဖြစ်နေ ကြရပါတယ်။

ဒါတွေဟာ ကျနော်တို့လျှောက်လာရတဲ့ (၁၃)နှစ်ခရီးမှာ ဆန်းစစ် တွေ့ကြုံနေရတဲ့ ချို့ယွင်းချက် အချက်အလက်တွေပါဘဲ။ ဒီလိုတဖြးဖြေးပြိုပျက်နေတဲ့ ပုံမှားပြည်ထောင်စုကြီးကို စွန့်လွှတ်ပြီး မူလပုံမှန်ဖြစ်တဲ့ ပြည်ထောင်စုစစ်စစ်မူနဲ့ ကုစားလိုက်ရင် ကျနော်တို့ရဲ့ စိုးရိမ်ကြောင့်ကျမှုတွေဟာ အလိုလိုပပျောက်ပြီး တိုင်းရင်းသားပေါင်းစုံမှာ တကယ့်မိသားစုစိတ်နဲ့ ပြည်ထောင်စုကြီးကို သာယာဝပြော တည်တန့်အောင် ထိန်းသိမ်းစောင့်ရှောက်သွားနိုင်လိမ့် မယ်လို့ ကျနော်မြင်ပါတယ်။

ဒီတော့ မူလချထားတဲ့ လောကပါလတရားအခြေခံပြုတဲ့မူအရ ပြည်ထောင်စုစစ်စစ် ပြန်လည်ဖြစ်ပေါ် လာအောင် ဗိုလ်ချုပ်အောင်ဆန်း၊ မိုင်းပွန်စော်ဘွားကြီး စတဲ့ ခေါင်းဆောင်ကြီးများကို ချစ်ခင်သော အားဖြင့်၊ လေးစား ကြည်ညိုသောအားဖြင့်၊ သစ္စာရှိသောအားဖြင့် ဗုဒ္ဓမြတ်စွာဘုရား ရဲ့သာသနာတော် ကို(၂၅ဝဝ)ပတ်လုံး ထိန်းသိမ်း လာခဲ့ကြတဲ့အစဉ် အလာလို၊ သာသနာတော့(၅ဝဝဝ)ပတ်လုံး ကျန်တဲ့ အချိန်များမှာလည်း နောက်လူနောက်သားများ ထိန်းသိမ်းစောင့်ရှောက်သွားကြရမှာလို ပြုပြင်ထိန်း သိမ်းသွားစေချင်ပါတယ်။

ဒါဟာ ဘာလဲဆိုရင် လောကုတ္တရာနိဗ္ဗာန် ရောက်ရာရောက်ကြောင်း လမ်းစဉ် အုတ်မြစ်ကို သာသနာ (၅ဝဝဝ) တည်ပါစေဆိုပြီး သုတ်၊ ဝိနည်း၊ အဘိဓမ္မာဆိုတဲ့ ပိဋကတ် သုံးပုံဖြင့် ဗုဒ္ဓမြတ်စွာဘုရား ကိုယ်တော်တိုင် သတ်မှတ် ပေးတော်မူခဲ့ပါတယ်။ ဒီလို မှန်ကန် တည့်မတ်တဲ့မူ ချမှတ်ပေးတော်မူပြီး (၄၅)ဝါပတ်လုံး သာသနာတော်ကိုပြုပြီးတဲ့နောက် ပရိနိဗ္ဗာန်စံလွန်တော်မူပါတယ်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံလွန်တော်မူပြီး စံလွန်တော်မူတယ် ဆိုရင်ဘဲ ရဟန္တာမြတ်များမှအပ ကျန်ရဟန်းတော် သံဃာတော်များ ဝမ်းနည်းပက်လက် ဖြစ်ပြီး ယူကြုံးမရ ငိုကြွေးကြပါတယ်။

ဒီတော့ တုဘရရဟန်းကြီးက “ငါ့ရှင်တို့ ဘာလို့ငိုရသလဲ။ မငိုနဲ့။ ဘုရား ပရိနိဗ္ဗာန်စံတာ ဒို့အတွက် ပိုကောင်းတယ်။ ဒါမှ ဒို့ ထင်သလိုနေရမယ်။ သူရှိတုန်းက အချုပ်အချယ်တွေ များတယ်။ ဘာ ကလေးဘဲလုပ်ရင် သူက လိုက်လိုက်ပြီး ဟန့်တားတယ်။ ဝိနည်းတော်အသစ်တွေ အသစ်တွေ ထုတ်ထုတ်ပြီး ပညတ်တယ်။ ခုတော့ ဒို့ထင်သလိုနေ၊ ထင်သလို လုပ်ရတော့မယ်။ မငိုကြတဲ့။ ပျော်ပျော်ရွှင်ရွှင်သာနေကြ၊ လွတ်လွတ်လပ်လပ် လွတ်လပ်စွာနေကြ”ဆိုပြီး လိုက်ဟောလိုက် ပြောလိုက်ပြီး ဝါဒဖြန့်တယ်။

ဒါကို ရှင်မဟာကဿပ ရဟန်းတော်အရှင်မြတ်ကြီးက မြင်တော့ ဒီလိုလွှတ်ထားရင် သာသနာတော် ကြီး ထိခိုက်တော့မယ်၊ ပျက်စီးတော့မယ်၊ ပြိုပျက်တော့မယ်ဆိုတာကို မြင်တော်မူတာနဲ့ ကျန်တဲ့ ရမန္တာအရှင်မြတ်များကို တိုင်ပင်တော်မူပြီး (၃)လအတွင်း ရဟန်း (၅ဝဝ)နဲ့ ပထမသင်္ဃာယနာ တင်တော်မူခဲ့ကြပါတယ်။

ဒီလိုနဲ့ ချို့ယွင်းချက်တွေကို တွေ့တိုင်းတွေ့တိုင်း၊ မူရင်းကို ထိခိုက်လာတိုင်း သာသနာ့ဒါယကာအမည်ခံ မင်းများက ထေရ်ကြီးဝါကြီး အရန်းအရှင်မြတ်များနဲ့တိုင်ပင်ညှိနှိုင်းပြီး သာသနာတော်ကို ထိန်းသိမ်း စောင့်ရှောက်လာခဲ့ကြပါတယ်။ ဒါဟာ မင်းတုန်းမင်းတရားကြီး လက်ထက်တော်အထိ (၅)ကြိမ် တိတိဖြစ်ပါတယ်။

ခရစ်ယာန်သာသနာမှာလည်းဘဲ သမာကျမ်းစာအဟောင်းမှ သမာကျမ်းစာ အသစ်သို့ မူရင်းမပျက် စေဘဲ သာသနာကို စောင့်ထိန်းခဲ့တယ်ဆိုတာ သိရပါတယ်။ ဒီလို သာသနာတော်တွေကို သုတ်၊ ဝိနည်း၊ အဘိဓမ္မာဖြင့် ချုပ်ကိုင်၍ ထွန်းတောက် လာသလို အုပ်ချုပ်ရေးဖက်ကလည်း သီရိဓမ္မာ သောကမင်းလက်ထက်၊ မိလိန္နမင်းကြီးလက်ထက်စတဲ့ သာသနာပြုမင်းများဟာ လောကပါလ တရားနဲ့အညီ ကျောကသားလည်းသား၊ ရင်ကသားလည်းသား မခွဲခြားဘဲ အုပ်ချုပ်စေခဲ့၍ တိုင်းသူ ပြည်သားလူအများမှာ ရေထိတဲ့ ပဒုမ္မာကြာလို အေးချမ်းသာယာပြီး လောကီအကျိုးစီးပွား၊ လောကုတ္တရာ အကျိုး စီးပွားများကို စိတ်ချလက်ချ ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။

ကျွန်ဘဝက လွတ်မြောက်လာပြီးသည့်နောက် ကျနော်များ ပြည်ထောင်စုမြန်မာ နိုင်ငံတော်မှာလည်း ဝန်ကြီးချုပ်ကိုယ်တိုင် စရိယသုံးပါး ကျင့်သုံးလာခဲ့တဲ့အတွက် မြတ်စွာဘုရားရဲ့ ပိဋကတ်တော် မူမမှန် ချို့ယွင်းတိမ်းပါးရှိသည်များကို မူရင်းမပြတ် ပြန်လည်ပြုပြင် စက်တင်ပုံနှိပ်ထားရှိနိုင်ရန် ထေရ်ကြီး ဝါကြီးဖြစ်တော်မူကြတဲ့ ဝိနယဓရပိဋကဂန္တာရ၊ ဘဏ္ဍာ ဂါရိက အရှင်မြတ်များ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ ပညာရှိလူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်များ၊ ထေရဝါဒနိုင်ငံများမှ ရဟန်းပညာရှိ လူပညာရှိများအား ပင့်ဖိတ်လို့ ဤမျှမင်းပေါင်းစုံ၊ သံဃာတော်ပေါင်းစုံကြွရောက် ဆဋ္ဌသံဃာယနာတင်တော်မူကြသည်မှာ အံ့မခမ်း ကြီးကျယ် ခမ်းနားစွာ ဆင်ယင်ကျင်းပ အောင်မြင်ခဲ့သည်မှာလည်း လူကြီးမင်းများ အသိဖြစ်ပါ တယ်။

မြတ်စွာဘုရားရဲ့အဆုံးအမကို ပိဋကတ်တော်ကု ဆေးကျောသုတ်သင် သင်္ဂါယနာတင်ခဲ့သလို ကျနော်များရဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကိုလည်း ခေါင်းဆောင်ကြီးများ ချမှတ်ထားတဲ့ ပြည်ထောင်စုစစ်စစ်မူအတိုင်း တိကျမှန်ကန်အောင် စီစစ်လျက် ပြည်မ/ ပြည်နယ်အသီးသီးမှ ခေါင်းဆောင်များနဲ့ ညှိနှိုင်းတိုင်ပင်ပြီး ဆက်လက် ဆောင်ရွက်သွားပေးပါလို့ ပန်ကြားလိုပါတယ်။

ကျနော်တို့ ဒီလိုအစီရင်ခံ ပန်ကြားရင်း ပြည်နယ်များညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌကြီးနဲ့ ပြည်နယ်များ ညီညွတ်ရေးအဖွဲ့ ကိုယ်စားလှယ်တော်များ တင်ပြတောင်းဆိုချက်ကို ချွင်းချက်မရှိ လေးနက်စွာဖြင့် ထောက်ခံလိုပါတယ်။ ဒီလိုထောက်ခံခြင်းဖြင့် ကျနော်တို့ဟာ ပြည်မရှိ နောင်တော်များကို မုန်းတီးလို့၊ ပြည်ထောင်စုကြီးကို ပျက်ပြားအောင် ကျွန်ဘဝရောက်အောင် အပြင်ပပယောဂတွေကြောင့်ဆိုတဲ့ စွပ်စွဲချက်တွေအားလုံးဟာ လုံးဝမမှန်ကန်ကြောင်းကို ရိုးသားစွာ ဝန်ခံလိုပါတယ်။

ကျနော်များဟာ ပြည်မခေါင်းဆောင်ကြီးများနဲ့အတူ လက်တွဲဆောင်ရွက်ခဲ့ကြလို့ လွတ်လပ်ရေးကြီးကို ရလာကြတဲ့အတိုင်း ပါရမီဖြည့်ဖက် ဆိုးတူကောင်းဖက်ဖြစ် ကြပါတယ်ဆိုတာ မမေ့မလျော့သော သတိ တရား လက်ကိုင်ထားပြီး မိသားစုစိတ်ဓါတ်ဖြင့် တန်းတူညီမျှမှု ရရှိစေမယ့် လွတ်လပ်တဲ့ပြည်ထောင်စု ကြီးကို ဖန်တီးကြပါစို့လို့ ပန်ကြားခြင်းသာ ဖြစ်ပါတယ်။

ဒီလိုပန်ကြားခြင်းမှာလည်း အကြောင်းရှိပါတယ်။ ရိုးရိုးသားသားနဲ့ အစီရင်ခံရမယ်ဆိုရင် ဒီ(၁၃)နှစ် (၁၃)မိုးမှာ ပြည်နယ်များရဲ့ အခက်အခဲပြဿနာတွေကို ဘယ်လိုရင်ဆိုင်တွေ့ ကြုံလာတဲ့တိုင်အောင် ဝန်ကြီးချုပ်ဟာ သန့်ရှင်းစွာဖြင့် မဖြစ်ဖြစ်တဲ့နည်းနဲ့ ဖြေရှင်းပေးနေတာကိုလည်း ကျနော်များ လက်တွေ့ တွေ့ကြုံနေရပါတယ်။

ဤကိစ္စမှာလည်း မဖြစ်နိုင်၊ မလိုက်လျောနိုင်တဲ့ကိစ္စမျိုးမဟုတ်။ ဖြစ်နိုင်၊ လိုက်လျောနိုင်တဲ့ လောက ပါလတရားကို ထိန်းသိမ်းဖို့ဖြစ်လို့ ဝန်ကြီးချုပ်နဲ့ အပေါင်းအပါ ပြည်မရှိ ခေါင်းဆောင်ကြီးများကို ယုံကြည်ကိုးစားစွာဖြင့် ဖြစ်မြောက် အောင်မြင်အောင် ဆောင်ရွက်ပေးပါလို့ လုံးဝပုံအပ်ခြင်း သာဖြစ်ပါ တယ်။

ကျနော်တို့ရဲ့စေတနာကို ဤမျှနဲ့ဘဲ သိလောက်ပါပြီ။ အမျိုးသားညီညွတ်ရေး၊ တရားမျှတရေး၊ လွတ်လပ်ရေး၊ ညီမျှရေးကို အစွမ်းကုန် ပေးစွမ်းနိုင်တဲ့ ပြည်ထောင်စုကြီး ဖြစ်ပေါ်လာအောင် ဝိုင်းဝန်းပြီး ပါရမီအပြန်အလှန်ဖြည့်ကြပါလို့ ညီငယ်အနေဖြင့် တိုက်တွန်းရင်း ချမ်းသာသုခအပေါင်းနဲ့ ပြည်စုံကြပါစေဆိုတာ ဆုတောင်းရင်း နိဂုံးချုပ်ပါရစေ။ ( သြဘာသံများ)
……………………………………………………………………………………………………………………………
ဒီနေ့ ကျင်းပတဲ့ နှီးနှော ဖလှယ်ပွဲကြီး ပထမနေ့ အခမ်းအနား ဒီတွင်ပြီးဆုံးပါပြီ ခင်ဗျား။ ကိုယ်စားလှယ်တော် လူကြီးမင်းများနဲ့ ကြွရောက်တဲ့ လေ့လာသူ ပုဂိုလ်ကြီးများ ယခု အခမ်းအနား အပြီးမှာ ခေါက်ဆွဲနဲ့ ကော်ဖီ သုံးဆောင် ရန်ကြွကြပါလို့..။

၁-၃-၆၂ ရက်နေ့အထိ မြန်မာပြည် အခြေအနေ


[ တကယ်တော့ စစ်အစိုးရ အဆက်ဆက်က လိမ်ရေးသလို မြန်မာပြည်မှာ ၂-၃-၆၂ ရက်နေ့ အပူတပြင်း အာဏာသိမ်းရလောက်အောင် တိုင်းပြည်ချောက်ထဲကျတော့မဲ့ ဘာအန္တရာယ်မှ ရှိမနေခဲ့ပါဘူး။ အောက်ပါ စာအုပ်ကို ပြန်လည်မျှဝေတာဖြစ်လို့ အဲဒီမူလ ပိုင်ရှင်များကို ကျေးဇူးတင် ပါတယ်။ ]
"ပြည်ထောင်စု စစ်စစ်မူ" ( ဖက်ဒရယ်မူ )
( ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး ဝါဒမှသည် စစ်မှန်သော ပြည်ထောင်စု စနစ်ဆီသို့၊ စာစဉ် - ၉ )
ထုတ်ဝေသူ - ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်း
UNDP Press, Chiang Mai, Thailand, 2005
....................................................................................................

