Thursday, April 22, 2010

ကျနော့်ရဲ့ အခြား blog တခု အကြောင်း

ကျနော် ၂၀၀၅-ခုနှစ်တုန်းက ထိုင်းနိုင်ငံမှာ ရှိနေခဲ့ပါသည်။ ထိုစဉ်က NLD က တွေ့ဆုံဆွေးနွေးရေး၊ သင်ပုန်းချေ ရေးစကားပြော နေချိန်၊ နအဖက NLD မပါဘဲ ညောင်နှစ်ပင်ညီလာခံ ကျင်းပနေချိန်၊ NCUB ကလည်း ဗမာပြည် နယ်ပါဝင်သော အမျိုးသား ပြည်နယ် ပေါင်း ၈ ပြည်နယ်+ တနင်္သာရီ + ဧရာဝတီ = စုစုပေါင်း ၁၀ပြည်နယ်ပါဝင် မည့် ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံ ဥပဒေ (မူကြမ်း) ကိုရေးနေချိန်ဟုမှတ်မိပါသည်။ ထိုအခါ NCUB ဖွဲ့စည်းပုံထဲမှ ဒါလေးလောက်တော့ အလုပ်ဖြစ်သွားအောင် လိုက်လျောနိုင်သည်ဟု ကျနော်ထင်မိသောကိစ္စများကို သာမန်လူပြိန်း မြန်မာနိုင်ငံ သားတဦးအနေဖြင့် (မည်သည့်အဖွဲ့အစည်းကိုမျှ ကိုယ်စားမပြုဘဲ) individually တစုံတရာဝင်ပြောချင်စိတ်ပေါက်လာ မိပါသည်။ ကိုယ့်နိုင်ငံရဲ့ ဖွဲ့စည်းပုံဥပဒေအကြောင်း ပြောခွင့်ရရှိဖို့ ကျနော့်မှာအဖွဲ့ အစည်းတခုရှိဖို့ လိုသလား၊ သို့မဟုတ် ကျနော် ၈၈၈၈ လူထုအုံကြွမှုအရေးတော်ပုံမှာ ကိုယ်ကျိုးစွန့်ခဲ့ဖူးသော နိုင်ငံရေးသမား တယောက်ဖြစ်ဖို့လိုသလား၊ သို့မဟုတ် နိုင်ငံရေးသိပ္ပံပညာရှင်လို scholar တဦး ဖြစ်ဖို့လိုသလား၊ ဥပဒေပညာကို တဖက်ကမ်းခတ် တတ်ပွန်ဖို့လိုသလား စသည်ဖြင့် ကိုယ့်ကိုယ်ကိုမေးကြည့်မိရာ ထိုဖွဲ့စည်းပုံဥပဒေသည် ကျနော်နှင့်အဆိုပါလူကြီးလူကောင်း တို့ အပါအဝင် မြန်မာနိုင်ငံသားတိုင်းကို အတူတူပင် ဂုတ်ခွစီးထား (သို့မဟုတ်) ကျောပိုးထားလိမ့်မည်ဖြစ်၍ ထိုကိစ္စကိုပြောခွင့်ရှိဖို့ အတွက် “မြန်မာနိုင်ငံသားတဦး ဖြစ်ဖို့ပဲလိုသည်၊ မင်းပြောချင်ရင်တော့ဝင်ပြောကြည့်ပေါ့၊ အဲ - တခုပဲရှိတယ်။ မင်းက ဘာအကောင်မှ မဟုတ်လေတော့ မင်းစကားကို ဘယ်သူကမှတော့ ဂရုတစိုက်နားထောင်ကြလိမ့်မယ် မဟုတ်ပေဘူး” ဟုအဖြေထွက်ပါသည်။

