Tuesday, August 10, 2010

မြင်ချင်သည် ရွှေပြည်ကြီးကိုလ ( ၁ )

“ကျွန်ုပ်သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို တည်မြဲအောင် ထိန်းသိမ်း၍ ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ တရားဥပဒေများကို စောင့်ရှောက်ပါမည်။ ကျွန်ုပ်သည် ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်တကွ တရားဥပဒေတို့နှင့်အညီ မိမိ၏တာဝန်ဝတ္တရားများကို ယုံကြည် လေးမြတ်၊ ဖြောင့်မတ်မှန်ကန်စွာ ထမ်းရွက်ပါမည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ဘေးအန္တရာယ် အပေါင်းတို့ကို တွန်လှန်ဖယ်ရှားရန် ကြီးစွာသောသတိ ဝိရိယဖြင့် အားထုတ်ပါမည်။ ကျွန်ုပ်သည် ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အကျိုးငှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်အား ကျွန်ုပ်၏ အသက်နှင့် ကိုယ်ကို အပ်နှင်းသည် ဟု လေးနက်တည်ကြည်စွာကြေညာ၍ ကတိသစ္စာပြုသည်”

မြန်မာနိုင်ငံတွင် လွန်ခဲ့သောလအတွင်းက နိုင်ငံ့ရာဇဝင်တလျှောက်လုံး၌ ပထမဦးဆုံးအကြိမ်အဖြစ် နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတတို့ကို မဲဆန္ဒရှင် ပြည်သူများက တိုက်ရိုက်ရွေးချယ်တင်မြှောက်ခဲ့ကြသည်။ ယနေ့ ကား ထိုနိုင်ငံတော်သမ္မတသစ်နှင့် သူ၏အစိုးရအဖွဲ့တို့ ကျမ်းသစ္စာကျိန်ဆို၊ ရာထူးလက်ခံ၊ တာဝန်စတင် ထမ်း ဆောင်ကြမည့်နေ့ ဖြစ်၏။ ထို့ကြောင့် ယနေ့သည် မြန်မာနိုင်ငံသားများအဖို့ ခေတ်သစ်တခုထဲသို့ စတင် ဝင်ရောက်သည့် နေ့ထူးနေ့မြတ်ကြီး တနေ့သဖွယ် စိတ်လှုပ်ရှားဖွယ်ကောင်းနေလေသည်။ နိုင်ငံတဝန်းလုံး တွင် သည်ကနေ့ သမ္မတသစ်က သူ၏ရာထူးလက်ခံမိန့်ခွန်း ထဲ၌ ဘာတွေများထည့်ပြောလေမလဲဟု စိတ်ဝင် တစားဖြင့် လှုပ်လှုပ်ရွရွဖြစ်နေကြကာ အိမ်တိုင်းလိုလိုပင် မိမိတို့၏ ရုပ်မြင် သံကြားစက်များ၊ ရေဒီယိုသာရှိသူ များက ရေဒီယိုများကို ဖွင့်ထားကြသည်။ ဤ သမ္မတသစ် ရာထူးလက်ခံကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားသို့ အထူးဧည့်သည်တော်ကြီးအဖြစ် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်လည်း ကြွရောက် အားပေးချီးမြှင့်သည်ကိုတွေ့ရသည်။ သူမသည် မြန်မာပြည်သူလူထုက တိုက်ရိုက် ရွေးချယ်တင်မြှောက် ထား သော သမ္မတသစ်က နိုင်ငံတော်တရားသူကြီးချုပ်၏ ရှေ့မှောက်တွင် ကျမ်းသစ္စာ ကျိန်ဆိုနေသည်ကို ကြည့်ကာ သူမနှင့် မြန်မာပြည်သူတို့၏ “ဒုတိယမြောက်လွတ်လပ်ရေးကြိုးပမ်းမှု” အောင်မြင်စွာပြီးဆုံးခြင်းအတွက်ကြည်နူး ပီတိဖြစ်နေဟန်ရှိလေသည်။

“ယခုအချိန်ကစပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော်သမ္မတကြီးမှ ရာထူးတာဝန် စတင်ထမ်းဆောင်တဲ့ ပထမဆုံး မိန့်ခွန်းကို မြွက်ကြားပါလိမ့်မယ်ခင်ဗျား”

ရာထူးလက်ခံပွဲအခမ်းအနားမှူး လုပ်နေသော နိုင်ငံတော်သမ္မတရုံး ပြန်ကြားရေးအတွင်းဝန်၏ ကြေညာသံ ပေါ်ထွက်လာသည်။ နိုင်ငံတော်သမ္မတသည် ပြုံးပြုံးရွှင်ရွှင်နှင့် လက်ဝှေ့ရမ်းရင်း စကားပြောစင်မြင့်ဖက်သို့ ချဉ်းကပ်လာသည်။ ထို့နောက် အောက်ပါမိန့်ခွန့်ကို စတင်ပြောကြားလေသည်။

လေးစားအပ်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံသူမြန်မာနိုင်ငံသား အပေါင်းတို့ခင်ဗျား။

မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်။ ပထမဦးဆုံးအနေနဲ့ ကျနော့်ကိုဒီ “နိုင်ငံတော်သမ္မတ” ဆိုတဲ့ ရာထူးတာဝန် ကိုယုံကြည်စွာအပ်နှင်း၊ ထမ်းဆောင်ခွင့်ပြုခဲ့ကြတဲ့ မိဘပြည်သူ မြန်မာလူထုကြီးကို ရင်ထဲက လှိုက်လှိုက်လှဲလှဲနဲ့ ကျေးဇူး အထူး တင်မိပါကြောင်း ပြောကြားလိုပါတယ်။ ဒီကနေ့ကစပြီး ဒီရာထူးရဲ့ တာဝန် ဝတ္တရားများကို ထမ်းဆောင်ရင်း မိမိ ကိုယ်စွမ်း ဥာဏ်စွမ်းရှိသလောက် တိုင်းပြည့်ဝန်ကို ထမ်းရွက်နိုင်တော့မှာ ဖြစ်တဲ့အတွက် ကျေနပ်ဂုဏ်ယူမိပါကြောင်း လည်းပြောလိုပါတယ်။ တကယ်တော့ ရာထူးဆိုတာ တာဝန်ပဲ ဖြစ်ပါတယ်။ ရာထူးဆိုတာ အာဏာ မဟုတ်ပါဘူး။ ရာထူးကြီးတဲ့ ပုဂ္ဂိုလ် တယောက်ဆီမှာ ထိုက်သင့်တဲ့ အာဏာ တချို့ရှိရတာဟာ သူ့ရဲ့ တာဝန်ဝတ္တရားများကို ထိထိရောက်ရောက် ထမ်းဆောင် နိုင်ဖို့အတွက်သာလျှင် ဖြစ် ပါတယ်။ နိုင်ငံတော် သမ္မတ တဦးဟာ သမ္မတရဲ့ တာဝန်များကိုတော့ ထိထိရောက်ရောက် မထမ်း ဆောင်ဘဲနဲ့ သမ္မတရဲ့ အာဏာများကိုသာ ထိထိရောက်ရောက် ထုတ်သုံးနေရင် သူ့ကိုအာဏာရှင်သမ္မတလို့ ခေါ်ဆိုရပါ လိမ့်မယ်။ ကျနော်အဲဒီလို အာဏာရှင်သမ္မတမျိုး မဖြစ်စေရပါဘူး၊ သမ္မတတာဝန်ကို ထမ်းဆောင်တဲ့ သမ္မတမျိုး သာ ဖြစ်စေရပါ့မယ် လို့ ဒီနေ့၊ ဒီအချိန်၊ ဒီနေရာကနေပြီးတော့ မြန်မာပြည်သူလူထုကြီးကို ရိုးသား တည်ကြည် လေးနက်စွာ ကျနော်ကတိပေး ပါတယ်။( လက်ခုပ်ဩဘာသံများ)

ဒီ သမ္မတရာထူးကနေ ကျနော်ဘာများ မျှော်လင့်မိပါသလဲလို့ တစုံတယောက်က ကျနော့်ကို မေးလာခဲ့ လို့ရှိရင် ကျနော့်ကို မွေးဖွားခဲ့တဲ့ ဟောဒီအမိမြေကို နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူနေမှုအဆင့်အတန်း၊ စိတ်ဓါတ်အဆင့် အတန်း အရ ကမ္ဘာ့ အလယ်မှာ မျက်နှာမငယ်ရအောင်၊ ရင်ဘောင်တန်းနိုင်အောင် မြန်မာ ပြည်သူပြည်သားတွေ အားလုံး တက်ညီလက်ညီ ကြိုးပမ်းခဲ့ ကြစဉ်တုန်းက ကျနော်လည်း တာဝန်အရှိဆုံး နိုင်ငံသား တယောက်အဖြစ်နဲ့ ပါဝင်ခဲ့တယ်လို့ မသေခင်ကြည်နူးသွားခဲ့ချင်တာ ပဲရှိပါတယ်။ ဒီရာထူးကနေ ကျနော်မျှော်လင့်နိုင်သမျှက အဲဒီလောက်ပါပဲ။ အဲ - သူဌေးကြီးဖြစ်ချင်တဲ့ ဆန္ဒကလေးများရှိရင် တော့ အမြတ်ရ ဖို့သေချာတဲ့ကောင်းရောင်းကောင်းဝယ် စီးပွားရေးလုပ်ငန်းတခုလောက်ပဲ ကျနော် လုပ်ကိုင်မှာပါ။ ကျနော် လုပ် လည်း လုပ်တတ်ပါတယ်။ ခင်ဗျားတို့လည်း ဒါကိုသိတာပါပဲ။ ဒီအမြတ်ရဖို့ မသေချာတဲ့ သမ္မတ အလုပ် ကို တော့ လာ မလုပ်ပါဘူး ခင်ဗျား။ ( ရယ်သံများ)

အခု တဆက်တည်းပဲ မြန်မာပြည်သူလူထုကြီးကို နောက်ထပ် အရေးကြီးတဲ့ ကတိစကားတခွန်းကိုလည်း ကျနော်ပေးချင်ပါတယ်။ ကျနော်ဟာ ရာနှုန်းပြည့်ရိုးသားဖို့ ဖြစ်နိုင်သည့်တိုင် သာမန်ပုထုဇာဉ်တယောက်မျှသာ ဖြစ်တဲ့အတွက် ကျနော့်ရဲ့ စိတ်ကူး စိတ်သန်း နဲ့ ဆုံးဖြတ်လုပ်ဆောင်ချက်တွေဟာ အခါခပ်သိမ်းမှန်လိမ့်မယ်လို့ မဆိုနိုင်ပါဘူး။ ဒါကြောင့် ကျနော်နဲ့ ကျနော့် အစိုးရ အဖွဲ့ရဲ့ လုပ်ပုံကိုင်ပုံတွေဟာ မှားယွင်း၊ ချွတ်ချော်၊ တိမ်း စောင်း နေတယ်လို့များ သဘောရကြရင် ပြည်သူလူထုကြီး အနေနဲ့ ကျနော်တို့ကို သတင်း စာ၊ မီဒီယာ တွေ ပေါ်ကနေပြီးတော့ ထောက်ပြ ဝေဖန် တည့်မတ် ပေးနိုင်ကြပါတယ်။ ဒါလောက်နဲ့မှ မကျေနပ်နိုင်သေးရင် လူကိုယ်တိုင် ငြိမ်းချမ်းစွာ ဆန္ဒပြချင်ရင်ပြနိုင်ကြပါတယ်။ ( လက်ခုပ်ဩဘာသံများ) ပြည့်အရေးကို ကိုယ့်အရေး လိုသဘောထားပြီး မိမိဆန္ဒကို အုပ်ချုပ်သူတွေသိအောင် ဖော်ထုတ်ပြသတယ်ဆိုတာဟာ တာဝန်သိ နိုင်ငံသား ကောင်းတွေရဲ့ လုပ်ရပ်၊ လှပတဲ့အမူအရာ၊ ချစ်ခင်စဖွယ် အလေ့အထ တရပ်ပဲ ဖြစ်ပါတယ်။ ကျနော်တို့ မဟုတ် တာ မလုပ်သရွေ့၊ ပြည်သူတွေက ကျနော်တို့ကို အလကား အားအားလျားလျား အချိန်ကုန်ခံပြီးတော့ ဆန္ဒပြ နေကြမှာမဟုတ်ဘူးလို့လည်းယုံကြည် ပါတယ်။ ဒါကြောင့် ကျနော်တို့ အစိုးရအဖွဲ့ဟာ ခင်ဗျားတို့ တွေ့ခဲ့ဖူးတဲ့ အစိုးရ အဖွဲ့တွေလို ပြည်သူတွေလမ်းပေါ်ထွက်လာမှာ သေမလောက်ကြောက်တဲ့၊ ဆန္ဒပြပွဲတွေ မပေါ်ပေါက် အောင် မသမာတဲ့ နည်းလမ်းမျိုးစုံနဲ့ ကာကွယ်တားဆီးထားလိမ့်မဲ့ အစိုးရ မျိုး မဟုတ်ကြောင်း မိဘပြည်သူများ ကို အသိပေးထားလိုပါတယ်။ (လက်ခုပ်ဩဘာသံများ)

ကျနော်တို့နိုင်ငံမှာ အစိုးရအဆက်ဆက်က ပြည်သူတွေဆန္ဒပြကြမှာကို မလိုလားကြတဲ့ အစဉ်အလာကြီး ရှိခဲ့ ဖူးတော့ကာ ကျနော်တို့ပြည်သူတွေကလည်း ကိုယ့်မှာ အုပ်ချုပ်သူတွေသိအောင် ဆန္ဒဖော်ထုတ်ပြသစရာ ရှိလာရင် ဘယ်လိုသိက္ခာရှိရှိ၊ စည်းကမ်းနည်းလမ်းတကျ၊ တရားဝင်ဆန္ဒပြသနိုင်မလဲဆိုတာ မသိကြပါဘူး။ ဒါကြောင့် ကျနော်တို့လက်ထက်မှာ ပြည်သူတွေ ဂုဏ် သိက္ခာ ရှိရှိ၊ အဆင့်အတန်းရှိရှိ၊ စည်းကမ်း သေသေ ဝပ်ဝပ်နဲ့ တရားဝင်ဆန္ဒပြသနိုင်ကြအောင် ရည်ရွယ်ပြီးတော့ ကျနော်တို့ ဒီအတွက် ဥပဒေတခု အတိအလင်း ထုတ်ပြန်ထားပြီးသား ရှိနေစေချင်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ကျနော်တို့ပါတီက မကြာခင် လွှတ်တော် ကို “နိုင်ငံသားများ ဆန္ဒပြသရေး ကျင့်ထုံးဥပဒေ” မူကြမ်းတရပ်တင်ဖို့ရှိပါတယ်။ ဒါကို လွှတ်တော်မှာ ချောချော မွေ့မွေ့ အတည်ပြုနိုင်ခဲ့လို့ရှိရင် ဥပဒေတရပ် အသက်ဝင်အောင် ကျနော် သမ္မတအဖြစ်နဲ့ ပထမဦးဆုံး လက်မှတ်ထိုး ပေးရမဲ့ ဥပဒေ ဟာ လည်း ဒီဥပဒေပဲဖြစ်ဖို့ အကြောင်းရှိပါတယ်။ ( လက်ခုပ်ဩဘာသံများ) ဟုတ်ကဲ့၊ ဒီဥပဒေကို ပြဌာန်းပြီး သွားလို့ ရှိရင် ကျနော် တို့ပြည်သူတွေဟာ အများပြည်သူကို အနှောက် အယှက် နဲ့ အန္တရာယ် တစုံတရာ မဖြစ်စေသရွေ့၊ တစုံ တယောက်ကို ပုဂ္ဂိုလ်ရေး အာဃာဓ နဲ့ ရှုတ်ချ အသရေဖျက် နေခြင်း မဟုတ်သရွေ့ ဘယ်လိုနိုင်ငံ့အရေးကိစ္စမျိုးနဲ့ ပတ်သက်ပြီး တော့မဆို မိမိတို့ရဲ့ ဆန္ဒကို ငြိမ်းချမ်းစွာ ထုတ်ဖော်နိုင်ကြမှာဖြစ်ပါတယ်။ ( လက်ခုပ်ဩဘာသံများ) ဒါဟာ ကျနော်တို့ နိုင်ငံမှာ “ဆန္ဒပြတယ်ဆိုတာ အဖျက်အမှောက်လုပ်ရပ်”၊ “ဆန္ဒပြသူတွေဟာ အဖျက်အမှောက်သမား ကလေကချေတွေ၊ ဒါမှမဟုတ် တစုံတဖွဲ့ရဲ့ သွေးထိုးလှုံ့ဆော် အသုံးချခြင်းခံရတဲ့ ဥာဏ်နုံနဲ့သူတွေ” ဖြစ်တယ်ဆိုတဲ့ ကောက်ကျစ်စဉ်းလဲ့တဲ့ ဆင်ခြင် တုံတရားကြီး နဲ့ ရာစုနှစ်ဝက်ကျော်ကြာ နိုင်ငံသားဂုဏ်သိက္ခာ ခိုးယူခြင်းခံခဲ့ရတဲ့ မြန်မာပြည်သူတွေကို ကျနော်တို့ လက်ထက်မှာ အလျှင်အမြန်ဆုံး ပြန်လည်ပေးဆပ်ချင်တဲ့ လျော်ကြေးပါပဲ။ ( လက်ခုပ်ဩဘာသံများ)