မြန်မာနိုင်ငံမှာ စစ်အစိုးရအဆက်ဆက်လက်ထက် လုပ်ကြံရေးသားထားတဲ့ မြန်မာ့သမိုင်းများက ၁၉၆၂ ခုနှစ် ဝန်ကြီးချုပ်ဦးနု လက်ထက်မှာ ရှမ်း ဦးစီးတဲ့ တိုင်းရင်းသားလူမျိုးစုတွေက ပြည်ထောင်စုထဲက ခွဲထွက်ရေး “ဖက်ဒရယ်မူ” ကို တင်လာကြလို့ ပြည်ထောင်စုကြီး ပြိုကွဲတော့မှာကို လက်ပိုက်ကြည့်မနေနိုင်တာနဲ့ တပ်မတော်က ၁၉၆၂ ခုနှစ် မတ်လ ၂ -ရက်နေ့မှာ အာဏာသိမ်းခဲ့ရတာပါလို့ ဆိုပါတယ်။ သူတို့သာ သမိုင်းကို လိမ်မထားရိုးမှန်ရင် အဲဒီ ဖက်ဒရယ်မူကို "ဟောဒီမှာ ကြည့်ကြ၊ ဟောဒီလိုဆိုးတာ၊ လူနည်းစု တိုင်းရင်းသားတွေက ဟောဒီလို တောင်းခဲ့ကြတာ၊ ခြိမ်းခြောက်ခဲ့ကြတာလေ" လို့ primary source ကို ရဲရဲဝံ့ဝံ့ ပြဝံ့သင့်ပါတယ်။ အခုတော့ သူတို့က လိမ်ထားတော့ တကယ်ကြောက်စရာမှ မဟုတ်တဲ့ "ဖက်ဒရယ်မူ" ကို လူတွေရှေ့ ထုတ်မပြရဲကြပါဘူး။ အဲဒါကြောင့် ၁၉၆၂ ခုနောက်ပိုင်းမွေးတဲ့ လူငယ်လူလတ်တွေ အဲဒီမူကို မြင်ဖူး၊ ဖတ်ဖူးတဲ့သူ နည်းတယ်လို့ထင်မိပါတယ်။ (စစ်အစိုးရ အဆက်ဆက်ဟာ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာရတဲ့ ပင်လုံစာချုပ်ကိုလည်း ကိုယ့်ပြည်သူတွေရှေ့ ထုတ်မပြဝံ့ကြပါဘူး။)
ဒါကြောင့် ၂၄-၂-၁၉၆၂ ရက်နေ့မှာ တိုင်းရင်းသားလူနည်းစုများအားလုံးကိုယ်စား ( သူတို့ရဲ့ တရားဝင် ကိုယ်စားလှယ် ) ပြည်နယ်များ ညီညွတ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဝန်ကြီး သတိုးမဟာသရေစည်သူစောခွန်ချို (ရှမ်း) က နိုင်ငံတော် ဝန်ကြီးချုပ်ဦးနု ရှေ့မှောက်မှာ အင်မတန် ယဉ်ကျေးချေငံစွာ အဲဒီ "ဖက်ဒရယ်မူ" ကို စတင်တင်ပြခဲ့ပြီး ဗိုလ်နေဝင်း အာဏာမသိမ်းခင် တရက်အလို (၁-၃-၁၉၆၂ ) အထိ ကျနော်တို့ မြန်မာပြည်မှာ အဲဒီကိစ္စနဲ့ပတ်သက်လို့ရှမ်း၊ ကချင်၊ ချင်း၊ ကယား ကိုယ်စားလှယ်တွေနဲ့ ပမညတဥက္ကဌ ဝိဒူရသခင်ချစ်မောင်၊ ဖဆပလ (တည်မြဲ) ဥက္ကဌ ဦးဗဆွေတို့ ဒီမိုကရေစီနည်းကျကျ ဘယ်လိုဆွေးနွေးနေခဲ့ကြသလဲ ဆိုတာကို မူရင်းအတိုင်း ( ချောင်းဟန့်သံ မပါတာကလွဲလို့ ) ပြန်လည် ဝေမျှပေးလိုက်ပါတယ်။
မေတ္တာဖြင့်
ပြည်ကောင်းအောင်
…………………………………………………………………………………………………………………….
အပိုင်း (၁) မှ ကောက်နှုတ်ချက်များ

“ပြည်မသားတွေ၊ ပြည်နယ်သားတွေ အားလုံး နိုင်ငံရေးသံဝေဂ ရကြဖို့အတွက် ကျနော် (၁)နှစ်လောက် တုန်းက ကြည့်ခဲ့ရဖူးတဲ့ “ယမနေမယ်” ပြဇာတ်ကလေးကို ကျနော် ဒီနေရာက တင်ပြလိုပါတယ်။ လူကြီးမင်းများခင်ဗျား။ ရှေးတုန်းက ‘ဘရုတ်သုက္ခတိုင်းပြည်’ ဆိုတာ ရှိပါတယ်။ အဲဒီ ဘရုတ်သုက္ခ တိုင်းပြည်ရဲ့ ‘ငါတကော’ နယ်က ‘ဒူလာဘို’၊ ‘ငါတဗိုလ်’နယ်က ‘အို လေလေ့’၊ ‘ငါတလူ’နယ်က ‘ငတွတ်ကြီး’၊ ‘ငါတမင်း’နယ်က ‘ဗြောင်နောင့် ဗြောင်နောင်’၊ ‘ငါ့မြင်း ငါစိုင်း’ နယ်က ‘ဘုရင် ဘုနောင်-တတ်ဗိန်’ဆိုတဲ့ ပညာသင်(၅)ဦးဟာ တက္ကသိုလ် ဆရာကြီး ‘ဦးဂျမ်းထိ’ ဆီမှာ ပညာသွားသင်ကြ ပါတယ်” ( ဝန်ကြီးချုပ် ဦးနု )
“ကျနော်များကလည်း ပြည်မရှိ နောင်တော်ကြီးများကို ရှင်းလင်းတင်ပြကြတဲ့အခါ စိတ်ရှည်လက်ရှည်နဲ့ မိမိကြုံတွေ့နေတဲ့ ကြုံတွေ့နေရပုံတွေကို တင်ပြကြပါရန် မေတ္တာရပ်ခံလိုပါတယ်။ ပြည်နယ်များရဲ့ ပြဿနာကို စဉ်းစားကြတဲ့အခါမှာလည်း ‘ပြည်ထောင်စု မပြိုကွဲရေး၊ ပြည်ထောင်စုကြီး ညီညွတ်ရေး’ ဆိုတဲ့ အခြေခံမူအပေါ်မှာတည်ပြီး စဉ်းစားကြပါရန် တောင်းပန်လိုပါတယ်” ( ပြည်နယ်များညီညွတ်ရေး အဖွဲ့ ဥက္ကဋ္ဌ၊ ဝန်ကြီးသတိုးမဟာသရေစည်သူ စောခွန်ချို )
ပြည်ထောင်စု ကြန်အင်လက္ခဏာနှင့် ပြည့်စုံသည့် ပြည်ထောင်စု ပြုပြင်ဖွဲ့စည်းမှသာလျှင် အမျိုးသား စည်းလုံးညီညွတ်မှုကြီး ခိုင်မြဲမယ်၊ ပြည်ထောင်စု ကြီးလည်း တည်တန့်မယ်လို့ တထစ်ချယုံကြည်ကြ ပါတယ်။
ကျနော်များ ဖက်ဒရယ်ခေါ်တဲ့ ပြည်ထောင်စုစစ်စစ် ပြန်လည်ဖွဲ့စည်းရန် အဆိုပြုခြင်းဟာ လူမျိုးရေးကို နှိုးဆွပေးခြင်း မဟုတ်ပါ။ (Confederation)ခေါ်တဲ့ အလွန်မြင့်မားတဲ့ ပြည်ထောင်စုဖွဲ့ရန် အရေးဆို ခြင်းလည်း မဟုတ်ပါ။ အမျိုးသား စည်းလုံးညီညွတ်မှုကို တကယ်ရယူနိုင်သော ပြည်ထောင်စုစစ်စစ်ကို ဖွဲ့စည်းခြင်းသာ မှန်ကန်သည်ဟု ယုံကြည်ခြင်း ဖြစ်သည့်အတွက် တင်ပြရခြင်းဖြစ်ပါတယ်။
( ကချင်ပြည်နယ် ကိုယ်စားလှယ် ဒူးဝါးဇော်လွန်း )
“ကျနော်တို့ရဲ့ နောင်တော်ကြီးတွေဖြစ်တဲ့ ပြည်မခေါင်းဆောင်ကြီးများကို ကျနော် အလေးအနက် မေတ္တာရပ်ခံချင်တာက နောင်တော်တွေရဲ့ သဘောထားကြီးမှုကို ထင်ရှား အောင်ပြကြပါ။ ပညာရှိ သတိနဲ့လည်း စဉ်းစားဝေဖန်ကြပါ။ ကျနော်တို့ ဝိုင်းဝန်းတည်ဆောက်တဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုကြီး မပြိုကွဲအောင်လည်း ထိန်းသိမ်း စောင့်ရှောက်တော်မူကြပါလို့ လေးနက်စွာ တောင်းပန် ပြောရင်း ကျနော် နိဂုံးချုပ်လိုက်ပါတယ်” (ချင်းအထူးဝိသေသတိုင်း ကိုယ်စားလှယ် မဟာသရေစည်သူ ကပ္ပတိန်မန်းတုံနုန်း )
“နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ ညီအကို ကိုယ်စားလှယ်တော်များခင်ဗျား။ ကျနော်တို့ ပြည်ထောင်စုစစ်စစ်မူ တင်ပြ တောင်းဆိုတာဟာ ဗမာပြည်မအပေါ် အနိုင်ကျင့်လိုတဲ့သဘောမျိုး၊ အကြပ်ကိုင်လိုတဲ့ သဘော မျိုး၊ အခွင့်ထူး ပိုတောင်းလိုတဲ့သဘောမျိုးနဲ့ တောင်းဆိုခဲ့တာ မဟုတ်ပါဘူး။ ကျနော်တို့ပြည်နယ်များ ဟာ ပြည်မနဲ့ တန်းတူမရှိ ဖြစ်နေတာကို တန်းတူမှုရှိလာအောင် တောင်းဆိုနေကြခြင်းသာ ဖြစ်ပါ တယ်။” ( ရှမ်းကိုယ်စားလှယ် ဦးထွန်းမြင့် )
“ကျနော်တို့ရဲ့စေတနာကို ဤမျှနဲ့ဘဲ သိလောက်ပါပြီ။ အမျိုးသားညီညွတ်ရေး၊ တရားမျှတရေး၊ လွတ်လပ်ရေး၊ ညီမျှရေးကို အစွမ်းကုန် ပေးစွမ်းနိုင်တဲ့ ပြည်ထောင်စုကြီး ဖြစ်ပေါ်လာအောင် ဝိုင်းဝန်း ပြီး ပါရမီအပြန်အလှန်ဖြည့်ကြပါလို့ ညီငယ်အနေဖြင့် တိုက်တွန်းရင်း ချမ်းသာသုခအပေါင်းနဲ့ ပြည်စုံကြ ပါစေဆိုတာ ဆုတောင်းရင်း နိဂုံးချုပ်ပါရစေ” ( ကယားပြည်နယ် ကိုယ်စားလှယ် မဟာသရေစည်သူ ဦးစိန် )
……………………………………………………………………………………………………………………………….
ပြည်နယ်များညီညွတ်ရေးအဖွဲ့မှ တင်သွင်းသော
ပြည်ထောင်စု စစ်စစ်မူ
( “ဖက်ဒရယ်မူ” (ဝါ) “ခွဲထွက်ရေးမူ”ဟု နောင်အခါ နာမည်ဖျက်ခံရသည့်မူ )
မာတိကာ
အပိုင်း ( ၁ )
( ၂၄၊ ၂၊ ၁၉၆၂ )ရက်နေ့ အစည်းအဝေး
၁။ ၁၉၆၂ ခုနှစ် ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့ ရန်ကုန်မြို့ ပြည်လမ်း အသံလွှင့်ရုံ ခန်းမဆောင်အစည်းအဝေး အစီအစဉ်၊
၂။ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု၏ အဖွင့်မိန့်ခွန်း၊
၃။ ပြည်နယ်များ ညီညွတ်ရေးအဖွဲ့ မှ တင်သွင်းသော “ပြည်ထောင်စုစစ်စစ်မူ” ( ဖက်ဒရယ်မူ ) ကို ရှမ်းပြည်နယ်ဥက္ကဋ္ဌ၊ ဝန်ကြီး သတိုးမဟာသရေစည်သူ စောခွန်ချိုမှ တင်သွင်းခြင်း၊
၎။ ကချင်ပြည်နယ် ကိုယ်စားလှယ် ဒူးဝါးဇော်လွန်း၏ ဆွေးနွေးတင်ပြချက်၊
၅။ ချင်းအထူးဝိသေသတိုင်း ကိုယ်စားလှယ် မဟာသရေစည်သူ ကပ္ပတိန်မန်းတုံနုန်း၏ ဆွေးနွေး တင်ပြချက်၊
၆။ ရှမ်းပြည်နယ် ကိုယ်စားလှယ် ဦးထွန်းမြင့်(တောင်ကြီး) ၏ ဆွေးနွေးတင်ပြချက်၊
၇။ ကယားပြည်နယ် ကိုယ်စားလှယ် မဟာသရေစည်သူ ဦးစိန် ၏ ဆွေးနွေးတင်ပြချက်၊

အပိုင်း ( ၂ )
(၁၊ ၃၊ ၁၉၆၂)ရက်နေ့အစည်းအဝေး
၈။ ၁၉၆၂ ခုနှစ် မတ်လ (၁) ရက်နေ့တွင် ကျင်းပသော ဆွေးနွေးပွဲတွင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု၏ အဖွင့်အမှာစကား ( ဝန်ကြီးချုပ်ဦးနု၏ နောက်ဆုံးမိန့်ခွန်း )
၉။ ပ.မ.ည.တ ဥက္ကဌ ဝိဓူရ သခင်ချစ်မောင်၏ ဆွေးနွေး တင်ပြချက်၊
၁၀။ ဖ.ဆ.ပ.လ အဖွဲ့ချုပ် ဥက္ကဌ ဦးဘဆွေ၏ ဆွေးနွေးတင်ပြချက်၊
…………………………………………………..

အပိုင်း ( ၁ )
အခန်း ( ၁ )
၁၉၆၂ ခုနှစ် ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့ ရန်ကုန်မြို့ ပြည်လမ်း အသံလွှင့်ရုံ ခန်းမဆောင် အစည်းအဝေး အစီအစဉ်၊
အခမ်းအနားမှူး။ ။
ယခုအချိန်ကစပြီး ပြည်နယ်များနှင့်ပတ်သက်သော နှီးနှောဖလှယ်ပွဲကြီးကို စတင်ကျင်းပပါတော့မယ်။ ဒီနှီးနှောဖလှယ်ပွဲမှာ နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုက သဘာပတိအဖြစ်နဲ့ဆောင်ရွက်ပြီးတော့ ကျနော်က အခမ်းအနားမှူး အဖြစ်နဲ့ ဆောင်ရွက်ပါ့မယ်။
ဒီနေ့ ပထမနေ့အစီအစဉ်မှာတော့ -
(၁) ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံကို အလေးပြုခြင်း၊
(၂) ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများကို အလေးပြုခြင်း၊
(၃) နိုင်ငံတော်ဝန်ကြီးချုပ်၏ မိန့်ခွန်း၊
(၄) ရှမ်းပြည်နယ်ဥက္ကဋ္ဌကြီး၊ ဝန်ကြီး သတိုးမဟာသရေစည်သူ စောခွန်ချိုက ဖယ်ဒရယ်မူကို တင်ပြဆွေးနွေးရန်၊
(၅) ကချင်ပြည်နယ်ကိုယ်စားလှယ် ဒူးဝါးဇော်လွန်းက ထောက်ခံတင်ပြရန်၊
(၆) ချင်းအထူးဝိသေသတိုင်းကိုယ်စားလှယ် မဟာသရေစည်သူ ကပ္ပတိန် မန်းတုံနုန်းက ထောက်ခံရန်၊
(၇) ရှမ်းပြည်နယ်ကိုယ်စားလှယ် ဦးထွန်းမြင့်(တောင်ကြီး)က ထောက်ခံရန်၊
(၈) ကယားပြည်နယ်ကိုယ်စားလှယ် မဟာသရေစည်သူ ဦးစိန်က ထောက်ခံရန်။

ယခုအခမ်းအနားကို နိုင်ငံတော်အလံနှင့်ကျဆုံးလေပြီးသောခေါင်းဆောင်ကြီးများကို အလေးပြုရန် အားလုံး လူကြီးမင်းများ မတ်တတ်ထတော်မူပါ။
ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံကို အလေးပြု။
ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများအား အလေးပြု။
အားလုံး ထိုင်နိုင်ပါတယ်။
……………………………………………………………………………………………………………………….