သို့နှင့် ကျနော် ထင်ရာမြင်ရာတွေကို (ရိုးသားစွာ) ပြောထားသော၊ ကျနော်တို့မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို သည်လို ရေးကြရင်မကောင်းဘူးလား ဟုအဓိပ္ပါယ်ရသော စာတမ်းတခုကို ရေးဖြစ်သွားခဲ့၏။ ကျနော့် အကျင့်က အဲသည်လိုပဲ ဖြစ်သည်။ ကိုယ်နှင့် မတန်မရာ ( တိုင်းပြည်ကို အမြစ်ကပါပြောင်းလဲပစ်နိုင်မည့်) ခပ်ကြီးကြီးကိစ္စတွေမှာမှ အထူးဝါသနာပါလှပေ၏။ လူကတော့ ဖြင့် မစွမ်းလှပေ။ ထိုစာတမ်းကို ရေးနေစဉ် အီတလီလျံ ခရီးသွားတဦးနှင့်မိတ်ဆွေဖြစ်မိသဖြင့် သူ၏ အကူအညီ ဖြင့် blog တခုလုပ်ပြီး ကျနော့်စာတမ်းကို ထို blog ပေါ် တင်ထားခဲ့ပါသည်။ ယခုတော့ ထိုစာတမ်းကို တချို့နေရာတွေမှာ ကျနော်ကိုယ်တိုင် သဘောမတူ နိုင်တော့ချေ။ သို့ပေမဲ့ ကျနော် ကွန်ပြူတာပညာညံ့လှပြီး update မလုပ်တတ်သဖြင့်၊ ထိုမိတ်ဆွေ၏ email address ကိုလည်းရှာ မတွေ့တော့သဖြင့် သည်အတိုင်းပဲ စိတ်မချမ်းမသာနှင့် ပစ်ထားရလေသည်။ တော်သေးသည်မှာ တခုလုံး( the whole)အနေနှင့်တော့ ယခုထိ လက်ခံလို့ရပါ သေးသည်။ သို့ဖြစ်ရာ ဤ blog မှာ လောလောဆယ် တင်စရာ Post မရှိဘဲဖြစ်နေစဉ်အတွင်း ကျနော်ပင် ရေးခဲ့ဖူးသော အဲသည်စာတမ်းကို သွားဖတ်လိုက ဤ လင့်ကိုနှိပ်၍ဖတ်နိုင်ကြပါသည်။ Burmese version button ကိုပထမတကြိမ် ကလစ်၊ ဒုတိယအကြိမ်မှာလည်း ကလစ် ရုံမျှကလစ်ပြီး ( save လုပ်ရန်မလို ဟုဆိုလိုသည်) မြန်မာလို အလွယ်တကူ ဖတ်နိုင်ကြပါသည်။ English versin ကိုသာ အပြည့်အစုံ ဖတ်လိုလျှင်တော့ Homepage အောက်နားက Constitution ကို ကလစ်လိုက်ရုံသာ ဖြစ်ပါသည်။ ရေးချင်စိတ်ပေါက်လွန်းလို့သာ ရေး ခဲ့ရသည်၊ ကျနော့် အင်္ဂလိပ်စာက ဆင်းရဲလှသည်ကိုတော့ ခွင့်လွှတ်ကြပါလေ။

ကျနော် ဤစာတမ်းကို စာဖတ်သူတို့အား အပျင်းပြေ ဦးနှောက်ကလေးစားရုံမျှ ဖတ်စေလိုသည့်အကြောင်းရင်း မှာ “ ဒီလိုမျိုး လေးလည်း ပါလိုက်ရင်ကောင်းမယ်ဗျ။ ဘယ်နိုင်ငံမှာဆိုရင် အဲသလိုလေး ရေးထားတယ် ” ဟု Wiki လို လူတိုင်းဝင်ရေးသွားလို့ ရသည့် Forum တခု တနေ့နေ့တော့လုပ်ချင်သေး၍ ယခုကျနော်ရေးဖူးတာကို အမြည်းပေးသည့် သဘောဖြစ်ပါသည်။ ကျနော် တယောက်ထဲတော့ သိပ်စွမ်းဆောင်နိုင်လိမ့်မည်မထင်မိပါ။ ထို့ကြောင့် ဝါသနာတူ ရဲဘော်ရဲဘက် အရှာထွက်သည့် သဘောလည်း ပါပါသည်။ ဘာဖြစ်လို့ လဲဆိုတော့ ယခု နအဖကဇွတ်အတင်း အတည်ပြုထားသော၂၀၀၈ နာဂစ်ဖွဲ့စည်းပုံမှာ ယင်း၏ နိုင့်ထက် စီးနင်း၊ တဖက်စောင်းနင်း နိုင်မှုကြောင့် မကြာမီ ပျက်စီးသွားရလိမ့်မည်မှာ မလွဲပေ။ လူ့သမိုင်းသည် လူတို့၏ “ပိုမိုကောင်းမွန် သာယာစွာ၊ ဂုဏ်သိက္ခာရှိစွာနေလိုသော emotion (စိတ်ခံစားမှု)” ဖြင့်သာလျှင် အဆင့်ဆင့် ပြောင်းလဲလာခဲ့ သည်ဟု ကျနော် အယူရှိပါသည်။ (စကားချပ်အနေဖြင့်ပြောရလျှင် ကာလ်းမက်စ် သည် လူတို့၏ရင်ထဲက သမိုင်းကိုပြောင်းပစ်နိုင်သော emotion ကို အထင်သေးခဲ့သဖြင့် သူ့ Communism မအောင်မြင်တာဟု ထင်ပါသည်။ တရုတ်၊ ဗီယက်နမ်တို့မှာတော့ Communism အောင်မြင်နေသားပဲဟု တစုံတယောက်က ပြောလာခဲ့လျှင် သူတို့အရင်းရှင်တွေဖြစ်လာတဲ့နေ့ကစပြီး အောင်မြင်လာကြတာပါ၊ ဒါကြောင့် တရုတ်နှင့်ဗီယက်နမ်သည် Communism ၏အောင်မြင်မှုမဟုတ်၊ Capitalism ၏အောင်မြင်မှုသာဖြစ်သည်ဟု ပြောချင်ပါသည်။) စောစောက စကားပြန်ဆက်ရလျှင် ပြည်သူလူထုတရပ်လုံးက “ဒါမတရားဘူး” ဟုခံစားရသော မည်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေမျှ တာရှည်ခံလိမ့်မည်မဟုတ်ပါ။ ပြန်ပြင်ရေးကြရဦးမည်သာဖြစ်ပါသည်။ ထို့ကြောင့် နောက်ရေးမည့် ဖွဲ့စည်းပုံတွင် ဘာတွေပါစေပြီး၊ ဘယ်လိုရေးကြမလဲဟု ပြောဆိုဆွေးနွေးသောကိစ္စသည် အရူးထသော၊ ကြောင်ရေချိုးသောကိစ္စ မဟုတ်၊ အချည်းနှီးမဖြစ်ဟု ယူဆပါသည်။