အခုကျနော်တို့အစိုးရအဖွဲ့အနေနဲ့ ကျနော်တို့ရဲ့ ဒီရာထူးသက်တမ်းကာလအတွင်းမှာ အဓိက ဦးစားပေးပြီး၊ မဖြစ်ဖြစ်အောင် လုပ်သွားမယ်လို့ ရည်ရွယ်ဆုံးဖြတ်ထားကြတဲ့ လုပ်ငန်းစဉ် တချို့ကို ကြိုတင်ပြီး ပြောပြ ထား ချင်ပါတယ်။ ဒီအချိန်ဟာ ကျနော် မဲဆွယ်နေတာ မဟုတ်တော့ပါဘူး။ ကျနော် ဒီနေ့ လူသိရှင်ကြား ပြောလိုက် သမျှကို ကျနော် တနေ့နေ့မှာ တကယ်လုပ်ပေးရမဲ့ တာဝန်ရှိတာကို သိပါတယ်။ ဒီလိုသိသိကြီးနဲ့ပဲ ကျနော် မြန်မာပြည်သူလူထုကြီးကို ဒီကတိတွေကို ပေးချင်ပါတယ်။

(၁) ကျနော် နိုင်ငံရေး ကဏ္ဍကနေစပြီး ပြောပါ့မယ်။ ကျနော်တို့အစိုးရအဖွဲ့ဟာ ပြီးဆုံးအောင်လုပ်ဖို့ ကျန်နေ သေးတဲ့ နိုင်ငံ ရေး တာဝန်(ဝါ) အမျိုးသားရေးတာဝန်တရပ်ကို ဆက်ခံထားရပါတယ်။ နိုင်ငံ့အကျိုး စီးပွားကို ရှေ့ရှုပြီးတော့ မြန်မာပြည်သူလူထု၊ နိုင်ငံရေးပါတီများနဲ့ တပ်မတော်ကပုဂ္ဂိုလ်တွေ တစိတ်တည်း၊ တဝမ်းတည်း ပူးပေါင်းဆောင်ရွက်ခဲ့ကြ ခြင်းကြောင့် ကျနော်တို့ ဟာ အခုဆိုရင်နအဖ အစိုးရ လက်ထက်တုန်းက အတင်း အကြပ် ရေးဆွဲခဲ့တဲ့ အတုအယောင် ၂၀၀၈ - ဖွဲ့စည်းပုံ အခြေခံဥပဒေကို တော့ ပြည်သူ့ဆန္ဒ ( referendum) နဲ့ အညီတရားဝင်ဖယ်ရှားပစ်နိုင်ခဲ့ကြပြီးဖြစ်ပါတယ်။ ဒါပေမဲ့ဒီ ဥပဒေကို အစား ထိုးဖို့ သမာ သမတ်ကျပြီး၊ ပြီးပြည့်စုံတဲ့ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ တရပ်ကို ကျနော်တို့ အခုအချိန်ထိ မရေးဆွဲရသေး ပါဘူး။ အခု ကျနော်တို့ အစိုးရ တက်လာခဲ့တဲ့၊ ပြည်ထောင်စုလွှတ်တော်က ယာယီအသုံးပြုဖို့ အတည်ပြု ပြဌာန်းပေးလိုက်တဲ့ ဥပဒေ ရဲ့ နိဒါန်းနဲ့ ပုဒ်မ ၁၀၆ တို့မှာ အတိအလင်း ဖော်ပြထားတဲ့အတိုင်း ကျနော်တို့ ဟာ အဲဒီလို နိုင်ငံ တော်ဖွဲ့စည်းပုံ အခြေခံဥပဒေ သစ်မျိုး တခုကို ဆောလျှင်နိုင်သမျှ ဆောလျှင်စွာရေးဆွဲပြီး၊ ဒီဥပဒေ သစ်ကို နောက်ထပ် ပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲတရပ်နဲ့ အတည်ပြုကြရဦးမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း အပြီး အပြတ်မဟုတ်သေးတဲ့ ယခုလက်ရှိယာယီဥပဒေကို တပ်မတော်သား ကိုယ်စားလှယ်တွေလည်း ပါဝင်တဲ့ ပြည်ထောင်စု လွှတ်တော်လောက်ကသာ အတည်ပြုပေးခဲ့ပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကိုတော့ မပြုလုပ်ခဲ့သေး ခြင်းဖြစ်ပါတယ်။ ကျနော်တို့အစိုးရဟာ ဒီ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ သစ် ရေးဆွဲရေး နဲ့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပရေး တာဝန်ကို ပြီးဆုံးအောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ကျနော်တို့နိုင်ငံမှာက တမင်းတက်ရင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေတခု ရေးကြတယ်လို့ ဆိုရမလိုဖြစ် နေပါတယ်။ ဒီအစဉ်အလာကြီးကို ကျနော်တို့ လက်ထက်မှာ အဆုံးသတ်စေချင်လှပါပြီ။ ရှေ့သို့ လက်ဆင့် မကမ်းချင်တော့ပါဘူး။ ဒီတော့ နောင် ခဏခဏ ပြင်မနေရ လောက်အောင်ထိ သမာသမတ်ကျတဲ့၊ ရိုးသား ဖြောင့်မှန်တဲ့၊ ပြောင်းလွယ်ပြင်လွယ်လည်းရှိတဲ့ အခြေခံ ဖွဲ့စည်းပုံ ဥပဒေသစ် တရပ်ကို ကျနော်တို့ တိုင်းရင်းသား ညီကိုတတွေ၊ မြန်မာနိုင်ငံသားတွေအားလုံး ကျေကျေနပ်နပ်၊ ညီညီညွတ်ညွတ် နဲ့ ရေးဆွဲကြပါစို့။ ဒီလိုရေးဆွဲနိုင်ဖို့အတွက် တိုင်းရင်းသားလူမျိုးစု ကိုယ်စားပြု နိုင်ငံရေးပါတီများ၊ ကျန်ရှိနေသေးတဲ့ တောတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ အခြားနိုင်ငံရေးပါတီများ၊ အလွတ်သဘော တက်ရောက် ပါဝင် ဆွေးနွေး တင်ပြလိုကြတဲ့ လူမှုရေး အသင်းအပင်း အဖွဲ့အစည်း များ၊ တသီးပုဂ္ဂလ လူပုဂ္ဂိုလ်များကို တက်ရောက် ခွင့်ပြုမဲ့ “နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်ရေးဆွဲရေး ပဏာမညီလာခံ” တရပ်ကို ကျနော်တို့ ကျင်းပ ပေးလိုပါတယ်။ ဒီညီလာခံရဲ့ အဓိက ရည်ရွယ်ချက်က တော့ ဟောဒီပြည်ထောင်စုကြီး ရဲ့အကျိုးစီးပွား အတွက် ကျနော်တို့ အချင်းချင်းကြားမှာ ထားရှိကြရမဲ့ အလွန် အင်မတန်အရေး ကြီးတဲ့အမျိုးသားရေးအဆင့်ပဋိဥာဉ် ( သဘောတူညီချက်) တွေကို အများသဘောတူ ချမှတ်နိုင်ကြစေချင်လို့ပါ။

အဲဒီညီလာခံမှာ ကျနော်တို့အစိုးရက ညီလာခံတက်ရောက်သူများကို “ဒီလိုလုပ်ကြပါ” လို့ ညွှန်ကြားမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ တခါတရံလိုအပ်ရင် “ဒီလိုလုပ်ကြပါလား” လို့တော့ ကြားဝင်စေ့စပ်ပေး သင့်ရင် ပေးပါ လိမ့်မယ်။ ပြောချင်တာက ကျနော် တို့အစိုးရဟာ ဒီညီလာခံမှာ ကမကထပြုလုပ်သူ ( Coordinator ) ၊ ကြားဝင် စေ့စပ်ဖျန်ဖြေသူ ( Mediator ) အလုပ်မျိုးပဲ လုပ်ပါလိမ့် မယ်။ ဒီညီလာခံဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး မှာ ပထမအဆင့်သာ ဖြစ်ပါတယ်။ ကျနော်တို့တတွေ ညီအကိုစိတ်ဓါတ်၊ မိသားစု စိတ်ဓါတ်နဲ့ ဆွေးနွေးကြမယ် ဆိုလို့ရှိရင် ဒီညီလာခံကနေ ပြည်ထောင်စုကြီးကို ထာဝရ အဓွန့်ရှည်တည်တန့်နေ စေ မဲ့ အခြေခံမူတွေ မုချ ချမှတ်နိုင်ကြလိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်။ ဒီညီလာခံကိုတက်ရောက်ကြမဲ့အဖွဲ့အစည်း များ၊ ပုဂ္ဂိုလ်များ အနေနဲ့ မိမိတင်ပြချင်တဲ့ကိစ္စမှန်သမျှကို လွတ်လွတ်လပ်လပ် တင်ပြနိုင်ကြပါတယ်။ သို့သော် ညီလာခံ အပြီး အများညီသဘောတူညီချက်ထုတ်ပြန်တဲ့အခါ ကိုယ့်အဆို၊ ကိုယ့်တင်ပြချက်ပါမလာခဲ့ရင်တော့ အဆိုတင်ခဲ့သူ တွေ အနေနဲ့ ကိုယ်ဖြစ်စေချင်တာ မဖြစ်ရကောင်းလားလို့ မကျေမနပ်ဖြစ်မနေဘဲ ဒီမိုကရေစီကျင့်စဉ်အတိုင်း အများစုရဲ့ ဆန္ဒကို လေးစား လိုက်နာနိုင်ကြရမှာဖြစ်ပါတယ်။ ဒီလိုရာနှုန်းပြည့်တံခါးဖွင့်ပေးထားတဲ့ Open Convention မျိုးတခုကို ကျင်းပပေးခြင်းအားဖြင့် သာလျှင် မြန်မာပြည်သူတွေဟာ နောင်တချိန် ဒီ ဖွဲ့စည်းပုံ ဥပဒေရဲ့ စစ်မှန်ရိုးသားမှုကို ခြေရာခံစစ်ဆေး ကြည့်ကြတဲ့အခါ “ငါတို့ ပြောချင်တာ ပြောခွင့်ရခဲ့တယ်။ ငါတို့ အချေအတင်ဆွေးနွေးခဲ့ကြတယ်။ ငါတို့ အဖြစ်သင့်ဆုံးကို ရွေးချယ် ( ဆုံးဖြတ်) ခဲ့ကြတယ်” လို့ ရလာဒ်ကို ကျေနပ်စွာ လက်ခံနိုင်ကြမှာဖြစ်ပါတယ်။ ဒီလို ရိုးသားဖြောင့်မတ်မှုမျိုးနဲ့ ထူထောင်ခဲ့တဲ့ ပြည်ထောင်စု နိုင်ငံ တော်တခု၊ ရေးဆွဲခဲ့တဲ့ နိုင်ငံတော်ဖွဲ့စည်းပုံဥပဒေတရပ်ကမှသာလျှင် အရှည်တည်တန့်ခိုင်မာ နေမှာလည်း ဖြစ်ပါတယ်။ ( လက်ခုပ်ဩဘာသံများ) အဲဒါပြီးတော့ ဒုတိယအဆင့်အနေနဲ့ ဥပဒေပညာရှင်များက ဒီ ပဏာမ ညီလာခံမှာ ရရှိခဲ့တဲ့ အခြေခံသဘောတူညီချက် ပဋိဥာဉ်တွေကို ခြုံငုံမိစေမဲ့ ဥပဒေ(မူကြမ်း) တရပ်ကိုရေးဆွဲ၊ အဲဒါကို ပြည်ထောင်စု လွှတ်တော်ကအတည်ပြုပါလိမ့်မယ်။ တတိယအဆင့်အနေနဲ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ( referendum) တရပ်ကျင်းပပြီး နိုင်ငံ တော်ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တရားဝင်အာဏာ သက်ရောက်လာမှာ ဖြစ်ပါတယ်။ ဒီ မပြီးဆုံးသေးတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်ကြီး ဟာ ကျနော်တို့ အစိုးရအဖွဲ့ရဲ့ အရေးအကြီးဆုံးသော နိုင်ငံရေးတာဝန် တရပ်ဖြစ်လာမဲ့အကြောင်း ကျနော် ဒီကနေ့ပြောချင်ပါတယ်။

(၂) ကျနော် ( အပါတ်စဉ်တော့မဟုတ်ပါဘူး) လစဉ် တလတခါ ရေဒီယို၊ ရုပ်မြင်သံကြားတို့ကနေပြီးတော့ တိုင်းပြည်အခြေအနေကို ကျနော့် ရာထူးသက်တမ်း တလျှောက်လုံး ပြည်သူလူထုထံ ပုံမှန်အစီရင်ခံသွားဖို့ ရှိပါတယ်။ ဒါကြောင့် ကျနော်ပြောစရာ ရှိသမျှကို ဒီနေ့ အကုန်လုံး တခါတည်း အပြီး ပြော ချလိုက်ဖို့ မလိုသေး ဘူး လို့ထင်ပါတယ်။ ဒီတော့ ဒီကနေ့တော့ ကျနော့် စိတ်ထဲမှာ အတော်ဘဝင်မကျဖြစ်ပြီးတော့ ကျနော် အရင်ဆုံး လုပ်ချင်နေမိတဲ့ လုပ်ငန်းတချို့နဲ့ ပတ်သက်ပြီးတော့ပဲ ပြောချင် ပါတယ်။ အဲဒါတွေကတော့ ဥပမာအားဖြင့် ကျနော်တို့တိုင်းပြည်မှာ သဘာဝဓါတ်ငွေ့ အလျှံပယ်ထွက်ပါလျက်သားနဲ့ ကျနော်တို့ တိုင်းပြည်မှာ လျှပ်စစ်ဓါတ်အား မဖူမလုံဖြစ်နေရတာ၊ ကျနော်တို့ပြည်သူတွေထင်းမီးဖို၊ မီးသွေးမီးဖိုတွေ သုံးစွဲနေကြရတာ ကတော့တယ်သဘာဝမကျလှဘူးလို့ ထင်မိပါတယ်။ ဒါကြောင့် ကျနော်တို့အစိုးရ လက်ထက် မှာ ဒီလို သဘာဝမကျတဲ့ကိစ္စ၊ မခက်သင့်ဘဲခက်နေရတဲ့ကိစ္စမှန်သမျှကို အပူတပြင်း ပြန်လည် တည့်မတ်ပြင်ဆင် သွားဖို့ရှိပါတယ်။ ( လက်ခုပ်ဩဘာသံများ)

ကျနော်တို့ မြန်မာပြည်တနံတလျားမှာ အခုချက်ချင်း ခြောက်လမ်းသွားကားလမ်းမကြီးတွေ၊ နိုင်ငံတကာ အဆင့်မီ လေဆိပ် ကြီးတွေတည်ဆောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ မြန်မာတနိုင်ငံလုံး ချက်ချင်း လျှပ်စစ်မီး ထိန်ထိန်လင်းသွား အောင် လည်း ကျနော်တို့ မလုပ်နိုင်ပါဘူး။ ဒါပေမဲ့ ကျနော်တို့ ချက်ချင်းလုပ်ပေးဖို့ဖြစ်နိုင်တဲ့ ပြည်သူတွေကို သက်တောင့်သက်သာ ဖြစ်စေမဲ့ကိစ္စမျိုးတွေလည်းရှိပါသေးတယ်။ ဥပမာ၊ ကျနော်တို့ တိုင်းပြည် မှာ ထင်း၊ မီးသွေး မီးဖိုတွေနဲ့ ထမင်းဟင်း ချက်ပြုတ် နေတာကို ရွှေ့ပြောင်းလို့ရတဲ့ gas အိုးစနစ်နဲ့ ချက်ချင်း အစားထိုးပစ်လိုက်ဖို့ဆိုတာ ဖြစ်နိုင်တဲ့ကိစ္စတခုပါ။ ဒီလို ဆို ရင်သစ်တောပြုန်းတီးမှုလည်း သိသိသာသာ လျော့ နည်းသွားပါလိမ့်မယ်။ ကိုယ့်နိုင်ငံကထွက်တဲ့ သဘာဝသယံဇာတ ပစ္စည်း တွေဟာ “ကိုယ့်နိုင်ငံသား တွေအတွက် ပထမ” ( Citizens first ) ဖြစ်ရပါမယ်။ ကျနော်တို့ဆီမှာ သဘာဝဓါတ်ငွေ့ အလျှံပယ်ထွက် တယ်။ ဒါကို ကျနော် တို့ နိုင်ငံသားတွေအတွက် ထိထိရောက်ရောက် သုံးစွဲရမှာပေါ့။ ကျနော်တို့ဆီမှာ ကျွန်းသစ်၊ သစ်မာ၊ ကြိမ်၊ ဝါး တွေ ထွက်တယ်။ ငါး၊ ပုဇွန်၊ ဂဏန်းတွေ ထွက်တယ်။ ဒါတွေကို ကိုယ့်ပြည်သူတွေအလျှံပယ်သုံးစွဲဖို့၊ စားသုံးဖို့ ကျနော် တို့ ဖူလုံအောင်၊ ပိုလျှံအောင် ထုတ်လုပ်ပြီးတော့၊ ပိုလျှံတဲ့ပမာဏကိုမှ နိုင်ငံခြားတင်ပို့တဲ့မူဝါဒကို ကျနော်တို့ လက်ကိုင်ထား ကျင့်သုံးဖြစ်ပါလိမ့်မယ်။ ( လက်ခုပ်ဩဘာသံများ)