အခန်း ( ၂ )

နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု၏ အဖွင့်မိန့်ခွန်း
( ခုချိန်ကစပြီးတော့ နိုင်ငံတော်ဝန်ကြီးချုပ်က မိန့်ခွန်းမြွက်ကြားပါလိမ့်မယ်။ )

လူကြီးမင်းများခင်ဗျား။
ဒီကနေ့ဒီနေရာမှာ ကျနော်တို့ စုဝေးကြတာဟာ ပြည်နယ်များ ညီညွတ်ရေးအဖွဲ့ကတင်ပြတဲ့ ဖယ်ဒရယ် မူကို ဆွေးနွေးကြဖို့ဘဲ ဖြစ်ပါတယ်။ ဒီမူနဲ့ပတ်သက်လို့ ဘယ်လိုသဘော ထားတယ် ဆိုတာကို ထုတ် ဖော် ပြောပြဖို့ အစိုးရအဖွဲ့ရဲ့ ခေါင်းဆောင်အနေနဲ့ ကျနော့်မှာ တာဝန်ရှိပါတယ်။

ဒါပေမယ့် ကျနော်ပြောဖို့ အချိန်မရောက်သေးတဲ့အတွက် ကျနော့်သဘောထားကို ဒီကနေ့ ကျနော် ထုတ်ဖော် မပြောသေးပါဘူး။ ကျနော် ထုတ်ဖော်ပြောဖို့ အချိန်ရောက်လာတဲ့အခါ ကျနော် ပြောပါ့မယ်။

လူကြီးမင်းများခင်ဗျား။ ဆွေးနွေးပွဲကို ကျနော်တို့ ဒီလိုစီစဉ်ထားပါတယ်။ ဒီကနေ့ ကျနော် အစည်း အဝေးဖွင့် မိန့်ခွန်းကို ပြောပြီးတဲ့နောက် ရှမ်းပြည်နယ်ဥက္ကဋ္ဌကြီး စောခွန်ချို က ဖယ်ဒရယ်မူကို တင် သွင်းပါလိမ့်မယ်။ ဒီဖယ်ဒရယ်မူကို (၁)ဒူးဝါးဇော်လွန်း-ကချင်ပြည်နယ် ကိုယ်စားလှယ်၊ (၂)ကပ္ပတိန် မန်းတုံနုံး၊ ချင်း အထူးဝိသေသတိုင်းကိုယ်စားလှယ်၊ (၃)ဦးထွန်းမြင့်(တောင်ကြီး)၊ ရှမ်းပြည်နယ် ကိုယ်စားလှယ်၊ (၄)ဦးစိန်- ကယားပြည်နယ် ကိုယ်စားလှယ်တို့က ထောက်ခံကြပါလိမ့်မယ်။

ဒီမိန့်ခွန်းနှစ်ရပ်ကို ပြောကြားပြီးတဲ့နောက် ဆွေးနွေးပွဲကို မတ်လ(၁)ရက်၊ ကြာသပတေးနေ့ ညနေ (၆)နာရီအထိ ရွှေ့ဆိုင်းထားပါ့မယ်။ ဒီလိုရွှေ့ဆိုင်းထားတာဟာ တခြားကြောင့်မဟုတ်ပါဘူး။ ဖယ်ဒရယ်မူနဲ့ ပတ်သက်ပြီး ပြည်နယ် ဥက္ကဋ္ဌကြီး စောခွန်ချိုနဲ့ ဒူးဝါးဇော်လွန်း၊ ကပ္ပတိန်မန်းတုံနုန်း၊ ဦးထွန်းမြင့်၊ ဦးစိန်တို့ တင်ပြပြောကြားသွားတဲ့ အချက်တွေကို ပမညတ၊ ဖဆပလ၊ ရပလဖ၊ ပထစ ခေါင်းဆောင်များနဲ့ နိုင်ငံတော်အစိုးရ အတိုင်ပင်ခံအဖွဲ့ဝင်များက သေသေချာချာ လေ့လာနိုင်ဖို့အတွက် အချိန်ပေးချင်တာကြောင့်မို့ ဖြစ်ပါတယ်။

လူကြီးမင်းများခင်ဗျား။ မတ်လ(၁)ရက်၊ ကြာသပတေးနေ့ ညနေ(၆)နာရီ ဒီနေရာမှာဘဲ အစည်းအဝေး ပြန်စတဲ့အခါ (၁)ပမညတ၊ (၂)ဖဆပလ၊ (၃)ရပလဖ၊ (၄)ပထစ အဖွဲ့တွေကို ကိုယ်စားပြုတဲ့ ကိုယ်စား လှယ်တဦးစီက အခုဖော်ပြထားတဲ့ အစီအစဉ်အတိုင်း ဖယ်ဒရယ်မူနဲ့ပတ်သက်ပြီး ထားရှိတဲ့ အဖွဲ့ရဲ့ သဘောထားများကို တင်ပြပါလိမ့်မယ်။ ဒီနိုင်ငံရေး အဖွဲ့များရဲ့ ကိုယ်စားလှယ်များ ပြောကြားပြီးတဲ့ နောက် အစိုးရအတိုင်ပင်ခံအဖွဲ့ကိုယ်စား အဂ္ဂမဟာသီရိသုဓမ္မ ဒေါက်တာဦးဘဦးက အတိုင်ပင်ခံ အဖွဲ့ရဲ့ သဘောထားကို တင်ပြပါလိမ့်မယ်။

လူကြီးမင်းများခင်ဗျား။ အခုပြောခဲ့တဲ့ နိုင်ငံရေးအဖွဲ့တွေနဲ့ အတိုင်ပင်ခံအဖွဲ့ရဲ့ ကိုယ်စားလှယ်တွေဟာ သူတို့ ပြောစရာ ရှိတာတွေကို တနေ့ထဲပြောလို့ ပြီးချင်မှ ပြီးပါလိမ့်မယ်။ အဲဒီလို မပြီးရင် နောက် ထပ် သင့်တော်တဲ့ရက်တွေကို ထပ်ပြီး ချိန်းပေးပါ့မယ်။

လူကြီးမင်းများခင်ဗျား။ ဒီကိုယ်စားလှယ်ကြီးများ ပြောလို့ပြီးတဲ့အခါ (၁)ပြည်နယ်များညီညွတ်ရေးအဖွဲ့မှ ကိုယ်စားလှယ် ၆ ဦး၊ (၂)ပမညတကိုယ်စားလှယ် ၃ ဦး၊ (၃) ဖဆပလကိုယ်စားလှယ် ၃ ဦး၊ (၄) ရပလဖ ကိုယ်စားလှယ် ၃ ဦး၊ (၅)ပထစ ကိုယ်စားလှယ် ၃ ဦးနဲ့ (၆)အတိုင်ပင်ခံ အဖွဲ့ဝင်လူကြီးများ ပါဝင်တဲ့ကော်မတီတခုကို ဖွဲ့ပေးပါ့မယ်။ ဒီကော်မတီမှာ ကျနော်က နာယက လုပ်ပါ့မယ်။

လူကြီးမင်းများခင်ဗျား။ အဲဒီကော်မတီက ဖယ်ဒရယ်မူနဲ့ပတ်သက်ပြီး ဆွေးနွေးစရာရှိတဲ့ အချက်တွေကို ဆွေးနွေးပြီးတဲ့အခါ ရရှိတဲ့ သဘောတူညီချက်တွေကို ဒီဆွေးနွေးပွဲမှာ အစီရင်ခံပါလိမ့်မယ်။ စေ့စပ်လို့ မရနိုင်တဲ့ သဘောကွဲလွဲချက်များ ရှိရင်လည်း ဒီဆွေးနွေးပွဲမှာဘဲ အစီရင်ခံပါ့မယ်။

လူကြီးမင်းများခင်ဗျား။ အစီရင်ခံစာတွေကို ကြည့်ပြီးမှဘဲ နောက်ထပ် ဘာတွေ ဆက်ပြီး လုပ်သွားကြ မယ်ဆိုတာကို ဒီဆွေးနွေးပွဲမှာ ဆက်လက်ပြီး တိုင်ပင်ဆွေးနွေးကြပါ့မယ်။

လူကြီးမင်းများခင်ဗျား။ ဆွေးနွေးပွဲရဲ့အစီအစဉ်တွေနဲ့ပတ်သက်ပြီး အခုချိန်အခါမှာ ကျနော် ဒီလောက် ဘဲ ပြောချင်ပါ သေးတယ်။ ဒါပေမယ့် အခုလို အခွင့်ကောင်းရတဲ့အခါ ပြည်ထောင်စု တည်တန့်ခိုင်မြဲ ရေးနဲ့ပတ်သက်ပြီး အရေးကြီးတဲ့စကား တခွန်းနှစ်ခွန်းလောက်ကို ကျနော်ပြာချင်ပါတယ်။

လူကြီးခင်းများခင်ဗျား။ ဒီကနေ့ကစပြီး ဒီဆွေးနွေးပွဲမှာ ဆွေးနွေးမယ့်ပြဿနာဟာ တခြား မဟုတ် ပါဘူး။ ပြည်ထောင်စုကြီး တည်တန့်ခိုင်မြဲရေးဘဲ ဖြစ်ပါတယ်။ ဒီပြဿနာကြီးကို ပြည်ထောင်စုကြီး စတင်တည်ထောင်ခဲ့တဲ့ ကျနော်တို့တတွေရဲ့ လက်ထက်မှာမှ ကျေကျေလည်လည် ပြေရှင်းသွား အောင် ကျနော်တို့ မဖြေရှင်းနိုင်ဘူးဆိုရင် နောက်လက်ထက်တွေ မှာတော့ ဘယ်နည်းနဲ့မှ ဖြေရှင်း နိုင်မှာမဟုတ်ဘူးလို့ ကျနော် တထစ်ချယူဆထားသလို လူကြီးမင်းများလည်း ယူဆထားပြီးပြီဆိုတာ ကျနော်ယုံကြည်ပါတယ်။ ဒီပြည်ထောင်စုကြီးသာ ပြိုကွဲသွားမယ်ဆိုရင် ပြည်နယ်သားတွေ အတွက် ရော၊ ပြည်မသားတွေအတွက်ရော ဘယ်သူ့ အတွက်မှ အမြတ်ထွက်မှာ မဟုတ်ဘူး။ အရှုံးသာထွက် မယ်လို့ ကျနော် တထစ်ချယူဆထားသလို လူကြီးမင်းများလည်း ယူဆထား ပြီးပြီဆိုတာ ကျနော် ယုံကြည်ပါတယ်။ အဲဒီတော့ လူကြီးမင်းများခင်ဗျား။ ဒီလောက်အရေးကြီးတဲ့ပြဿနာကို ဖြေရှင်းတဲ့ အခါမှာ ပြည်ထောင်စုကြီးကို စတင်တည်ထောင်ခဲ့တဲ့ ကျနော်တို့တတွေဟာ ကျနော်တို့ အပေါ်မှာ ကျရောက်နေတဲ့တာဝန်ကြီးတွေကို အမြဲတမ်းမျက်ချည်မပြတ်ဖို့ ကျနော် သတိ ပေးလိုပါတယ်။ ဒီပြဿနာကြီးကို မဖြေရှင်းနိုင်ရင် ကျနော်တို့နဲ့တကွ ကျနော်တို့ရဲ့ နောင်လာနောက်သားတွေ ရင်ဆိုင်ကြရတော့မယ့် ဘေးတွေ၊ ရန်တွေ၊ အန္တရာယ်တွေကိုလည်း အမြဲတမ်း မျက်ချည်မပြတ်ဖို့ ကျနော် ထပ်မံ သတိပေးလိုပါတယ်။

လူကြီးမင်းများခင်ဗျား။ ဆွေးနွေးပွဲဆိုတာ အကြမ်းအားဖြင့် နှစ်မျိုးနှစ်စားရှိပါတယ်။ တမျိုးကတော့ ရန်သူအချင်းချင်း ဆွေးနွေးပွဲဖြစ်ပြီး၊ တခြားတမျိုးကတော့ မိသားစု ချင်းဆွေးနွေးပွဲဖြစ်ပါတယ်။ မိသားစုဆွေးနွေးပွဲမျိုးဆိုတာ ရန်သူအချင်းချင်း စားပွဲခုံ မှာထိုင်ပြီး ဆွေးနွေးကြတဲ့ ဆွေးနွေးပွဲမျိုးနဲ့ မတူပါဘူး။ ရန်သူအချင်းချင်း ထိုင်ပြီး ဆွေးနွေးကြတဲ့အခါ ကိုယ်ယူဆတာသာ မှန်တယ်၊ မှန်ရမယ်၊ ကိုယ်ယူဆတာသာ အောင်ရမယ်၊ ဒီလိုမအောင်ရင် ဘယ်သူသေသေ ချမယ်ဆိုတဲ့ စိတ်ဓါတ်မျိုး နှစ်ဖက်စလုံးမှာရှိပါတယ်။ မိသားစုချင်း ဆွေးနွေးကြတဲ့ ဆွေးနွေးပွဲမျိုးကတော့ ဒီမိသားစုထဲမှာပါကြတဲ့ ညီအကိုမောင်နှမတတွေဟာ ကိုယ်လိုတာတွေ ကိုယ်တင်ပြကြတယ်၊ အဲဒီလိုတင်ပြတဲ့အခါမှာ သဘောကွဲလွဲချက်တွေ ရှိနေရင် တယောက်နဲ့တယောက် အပေးအယူလုပ်ပြီး သဘောကွဲလွဲချက် တွေကို ညှိနှိုင်းကြတယ်။

လူကြီးမင်းများခင်ဗျား။ အခုဆွေးနွေးပွဲဟာ မိသားစုဆွေးနွေးပွဲဖြစ်ရမယ်၊ ပြည်ထောင်စုမိသားစု ထဲမှာပါနေကြတဲ့ လူကြီးမင်းတို့ ကျနော်တို့အသီးသီးဟာ ကိုယ့်ရဲ့ထင်မြင် ယူဆချက်တွေကို အကုန်လုံးထုတ်ပြီး တင်ပြကြတာပေါ့။ ဒီလိုတင်ပြတဲ့အခါမှာ သဘောကွဲလွဲချက်တွေကတော့ ရှိရမှာပေါ့။ ဒီသဘောကွဲလွဲချက်တွေကို ကျနော်တို့ရဲ့အကျိုး၊ ပြည်ထောင်စုကြီးအကျိုးကို မျှော်ကိုးပြီး သဘောတူညီချက် မရ,ရအောင် ညှိနှိုင်းကြရမှာဘဲ။

လူကြီးမင်းများခင်ဗျား။ လူကြီးမင်းများ သိတော်မူတဲ့အတိုင်းပါဘဲ လွန်ခဲ့တဲ့ရွေး ကောက်ပွဲတုန်းက ဒီမိုကရေစီ တည်တန့်ခိုင်မြဲရေးဆိုတဲ့ ကြွေးကြော်သံနဲ့ ကျနော်တို့ ရွေးကောက်ပွဲဝင်ခဲ့ပါတယ်။ ကျနော် တို့မှာ လွတ်လပ်ရေးသာမရှိရင် ဘယ်နည်းနဲ့မှ ဒီမိုကရေစီလည်း ရှိနိုင်မှာ မဟုတ်တဲ့အတွက်၊ ဒီမို ကရေစီ တည်တန့်ခိုင်မြဲရေးအတွက် ကြိုးပမ်းတိုင်း ကြိုးပမ်းတိုင်း၊ လွတ်လပ်ရေး တည်တန့်ခိုင်မြဲရေး ကိုပါ ကျနော်တို့ ကြိုးပမ်းနေကြရပါတယ်။ နောက်ပြီးတော့လည်း ပြည်ထောင်စု တည်တန့်ခိုင်မြဲပါမှ ကျနော်တို့ရဲ့ လွတ်လပ်ရေးလည်း တည်တန့်ခိုင်မြဲမှာ ဖြစ်တဲ့အတွက် ဒီမိုကရေစီ တည်တန့်ခိုင်မြဲရေးနဲ့ လွတ်လပ်ရေး တည်တန့်ခိုင်မြဲရေးတို့ကို ကြိုးပမ်းဆောင်ရွက်တိုင်း ဆောင်ရွက်တိုင်း ပြည်ထောင်စုကြီး တည်တန့်ခိုင်မြဲရေးကိုပါ ကိုယ်စွမ်းရှိသရွေ့ ဉာဏ်စွမ်းရှိသရွေ့ ကျနော်တို့ ကြိုးပမ်း ဆောင်ရွက်နေရ ပါတယ်။

အဲဒီတော့ လူကြီးမင်းများနဲ့လက်တွဲပြီး ပြည်ထောင်စုတည်တန့်ခိုင်မြဲရေး၊ လွတ်လပ်ရေး တည်တန့် ခိုင်မြဲရေး၊ ဒီမိုကရေစီ တည်တန့်ခိုင်မြဲရေးတွေကို အမှန်တကယ်အကျိုး ဖြစ်စေနိုင်တဲ့ နည်းကောင်း လမ်းကောင်းတွေကို ကျနော်တို့ ရှာချင်ပါတယ်။ ဒီ နည်းလမ်းကောင်းတွေကို ကျနော်တို့တွေ့ရလို့ တဦးကိုတဦး လျှော့ပေးဖို့လိုလာရင် ပြည်မသားတွေနဲ့ ပြည်နယ်သားတွေဟာ တဦးကိုတဦး လျှော့ပေး ကြဖို့ ဝန်မလေးကြပါနဲ့။ ညီအကိုအချင်းချင်း သွေးချင်း သားချင်းတွေ အပေါ်မှာ တယောက်နဲ့ တယောက်၊ တဖက်နဲ့တဖက် လျှော့ပေးရတာ ဂုဏ်မငယ်ပါဘူး။ ဒီလို လျှော့ပေးရပေမယ့် ပြည်ထောင် စု ကြီးလည်း တည်တန့်ခိုင်မြဲလာမယ်၊ ပြည်ထောင်စုကြီး တည်တန့်ခိုင်မြဲလာတဲ့အတွက် လွတ်လပ် ရေးလည်း တည်တန့်ခိုင်မြဲလာမယ်၊ လွတ်လပ်ရေး တည်တန့်ခိုင်မြဲလာတဲ့အတွက် ဒီမိုကရေစီလည်း တည်တန့်ခိုင်မြဲလာ မယ်ဆိုရင် ကျနော်တို့ ပြည်ထောင်စုသား အားလုံးအဖို့ ဂုဏ်ယူစရာတောင် ဖြစ်ပါ လိမ့်ဦးမယ်။ အဲဒီတော့ ပြည်ထောင်စု တည်တန့်ခိုင်မြဲရေး၊ လွတ်လပ်ရေး တည်တန့်ခိုင်မြဲရေး၊ ဒီမို ကရေစီ တည်တန့်ခိုင်မြဲရေးကို အမှန်တကယ်အကျိုးပြုမယ့် နည်းကောင်းလမ်းကောင်းတွေကို ကျ နော်တို့စုပေါင်းပြီး၊ ကိုယ်စွမ်းရှိသရွေ့ ဉာဏ်စွမ်းရှိသရွေ့ ရှာဖွေကြရအောင်။

ဒီနည်းကောင်းလမ်းကောင်းတွေကို ရှာဖွေတဲ့အခါမှာ ပြည်မသားတွေရော၊ ပြည်နယ်သားတွေပါ မျက်ခြေမပြတ်သင့်တဲ့ အချက်ကြီးတချက်ကို ကျနော်တင်ပြလိုပါတယ်။ ဒီအချက်ကတော့ တခြားဟာ မဟုတ်ပါဘူး။ ကျနော်တို့ ရှာဖွေမယ့် နည်းလမ်းတွေဟာ တရားမျှတရေး၊ လွတ်လပ်ရေး၊ ညီမျှရေးဆိုတဲ့ လောကပါလတရား(၃)ပါးနဲ့ ပြည့်စုံနေတဲ့ နည်းလမ်းတွေ ဖြစ်ရမယ်ဆိုတဲ့ အချက်ဘဲဖြစ်ပါတယ်။