ကျနော် တွေ့မိသလောက် အမေရိကန်နိုင်ငံသား တွေက သူတို့၏ ဖွဲ့စည်းပုံဥပဒေကို ချစ်လည်းချစ်၊အားလည်း အားကိုးကြ လေသည်။ ထို့ကြောင့်သူတို့နိုင်ငံမှာ “ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေး..ဒို့အရေး” ဆိုသည့် နိုင်ငံအနှံ့လူထု အုံကြွမှုမျိုး ပေါ်လာစရာ အကြောင်းမရှိချေ။ ကျနော်တို့ဆီမှာကတော့ အဲသည်လိုအရေးအခင်း တခု မြေကြီးလက်ခတ်မလွဲ၊ ပေါ်ကိုပေါ်လာ လိမ့်ဦးမည်။ ကျနော်အဖို့မူ ၂၀၀၈ နအဖဖွဲ့စည်းပုံကိုဖျက်ပြီးလျင် ဘယ်လိုဟာမျိုးနှင့်သွားကြမည်နည်း ဟူသောအတွေးကိုတွေး ဖြစ်နေလျှင်၊ ပြောဆိုဆွေးနွေးဖြစ်လျှင် အနည်းဆုံး ကိုယ့်ကိုယ်ကိုယ် NGO ဆန်ဆန် ပရဟိတကုသိုလ်ကောင်းမှုတခုလုပ်နေ သလို၊ မြန်မာပြည်သူ တရပ်လုံးကိုမေတ္တာပို့နေရလို ခံစားရပါသည်။ ခင်ဗျားတို့လည်း အတူတူသာရှိချေမည်ဟု ကျနော်ယုံကြည် လေသည်။

( မှတ်ချက်။ ။ နောက်ဆုံး ပုဒ်မ ၁၁၅ ကား ကျနော့်ကို နအဖလူမို့ သည်စကားပြောထွက်သလားဟုပင်ေ-ာက် မြင်ကပ်ခံရ စေသောပုဒ်မတည်း။ ဒါပေမဲ့ ကျနော်ကား ဒီမိုကရေစီအစစ်သာရမည်ဆိုလျှင် ထိုဒီမိုကရေစီအစစ်ကို ထိုမျှသောနစ်နာမှုတန်ဖိုးဖြင့် ဝယ်ယူထိုက်သည်ဟု အဲသည်တုန်းကရော၊ ယခုအချိန်ထိပါ ထင်နေတုန်းဖြစ်သဖြင့် ရိုးသားစွာရေးခဲ့ခြင်း ဖြစ်ပါကြောင်း။)

No comments:

Post a Comment