ဒီလို ကိုယ့်ပြည်သူတွေ သက်သာချောင်ချိရေး၊ လူနေမှုအဆင့်အတန်းမြင့်မားလာစေရေးကို အထောက်အကူ ဖြစ်စေမဲ့ မည်သည့် Mass Production ( ကုန်ပစ္စည်း အမြောက်အများထုတ်လုပ်ရေး) ကုမ္ပဏီကိုမဆို ပြည်တွင်း ကဖြစ်ဖြစ်၊ ပြည်ပကဖြစ်ဖြစ် ကျနော်တို့ လှိုက်လှိုက်လှဲလှဲ ကြိုဆို ဖိတ်ခေါ်ပါတယ်။ ပြီးတော့ဒီနိုင်ငံကိုလာပြီး ဆဲလ်ဖုန်းဆက်သွယ်ရေး လုပ်ငန်းလို ဝန်ဆောင်မှုလုပ်ငန်း မျိုးတွေကို ထူထောင်လုပ်ကိုင်ချင်ကြသူတွေကိုလည်း ကျနော်တို့ ကူညီနိုင်တာရှိသမျှ ကူညီ မှာဖြစ်ပါတယ်။ တီဗီ၊ ကွန်ပြူတာ hardware/ software၊ စက်ဘီး၊ ဆိုင်ကယ်၊ ကား၊ အီလက်ထရောနစ်ပစ္စည်း ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကိုလည်း ကျနော်တို့ အတတ်နိုင်ဆုံး အခွန်၊ အခ တွေလျှော့ပေါ့ပေးမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကုမ္ပဏီတွေဟာ မြန်မာ ပြည်သူတွေကိုတော့ မြန်မာငွေ နဲ့ ရောင်းချပေးရမဲ့ တာဝန်ရှိပါလိမ့်မယ်။ အဲဒီတော့ အကျဉ်းချုပ်ပြောရမယ် ဆိုလို့ရှိရင် ကျနော် တို့ရဲ့ အခု ရာထူးသက်တမ်းဟာ မြန်မာပြည်သူတွေကိုတတ်နိုင်သမျှ လူနေမှုအဆင့်အတန်းမြှင့်တင်ပေးရေးကာလ ဖြစ်ပါ လိမ့်မယ်။ ( လက်ခုပ်ဩဘာသံများ)

(၃) ဒီလို ကိုယ့်နိုင်ငံသားတွေရဲ့ လူနေမှုအဆင့်အတန်း မြင့်မားလာအောင်လုပ်နေတဲ့ တချိန်တည်းမှာပဲ နိုင်ငံသား တွေရဲ့ စိတ်ဓါတ်အဆင့်အတန်း မြင့်မားလာအောင် လုပ်ဖို့လည်းအလွန် အရေးကြီးလှပါတယ်။ ဒါကိုတော့ မီးသွေးမီးဖိုကို gas မီးဖိုနဲ့ အစားထိုးလဲလှယ်လိုက်သလောက် ချက်ချင်း အလွယ်တကူပြောင်းလဲပစ်နိုင်မှာ မဟုတ်ပါဘူး။ မျိုးဆက်( generation) နဲ့ချီပြီးတော့ကို ကြာနိုင်တဲ့၊ ကြိုပမ်းနေရဦးမဲ့ကိစ္စကြီးဖြစ်ပါတယ်။ အခုထိတော့ ကျနော်တို့နိုင်ငံ့ဝန်ထမ်းတွေဟာ မိမိ တို့ တာဝန်ရှိတဲ့အတိုင်း ရုံးကိစ္စတခုလုပ်ပေးလိုက်ရတာကိုပဲ သူတို့လုပ်ပေးလိုက်ရတဲ့သူဆီက လဘက်ရည်ဖိုး ( လာဘ်ငွေ) မျှော်နေတတ်ကြပါသေးတယ်။ “ကျနော့်သားအလုပ်က လစာတော့ သိပ်မကောင်းဘူး။ ဒါပေမဲ့ အောက်ဆိုက်မန်းနီး အများကြီးရတယ်ဗျ” ဆိုတဲ့ စကားမျိုးကလည်း ကျနော်တို့တိုင်းပြည်မှာတော့ လူထူထူမှာ ပြောလို့ကောင်းတဲ့စကားမျိုးဖြစ် နေပါသေးတယ်။ ကျေးဇူးတုံ့တင်သိတတ်ရတဲ့ကျနော်တို့ရဲ့ အာရှယဉ်ကျေးမှုက လည်း ဒီလာဘ်မျှော်တဲ့ ယဉ်ကျေးမှု အတွက် တစိတ်တပိုင်းတာဝန်ရှိဟန်တူပေမဲ့ ကျနော်တို့တိုင်းပြည်မှာ ဒီယဉ်ကျေးမှု အမြစ်တွယ်ကြီးပြင်းလာခဲ့တာကတော့ဝန်ထမ်း တွေလုပ်ခလစာနည်းပါးလွန်းလို့ “ငါ့ဝမ်းပူဆာ မနေသာ” ဆိုသလို ဝမ်းရေးအတွက် ဖြစ်တဲ့နည်းနဲ့ ဖြေရှင်းရင်း ဒီမကောင်းတဲ့ အကျင့် စွဲမြဲလာခဲ့တာလို့ဆိုချင်ပါတယ်။ ဒါကြောင့် ကျနော်တို့နိုင်ငံမှာ အိုင်းအနာလိုလှိုက်စား အမြစ်တွယ်နေတဲ့ဒီ ယဉ်ကျေးမှုကြီးကို လက်တွေ့ကျကျ ဖြေရှင်းဖို့၊ တိုက်ဖျက်ဖို့ဆိုရင် ပထမဆုံးအဆင့် အနေနဲ့ နိုင်ငံ့ဝန်ထမ်းတွေကို လာဘ်လာဘ မမျှော်ကိုးဘဲ စားလောက် ၊ သောက်လောက်တဲ့လုပ်ခလစာမျိုး ပေးရပါလိမ့်မယ်။ ပြီးတော့၊ ဥပမာ၊ နိုင်ငံ့ဝန်ထမ်းတွေကို ဒီမှာ ရင်းနှီးမြှုပ်နှံမှုလာလုပ်ကြတဲ့ကုမ္ပဏီတွေဆီက မော်တော်ဆိုင်ကယ်၊ ကား၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်စတာ တွေ အရစ်ကျဝယ်ချင်လို့ရှိရင် အစိုးရက အာမခံပေးတဲ့စနစ် သုံးဖို့ဖြစ်နိုင်မလား ဆိုတာမျိုးတွေ ကျနော်တို့ တွက်ချက်ကြည့်ပြီး တော့ဖြစ်နိုင်တဲ့အခါမှာ အဲဒါမျိုးတွေ လုပ်ပေးချင်ပါတယ်။ ဒါတွေကို ဘယ်တော့လုပ်ပေးနိုင်မယ်လို့တော့ ကျနော် အာမမခံ နိုင်သေး၊ ကတိမပေးနိုင်သေးပါဘူး။ ဒီလို နိုင်ငံတော်ဖက်က လုပ်ပေးနိုင်သရွေ့ကို လုပ်ပေးခြင်းအားဖြင့် ဝန်ထမ်းတွေရဲ့ စိတ်ဓါတ်အဆင့်အတန်း၊ ကိုယ့်အလုပ်အပေါ်သဘောထား ( attitude) ကို ပြောင်းလဲပစ်နိုင်ဖို့ ကျနော်တို့ ကြိုးစားမှာဖြစ် ကြောင်း လောက်ပဲယေဘုယျ ပြောထားလိုပါတယ်။ ဒါပေမဲ့ နိုင်ငံတော်ရဲ့ ဒီစရိတ်တွေကို ကာမိစေဖို့အတွက် ကျနော်တို့ အစိုးရ လက်ထက်မှာ ဘယ်ခေတ်ဘယ်အခါနဲ့မှ မတူအောင် အလုပ်လုပ်တဲ့ နိုင်ငံသားတိုင်း အခွန်ဆောင်ဖို့လည်း ပြင်ထား ကြပေရော့လို့ပြောချင်ပါတယ်ခင်ဗျား။ ( ရယ်သံများ )

(၄) အခု အစိုးရ အုပ်ချုပ်ရေးယန္တရား တရပ်လုံး တခုနဲ့တခု အချိတ်အဆက်မိမိလည်ပတ်နေနိုင်အောင် နိုင်ငံတော် အတွင်းရှိ အစိုးရဌာနများအားလုံး ကို အမြန်ဆုံး Computerized ဖြစ်အောင် ကြိုးပမ်းလုပ်ဆောင် သွားမဲ့အကြောင်း ပြောချင်ပါတယ်။ တဖြည်းဖြည်းနဲ့ ကျနော်တို့ ရဲ့ လူ့အဖွဲ့အစည်း တရပ်လုံးကိုလည်း Computerized Society တခုဖြစ်လာအောင်တည်ဆောက်သွား မှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် နိုင်ငံသားတဦး သားဖွားခန်းမှာ မွေးဖွားလာတဲ့ အချိန်လောက်ကစပြီး သူ့အတွက် ကွန်ပြူတာက ထုတ်ပေးတဲ့မှတ်ပုံတင် နံပါတ်( Computerized ID Number) တခုကျလာပြီး သူ့မိသားစုအစဉ်အဆက်ဇယား ( Family Tree)၊ မွေးချိန်၊ နေရပ်လိပ်စာ၊ လူမျိုး၊ ဘာသာ၊ လိင်၊ အလေးချိန်စတာတွေဟာ ဆေးရုံမှတ်တမ်းတွေထဲကနေ လူဝင်မှုကြီးကြပ် ရေး နဲ့ နိုင်ငံသားဌာန ကို ချက်ချင်းရောက်ရှိသွားမှာဖြစ်ပါတယ်။ ထို့အတူပဲ နိုင်ငံသားတဦး သေဆုံးသွားရင် လည်း သုဿာန်မှတ်တမ်းများ ကတဆင့် ဒီဌာနကို ချက်ချင်းရောက်ရှိသွားမှာဖြစ်ပါတယ်။ ဒီလိုနည်းအားဖြင့် မြို့နယ်အုပ်ချုပ်ရေးရုံး တရုံးဟာ မိမိမြို့နယ်အတွင်း သည်ကနေ့လက်ရှိလူဦးရေစုစုပေါင်း ၊ ကျား/မ ဦးရေ၊ ကျေင်းသား/သူဦးရေ၊ အလုပ်လုပ်ကိုင်သူဦးရေ၊ အလုပ် လက်မဲ့ဦးရေ၊ သက်ကြီးရွယ်အိုဦးရေ၊ မသန်မစွမ်းဦးရေ၊ အိုးမဲ့အိမ်မဲ့ဦးရေ၊ အချုပ်သားဦးရေ၊ အကျဉ်းသားဦးရေ၊ ပြစ်မှု အမျိုးအစား အလိုက် ကျူးလွန်သူဦးရေ စတာတွေ ကို အချိန်နဲ့ တပြေးညီသိရှိနေနိုင်မှာ ဖြစ်ပါတယ်။ ပြီးတော့ နိုင်ငံသားတိုင်းမှာ Electronic ID Card ( လျှပ်စစ် မှတ်ပုံတင်ကတ်) တခုစီရှိမှာဖြစ်ပြီး၊ သူ့ ကိုယ်ရေးအချက်အလက်များအားလုံး အဲဒီကတ်ထဲ မှာရှိနေမှာ ဖြစ် ပါတယ်။ ဥပမာ၊ သူနေထိုင်ခဲ့ဖူးတဲ့ နေရပ်လိပ်စာများရာဇဝင်၊ ပညာသင်ကြားမှုရာဇဝင်( ဖြေဆိုခဲ့ဖူးတဲ့ စာမေးပွဲ တိုင်းရဲ့ အမှတ်စာရင်း အသေးစိတ်အပါအဝင်)၊ အိမ်ထောင်ရေးရာဇဝင်၊ ပြစ်မှုကျူးလွန်မှုရာဇဝင် စတာတွေဟာ ဒီ ကတ်ထဲမှာ ရှိနေမှာဖြစ်ပါတယ်။

(၅) ကျနော် အခုနိဂုံးချုပ်စကားမပြောခင် ပြောချင်တာကတော့ အရင်တုန်းက ကျနော်တို့နိုင်ငံမှာ ကိုယ်ဝန် ဆောင်မိဘတွေဟာ သားသမီး ကိုယ်ဝန်ရှိလာရင် မွေးဖွားစရိတ်အတွက် ပူပန်ကြရတယ်လို့ကြားဖူးပါတယ်။ အခု ဒီမြန်မာနိုင်ငံတော်သစ်မှာ တော့ ဒါမျိုး မရှိစေချင်တော့ပါဘူး။ ကလေးမွေးချင်လို့ မိခင်ဗိုက်နာရင် ဆေးရုံ၊ မိခင်နှင့်ကလေး ကူညီစောင့်ရှောက်ရေး ဌာနတို့ကို အချိန်မရွေးဖုန်းဆက်၊ လူနာတင်ယဉ်က နာရီဝက်အတွင်း ရောက်လာတာမျိုး ဖြစ်စေချင်မိပါတယ်။ ထို့အတူ လူတယောက်သေဆုံးသွားခဲ့ရင်လည်း ကျန်ရစ်သူမိသားစုက သဂြိုလ်စရိတ်မတတ်နိုင်ရင် နိုင်ငံတော်အစိုးရက ဒီနိုင်ငံသားရဲ နောက်ဆုံးခရီး အတွက်အစစ တာဝန်ယူ ပေးတာ မျိုးဖြစ်စေချင်မိပါတယ်။ အလုပ်မလုပ်နိုင်တဲ့မစွမ်းမသန်သူတွေ၊ သက်ကြီးရွယ် အိုတွေဆေးကုသမှုခံယူဖို့ မတတ်နိုင်ရင် လည်း ဒီလိုပဲနိုင်ငံတော်က ကူညီသွားချင်ပါတယ်။ ဒီလိုနည်းနဲ့ ကျနော်တို့ တတွေဟာကျနော်တို့ ရဲ့ ပြည်ထောင်စု နိုင်ငံတော် ကိုနေပျော်ဖွယ်ကောင်းတဲ့ ဒေသတခု၊ ကရုဏာတရား ထွန်းကားတဲ့ လူ့အသိုက် အမြုံကြီးတခု ဖြစ်လာအောင် ဝိုင်းဝန်းကြိုးပမ်း တည်ဆောက် ကြပါစို့။ နောက်ဆုံးအနေနဲ့ ကျနော့်ကို ဒီအိပ်မက် တွေ လက်တွေ့ အကောင်အထည်ဖော်ကြည့်ခွင့်ရအောင် အသည်းကြားကမဲတပြားပေးပြီး ဒီနေရာရောက် အောင် ပို့လိုက်ကြတဲ့ မဲဆန္ဒ ရှင်မြန်မာပြည်သူများ၊ ကျနော့်ကို သမ္မတလောင်းအဖြစ်ရွေးချယ်ခဲ့တဲ့ ကျနော့်ရဲ့ မိခင်ပါတီ၊ ဒီနေရာမှာ ပြည့်စုံအောင် နာမည်နဲ့တကွ ဖော်ပြခြင်းငှာ မစွမ်းသာတဲ့ ကျနော့်ရဲ့ လုပ်ဖော်ကိုင်ဖက် များအားလုံး နဲ့ကာလကြာရှည်စွာကတည်းကပင် ဒီအိပ်မက်တွေတနေ့နေ့မှာ အစစ်အမှန်ဖြစ်လာစေရမယ်လို့ ပထမဦးဆုံး ရာနှုန်းပြည့်ယုံကြည်ပေးခဲ့ပြီး ကျနော့်ကို စိတ်ဓါတ်ခွန်အား တစိုက်မတ်မတ်ပေးလာခဲ့တဲ့ ကျနော့်ရဲ့ ချစ်ဇနီး၊ သူတို့ရဲ့ ဖခင် ကောင်းတဲ့အလုပ်တခုလုပ်နေတယ်လို့ သူတို့အရွယ်နဲ့မလိုက်အောင် နားလည်ပေး တတ်ကြတဲ့ ကျနော့်ရဲ့ သမီးနဲ့သားတို့ကိုရင်ထဲက လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ရှိပါကြောင်း ပြောကြားရင်း နိဂုးချုပ်လိုက် ပါတယ်ခင်ဗျား။ ( လက်ခုပ်ဩဘာသံများ )