လူကြီးမင်းများခင်ဗျား။ ကျနော် နိဂုံးမချုပ်ခင် ပြည်ထောင်စုကြီးကို စတင် တည်ထောင်လာခဲ့ကြပြီး အကြောင်း အမျိုးမျိုးကြောင့် အခုအခါမှာ စိတ်ဝမ်းကွဲပြားနေကြတဲ့ ပြည်ထောင်စု ခေါင်းဆောင်တွေနဲ့ ပြည်မသားတွေ၊ ပြည်နယ်သားတွေ အားလုံး နိုင်ငံရေးသံဝေဂ ရကြဖို့အတွက် ကျနော်(၁)နှစ်လောက် တုန်းက ကြည့်ခဲ့ရဖူးတဲ့ “ယမနေမယ်” ပြဇာတ်ကလေးကို ကျနော် ဒီနေရာက တင်ပြလိုပါတယ်။

လူကြီးမင်းများခင်ဗျား။ ရှေးတုန်းက ‘ဘရုတ်သုက္ခတိုင်းပြည်’ဆိုတာ ရှိပါတယ်။ အဲဒီ ဘရုတ်သုက္ခ တိုင်းပြည်ရဲ့ ‘ငါတကော’ နယ်က ‘ဒူလာဘို’၊ ‘ငါတဗိုလ်’နယ်က ‘အို လေလေ့’၊ ‘ငါတလူ’နယ်က ‘ငတွတ်ကြီး’၊ ‘ငါတမင်း’နယ်က ‘ဗြောင်နောင့် ဗြောင်နောင်’၊ ‘ငါ့မြင်းငါစိုင်း’ နယ်က ‘ဘုရင် ဘုနောင်-တတ်ဗိန်’ဆိုတဲ့ ပညာသင်(၅)ဦးဟာ တက္ကသိုလ် ဆရာကြီး ‘ဦးဂျမ်းထိ’ ဆီမှာ ပညာသွားသင်ကြ ပါတယ်။

အဲဒီလိုပညာသင်တဲ့အခါ ပညာတော်သင် ‘အိုလေလေ့’က ရုပ်လုံးထုပညာမှာ တဖက်ကမ်းခတ် တတ်ပါတယ်။ ပညာတော်သင် ‘ငတွတ်ကြီး’က ပန်းချီပညာမှာ တဖက် ကမ်းခတ် တတ်ပါတယ်။ ပညာတော်သင် ‘ဗြောင်နောင့် ဗြောင်နောင်’က အရုပ်ကို အသက်သွင်းတဲ့ပညာမှာ တဖက်ကမ်းခတ် တတ်ပါတယ်။ ပညာတော်သင် ‘ဘုရင် ဘုနောင်-တတ်ဗိန်’က လေးအတတ်မှာ တဖက်ကမ်းခတ် တတ်ပါတယ်။ ပညာတော်သင် ‘ဒူလာဘို’ ကတော့ ဘာပညာမှ မတတ်ပါဘူး။ အဲဒီတော့ တက္ကသိုလ် ဆရာကြီး ‘ဦးဂျမ်းထိ’က ဘာပညာမှမတတ်တဲ့ ‘ဒူလာဘို’ကို ‘ယမနေသား’ သစ်တုံးတတုံးကိုပေးပြီး ပညာတော်သင်တွေ အားလုံးကို အိမ်ပြန်ခွင့် ပြုလိုက်ပါတယ်။

လမ်းရောက်တဲ့အခါ ‘ယမနေသား’ကို တက္ကသိုလ်ပြန် ‘အိုလေလေ့’က မိန်းမပျိုလေးအရုပ် ထုလိုက် ပါတယ်။ တက္ကသိုလ်ပြန် ‘ငတွတ်ကြီး’က အင်မတန်လှတဲ့ မိန်းကလေးတယောက် ဆေးခြယ်လိုက် တယ်။ တက္ကသိုလ်ပြန် ‘ဗြောင်နောင့်-ဗြောင်နောင်’ က အသက်သွင်းလိုက်တဲ့အတွက် ဒီမိန်းမပျို ရုပ်လေးဟာ အင်မတန်ချောပြီး အသက်ရှိတဲ့ မိန်းမပျိုလေး ဖြစ်လာပါတယ်။

အဲဒီအခါမှာ ကိုယ်ရွှေတက္ကသိုလ်ပြန်တွေဟာ ဒီမိန်းမပျိုလေးကို သူပိုင်ထိုက်တယ်၊ ငါပိုင်ထိုက်တယ်နဲ့ ဝိုင်းပြီး လုကြပါတယ်။ အဲဒီလို သူတို့ လုနေတုန်း ‘ဝဠာယက္ခ’ငှက်ဆင် တကောင်က အလစ်ဝင်ပြီး အုပ်လိုက်တာ ‘ယမနေမယ်’ လေးဟာ ငှက်ဆင်နောက် ပါသွားရှာပါတယ်။

အဲဒီအခါမှာ ကံကောင်းထောက်မပြီး တက္ကသိုလ်ပြန်‘ဘုနှောင်တတ်ဗိန်’က လေးနဲ့ ပစ်လိုက်တဲ့အတွက် ငှက်ဆင်ကြီး သေပြီး ‘ယမနေမယ်လေး’ပြန်ကျလာပါတယ်။ ဒါပေမယ့် တက္ကသိုလ်ပြန်တွေ အဝေ မတည့်တာနဲ့ အသက်သွင်းပေးတဲ့သူက အသက်ကို ပြန်ရုပ်သိမ်း၊ ပန်းချီဆေးခြယ်တဲ့သူက ဆေးတွေ ကို ပြန်ခြစ်၊ ပန်းပုဆရာကလည်း အရုပ်ကို ဖျက်နဲ့၊ လုပ်လိုက်ကြတာ အင်မတန်လှတဲ့ ‘ယမနေမယ်’ လေးဟာ ခုတ်ရာထစ်ရာတွေ၊ ခြစ်ရာဖဲ့ရာတွေ အပြည့်နေတဲ့ သစ်သားတုံး အပေါစားကြီး ဖြစ်သွားရ ရှာပါတယ်။

လူကြီးမင်းများခင်ဗျား။ တက္ကသိုလ်ပြန်တွေ မိုက်မဲတာကြောင့်‘ယမနေမယ်’ အပျိုချောလေးဟာ ကုတ်ရာခြစ်ရာဖဲ့ရာတွေနဲ့ ဒင်းကြမ်းဖြစ်နေတဲ့ သစ်သားတုံးအပေါစားကြီး ပြန်ဖြစ်သွားရသလို အချုပ် အချာအာဏာပိုင်နေတဲ့ ကျနော်တို့ ပြည်ထောင်စုကြီးဟာ ကျနော်တို့အားလုံးရဲ့မိုက်မဲမှုကြောင့် အင်မတန်အရုပ်ဆိုးလှတဲ့ ကျွန်ဘဝကို ပြန်ရောက်မသွားရ လေအောင် ကျနော်တို့အားလုံး ကိုယ်စွမ်းရှိ သရွေ့၊ ဥာဏ်စွမ်းရှိသရွေ့ ကြိုးစားကြပါစို့။ ။

( သြဘာသံများ )
……………………………………………………………………………………………………………………………
အခန်း ( ၃ )
ပြည်နယ်များ ညီညွတ်ရေးအဖွဲ့ မှ တင်သွင်းသော “ပြည်ထောင်စုစစ်စစ်မူ” ( ဖက်ဒရယ်မူ ) ကို ရှမ်းပြည်နယ်ဥက္ကဋ္ဌ၊ ဝန်ကြီး သတိုးမဟာသရေစည်သူ စောခွန်ချိုမှ တင်သွင်းခြင်း၊
အခမ်းအနားမှူး။ ။နံပါတ်(၄)အစီအစဉ်အရ ရှမ်းပြည်နယ်ဥက္ကဋ္ဌကြီး၊ ဝန်ကြီး သတိုးမဟာ သရေစည်သူ စောခွန်ချိုက “ဖယ်ဒရယ်မူ” ကို တင်ပြရန်ပါခင်ဗျ။ (သြဘာသံများ)

လေးစားအပ်တဲ့ သဘာပတိကြီး ဝန်ကြီးချုပ်ခင်ဗျား။ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ခင်ဗျား။ ပြည်နယ် ပေါင်းစုံမှ တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်တော်များနဲ့ ပြည်မ နိုင်ငံရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်တော်များခင်ဗျား။ ဤနှီးနှောဖလှယ်ပွဲမှာ ‘ပြည်နယ်များ ညီညွတ်ရေးအဖွဲ့’ ကိုယ်စား စကားပြောကြားခွင့်ရရှိတဲ့အတွက် များစွာ ကျေးဇူးတင် ဝမ်းမြောက်လှပါတယ်။ အခုလို စုံစုံညီညီ စုဝေးကြပြီးတော့ ပြည်နယ်များညီညွတ်ရေးအဖွဲ့က တင်ပြထားပြီးတဲ့ ပြည်ထောင်စုမူကိစ္စကို ဆွေးနွေးညှိနှိုင်းကြဖို့အတွက် နှီးနှောဖလှယ်ပွဲကြီး ပေါ်ပေါက်လာရတာ ကျနော့်အနေနဲ့အလွန်ဘဲ ဝမ်းသာ ကျေးဇူးတင်ပါတယ်။

ကျနော်တို့ ပြည်နယ်များညီညွတ်ရေးအဖွဲ့ကိုယ်စား ပြည်ထောင်စုမူ တင်ပြရန် တာဝန်ပေးအပ်တဲ့ အတိုင်း ကျနော်တင်ပြ ပြောဆိုမယ့် အချက်အလက်တွေကို နားဆင်ကြရတဲ့ ကိုယ်စားလှယ်များ အားလုံးဟာ မိသားစုစိတ်ဓါတ်ဖြင့် ယနေ့ ပေါ်ပေါက်နေတဲ့ ပြည်နယ်များ ပြဿနာကို အထူးစဉ်းစား ဝေဖန်ကြစေလိုပါတယ်။

ကျနော်များကလည်း ပြည်မရှိ နောင်တော်ကြီးများကို ရှင်းလင်းတင်ပြကြတဲ့အခါ စိတ်ရှည်လက်ရှည်နဲ့ မိမိကြုံတွေ့နေတဲ့ ကြုံတွေ့နေရပုံတွေကို တင်ပြကြပါရန် မေတ္တာရပ်ခံလိုပါတယ်။ ပြည်နယ်များရဲ့ ပြဿနာကို စဉ်းစားကြတဲ့အခါမှာလည်း ‘ပြည်ထောင်စု မပြိုကွဲရေး၊ ပြည်ထောင်စုကြီး ညီညွတ်ရေး’ ဆိုတဲ့ အခြေခံမူအပေါ်မှာတည်ပြီး စဉ်းစားကြပါရန် တောင်းပန်လိုပါတယ်။

ပထမဦးစွာ တင်ပြအစီရင်ခံလိုတာက ‘လက်ရှိပြည်ထောင်စုကြီး ဖြစ်ပေါ်လာပုံ’ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ပြည်ထောင်စု အကြောင်း စဉ်းစားလိုက်တိုင်း ပြည်ထောင်စုသားတိုင်း မမေ့သင့် မမေ့ထိုက်တဲ့အချက်ဟာဖြင့် (၁၉၄၇)ခုနှစ် ဖေဖေါ်ဝါရီလတွင် ကျင်းပခဲ့တဲ့ ‘ပင်လုံညီလာခံကြီး’ ပင်ဖြစ်ပါတယ်။

အဲဒီ ပင်လုံညီလာခံကြီးဟာ ယနေ့ ပြည်ထောင်စုကြီးကို ပေါက်ဖွားလာစေရန် အုတ်မြစ်ချခဲ့တဲ့ ညီလာခံကြီးလို့ ဆိုနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ပြည်ထောင်စုသားတွေအပေါ် အနှစ်နှစ်အလလ စိုးမိုးအုပ်ချုပ်လာတဲ့ နယ်ချဲ့ အင်္ဂလိပ် လက်အောက်ကနေပြီး လွတ်လပ်ရေး တောင်းဆိုဖို့အတွက် ပြည်နယ်ခေါင်းဆောင်များနဲ့ ပြည်မ ခေါင်းဆောင်များတို့က ညှိနှိုင်း အောင်မြင်လို့ အခုလို လွတ်လပ်တဲ့ပြည်ထောင်စုတခု ကမ္ဘာ့တိုင်းပြည်များထဲမှာ ပေါ်လွင်လာတဲ့အတွက် ကျနော်တို့ က ပင်လုံ ညီလာခံကြီးဟာ ပြည်ထောင်စုကြီးရဲ့ အခြေခံအုတ်မြစ်ချခဲ့တဲ့ ညီလာခံကြီး ဖြစ်ကြောင်း တင်ပြရခြင်းဖြစ်ပါတယ်။

အဲဒီပင်လုံညီလာခံကြီးမှာ ဘာတွေညှိနှိုင်းခဲ့ကြပြီး၊ ဘာတွေ အောင်မြင်ခဲ့ကြသလဲ ဆိုတာကို အကျဉ်း ချုပ်အားဖြင့် ဖော်ပြရမယ်ဆိုရင် လွတ်လပ်ရေးတောင်းဆိုတဲ့အခါ ညီညွတ်တဲ့အားဟာ အင်မတန် အရေးကြီးတဲ့အတွက် ပြည်မနဲ့ ကျန်တဲ့ ပြည်နယ်များဟာ ပြည်နယ်များအား တူညီအောင် ညှိနှိုင်းပြီး ညီညွတ်ရေးတည်ဆောက်ရမယ်၊ တည်ဆောက်ရမှာမို့ (၁)တန်းတူညီမျှအခွင့် အရေးရှိခြင်း၊ (၂) တောင်တန်းသားဒေသများတွင် ကိုယ်ပိုင်ပြဌာန်းခွင့် ရှိခြင်း၊ (၃)လွတ်လပ်ရေးရရှိပြီးနောက် ပြည်ထောင် စုမှ ခွဲထွက်လိုက ခွဲထွက်နိုင်ခြင်း စတဲ့ အခြေခံ(၃)ရပ်အပေါ် အဓိကထားပြီး ပြည်ထောင်စု တည်ဆောက်ရေးကို သဘောတူခဲ့ကြပါတယ်။

ဒီအခြေခံ(၃)ရပ်ကို သဘောတူခဲ့တဲ့အတွက် ကမ္ဘာကျော်ပင်လုံစာချုပ်ကို ချုပ်ဆို နိုင်ခဲ့ကြပါတယ်။ အဲဒီလို ပြည်နယ်များနဲ့ ပြည်မဟာ တစိတ်ထဲ တဝမ်းထဲရှိကြောင်း ပြသနိုင်ခဲ့လို့ဘဲ အင်္ဂလိပ်အစိုးရဟာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို လက်လွှတ် လိုက်ရပါတယ်။

ပင်လုံညီလာခံကြီးမှာ ပင်လုံစာချုပ်ချုပ်ဆိုပြီးနောက် Mr. Reese William ခေါင်းဆောင်ပြီး ပြည်မ/ပြည်နယ် ခေါင်းဆောင်များ ပါဝင်တဲ့ စုံစမ်းရေးကော်မတီမှာ အထက်ပါ အခြေခံမူ(၃)ရပ် အတိုင်း ပြည်မနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တညီတညွတ်တည်းလည်း သက်သေခံခဲ့ပါတယ်။ ဒီလို တညီတညွတ်တည်း ပူးပေါင်းဆောင်ရွက်ခဲ့တဲ့အတွက် နယ်ချဲ့သမားရဲ့ သွေးခွဲရေးလုပ်ငန်းဟာ ပျက်ပြယ်သွားပြီး မြန်မာပြည်ရဲ့လွတ်လပ်ရေးကို အမြန်ဆုံး ကမ္ဘာသို့ ကြေညာလာနိုင်ခဲ့ပါတယ်။

(၁၉၄၇)ခုနှစ် မေလမှာ ကျင်းပခဲ့တဲ့ ဖဆပလ ပဏာမပြင်ဆင်မှု ညီလာခံမှာလည်းဘဲ လူမျိုးစုတိုင်း တန်းတူရရှိရေးနဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံမှာလည်း အဲဒီတန်းတူရေးအပေါ် အခြေခံတဲ့ ပြည်ထောင်စု စစ်စစ်ဖြစ်ဖို့ လမ်းစဉ်ချမှတ်ခဲ့ပါတယ်။ လက်ရှိအခြေခံဥပဒေကြီး ရေးဆွဲကြဖို့ဆိုပြီး တိုင်းပြုပြည်ပြု လွှတ်တော်မှာ ပြည်မခေါင်းဆောင်ကြီးများ၊ ကိုယ်စားလှယ် တော်များနဲ့ ပြည်နယ်ခေါင်းဆောင် ကိုယ်စားလှယ်များက ဝိုင်းဝန်းစဉ်းစားကြတဲ့အခါ အနှစ်သာရဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လမ်းညွှန် (၇)ချက်အကျဉ်းချုပ်ကို ဖော်ပြခွင့်ပေးစေလိုပါတယ်။

အဲဒါက ဘာတွေလဲဆိုရင်
၁။ အချုပ်အချာအာဏာပိုင်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဖြစ်စေရမယ်၊
၂။ ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာ အပြည့်အစုံရှိသော ပြည်နယ်များ ပါဝင်သော ပြည်ထောင်စု ဖွဲ့စည်းစေရမယ်၊
၃။ အာဏာများဟာ တိုင်းသူပြည်သားတွေဆီက ဆင်းသက်လာစေရမယ်၊
၎။ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးတို့မှာ အယုတ်-အလတ်-အမြတ်မရွေး တန်းတူညီမျှမှုရှိစေရမယ်၊
၅။ လူနည်းစုကို အကာအကွယ်ပြုစေရမယ်၊
၆။ ပြည်ထောင်စုကြီး တည်တန့်ခိုင်မြဲရေး၊ အချုပ်အခြာအာဏာ စိုးမိုးရေးဆိုတာကို ဥပဒေအရ ထိန်းသိမ်းစောင့်ရှောက်မှု ရှိစေရမယ်။
၇။ ကမ္ဘာ့နိုင်ငံတကာနှင့် ရင်ပေါင်တန်း လိုက်နိုင်ရန်အတွက် ကြိုးစားပြီး ကမ္ဘာ့နိုင်ငံတွေနဲ့ ငြိမ်းချမ်းစွာဆက်ဆံရေးကို ရှေ့ရှုစေရမယ်ဆိုတဲ့ အဓိကအခြေခံ(၇)ချက်ဖြစ်ပါတယ်။

အဲဒီအခြေခံများကို အုတ်မြစ်ချပြီးတော့ ပြည်ထောင်စုသမတ မြန်မာနိုင်ငံတော်ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ရေးဆွဲကြရန် ဗိုလ်ချုပ်အောင်ဆန်းက လမ်းညွှန်ပြသခဲ့တဲ့အကြောင်း ကိုယ်စားလှယ် တော်များအားလုံး အသိဘဲ ဖြစ်ပါတယ်။ ဒီအချိန်အခါမှာ နိုင်ငံရေးအခြေအနေတွေကလည်း ရှုတ်ထွေး ပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ခေါင်းဆောင်များဟာ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရတဲ့အတွက် တပြည် လုံး ယူကြုံးမရ ဝမ်းနည်းကြေကွဲ ဖြစ်နေရတဲ့ အချိန်ဖြစ်လေတော့ လွတ်လပ်ရေးအတွက် ကြိုးပမ်းမှုမှာ စိတ်မချမ်းသာစရာတွေဖြစ်လာတာကြောင့်မို့ ကိုယ့် တိုင်းပြည်ရဲ့အခြေကို တိုင်းတပါးက ဝင်ရောက် မစွက်ဖက်နိုင်အောင် ကာကွယ်ကြရမှာဘဲဆိုပြီး ခပ်မြန်မြန်နဲ့ တိုင်းပြုပြည်ပြု လွှတ်တော်မှာ အခြေခံ ဥပဒေကို အငြင်းပွားမှုမထားဘဲ အလျင်စလို လက်ခံလိုက်ခြင်းဖြစ်ပါတယ်။

ပင်လုံညီလာခံကြီးက အစပြုပြီး အဆင့်ဆင့်တောင်းဆိုလာကြလို့ လွတ်လပ်ရေးတော့ လက်ဝယ် ရရှိပြီးပါပြီ။ ဒါပေမယ့်လို့ လွတ်လပ်ရေးရပြီးတဲ့ နောက်ပိုင်းမှာ ပင်လုံညီလာခံကြီးရဲ့အနှစ်သာရ၊ ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ပေးလိုက်တဲ့ လမ်းညွှန်နဲ့ ကိုက်ညီတယ်/မကိုက်ညီဘူးဆိုတာတွေကို ကျနော်တို့ လျှောက်လာခဲ့တဲ့(၁၄)နှစ်ကျော်ခရီးအပေါ် ပြန်လည် ဆန်းစစ်ဖို့ လိုအပ်ပါလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဒါကြောင့် ဒုတိယအချက်အနေနဲ့ ကျနော်တို့ပြည်နယ်များရဲ့ လက်ရှိခံစားနေရတဲ့ အခြေအနေတွေကို ယေဘူယျ သဘောအားဖြင့် အကျဉ်းချုပ်တင်ပြပါရစေ။ ပြည်နယ်များ၏ လက်ရှိအခြေအနေကို ကျနော်တို့က တင်ပြမှသာ နှီးနှောဖလှယ်ပွဲ တက်ရောက်ကြတဲ့ ကိုယ်စားလှယ်တော်များအားလုံးဟာ ပိုမိုပြည့်စုံစွာ စဉ်းစား ဝေဖန်နိုင်လိမ့်မယ်လို့ ယူဆပါတယ်။

ပြည်နယ်များနဲ့ ပြည်နယ်မရရှိသေးတဲ့ လူမျိုးစုဆွေမျိုးရင်းချာများဟာ လွတ်လပ်ရေး ရရှိပြီးတဲ့နောက် ဒီဖက်ကာလမှာ မိမိကံကြမ္မာ မိမိတို့ဖန်တီးရမယ်ဆိုတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ပြည့်ပြည့်ဝဝ မခံစား ရသေးကြောင်း တွေ့ရှိရပါတယ်။ ဒီလိုပြောလိုက်လို့ ကျနော်တို့အပေါ် ဘယ်လိုမှ အထင်မလွဲ စေချင် ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ဟာ ပြည်နယ်များကိုယ်စား ရိုးရိုးသားသားအနေနဲ့ ပြည်နယ် တွေ ခံစားနေရတာဟာဖြင့် ဘာတွေလဲဆိုတာ ဖော်ပြဖို့ဘဲ ဖြစ်ပါတယ်။

ပြည်နယ်တွေအားလုံး ယုံကြည်ကိုးစားခဲ့တဲ့ မြန်မာပြည်လွတ်လပ်ရေးရတော့မယ်၊ လွတ်လပ်ရေး ရပြီးရင်ဖြင့် ဒို့တတွေဟာ မိမိကံကြမ္မာ မိမိဖန်တီးပြီး တိုးတက်သော ပြည်နယ်များ ဖြစ်လာအောင် လုပ်နိုင်တော့မယ်၊ တိုးတက်တဲ့ ပြည်နယ်တွေ ပေါင်းထားတဲ့ ပြည်ထောင်စု ဖြစ်လာတော့မယ် ဆိုတာတွေဟာ ကျနော်တို့ ပြည်နယ်သားတွေ၊ လူမျိုးစုများအားလုံး အားလုံးတွေရဲ့ ဝမ်းထဲ ကိန်းအောင်းပြီး အမျှော်လင့်ကြီး မျှော်လင့်ခဲ့ပါတယ်။

ဒါပေမယ့် လွတ်လပ်ရေးခေတ်(၁၄)နှစ်ခရီး ပြည်မက နောင်တော်တွေနဲ့ လက်တွေ့ လျှောက်လာတဲ့ အခါ ကျနော်တို့ရဲ့ မျှော်လင့်ချက်တွေ၊ ကျနော်တို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေဟာ အပြည့်အဝ မရှိမှန်း သိလာခဲ့ရပါတယ်။

ကျနော်တို့ တိုးတက်ဖွံ့ဖြိုးရေးကို အစွမ်းကုန် ကျနော်တို့ မလုပ်ဆောင်နိုင်ကြောင်း သိသာခံစားနေရ ပါတယ်။ ဒီလို မွေးဖွားရာ ဗီဇပါလာတဲ့ ကိုယ်ပိုင်ပြဌာန်းနိုင်ခွင့် အခွင့်အရေး အပြည့်အဝ မခံစားလာ ရတော့ ကျနော်တို့ ပြည်ထောင်စုကြီးဟာ ကျနော်တို့ပြည်နယ်များအပေါ် ကိုယ်စားပြုလာတာ မဟုတ် တော့ဘဲ ပြည်မလို့ခေါ်တဲ့ ဗမာပြည်ဒေသတွေကို အဓိက ကိုယ်စားပြုလာတာ တွေ့မြင်လာကြရပါ တယ်။

ပြည်နယ်များကတော့ ပြည်မနဲ့ ညီမျှမှုမရှိတဲ့အတွက် စွမ်းအားရှိသလောက် လုပ်ကိုင်နိုင်ခွင့်မရှိခဲ့လို့ တိုးတက် သင့်သလောက် မတိုးတက်ခဲ့ပါဘူး။ ဒီလို ဘာကြောင့်ဖြစ်ရသလဲဆိုရင် ပြည်ထောင်စုရယ်လို့ စုပေါင်းဖွဲ့စည်းကြတဲ့အခါ ပြည်နယ်ရသင့် ရထိုက်တဲ့ လူမျိုးစုများကို ပြည်နယ်အင်္ဂါနဲ့အညီ ဖွဲ့စည်းပြီး ရှမ်းပြည်နယ်လူထုအတွက် ရှမ်းပြည်နယ်၊ ကယားပြည်နယ်လူထုအတွက် ကယားပြည်နယ်ရှိကြသလို ပြည်မလူထုအတွက်လည်း ပြည်နယ်တနယ် ဖွဲ့စည်းပြီးတော့ တန်းတူညီတူ အခြေခံအပေါ် ဖွဲ့စည်း ထားခြင်း မရှိခဲ့လို့ဘဲလို့ဆိုတာ သက်သေပြနေပါတယ်။

ပင်လုံညီလာခံရဲ့အနှစ်သာရ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့လမ်းညွှန်ချက်များကို အဓိကထားပြီး တန်းတူ ညီတူ ဖွဲ့စည်းစုပေါင်းရန် အကောင်အထည် ဖော်လာကြရင် ပြည်ထောင်စုအစိုးရဟာ ပြည်နယ်များ အားလုံးကို ကိုယ်စားပြုတဲ့အစိုးရဘဲ ဖြစ်လာရမှာပါဘဲ။ အခုတော့ ပြည်မလူထုအတွက် ပြည်နယ် တနယ် ဖွဲ့စည်းရေးမကြိုးစားဘဲ ပြည်မအဖြစ်ဆိုပြီး ထားလေတော့ ပြည်မရဲ့အခွင့်အာဏာနဲ့ ပြည်ထောင်စုရဲ့အခွင့်အာဏာ ရောထွေးစုပေါင်းပြီး စိုးမိုး အုပ်ချုပ်လာတော့ကာ ပြည်ထောင်စု အဖြစ်က လျှောကျလာပြီး တပြည်ထောင် စိုးမိုးမှုစနစ်သို့ တရွေ့ရွေ့ကူးပြောင်းလာတာကို တွေ့ရှိရ ပါတယ်။ သည်အကြောင်းအရာကြောင့်လည်း ကျနော်တို့ ပြည်နယ်များဟာ တနေ့တခြား တာဝန်ရှိ တဲ့ပြည်မက ပြည်မအစိုးရ အပေါ်မှာ သံသယရှိရှိလာပါတယ်။ ဒီသံသယတွေဟာ ထုနဲ့ဒယ်နဲ့ ဝင်ဝင် လာလို့ ကနေ့ပြည်နယ်များဟာ ပြည်မအပေါ် မကျေမနပ် ဖြစ်တဲ့အကြောင်း ထုတ်ဖော်လာကြရ ပါတယ်။ ကနေ့ဖွဲ့စည်း တည်ထောင်ထားတဲ့ ပြည်ထောင်စုပုံသဏ္ဍာန်ဟာ ပြည်နယ်များရဲ့ အမျိုးသား ညီညွတ်ရေး တည်ဆောက်နိုင်မယ့်ပုံစံမျိုး၊ ညီမျှသော ပြည်ထောင်စုစနစ်မျိုး မဟုတ်ကြောင်း ကိုလည်း တွေ့ မြင်လာခဲ့ကြရပါတယ်။

အခုလို ကျနော်တင်ပြအစီရင်ခံလိုက်တော့ ပြည်မတာဝန်ရှိပုဂ္ဂိုလ်များ၊ ခေါင်းဆောင်များ၊ ကိုယ်စား လှယ်တော်များက ကျနော့်အပေါ် တမျိုးထင်ယောင်ထင်မှာ ရှိချင်ရှိကြပါလိမ့်မယ်။ ဒါပေတဲ့ ကနေ့ နှီးနှောဖလှယ်ပွဲမှာ မိသားစုစိတ်ဓါတ်၊ ပြည်ထောင်စုစိတ်ဓါတ်နဲ့ ပြည်နယ်များပြဿနာကို အပြန် အလှန်ညှိနှိုင်းဆွေးနွေးကြမှာမို့ ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသားနဲ့ ဆက်လက် တင်ပြပါရစေ။

တတိယအချက်ကတော့ အထက်က ကျနော်အစီရင်ခံခဲ့သလို ဟုတ်/မဟုတ် ဆန်းစစ်ကြည့်လိုက်ရင်၊ လက်ရှိ ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ နိဒါန်း နှင့် အဲဒီနိဒါန်းတို့ကို အခြေပြုပြီး ရေးဆွဲပြဌာန်းထားတဲ့ နောက်အပိုဒ်တွေ နှိုင်းယှဉ်ကြည့်ပြီး စီစစ်လိုက်ပါရင်၊ ရှေ့နဲ့နောက် မကိုက်ညီ တာ တော်တော်များများ တွေ့ရပါလိမ့်မယ်။ ဒီ အချက်အလက်တွေကိုတော့ ကျနော် အထူးမဖော်ပြ လိုတော့ပါဘူး။ ကျနော့်ထက် ဥပဒေ ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်များ ပိုမိုသိရှိ နားလည်တော်မူကြပါလိမ့်မယ်။ အဲဒီလို ဥပဒေနိဒါန်းမှာ တရားမျှတခြင်း၊ ညီမျှခြင်း၊ လွတ်လပ်ခြင်းဆိုတဲ့ လောကပါလ တရားတွေကို ထုတ်ဖော်ပြဌာန်းထားလင့်ကစား နောက်အပိုဒ်တွေမှာ ဒီတရားတွေရဲ့အခြေခံကို ဆန့်ကျင်နေတဲ့ အကြောင်းရင်းဟာ ကျနော်တို့အတွက် အထူးဝမ်းနည်းစရာ တရပ်ဖြစ်ပါတယ်။ အခြေခံဥပဒေကို ပြန်လည် ပြင်ဆင် စေချင်တဲ့ဆန္ဒ ပြင်းပြင်းပြပြ ပေါ်ပေါက်လာရတာလည်း ဒီအကြောင်းရင်း ကြောင့်ဘဲ ဖြစ်ပါတယ်။ အခြေခံ ဥပဒေထဲက အကြောင်းပြချက်တချက်အနေနဲ့ ဖော်ပြရမယ်ဆိုရင် အခြေခံဥပဒေ ပုဒ်မ(၂၂၂)အရ ပြည်မဟာ တခြား ပြည်နယ်များ နည်းတူ ပြည်ထောင်စုအဖွဲ့ဝင်တခု ဖြစ်ပေမယ့် အခြေခံ ဥပဒေပုဒ်မ(၈)အရ အခြားသော ပြည်နယ်များ အပေါ်မှာ ပြည်ထောင်စုအနေနဲ့ စိုးမိုး အာဏာလွှမ်းလာလို့ ပြည်နယ်များဟာ တကယ်ပဲ မကျေမနပ်ဖြစ်ခဲ့ရပါတယ်။ အမှန်မှာ အဲဒီပုဒ်မရဲ့ အနှစ်သာရဟာ ပြည်မဟာ ပြည်နယ်တနယ်အဖြစ် ပြည်ထောင်စု အဖွဲ့ဝင်တခုဖြစ်သင့်ပေမယ့် ပြည်မဟာ ပြည်ထောင်စုအာဏာများ လက်ဝယ်ရရှိပြီး အဲဒီ အာဏာတွေနဲ့ ပြည်နယ်များအပေါ်မှာ စိုးမိုး လွှမ်းခြုံ လာတယ်လို့ ပြည်နယ်များက ယုံကြည်ကြပါတယ်။

ဒါကြောင့် ကျနော်က နောက်ဆုံး စတုတ္ထအချက်အနေနဲ့ ပြည်နယ်များရဲ့ဆန္ဒကို ထုတ်ဖော်ရန် တာဝန်ရှိသည်နှင့်အညီ ကျနော်တို့ လိုလားတောင့်တတဲ့ ပြည်ထောင်စုဖွဲ့စည်း အုပ်ချုပ်ပုံပုံစံဟာ ပြည်နယ်တိုင်းဟာ တန်းတူညီတူအခွင့်အရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်အပေါ် အခြေပြုတဲ့ ပြည် ထောင်စုပုံစံစနစ်မျိုး ဖွဲ့စည်းရေးဘဲ ဖြစ်ပါတယ်။ ဒီလို တန်းတူညီတူ အပေါ် ဖွဲ့စည်းရေးကို အခြေခံ တဲ့အခါမှာ ရသင့်သောဒေသများကို ပြည်နယ်ဖွဲ့စည်းပေးပြီး ပြည်မအတွက်လည်း ပြည်နယ်တနယ် ဖွဲ့စည်းမှသာ တန်းတူရေးအခြေခံဟာ အကောင်အထည်ပေါ်လာပါလိမ့်မယ်။ ဒါကြောင့် ပြည်နယ်များ ညီညွတ်ရေးအဖွဲ့ ကိုယ်စား ကျနော်တို့လိုလားသော ပြည်ထောင်စုနစ်ဖွဲ့စည်းပုံ ပုံသဏ္ဍာန်ကို တင်ပြ အစီရင်ခံရပါရင် -