Sunday, June 27, 2010

၄၆

ငါ မငယ်တော့ဘူး လူကြီးဆန်ရမှာပါကွယ်။

ခုတော့...
တခါတရံ ကိုယ့်အသက်ကို ၃၀-၃၅ လို့ထင်လိုထင်
“အချစ်” ဆိုသဟာနဲ့ ကိုယ်နဲ့ ဆိုင်သေးသယောင် တွေးလိုတွေး
သူမ ကိုယ့်ကို မေတ္တာ မရှိကြောင်း ပြသရင် ၁၆ နှစ်သားလေးတယောက်လို ဆွေးလိုဆွေးနဲ့
အင်း.. ငါ အသက်နဲ့ ထပ်တူ ကြီးပြင်းမလာသေးချေဘူး။

ရှေ့လာမဲ့နှစ်များထဲ
ကိုယ် မဖြစ်စေချင်တာတခု ဖြစ်သင့်တဲ့အတိုင်း ဖြစ်လာခဲ့ရင်
ဖြစ်ရပ် A ဖြစ်မလာဘဲ ဖြစ်ရပ် B သာ ဖြစ်သွားတာဟာ
ဖြစ်ရပ် B က ပိုဖြစ်ထိုက်လို့ဖြစ်တယ်” လို့
၄၆ နှစ်သားရင်ဘတ်နဲ့ လောကဓမ္မကိုရှုမြင်ပါ။

ဩော်.. လက်စသတ်တော့
လူကြီးဆန်တယ်ဆိုတာ
ငါတသက်လုံး မုန်းလာခဲ့တဲ့
စိတ်ထဲကမပါဘဲ ပီပီပြင်ပြင် ပြုံးပြတတ်ရတဲ့
သရုပ်ဆောင်အနုပညာကိုး။

( ဇွန်လ ၂၂ ရက်၊ ၂၀၁၀ တွင်ကျရောက်ခဲ့သော မိမိ ၏ ၄၆ နှစ်မြောက်မွေးနေ့က ရေးခဲ့သောကဗျာ )

Thursday, June 24, 2010

ဝါရှင်တန်ဒီစီ

အကယ်၍ တယောက်တလေကများ ကျနော့် blog ကို မျက်စိလည်လမ်း မှားပြီး ရောက်လာခဲ့လျင် ကျနော်လည်း မျက်စိလည်လမ်းမှားပြီး အမေရိက ကို ရောက်ေ ပါကြောင်း ပြောလိုပါသည်။ ပြောချင်သည်မှာ အမေရိကကို ရောက် နေခြင်းသည် ကျနော် သိပ်စွမ်းလှလို့ တော့မဟုတ်။ သည်လောက်ဆို နားလည်ပါလေ။ အဲသည်တော့ အမေရိက ရောက်နေသည်ဟူ၍ ကျနော် သိပ်ထူးထူးခြားခြား မခံစားရ။ သည်တော့ သူတပါးကို ကြွားဝါ လိုသော ဆန္ဒလည်းမရှိ၊ အဲ - သည်ကအကြောင်း တချို့ကို ဝေမျှလိုသည့် ဆန္ဒတော့ ရှိပါ သည်။ အဲသည်လို စိတ်အခံဖြင့် ဝါရှင်တန်ဒီစီမြို့တော်အကြောင်းမျှဝေချင်ပါသည်။

ကျနော် ဟိုတလောက ဝါရှင်တန်ဒီစီရှိ American University မှ Journalism မေဂျာ ဖြင့် ဝင်ခွင့်လက်ခံ ကြောင်း တရားဝင်အကြောင်းကြားစာ တစ်စောင်လက်ခံ ရရှိခဲ့ပါသည်။ ကျနော်က အမေရိကန် အစိုးရထံမှ Financial Aid (Loan) ဖြင့် သည်ကျောင်းကို တက်မည်ဟုရည်ရွယ်ကာ ၀င်ခွင့် လျှောက်ထားခဲ့ခြင်းဖြစ်ပါသည်။ အခုဝင်ခွင့်ရ သည်ဆိုတော့ ဝါရှင်တန်ဒီစီ သို့ ကျနော်နေသည့် ဘောလ်တီမိုး မြို့မှ ရထားစီးပြီး (၄၅ မိနစ်ခန့် စီးရသည်) လာခဲ့ပါသည်။ ပြောရဦးမည်။ ကျနော်နေသည့်မြို့ က အမည်း တွေများပါသည်။ သူတို့ကပျော်ပျော် နေ သေခဲ ဘ၀နေထိုင်ပုံ စတိုင် ဖြင့် နေကြတာများပါသည်။ အမည်းကောင်လေးတွေ တိုင်းလိုလို အ၀တ်အစား ဘိုသီဘတ်သီ ဖြင့် အတွင်းခံ ဘောင်းဘီပေါ် အပြင် ဘောင်းဘီကို ဖင်ပေါ်တင်ပြီး ၀တ်ကြတာများပါသည်။ သည်လို မသပ်မရပ် မြိုမှ မြို့တော် ဝါရှင်တန်ဒီစီသို့ သွားရလို့လားမသိ။ ရထားစီးပြီးသွားရာတွင် ရထားပေါ်က လူတွေ နက်ကတိုင်နှင့် ကုတ်နှင့် လူကပိုများနေ၍ သန့်ပြန့်သပ်ရပ်မှု ကိုစထိတွေ့ မိသလိုရှိသည်။ သည်လိုနှင့် ဝါရှင်တန်ဒီစီမြို့တော်၏ Union Station ဘူတာကြီးသို့ ရောက် သွားသောအခါ သည်တခါတော့ ကျနော့် ကျောင်း American University ကို Metro မြို့တွင်း မြေအောက်ရထား စီးသွားကြည့်မည်ဟု စိတ်ကူးမိပါ သည်။ ကျနော် ယခင်အခေါက်တွေတုန်း ကတော့ တက္ကစီစီးပြီး သွားလေ့ရှိပါသည်။ သည်တခါတော့ ချွေတာရေး လည်းဖြစ်၊ အတွေ့ အကြုံ လည်းရအောင် မြေအောက် Metro ရထားစီးဖို့ဆုံးဖြတ်လိုက် တာပါ။ သည်လိုနှင့် ဘူတာကြီး အောက်သို့ escalator စီးပြီး ဆင်းပါသည်။ အဲသည်မှာ လက်မှတ်ဝယ်ပါသည်။ ($ 1.45 ပဲ ပေးရပါ သည်။) အဲသည်ကနေ ရထားစီးဖို့ အောက်ကို တခေါက် ဆင်းရပြန်ပါသည်။ ကျနော်တို့ ဘောလ်တီမိုးမြို့ မှာ လည်းမြို့ထဲမှာ ဆိုလျှင် သည်လိုပဲဆင်းရတာပါပဲ။ ဒါပေမဲ့ ရထားက တမိုင် နှစ်မိုင် လောက် မြေအောက်က သွားပြီး တော်ကြာနေတော့ မြေပေါ်ပြန် ရောက် ပါသည်။ ယခုလည်းထိုသို့ဖြစ်မည်ဟု ထင်ခဲ့ပါသည်။ သို့ရာတွင် ကျနော်ထင်သလို မဟုတ်ပါ။ ဥပမာ၊ ကျနော့် ကျောင်းက မြောက်ဥက္ကလာပ လောက်မှာ ရှိသည်ဆိုလျှင် ရထား က ရန်ကုန်ဘူတာကြီး လောက်ကနေ မြေလျှိုးသွားလိုက်တာ မြောက်ဥက္ကလာပ အထိပါပဲ။ ဘယ်မှာဆုံးလေသည် တော့မသိ၊ ကျနော်ကတော့ ကျနော့်ကျောင်းနားက ဘူတာရောက်တော့ ရထားပေါ်က ဆင်းပါသည်။ ( Tanleytown-AU Station လားမသိ)။ ရထားပေါ်ကဆင်းပြီး အလင်းရောင် မှုန်ပျပျ အောက်မှာ အပေါ်တက် သည့် escalator တခါ စီးပါသည်။ ထို့နောက် လမ်း အနည်းငယ်လျှောက်ပြီး၊ နောက် escalator တခု ထပ်မံစီး ရပြန်ပါသည်။ ဤ escalator က ကျနော့် စိတ်အထင် ပေ ၁၅၀ လောက် ရှိမည့် escalator အရှည်ကြီး ဖြစ်ပါ သည်။ ဒါနှင့် လည်း မြေပေါ်သို့မရောက်သေးပါ။ နောက်ထပ် escalator တခု ထပ်မံစီးရပါသေးသည်။ သည် တော့ သည် Metro ရထားက မြေအောက် ပေ ၂၀၀ လောက်မှာ ခုတ်မောင်းသွားလာနေ သည့် သဘော ဖြစ်ပါ သည်။ သည်ကလူတွေက မြေအောက်ကို ဘာလို့ သည်လောက်ကြိုက်ကြ သလဲမသိ၊ တူးရတာ မခက်ဘူး လား မသိ။ ဒါတွေကိုပြောနေတာက သူတို့ဖာသာသူတို့ တိုးတက် နေကြတာကို ကိုယ်က ဝင်ကြွား ပေးချင်လို့မဟုတ် ပါ။ အကြောင်း တိုက်ဆိုင်လို့ ဝါရှင်တန်ဒီစီ ရောက်ဖြစ်ခဲ့ကြလျှင် ဒီစီ Metro မြေအောက်ရထားကို အမှတ်တရ စီးကြည့် စေချင် လို့ဖြစ်ပါသည်။

ယခု ကျနော့်ကျောင်း ကိစ္စကို ဆက်ပါမည်။ ကျနော့်အနေဖြင့် ဖက်ဒရယ်အစိုးရထံမှ တနှစ်အတွက် ရရှိနိုင်သော ပညာသင်စရိတ်ချေးငွေ မှာ ဒေါ်လာ ၁၅၀၀၀ ခန့်ဖြစ်ပါသည်။ ဒါပေမဲ့ AU ကျောင်းသားတယောက်၏ နေထိုင် စားသောက်စရိတ် အပါအဝင် တရားဝင် တနှစ်ကုန်ကျ စရိတ်ခန့်မှန်းခြေ မှာ ဒေါ်လာ ၅၂၀၉၉ ဖြစ်ပါသတဲ့။ ဒါနှင့် ကျနော်လည်း လန့်ပြီး Admission ကို ငြင်းပယ်ပါကြောင်း လက်မှတ်ရေးထိုးပေးပြီး ပြန်ပြေးလာခဲ့ပါသည်။ ကျနော်တို့ မြို့က ဈေးပေါပေါ Community College က Associate Degree ( Diploma နှင့် ညီမည်ထင်သည်) တခုလောက်ဆို တော်ပြီပေါ့ ဟု စိတ်ကို ဖြေရသည်။

အပြန်ကျတော့ မြေအောက်ရထားစီးရမှာကို လန့်ပြီး ဘူတာကြီးသို့ တက္ကစီစီးပြီး ပြန်လာခဲ့ ပါသည်။ ဝါရှင်တန် ဒီစီမှာ မြို့တော်ဖြစ်၍ အစိုးရဌာနတွေကများ၊ သံတမန်တွေ ကများသောကြောင့် လားမသိ၊ ယောက်ျားတွေက နက္ကတိုင်နှင့် ကုတ်နှင့် သန့်သန့်ပြန့် ပြန့် ရှိသလို အမျိုးသမီး များကလည်း သန့်ပြန့်နေကြသည်ကို သတိပြု မိသည်။ American University က ကျောင်းသူတွေမှာလည်း ဒီလောက်ဈေးကြီးသည့်တက္ကသိုလ်မှာ တက်နိုင် ကြ သူတွေဆိုတော့ အမျိုးကောင်းသမီးတွေမို့ ဖြစ်မည်။ ဂျပန် တရုတ် ကိုးရီးယားနွယ်ဝင် အာရှသူ တွေရော၊ အဖြူ ကျောင်းသူတွေရော ဖြူဖွေးသန့်ပြန့် ရေဆေးငါးသဖွယ် ကျောင်းသူတွေက များ သည်ကို သတိပြုမိခဲ့ ပါ ကြောင်း။း)
( မှတ်ချက်။ ။ အာရှတိုက်မှာလည်း ဓါတ်ပုံထဲတွေ့ရသလောက်ဆိုလျှင် စင်္ကာပူသည် မြို့ရော၊ လူ တွေ ရော သန့် ပြန့် နေလိမ့်မည်ဟု ယူဆပါကြောင်း အဲသည်က ညီအကို မောင်နှမတွေကို လှမ်း ဖား လိုက်ပါသည်။း)

Tuesday, June 1, 2010

အချစ်သည် ပဉ္စမမြောက် ဗြဟ္မာစိုရ်တရား ဖြစ်၏

(တစ်)

မိတ်ဆွေတယောက်က ဟာသလိုလို ဘာလိုလိုနှင့် ပြောဖူးတာကို မှတ်မိနေသည်။ ဟို ကိုလိုနီ ခေတ် လောက်တုန်းကဟုဆိုကြပါစို့။ မြို့ကြီးသား တက္ကသိုလ်ကျောင်းသားတယောက်က ရထားစီးပြီး နယ်မြို့တခုသို့ ခရီးသွားပါသတဲ့။ လမ်းခရီးတွင် ရထားလမ်းဘေးလယ်ခင်းများ၌ နေပူကျဲကျဲအောက်အဝတ်အစား ခပ်ထူထူ ဝတ်ကာ သနပ်ခါးပါးကွက်ကျားနှင့် ကောက်စိုက်နေကြသော အသားအရေ ခပ်ကြမ်းကြမ်း၊ ကိုယ်ရောင်ကိုယ်ဝါ ညိုညစ်ညစ်ရှိကုန်သော ( မြို့ပေါ်က တက္ကသိုလ် ကျောင်းသူ ဖွေးဖွေးနုနုလေးတွေနှင့် လားလားမျှမဆိုင်၊ ရင်ခုန်ချင်စရာ တစက်မျှမရှိလှသော) တောသူ ကောက်စိုက် သမ လုံမေ များကို လှမ်းမြင်မိပါသတဲ့။ ထိုအခါ သူက “ဒီမိန်းမတွေကို ဘယ်လို ယောက်ျားမျိုး တွေကများ ရင်ခုန်စွာ ချစ်သူ၊ ဇနီးမယားအဖြစ် မြတ်မြတ်နိုးနိုး လက်ထပ်ပေါင်းသင်း ချင်ကြမှာပါလိမ့်” ဟု တွေးပြီး သူမတို့ အတွက် ပူများ ပင် ပူပန်ပေး မိပါသတဲ့။ သည်လိုနှင့် သူစီးလာသည့် ရထားက နောက် တဘူတာသို့ ဆိုက်ရောက်ရပ်နားလိုက်စဉ် ကိစ္စနှင့် မြို့ပေါ်တက်ကြမည့်ပုံရှိသည့် တောကာလသားတသိုက် ဆူဆူညံညံနှင့် ရထားပေါ်သို့တက်လာ ကြပါ သတဲ့။ မောင်ကျောင်းသားလည်း စောစောက ကောက်စိုက်သမ လေးတွေ အတွက် တွေးပူပန်ပေးနေမိသည့် ကိစ္စ အခုမှပဲ “ဩော်.. ဟိုကောင်မလေးတွေကို ဒီကောင်လေးတွေက ယူကြတာကိုး” ဟုအဖြေရသွားတော့ သည်ဟူ၏။

(နှစ်)
မောင်ကျင်မောင် နှင့် မမယ်မြ

“ကိုရင် ကျင်မောင်၊ တော့်ညီ သာမောင်က မလေးရှားသွားတော့မလို့ဆို..”

“အေးပါဟဲ့ မယ်မြ။ နင် ဒီနေ့ အဲသဟာ မေးနေတာ ဆယ်ခါပြည့်တော့မယ်။ ဘာဖြစ်လို့တုန်း”

“အလို .. စိုးရိမ်လို့ပေါ့တော်။ မမေးရဘူးလား။ အောင်မယ်.. တော်ပြောသလို ဆယ်ခါလည်း မပြည့်သေး ပါဘူးနော်”

“နင်က ငါ့ညီအတွက် စိုးရိမ်နေလို့လား။ ဟိုမှာ ငါ့အမေမောင် လေးထွေးရှိပါတယ်ဟ။ ခုလည်း သူကခေါ် လို့လိုက်သွားမှာ။ ဟိုမှာ အလုပ်ကအဆင်သင့်တဲ့။ လမ်းစရိတ်လည်း လေးထွေးကပို့ပေးမှာ။ ငါ့ညီသာမောင် က မြို့ကျောင်းမှာ ဆယ်တန်းထိနေဖူးတော့လည်တယ်ဟ။ မနှစ်ကဖွားနှစ်ဆုံးလို့ လေးထွေးရွာကိုတခေါက်ပြန် လာ တော့ သူ့ကိုခေါ်ဖို့ ကပ်ချွဲလိုက်တာ ဟိုကလည်းကျသွားရော့။ ဒါနဲ့ အကုန်သူပဲတာဝန်ယူပြီး ခေါ်တာ”

“တော် မရှည်ပါနဲ့။ အဲဒီ ဇာတ်ထုတ် ကျုပ်သိပါတယ်။ ကျုပ်စိုးရိမ်တယ်ဆိုတာ တော့်အတွက်”

“ရော်.. မယ်မြနှယ်။ ကျုပ်အတွက် ဘာစိုးရိမ်စရာ ရှိသတုန်း။ ကျုပ်က ဒီမှာနေမဲ့လူဟာကိုပဲ”

“ပြောမရဘူးလေ။ တော်လည်း ကျုပ်နဲ့ ကြိုက်နေတယ်သာဆိုပေမဲ့ လူပျိုဆိုတော့ တော်နေကြာ စိတ်ပါပြီး ညီနဲ့ တူတူလိုက်သွားရင် မခက်ပါလား။ သည်လိုသာဆို ကျုပ်တော့သေလိမ့်မယ်နဲ့တူတယ်တော့်”

“နင့်နှယ်။ နင် အကောင်းကြီးက ဘာဖြစ်လို့ သေရမှာတုန်း။ သေစကား မပြောစမ်းနဲ့ဟာ။ ရင်တုန်တယ်”

“တော့်ကို လွမ်းဖျားလွမ်းနာ ကျလို့ပေါ့တော်။ တော်ကကော ကျုပ်ကိုထားခဲ့ပြီး သွားရက်မလားလို့ သိချင် တယ် တော့်”

“ငါကလည်း အဲလို မောင်တရွာမယ်တမြို့ သွားရက်ပါ့မလား မယ်မြရယ်။ စဉ်းစဉ်းစားစားလည်း ပြောပါဦး။ နင့်ကလည်း အစိုးရိမ်ပိုတတ်ရန်ကော။ နင့်မှာ စဉ်းစားဥာဏ်မှ ရှိသေးရဲ့လားဟင်”

“အိုတော်.. ကိုရင်လိုက်မသွားဘူးဆိုတာတော့ ကျုပ်စိတ်ထဲကသိပါတယ်လေ။ ဒါပေမဲ့ လိုက်များသွားမလား လို့ စိုးရိမ်တာကတော့ စိုးရိမ်တာပေါ့တော်”


(သုံး)
ကိုဘုန်းမြတ်ခေါင် နှင့် မရွှေရုပ်သွင်
“ကိုကို၊ ဆစ်ဒနီကို right time ရောက်လားဟင်၊ ဒီ စင်္ကာပူမှာတော့ သုံးနာရီခွဲပြီး ငါးမိနစ်စွန်းသွားပြီ”
“အင်း .. ကိုကို အခု ဆစ်ဒနီလေဆိပ်မှာ check in လုပ်နေပြီ”
“ဒါဆို ဆောရီးနော် ကိုကို၊ ဖုန်းပြောလို့ အဆင်ပြေပါ့မလားဟင်”
“ဟာ.. ရပါတယ် ရွှေရုပ်ရဲ့ ။ ဖုန်းမချလိုက်ပါနဲ့နော် ရွှေရုပ်၊ ဟဲလို..”
“ဟုတ်ကဲ့၊ ပြောပါကိုကို”
“ကိုကို မေမေ့အိမ်ကို ရောက်တာနဲ့ တခါဖုန်းဆက်လိုက်မယ် သိလား။ ကိုကိုတက်ရမဲ့ Sidney University ကိုတော့ မနက်ဖြန်မှပဲ သွားလိုက်တော့မယ်။ အင်း.. ရွှေရုပ် အတင်းလွှတ်လိုက်လို့သာ လာရတယ်။ ဒီ Master ဘွဲ့ကို စင်္ကာပူကယူလည်းရတာပဲ။ တကယ်တော့ ကိုကိုက ရွှေရုပ်နဲ့ ခွဲပြီးလာချင်တာမဟုတ်ဘူး”
“ရှေ့ရေးအတွက်မို့ပါ ကိုကိုရယ်။ ကိုကိုမှာက အမေကလည်း အဲဒီမှာရှိနေတာဆိုတော့လေ”
“အမေဆိုမှသတိရတယ်။ ဖေဖေ့ကိုတော့ ရွှေရုပ်ပဲ ရန်ကုန်ကိုဖုန်းဆက်ပြီး ကြည့်ပြောပေးလိုက်ပါနော်။ သူက ရွှေရုပ်ကိုတော့ ဆူမှာမဟုတ်ပါဘူး။ ကိုကို မေမေ့ဆီရောက်နေတာသိရင်တော့ သူဆူတော့မှာ။ သူက မေမေ့ ကိုသိပ်ကြည့်ရတာ မဟုတ်ဘူးလေ”
“ဟုတ်ကဲ့ ကိုကို။ ရွှေရုပ် ဒီအပါတ်ထဲ ကြည့်ပြောလိုက်ပါ့မယ်။ ဟင့်..ဟင့်၊ ယောက္ခမကြီးက ရွှေရုပ်ကိုဆို ကြည်ဖြူမှာပါလေ”
“ဟုတ်တယ်။ ဖေဖေက ရွှေရုပ်ကို သမီးအရင်းလို ချစ်တာပါ။ သူတခါက အဲဒါပြောဖူးတယ်။ ဒီကလေးမကို ငါ့သမီးအရင်း ဖြစ်စေချင်လိုက်တာတဲ့။ သူက သမီးငတ်နေတာ ရွှေရုပ်ရဲ့”
“ရွှေရုပ်လည်း ကိုကို့ဖေဖေကို ကိုယ့်အဖေလိုပဲ ချစ်တာပါနော်”
“အင်းပါ..။ ကိုကိုသိပါတယ်။ ကဲ၊ ကိုကို့အလှည့်ရောက်တော့မယ် ရွှေရုပ်။ ဒါဆို.. ဒါပဲနော်။ နောက်မှ ဆက်မယ်။ I Love You!”
“ဟုတ်ကဲ့။ ဘုရား တရား မမေ့ပါနဲ့နော်ကိုကို”
(လေး)
ဦးထင်ကျော် နှင့် Kathy
“ရှင်က မြန်မာပြည်နဲ့ ဗုဒ္ဓဘာသာကို တော်တော်ချစ်တာပဲနော်။ ဒါနဲ့များ မြန်မာမလည်းမဟုတ်၊ အစတုန်း က ဗုဒ္ဓဘာသာဝင် တယောက်လည်း မဟုတ်ခဲ့တဲ့ ကျမကို ဘာဖြစ်လို့များ ရှင်ယူခဲ့လဲဆိုတာ ကျမ စဉ်းစားလို့ မတတ်ဘူးရှင့်”
“ကိုယ် မြန်မာပြည်ကို ချစ်တယ်ဆိုတာက အမှန်တော့ တရားမျှတမှုကို အရမ်းချစ်မိလို့ကွ။ တရားမျှတမှုကို ရင်ထဲက နှစ်နှစ်ကာကာနဲ့ ချစ်တဲ့လူတယောက်ဟာ မတရားမှုတွေနဲ့ချည်း ပြည့်နှက်နေတဲ့ မြန်မာပြည်ကို၊ အဲဒီဒါဏ်ကို နှစ်ရှည်လများ ခံစားနေကြရတဲ့ မြန်မာပြည်သူတွေကို ဂရုဏာမသက်ပဲကို မနေနိုင်ဘူး။ တကယ်က ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ တရားမျှတခြင်းနဲ့ သည်းခံခြင်းတရား နှစ်မျိုးစလုံး ပြိုင် ထွန်းကားရမှာ။ အခုတော့ တရားမျှတခြင်းဆိုတဲ့တရား ပျောက်နေပြီး မြန်မာပြည်ရဲ့ နေရာတိုင်းမှာ သည်းခံခြင်း တရားပဲ ထွန်းကားနေတယ်။ ဒီလိုနဲ့ ကိုယ် မြန်မာပြည်ကို မဖြစ်မနေ ချစ်သွားရတော့တာပါ။ နောက်ပြီး ကိုယ် ဗုဒ္ဓဘာသာကို ချစ်တယ်ဆိုတာကလည်း ကိုယ်က believe in the Law of Nature ဖြစ်လို့ကွ။ believe in the Law of Nature ဖြစ်တဲ့လူတယောက်ဟာလည်း ဗုဒ္ဓဘာသာကိုမချစ်ဘဲကို မနေနိုင်ဘူး။ ဗုဒ္ဓဟာ သူသိထားတဲ့ The Law of Nature ကိုသာဟောကြားခဲ့တာပါ။ ဒါပေမဲ့ တကယ်တော့ ကိုယ်ဟာ ဗုဒ္ဓဘာသာဝင်ကောင်း တယောက်တော့ မဟုတ်ပါဘူးလေ။ ဗုဒ္ဓဘာသာဝင်ကောင်း တယောက်ဆိုရင် ကိုယ် ဒီသံသရာ ကနေ လွတ် မြောက်ကြောင်းတရား ဖြစ်တဲ့ ဘဝနာတရား အားထုတ်တာကို စိတ်ဝင်စားရမှာပေါ့။ အားထုတ်ရမှာပေါ့။ အခု တော့ ကိုယ်က သံသရာကနေ လွတ်မြောက်အောင်လုပ်ဖို့ သိပ်စိတ်အာရုံ မရောက်ဘဲ အကြောင်းကြောင်း ကြောင့် လူဖြစ်လာတုန်းလေး (သူတော်စင်တယောက် အဖြစ်နဲ့မဟုတ်ဘဲ) လူတယောက်အဖြစ်နဲ့ ဘယ်လို အမြင့်မြတ်ဆုံး နေသွားနိုင်မလဲ ဆိုတဲ့ကိစ္စဖက်ပဲ ပိုအာရုံရောက်မိတယ်။ ဒါပေမဲ့ ကိုယ် Law of Karma (Work) ကိုတော့ ယုံကြည်တယ်။ belief in the Creation အတွက်တော့ အခက်အခဲနည်းနည်းရှိတယ်။ ဒီလိုနဲ့ပဲ ကိုယ် ဗုဒ္ဓ ဘာသာဝင် ဖြစ်နေတာပါ”
“ဒါဆို မြန်မာမကို မယူဘဲ အင်္ဂလိပ်မကို ယူတာကျတော့ကော”
“အဟဲ..၊ ဒါကတော့ မြန်မာမကို ယူချင်ပေမဲ့ မရလို့ပါဗျာ။ ဒီတော့ ရရာယူရတာပေါ့။ ပြီးတော့ မြန်မာစကား မှာ “ဖူးစာ” ဆိုတာရှိတယ်ကွ။ မင်းတို့ဆီက “fate” နဲ့အဓိပ္ပါယ်ချင်းဆင်တယ်။ ဒါပေမဲ့ ငါတို့ “ဖူးစာ” က ကောင်းတဲ့အဓိပ္ပါယ်နဲ့။ အင်း .. ဘာနဲ့တူမလဲဆိုတော့ by a lucky twist of fate (in marriage) အဓိပ္ပါယ် မျိုးပေါ့”
“အင်း.. ဒီမြန်မာစကားလုံးကို မှတ်ထားရမယ်။ ဖူး..စာ ဟုတ်လား”
“အေး.. ညည်းနဲ့ ကျုပ်နဲ့ရကြတာက ဖူးစာပါလို့ပဲ ကလေးမရဲ့”
(ငါး)
သူတပါး (သို့သော် တလောကလုံးကိုကားမဟုတ်။ တယောက်တည်းကိုသာ) ကို အကြောင်းအမျိုးမျိုးကြောင့် မိမိ ကိုယ်နှင့်ထပ်တူချစ်မိ သွားခြင်းကို “အချစ်” ဟု ခေါ်သည်ထင်ပါသည်။ ထိုအခါ မိမိ၏ချစ်သူကို အခြားသူ၊ အခြားပုဂ္ဂိုလ်တဦးဟု မထင်မှတ်မိတော့ပဲ မိမိကိုယ်တိုင် (၏ အခြားခန္ဓာ/ အခြားအစိတ်အပိုင်းတခု ) ဟုခံစား လာမိလေတော့သည်။ ဤစိတ်အခြေအနေသည် သူတော်စင်မဟုတ်သော သာမန်ပုထုဇာဉ်ပုဂ္ဂိုလ်တယောက် အဖို့ အခြားတစိမ်း ပုဂ္ဂိုလ်တယောက်အပေါ် မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ အထားနိုင်ဆုံး အခြေအနေ၊ အတ္တအမဲ့ဆုံး စိတ်အခြေအနေဟု ထင်ပါသည်။ ဤ မယုံကြည်နိုင်လောက်အောင် အတ္တမဲ့သည့်အခြေအနေ ကို ဦးညွတ်ဂုဏ်ပြုလို၍ သူတော်စင် မဟုတ်သော ကျနော်က “အချစ်ကို ပဉ္စမမြောက် ဗြဟ္မာစိုရ်တရား” ဟု ခေါ်လိုက်သည်ကို ဘဝနာတရား ရှုပွားလျှက် ဘဝ သံသရာဝဲဩဂကြီးမှ ရုန်းထွက်လွတ်မြောက်နိုင်ရန် ကြိုးစား နေကြကုန်သော သူတော်စင်ပုဂ္ဂိုလ်အပေါင်းတို့သည် ခွင့်လွှတ်ပေးနိုင် ကြပါစေသတည်း။ ကျနော်ကတော့ ဤလမ်းအတိုင်း လိုက်လျှင် နိဗ္ဗာန်သို့ အမြန်ဆုံးရောက်မည်ဟု ရှင်တော်ဗုဒ္ဓ၏ တရားတော်ကို ယုံကြည်လျှက်နှင့်ပင် ရောက်ချိန် တန်တော့ (The Law of Nature အရပင်) ရောက်သွားလိမ့်မပေါ့ဟု မိုက်လုံးကြီးနေမိသူ ဖြစ်လေသည်။ စောစော သွားနိုင်သူတို့သွားကြပါလေကုန်။း)