၁။ ပြည်မကို ပြည်နယ်တနယ်ဖွဲ့စည်းရေး၊
၂။ လွှတ်တော်နှစ်ရပ် အာဏာအတူပေးရေး၊
၃။ လူမျိုးစုလွှတ်တော်သို့ ပြည်နယ်တိုင်းပြည်နယ်တိုင်း တူညီသောကိုယ်စားလှယ်များ လွှတ်ပေးရေး၊
၎။ ပြည်နယ်များက မိမိဆန္ဒအလျောက် လွှဲအပ်သောအာဏာများကို ပြည်ထောင်စုဗဟိုအစိုးရသို့ ကန့်သတ်ပေး၍ ကျန်အာဏာများကို ပြည်နယ်များတွင်ထားရှိရေး ဆိုတဲ့အခြေခံအပေါ် ပြည်နယ်များညီညွတ်ရေးအဖွဲ့ကတင်ပြထားတဲ့ ပြည်ထောင်စုစနစ်ပုံစံ အတိုင်း အခြေခံဥပဒေမျိုး ပြင်ဆင်စေခြင်းပါဘဲ။

လေးစားအပ်သော သဘာပတိကြီးနဲ့တကွ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်ထောင်စုကိုယ်စားလှယ်တော်များ၊ ပြည်မနိုင်ငံရေးအဖွဲ့အစည်းခေါင်းဆောင် ကိုယ်စားလှယ်တော်များခင်ဗျား။ ယခုကျနော်တင်ပြထားတဲ့ အဓိကအချက်ကြီး (၄)ချက်ဖြစ်တဲ့
(၁) ပြည်ထောင်စုဖြစ်ပေါ်လာပုံ၊
(၂) ပြည်နယ်များ လက်ရှိအခြေအနေ၊
(၃) လက်ရှိဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၊
(၄) ပြည်ထောင်စုဖွဲ့စည်းရေး၊
ဆိုတာတွေကို အလေးအနက် စဉ်းစားဝေဖန်ပိုင်းခြားပြီး ကျနော်တို့ပြည်နယ်များအပေါ် မိသားစုစိတ်ဓါတ်နဲ့ ကြည့်ပြီး ပြေလည်တဲ့အထိ ညှိနှိုင်းဆွေးနွေး ဖြေရှင်းကြစေလိုပါတယ်။

(၁၄)နှစ်ကျော်ကျော် ကြုံတွေ့ခံစားလာခဲ့ရတဲ့ ကျနော်တို့ ပြည်နယ်များရဲ့အခြေအနေတွေကိုလည်း သိစေလိုပါတယ်။ ကျနော့်အနေနဲ့ အခုလို ပြည်နယ်များညီညွတ်ရေး အဖွဲ့ကိုယ်စား တင်ပြခွင့်ရရှိတာ ကိုလည်း အထူးဘဲကျေးဇူးတင် ဝမ်းမြောက်လှပါတယ်။ အခု ကျနော်တို့ရဲ့တင်ပြချက်ဟာ လွတ်လပ်ရေး (၁၄)နှစ်တာလမ်းခရီးရဲ့ အတွေ့အကြုံများအရ ဒီနေ့ လျော့လျဲနေတဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးကို ပြည်လည်ခိုင်မာစွာ တည်ဆောက် နိုင်ရန်အတွက် အထက်ပါမူ အတိုင်း လုပ်ဆောင်နိုင်မှသာ ဖြစ်မြောက် အောင်မြင်လိမ့်မယ်လို့ အလေးအနက်ယုံကြည်ပြီး တင်ပြရခြင်း ဖြစ်ပါတယ်။

ဒါကြောင့် အခုလို ကျနော်များမိသားတစု မိသားစုစုံလင် နှီးနှောဖလှယ်ပွဲကြီး ထမြောက် အကောင် အထည်ဖော်ပေးတဲ့ ဝန်ကြီးချုပ်ဦးနုကို အထူးကျေးဇူးတင် ဝမ်းမြောက်ကြောင်းပြောပြရင်း ကျနော်တို့ ပြည်ထောင်စုကြီးရဲ့ ပြဿနာကိုလည်းဘဲ ဖြေရှင်းပေးနိုင်ကြပါရန် တိုက်တွန်းနှိုးဆော်မေတ္တာရပ်ခံ၍ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲပါစေဟု ဆုတောင်းရင်း နိဂုံးချုပ်ပါတယ်ခင်ဗျား။ ( သြဘာသံများ)
………………………………………………………………………………………………………………………….
အခန်း ( ၄ )
ကချင်ပြည်နယ် ကိုယ်စားလှယ် ဒူးဝါးဇော်လွန်း၏ ဆွေးနွေးတင်ပြချက်၊
အခမ်းအနားမှူး။ ။ ကချင်ပြည်နယ်ကိုယ်စားလှယ် ဒူးဝါးဇော်လွန်းက ထောက်ခံတင်ပြပါလိမ့်မယ်။
(
သြဘာသံများ)

နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ နိုင်ငံရေးအဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင် များ ခင်ဗျား။ ဒီနှီးနှောဖလှယ်ပွဲ ကျင်းပရခြင်းဟာ ကျနော်များရဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေကြီးကို ဆန်းစစ်ရအောင်လို့ နိုင်ငံတော် ဝန်ကြီးချုပ်က စီစဉ်လိုက်ခြင်း ဖြစ်တယ်လို့ ယူဆမိပါတယ်။

အခုလို တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်ပေါင်းစုံ၊ နိုင်ငံရေးအဖွဲ့အစည်းအသီးသီး ခေါင်းဆောင် ပေါင်း စုံညီစွာ ဆုံမိကြခြင်းဟာ အကြောင်းမဲ့ ဆုံကြခြင်းမဟုတ်ပါ။ အကြောင်းရှိလို့သာ စုံညီစွာ ဆုံမိ ကြခြင်းဖြစ်ပါတယ်။ အနာတခုခုတော့ ဖြစ်နေပြီ။ ဒီအနာကို စောစောစီးစီး အချိန်မီ မကုဖြစ်လျှင် ဒုက္ခ တွေ့ကြရတော့မယ်ဆိုတာကို တင်ကြိုမြင်တဲ့၊ မြင်မိတဲ့ နိုင်ငံတော် ဝန်ကြီးချုပ်က အနာတခြား ဆေး တခြားမဖြစ်ရလေအောင် မိသားစုဝင်တွေ ခေါ်ပြီး အနာနဲ့တည့်တဲ့ အားဆေး နည်းရှာရအောင်လို့ ဖိတ်ခေါ်ခြင်းဖြစ်တာဘဲလို့လည်း ယူဆမိပါတယ်။ ကျနော်များတတွေ ဒုက္ခတွေ့ရုံမက ကာလနာကျပြီး တရွာလုံး ပျက်နိုင်မယ့် ဘေးအန္တရာယ်ဆိုးကြီးကို အဝေးကမြင်မိပြီး ကာကွယ်တဲ့ဆေး ဖော်ဖို့စီစဉ် လိုက်သော ဝန်ကြီးချုပ်အား ကျနော်များ ကျေးဇူးမတင်ဘဲ မနေနိုင်ပါ။

ဤနှီးနှောဖလှယ်ပွဲကြီးဟာဖြင့် ပြည်ထောင်စုကြီးအတွက် အဘိုးမဖြတ်နိုင်တဲ့ အမြတ်ထွက် လိမ့်မယ် လို့ ယုံကြည်မိတဲ့အတွက် အလွန်လေးနက်လှသော နှီးနှောဖလှယ်ပွဲ ကြီးဟု လေးစားမိပါတယ်။

အနာတခုခုတော့ဖြစ်နေပြီဆိုတာ လူတိုင်းသိနိုင်ပါပြီ။ ဒီအနာဟာ ဘာအနာမျိုးလဲ၊ ဘယ်ကပေါ်လာ တဲ့အနာလဲဆိုတာကို ဇစ်မြစ်ရှာပြီးမှ ဆေးကုရလွယ်ပါလိမ့်မယ်။ ပြည် ထောင်စုအတွင်းမှာ ပြည် ထောင်စုတခုလုံးကို ထိခိုက်စေတဲ့ အနာအဆာ ပေါ်လာလျှင် ဝိုင်းဝန်းကာကွယ် ကုစားဖို့ တာဝန်ရှိ ကြတဲ့အတိုင်း ပြည်နယ်များညီညွတ်ရေးအဖွဲ့ ဥက္ကဋ္ဌကြီး၏ တင်ပြချက်များကို ထောက်ခံရင်း အနည်း ငယ် ထပ်ဖြည့်တင်ပြလိုက်ပါတယ်။

ယခုအချိန်အခါမှာ ပြည်နယ်သားများဟာ မကျေမနပ်မှုများပြားလာပြီး ပြည်မသားများအပေါ် ထင် ယောင်ထင်မှား ဖြစ်လာတဲ့ ပွစိပွစိရောဂါဟာ တခြားအကြောင်းကြောင့်ပေါ်လာတာ မဟုတ်ပါဘူး။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်ချမှတ်ခဲ့တဲ့ ပြည်ထောင်စုဖွဲ့စည်း အုပ်ချုပ်ပုံ နဲ့ ယခုအမှန်တကယ် ဖြစ်တည်နေတဲ့ ပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံဟာ များစွာကွဲပြား ခြားနားနေ တာကြောင့်တကြောင်း၊ လွတ်လပ်ရေးမရမီ အချိန်နဲ့ လွတ်လပ်ရေး အရယူပြီးသော စပ်ကူးမတ်ကူး အချိန်တွင် တောင်တန်းဒေသ လူနည်းစုများဖြစ်သော ရှမ်း၊ ကချင်း၊ ချင်း အစရှိတဲ့ လူနည်းစုများက လွတ်လပ်ရေး ရတဲ့အခါ ဘယ်လို ပြည်ထောင်စုမျိုးကို ဖွဲ့စည်း၍ နေထိုင်လိုကြောင်း ဗမာ့ ခေါင်းဆောင် များကို မိမိတို့ဆန္ဒ အကြိမ်ကြိမ်ထုတ်ဖော်ခဲ့သော ပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံနဲ့ အမှန်ဖွဲ့စည်းခဲ့ သော ပြည်ထောင်စုဖွဲ့စည်းအုပ်ချုပ်ပုံမှာ အတော်ကွဲလွဲနေခြင်းကြောင့်တကြောင်း ဝမ်းနည်းဖွယ် မကျေမနပ်မှုအမျိုးမျိုး ပေါ်လာခဲ့ပါတယ်။ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်ချမှတ်ခဲ့တဲ့ ပြည်ထောင်စုဖွဲ့စည်းအုပ်ချုပ်ပုံနဲ့ ပြည်နယ်သားများလိုလားတဲ့ ပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံမှာ အဓိကအခြေခံသဘောနဲ့တူညီကြတဲ့အတွက် များစွာ သဘော တိုက်ဆိုင်မှုဖြစ်ပါတယ်။

ပြည်နယ်သားလူနည်းစုများက ဘယ်လိုပုံစံမျိုး ပြည်ထောင်စု တည်လိုတယ်ဆိုတာကို လွတ်လပ်ရေး မရမီ (၁၉၄၇) ခု၊ ဖေဖော်ဝါရီလ၊ တောင်ပိုင်းရှမ်းပြည်နယ် ပင်လုံမြို့၌ ကျင်းပခဲ့တဲ့ အမျိုးသား ညီလာခံ ၌ ဗိုလ်ချုပ်ခေါင်းဆောင်သော အမျိုးသားခေါင်းဆောင်များနှင့် လူနည်းစုခေါင်းဆောင်များတွေ့ဆုံ၍ လွတ်လပ်ရေးရလာတဲ့အခါ တန်းတူညီမျှရေးကို အဓိကအခြေခံထား၍ ပြည်ထောင်စုဖွဲ့စည်းရေး ဆွေးနွေးနားလည်မှုရရှိခဲ့ကြပါတယ်။ ပြည်ထောင်စုကြီး မွေးထုတ်သော အမျိုးသား ညီလာခံကြီး ဖြစ်ခဲ့တယ်။ ရာဇဝင်တွင်လောက်သော ပင်လုံစာချုပ်ကိုလည်း ချုပ်ဆိုခဲ့ကြပါတယ်။ ၄င်းပြင် (၁၉၄၇) ဧပြီလ၊ မေမြို့၌ Dr. Reese William ခေါင်းဆောင်သော နယ်စပ်ဒေသ စုံစမ်းရေးကော်မတီ ရှေ့မှောက်တွင်လည်း ရှမ်း၊ ကချင်ကိုယ်စားလှယ်များက မိမိတို့ရဲ့လိုအင်ဆန္ဒကို မည်ကဲ့သို့ အစစ်ခံ ကြောင်း၊ အဆိုပါကော်မတီရဲ့ အစီရင်ခံစာ၌ နယ်စပ်ဒေသများ၏ အနာဂတ်အရေး၊ ရှမ်းပြည်၊ ကချင်ပြည် တောင်တန်းနယ်များမှ သက်သေများသည် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်ပါဝင်သော ပြည်ထောင်စုအတွင်းရှိ မိမိတို့ ပြည်နယ်များအတွက် ကိုယ်ပိုင် အုပ်ချုပ်ရေးရရှိရန် ဆန္ဒရှိကြောင်း၊ သို့သော် အများနှင့်သက်ဆိုင်သောဌာနအချို့ကို ပြည်ထောင်စု ဗဟိုအစိုးရသို့လွှဲအပ်ရန် သဘောတူ ကြောင်း စသဖြင့် ရှမ်း၊ ကချင်များ၏ လိုအင်ဆန္ဒကို ပြခဲ့ကြပါတယ်။ တောင်တန်းသား လူနည်းစုများရဲ့ လိုအင်ဆန္ဒအရဆိုလျှင် ပြည်ထောင်စု စစ်စစ် ဖွဲ့စည်းရန်ပင်ဖြစ်ပါတယ်။ လွတ်လပ်ရေးမရမီ အချိန်များ ၌ အင်္ဂလိပ်နယ်ချဲ့ရဲ့ သွေးခွဲစနစ်ကြောင့် လူနည်းစုများဟာ လူများစုဖြစ်သော ဗမာလူမျိုးများအပေါ် အထင်အမြင်မှားမှုများ ရှိခဲ့ကြပါတယ်။ လွတ်လပ်ရေး အတူရယူရအောင်လို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဖိတ်ခေါ်စုစည်းတဲ့အခါ တွေဝေနေကြပါသေးတယ်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကချင်အမျိုးသားခေါင်းဆောင်များ (၁၉၄၆)ခု နိုဝင်္ဘာလ(၂၉)ရက်နေ့ မြစ်ကြီးနားမြို့တွင် တွေ့ဆုံကြတဲ့အခါ၌လည်းကောင်း၊ ပင်လုံညီလာခံတွင် လူနည်းစုခေါင်းဆောင်များနှင့် တွေ့ဆုံတဲ့အခါ ၌လည်းကောင်း၊ ဖဆပလ အဖွဲ့ချုပ် ပဏာမ ပြင်ဆင်မှု ညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရေးဆွဲရမယ့်အခြေခံဥပဒေနဲ့ ပတ်သက်ပြီး လမ်းညွှန်ပြဌာန်းချက် များတွေ့ရှိသော အခါ၌လည်းကောင်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ မှန်ကန်သော အမျိုးသားရေး ဝါဒ ဖြစ်သော (၁)တိုင်းရင်းသားလူမျိုးစုများရဲ့ တန်းတူရေး၊ (၂)လူမျိုးစုတိုင်း ရပိုင်ခွင့်အပြည့်အဝရရှိ စေရေး၊ (၃)လူမျိုးစုများရဲ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရေးကို ကျနော်များ ကြားသိလာ ကြတဲ့အခါ ချက်ချင်း စိတ်ပြောင်းလဲ၍ ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော ဗမာခေါင်းဆောင်များကို အယုံကြီးယုံ၍ အားကိုး အားထား ပြုလာကြပါတယ်။ ရာဇဝင်တွင် မကြုံစဖူးအောင် အမျိုးသား စည်းလုံးညီညွတ်ခြင်း ရခဲ့ကြပါတယ်။