………………………………………………………………………………………………………………………………………

Sunday, May 23, 2010

ပုဒ်မကြီး ခုနစ်ခုသာ ပါသော အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ

ကျနော်က ဥပဒေပညာရှင် တယောက်၊ သမိုင်းပညာရှင် တယောက် မဟုတ်ပါ။ သာမန် အရပ်သား တယောက်မျှသာ ဖြစ်ပါသည်။ ထို့ကြောင့် American Constitution ကို ဥပဒေရှုထောင့်၊ သမိုင်းရှုထောင့်တို့မှ ရှုမြင်သုံးသပ်ပြ နိုင်မည် မဟုတ်ကြောင်း ကြိုတင်ဝန်ခံထားလိုပါသည်။ ထူးဆန်းသလို ရှိသောအရာတခုကို တွေ့မိ၍ ရင်းနှီးရာ မိတ်ဆွေတွေ ကို အရပ်ပြော လက်တို့ပြောသည့် သဘော၊ တချို့ နိုင်ငံရေးအကြောင်း သိပ်စိတ်မဝင်စားသည့် မြန်မာ လူငယ်တွေကိုလည်း ဗဟုသုတရရုံ အကြမ်းဖျင်းမျှ ပြောပြသည့် သဘောသာဖြစ်ပါသည်။ သည်ဥပဒေ ထူးဆန်းသလိုရှိသည်ဟု ဆိုရခြင်းမှာ ၁၇၈၇ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် ဂျော့ ဝါရှင်တန်တို့ တညီတညွတ်တည်း လက်မှတ်ရေးထိုးခဲ့ ကြပြီး ယနေ့အထိ တည်တန့်နေသေးသော အမေရိကန် ပြည်ထောင်စု ဖွဲ့စည်းပုံ ဥပဒေ ( ဖြည့်စွက်ပြင်ဆင်ချက် ၂၇ ခုတော့ ပြုလုပ်ခဲ့ရသည်) တွင် အကြောင်းအရာ ခေါင်းစဉ်တခု အတွက် ပုဒ်မကြီး တခုနှုန်းဖြင့် ပုဒ်မကြီး ခုနစ်ခုသာပါသည်ကို တွေ့ရ၍ ဖြစ်ပါသည်။ ကျနော် လွန်ခဲ့သော ငါးနှစ်ခန့်က ကိုယ်ထင်ရာမြင်ရာ စာတမ်းကလေးတစောင် ရေးရာတွင် ကိုးကားချင်လို့ အမေရိကန်ဖွဲ့စည်းပုံ အခြေခံဥပဒေကို အပေါ်ယံ လျှပ်ပြီး ဖတ်ကြည့်ခဲ့ဖူးရာ ထိုစဉ်ကပင် သည် ဖွဲ့စည်းပုံ ၏ လိုရင်းတိုရှင်းဖြစ်မှုကို သတိထားမိခဲ့ပါသည်။ သို့သော် သူတို့ဖွဲ့စည်းပုံတခုလုံးကို သုံးသပ်ပြဖို့ထိလည်း ဥာဏ်မမီလှသဖြင့် မဆွေးနွေးခဲ့ဖူးပါ။ ယခုလည်း နှိုက်နှိုက်ချွတ်ချွတ် ပြောပြဖို့အထိ ဥာဏ်မီလှသေးသည် မဟုတ်ပါ။ သို့ရာတွင် စာဖတ်သူတို့လည်း ဥပဒေ မူရင်းစာသားနှင့် နှိုင်းယှဉ်ကာ ဖြည့်စွက်နားလည်နိုင်ကြမည် သာဖြစ်၍ အမေရိကန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ အနှစ်သဘောကို မှန်းကြည့်နိုင်ရုံလောက် ကောက်နှုတ် တင်ပြလိုက်ပါသည်။

The Constitution of the United States of America
အမေရိကန် ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေ
Preamble
နိဒါန်း
We the people of the United States, in order to form a more perfect union, establish justice, insure domestic tranquility, provide for the common defense, promote the general welfare, and secure the blessings of liberty to ourselves and our posterity, do ordain and establish this Constitution for the United States of America.
( အထက်ပါ နိဒါန်းကို ဥပဒေ အငွေ့အသက်လည်း ပါအောင် သည်လို မြန်မာပြန်လိုက်ကြရလျှင် ကောင်းမလားမသိ။း-)
ကျွန်ုပ်တို့ အမေရိကန်ပြည်သူ အပေါင်းတို့သည် ပိုမို ပြီးပြည့်စုံသော ပြည်ထောင်စုတရပ်ကို ဖွဲ့စည်းတည်ထောင် နိုင်ရန် အလို့ငှာ ၎င်း၊ တရားမျှတမှုကို တည်ဆောက် နိုင်ရန်အတွက်၎င်း၊ နိုင်ငံအတွင်း အေးချမ်းတည်ငြိမ်မှု ကို အာမခံနိုင်ရန် ၎င်း၊ ဘေးရန်ကျရောက် လာလျှင် စုပေါင်းကာကွယ်နိုင်ရန်၎င်း၊ အထွေထွေ သာယာဝပြောရေး ကိုမြှင့်တင်နိုင်ရန် အတွက် ၎င်း၊ ကျွန်ုပ်တို့နှင့် နောင်လာနောက်သား တို့အတွက် လွတ်လပ်မှုကောင်းချီးမင်္ဂလာကို လုံခြုံစေရန်အတွက်၎င်း၊ ဤ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို အမေရိကန် ပြည်ထောင်စုအတွက် အတည်ပြု ပြဌာန်း အာဏာ သက်ရောက်စေလိုက်သည်။
Article I:
Section 1.
All legislative powers herein granted shall be vested in a Congress of the United States, which shall consist of a Senate and House of Representatives.
( Section 1 – 10 under this Article.)
ပထမ ပုဒ်မ။ ( ဥပဒေ ပြုရေး )
ပုဒ်မခွဲ ၁ ။ ဤ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရပေးအပ်ထားသော တရားဥပဒေပြုရေး အာဏာအရပ်ရပ်ကို ဆီးနိတ် အထက် လွှတ်တော်နှင့် အောက်လွှတ်တော် ( ပြည်သူ့ကိုယ်စားလှယ်များ) တို့ဖြင့် ဖွဲ့စည်းထားသည့် ကွန်ဂရက်လွှတ် တော်ထံသို့ အပ်နှင်း ရမည်။
( ဤ ပထမ ပုဒ်မကြီး အောက်တွင် ပုဒ်မခွဲ ၁၀ အထိရှိပြီး လွှတ်တော် နှစ်ရပ်ကို မည်သို့ ရွေးကောက် တင်မြှောက်ရမည် ကို ရှင်းလင်းထားသည်။ အသေးစိတ် မဖော်ပြတော့ပါ။ ကိုးကားထားသည့် link: http://topics.law.cornell.edu/constitution တွင် ဖတ်ရှုနိုင်ပါသည်။ ဥပဒေ ပြုရေး ကိစ္စ သည် ပုဒ်မကြီး နှင့်ပင် ပြီးသွားလေ၏။ )
………………………………………………………………………………………………….
Article II:
Section 1.
The executive power shall be vested in a President of the United States of America. He shall hold his office during the term of four years, and, together with the Vice President, chosen for the same term, be elected, as follows:
( Section 1 - 4 under this Article.)
ဒုတိယ ပုဒ်မ။ ( အုပ်ချုပ်ရေး)
ပုဒ်မခွဲ ၁။ နိုင်ငဲတော် အုပ်ချုပ်ရေး အဏာကို အမေရိကန် ပြည်ထောင်စု သမ္မတ ထံသို့ အပ်နှင်း ရမည်။ နိုင်ငံတော် သမ္မတ နှင့် သက်တမ်းတူဖြစ်သော ဒုတိယသမ္မတ တို့ကို လေးနှစ်သက်တမ်း ကာလအတွက် အောက်ပါအတိုင်း ရွေးကောက် တင်မြှောက်ရမည် -
( ပုဒ်မခွဲ ၄ အထိရှိ၏။ အုပ်ချုပ်ရေးကိစ္စ လည်း ဤတွင်ပြီးလေ၏။ )

…………………………………………………………………………………………………….
Article III
Section 1.
The judicial power of the United States, shall be vested in one Supreme Court, and in such inferior courts as the Congress may from time to time ordain and establish. The judges, both of the supreme and inferior courts, shall hold their offices during good behaviour, and shall, at stated times, receive for their services, a compensation, which shall not be diminished during their continuance in office.
( Section 1- 3 under this Article.)
တတိယ ပုဒ်မ။ ( တရား စီရင်ရေး)
ပုဒ်မခွဲ ၁။ ပြည်ထောင်စု တရားစီရင်ရေး အာဏာကို တရားရုံးချုပ် တရပ်သို့ အပ်နှင်းရမည်။ ကွန်ဂရက် လွှတ်တော် သည် တရားရုံးချုပ် ထက်နိမ့်သော တရားရုံးများကို ဥပဒေနှင့်အညီ ထူထောင်ခွင့် ရှိသည်။ တရားသူကြီး အားလုံးသည် အကျင့် စာရိတ္တ ကောင်းမွန်နေသရွေ့ ၎င်းးတို့၏ ရာထူးတာဝန်များ၌ တာဝန်ထမ်းဆောင်ခွင့် ရှိစေရမည်။ ရာထူး တာဝန် ထမ်း ဆောင်နေသည့် ကာလ အတွင်း လစာ၊ ရိက္ခာ ခံစားခွင့်ကို မလျှော့ချနိုင်စေရ။
( ပုဒ်မခွဲ ၃ အထိရှိ၏။ ဤတွင် တရားစီရင်ရေးကိစ္စ ပြဌာန်းချက် ပြီးလေ၏။ )

…………………………………………………………………………………………………..
Article IV
Section 1.
Full faith and credit shall be given in each state to the public acts, records, and judicial proceedings of every other state. And the Congress may by general laws prescribe the manner in which such acts, records, and proceedings shall be proved, and the effect thereof.
(Section 1- 4 under this Article.)
( ကျနော် သည်ပုဒ်မကို ဝါးတားတားပဲ နားလည်ပြီး သိပ်အဆင်ချောအောင်လည်း ဘာသာမပြန်တတ်ပါ။ ပြည်နယ်များ၏ ကိုယ်ပိုင်ပြဌာန်းခွင့် ကိစ္စ ဖြစ်မည်။ ဤသို့မြန်မာပြန်လိုက်ရသော် နီးစပ်ပြီး သဘောကိုငုံမိလေမလားမသိပါ ။
“ပြည်နယ် အသီးသီးအား အများပြည်သူအကျိုးအတွက် ဆောင်ရွက်ချက်များ၊ မှတ်တမ်းမှတ်ရာများ၊ တရားစီရင်ပုံ စီရင် နည်းတို့နှင့်စပ်လျှဉ်း၍ ယုံကြည်စွာလုပ်ပိုင်ခွင့်အပ်နှင်းရမည်။ ကွန်ဂရက်လွှတ်တော်သည် ပြည်နယ်များအနေဖြင့် ထို လုပ်ထုံး လုပ်နည်းများနှင့်စပ်လျှဉ်း၍ မည်သို့မည်ပုံဆောင်ရွက်ရမည်ကို ဥပဒေပြဌာန်းသတ်မှတ်ပေးနိုင်သည်။” )
…………………………………………………………………………………………………….
Article V
The Congress, whenever two thirds of both houses shall deem it necessary, shall propose amendments to this Constitution, or, on the application of the legislatures of two thirds of the several states, shall call a convention for proposing amendments, which, in either case, shall be valid to all intents and purposes, as part of this Constitution, when ratified by the legislatures of three fourths of the several states, or by conventions in three fourths thereof, as the one or the other mode of ratification may be proposed by the Congress; provided that no amendment which may be made prior to the year one thousand eight hundred and eight shall in any manner affect the first and fourth clauses in the ninth section of the first article; and that no state, without its consent, shall be deprived of its equal suffrage in the Senate.
(ဥပဒေ ပြင်ဆင်ရေး ကိစ္စ ပြဌာန်းချက်။ အချိန်ရလျှင် နောက်မှ ကြိုးစားပြန်ကြည့်ဦးပါမည်။ )
………………………………………………………………………………………………………
Article VI
All debts contracted and engagements entered into, before the adoption of this Constitution, shall be as valid against the United States under this Constitution, as under the Confederation.
This Constitution, and the laws of the United States which shall be made in pursuance thereof; and all treaties made, or which shall be made, under the authority of the United States, shall be the supreme law of the land; and the judges in every state shall be bound thereby, anything in the Constitution or laws of any State to the contrary notwithstanding.
The Senators and Representatives before mentioned, and the members of the several state legislatures, and all executive and judicial officers, both of the United States and of the several states, shall be bound by oath or affirmation, to support this Constitution; but no religious test shall ever be required as a qualification to any office or public trust under the United States.
( ကြွေးမြီ၊ သဘောတူ စာချုပ်များဆိုင်ရာ ပြဌာန်းချက်။ ထိုနည်း၎င်း … )
………………………………………………………………………………………………………
Article VII
The ratification of the conventions of nine states, shall be sufficient for the establishment of this Constitution between the states so ratifying the same.
သတ္တမပုဒ်မ။
ဤ ဖွဲ့စည်းပုံအခြေခံဥပဒေကို တည်ထောင်ပြဌာန်းခြင်းသည် ဤသဘောတူစာချုပ်တွင် ပါဝင်သော ပြည်နယ်ကိုးခုက ထပ်ဆင့် အတည်ပြုလိုက်သည်နှင့် ထိုအတည်ပြုပြီးဖြစ်သော ပြည်နယ်များအတွင်း လုံလောက် ( အဏာသက်ရောက် ) စေရမည်။
Signers
Done in convention by the unanimous consent of the states present the seventeenth day of September in the year of our Lord one thousand seven hundred and eighty seven and of the independence of the United States of America the twelfth.
In witness whereof We have hereunto subscribed our Names,
G. Washington-Presidt. and deputy from Virginia
New Hampshire: John Langdon, Nicholas Gilman
Massachusetts: Nathaniel Gorham, Rufus King
Connecticut: Wm: Saml. Johnson, Roger Sherman
New York: Alexander Hamilton
New Jersey: Wil: Livingston, David Brearly, Wm. Paterson, Jona: Dayton
Pennsylvania: B. Franklin, Thomas Mifflin, Robt. Morris, Geo. Clymer, Thos. FitzSimons, Jared Ingersoll, James Wilson, Gouv Morris
Delaware: Geo: Read, Gunning Bedford jun, John Dickinson, Richard Bassett, Jaco: Broom
Maryland: James McHenry, Dan of St Thos. Jenifer, Danl Carroll
Virginia: John Blair--, James Madison Jr.
North Carolina: Wm. Blount, Richd. Dobbs Spaight, Hu Williamson
South Carolina: J. Rutledge, Charles Cotesworth Pinckney, Charles Pinckney, Pierce Butler
Georgia: William Few, Abr Baldwin
………………………………………………………………………………………………………
( မှတ်ချက်။ ။ American Constitution က ပထမ၊ ဒုတိယ၊ တတိယ ပုဒ်မကြီး သုံးခုတည်းနှင့် ဥပဒေပြုရေး/ အုပ်ချုပ်ရေး/ တရားစီရင်ရေး သုံးရပ်စလုံးကို အပြီးပြောသွားသောအချက်ကို သဘောကျမိ၊ ရယ်ချင်မိ၊ ပေါ့ပေါ့ပါးပါး ပြန်ပြောပြချင် မိ၍ အင်္ဂလိပ်စာ မတတ် တတတ်နှင့် ဤ post ကို ရေးမိ သွားခြင်းသာ ဖြစ်ပါသည်။ )

Thursday, April 22, 2010

ကျနော့်ရဲ့ အခြား blog တခု အကြောင်း

ကျနော် ၂၀၀၅-ခုနှစ်တုန်းက ထိုင်းနိုင်ငံမှာ ရှိနေခဲ့ပါသည်။ ထိုစဉ်က NLD က တွေ့ဆုံဆွေးနွေးရေး၊ သင်ပုန်းချေ ရေးစကားပြော နေချိန်၊ နအဖက NLD မပါဘဲ ညောင်နှစ်ပင်ညီလာခံ ကျင်းပနေချိန်၊ NCUB ကလည်း ဗမာပြည် နယ်ပါဝင်သော အမျိုးသား ပြည်နယ် ပေါင်း ၈ ပြည်နယ်+ တနင်္သာရီ + ဧရာဝတီ = စုစုပေါင်း ၁၀ပြည်နယ်ပါဝင် မည့် ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံ ဥပဒေ (မူကြမ်း) ကိုရေးနေချိန်ဟုမှတ်မိပါသည်။ ထိုအခါ NCUB ဖွဲ့စည်းပုံထဲမှ ဒါလေးလောက်တော့ အလုပ်ဖြစ်သွားအောင် လိုက်လျောနိုင်သည်ဟု ကျနော်ထင်မိသောကိစ္စများကို သာမန်လူပြိန်း မြန်မာနိုင်ငံ သားတဦးအနေဖြင့် (မည်သည့်အဖွဲ့အစည်းကိုမျှ ကိုယ်စားမပြုဘဲ) individually တစုံတရာဝင်ပြောချင်စိတ်ပေါက်လာ မိပါသည်။ ကိုယ့်နိုင်ငံရဲ့ ဖွဲ့စည်းပုံဥပဒေအကြောင်း ပြောခွင့်ရရှိဖို့ ကျနော့်မှာအဖွဲ့ အစည်းတခုရှိဖို့ လိုသလား၊ သို့မဟုတ် ကျနော် ၈၈၈၈ လူထုအုံကြွမှုအရေးတော်ပုံမှာ ကိုယ်ကျိုးစွန့်ခဲ့ဖူးသော နိုင်ငံရေးသမား တယောက်ဖြစ်ဖို့လိုသလား၊ သို့မဟုတ် နိုင်ငံရေးသိပ္ပံပညာရှင်လို scholar တဦး ဖြစ်ဖို့လိုသလား၊ ဥပဒေပညာကို တဖက်ကမ်းခတ် တတ်ပွန်ဖို့လိုသလား စသည်ဖြင့် ကိုယ့်ကိုယ်ကိုမေးကြည့်မိရာ ထိုဖွဲ့စည်းပုံဥပဒေသည် ကျနော်နှင့်အဆိုပါလူကြီးလူကောင်း တို့ အပါအဝင် မြန်မာနိုင်ငံသားတိုင်းကို အတူတူပင် ဂုတ်ခွစီးထား (သို့မဟုတ်) ကျောပိုးထားလိမ့်မည်ဖြစ်၍ ထိုကိစ္စကိုပြောခွင့်ရှိဖို့ အတွက် “မြန်မာနိုင်ငံသားတဦး ဖြစ်ဖို့ပဲလိုသည်၊ မင်းပြောချင်ရင်တော့ဝင်ပြောကြည့်ပေါ့၊ အဲ - တခုပဲရှိတယ်။ မင်းက ဘာအကောင်မှ မဟုတ်လေတော့ မင်းစကားကို ဘယ်သူကမှတော့ ဂရုတစိုက်နားထောင်ကြလိမ့်မယ် မဟုတ်ပေဘူး” ဟုအဖြေထွက်ပါသည်။