တိုင်းပြည်ပြုလွှတ်တော်ခေါ်၍ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ရေးဆွဲကြစဉ် အခါကလည်း ဗမာ ခေါင်းဆောင်များကို ဘယ်လောက် ယုံသွားသလဲဆိုတာတော့ ပုံပြီးအပ်တဲ့အထိ ဖြစ်ခဲ့ကြတာပါဘဲ။ တိုင်းပြုပြည်ပြုညီလာခံ ကျင်းပနေဆဲ အချိန်တွင် လူမသမာတစုရဲ့ လက်ချက်ကြောင့် ဗိုလ်ချုပ် အောင်ဆန်းနဲ့တကွ ခေါင်းဆောင်အချို့ လုပ်ကြံခံရပြီး နောက်ပိုင်းတွင် အဆုံးသတ်ရေးဆွဲသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာ ဗိုလ်ချုပ်အောင်ဆန်းချမှတ်ခဲ့တဲ့ မှန်ကန်သော အမျိုးသားရေး ဝါဒနဲ့လည်း မညီညွတ်၊ လူနည်းစုများ လိုလားသောမူနဲ့လည်း ကွဲလွဲနေတာကို တစတစ တွေ့မြင် လာကြပါတယ်။ ဤဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေကို (၁၄)နှစ်ပါတ်လုံး ကျင့်သုံးလာတဲ့အခါ အခက်အခဲ အမျိုးမျိုး တွေ့ကြုံ၍ မပြည့်မစုံဖြစ်နေတာကိုလည်း တွေ့ရပါတယ်။ ဤဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ကျင့်သုံးလာတဲ့အခါ မူလအဓိကအခြေခံများ ပါမလာသောကြောင့် ‘မှန်းချက်နဲ့ နှမ်းထွက် မကိုက်’ ဆိုသလို ပြည်ထောင်စုရဲ့အနှစ်သာရ ကွယ်ပျောက်ပြီး ဆားမခပ်သော ဟင်းလျာ ကဲ့သို့ ပေါ့ပျက်ပျက်ဖြစ်နေပါတယ်။ လွတ်လပ်ရေး ရခါစအချိန်တွင် လူနည်းစုများဟာ ဝမ်းသာမဆုံး ဖြစ်ကာ မိမိတို့ ကံကြမ္မာကို မိမိတို့ဖန်တီးနိုင်တော့မယ်၊ ကိုယ့်ပြည်နယ်ရဲ့တိုးတက်ကြီးပွားမှု အစွမ်း ကုန် လုပ်နိုင်တော့မယ်လို့ အားတက်ကြပါတယ်။ မျှော်လင့်ကြပါတယ်။ သို့သော် တနှစ်မှ နှစ်နှစ်သို့ တစတစ ကြာလာတဲ့အခါ မိမိတို့ မျှော်မှန်းချက်နဲ့ ကွာခြားလာသောအဖြစ်နဲ့ ရင်ဆိုင်ကြရသောအခါ မကြေမနပ်မှု ဖြစ်လာကြပါတယ်။ စိတ်ပျက်လာကြပါတယ်။ ဗမာပြည်မသားများနဲ့ ဆက်ဆံတဲ့နေရာ မှာလည်း မကြာခဏ အဆင်မပြေမှုများ ဖြစ်ပေါ်လာခဲ့ပါတယ်။ ပြည်မသားများက ပြည်နယ်သားများ အပေါ် ဖိနှိပ်တယ်၊ ချုပ်ချယ်တယ်၊ ဝင်စွက်တယ်။ လူမျိုးကြီး ဝါဒကျင့်သုံးတယ်လို့ ထင်မြင်ကာ အတင်း အဖျင်း ပြောလာကြပါတယ်။

ထိုကဲ့သို့သော အမြင်မျိုးဟာ ကချင်တမျိုးထဲနဲ့သာဖြစ်တာ မဟုတ်ပါဘူး။ ရှမ်းလည်း ဖြစ်ပေါ်တယ်။ အခြား လူမျိုးတိုင်းလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ ဗမာလူမျိုးကြီးဝါဒ ကျင့်သုံးတယ်လို့စွပ်စွဲလျှင် ဗမာ ခေါင်းဆောင်များက “မဟုတ်ဘူး” လို့ ငြင်းဆန်ကြမှာဘဲ။ လူမျိုးကြီးဝါဒမရှိမှန်းကို ကျနော်များက ယုံကြည်ကြသော်လည်း လက်ရှိအခြေခံဥပဒေက လူမျိုးကြီးဝါဒကို ရှိအောင် ဖန်တီးပေးနေတယ် ဆိုတာကိုတော့ ငြင်းနိုင်ကြမယ်မထင်ပါ။ အခြေခံ ဥပဒေ ပုဒ်မ(၂၂၂)တွင် ဗမာဟာ ပြည်ထောင်စု အဖွဲ့ဝင်တဦးသာဖြစ်ရမယ် ဖြစ်သော်လည်း၊ အခြေခံဥပဒေပုဒ်မ(၈)အရ အခြားအဖွဲ့ဝင် ပြည်နယ်များ အပေါ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံအနေနှင့် စိုးမိုး၍ အာဏာလွှမ်းမိုးထားခြင်းကို တွေ့ရပါလိမ့်မယ်။ ဤအချက်သည်ပင် လျှင် ပြည်မသားများကို လူမျိုးကြီးဝါဒ အတင်းထိုးပြီး ပေးသကဲ့သို့ဖြစ်စေ၍ လူမျိုးကြီးနဲ့ လူမျိုးငယ် နှစ်စားရှိအောင် ခွဲခြားစေသော အချက်ဖြစ်ပါတယ်။ ဒီအချက်သည်ပင်လျှင် တန်းတူရေး၊ မှန်ကန်သည့် အမျိုးသားရေးဝါဒနှင့် ဖီလာ ဆန့်ကျင်နေပါပြီ။ လက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ဥပဒေရေးရှုဒေါင့်၊ အုပ်ချုပ်ရေးရှုဒေါင့်၊ အမျိုးသားရေး ရှုဒေါင့်က ကြည့်လျှင် အမျိုးသားလက္ခဏာမဆောင်၊ ချို့ယွင်းနေတဲ့အတွက် ယ္ခုအခါ အမျိုးသားများ စည်းလုံး ညီညွတ်မှုဟာ လျော့လျဲလာခြင်းဖြစ်ပါတယ်။ ကချင်ပြည်နယ်နဲ့သက်ဆိုင်သော အခြေခံဥပဒေ၌ အခြားပြည်နယ်များနဲ့ တမူထူးခြားပြီး လူမျိုးရေးခွဲခြား၍ အခွင့်အရေးကာကွယ်ပေးထား သောပုဒ်မများ ထည့်သွင်းထားတာ ကို တွေ့ရှိရပါတယ်။ ဒီအချက်ဟာလည်း အမျိုးသားရေးကိုမဆောင်၊ လူမျိုးရေးပဋ္ဋိပက္ခဖြစ်မှုကို အစဉ် ဖန်တီးပေးရာရောက်စေပါတယ်။

အထက်တွင် ဖော်ပြခဲ့တဲ့အတိုင်း လက်ရှိအခြေခံဥပဒေအရ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုဖွဲ့စည်းပုံဟာ ချို့ယွင်းချက် ပြည့်နှက်နေတဲ့အတွက် မကျေနပ်မှုတွေ၊ အထင်လွဲမှားမှုတွေ ပေါ်ထွက်လာပြီး အမျိုး သားများရဲ့စည်းလုံးမှုကို ထိခိုက် လျော့လျဲစေခဲ့ပါတယ်။ ဤအတိုင်းသာ ဆက်လက်သွားကြ မယ် ဆိုရင် ပြည်ထောင်စုကြီးပြိုကွဲရန်ပင် စိုးရိမ်ပူပန်ခဲ့ပါတယ်။ အမျိုးသားစည်းလုံး ညီညွတ်မှုခိုင်မြဲ၍ ပြည်ထောင်စုကြီးတည်တံ့ရန်မှာ လက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုပါတယ်။ ပြင်တဲ့အခါမှာလည်း မှန်ကန်တဲ့အမျိုးသားရေး လက္ခဏာကိုဆောင်သော တန်းတူရေးနဲ့ ရပိုင်ခွင့် အပြည့်အဝရရှိရေးကို အဓိက အခြေခံထားလျက်(၁) ဗမာပြည်မကို ပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ် ဖွဲ့ရေး၊ (၂)လွှတ်တော် နှစ်ရပ်အား အာဏာတူပေးရေး၊ (၃)လူမျိုးစုလွှတ်တော်တွင် တူညီသော ကိုယ်စားလှယ်စေလွှတ်ရေး၊ (၄)အများနှင့် စပ်ဆိုင်သောဌာနတချို့ကို ဗဟိုအစိုးရသို့ အာဏာလွှဲ အပ်၍ ကျန်အာဏာများ အားလုံးကို ပြည်နယ်၌ထားရှိရေး၊ (၅)ပြည်ထောင်စုဘဏ္ဍာတော်ကို မျှတ စွာခွဲဝေရေး စသောအချက်များပါဝင်သည့် ပြည်ထောင်စု ကြန်အင်လက္ခဏာနှင့် ပြည့်စုံသည့် ပြည်ထောင်စု ပြုပြင်ဖွဲ့စည်းမှသာလျှင် အမျိုးသား စည်းလုံးညီညွတ်မှုကြီး ခိုင်မြဲမယ်၊ ပြည်ထောင်စု ကြီးလည်း တည်တန့်မယ်လို့ တထစ်ချယုံကြည်ကြပါတယ်။

ကျနော်များ ဖက်ဒရယ်ခေါ်တဲ့ ပြည်ထောင်စုစစ်စစ် ပြန်လည်ဖွဲ့စည်းရန် အဆိုပြုခြင်းဟာ လူမျိုးရေးကို နှိုးဆွပေးခြင်း မဟုတ်ပါ။ (Confederation)ခေါ်တဲ့ အလွန်မြင့်မားတဲ့ ပြည်ထောင်စုဖွဲ့ရန် အရေး ဆို ခြင်းလည်း မဟုတ်ပါ။ အမျိုးသား စည်းလုံးညီညွတ်မှုကို တကယ်ရယူနိုင်သော ပြည်ထောင်စုစစ်စစ်ကို ဖွဲ့စည်းခြင်းသာ မှန်ကန်သည်ဟု ယုံကြည်ခြင်း ဖြစ်သည့်အတွက် တင်ပြရခြင်းဖြစ်ပါတယ်။

(သြဘာသံများ)
…………………………………………………………………………………………………………………………….
အခန်း ( ၅ )
ချင်းအထူးဝိသေသတိုင်း ကိုယ်စားလှယ် မဟာသရေစည်သူ ကပ္ပတိန်မန်းတုံနုန်း၏ ဆွေးနွေး တင်ပြချက်၊
အခမ်းအနားမှူး။ ။အစီအစဉ်(၆)အရ ချင်းဝိသေသတိုင်း ကိုယ်စားလှယ် မဟာသရေစည်သူ ‘ကပ္ပတိန်မန်းတုံနုံး’ က ထောက်ခံတင်ပြရန် ဖြစ်ပါတယ်။ ( သြဘာသံများ)

လေးစားအပ်သော သဘာပတိ နိုင်ငံတော်ဝန်ကြီးချုပ်နဲ့အစိုးရအဖွဲ့ဝန်ကြီးများ၊ နိုင်ငံရေးအဖွဲ့ အစည်း များမှ ခေါင်းဆောင် ကိုယ်စားလှယ်များ၊ ပြည်နယ်ကိုယ်စားလှယ်တော်ကြီးများခင်ဗျား။ ခုလို နှီးနှော ဖလှယ်ပွဲ ညီလာခံမှာ ကျနော် စကားပြောခွင့် ရတဲ့အတွက် အထူးဘဲကျေးဇူးတင်ပါတယ်။

ကျနော် တင်ပြဆွေးနွေးလိုတာကတော့ ဖက်ဒရယ်မူကိစ္စနဲ့ပတ်သက်ပြီး ဘာ့ကြောင့် ကျနော်တို့ ဖက်ဒရယ်မူ၊ ပြည်ထောင်စုမူကို လိုလားနေရတယ်ဆိုတဲ့ အကြောင်းဘဲ ဖြစ်ပါတယ်။ ကျနော့်အနေနဲ့ ‘ပြည်နယ်များ ညီညွတ်ရေးအဖွဲ့’ ဥက္ကဋ္ဌကြီး စောခွန်ချို မိန့်ကြားသွားသည့်အတိုင်း ဆက်လက်ပြီး ထောက်ခံသွားလိုပါတယ်။ လွန်ခဲ့တဲ့ (၁၉၄၇)ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ ကျင်းပတဲ့ ပင်လုံညီလာခံ က အစပြုပြီး ပြည်ထောင်စုကြီးပေါ်ပေါက်လာ တယ်ဆိုတာ မှန်ပါတယ်။ ထိုအချိန်က တောင်တန်း ဒေသများနဲ့ ဗမာပြည်မမှာရှိတဲ့ ခေါင်းဆောင်တွေဟာ ပူးပေါင်းပြီး တိုင်းရင်းသား စည်းလုံး ညီညွတ်မှု ကို ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။

ဒီလို တိုင်းရင်းသားစည်းလုံးညီညွတ်မှုနဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့ကြလို့ လွတ်လပ်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ရယ်လို့ ဖြစ်ပေါ်လာရတယ်ဆိုတာလည်း အမှန်အတိုင်းဘဲ ဖြစ်ပါတယ်။ ကျနော်တို့ ဟာ ပြည်ထောင်စုစနစ်ကို ကြိုက်နှစ်သက်လို့ ပြည်ထောင်စု ရယ်လို့ တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ (၁၉၄၇)ခုနှစ် စက်တင်ဘာလမှာ ကျင်းပခဲ့တဲ့ တိုင်းပြုပြည်ပြု လွှတ်တော်မှာ ပြည်ထောင်စု သဘော သက်ရောက်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို တင်ပြစဉ်က ကျနော်တို့အားလုံး လွယ်လွယ်ကူကူ နဲ့ ဝိုင်းဝန်း ထောက်ခံခဲ့ကြပါတယ်။ ဒီဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာ ပြည်ထောင်စုစိတ်ဓါတ်၊ ပြည်ထောင်စုသဘောထားများနဲ့အညီ လက်ခံကျင့်သုံးသွားနိုင်လိမ့်မယ်လို့ မျှော်လင့်ထားခဲ့ကြ ပါတယ်။ ဒါပေမယ့် ကျနော်တို့ ယုံကြည်မျှော်လင့်ထားသလို ဖြစ်မလာဘူးလို့ ဆိုချင်ပါတယ်။

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေဟာ ပြည်ထောင်စုသဘော မသက်ရောက်သလိုဖြစ်နေတာ အတော် ကြာကြာ လက်တွေ့ ခံစားလာတဲ့အခါမှာ သိရှိလာရပါတယ်။ ကျနော်တို့ တောင်တန်းဒေသ လူနည်းစု တွေဟာ ပင်လုံးစိတ်ဓါတ်နဲ့ ပြည်ထောင်စုကြီး တည်ဆောက်ကြတာဖြစ်တော့ ပြည်ထောင်စုကြီးမှာ အဓိကဦးဆောင်နေတဲ့ နောင်တော် ပြည်မက ခေါင်းဆောင်တွေအပေါ်မှာ ယုံကြည် အားထားကြ ပါတယ်။

ကျနော်တို့ လိုလား ယုံကြည်ထားတဲ့ ပြည်ထောင်စုပုံစံဟာလည်း ပြည်မနဲ့ တောင်တန်းဒေသက လူနည်းစုတွေ ညီတူညီမျှ အခွင့်အာဏာရှိတဲ့ ပုံစံမျိုးဖြစ်ကြမှာဘဲလို့ ထင်မှတ်ကြပါတယ်။ သို့သော် လည်း ကျနော်တို့ထင်မှတ်သလို လက်ရှိ ပြည်ထောင်စုရဲ့ ပြည်နယ်များရဲ့အခြေအနေက ဒီလိုဖြစ် မလာတာ ကျနော်တို့တွေ့မြင်ရတဲ့အတိုင်း အစီရင်ခံပါရစေ။

လွတ်လပ်ပြီးခါစ၊ လွတ်လပ်ရေးရပြီးလို့ (၁၄)နှစ်အတောအတွင်းမှာ ကျနော်တို့ ဆန်းစစ်ကြည့် လိုက်တော့ ပြည်နယ် တောင်တန်းဒေသတွေရဲ့ မူလကိုယ်ပိုင်ပြဌာန်းခွင့်တွေဟာ ပျောက်ကွယ်ရတော့ မလိုဖြစ်နေတာကို တွေ့ရပါတယ်။ ပြည်ထောင်စုကြီးမှာ ပြည်ထောင်စုစိတ်ဓါတ်တွေ ကျဆင်းနေပြီး ပြည်ထောင်စုသဘောထားဆိုတာလည်း ဘာကိုယုံရမှန်း မသိအောင် ဖြစ်နေပါတယ်။ ပြည်ထောင်စု ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေနိဒါန်းမှာပါတဲ့ ‘တရားမျှတမှု၊ လွတ်လပ်မှု၊ ညီမျှမှု’ ဆိုတဲ့ စကားတွေ ဟာလည်း အဓိပ္ပါယ် နည်းနည်းဘဲရှိတော့တယ်လို့ ကျနော်တို့ထင်မပါတယ်။ ကျနော်တို့ ပြည်နယ် တောင်တန်းဒေသက လူနည်းစုတွေဟာ လက်ရှိ ပြည်ထောင်စုဖွဲ့စည်းအုပ်ချုပ်ပုံ အပေါ်မှာ သံသယ ရှိနေကြတယ်။

ပြည်ထောင်စုအဖွဲ့ဝင်ဆိုတာကို အဓိပ္ပါယ်ပိုင်းခြားတဲ့အခါမှာ ‘ပြည်နယ်နဲ့ပြည်မ’ မဟုတ်ဘဲ ‘ပြည်နယ်နဲ့ ကျန်နယ်မြေဒေသ’ ဆိုတဲ့ ပြည်ထောင်စုအဖွဲ့ဝင် နှစ်မျိုးဘဲရှိတယ်။ အခု ကျနော်တို့ ပြည်မလို့ခေါ်နေ တာဟာ စင်စစ်တော့ ပြည်ထောင်စု အဖွဲ့ဝင်ဖြစ်ပါတယ်။ ပြည်နယ်တွေဟာလည်း ပြည်ထောင်စု အဖွဲ့ဝင်တွေဖြစ်ပါတယ်။ ဒါပေမယ့် ပြည်ထောင်စုအဖွဲ့ အာဏာကို ချုပ်ကိုင်စိုးမိုးနိုင်တာကတော့ ပြည်မသာလျှင်ဖြစ်နေတော့ ပြည်ထောင်စုအဖွဲ့ဝင်အချင်းချင်းတွေမှာ အငြင်းပွားစရာ၊ မကျေနပ်စရာ တွေဖြစ်လာကြပါတယ်။ ဒီလိုအငြင်းပွားမှု၊ မကျေနပ်မှုတွေ မကြာခဏဖြစ်လာတော့ ဘယ်သူက ဘယ်လို ဖြေရှင်းပေးမလဲ။ မဖြေရှင်းနိုင်လို့ ပြဿနာတွေ စုပုံပြီးဖြစ်လာရင် တိုင်းရင်းသား စည်းလုံး ညီညွတ်မှုကို မထိခိုက်ပေဘူးလား။ ဒါကို အလေးအနက် စဉ်းစားကြစေချင်ပါတယ်။