သို့နှင့် ကျနော် ထင်ရာမြင်ရာတွေကို (ရိုးသားစွာ) ပြောထားသော၊ ကျနော်တို့မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို သည်လို ရေးကြရင်မကောင်းဘူးလား ဟုအဓိပ္ပါယ်ရသော စာတမ်းတခုကို ရေးဖြစ်သွားခဲ့၏။ ကျနော့် အကျင့်က အဲသည်လိုပဲ ဖြစ်သည်။ ကိုယ်နှင့် မတန်မရာ ( တိုင်းပြည်ကို အမြစ်ကပါပြောင်းလဲပစ်နိုင်မည့်) ခပ်ကြီးကြီးကိစ္စတွေမှာမှ အထူးဝါသနာပါလှပေ၏။ လူကတော့ ဖြင့် မစွမ်းလှပေ။ ထိုစာတမ်းကို ရေးနေစဉ် အီတလီလျံ ခရီးသွားတဦးနှင့်မိတ်ဆွေဖြစ်မိသဖြင့် သူ၏ အကူအညီ ဖြင့် blog တခုလုပ်ပြီး ကျနော့်စာတမ်းကို ထို blog ပေါ် တင်ထားခဲ့ပါသည်။ ယခုတော့ ထိုစာတမ်းကို တချို့နေရာတွေမှာ ကျနော်ကိုယ်တိုင် သဘောမတူ နိုင်တော့ချေ။ သို့ပေမဲ့ ကျနော် ကွန်ပြူတာပညာညံ့လှပြီး update မလုပ်တတ်သဖြင့်၊ ထိုမိတ်ဆွေ၏ email address ကိုလည်းရှာ မတွေ့တော့သဖြင့် သည်အတိုင်းပဲ စိတ်မချမ်းမသာနှင့် ပစ်ထားရလေသည်။ တော်သေးသည်မှာ တခုလုံး( the whole)အနေနှင့်တော့ ယခုထိ လက်ခံလို့ရပါ သေးသည်။ သို့ဖြစ်ရာ ဤ blog မှာ လောလောဆယ် တင်စရာ Post မရှိဘဲဖြစ်နေစဉ်အတွင်း ကျနော်ပင် ရေးခဲ့ဖူးသော အဲသည်စာတမ်းကို သွားဖတ်လိုက ဤ လင့်ကိုနှိပ်၍ဖတ်နိုင်ကြပါသည်။ Burmese version button ကိုပထမတကြိမ် ကလစ်၊ ဒုတိယအကြိမ်မှာလည်း ကလစ် ရုံမျှကလစ်ပြီး ( save လုပ်ရန်မလို ဟုဆိုလိုသည်) မြန်မာလို အလွယ်တကူ ဖတ်နိုင်ကြပါသည်။ English versin ကိုသာ အပြည့်အစုံ ဖတ်လိုလျှင်တော့ Homepage အောက်နားက Constitution ကို ကလစ်လိုက်ရုံသာ ဖြစ်ပါသည်။ ရေးချင်စိတ်ပေါက်လွန်းလို့သာ ရေး ခဲ့ရသည်၊ ကျနော့် အင်္ဂလိပ်စာက ဆင်းရဲလှသည်ကိုတော့ ခွင့်လွှတ်ကြပါလေ။

ကျနော် ဤစာတမ်းကို စာဖတ်သူတို့အား အပျင်းပြေ ဦးနှောက်ကလေးစားရုံမျှ ဖတ်စေလိုသည့်အကြောင်းရင်း မှာ “ ဒီလိုမျိုး လေးလည်း ပါလိုက်ရင်ကောင်းမယ်ဗျ။ ဘယ်နိုင်ငံမှာဆိုရင် အဲသလိုလေး ရေးထားတယ် ” ဟု Wiki လို လူတိုင်းဝင်ရေးသွားလို့ ရသည့် Forum တခု တနေ့နေ့တော့လုပ်ချင်သေး၍ ယခုကျနော်ရေးဖူးတာကို အမြည်းပေးသည့် သဘောဖြစ်ပါသည်။ ကျနော် တယောက်ထဲတော့ သိပ်စွမ်းဆောင်နိုင်လိမ့်မည်မထင်မိပါ။ ထို့ကြောင့် ဝါသနာတူ ရဲဘော်ရဲဘက် အရှာထွက်သည့် သဘောလည်း ပါပါသည်။ ဘာဖြစ်လို့ လဲဆိုတော့ ယခု နအဖကဇွတ်အတင်း အတည်ပြုထားသော၂၀၀၈ နာဂစ်ဖွဲ့စည်းပုံမှာ ယင်း၏ နိုင့်ထက် စီးနင်း၊ တဖက်စောင်းနင်း နိုင်မှုကြောင့် မကြာမီ ပျက်စီးသွားရလိမ့်မည်မှာ မလွဲပေ။ လူ့သမိုင်းသည် လူတို့၏ “ပိုမိုကောင်းမွန် သာယာစွာ၊ ဂုဏ်သိက္ခာရှိစွာနေလိုသော emotion (စိတ်ခံစားမှု)” ဖြင့်သာလျှင် အဆင့်ဆင့် ပြောင်းလဲလာခဲ့ သည်ဟု ကျနော် အယူရှိပါသည်။ (စကားချပ်အနေဖြင့်ပြောရလျှင် ကာလ်းမက်စ် သည် လူတို့၏ရင်ထဲက သမိုင်းကိုပြောင်းပစ်နိုင်သော emotion ကို အထင်သေးခဲ့သဖြင့် သူ့ Communism မအောင်မြင်တာဟု ထင်ပါသည်။ တရုတ်၊ ဗီယက်နမ်တို့မှာတော့ Communism အောင်မြင်နေသားပဲဟု တစုံတယောက်က ပြောလာခဲ့လျှင် သူတို့အရင်းရှင်တွေဖြစ်လာတဲ့နေ့ကစပြီး အောင်မြင်လာကြတာပါ၊ ဒါကြောင့် တရုတ်နှင့်ဗီယက်နမ်သည် Communism ၏အောင်မြင်မှုမဟုတ်၊ Capitalism ၏အောင်မြင်မှုသာဖြစ်သည်ဟု ပြောချင်ပါသည်။) စောစောက စကားပြန်ဆက်ရလျှင် ပြည်သူလူထုတရပ်လုံးက “ဒါမတရားဘူး” ဟုခံစားရသော မည်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေမျှ တာရှည်ခံလိမ့်မည်မဟုတ်ပါ။ ပြန်ပြင်ရေးကြရဦးမည်သာဖြစ်ပါသည်။ ထို့ကြောင့် နောက်ရေးမည့် ဖွဲ့စည်းပုံတွင် ဘာတွေပါစေပြီး၊ ဘယ်လိုရေးကြမလဲဟု ပြောဆိုဆွေးနွေးသောကိစ္စသည် အရူးထသော၊ ကြောင်ရေချိုးသောကိစ္စ မဟုတ်၊ အချည်းနှီးမဖြစ်ဟု ယူဆပါသည်။

ကျနော် တွေ့မိသလောက် အမေရိကန်နိုင်ငံသား တွေက သူတို့၏ ဖွဲ့စည်းပုံဥပဒေကို ချစ်လည်းချစ်၊အားလည်း အားကိုးကြ လေသည်။ ထို့ကြောင့်သူတို့နိုင်ငံမှာ “ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေး..ဒို့အရေး” ဆိုသည့် နိုင်ငံအနှံ့လူထု အုံကြွမှုမျိုး ပေါ်လာစရာ အကြောင်းမရှိချေ။ ကျနော်တို့ဆီမှာကတော့ အဲသည်လိုအရေးအခင်း တခု မြေကြီးလက်ခတ်မလွဲ၊ ပေါ်ကိုပေါ်လာ လိမ့်ဦးမည်။ ကျနော်အဖို့မူ ၂၀၀၈ နအဖဖွဲ့စည်းပုံကိုဖျက်ပြီးလျင် ဘယ်လိုဟာမျိုးနှင့်သွားကြမည်နည်း ဟူသောအတွေးကိုတွေး ဖြစ်နေလျှင်၊ ပြောဆိုဆွေးနွေးဖြစ်လျှင် အနည်းဆုံး ကိုယ့်ကိုယ်ကိုယ် NGO ဆန်ဆန် ပရဟိတကုသိုလ်ကောင်းမှုတခုလုပ်နေ သလို၊ မြန်မာပြည်သူ တရပ်လုံးကိုမေတ္တာပို့နေရလို ခံစားရပါသည်။ ခင်ဗျားတို့လည်း အတူတူသာရှိချေမည်ဟု ကျနော်ယုံကြည် လေသည်။

( မှတ်ချက်။ ။ နောက်ဆုံး ပုဒ်မ ၁၁၅ ကား ကျနော့်ကို နအဖလူမို့ သည်စကားပြောထွက်သလားဟုပင်ေ-ာက် မြင်ကပ်ခံရ စေသောပုဒ်မတည်း။ ဒါပေမဲ့ ကျနော်ကား ဒီမိုကရေစီအစစ်သာရမည်ဆိုလျှင် ထိုဒီမိုကရေစီအစစ်ကို ထိုမျှသောနစ်နာမှုတန်ဖိုးဖြင့် ဝယ်ယူထိုက်သည်ဟု အဲသည်တုန်းကရော၊ ယခုအချိန်ထိပါ ထင်နေတုန်းဖြစ်သဖြင့် ရိုးသားစွာရေးခဲ့ခြင်း ဖြစ်ပါကြောင်း။)

Friday, April 16, 2010

တွေ့ဆုံခြင်း

ကိုနေမင်း နှင့် လမင်းငယ်တို့ Shangri-La Hotel ဧည့်ခန်းမထဲသို့ ညနေ ၆ နာရီထိုးဖို့ ၅ မိနစ် အလိုတွင် ဝင် ရောက်သွားချိန်၌ dinner suit အကျအန ဝတ်ဆင်ထားသော အရှေ့တိုင်းသား လူကြီးတဦးနှင့် သူ့ဘေးနားမှာ လမင်းငယ် တို့အရွယ်လောက်သာ ရှိမည်ဟုထင်ရသော အဖြူမလေးတယောက်တို့ ဧည့်ခန်းမထဲမှာ ယှဉ်တွဲလျက် ထိုင်နေကြသည်ကို ပထမဆုံး တွေ့ရသည်။ ဒါ ဦးတို့လင်မယားနှင့်တူပါရဲ့ဟု လမင်းငယ်တွေးနေမိစဉ်မှာပင် ဦးကလည်း ဒါ လမင်းငယ်တို့ လင်မယားထင်ပါရဲ့ဟု တွေးမိဟန်ဖြင့် အဖြူမလေး၏ပခုံးတဖက်ကိုအားပြုလျက် နှစ်ယောက်စလုံး မတ်တပ်ရပ်လိုက်ကြသည်။ ထို့နောက် လမင်းငယ်တို့ဝင်လာနေ သည့်ဖက်ကို သူတို့တဖြည်းဖြည်း လျှောက်လာနေကြ၏။ လမင်းငယ်ကတော့ အဖြူမလေး၏ ပခုံးပေါ်မှာ လက်တဖက် တင်လျှက် အနည်းငယ် ထော့နဲ့ ထော့နဲ့နှင့် လမ်းလျှောက် လာနေပုံကို မြင်ရကတည်းက သည်လူကြီးဟာ ဦးပဲဖြစ်ရမည်ဟု ထင်လိုက်ပြီ။ ( အင်း .. ဦးဆီက ဓါတ်ပုံ တပုံ လောက် မတောင်းထားခဲ့တာ နာတာပဲ။) သို့သော် အတိအလင်း မသေချာသေး၍ ရဲရဲ မပြုံးပြရဲသေး။ သူတို့ သူမတို့အနား ရောက်လာတော့ ဦးက အရင်ဆုံး အင်္ဂလိပ်လိုမေးလာသည်။

“ So, are you Ko Nay Min and Ma La Min Nge?”

“ Yes, we are. Uncle က ဦးကျော်စွာ ပါလားရှင့် ”

ဟု လမင်းငယ်က အင်္ဂလိပ်တဝက်၊ မြန်မာတဝက်နှင့် အလျင်စလိုဖြေမိသည်။ သည် ဦးက online ပေါ်မှာသာ ဦးလေးအရင်းအချာ၊ မိတ်ဆွေအရင်းအချာတွေလို ကာလကြာရှည်စွာခင်မင်နေခဲ့ကြပြီး လမင်းငယ်နှင့် အပြင်မှာတခါမှမဆုံဖူး သေးသောဦးဖြစ်ပါသည်။ ဦးက-

“ဟုတ်တယ်သမီး။ ခုလိုတွေ့ရတာ ဝမ်းသာလိုက်တာသမီးရယ်။ ကိုနေမင်းနဲ့ လည်းတွေ့ရတာ အရမ်းကို ဝမ်းသာ ပါတယ်ဗျာ။ (သူ့ကိုလက်ဆွဲနှုတ်ဆက်ရင်း) ကျနော်ကျော်စွာပါ။ Very nice to meet both of you. Cathy, this is Ko Nay Min, and she is La Min Nge. You know Nay Min means the sun, and La Min Nge means the little moon in Burmese. So, they are the couple of the sun and the moon. How beautiful their combination is! And this is my wife, Cathy. Her first name is Catherine. We warmly welcome you.”

ဟု သူ့ဇနီးပါနားလည်အောင် အင်္ဂလိပ်လိုရောစွက်၍ပြောသည်။ Cathy ကလည်း ပထမဦးစွာ လမင်းငယ်ကို လက်ဆွဲ နှုတ်ဆက်ရင်း -

“Very nice to meet you, honey. Oh, you are so cute, and I love you at first sight.”

ဟု လှိုက်လှဲနွေးထွေးသော hugတခုနှင့်အတူ ရယ်ရယ်မောမော ပြောဆိုလာသောအခါ လမင်းငယ်၏ စိတ်ထဲတွင် မိတ်ဟောင်းဆွေဟောင်းတယောက်နှင့် လာတွေ့နေရသလို ဦးရဲ့ဇနီးကို ချက်ချင်း ခင်မင်သွားမိလေသည်။

“I love you, too, Ma’am. It's very nice to meet you.” ဟုလမင်းငယ် စိတ်ပါလက်ပါ ပြန်ပြောမိ သည်။

ကိုနေမင်းနှင့် Cathy တို့ လက်ဆွဲနှုတ်ဆက်ရင်း အချင်းချင်း “Nice to meet you.” လုပ်နေကြ ချိန်တွင် ဦးက ကလေးတယောက်လို မဝံ့မရဲဖြစ်နေပုံဖြင့် -

“ ကဲ.. သမီး၊ ဦးတို့ကော လက်ဆွဲနှုတ်ဆက်ကြမလား။ သမီးအဆင်မပြေရင်တော့ ကိစ္စမရှိပါဘူး”

“ ဟာ.. ရပါတယ် uncle ။ ဦးနဲ့ခုလိုတွေ့ရတာ အရမ်းဝမ်းသာမိပါတယ်”

“ဦးလည်း အဲလိုပါပဲသမီးရယ်။ ကဲ..dinner room ဖက်သွားကြရအောင်နော်”

ထို့နောက် သူမတို့ညစာစားခန်းဖက်သို့ နေရာရွှေ့ကြသည်။ Seafood များဖြင့် ဦးတို့တည်ခင်း သောညစာ စားပွဲအပြီး တွင်ကား Cathy နှင့် လမင်းငယ်တို့ တော်တော်အဖွဲ့ကျပြီးသူမတို့ချင်း girl talk တွေပင် ပြောနေခဲ့ကြပြီ။ ကိုနေမင်းနှင့် ဦးကျော်စွာတို့ကတဖွဲ့ ဖြစ်သွားသည်။ လမင်းငယ်က -

“Uncle အရမ်းကံကောင်းတာပဲ။ Uncle ဇနီးက အရမ်းချစ်ဖို့ကောင်းတယ်။ သူ့ရုပ်ကလေးနဲ့ သူ့ စိတ်ကလေးနဲ့ တထပ်တည်းပဲ”

“သမီးလေးကလည်း ချစ်ဖို့ကောင်းတာပါပဲကွယ်။ ဒီတော့ကိုနေမင်းလည်း သမီးလိုမိန်းကလေးမျိုး ရတာကံကောင်းတာပေါ့။ သမီးကလည်း ကိုနေမင်းလိုယောက်ျာမျိုးရတာ ကံကောင်းတာပဲ။ ဦးလည်း တကယ်တော့ မြန်မာမိန်းကလေးတယောက်ကို လက်ထပ်ယူချင်ခဲ့တာပါ။ ဒါပေမဲ့ ကိုနေမင်းရေ..။ သိတယ်မဟုတ်လား။ ကျနော်တို့ မြန်မာမိန်းကလေးတွေက ကျနော် ခြေတုစီး ရတဲ့လူတယောက်မှန်းသိသွားတာနဲ့ ကျနော်နဲ့သိပ်မခင်ချင်ကြတော့ဘူးဗျ။ ကျနော်နဲ့ ရိုးရိုးမိတ်ဆွေအနေနဲ့လည်း မခင်ချင်တဲ့ အကြောင်း သူတို့ပြတတ်သလိုပြကြတာပေါ့ဗျာ။ ကျနော် အစတုန်းကတော့ ရော်..ငါဘာမှလည်း မလုပ်ရသေးဘဲနဲ့ သူတို့ပြေး ကုန်ကြပါရော့လားဆိုပြီး discriminate လုပ်ခံရသလိုလို၊ သူတို့ကို အပြစ်တင်ချင်သလိုလို၊ ကျနော့်ဖာသာကျနော်ပဲ ကြေကွဲမိ သလိုလို ဖြစ်တာပေါ့ဗျာ။ နောက်တော့ ဩော်..ငါ မြန်မာအလိုအရဆိုရင် အသက်လည်းကြီးပြီ၊ ခုမှတော့ ပျော်ရွှင်ဖွယ်မိသားစုဘဝ ဆိုတာတွေဘာတွေ လုပ်မနေနဲ့တော့၊ ရမှာလည်းမဟုတ်ဘူး၊ ဟေ့ကောင်.. မင်း တရားသာထိုင် ပေတော့ ဆိုပြီးတော့ တရားတွေ ဘာတွေ ထိုင်ကြည့်တာပေါ့လေ။ ဟဲ..ဟဲ။”

“ တရားတွေထိုင်တော့လည်း မိန်းမကလိုချင်နေသေးတုန်းပဲလား uncle ”

လမင်းငယ်က စိတ်ရွှင်လန်းနေသဖြင့် ဦးကိုနောက်မိသည်။ ဦးကလည်း ရယ်မြူးစွာနှင့် -

“ ဟား ဟား၊ အမှန်ပဲ။ လိုချင်နေသေးတုန်းပဲ။ တကယ်တော့ ယောက်ျား တယောက် ဟာ gay လည်းမဟုတ်ဘူး၊ မိန်းမလည်း မရှိသေးဘူး ဆိုရင်တော့ ဘယ်အသက် အရွယ်ပဲ ရောက်နေရောက်နေ၊ ကိုယ့် social status က ဘာကြီးပဲ ဖြစ်နေဖြစ်နေ မိန်းမတယောက်တော့ လိုချင်သေးတာပဲ။ ဒီလိုပြောတော့ နဲနဲကြမ်း နေမယ်ထင်တယ်။ ဦးကလိုရင်းကို ဒဲ့ပြောလိုက်တာ။ တကယ်တော့ မိန်းမဆိုရင်ပြီးရော၊ ဘယ်လိုမိန်းမမျိုးမဆိုယူမှာပဲဆိုပြီး စိတ်ကြမ်းကိုယ်ကြမ်းကြီးနဲ့ မိန်းမအငမ်းမရလိုချင်နေတာတော့ မဟုတ်ဘူးပေါ့။ မိန်းမတယောက်ဆီက မိခင်ဆန်တဲ့ကြင်နာမှု၊ သံယောဇဉ်နှောင်ဖွဲ့မှု၊ ပြီးတော့ မိသားစုဘဝတခု၊ အဲဒါတွေကို တောင့်တမိတာလို့ ပြောရမယ်။ ဒါ sexual desire မဟုတ်လောက်ဘူး။ longing for a human life ပဲဖြစ်မယ်ထင်တယ်။ ဒါပေမဲ့ ဦးကတော့ ဦးလိုချင်တောင့်တမိတာတွေ ရမှာမဟုတ်တော့ပါဘူးလေဆိုပြီးတော့ စိတ်ဒုန်းဒုန်းချထားခဲ့ တာပေါ့လေ။ အဲဒီအချိန်မှာသူနဲ့စတွေ့တာပဲ။ တရက် ဦးက အိမ်နဲ့ ခပ်လှမ်းလှမ်းက store တခုကနေ ချိုင်းထောက်လေးနဲ့ စားစရာတွေ ဝယ်ပြီး ပြန်အလာမှာ သူကဦးမနိုင်မနင်းဖြစ်နေတာကို နောက်ကနေမြင်ပြီးသနားသွားတယ်နဲ့တူတယ်။ ကားထိုးရပ်ပြီး “(Do) you need a ride?” လို့ မေးလာတယ်။”

“ဒီတော့ ဦးကလည်းလိုပါတယ်ပေါ့။ ဒီလိုနဲ့ သူကဦးအိမ်ထိလိုက်ပို့ပေးတယ်။ နည်းနည်းလေးတာတွေကို ရှင်မသယ်နဲ့၊ ကျမသယ်ပေးမယ် ဆိုပြီးအိမ်ထဲထိကူသယ်ပေးတယ်။ ပစ္စည်းတွေကို ရေခဲသေတ္တာထဲ ထည့်ပေးတဲ့အထိပါပဲ။ ပြီးတော့ ဦးစားကြွင်း စားကျန်တွေနဲ့မသပ်မရပ်ဖြစ်နေတာ မြင်သွားလို့ အဲဒါတွေနဲ့ ဦးအိမ်ကရေချိုးခန်းကိုပါ ဝင်ဆေးကြောပေးသွားသေးတာ။ နောက် သူပြောတာက ရှင် ကျမကိုကတိတခုပေးတဲ့။ ဈေးဝယ်ချင်ရင် ကိုယ့်ဖာသာကိုယ်ထွက်မဝယ်နဲ့၊ သူ့ဆီကိုဖုန်းဆက်ပါတဲ့။ ဦး အဲဒီနေ့ ကတွေးမိတယ်။ အဘဦးသုခကရေးဖူးတယ်တဲ့။ မေတ္တာသုတ်ဟာရွတ်နေဖို့မဟုတ်ဘူး။ ကျင့်ဖို့တဲ့။ ဒီ ဘာသာခြားမိန်းကလေးက သူ့ရင်၌ဖြစ်သောသားကို ချစ်ခင်သကဲ့သို့ ငါ့အပေါ်ဖြူဖြူစင်စင် မေတ္တာထားရှာတာပါလားလို့”

“ အဲဒီလိုနဲ့ ကြိုက်သွားကြတာလား Uncle”

“အင်း.. ဒါပေမဲ့ ဦးက သူ့ကိုကျေးဇူးတင်တဲ့စိတ်ကကြီးနေတော့ သူစိတ် အနှောက်အယှက်ဖြစ်မှာစိုးတာနဲ့ မြန်မာလိုပဲတွေးပြီး သူ့ကို ချစ်စကားကြိုက်စကား ဘာမှမပြောရဲဘူးလေ။ အဲဒါနဲ့ တရက်နေ့ကျတော့ သူ့သူငယ်ချင်းမိန်းကလေး တယောက်ကိုသူက “ဒါ ငါ့ boyfriend ပဲ” လို့ ဦးနဲ့မိတ်ဆက်ပေးတယ်။ ဦးလည်း ကွယ်ရာရောက်တော့မှ ငါတို့က ဟုတ်လည်းမဟုတ်ဘဲနဲ့၊ မင်းဘာဖြစ်လို့ အဲလိုပြောလိုက်ရတာလဲလို့ ပြောတာပေါ့။ သူက “because I love you, and I know you love me, too. Don’t you think you need a mate for your future?” တဲ့။ ကဲ..ဒီလိုဆိုလည်း ကောင်းပါလေ့ ကလေးမရေ.. ဆိုပြီးယူဖြစ်ကြတာပဲ။ သူက အဲဒီတုန်းက Graduate School တက်နေတော့ သူ Master ပြီးတဲ့ထိတော့ စောင့်ရတာပေါ့လေ။ ဟား..ဟား”

“ သူ့မိဘတွေကကော ကန့်ကွက်ကြသေးလား Uncle”

“ဦးအဲဒါပြောချင်လို့ ဒီအကြောင်းတွေကိုပြောနေတာ။ သိပ်အံ့ဩစရာကောင်းတယ်။ သူတို့ လုံးဝမကန့်ကွက် ကြဘူး။ သူတို့ယဉ်ကျေးမှုက တခုတော့ကောင်းတယ်။ အသက် ၂၁ နှစ်ကျော် သွားရင် မိဘဆိုတာ သားသမီးက တခုခုလုပ်တော့မယ်ဆိုရင် အသိပေးရုံ အရင်းနှီးဆုံးမိတ်ဆွေအဆင့် မှာပဲရှိတော့တယ်။ သူတို့ရဲ့ ခွင့်ပြုချက် မလိုအပ်တော့ဘူး။ သူတို့ အနောက်ကမိဘတွေက မြန်မာမိဘတွေလောက် သားသမီးအပေါ် demanding မဖြစ်ကြ ဘူးလို့ ဦးထင်တယ်။ ဒါကတပိုင်း။ အခု သူ့မိဘတွေကကျတော့ သူတို့ရဲ့သမီးက လူသာမန်တို့ပြုနိုင်ခဲသောအမှုကို ပြုပေတယ် ဆိုပြီးတော့ ဝမ်းတောင်သာနေကြပုံပဲ။ သူတို့က သူတို့သမီးကို အရမ်းယုံကြည်မှုရှိကြတယ်။ သူတို့သမီးက ရွေးချယ်ထားတဲ့လူဆိုတော့ သူတို့သမီး မမှားနိုင်ဘူး၊ ဦးဟာ လူကောင်းတယောက် လောက်တော့ဖြစ်လိမ့်မယ်လို့သူတို့ယုံကြည်ကြတယ်။ အခုသူက ဦးနဲ့ရပြီးမှ ဗုဒ္ဓဘာသာကိုပြောင်းကိုးကွယ်တယ်။ သူ့မိဘတွေကလည်း ဗုဒ္ဓဘာသာကို နဂိုကတည်းက impress ဖြစ်ကြတော့ ဒါနဲ့ပတ်သက်ပြီး သူတို့ဘာမှ စိတ်အနှောက်အယှက်မဖြစ်ကြပါဘူး။ ဒါနဲ့ပဲ ဦးကလည်း ဒီမိန်းမကိုရော ယောက္ခမတွေကိုရော အရမ်းချစ်နေရတာပဲ။ Cathy, I’m telling them our story.”

“Yes, I know, honey. And I understand your Burmese words “အရမ်းချစ်နေရတာ”. He was very shy, so I had to propose him.”

ဟု ဦးရဲ့ဇနီးချောလေးက ရယ်ရယ်မောမောနှင့်ဖြည့်စွက်ပေးပါသည်။

အခု သည်ကအပြန်မှာ ဦးတို့ဇနီးမောင်နှံ ဗုဒ္ဓဂါယာဘုရားဖူး သွားကြ မလို့ဟုသိရသည်။ ဒါကလည်း Cathy ကပူဆာ လို့ပါတဲ့။ သည်ည ညစာစားပြီး ပြန်အလာတွင် အမေရိကန်တွေကို materialists တွေဟု အစဉ်အလာအရစွဲကပ်နေခဲ့သော အမြင်တခုနှင့် သိပ်အသုံးကျ လှပုံ မရသော်လည်းကာလကြာရှည်စွာ ကိုယ်တိုင်လိုက်နာနေခဲ့မိသည့် အာရှဆန်မှုတခုလမင်းငယ်ထံမှ ကျပျောက်သွားခဲ့လေသည်။ အပြန်လမ်းတွင် ကိုနေမင်းက လမင်းငယ်ကို ချစ်ရည်ရွှန်းလဲ့စွာဖြင့် ကြည့်ရင်း မေးခွန်းတခုမေးလာ ခဲ့သည်။

“Cathy က ခင်ချင်စရာကောင်းတယ်နော်။ တကယ့်အဖြူထည်လေးဖြစ်ရင်းပဲ intelligent လည်း ဖြစ်သေးတာ။ ညီမကောကိုယ်သာ ညီမနဲ့စတွေ့ခဲ့တုန်းက ဦးကျော်စွာလို ဖြစ်နေခဲ့ရင် ကိုယ့်ကိုချစ်ဖို့သတ္တိရှိခဲ့ပါ့မလား”

“မှန်တာပြောရရင်တော့ သတ္တိရှိခဲ့မှာမဟုတ်ဘူးမောင်။ မောင်ကသန်သန်မာမာ၊ ရုပ်ကလေးကလည်း အားကိုးလောက်စရာ မို့သာ မောင့်ကိုချစ်ခဲ့တာပါ။ မောင့်ကို ကျမရွေးချယ်ခဲ့တာမှာ နှလုံးသားနဲ့သာမက ဦးနှောက်လည်း အသုံးပြုခဲ့ပါတယ်။ ဒါပေမဲ့ Cathy ကလည်း ဦးကို ဦးနှောက်နဲ့ပဲ ရွေးချယ်ခဲ့တာလို့ထင်တယ်။ ဒါပေမဲ့ ကျမက ကိုယ့်ရဲ့ဘဝနောင်ရေးအတွက်ပဲ စဉ်းစား ခဲ့တာ။ Cathyက ဦးရဲ့ဘဝ နောင်ရေးအတွက် သူ့ဦးနှောက်နဲ့စဉ်းစားပေးခဲ့တာ။ အခု ဦးတို့ဇနီးမောင်နှံနဲ့ တွေ့ပြီးတဲ့နောက် ကျမဆီမှာရှိနေတဲ့ open mind မျိုးနဲ့ဆိုရင်တော့ မောင် ဦးလို ဖြစ်နေလည်း မောင့်ကိုချစ်ခဲ့မှာပါပဲ။ မောင်က ရှက်နေသေး ရင်တောင် ရည်းစားစကားလိုက်ပြောလိုက်မှာဗျ၊ သိလား။ ကျမ ဦးတို့ လင်မယားကို ကြည့်ပြီး အရမ်းကြည်နူးမိတယ် မောင်ရယ်”

ဟုဖြေကာ လမင်းငယ်သည် ခင်ပွန်းသည်၏ လက်မောင်းကို အားကိုးတကြီးနှင့် မြတ်နိုး ကြည်ညိုစွာ တွဲခိုထားလိုက်မိတော့သည်။

(စာကြွင်း။ ။ သူတပါး၏ယဉ်ကျေးမှုကို အသားလွတ်အထင်ကြီးနေလျှင် ခပ်ညံ့ညံ့ပုဂ္ဂိုလ်ဟု ကျနော်ထင်တတ်ပါသည်။ သူတပါး၏ ယဉ်ကျေးမှုကို အသားလွတ်မုန်းတီးနေလျှင်လည်း ခပ်တုံးတုံးပုဂ္ဂိုလ် ဟု ထင်ပြန်ပါသည်။ လူသားဆန်သောအမူအကျင့်များကိုမူ သူပိုင်လည်းမဟုတ်၊ ကိုယ်ပိုင်လည်း မဟုတ်၊လူသားတိုင်းပိုင်ဆိုင်သည်ဟုထင်ပါသည်။ ကျနော်ယခုတလော လွှင့်ပစ်လိုက်ရလို့လည်းဘာမျှ နှမြောစရာမရှိ(ဟု ကိုယ့်ဖာသာထင်)သော မြန်မာ့အစဉ်အလာ အမူအကျင့်တချို့ အကြောင်းကို တွေးနေမိ၊ ပြောချင်နေမိရာ ဆောင်းပါး ရေးပြီးပြောလျှင် လူတွေကို ဆရာကြီးလုပ်သလို ဖြစ်သွားနိုင်သဖြင့် ကျနော်ပြောချင်သောတစုံတရာကို ပြောနိုင်ရန် event တခုကို စိတ်ကူးယာဉ် ပြီးဖန်တီးထားခြင်းသာ ဖြစ်ပါ သည်။ ဖြစ်ရပ်မှန်မဟုတ်ပါ။ တိုက်ဆိုင်မှုများရှိပါက ခွင့်လွှတ်ကြပါကုန်။)