နောက်ပြီးတော့ မကျေနပ်မှု၊ နစ်နာမှုရှိတယ်ဆိုတာလည်း ပြည်နယ် ပြည်ထောင်စု အဖွဲ့ဝင်တွေက ခပ်များများဖြစ်နေတော့ ပြည်မအနေနဲ့ စဉ်းစားတဲ့အခါမှာ ဒါတွေဟာ အသေးအဖွဲတွေပါလို့ မယူဆ စေချင်ဘူး။ ဒီလိုယူဆရင် အမှားကြီး မှားပါလိမ့်မယ်။ ကျနော်တို့ အနေနဲ့ မြင်တာကတော့ ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲကြတဲ့အခါမှာ ပြည်ထောင်စုစနစ်ကြီး ပီပီသသဖြစ်အောင် ရေးဆွဲကြစေလိုပါတယ်။ ဒီလိုမှ မပြင်အဆင်ရင် ထပ်တလဲလဲ ပြဿနာတွေ ဖြစ်ဦးမှာဘဲ။ ပြည် ထောင်စုစိတ်ဓါတ်နဲ့ ပြည်ထောင်စု သဘောတရားတွေဟာ ပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေမှာ သတ်မှတ်ချက်တွေနဲ့ တိတိကျကျ ကိုက်ညီစေမှ ဖြစ်တော့မယ်လို့ ကျနော်တို့ ယုံကြည် ပါတယ်။

ဥပမာဆိုရင် ကျနော်တို့ချင်းဒေသဟာ ပြည်ထောင်စုကြီးထဲမှာ ဘယ်လိုအဖွဲ့ဝင်မျိုး ဖြစ်ထိုက်တယ် ဆိုတာ သတ်မှတ် သီးသန့်ပြီး ဖြစ်ပါတယ်။ ပြီးတော့ ပြည်ထောင်စုပါလီမန် နဲ့ ပြည်နယ်ကောင်စီတွေရဲ့ ဆက်သွယ်မှု သဘောတရား တွေကိုလည်း ပြည်ထောင်စုစနစ်နဲ့ ကိုက်ညီအောင် ထားရှိစေချင် ပါတယ်။ ဒီလို ပြည်နယ်/ပြည်မဆိုပြီး ဆက်လက် ပိုင်းခြားမယ်ဆိုရင်တော့ ဒီပြည်ထောင်စုကြီးရဲ့ တည်တန့်ခိုင်မြဲရေးဟာ ရှိနိုင်ပါဦးမလား။ ဒီ ဒီမိုကရေစီရဲ့အနှစ်သာရကိုရော ရှာလို့ တွေ့ပါဦးမလား ဆိုတာ စိုးရိမ်စရာဖြစ်လာရပါတယ်။

ဒါတွေကြောင့် ကျနော်အကြံပေးထောက်ခံသွားချင်တာက ပြည်နယ်/ပြည်မ ရယ်လို့မခွဲဘဲ ပြည်နယ် ချည်းဘဲ စုပေါင်း ထားတာ ဖြစ်ကြအောင် ပြည်မကိုလည်း ပြည်နယ်တခု အဖြစ်ဖွဲ့ပါ။ ဒါမှသာ ပြည်ထောင်စုအဖွဲ့ဝင်အချင်းချင်း ညီမျှမှုဖြစ်ပြီး ပြည်နယ်တွေရဲ့ သံသယ ရှိမှုတွေဟာ ပြေပျောက် သွားနိုင်ပါတယ်လို့ ကျနော်ယုံကြည်ပါတယ်။ အခုကျနော်တင်ပြသလို ပြည်နယ်အချင်းချင်း စုပေါင်းတဲ့မူကို လက်ခံမှ အုပ်ချုပ်မှုအာဏာ၊ တရားစီရင်မှုအာဏာ၊ ဥပဒေပြုမှုအာဏာဆိုတဲ့ အဓိကမဏ္ဍိုင်ဖြစ်တဲ့ အာဏာ(၃)ရပ်ကို တန်းတူမျှတမှုရှိအောင် ခွဲဝေပြီး ဗဟိုပြည်ထောင်စုကို သင့်လျော်တဲ့အာဏာတွေ သတ်မှတ်ပေးထားခြင်းဖြင့် စစ်မှန်တဲ့ပြည်ထောင်စုကြီး တည်ဆောက် နိုင်မှာဖြစ်ပါတယ်။

ကျနော်တို့ရဲ့ နောင်တော်ကြီးတွေဖြစ်တဲ့ ပြည်မခေါင်းဆောင်ကြီးများကို ကျနော် အလေးအနက် မေတ္တာရပ်ခံချင်တာက နောင်တော်တွေရဲ့ သဘောထားကြီးမှုကို ထင်ရှား အောင်ပြကြပါ။ ပညာရှိ သတိနဲ့လည်း စဉ်းစားဝေဖန်ကြပါ။ ကျနော်တို့ ဝိုင်းဝန်းတည်ဆောက်တဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုကြီး မပြိုကွဲအောင်လည်း ထိန်းသိမ်း စောင့်ရှောက်တော်မူကြပါလို့ လေးနက်စွာ တောင်းပန် ပြောရင်း ကျနော် နိဂုံးချုပ်လိုက်ပါတယ်။ ။( သြဘာသံများ )
…………………………………………………………………………………………………………………………….
ဆက်လက် ဖော်ပြပါမည်။
ကိုးကား။ ။ ပြည်ထောင်စု စစ်စစ်မူ
(ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး ဝါဒမှသည် စစ်မှန်သော ပြည်ထောင်စု စနစ်ဆီသို့၊ စာစဉ် - ၉ )
ထုတ်ဝေသူ - ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်း
UNDP Press, Chiang Mai, Thailand, 2005

Thursday, January 20, 2011

The Journey for Freedom

( ဤ post သည် ကျနော်တက်ဖူးသည့် Western Kentucky University မှ ကျနော်နှင့် မေဂျာတူ Journalism ကျောင်းသူတယောက်က ကျနော့်ကို အင်တာဗျူး၍ ရေးထားသော ကျနော့် အကြောင်း ဆောင်းပါးဖြစ် ပါသည်။ ဤနေရာ တွင် ပါရှိပါသည်။ သူမကို ဘယ်နေရာမှာ မဆို အသုံးပြု နိုင်ကြောင်း ခွင့်ပြုထားသဖြင့် သူမ အဲသည်မှာ တင်ထားခဲ့တာကို မပြောခဲ့တာဟု ထင်ပါသည်။ ကျနော် ကျောင်းဝင်ခွင့်တခုအတွက် အဖြူမိတ်ဆွေ တယောက်ကို recommendation တစောင်ရေးပေးဖို့ ပြောတော့မှ သူက google မှာ "ကျနော့်နာမည်" ကို ရိုက်ထည့်၍ တွေ့တာကို ကိုးကားပြီးနောက် ဤ link ကို ပို့ပေးလာပါသည်။ အဲဒါကို သည်မှာ copy, paste လုပ်ပြီး ပြန်တင်လိုက် ပါသည်။

ကျနော် အဲသည်လိုရှာလို့ရမှန်း ယခင်ကမသိပါ။ ယခုမှသိပါသည်။ အခုလို တင်လိုက်တာတခု တော့ မကောင်းပါ။ ကျနော့်နာမည်၊ မွေးဖွားရာမြို့၊ မသန်စွမ်းမှု အခြေအနေတွေအားလုံး ကို အိပ်သွန် ဖာမှောက် ပြောပြီးသား ဖြစ် သွားတော့ပါသည်း ))


Deep in Aye Kyaw Zan’s mind lives a peaceful country, a country filled with evergreen forests inhabited by tigers, leopards, and pythons. A mountain stands over his small village of Buthidaung, and a river surrounds it. Zan swam across this stream for an entire month to go to school when he was 10 years old, after the bridge collapsed. But this simply remains a cherished memory for Zan. He can no longer swim.

For that, he said, “you need both legs.”

Zan can’t go back to his village either. He is a refugee from Myanmar, who had part of his right arm and most of his right leg blown off by a landmine in 1984. He has been living in the United States since September 2008, when he arrived in Bowling Green with the help of the International Center, a non-profit refugee resettlement agency.

Unlike many refugees who depend on the International Center’s aid for the first few months, Zan, 44, needs little assistance. His English skills and determination for independence have allowed him to transition easily and quickly into the American lifestyle.

“He went through a lot of struggles,” said Tatiana Sahanic, case manager at the International Center, who has helped Zan establish a life here. “He developed a different personality. He’s stronger in his mind. He moves forward.”

http://www.vimeo.com/4640781

Zan is a student at Western Kentucky University, where he is pursuing a journalism degree. In 2007 Myanmar was the leading country for refugee admissions in the U.S. with 13,896 refugees, 29 percent of total refugee admissions, according to the U.S. Department of Homeland Security.

Myanmar is ruled by a military junta that exerts much authoritarian rule over the Myanmar people, according to the U.S. Department of State. The regime has a “contentious” relationship with Myanmar’s ethnic groups, and the military prevents many uprisings from these ethnic groups.
Before he became a WKU student, Zan was in the Myanmar military.

LIFE AS A SOLDIER

Zan originally wanted to go to college after he completed the 10th grade, the highest grade level before college. But Zan had failed his matriculation exam, which is similar to a college entrance exam. The test is very difficult, and without a passing score, Zan could not go to the university. Instead he joined the army.
Zan was sent to the Kayin state, in the southeastern region near the Thai-Burma border, to maintain order and to prevent citizens from uprising who sought autonomy. Life as a private was fairly routine – staying at the front whenever the army marched, watching at night for the enemy, obeying whatever his superior commanded.

But Aug. 8, 1984 changed everything.

Zan and two other soldiers were sent to plant landmines around their camp as protection. Zan stood guard, shuffling the weapon in his arms. When he stepped forward, he accidentally touched a landmine. Zan saw a flash of fire in his eyes, and his body shot into the air.

“It felt like someone hit me in back of my neck with a bat,” he said.

He was unsure of what had happened. He thought someone was attacking him from behind. But within a minute Zan heard another explosion and the cries of his fellow soldiers, and he realized had stepped on a landmine.

Zan struggled to lift his head, and he examined his body. From his ankle to the mid part of his upper thigh on his right leg, the damage was irreparable. His left leg was so masked with blood he couldn’t gauge what kind of trauma had been done. So Zan wiggled his foot it to see if it would move; it did, only his right leg had been hurt.

Part of Zan’s right arm had also been damaged. He was mortified. In the army, they recognize the likelihood of stepping on a landmine, since Myanmar has so many landmine injuries. Most agree that losing a leg comes with the territory, Zan said. But Zan had two injured limbs, and he was devastated.
Within 15 minutes Zan was carried to his army camp, where an army medic performed the immediate and necessary operations.
There was no anesthesia, and even if there had been, there was not enough time. Zan was losing blood, and the army medic had to operate soon. They draped a towel over Zan’s face, so he would not be able to see what was about to happen, but he could still feel it. The army medic, in one swift motion, cut Zan’s right leg off, and then part of Zan’s right arm. After the amputation, Zan received morphine, but the pain persisted.

About a month later, Zan was sent to a hospital in Rangoon, where for the first five months Zan could only lie down. He was too weak and thin to sit up or move around. He could barely talk. Eventually, his body had strengthened enough for him to sit up and remain upright. He got a wheelchair, and had to learn to use it. He could only steer with one hand, which caused the wheelchair to veer off course. In the beginning, he would fall down often. He had to learn to steer with one hand and guide with one foot – a technique he learned from people in a similar condition.

It took Zan nine months to physically recuperate. He was only 20 years old.

“When the landmine exploded, I wanted to commit suicide,” Zan said, but it was too hard to find a pistol to do the job.

For two years Zan lived in a depression, unhappy with himself and his conditions. Then he decided something had to change.

“There was one thing I had to do,” he said. “I don’t want to live like this, so it means I have to live.”
He did not want to be both illiterate and disabled, so Zan decided he was going to pass the matriculation exam and go the university.

LIFE AS A STUDENT

Every day Zan studied, and in 1987 he passed the exam. The university was next. The same year he resigned from the army, and he was accepted into college, where he majored in psychology. However, on Aug. 8, 1988, four years exactly after the landmine explosion, the junta killed more than 1,000 demonstrators who protested against the regime, according to the U.S. Department of State. As a result, the universities closed, and Zan could not go to school.

In the meantime Zan read up on Myanmar history and studied basic English. Every day Zan read one book: classics, novels or history books. He laughs at how much he read. On average it was 300 to 400 pages a night. Except for “Gone With the Wind.” That took him a week.

“As soon as I finished dinner, I started my readings,” he said. “I would finish around 11:30, and I would sleep.”

In 1991 the universities reopened, and Zan returned to college. He graduated with a degree in psychology, and was happy with himself because he was educated.

“Educated people make their own opinions,” he said. “Before then, I didn’t make my own opinion. If someone said ‘good,’ I believed it was good.”

But Zan was not content with his degree. He wanted to do more. He wanted to serve his community, but he was not sure how.

Zan grew restless in Myanmar. Every day he witnessed oppression through the government’s control of the media.

“I’m hungry for justice,” he said. “You might not be as hungry because you see justice. You see the truth. But in Burma (Myanmar), there’s always injustice. You can’t always see the truth.”

Zan wanted to escape his country’s oppression and strict militant rule. He wanted to live in a country where one can write freely, think freely and act freely. He decided to leave Myanmar.

LIFE IN THAILAND

One day in December 2004, Zan got a pass that allowed him to cross into Thailand for one day. Zan was supposed to return in the evening, but he never did; he remained in Thailand. Once there, Zan asked Myanmar people where the office of the U.N. High Commissioner for Refugees was located, and he applied for refugee status.

While Zan was waiting for refugee status, he lived illegally in Mae Sot, a town the size of Bowling Green. At any time he could have been arrested and jailed or deported.

Many Myanmar citizens sneak into Thailand on one day passes, said May Pearl, a volunteer at the Burma Campaign in London, which works to promote human rights, democracy and development in Myanmar. In Thailand, refugees can be captured and returned to Myanmar, where they face persecution. She said there are many cases where the immigrants are tortured by both – the Thai and Myanmar authorities.
Zan was lucky and wasn’t caught. Instead, he earned money as a fortune teller, a trade he studied before leaving. He told fortunes for Myanmar migrants and tourists. He also found shelter at a Buddhist temple. The monks accepted him partially because he was a fortune teller.
“It’s like here having a doctor in residence,” he said. “It’s a good thing.”
In June 2006 Zan received refugee status in Thailand, and he went to the Nu Po refugee camp. There are nine refugee camps along the Thai-Burma border, according to the U.S. Department of State.
Life in the refugee camps is quite tough, Pearl said. A health service is available in the camps, but it is limited and faces supply shortages. Thai authorities refuse to give the refugees identity cards, so they cannot work.
“There are some people who have been in the camps for more than 20 years with no better future to go on,” she said.
At the refugee camp, Zan was given the basic necessities: rice, cooking oil and charcoal. He lived in a hut made out of bamboo. In order to get more food like meat and vegetables, he was reliant on donations. The friends he made as a fortune teller would send him money on occasion while there, he said.
After two years in the refugee camp, Zan received permission to come to the United States.
LIFE IN THE UNITED STATES
All refugees must undergo a series of background checks, health evaluations and interviews, said James Robinson, director of the Bowling Green International Center. The documents then verify if the applicant would be in danger if he returned to his native country. Zan passed the test and arrived in Bowling Green in September 2008.
Sahanic helped Zan get an apartment, and provided a Myanmar interpreter to translate Zan’s documents, like diplomas, into English. She said Zan is independent and needs little help.
“He is a survivor,” she said.
Although he has been living here for a little less than eight months, Zan is already very self-sufficient. He wants to remain as independent as possible, and he refuses to let his disability stand in his way. He even has a driver’s permit, and plans on getting his driver’s license someday. Currently Zan depends on WKU’s shuttle service, and he uses either his prosthetic leg or one crutch to walk.
Zan’s strongest dream is to publish a private newspaper in Myanmar, so in January 2009 he enrolled at WKU to study journalism. He wants to learn about American journalism ethics and principles, especially freedom of the press, and share that knowledge with his country. He believes if he can establish a free press paper in Myanmar that the citizens may receive some liberation; the military junta will have less control.
He attends classes three days a week. He listens intently to his professors, although sometimes he has a hard time keeping up. He has to process the information, and translate it from English into the Myanmar language. But this does not stop him from pulling out his binder and taking notes.
Zan hopes to start his newspaper in 10 years – after he earns a Master’s degree in journalism, and has perfected his English.
He does not want to leave the U.S. behind or forget about Myanmar. He hopes to obtain U.S. citizenship and split half his time in Myanmar, and the other half in the U.S.
Zan realizes that the time he last left is crucial. He wants to accomplish so much, and jokingly said he will be almost 60 years old by the time he is ready. He wants to lead a fulfilling life, and be remembered by the Myanmar people as an honest man.
“I want to die satisfied,” he said.